Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၅.၉.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာအပေါ် အရေးယူမှုများ ဆက်ရှိနေမည်ဟု ဒဲရက်မစ်ချယ်ပြော

(Channel 8 San Diego မှ 13 Sept 2011 ရက်စွဲပါ “US envoy says Myanmar Sanctions will remain” ကို ဘာသာ ပြန်ဆိုသည်)

  1. လွတ်လပ်စွာ ငြင်းခုန်ဆွေးနွေးခွင့် လက္ခဏာအချို့ မြန်မာ့လွှတ်တော်တွင် ပေါ်ထွက်

(Asahi Shinbun မှ 15 Sept 2011 ရက်စွဲပါ “Some signs of free debate emerging in Myanmar” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်က မြန်မာကို စစ်မှန်သော ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် တိုက်တွန်း

(14 September 2011 ရက်စွဲပါ Reuters ၏ “U.S urges Myanmar to make "genuine" reforms” ကို ဘာသာပြန်ဆိုသည်)

  1.  မြန်မာအတွက် ပြုပြင်ပြောင်းလဲမှုက အပြောလား။ အလုပ်လား။

(13 September 2011 ရက်စွဲပါ The Huffington Post မှ Simon Roughneer ရေးသားသော “Burma and Reform: All talk and no work?” ကို ဘာသာပြန်ဆိုသည်)

*********************************************************************************

မြန်မာအပေါ် အရေးယူမှုများ ဆက်ရှိနေမည်ဟု ဒဲရက်မစ်ချယ်ပြော

(Channel 8 San Diego မှ 13 Sept 2011 ရက်စွဲပါ “US envoy says Myanmar Sanctions will remain” ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန်အနေဖြင့် စစ်တပ်လွှမ်းမိုးသော မြန်မာနိုင်ငံတွင် အရေးယူဆောင်ရွက်မှုများကို ဆက်လက် ထားရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အတွက် ထားရှိသော အမေရိကန် အထူးကိုယ်စားလှယ် အသစ်ဖြစ်သူ ဒဲရက်မစ်ချယ်က ပြောကြားလိုက်သည်။ သို့သော် ယင်းက ၎င်း၏ ပထမဆုံး ခရီးစဉ် အပြီးတွင် ပြောကြားရာ၌ အကယ်၍ အရပ်သားအမည်ခံ အစိုးရသစ်သည် စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါက ဝါရှင်တန်အနေဖြင့် အပေါင်းလက္ခဏာ ဆောင်သော တုံ့ပြန်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မစ်ချယ်က ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်၌ ပြောကြားရာ အများစုက အစိုးရ၏ ဒီမိုကရေစီအတွက် ကတိကဝတ်များကို သံသယရှိနေသော်လည်း ၎င်းအနေနှင့် ပြောင်းလဲမှုအတွက် မျှော်လင့်ချက် အများဆုံးတွေ့ရကြောင်း ဆိုသည်။ ယင်းသည် ခရီးစဉ်အတွင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

*************************************************************************

လွတ်လပ်စွာ ငြင်းခုန်ဆွေးနွေးခွင့် လက္ခဏာအချို့ မြန်မာ့လွှတ်တော်တွင် ပေါ်ထွက်

(Asahi Shinbun မှ 15 Sept 2011 ရက်စွဲပါ “Some signs of free debate emerging in Myanmar” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘာ့အပယ်ခံ မြန်မာနိုင်ငံတွင် ၂၃ နှစ်အတွင်း ပထမဆုံး ပေါ်ထွက်လာသော လွှတ်တော် ခေါ်ယူကျင်းပသည့် အစည်းအဝေးသို့ နိုင်ငံခြား သတင်းမီဒီယာအား သတင်းယူရန် တက်ရောက်ခွင့်ပြုလိုက်ပြီ ဖြစ်၍ အရှေ့တောင်အာရှတွင် စစ်ဖက်က လွှမ်းမိုးထိန်းချုပ်ထားသော မြန်မာနိုင်ငံ၌ လွတ်လပ်ခွင့်ဒီဂရီ အချို့ကို တွေ့မြင်နေရပြီ ဖြစ်သည်။

အောက်လွှတ်တော် အစည်းအဝေး ကျင်းပပုံများကို အဆာဟီရှင်ဘွန်း သတင်းထောက်က စက်တင်ဘာ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ကြည့်ရှု လေ့လာခဲ့သည်။ လွှတ်တော်တည်ရှိရာ နေပြည်တော်သည် ၂ဝဝ၆ ခုနှစ်က ပေါ်ထွက်လာသော မြို့တော်သစ်ဖြစ်၍ နိုင်ငံ၏ အကြီးဆုံး ရန်ကုန်မြို့တော်မှ အစိုးရအဖွဲ့နှင့် ရုံးများကို ပြောင်းရွှေ့အခြေစိုက်ထားသည့် မြို့ဖြစ်သည်။ အစကနဦးတွင် နေပြည်တော်၌ တပ်မတော်သားများကသာ အရေအတွက် များနေသော်လည်း မြို့တော်သစ် ဖွံ့ဖြိုးလာသည်နှင့်အမျှ အရပ်သားဦးရေလည်း တိုးပွားလာသည်။

လွှတ်တော် အဆောက်အဦးကို အုတ်စည်းရိုးနှစ်ထပ် ကာထားသော ၃.၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် မြေပေါ်တွင် တည်ဆောက်ထားသည်။ လွှတ်တော်ဝင်းအတွင်းရှိ အဆောက်အဦး ၃၁ လုံးတွင် လွှတ်တော်ခန်းမဆောင် ၂ ခု၊ နိုင်ငံတော် ဧည့်တွေ့ဆောင်နှင့် သမ္မတ၊ ဒုတိယသမ္မများ၏ ရုံးများ ပါဝင်ကာ လမ်းပေါ်တွင် လူအနည်းငယ်ကို မြင်တွေ့ရမည်ဖြစ်သည်။ အောက်လွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ် (အမတ်) ၄၄ဝ အတွက် လေးပုံသုံးပုံခန့်မှာ သူတို့၏ ဆိုင်ရာ ဆိုင်ရာ တိုင်းရင်းသား ဝတ်စုံများကို ဆင်မြန်းထားကြပြီး ကျန်သောသူများမှာမူ လွှတ်တော်ကိုယ်စားလှယ်နေရာ လေးပုံတစ်ပုံကို သေချာသော နည်းဖြင့် ကြိုတင်ရယူထားသည့် ကာကီယူနီဖောင်းဝတ် တပ်မတော်အရာရှိငယ်များ ဖြစ်သည်။

လွှတ်တော်အမတ်တစ်ဦးက “ပြည်သူတွေရဲ့ ဘဝတွေ ထိခိုက်နစ်နာခြင်း မရှိရအောင် မြေယာသိမ်းဆည်းမှု မှန်သမျှကို အနည်းဆုံးဖြစ်အောင် လုပ်သင့်ပါတယ်” ဟု တောင်းဆိုတင်ပြသည်။

အစိုးရအဖွဲ့ဝင်ဝန်ကြီးက “အလွန်အကျွံသိမ်းဆည်းမှုတွေ ဖြစ်နေသလားဆိုတာကို သတ်မှတ်ဆုံးဖြတ်ဖို့ အတွက် အနေအထားကို အစိုးရက စောင့်ကြည့်နေပါတယ်” ဟု တုံ့ပြန်ဖြေကြားသည်။

ယင်းတင်ပြချက်မှာ အစိုးရကို ဝေဖန်သည့် မှတ်ချက်များ ဖြစ်သည့်တိုင်အောင် လက်ခုပ်ဩဘာ တီး၍ အားပေးခဲ့ကြသည်ကိုလည်း တွေ့ရ သည်။

ပုဂ္ဂလိက Myanmar International ရုပ်သံလိုင်းမှ အသက် ၃၅ နှစ်အရွယ် ဒါရိုက်တာ စိုင်းအောင်ဖက လွတ်လပ်စွာ ငြင်းခုန်ဆွေးနွေးခွင့်အပေါ် အံ့အားသင့်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော်လည်း သတင်းထောက်များမှာ လွှတ်တော်အမတ်များကို တိုက်ရိုက်တွေ့ဆုံခွင့် မရကြဘဲ လွှတ်တော်အသိုင်းအဝိုင်းရှိ သတင်းယူရန် နေရာမှသာ သတင်းပို့ခွင့်ရကြသည်။ ဆင်ဆာဖြတ်ထားသော သတင်းဇာတ်လမ်းများမှာမူ ယခင်ကအတိုင်း ရှိနေကြဆဲသာ ဖြစ်သည်။

ဈေးထဲတွင် အပတ်စဉ်တစ်စောင်ကို ဖတ်နေသူတစ်ဦးက “နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေမှာ တိုးတက်မှုရှိလာတယ်။ ဒါဟာ အပြောင်း အလဲကောင်းပေါ့” ဟု မှတ်ချက် ပေးလိုက်သည်။

“ခင်ဗျား ဘာလုပ်နေတာလဲ” ဟု မေး၍ အနားသို့ကပ်လာသော ရဲအရာရှိကို သတင်းထောက်က “လွှတ်တော်သို့ သတင်းယူရန် ဝင်ခွင့်ရ ထားကြောင်း” ရှင်းပြလိုက်ရာ ရဲအရာရှိ ပြန်လည် ထွက်ခွာသွားသည်။ မြန်မာနိုင်ငံတွင် ပွင့်လင်းမှု အသစ်ကို ပြသနေသော်လည်း လုံခြုံရေး တာဝန်ရှိသူများကမူ ဆက်လက် စောင့်ကြည့်နေကြဆဲပင် ဖြစ်သည်။

ဩဂုတ်လ ၂၅ ရက်တွင် တစ်သီးပုဂ္ဂလ လွှတ်တော်အမတ် ဦးသိန်းညွန့်က နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်နိုင်သည့် အကျဉ်းသား နှစ်ထောင်ကျော်ကို သမ္မတကြီးက လွတ်ငြိမ်းချမ်းသားခွင့်ပေးရန် အဆိုပြုခဲ့သည်ကို တွေ့ရပြီး ယခင်တပ်မတော်အစိုးရ လက်ထက်ကသာ ယင်းသို့ ပြောဆိုမိပါက ဖမ်းဆီးချုပ်နှောင်ခံရမည်မှာ မလွဲဧကန်ပင် ဖြစ်လေသည်။

အထက်ပါ အဆိုပြုချက်ကို ထောက်ခံပါသလားဟု အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မေးမြန်းခဲ့ရာ လွှတ်တော်အမတ်များက သဘောတူ ထောက်ခံခဲ့ကြပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကလည်း ပါဝင် ထောက်ခံဆွေးနွေးသည်ကို တွေ့မြင်ကြရသည်။

ထို့နောက်တွင် ယင်းအဆိုပြုလွှာကို သမ္မတဦးသိန်းစိန်ထံ အစီရင်ခံ တင်ပြရန် ပြည်ထဲရေးဝန်ကြီး ဦးကိုကိုအား လွှတ်တော်ဥက္ကဋ္ဌက တောင်းဆိုပန်ကြားသည်။

ထိုနေ့က ဖြစ်ရပ်များကို ပြည်တွင်းသတင်းစာများ၊ နိုင်ငံပိုင်ရုပ်သံလိုင်းများနှင့် အပတ်စဉ် ဂျာနယ်စာစောင်များက ဝိုင်း၍ သတင်း ဖော်ပြခဲ့ကြသည်။

လွှတ်တော်အမတ် ဦးသိန်းညွှန့်သည် လွှတ်တော်သို့ အဆိုပြုလွှာ (သို့) မေးခွန်း ၁၇ ခု တင်ပြထားပြီးဖြစ်ကာ ဒီမိုကရေစီ လှုပ်ရှားသူများကို လွယ်ကူစွာ ဖမ်းဆီးအရေးယူရန် ပြုလုပ်ထားသည်။ နိုင်ငံတော် အရေးပေါ် အခြေအနေ ဥပဒေကို ပြန်လည်ပြင်ဆင်ခြင်း အပါအဝင် သတင်းစာ လွတ်လပ်ခွင့်ကို ခွင့်ပြုရန် ဥပဒေ ပြဋ္ဌာန်းရေးကို တောင်းဆိုထားသည်ဟု သိရသည်။ ယင်းသို့ အဆိုပြုလွှာများကို လွှတ်တော် ညွှန်ကြားရေးမှူးထံသို့ ကန့်သတ်ထားခြင်း မရှိပါဟု ယင်းက ပြောကြားသည်။

လွှတ်တော်အမတ် ဦးသိန်းညွန့်သည် ယခင်က ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ယခင်က စစ်ဖက် အုပ်ချုပ်သူများကို ဝေဖန်ပြစ်တင်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရသူဖြစ်သည်။ ရွေးကောက်ပွဲဥပဒေများ တရားမျှတမှုမရှိ၍ မနှစ်က ရွေးကောက်ပွဲကို သပိတ် မှောက်ရန် NLD က ဆုံးဖြတ်ခဲ့ချိန်တွင် NLD မှ ဦးသိန်းညွန့် ထွက်လိုက်ခြင်းဖြစ်သည်။

ဦးသိန်းညွန့် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရခြင်းမှာ လွှတ်တော်တွင်း အခြေအတင်ဆွေးနွေးမှုသည်သာ ဒီမိုကရေစီသို့ ဦးတည်သည့် လမ်းကြောင်း အစစ် ဖြစ်သည်ဟု ယုံကြည်ခြင်းကြောင့် ဖြစ်သည်။

သို့သော်လည်း တာဝန်ထမ်းဆဲ တပ်မတော်သား အမတ်များက လွှတ်တော်ကိုယ်စားလှယ် နေရာ လေးပုံတစ်ပုံကို ကြိုတင်ရယူထားပြီး ဖြစ်သည့် အပြင် ကျန်နေရာများ၏ ၇ဝ% ကျော်ကိုလည်း တပ်မတော်က ထူထောင်ပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ အမတ်များက ရယူလိုက်ကြသည်။

“လွှတ်တော်အစည်းအဝေးမှာ စေ့စေ့စပ်စပ် ဆွေးနွေးရမယ့် ကိစ္စတွေ ကျန်နေပါသေးတယ်။ တစ်ချို့ကိစ္စတွေကတော့ သတင်းမီဒီယာတွေမှာ မြင်ကြရမှာပါ။ ဒီလိုမျိုး ပြောင်းလဲတိုးတက်မှုတွေကို အစိုးရက လစ်လျူရှုမထားနိုင်တော့ပါဘူး” ဟု တစ်သီးပုဂ္ဂလလွှတ်တော်အမတ်က ဆိုပါသည်။

မြန်မာအစိုးရသစ်သည် ယခုအခါ ပျော့ပြောင်းလာသည့် မူဝါဒကို ကျင့်သုံးနေပြီး ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူများ ပြည်တော်ပြန် နိုင်အောင် လျှော့ပေါ့ စဉ်းစားပေးရန် အလားအလာ ရှိကြောင်း ပြသခဲ့သည့်အပြင် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများကိုလည်း အပစ်ရပ်၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းလျက် ရှိသည်။

ဩဂုတ်လ ၁၉ရက်တွင် သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်တွေ့ဆုံခဲ့ပြီးနောက် သူမက “သမ္မတကြီးသည် စစ်မှန်၍ အပြုသဘော ဆောင်သော အပြောင်းအလဲကို လိုလားသူဖြစ်ကြောင်း” မှတ်ချက်ပေးခဲ့သည်။ ယင်းသို့ သမိုင်းဝင် တွေ့ဆုံမှုအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပိုစတာများ မြန်မာနိုင်ငံလမ်းများပေါ်တွင် စတင်ပေါ်ထွက်လာခဲ့ပြီး သူမ၏ သတင်းများ၊ ဓါတ်ပုံများကိုလည်း ပြည်တွင်း မီဒီယာများက စတင်ဖေါ်ပြလာခဲ့သည်။

                ပြည်တွင်းသတင်းထောက်တစ်ဦးက  "အခုအချိန်ထိတော့ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ထိန်းနေရတုန်းပဲ။ ဒါပေမယ့် လွှတ်တော်တွင်း အခြေအတင် ဆွေးနွေးမှုတွေမှာ ဒီအကန့်အသတ်တွေကို ကြီးကြီးမားမားကျော်လွှားခဲ့ပြီးချိန်မှာ ကျွန်တော်တို့အပေါ် ကန့်သတ်မှုတွေ လျှော့သွားပါ တယ်" ဟု ပြောကြားသည်။

                မြန်မာစစ်ဖက် အုပ်ချုပ်သူများအပေါ် ပြတ်ပြတ်သားသားဆန့်ကျင်ဝေဖန်သူများဖြစ်သည့် ပြည်ပရောက် မြန်မာမီဒီယာသမားများကပင်လျှင် လွှတ်တော်တွင်း တိုးတက်ပြောင်းလဲလာမှုများကို အတော်အတန် အသိအမှတ်ပြုကြသည်။

                ပြည်ပမီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူ မြန်မာပြည်သူများထဲတွင် ဒီမိုကရက်တစ်မြန်မာ့အသံ DVB မှ သတင်းထောက်များလည်း ပါဝင်နေပါသည်။

                "အခုအချိန်ထိ အမြဲတမ်းလျှို့ဝှက်ဖုံးကွယ်ထားတဲ့ နိုင်ငံတော်ဘတ်ဂျက်ကို လွှတ်တော်မှာ ထုတ်ပြန်ခဲ့တာဟာ ကောင်းတဲ့ကိစ္စတစ်ခုပါ။ ဒါပေမဲ့လည်း လွှတ်တော်တစ်ခုလုံး ပြည်ခိုင်ဖြိုးပါတီက အမတ်တွေလွှမ်းမိုးထားမှတော့ နောက်ဆုံးမှာ လွှတ်တော်ဟာ အစိုးရရဲ့လက်ကိုင်တုတ် ဖြစ်သွားမှာပေါ့" ဟု ပြောကြားသူမှာ DVB ၏ ထိုင်းနိုင်ငံရုံးခွဲ တာဝန်ခံ တိုးဇော်လတ် ဖြစ်သည်။

                ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ယင်းအားမေးမြန်းခဲ့သော အင်တာဗျူးတွင် "အစိုးရသစ်ဟာ မီဒီယာနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ဆုံးဖြတ်ချက်တွေကို ရှင်းပြရမယ့် တာဝန်ကို အပြည့်အဝဖြည့်ဆည်းမယ့် အပြင် ပွင့်လင်းမြင်သာမှုကိုပါ ပြသမှာပါ" ဟု ပြောဆိုသည်။ သို့သော်လည်း သူက ဆက်လက်၍ "သတင်းထုတ်ပြန်ခြင်း လုပ်ငန်းဟာ လူမှုမတည်ငြိမ်မှု များကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် မီဒီယာတွေကလည်း သူတို့ တာဝန်ယူရမယ့် ကိစ္စကို နားလည်သဘောပေါက်ထားသင့်တယ်" ဟု သွယ်ဝိုက်သတိပေး ပြောဆိုခဲ့သည်။

                ပုဂ္ဂလိက သတင်းမီဒီယာများကို သတင်းယူခွင့်ပေးသည် ဆိုသော်လည်း လွှတ်တော်ကျင်းပပုံကို တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်ခွင့် မပေးပါ။ နိုင်ငံပိုင် ရုပ်သံသတင်းများတွင် လွှတ်တော်တွင်း ဆွေးနွေးမှုအကျဉ်းချုပ်နှင့် ဆုံးဖြတ်ချက် တို့ကိုသာ ဖော်ပြခဲ့ပြီး အစိုးရအားဝေဖန်ဆွေးနွေးမှုများ မပါရှိပါ။

                သာမန် မြန်မာပြည်သူများမှာလည်း ဖမ်းဆီးနှိပ်စက်ခံရနိုင်သည် ဟူသော ကြောက်ရွံ့မှုကြောင့် သတင်းထောက်များနှင့် စကားပြောရန် တုံ့ဆိုင်းနေကြပုံ ရသည်။

                ရန်ကုန်မြို့တော်မှ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက "ကျွန်တော်တို့က စစ်အစိုးရရဲ့ ကမ်းကုန်အောင် ရက်စက်ပုံကို ပြောမယုံနိုင်အောင် ခံခဲ့ရပြီးပြီဆိုတော့ အခုအချိန်မှာ ယုံကြည်ပါလို့ပြောလာတဲ့ ဘယ်လိုအစိုးရမျိုးကိုမှ ယုံကြည်ပေးဖို့ မဖြစ်နိုင်သေးပါဘူး" ဟု လေသံခပ်တိုးတိုးဖြင့် ဆိုသည်။

                ရန်ကုန်မြို့တော်၏ ပြည်ခိုင်ဖြိုး USDP ပါတီကွန်ယက်ကို ဦးဆောင်သူ ဦးအောင်သိန်းလင်းက "မြန်မာ့ပုံစံ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်ကို တည်ဆောက်မှာပါ" ဟု ထုတ်၍ ပြောဆိုသည်။ ယင်းစကားလုံးများသည် ယခင်စစ်အုပ်ချုပ်ရေးခေတ်က အမြင့်ဆုံး အာဏာပိုင်အဖွဲ့ "နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ" ၏ လက်သုံးကြွေးကြော်သံ ဖြစ်ပေသည်။ အဆိုပါ 'နအဖ' ကောင်စီ၏ အကြီးအကဲဖြစ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ပတ်သက်၍ "သူကတော့ လုံးဝ အနားယူပေးပါပြီ၊ ဒါပေမယ့်လည်း "ကျွန်တော်တို့က သူ့လက်အောက်မှာ ၁၀ နှစ်ကျော် သင်ယူခဲ့ကြတာ ဆိုတော့ သူ့ရဲ့အိုင်ဒီယာတွေကို လေးစားစောင့်သိလိုက်နာနေကြတုန်းပါပဲ" ဟု မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ရဲတင်းစွာ ထုတ်ဖော် ပြောကြားလိုက်သည်။

******************************************************************************

အမေရိကန်က မြန်မာကို စစ်မှန်သော ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် တိုက်တွန်း

(14 September 2011 ရက်စွဲပါ Reuters ၏ “U.S urges Myanmar to make "genuine" reforms” ကို ဘာသာပြန်ဆိုသည်)

                ဝါရှင်တန်နှင့် ဆက်ဆံရေး တိုးတက်ရန်အတွက် မြန်မာ ခေါင်းဆောင်များအနေဖြင့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော စစ်မှန်သော ပြုပြင် ပြောင်းလဲမှုများကို ဦးတည်ရန် နှင့် နိုင်ငံရေး အကျဉ်းသား ထောင်ပေါင်းများစွာအား လွှတ်ပေးရမည်ဖြစ်ကြောင်း အမေရိကန် ကိုယ်စားလှယ် ဒဲရက်မစ်ချယ်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

                သို့သော် မြန်မာနိုင်ငံအတွက် အမေရိကန် အထူးကိုယ်စားလှယ်သစ် ဒဲရက်မစ်ချယ် က အရေးယူမှုများ ရုတ်သိမ်းရန် လိုအပ်သော အခြေ အနေများကို တိတိကျကျ ပြောဆိုသွားခြင်း မရှိပေ။

                "အခု ခရီးစဉ်ဟာ အများကြီး အပြုသဘောဆောင်တဲ့ ရလဒ်များ ရှိတဲ့ ခရီးစဉ် ဖြစ်ပါတယ်" ဟုဒဲရက်မစ်ချယ်က ယင်း၏ ၆ ရက်ကြာ ခရီးစဉ်အပြီး ရန်ကုန် လေဆိပ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

                ယင်းသည် နေပြည်တော်တွင် ကက်ဘိနက် အဖွဲ့ဝင်များ အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် သော အတိုက်အခံ နိုင်ငံရေး သမားများနှင့်လည်း တွေ့ဆုံခဲ့သည်။ သို့သော် ယင်းသည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ခြင်း မရှိပေ။

                မစ်ချယ်က ပြောကြားရာတွင် ယင်းသည် တာဝန်ရှိသူများအား နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်အား လွှတ်ပေးရန်၊ အတိုက်အခံနှင့် စကား ပြောဆိုမှုကို ဆက်လက် ပြုလုပ်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်း စစ်ဆေးရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။ ယင်းသည် မြန်မာ စစ်တပ်နှင့် မြောက်ကိုးရီးယားတို့၏ ဆက်ဆံရေးအတွက် စိုးရိမ်ပူပန်မှုများကိုပါ ပြောကြားခဲ့သည်ဟု ဆိုသည်။

                "နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့အတွက် အထက်က ပြောခဲ့တဲ့ ကိစ္စတွေမှာ တိုးတက်မှုရှိဖို့ လိုအပ်ပါတယ်။ အစိုးရက စစ်မှန်ပြီး ခိုင်မာတဲ့ လုပ်ရပ်တွေ ရှိလာခဲ့ရင် အမေရိကန် ပြည်ထောင်စု အနေနဲ့ ပေးစရာ ရှိတာတွေ (in kind) ပေးပြီး တုန့်ပြန်မှာပါ" ဟု ယင်းက ပြောသည်။

                မကြာသေးမီက မြန်မာ အာဏာရှင် အုပ်ချုပ်သူများက ဖြေလျော့ပေးမှုများသည် သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံတွင် ပြုပြင် ပြောင်းလဲမှု များအတွက် အလားအလာများဖြင့် လှုပ်ခတ်ခဲ့သည်။ မြန်မာနိုင်ငံကို ဖိနှိပ်သော စစ်အစိုးရက (၄၈)နှစ်ခန့် အုပ်ချုပ်ခဲ့ရာ ပြဿနာ များစွာဖြင့် ဆင်းရဲ မွဲတေ ခဲ့ရသည်။

                ပြီးခဲ့သည့်လက သမ္မတ ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည် နှင့် တရားဝင် တွေ့ဆုံခဲ့သည်။ "အားလုံး လက်ခံနိုင်မယ့် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများမှာ သူမ၏ ပါဝင်မှု ရှိရပါမယ်" ဟု မစ်ချယ်က ပြောသည်။

                နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးပါက အရေးယူမှုများ ရုတ်သိမ်းလိမ့်မည် ဆိုသည်ကို ကျွမ်းကျင်သူ အများစုက သံသယ ဖြစ်လျက် ရှိသည်။ မစ်ချယ်က ပြောကြားရာတွင် ယင်းသည် မြန်မာ အစိုးရ တာဝန်ရှိသူများနှင့် နိုင်ငံရေး အကျဉ်းသားများ ကိစ္စ စကားပြောရာတွင် ရိုးသား ပွင့်လင်းပြီး အပြုသဘော ဆောင်သော ဖလှယ်မှုများ ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် မည်သည့် ကတိကဝတ်မျှ လက်ခံရရှိခြင်း မရှိကြောင်း ဆိုသည်။

                "နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အများစုက အစိုးရရဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ပြန်လည် ပေါင်းစည်းရေး ကတိကဝတ် တွေအပေါ် သံသယ တွေ ရှိနေဆဲဆိုတာ ကျွန်တော် သိပါတယ်။ အာဏာပိုင်တွေကို ကျွန်တော်က သံသယတွေ မှားတယ်ဆိုတာ သက်သေပြဖို့ တိုက်တွန်းခဲ့ပါတယ်" ဟု ယင်းက ပြောသည်။

************************************************************************************

 

 မြန်မာအတွက် ပြုပြင်ပြောင်းလဲမှုက အပြောလား။ အလုပ်လား။

(13 September 2011 ရက်စွဲပါ The Huffington Post မှ Simon Roughneer ရေးသားသော “Burma and Reform: All talk and no work?” ကို ဘာသာပြန်ဆိုသည်)

                မြန်မာ စစ်တပ်အုပ်ချုပ်သူများ လက်အောက်တွင် သတင်းစာဆရာ တစ်ဦးအဖြစ် လုပ်ကိုင်ရသည်မှာ မလွယ်လှပေ။ စစ်တပ်က မြန်မာနိုင်ငံကို ၁၉၆၂ ကတည်းက အုပ်ချုပ်ခဲ့ပြီး၊ ၂၀၁၀ နိုဝင်ဘာလတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး စစ်တပ်ပါတီ အလွယ်တကူ အနိုင်ရခဲ့ကာ ယခင် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်က အစိုးရသစ် အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည်။

                ထို အခြေအနေတွင် ခေါင်းဆောင်သစ်သည် ပြုပြင်ပြောင်းလဲရေးများ လုပ်ရန် ကြိုးပမ်းလာသည်။ ယင်းသည် မကြာသေးမီက ဒေါ်အောင်ဆန်း စုကြည် နှင့် တွေ့ဆုံခဲ့ပြီး၊ သူမကလည်း ဦးသိန်းစိန်အား ပြန်လည် ချီးကျူး ပြောဆိုခဲ့သည်။ အချို့က သမ္မတသစ်သည် သတိကြီးစွာထားသော ပြုပြင် ပြောင်းလဲရေး ဝါဒီဟု ဆိုကြပြီး မြန်မာ အစိုးရ အတွင်းရှိ သဘောထား တင်းမာသူများနှင့် စစ်ခင်းနေရကြောင်း သတင်းများက ဆိုသည်။ အချို့ကလည်း ယခု ယှဉ်ပြိုင်မှုမှာ ကပြနေခြင်းသာ ဖြစ်ပြီး စစ် အာဏာရှင် သန်းရွှေက နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု ဆိုကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ ကတည်းက အာဏာ ရယူခဲ့ရာ အမေရိကန် သံတမန် ကေဘယ်များအရ မြန်မာနိုင်ငံ၏ အာဏာ တည်ဆောက်ပုံမှာ ရှင်းရှင်းလင်းလင်း မရှိပဲ အားလုံးသည် သန်းရွှေ အပေါ်တွင်သာ မူတည်သည်ဟု ဆိုသည်။

                ပြုပြင်ပြောင်းလဲရေး အတွက် ပြောကြားမှုများကို အသာထား မြန်မာအစိုးရသည် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ခန့်ကို ထိန်းသိမ်းထားဆဲ ဖြစ်ပြီး၊ အစိုးရကမူ ရာဇဝတ်သားများအဖြစ်သာ ပြောဆိုနေသည်။ အဆိုပါ အကျဉ်းသားများတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ရာပေါင်းများစွာ ပါဝင်ပြီး၊ သတင်းစာ ဆရာ ၂၀ ကျော် ပါဝင်သည်။ ပြီးခဲ့သည့် ဧပြီလ ဦးသိန်းစိန် မိန့်ခွန်း မပြောမီကပင် DVB သတင်းထောက် တစ်ဦး ထောင်ဒဏ် ၁၃ နှစ် အပြစ် ပေးခံခဲ့ရပြီး ထိန်းသိမ်းခံရသော ၁၇ ဦးမြောက် DVB သတင်းထောက် ဖြစ်လာသည်။

                မြန်မာနိုင်ငံတွင် ပုဂ္ဂလိက မီဒီယာကဏ္ဍ တိုးတက်လျက် ရှိသော်လည်း အစိုးရ ဆင်ဆာ ပြုသမျှ ခံကြရသည်။ အစိုးရ အာဏာပိုင်များသည် သတင်းများ၊ နိုင်ငံရေးများ မပါသော မီဒီယာအား ဆင်ဆာ ကင်းလွတ်ခွင့်ပြုခဲ့သည်။

                Committee to Project Journalists (CPJ) မှ အာရှကိုယ်စားလှယ် Shawn Crispin ၏ အဆိုအရ အထက်ပါ ဖြေလျော့ပေးမှုသည် အဓိပ္ပာယ် မရှိကြောင်း ဆိုသည်။ "တကယ်လို့ အစိုးရသစ်ဟာ သတင်းစာ လွတ်လပ်ခွင့်ကို အလေးပေးတယ်ဆိုရင် စာပေ စိစစ်ရေး ဌာနကို ဖျက်ပစ် ရပါမယ်။ ပုဂ္ဂလိက မီဒီယာတွေကို စောင့်ကြည့်တဲ့ ကဏ္ဍ (watchdog role) ကနေ လှုပ်ရှားခွင့် ပြုပြီး တကယ့် ဒီမိုကရေစီမှာလို ကျင့်သုံးရပါမယ်" ဟု ယင်းက ပြောသည်။

                Crispin က ပြောဆိုရာတွင် "ဦးသိန်းစိန် ရဲ့ စစ်တပ် အုပ်ချုပ်သူတွေဟာ တကယ် လုပ်ရဲ ကိုင်ရဲ ရှိပါ့မလားဆိုတာ သံသယရှိနေပါတယ်" ဟု ဆိုသည်။

**************************************************************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment