Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၈.၉.၂၀၁၁

ဘာသာပြန်သတင်းများ

  1. ပြုပြင်ပြောင်းလဲမည့်ကတိကို အပြည့်အဝဖြည့်ဆည်းရန် မြန်မာကို ကုလတိုက်တွန်း

(AFP သတင်းမှ 7 Sept 2011 ရက်စွဲပါ “UN urges Myanmar to fulfil reform pledges” ကို ဘာသာ ပြန်ဆိုသည်)

  1. အာဏာရှင်များနှင့် ခရီးသွားလုပ်ငန်းက ရမည့်ဒေါ်လာများ

(The Age မှဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  1. ဖိလစ်ပိုင်သို့ မြန်မာနိုင်ငံ ဆန်တင်ပို့မည်

(Xinhua သတင်းမှ 7 Sept, 2011 ရက်စွဲပါ "Myanmar to export rice to Philippines" သတင်းကို ဘာသာ ပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံရှိ ကစားစရာသာသာ လက်နက်များ

(8 September 2011 ရက်စွဲပါ Asia Times Online မှ Bertil Lintner ၏ Toys for the boys in Myanmar ကို ဘာသာပြန်သည်)

                

  1. စစ်လက်နက်တင်ပို့ရောင်းချမှုများ တင်းကြပ်စွာထိန်းချုပ်မည်ဟု တရုတ်အသိပေး

(AP သတင်းကိုဘာသာပြန်ဆိုသည်)

****************************************************************************************************************

ပြုပြင်ပြောင်းလဲမည့်ကတိကို အပြည့်အဝဖြည့်ဆည်းရန် မြန်မာကို ကုလတိုက်တွန်း

(AFP သတင်းမှ 7 Sept 2011 ရက်စွဲပါ “UN urges Myanmar to fulfil reform pledges” ကို ဘာသာ ပြန်ဆိုသည်)

ကုလသမဂ္ဂအကြီးအကဲတစ်ဦးက မြန်မာနိုင်ငံမှ တပ်မတော်ကျောထောက်နောက်ခံ အစိုးရထံမှ ပြုပြင်ပြောင်းလဲမည့် ကတိကဝတ်ကို ကြိုဆိုလိုက်သော်လည်း နိုင်ငံရေးအကျဉ်းသားများကို ထိန်းသိမ်းထားခြင်းကြောင့် အစိုးရအဖွဲ့သစ်၏ ယုံကြည်စိတ်ချရမှုကို အားနည်းစေသည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောကြားထားသည်။

အငြင်းပွားစရာ နိုဝင်ဘာ ရွေးကောက်ပွဲများအပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်းနှင့် အမည်ခံ အရပ်ဖက်အစိုးရသစ် ပေါ်ထွက်လာ ခြင်းတို့က မြန်မာနိုင်ငံအား တိုးတက်ပြောင်းလဲမှုလမ်းကြောင်းပေါ်သို့ တက်ရန် အခွင့်အရေးပေးခဲ့သည်ဟု ကုလအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားခြင်းဖြစ်သည်။

ရန်ကုန်မြို့ကုလသမဂ္ဂရုံးမှ ဩဂုတ်လ ၅ ရက်နေ့စွဲတပ်ကာ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် “သမ္မတသစ် ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် ထံမှ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမည့် ကတိစကားများသည် အပြုသဘောဆောင်၍ အကောင်းဖက်သို့ ရောက်ရှိလာသည်” ဟု ဘန်ကီမွန်းက ဆိုထားသည်။ သို့သော်လည်း ဘန်ကီမွန်းက “အချိန်ကိုက်အကောင်အထည်ဖော်မှုပြုလုပ်ရန် တိုက်တွန်းလိုက်ပြီး မြန်မာနိုင်ငံသည် ဆိုးဆိုးဝါးဝါး  ကာလကြာရှည် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် လူ့အခွင့်အရေး၊ နိုင်ငံရေး၊ စီးပွားရေး ပြဿနာများကို ဆက်လက် ကြုံတွေ့ခံစား နေရ သည်” ဟု အလေးအနက် ထုတ်ဖော်ပြောဆိုသည်။

“အခုတော့ မြန်မာအစိုးရသစ်ဟာ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်နဲ့ပတ်သက်လို့ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်၊ လိုလားတဲ့ ဆန္ဒနဲ့ အားတက် သရော ထောက်ခံအားပေးမှုတွေ ရှိသလားဆိုတာကိုပဲ စောင့်ကြည့်ဖို့ ကျန်ပါတော့တယ်” ဟု ဘန်ကီမွန်းက မှတ်ချက်ပေးသည်။

ခန့်မှန်းခြေ အရေအတွက် ၂ဝဝဝ ကျော်ခန့်ရှိသော နိုင်ငံရေးအကျဉ်းသားများကို ဆက်လက် ထိန်းသိမ်းထားခြင်း ကိုလည်း ကုလသမဂ္ဂအဖွဲ့က အလွန်အမင်း စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်ဟု ဘန်ကီမွန်းက ဆိုသည်။ “နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး ထိန်းသိမ်းထားခြင်းဟာ အစိုးရ အဖွဲ့သစ်ရဲ့ အားထုတ်ကြိုးပမ်းမှုများ ယုံကြည် စိတ်ချစရာ ကောင်းမှုအပေါ် ဆက်လက် လောင်းရိပ်မိုး သေးသိမ်စေပါလိမ့်မယ်” ဟု ကုလအကြီးအကဲက ဆိုသည်။

ထို့အပြင် မကြာသေးမီက သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ ရန်ကုန်မြို့အပြင်ဖက်သို့ စည်းရုံးရေးခရီး ထွက်ခြင်းတို့ ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အနှောင့်အယှက်ကင်းကင်းဖြင့် ဆက်လက်လှုပ်ရှားခွင့် ပြုသင့်သည်ဟု ဘန်ကီမွန်းက ဆက်လက်ပြောသည်။

“သူမရဲ့ လှုပ်ရှားမှုကို ကန့်သတ်မှု၊ သူမရဲ့လုံခြုံရေးကို ခြိမ်းခြောက်မှု မှန်သမျှဟာ နိုင်ငံတကာကို အသည်းအသန် စိုးရိမ်ပူပန်စေတဲ့အပြင် မှားယွင်းအချက်ပြသလို ဖြစ်သွားပါလိမ့်မယ်” ဟု ဘန်ကီမွန်းက သတိပေးပြောဆိုသည်။

တမင်ဖန်တီးလှည့်စား ချုပ်ကိုင် ကျင်းပခဲ့သည်ဟု ဘန်ကီမွန်းက သုံးသပ်ခဲ့သော မနှစ်က ရွေးကောက်ပွဲများ အပြီးတွင် ၇ နှစ်ဆက်တိုက် နေအိမ် အကျယ်ချုပ်ကျနေခြင်းမှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပြီး သူမ ပါဝင်နိုင်ခြင်း မရှိအောင် တမင် ဥပဒေပြဋ္ဌာန်း ရေးဆွဲထားခဲ့သည့် အဆိုပါ ရွေးကောက်ပွဲကို သူမ၏ ပါတီကလည်း သပိတ်မှောက်ခဲ့သည်။

ယင်းသို့ မြန်မာအစိုးရက အဝေဖန်ခံနိုင်အောင် ကြိုးစားနေသည့် လက္ခဏာများ ပြသလာခြင်းကြောင့်ယခင်က တစ်နှစ်ကျော်ခန့် ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခံနေရသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကွင်တားနား အနေဖြင့် မြန်မာ နိုင်ငံသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိ လာခဲ့သည်။

********************************************************************************

အာဏာရှင်များနှင့် ခရီးသွားလုပ်ငန်းက ရမည့်ဒေါ်လာများ

(The Age မှဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မြန်မာ့ဒီမိုရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့်အချိန်မှစ၍ ပြည်တွင်းသို့ လာရောက် လည်ပတ်သူ နိုင်ငံခြားသားများအပေါ်ထားရှိသည့် အစိုးရသဘောထားမှာ နူးညံ့ ပျော့ပျောင်းလာလျက် ရှိသည်။

"သင့်အနေနဲ့ မြန်မာပြည်ကိုအလည်သွားသင့်ပါသလား"။ "စစ်အာဏာရှင်အုပ်ချုပ်မှုလက်အောက်ရောက်ရှိနေပြီး လူ့အခွင့်အရေး ချိုးဖောက် သည့် မှတ်တမ်းများရှိနေသည့် နိုင်ငံတစ်နိုင်ငံသို့ သွားရောက်လည်ပတ်ပြီး ငွေကြေးသုံးစွဲသည် ဟူသည်မှာ ကမ္ဘာလှည့်ခရီးသည်များအတွက် ကျင့်ဝတ် နှင့် ကိုက်ညီသည့်အလုပ်တစ်ခု ဖြစ်နိုင်ပါမည်လော" အစရှိသည့် မေးခွန်းတို့မှာ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့သော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်း ကာလများအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားခရီးသွားများအတွက် ဒွိဟဖြစ်စရာ များပင်ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲပြီးဆုံးသွားသည့်နောက် ဆယ်စုနှစ် နှစ်ခုတာကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ် ခန့် မျှ ထိန်းသိမ်းခံခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ခရီးသွားလုပ်ငန်း အခန်းကဏ္ဍအပေါ် ထားရှိသည့် သူမ၏ တင်းမာသော သဘောထားကို ဖြေလျှော့ပေးခဲ့သည်။ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှုကို ထောက်ခံနေခြင်းသည် အာဏာရ စစ်ဗိုလ်ချုပ်ကြီးများ၏ ဘဏ္ဍာတိုက်ကို ကြီးထွားအောင် လုပ်ပေးရာရောက်သည်ဟု သူမအနေဖြင့် ယခင် က ယုံကြည်ခဲ့ဟန် ရှိသည်။

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီအခြေစိုက်ဆန္ဒပြအုပ်စုဖြစ်သော Campaign Burma Australia မှ Zetty Brake က “NLD ဟာယခင်က မြန်မာ နိုင်ငံသို့ သွားရောက်လည်ပတ်ခြင်း မပြုရဘူးလို့ ပိတ်ပင်ခဲ့ရာမှ ပြီးခဲ့တဲ့နှစ် အတွင်းမှာ သွားရောက်လည်ပတ်နိုင်ပါတယ်လို့ မီးစိမ်းပြခဲ့ပါတယ်။ လွတ်လပ်တဲ့အဖွဲ့အစည်းငယ်တွေအနေနဲ့ မြန်မာပြည်ကိုသွားပြီး ဒေသခံပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ပြောတဲ့သဘောပါ” ဟု ပြောကြားသည်။

သြစတြေးလျခရီးသွားလုပ်ငန်းကုမ္ပဏီကြီးများဖြစ်ကြသော Peregrine Adventures နှင့် Gecko Adventures တို့သည် မြန်မာနိုင်ငံသို့ ခရီး မသွားရန် သပိတ်မှောက်ခဲ့သည့် ၁၅ နှစ်တာကာလအတွင်း ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ Peregrine မှအာရှဒေသဆိုင်ရာ တာဝန်ခံ Stuart Lyall က ဒေါ်အောင်ဆန်းစုကြည် ယခုလို မြန်မာခရီးသွားကိစ္စနှင့် ပတ်သက်၍ စိတ်ပြောင်းသွားခြင်းကြောင့် ယခင်နှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသည်များ ဝင်ရောက်မှု ၂၅ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ပြောကြားသည်။

Peregrine နှင့် Gecko ကုမ္ပဏီနှစ်ခုသည် ရန်ကုန်မြို့အခြေစိုက် ဇနီးမောင်နှံနှစ်ဦးပိုင် ခရီးသွားကုမ္ပဏီတစ်ခုနှင့် အလုပ်တွဲဖက်လုပ်ကိုင်ခဲ့ ကြောင်း Stuart Lyall ကပြောကြားသည်။ ထိုသို့လုပ်ကိုင်ခဲ့ရာ၌ မီးရထားပို့ဆောင်ရေးကိစ္စမှလွဲ၍ အစိုးရပိုင်လုပ်ငန်းများနှင့် ရှောင်ရှား၍ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ “ကျွန်တော်တို့အနေနဲ့က ပုဂ္ဂလိကပိုင် ဟိုတယ်တွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ လေကြောင်းလိုင်းတွေကိုပဲ အသုံးပြု ခဲ့ကြတာပါ။ ဒါပေမဲ့ ထပ်တိုးတန်ဖိုးအခွန် ၅ ရာခိုင်နှုန်း သို့မဟုတ် နိုင်ငံခြားငွေကြေးခွန် ၂ ရာခိုင်နှုန်းကိုတော့ ရှောင်ရှားလို့ မရပါဘူး” ဟု ၎င်းက ဆို သည်။

လက်ရှိအနေအထားတွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ ပို့ဆောင်ပေးလျက်ရှိသော သြစတြေးလျ နာမည်ကျော်ခရီးသွား ကုမ္ပဏီကြီး တစ်ခုလည်း ဖြစ်သည့် World Expeditions မှ အမှုဆောင်အရာရှိချုပ် Sue Badyari က ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ထွက်ပေါ်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်သည် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း အတွက် အခြေခံကျသော အချိုးအကွေ့တစ်ခုဖြစ်ကြောင်း သုံးသပ်ပြောဆို သည်။ World Expeditions အနေဖြင့် ပြည်ပမှရရှိမည့်ငွေကြေးများ မြန်မာနိုင်ငံတွင်းမှ ရရှိသင့်ရရှိထိုက်သူများ လက်သို့ရောက်ရှိအောင် ပြုလုပ်ပေး နိုင်မည့် ပြည်တွင်းစီးပွားဖက်နှင့်သာ အမြဲတစေ အလုပ်တွဲဖက်လုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။

“ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကြောင့် မြန်မာပြည်သူတွေအတွက် အရာရာပြောင်းလဲသွားမယ်လို့ ကျွန်မတို့ ပြောနေတာ မဟုတ်ပါဘူး။ ပုဂ္ဂလိက လုပ်ငန်းတွေအတွက် ဝင်ငွေရရှိမယ့် လမ်းကြောင်းမှန်တစ်ခုကို ချိတ်ဆက်ပေးနိုင်မယ် ဆိုရင် သူတို့ကနေတစ်ဆင့် အလုပ်ကိုင်အခွင့်အလမ်း တွေ ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် မြန်မာ ပြည်သူတွေနဲ့ မိသားစုတွေ ထောင်ပေါင်းများစွာ အကျိုးအမြတ်ဖြစ်ထွန်းစေနိုင်မယ် မဟုတ်ဘူးလား။ အဲဒါကြောင့် အခု အပြောင်းအလဲကို ကျွန်မတို့ကတော့ ထိရောက်မှုရှိပြီး အပြုသဘောဆောင်တဲ့ အပြောင်းအလဲတစ်ခုလို့ သတ်မှတ် ပါတယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။

သြစတြေးလျနိုင်ငံခြားရေးဌာနနှင့် ကုန်သွယ်ရေးဌာန ကလွှင့်တင်ထားသော Smart Traveller အမည်ရ ဝက်ဘ်ဆိုက်တွင် မြန်မာနိုင်ငံသို့ အလည်အပတ်သွားရောက်မည့် သြစတြေးလျနိုင်ငံသားများအနေဖြင့် ပြည်တွင်းနိုင်ငံရေး အခြေအနေကို သိရှိထားရန်လိုအပ်ကြောင်း၊ အထူးသတိပြု သွားလာရန် လိုအပ်ကြောင်း သတိပေးရေးသားထားသည်ကို တွေ့ရသည်။ Lonely Planet ဝက်ဆိုက်တွင်မူ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်မည့်သူများအတွက် ရှောင်ရန်၊ ဆောင်ရန် အချက်အလက်များနှင့် ကျင့်ဝတ်များကို Download ရယူနိုင်အောင်ပြုလုပ်ပေးထားသည်။

Campaign Burma Australia က ယခုအခါ ခရီးသွားလုပ်ငန်းအပေါ်ထားရှိသည့် NLD ပါတီ၏ သဘောထား ကြေညာချက်ကို လက်သင့် ခံကြောင်း သိရသည်။ သို့အတွက်ကြောင့် သြစတြေးလျခရီးသွားများ မြန်မာပြည်သို့ အလည်အပတ်သွားရန် ထောက်ခံချက်ပေးသည့် သဘောလောဟု မေးစရာ ရှိလာသည်။

********************************************************************************

ဖိလစ်ပိုင်သို့ မြန်မာနိုင်ငံ ဆန်တင်ပို့မည်

(Xinhua သတင်းမှ 7 Sept, 2011 ရက်စွဲပါ "Myanmar to export rice to Philippines" သတင်းကို ဘာသာ ပြန်ဆိုသည်။)

                မြန်မာနိုင်ငံသည် နိုင်ငံတကာဆန်ဈေးကွက်သို့ ခြေဆန့်သည့်အနေဖြင့် ရေဝတီမြစ်ဝကျွန်းပေါ်ဒေသထွက် ဆန်တန်ချိန် ၃ဝဝဝ ခန့်ကို ဖိလစ်ပိုင်သို့ တင်ပို့တော့မည်ဟု စီးပွားရေးသတင်းရပ်ကွက်က ယနေ့ပြောကြားသည်။

                ဒေသတွင်းဆန်စက် ၃ ခုမှ ပေါင်းဆန် (Parboiled Rice) များ ရုရှားသို့ တင်ပို့ခဲ့ပြီးနောက် ယခု အရှေ့တောင်အာရှ ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ မည့် အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

                ပထမတစ်သုတ်တွင် ၁၂၅တန်နှင့် ဒုတိယအသုတ်တွင် တန်၂၅၀ ရုရှားသို့ တင်ပို့ခဲ့သည့် ပေါင်းဆန်တစ်တန်၏ ဈေးနှုန်းသည် ရုရှားဈေးကွက် တွင် ဒေါ်လာ ၄၉၀ ခန့် ပေါက်သည်ဟု သိရှိရသည်။

                ပေါင်းဆန်ကြိတ်ခွဲသော ဆန်စက်များကို ဧရာဝတီဒေသရှိ ဘိုကလေး၊ ကျိုက်လတ်၊ အိမ်မဲမြို့နယ်များတွင် အများအပြားတွေ့ရှိရသည်။ မြန်မာ ပေါင်းဆန်သည် နိုင်ငံတကာစံညွှန်းနှင့် ကိုက်ညီကြောင်း ရုရှားဖောက်သည်များက မှတ်ချက်ပေးကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ပိုမိုအော်ဒါ မှာယူ လျက် ရှိသည်။

                မြန်မာလူမျိုးများက ပေါင်းဆန်စားသုံးသည့် အလေ့အထမရှိကြသော်လည်း အိန္ဒိယလူမျိုး ၉၀ ရာခိုင်နှုန်းခန့် နှစ်သက်စွာ ဝယ်ယူကြသည်ဟု ဆိုသည်။

                သာမန်ထက် ဗီတာမင် B1,B2 နှင့် နိုင်ယာစင်ဓာတ်များ ပိုမိုကြွယ်ဝသည့် ပေါင်းဆန်ကို ကျန်းမာရေးအတွက် ပိုမိုရွေးကျယ်သင့်သည့်အပြင် ဆီးချို၊ သွေးတိုး စသော ရောဂါခံစားနေရသူများနှင့် ပို၍သင့်တော်သည်ဟု သိရှိရသည်။

                ပေါင်းဆန်ထုတ်လုပ်ပုံမှာ မကြိတ်ခွဲမီစပါးကို ၇၀ ဒီဂရီဆဲလ်စီးယပ် အပူပေးထားသော ရေနွေးတွင် ၈ နာရီကြာစိမ်ကာ ထို့နောက်တွင် ရေနွေး ငွေ့ဖြင့် ၈ မိနစ် ပေါင်းခံရခြင်း ဖြစ်သည်။

                ယခုအခါ ဆန်တင်ပို့သည့် ကုမ္ပဏီ  ၁၆ ခုခန့် ရှိ နေပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်၏ ပထမ ၉ လတွင် စုစုပေါင်း ဆန်တန်ချိန် ၂၂၁၆၀၀ တင်ပို့ကာ ဒေါ်လာ ၇၆.၇၃ သန်း ရရှိခဲ့ပြီး ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အစ ဧပြီလ တစ်လထဲတွင် ၄၀၀၀၀ တင်ပို့ ခဲ့သည်ဟု သိရှိရသည်။

********************************************************************************************

နိုင်ငံတကာခုံရုံး၌ အမှုလျှောက်လဲရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ထွက်ခွာ

(Daily Star မှ 7 Sept 2011 ရက်စွဲပါ “FM to present case in international traditional” သတင်းကို ဘာသာ ပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒစ်ပူးမိုနီသည် မြန်မာနိုင်ငံနှင့် ရေပိုင်နက်အငြင်းပွားသည့် အမှုကိစ္စ ကြားနာခြင်းကို တက်ရောက်နားထောင် ရန် ဟမ်းဘတ်သို့ မနေ့ (7 Sept 2011) က ထွက်ခွာသွားသည်။

ဂျာမနီနိုင်ငံ ဟမ်းဘတ်ရှိ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးတွင် အမှုကြားနာခြင်းကို စက်တင်ဘာ ၅ ရက်က စတင်ခဲ့ပြီး စက်တင်ဘာ ၂၂ ထိ ပြုလုပ်မည်ဟု သိရသည်။

ဘင်္ဂလားပင်လယ်အော် ရေပြင်နှင့် ရေအောက်ကုန်းမြေဆိုင်ရာ သီးသန့်စီးပွားရေးဇုန် ခွဲဝေပိုင်ဆိုင်ရေးအတွက် မြန်မာတို့က Euisi Distance နည်းလမ်းဖြင့် စောဒက တက်နေခြင်းအား ဘင်္ဂလားဒေ့ရှ်က Eqity နည်းလမ်းဖြင့် သုံးသပ် ကန့်ကွက်ခြင်းကို ဒစ်ပူးမိုနီက ခုံရုံးတွင် တင်ပြမည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ဒစ်ပူးမိုနီနှင့် လိုက်ပါသွားသည့် သီးသန့်နိုင်ငံခြားရေးအတွင်းဝန် ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း ခါရှစ်အလန်က “ဘင်္ဂလား ဒေ့ရှ်၏ ထွက်ဆိုလျှောက်လဲမှုအပေါ် တံခါးပိတ် ကြားနာခြင်းကို စက်တင်ဘာ ၂၁ မှ ၂၂ ရက်အထိ ပြုလုပ်မည်” ဟု သတင်းဌာနသို့ ပြောကြားသည်။

အမှုအတွက် အပြီးသတ်ဆုံးဖြတ်ချက်ကို လာမည့်နှစ် မတ်-ဧပြီလတွင် နိုင်ငံသားပင်လယ်ပြင် ဥပဒေခုံရုံး ITLOS က ချမှတ်နိုင်လိမ့်မည်ဟု ခါရှစ် အလန်က မျှော်လင့်ထားသည်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်ကို ကမ္ဘာတိုက်ကြီးများ ကုန်းမြေနယ်နိမိတ်ဆိုင်ရာ ကုလသမဂ္ဂကော်မရှင် တွင်လည်း ဒစ်ပူးမိုနီက ဘင်္ဂလားဒေ့ရှ်၏ ထွက်ဆိုမှုကိုဩဂုတ်လ ၂၄ ရက်တွင် တင်သွင်းခဲ့သည်။ ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေ ညီလာခံ စည်းမျဉ်း အခန်း ၇၆ ပါ စည်းကမ်းချက်များအရ ဘင်္ဂလားဒေ့ရှ်က ပိုင်ဆိုင်ကြောင်း စောဒက တက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်က ယင်း၏ ကမ်းခြေမှ တောင်ဖက်ရေမိုင် ၃၉ဝ မှ ၄၆ဝ ထိ ရေအောက်ကုန်းမြေနယ်နိမိတ်ကို ပိုင်ဆိုင်ကြောင်း တောင်းဆိုထား သည်။

***************************************************************************

မြန်မာနိုင်ငံရှိ ကစားစရာသာသာ လက်နက်များ

(8 September 2011 ရက်စွဲပါ Asia Times Online မှ Bertil Lintner ၏ Toys for the boys in Myanmar ကို ဘာသာပြန်သည်)

                Google earth တွင် သီးခြား အညိုနုရောင် အကွက်များကို တွေ့နိုင်သည်။ ယင်း အကွက်များသည် မြန်မာနိုင်ငံ၏ တောထဲမှ ထိုးထွက်နေ သော အဆောက်အဦကြီးများကို ပြသနေခြင်း ဖြစ်သည်။ မန္တလေးမြို့၏ အရှေ့ဖက် တောင်ပေါ်များတွင်လည်း အစက်အပြောက်အချို့ တွေ့ရသည်။

                အများစုမှာ လူဦးရေ ထူထပ်သောနေရာများတွင် ရှိပြီး လုံခြုံရေး အကြောင်းပြချက်အတွက် ဖြစ်သည်။ သို့သော် ခေတ်သစ် ဒီဂျစ်တယ် ကမ္ဘာတွင် မြန်မာနိုင်ငံတွင်ပင် စစ်တပ်နှင့်ပတ်သက်သော တပ်ဆင်မှုအသစ်များ အတွက် နေရာကို လျှို့ဝှက်မထားနိုင်ပေ။

                မြန်မာနိုင်ငံတွင် ၁၉၈၈ တွင် အစိုးရကို ဖယ်ရှားနိုင်ခဲ့သော ဒီမိုကရေစီလှုပ်ရှားမှုများ အပြီးတွင် ယင်း၏ စစ်တပ်နှင့် စစ်ပစ္စည်းများကို ကြီးမားစွာ တိုးချဲ့ခဲ့သည်။ သို့သော် တိုးချဲ့မှုမှာ စနစ်ကျနမှု မရှိပေ။ စစ်သား ပီသသော တိုက်ခိုက်ရေးအင်အားစုကြီးကို တည်ဆောက်ရမည့်အစား စစ်အစိုးရက ယင်း၏ရှင်သန်မှုအတွက် ယင်းအပေါ် သစ္စာရှိသော အရာရှိအုပ်စုများကို မွေးထုတ်ရန်ကိုသာ အလေးပေးခဲ့သည်။

                မြန်မာစစ်တပ်မှ မကြာမီက ထွက်ပြေးလာသူများက ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ၁၉၈၈ ပြီးကတည်းက တိုက်ခိုက်ရေးတပ်ရင်းများနှင့် အခြေချတပ်များ များစွာတိုးလာခဲ့သည်ဟု ဆိုသည်။ သို့သော် အများစုမှာ စစ်တပ်အတွင်းသို့ ဇွတ်အတင်းဝင်ခိုင်းထားခြင်း ဖြစ်ပြီး လစာနည်းပါးစွာသာ ပေးထားပြီး ဆိုးရွားသော စိတ်ဓာတ် မြှင့်တင်ရေးအခြေအနေတွင် ရှိသည်ဟု ပြောကြသည်။

                မြန်မာစစ်တပ်အတွင်းမှ လာသော သတင်းများ၏ အဆိုအရ မြန်မာစစ်တပ် အင်အားမှာ တစ်ခါတစ်ရံ အနောက်နိုင်ငံ ဝေဖန်သူများကပါ ဖော်ပြ ကြသည်မှာ သုံးသိန်းမှ လေးသိန်းကြားတွင် ရှိသည်ဟု ဆိုသကဲ့သို့ မဟုတ်ပဲ ဖောင်းပွထားခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ အချို့သတင်းများက ဆိုသည်မှာ တကယ့်အရေအတွက်မှာ အဆိုပါ အရေအတွက်၏ တစ်ဝက်ထက် နည်းသည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဗဟိုအစိုးရသည် လွန်ခဲ့သောနှစ် ၂၀ ကတည်းက တိုင်းရင်းသား သူပုန်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အရာရှိများရော စစ်သားများပါ စစ်ပွဲ အတွေ့အကြုံများ နည်းပါးခဲ့သည်။

                ၁၉၈၈ အရေးအခင်း မတိုင်မှီနှင့် တိုင်းရင်းသား သူပုန်များနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် မရယူမီက မြန်မာစစ်တပ်သည် လက်နက် အင်အား ချို့တဲ့သော်လည်း ကြမ်းတမ်းစွာ စွမ်းရည်ရှိသော ခြေလျင်တပ် အင်အားစု ရှိသည်ဟု နာမည်ကြီးသည်။ စစ်သားများသည် နှစ်စဉ် စစ်ဆင်ရေး များကို ခက်ခဲသော နယ်မြေများတွင် ခက်ခဲသော စစ်ပွဲများ ပြုလုပ်ခဲ့ရခြင်းကြောင့် ခေတ်သစ်အာရှတွင် စစ်ပွဲ စွမ်းရည်ပြည့်ဝသော စစ်တပ်ဖြစ်ခဲ့သည်။

                "အခုတော့ စစ်သားတွေ ဘာမှ မလုပ်တော့ဘူး။ သူတို့မှာ ယူနီဖောင်း အသစ်တွေ၊ ပိုကောင်းတဲ့ လက်နက်တွေ ရှိပါတယ်။ အရာရှိတွေ မှာလည်း ဟိုးအရင်က အိပ်မက်တောင် မမက်ဖူးတဲ့ ငွေတွေ သုံးနိုင်တယ်။ ကားတွေ၊ ဂေါက်ကလပ်တွေ၊ မိန်းမတွေ အကုန်ရှိတယ်။ စစ်သားပီသတဲ့ စိတ်ကလွဲလို့ အကုန်ရှိပါတယ်" ဟု အမည် မဖော်လိုသူ စိတ်ပျက်လက်ပျက် ဖြစ်နေသူ မြန်မာ စစ်တပ် အရာရှိဟောင်း တစ်ဦးက ပြောသည်။ တစ်ချိန် တည်းမှာပင် သာမန် ရိုးရိုး စစ်သားလေးများ၏ မိမိကိုယ်ကို ယုံကြည်မှုနှင့် စိတ်ပါ ဝင်စားမှုမှာလည်း နိမ့်ကျနေသည်ဟု ဆိုကြပြီး၊ စစ်တပ်မှ ထွက်ပြေး သော နှုန်းမှာလည်း မြင့်တက်လျက် ရှိသည်။

                အကျိုးဆက်အားဖြင့် မကြာသေးမီက ကချင်များနှင့်လည်းကောင်း၊ ရှမ်းသူပုန်များနှင့် တိုက်ပွဲများတွင် သေဘေး တွေ့ခဲ့ရသည်။ လနှင့်ချီ၍ တိုက်ပွဲများ ဖြစ်ခဲ့သော်လည်း ရှမ်းပြည် တပ်မတော် (SSA) ၏ အဓိက စခန်းတစ်ခုကိုပင် မသိမ်းပိုက်နိုင်ခဲ့ပေ။ ထို့အတူ တရုတ်နယ်စပ် အနီးရှိ KIA အခြေစိုက် စခန်းအား သိမ်းပိုက်ရန် ကြိုးစားစဉ် စစ်တပ်တွင် သွေးထွက်သံယို များခဲ့သည်။

                စစ်ပွဲအတွေ့အကြုံ နည်းပါးမှုကို ဖြည့်ဆည်းရန်နှင့် အရာရှိများ လက်နက်သစ်များနှင့် စိတ်ဓာတ် မြှင့်တက်စေရန် အတွက် အစိုးရသည် ၁၉၈၉ ခုနှစ် ကတည်းက ကြီးမားသော ပစ္စည်း ဝယ်ယူမှုများ ပြုလုပ်ခဲ့သည်။ ၁၉၉၀ နှစ်များ တစ်လျှောက်လုံး မြန်မာ စစ်တပ်သည် စစ်တပ် အသုံးအဆောင် ပစ္စည်းများကို တရုတ်ထံမှ အမေရိကန် ဒေါ်လာ ၁.၄ ဘီလျံဖိုး ခန့်ဝယ်ယူခဲ့သည်။ လေယာဉ်ပစ် လက်နက်များ၊ ဝေဟင်ပစ် ဒုံးကျည်များ၊ တိုက်လေ ယာဉ်များ၊ ရေတပ်သင်္ဘောများ၊ သံချပ်ကာ ကားများ၊ ထရပ်ကားများ၊ ခဲယမ်းမီးကျောက်များ၊ ဒုံးကျည် လောင်ချာများ ဝယ်ယူခဲ့သည်။ ထို့အပြင် လက်နက် အချို့နှင့် စစ်တပ်အမာထည် (Military hardware) များကို ရုရှား၊ စင်္ကာပူ၊ ယူကရိန်း၊ မြောက်ကိုးရီးယား စစ်တပ်များအပြင် ပါကစ္စတန်၊ ပေါ်တူဂီနှင့် ယခင် ယူဂိုဆလားဗီးယား တို့ထံမှလည်း တစ်ချိန်က ဝယ်ယူခဲ့ဖူးသည်။

ပြည်တွင်းဖြစ် ကာကွယ်ရေး (Homegrown defence)

                မကြာသေးမီ နှစ်များအတွင်း တိုင်းပြည်တစ်ဝှမ်း သစ်တောများ ရှင်းပြီး ပြည်တွင်းဖြစ် ကာကွယ်ရေး ပစ္စည်း စက်ရုံများ လျင်မြန်စွာ တိုးချဲ့ခဲ့ သည်။ ၁၉၈၈ မတိုင်မီက ထိုကဲ့သို့သော စက်ရုံမျိုး ဒါဇင်ဝက်ထက် မပိုခဲ့ပေ။

                ယနေ့အချိန်အခါတွင် ကာကွယ်ရေး ပစ္စည်းစက်ရုံ ၂၀ ကျော် ရှိနေပြီ ဖြစ်ရာ ထိုအထဲတွင် Missile ကဲ့သို့သော လက်နက်သစ်အတွက် သုတေ သနပြု အဆောက်အဦများ မပါဝင်ပေ။ မြန်မာစစ်တပ်သည် နျူကလီယာ သုတေသနပြု လုပ်ငန်းများ ပြုလုပ်နေခြင်းအတွက် လည်း နာမည်ကြီးသည်။ မြန်မာနိုင်ငံမှ ယမန်နှစ်က ထွက်ပြေးလာသူ အချက်ပေး ဝီစီမှုတ်သူ စစ်တပ် အရာရှိဟောင်း စိုင်းဝင်းသိန်းကမူ ထိုပရောဂျက်များသည် အသုံးပြုနိုင်သော နျူကလီယာ လက်နက် မထုတ်နိုင်သေးဟု ဆိုသည်။

                "ဂျာမနီလုပ် စက်တွေ စင်္ကာပူက ရောက်လာတော့ ကျွန်တော့ တပ်မှူးကို မေးတယ်။ ဒီစက်တွေ ဘယ်သူ ကိုင်မှာလဲ ဆိုတော့ သူက မင်းကိုင်ရ မှာ လို့ ပြောတယ်။ ကျွန်တော်က စက်ရုံတွေမှာ မလုပ်ဖူးဘူး။ ကျွန်တော် ရုရှားမှာ ပညာသင်လာပါတယ်။ ဒီတော့ ကျွန်တော် သိတာကတော့ လုပ်မယ့် ရည်ရွယ်ချက်နဲ့ ဒီစက်တွေ မကိုက်ညီဘူး ဆိုတာတော့ သိတယ်။ ဒီ နျူကလီယာ အစီအစဉ်က မဖြစ်နိုင်တဲ့ လက်တွေ့မကျတဲ့ အိပ်မက်ပါပဲ"ဟု စိုင်းသိန်းဝင်းက Asia Times Online နှင့် မကြာသေးမီက အင်တာဗျူးတွင် ပြောခဲ့သည်။

                ကပခ ဟု ခေါ်သော ကာကွယ်ရေး ပစ္စည်း စက်ရုံများသည် ယခင်က ရန်ကုန်အနီးတွင် လည်းကောင်း၊ ဧရာဝတီမြစ် အနောက်ဖက်ကမ်း ပြည် အနီးနှင့် မကွေး အနီးတွင်သာ ရှိသည်။ မြန်မာ စစ်တပ်နှင့် ပတ်သက်သော သြစတြေးလျ ပညာရှင် Andrew Selth ၏ အဆိုအရ ၁၉၈၈ မတိုင်မီက အဆိုပါ စက်ရုံများသည် အော်တိုမက်တစ် ရိုင်ဖယ်၊ မရှင်းဂန်းအပေါ့စား၊ မော်တာအသေး၊ ဗုံး၊ မိုင်းနှင့် ခဲယမ်းများသာ ထုတ်လုပ်သည်ဟု ဆိုသည်။

                မြန်မာနိုင်ငံသည် ၁၉၅၀ ခုနှစ်များ ကတည်းက ကာကွယ်ရေး ပစ္စည်း စက်ရုံများ ပိုင်ဆိုင်ရန် ကြိုးစားခဲ့သည်။ ထိုစဉ်က စက်ရုံအသေးလေးမှ ကျည်ဆံများနှင့် အီတလီ 9mm TZ 45 ဆပ်မရှင်းဂန်းနှင့် ပုံစံတူ "နေဝင်း စတင်းဂန်း"ကို ထုတ်လုပ်ခဲ့သည်။

                Selth က မြန်မာ့ လက်နက်ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ဂရပ်ရေးဆွဲခဲ့ရာ သြစတြေးလျ အမျိုးသား တက္ကသိုလ်က ၁၉၉၇ တွင် ပုံနှိပ် ထုတ်ဝေ ခဲ့သည်။ ထိုစာအုပ်တွင် မြန်မာ လက်နက် ထုတ်လုပ်ရေးသည် ၁၉၅၇ တွင် အဓိက မြင့်တက်လာခဲ့ပြီး အနောက် ဂျာမနီ နိုင်ငံပိုင် ကုမ္ပဏီဖြစ်သော Fritz Werner GmbH သည် ရန်ကုန်တွင် Gewehr 3 (G3) အော်တိုမက်တစ် ရိုင်ဖယ် ထုတ်လုပ်ရန် သဘောတူခဲ့သည်။ အဆိုပါ ထုတ်လုပ်မှုအတွက် ငွေကို အနောက် ဂျာမနီ အစိုးရက ထောက်ပံ့ခဲ့သည်။

                အနောက်ဂျာမနီ၏ ထောက်ပံ့ကူညီမှုများသည် ၁၉၈၈ နောက်ပိုင်းတွင် ရပ်သွားပုံရသည်။ ၁၉၈၈ အရေးအခင်းတွင် စစ်တပ်မှ သွေးထွက်သံယို နှိပ်ကွက်မှုများအပေါ် နိုင်ငံတကာမှ ကန့်ကွက်မှုများကြောင့် ဖြစ်သည်။ သို့သော် အဆိုပါ အနောက်ဂျာမနီကုမ္ပဏီအတွက် ဌာနတွင်း စာရင်းစစ်၏ ၁၉၉၀ မတ်လ ၃၁ အစီရင်ခံစာတွင် စတော့လယ်ဂျာတွင် နိုင်ငံခြားမှ တင်သွင်းထားသော ကုန်ကြမ်းများ တွေ့ရှိရပြီး မြန်မာ့ အကြီးစား စက်မှု လုပ်ငန်းသို့ တိုက်ရိုက်ပေးပို့ထားသည်ဟု ဆိုသည်။ ဦးလှထွန်း အုပ်စုမှ Fritz Werner ၏ စာရင်းကိုင်များ၏ အစီရင်ခံစာတွင် အကြီးစား စက်မှုလုပ်ငန်း စက်ရုံများ ရှိရာ ရန်ကုန် ပြည်တစ်ဖက်ကမ်း ဆင်တဲနှင့် ညောင်ခြေထောက် မင်းလှအနီး မလွန်တို့ကို ဖော်ပြထားရာ ထိုနေရာများသည် ထိုစဉ်က အရေးကြီးသော ကာကွယ်ရေး ပစ္စည်းစက်ရုံများ ရှိသည်။

                Fritz Werners သည် မြန်မာနိုင်ငံတွင် လှုပ်ရှားနေဆဲ ဖြစ်သည်။ သို့သော် စိုင်းသိန်းဝင်းနှင့် အခြား သူများ၏ အဆိုအရ ယင်းသည် စစ်သုံး ပစ္စည်းများ ထုတ်လုပ်မှုတွင် ပါဝင်နေဆဲ ဆိုသည်ကို သံသယ ရှိသည်ဟု ဆိုသည်။ Fritz Werners သည် ၁၉၈၄ တွင် မြန်မာ့ အကြီးစား စက်မှု လုပ်ငန်းနှင့် ဖက်စပ် ပြုလုပ်သော ပထမဆုံး နိုင်ငံခြား ကုမ္ပဏီ ဖြစ်ပြီး မြန်မာစစ်တပ်အတွက် လက်နက်များ ထုတ်ခဲ့သည်။

                ယခင် ထုတ်လုပ်သော G2, G3, G4 များနေရာတွင် မြန်မာ့ ရာသီဥတုနှင့် ကိုက်ညီသော ပိုမို ပေါ့ပါးသည့် ခြေလျင်သုံး လက်နက်များ အစားထိုး ထုတ်လုပ်ခဲ့သည်။ Myanmar Army အတိုကောက် MA1, MA2, MA3, MA4 နှင့် 5 တို့ကို တရုတ်ဒီဇိုင်းနှင့် ဆိုဗီယက်၏ Kalashnikov နှင့် Makarov ပစ္စတို ဒီဇိုင်းကို အခြေခံ ထုတ်လုပ်ထားသည်။ MA စီးရီးအသစ်ကို ရန်ကုန်ရှိ ကပစ ၁ တွင် ထုတ်လုပ်သည်။ မလွန်ရှိ ကပစ(၂)တွင် မော်တာများ၊ အမြောက်ပစ္စည်းများ ထုတ်ပြီး စင်္ကာပူက ဆောက်ပေးသော စမ်းသပ် ပစ်ခတ်သည့် နေရာ ရှိသည်။

လည်ပင်းဖက် ညီအစ်ကိုများ

                ဒုံးကျည် (missile) သုတေသနနှင့် ထုတ်လုပ်မှုကို မလွန်အနီးရှိ ကုန်းကြီးရွာရှိ အသစ်ဆောက်ထားသော ကပစ (၁၀)တွင် ထုတ်လုပ်သည်။ ထိုနေရာတွင် မြောက်ကိုးရီးယား ပညာရှင်များ၊ တရုတ်များ၊ ရုရှားများလည်း တွေ့ရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် မြောက်ကိုးရီးယား ဒီဇိုင်း Scud-type-Hwasong 6 ဒုံးကျည်ထုတ်လုပ်ရန် စိတ်ဝင်စားသည်ဟု ဆိုသည်။ သို့သော် မေးရမည့်မေးခွန်းမှာ မြန်မာနိုင်ငံသည် အသုံးပြုနိုင်သည် missile ထုတ်လုပ်နိုင်ရန် နီးကပ်နေပြီလော ဟူသော မေးခွန်း ဖြစ်သည်။ မြောက်ကိုးရီးယား သင်္ဘောများသည် အထွေထွေ ကုန်ပစ္စည်းများ တင်ဆောင် လာသည် ဟုဆိုကာ မြန်မာ ဆိပ်ကမ်းများသို့ မကြာခဏ လာရောက်ခဲ့ရာ၊ အဆိုပါ ပစ္စည်းများသည် ကာကွယ်ရေး ပစ္စည်းစက်ရုံများတွင် လမ်းဆုံးသည်။

                ဆင်တဲရှိ ကပစ ၃မှ ထုတ်လုပ်သော မော်တာ အဟောင်းနဲ့ အမြောက်ဆံ ထုတ်လုပ်သော စက်ရုံထက် စက်ရုံသစ် ကပစ ၁၂ ကပိုမို ကောင်းမွန်စွာ ထုတ်လုပ်နိုင်သည်။ ကပစ ၁၂ သည် မကွေးတိုင်း သရက်မြို့၏ စခန်းကြီး ကျေးရွာ တောင်ဖက်တွင် ဧက ၁၆၀၀၀ ရှိပြီး 60 mm, 81 mm, 105 mm နှင့် 120 mm မော်တံဆံများ ထုတ်လုပ်သည်။

                မြန်မာ စစ်တပ်တွင်းမှ သတင်းများ အဆိုအရ ကပစ ၁၂ မှ စက်များကို ချက်ရီပဗလစ်မှ တင်သွင်းပြီး ထိုနိုင်ငံမှ ပညာရှင်များ၏ အကူအညီဖြင့် တပ်ဆင်ခဲ့ သည်ဟု ဆိုသည်။ အဆိုပါ စက်များမှာ ခေတ်မှီ လျှပ်စစ်ဖြင့် ထိန်းချုပ်သော စက်များ ဖြစ်၍ မြန်မာနိုင်ငံတွင် ခေတ်အမှီဆုံးဟု ယူဆရသည်။

                လက်နက်ငယ်များ ထုတ်လုပ်သော စက်ရုံမှာ ပဲခူးတိုင်း တိုက်ကြီးမြို့နယ်ရှိ ကပစ ၁၁ တွင် ဖြစ်သည်။ ယင်းသည် MA စီးရီး အတွက် တောင်ကိုရီးယား၏ ဒေဝူးမှ ရရှိသည်ဟု ဆိုသည်။

                ထူးဆန်းသော စက်ရုံတစ်ခုမှ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် အစပ်ရှိ စေတုတ္တရာတွင် ရှိသည်။ ကပစ ၂၀ ဟု အမည်တပ်ထားပြီး ဧက တစ်သိန်း ကျယ်ဝန်းပြီး Google Earth တွင် ကြည့်ရသည်မှ ရဟတ်ယာဉ် ဆင်းရန် နေရာနှင့် ရှည်လျားသော အဆောက်အဦများ တွေ့ရသည်ဟု ဆို သည်။

                ယင်းတွင် ဝန်ထမ်းများ အဖြစ် စစ်သား (၄၀၀)၊ စစ်အင်ဂျင်နီယာများ၊ အရာရှိများ ဖြစ်ပြီးအများစုမှာ ရုရှားတွင် နျူကလီယာ ရူပဗေဒ သင်ကြား လာသူများဖြစ်သည်။ နျူကလီယာ သုတေသန ပြုလုပ်ခြင်းနှင့် ဆက်စပ်မည်ဟု ခန့်မှန်းရသည်။ ကပစ ၂၀ နှင့် ကပ်လျက်တွင် အဆိုပါ စက်ရုံအား မီးမှန်မှန် ပေးနိုင်ရန် ရေအားလျှပ်စစ် စက်ရုံသစ် ရှိသည်။

                မကွေးတိုင်း ဆင်ပေါင်ဝဲရှိ ကပစ ၈ တွင် တင့်ကား အစိတ်အပိုင်းများ ထုတ်သည်။ ပန်တောင်းရှိ ကပစ ၉ တွင် MA သေနတ်များအတွက် ကျည်ဆံများ ထုတ်သည်။ ပြည်ရှိ ကပစ ၇ တွင် ပင်လယ်မိုင်းများနှင့် သံချပ်ကာ ကားများ ထုတ်လုပ်ခြင်း၊ ပြင်ဆင်ခြင်း ပြုလုပ်သည်။ ပန်းတောင်းအနီးရှိ ကပစ ၆ တွင် ခဲယမ်း မီးကျောက်များ ထုတ်ပြီး တရုတ်ပညာရှင်များက တည်ဆောက်ပေးသည်ဟု ဆိုသည်။ မကွေးတိုင်း လက်ပန်ရွာ အနီးရှိ ကပစ ၁၃ တွင် မိုင်းနှင့် အမြောက် အစိတ်အပိုင်းများ ထုတ်လုပ်သည်။

                Asia Times Online မှ စိုင်းဝင်းသိန်းအား လက်နက်စက်ရုံများမှ ထုတ်လုပ်သော လက်နက်များ၏ စွမ်းဆောင်ရည်ကို မေးမြန်းခဲ့သည်။ ယင်း၏ အဆိုအရ စက်ရုံများမှာ မြန်မာနိုင်ငံ နေရာ အနှံ့တွင် ရှိနေပြီး ပူးပေါင်း ဆောင်ရွက်မှု ရရန် အလွန်ခက်ခဲကြောင်း ဆိုသည်။

                "ကုန်ကြမ်းတွေနဲ့ အစိတ်အပိုင်းတွေကို စက်ရုံတစ်ရုံကနေ နောက်တစ်ရုံ မြန်မာပြည် ဖြတ်ပြီး ပို့နေရတယ်လေ။ စက်ရုံတစ်ခုက နောက်တစ်ခု ဘာလုပ် နေမှန်း မသိဘူး။ အဲတော့ ထွက်လာတဲ့ လက်နက်သစ် ဘာသုံးရတော့မှာလဲ" ဟု စိုင်းဝင်းသိန်းက ပြောသည်။

                မြန်မာစစ်တပ်ကလည်း စစ်တိုက် အတွေ့အကြုံမရှိ၊ ကပစ စက်ရုံအမျိုးမျိုးက ထုတ်သော လက်နက်များကလည်း အရည်အသွေး မရှိပေ။

                သို့သော် မြန်မာအစိုးရမှာတော့ ယင်း၏ ဦးစားပေးမှု အစီအစဉ်များကို အလျင်အမြန် ပြောင်းရန် ဆန္ဒ မရှိသည်မှာ ထင်ရှားသည်။ ကာကွယ်ရေး အသုံး စရိတ်မှာ အစိုးရ ဘတ်ဂျက်၏ ၅၀%ခန့် ရှိနေဆဲ ဖြစ်သည်။

                မြန်မာဗိုလ်ချုပ်များ၏ စိတ်ထဲတွင် အစိုးရ တည်မြဲရေးသာ ဖြစ်၍ စစ်မြေပြင်တွင် အားနည်းမှုများကို လျစ်လျူရှုပြီး ယင်းတို့အား သစ္စာရှိပြီး ပံ့ပိုး နိုင်သည့် အရာရှိများကိုသာ အရေးတကြီး လိုအပ်နေဆဲ ဖြစ်သည်။

*************************************************************************************************

စစ်လက်နက်တင်ပို့ရောင်းချမှုများ တင်းကြပ်စွာထိန်းချုပ်မည်ဟု တရုတ်အသိပေး

(AP သတင်းကို ဘာသာ ပြန်ဆိုသည်)

နိုင်ငံတကာလက်နက်ဈေးကွက်သို့ တရုတ်စစ်လက်နက်များ တင်ပို့ရောင်းချမှုကို ခိုင်မာစွာထိန်းချုပ်သွားမည် ဖြစ်ကြောင်း ဘေဂျင်းအစိုးရက တရားဝင်သတင်း ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လအတါင်း တရုတ်လက်နက် ထုတ်လုပ်သူများနှင့် လစ်ဗျားအာဏာရှင်မွမ်မာကဒါဖီ၏ ကိုယ်စား လှယ်များ တွေ့ဆုံဆွေးနွေးမှုကို ထုတ်ဖော် အသိပေးပြီးနောက် ဘေဂျင်းအစိုးရက ယင်းသို့လက်နက်တင်ပို့မှုများကို ထိန်းချုပ်ရန် ကြေညာခြင်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Jiang Yu က အဆိုပါဆွေးနွေးပွဲတွင် လက်နက် အရောင်းအဝယ် ကန်ထရိုက်စာချုပ်များ ချုပ်ဆိုခဲ့ခြင်းမရှိသလို လစ်ဗျားသို့ လက်နက်တင်ပို့မှုများလည်းမပြုလုပ်ခဲ့ကြောင်း

တရုတ်နိုင်ငံ၏ အနေအထားနှင့်ပတ်သက်၍ ထပ်မံပြောဆိုသည်။ သို့သော် ယင်းဆွေးနွေးပွဲ၌ ပစ္စတိုသေနတ်များမှ ရော့ကက်လောင်ချာများ အထိ ပါဝင်သော လက်နက်များဈေးနှုန်းနှင့် ကုန်ပို့ကြေညာလွှာများ ထုတ်ပြန်ခဲ့ခြင်းမျိုး ရှိနိုင်ကြောင်း BBC သတင်းကဆိုသည်။

"တရုတ်နိုင်ငံအနေနဲ့ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်အတိုင်း တင်းတင်းကြပ်ကြပ်လိုက်နာ လုပ်ကိုင်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး တော့ စစ်လက်နက်တင်ပို့ရောင်းချမှုကိုလည်း အသေအချာ စီမံခန့်ခွဲမှုတွေ လုပ်ဆောင်သွားမှာပါ" ဟု မစ္စတာ Jiang Yu က ပြောကြားသည်။ လစ်ဗျား နိုင်ငံနှင့်ပြုလုပ်ခဲ့သော တွေ့ဆုံ ဆွေးနွေးမှုများကို တရုတ်အစိုးရ၏နောက်ခံပံ့ပိုးမှုဖြင့် လက်နက်ထုတ်လုပ်သည့်ကုမ္ပဏီများ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပုဂ္ဂိုလ်ရေး ထိတွေ့ဆက်ဆံမှုအသွင်ဆောင်ကြောင်း ၎င်းကဆိုသည်။

"စစ်ရေးကုန်သွယ်မှုအတွက် အခွင့်အာဏာရှိတဲ့အာဏာပိုင်တွေက အလေးအနက်ထားပြီး လုပ်ကိုင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်" ဟု လည်း ဆက်လက်ပြောသည်။

မွမ်မာကဒါဖီကို ရာထူးမှပြုတ်ကျအောင်ပြုလုပ်ခဲ့သည့် လစ်ဗျားအတိုက်အခံအင်အားစုများက အယ်လ်ဂျီးရီးယား နိုင်ငံမှတစ်ဆင့် ကဒါဖီတပ်ဖွဲ့ များ ထံသို့ တရုတ်လက်နက်ကုမ္ပဏီများ လက်နက်တင်ပို့ခဲ့သည့် အထောက်အထားများ ရှိကြောင်း ပြောဆိုသည်။ ယင်းသို့တင်ပို့မှုမှာ လစ်ဗျားတွင်း ဆန္ဒပြအုံကြွမှုများဖြစ်ပေါ်ကာ ကုလသမဂ္ဂက လစ်ဗျားသို့ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်လိုက်ပြီးနောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ သို့သော် တရုတ်လက်နက် ထုတ်လုပ်သောကုမ္ပဏီများနှင့် ကဒါဖီ၏ကိုယ်စားလှယ်များအကြား အဆက်အသွယ်ပြုလုပ်ရာ၌ ဘေဂျင်းအစိုးရ အခန်း ကဏ္ဍ တစ်ခုမှ ပါဝင်ပတ်သက်ခဲ့ခြင်းမျိုး မတွေ့ရပေ။ လစ်ဗျားသူပုန်များကမူ ယခုလို လက်နက်အရေးကိစ္စနှင့် ၎င်းတို့အပေါ် ဘေဂျင်းအစိုးရ၏ ထောက်ပံ့မှု လျော့နည်းနေခြင်းတို့ကြောင့် အနာဂတ် လစ်ဗျားနှင့် တရုတ်ဆက်ဆံရေးတွင် အဖုအထစ်များ ရှိလာနိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။ တရုတ်ကုမ္ပဏီကြီးများသည် ဖေဖော်ဝါရီလလယ်ပိုင်း လစ်ဗျား လူထုအုံကြွမှုများမဖြစ်ပေါ်ခင်ကာလက နိုင်ငံအခြေခံအဆောက်အအုံများ တည်ဆောက် ရေး အခန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူများ ဖြစ်ကြသည်။

******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment