Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၆.၉.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. ပြုပြင်ပြောင်းလဲရေး လိုလားသော သမ္မတက မြန်မာနိုင်ငံကို စတင်ပြောင်းလဲ

(Asia Times မှ 16 Sept 2011 ရက်စွဲပါ “Pro- reform president shakes up Myanmar” သတင်းဆောင်ပါးကို ဘာသာ ပြန်ဆိုသည်)

 

  1. မြန်မာမှ တရားမဝင်မူးယစ်ဆေး အလုံးအရင်းနှင့် စီးဝင်နိုင်ကြောင်း ထိုင်းကို အမေရိကန်သတိပေး

(The Nation မှ 15 Sept 2011 ရက်စွဲပါ “US warns Thailand of influx of illicit drug from Burma” သတင်းကို ဘာသာ ပြန်ဆိုသည်)

 

  1. ကချင်ဒုက္ခသည် အကူအညီပေးရေးအဖွဲ့များ ရန်ပုံငွေပြတ်လပ်

(IRIN မှသတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

 

  1. မြန်မာနိုင်ငံအတိတ်မှလွတ်မြောက်ရန် အိမ်နီးချင်းများကူညီနိုင်

(14 September 2011 ရက်စွဲပါ Jakata Globe မှ Akira Morelto ရေးသားသော Burma's neighbors can help it escape past ကို ဘာသာပြန်ဆိုသည်)

 

********************************************************************************

ပြုပြင်ပြောင်းလဲရေး လိုလားသော သမ္မတက မြန်မာနိုင်ငံကို စတင်ပြောင်းလဲ

(Asia Times မှ 16 Sept 2011 ရက်စွဲပါ “ Pro- reform president shakes up Myanmar ” သတင်းဆောင်ပါးကို ဘာသာ ပြန်ဆိုသည်)

                မြန်မာနိုင်ငံတွင် ယခင်က စစ်ဖက်အုပ်ချုပ်သူများ ရာစုနှစ်ဝက်မျှ ထိန်းသိမ်းလာခဲ့ကြသည့် “အကြွင်းမဲ့ အာဏာ ချုပ်ကိုင်မှု” ကို ယခု အရပ်သား တစ်ပိုင်းအစိုးရက ဖြေလျှော့ပေးနေခြင်းကြောင့် အပြောင်းအလဲက ဘယ်လောက် စစ်မှန်သလဲ ဟူသော စိတ်ဝင်စားစရာ မေးခွန်းကြီး ပေါ်ထွက်လာ သည်။

                အရှေ့တောင်အာရှ အာဏာရှင်နိုင်ငံမှ အထင်ရှားဆုံး နိုင်ငံရေး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲကို ယုံကြည် လက်ခံကြောင်း ပြသသည်။ “အတိတ်က ဖြစ်ခဲ့တာဟာ ပြီးခဲ့ပြီ၊ လက်ရှိ အနေအထားက လက်ရှိပဲပေါ့။ အပြောင်းအလဲတစ်ချို့ကတော့ ရှိနေပါပြီ” ဟု အသက် ၆၆ နှစ်အရွယ် ဒီမိုကရေစီ ခေါင်းဆောင်က တနင်္လာနေ့တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။

                အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ် (Derek Mitchell) နှင့် တနင်္လာနေ့က တွေ့ဆုံမှု အပြီးတွင် နိုဘယ်ဆုရှင်က “လက်ရှိအနေအထားကြောင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ကလည်း စိတ်ဝင်တစား ရှိနေပြီဆိုတော့ ကျွန်မတို့ အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်” ဟု ပြောကြားသည်။

                မနှစ်က နိုဝင်ဘာရွေးကောက်ပွဲများအပြီး၌ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် အလားတူ ထပ်တူ ထပ်မျှ အရေးကြီးသော တွေ့ဆုံမှုတစ်ခုကို တနင်္ဂနွေနေ့က လက်ခံခဲ့ရာ နိုင်ငံ၏ လူသိများ နိုင်ငံရေးအကျဉ်းသား မင်းကိုနိုင်၏ မိသားစုနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

                “ဒါဟာ မင်းကိုနိုင်နဲ့ သူ့ရဲ့မိသားစုကို စိတ်ဓါတ်ရေးရာ အားပေးတဲ့ တွေ့ဆုံမှုပါ” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ၏ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က Inter Press Service IPS နှင့် တယ်လီဖုန်း အင်တာဗျူးတွင် ပြောကြားသည်။

                ထောင်ဒဏ် ၆၅ နှစ် အပြစ်ပေးခြင်း ခံရသော အသက် ၄၈ နှစ် အရွယ် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ ဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် အစိုးရကို အတိုက်အခံ ဆန့်ကျင်မှုအတွက် တန်ဖိုးကြီးကြီး ပေးဆပ်နေရသော နိုင်ငံရေး အကျဉ်းသားများ၏ ဘဝကို ထင်ဟပ်ပြနေသည်။ လက်ရှိ မြန်မာနိုင်ငံတွင် အကျဉ်းထောင်နှင့် အကျဉ်းစခန်း ၄၄ ခု၌ ထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသား ၁၉၉၆ ဦးခန့် ရှိနေသည်ဟု AAPP ၏ အဆိုအရ သိရသည်။

                ၁၉၆၂ တပ်မတော် အာဏာသိမ်းပွဲ နောက်ပိုင်းမှစ၍ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မကြာခဏ ပြစ်တင် ရှုတ်ချခံနေရသည့် မြန်မာ နိုင်ငံတွင် နိုင်ငံတကာကြက်ခြေနီကော်မတီ ICRC အား အကျဉ်းထောင် ၃ ခု ကို လေ့လာ စစ်ဆေးရန် ဦးသိန်းစိန်အစိုးရက ဇူလိုင်လအတွင်း ခွင့်ပြုခဲ့ သည်မှာ နည်းပါးသော်လည်း သိသာထင်ရှားသည့် နိုင်ငံရေး အလျှော့ပေးမှုများ စတင်ထွက်ပေါ်လာသည်။

                အကျဉ်းထောင်အတွင်း ရေနှင့် သန့်ရှင်းရေး အခြေအနေများ တိုးတက်မှုကို ကြည့်ရှုသည့် ICRC ၏ ခရီးစဉ်သည် နိုင်ငံရေး အကျဉ်းသား များအား တွေ့ဆုံအကဲခတ်ခွင့်ကို ၆ နှစ်ကြာ ပိတ်ပင်ထားခဲ့ပြီး  ယခုမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။

                သြဂုတ်လအတွင်း၌မူ ဒေါ်အောင်ဆန်းစုကြည်သည် သူမဦးဆောင်သော စစ်အုပ်ချုပ်ရေးဆန့်ကျင်ရေးအုပ်စုနှင့် မနှစ်က ယူနီဖောင်းချွတ် အရပ်ဝတ် ကပျာကယာ လဲကာ အာဏာရလာသော ယခုအစိုးရအဖွဲ့ အကြား ဆက်ဆံရေး တိုးတက်နွေးထွေးမှုကို တည်ဆောက်ခဲ့လေသည်။

                သြဂုတ်လ ၁၉ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းမှ မြို့တော် နေပြည်တော်တွင် သူမနှင့် သမ္မတ ဦးသိန်းစိန်တို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြသည်။ နောက်နေ့တွင် ပြုလုပ်သော ဆင်းရဲမှု တိုက်ဖျက်ရေး ဆွေးနွေးပွဲ ဖိုရမ်သို့ သူမ ဆက်လက်တက်ရောက်ခဲ့သည်။

                ဆွေးနွေးပွဲဖိုရမ်မှာ တွေ့ရတဲ့ ပွင့်လင်းမှု အဆင့်ကြောင့် လုံးဝကို အားတက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို အကူအညီပေးဖို့ ဆန္ဒရှိနေပါတယ်ဟု ဆွေးနွေးပွဲတက်ရောက်သူတစ်ဦး ဖြစ်သည့် စီးပွားရေးပညာရှင် ဦးဇော်ဦးက IPS သို့ ပြောကြား သည်။ “ဒီကိစ္စဟာ သူမနဲ့ အစိုးရအကြား အယူအဆရေး၊ နိုင်ငံရေး သဘောကွဲလွဲမှုတွေ သိပ်မရှိပဲနဲ့ အကျိုးတူနယ်ပယ်ရှာတွေ့နိုင်မယ့် ကဏ္ဍတစ်ခု ဖြစ်ပါတယ်” ဟု ဦးဇော်ဦးက ဆိုသည်။

                ထို့အပြင် ၂၀၀၀ ခုနှစ်မှ ၂၀၀၈ အတွင်း ထိုင်းနိုင်ငံသို့ ဒေါ်လာ ၈ ဘီလျံဖိုး ရောင်းချနိုင်ခဲ့သည့် သဘာဝဓါတ်ငွေ့ အပါအဝင် သယံဇာတများ ကြွယ်ဝသော နိုင်ငံတွင် ဆင်းရဲမွဲတေမှုက ဒုက္ခပေးနေကြောင်း မီးမောင်းထိုးပြခဲ့သည့်အတွက် သမ္မတ ဦးသိန်းစိန်အတွက် အမှတ် တက်သွားခဲ့သည်။

                တိုင်းပြည်လူဦးရေ၏ ၃၃% (သို့) လူဦးရေ ၁၉ သန်းခန့် ဆင်းရဲမွဲတေမှု သတ်မှတ်မျဉ်း၏ အောက်တွင် ရောက်ရှိနေသော မြန်မာနိုင်ငံတွင် ယခင်က အုပ်ချုပ်သူ အာဏာရှင်ခေါင်းဆောင်များစွာ အမြတ်ထွက်ကြွယ်ဝသွားခဲ့သည် ဟုလည်း ကြားသိရသည်။ လက်ရှိ မြန်မာနိုင်ငံသည် ကုလ သမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းပြ ဇယားတွင် နိုင်ငံပေါင်း ၁၈၂ နိုင်ငံ အနက် အဆင့် ၁၃၈ သတ်မှတ်ခြင်းခံရသည်။

                “အခုလို ဆင်းရဲမှုတိုက်ဖျက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးရေးကို ထိပ်တန်းဦးစားပေး ဆောင်ရွက်လာတာဟာ မျှော်လင့်မထားကြတဲ့ ဖြစ်ရပ်ပါပဲ” ဟု ဦးဇော်ဦးက ဆိုသည်။ “အစိုးရက သူတို့ရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှုတွေနဲ့ ပြဿနာတွေကို ဝန်ခံပြောဆိုပြီး ပွင့်လင်းတဲ့ ဆွေးနွေးပွဲတွေကို ကျင်းပပေးတဲ့ အပြင် ဝန်ကြီးတွေတောင်မှ ပရိသတ်ရဲ့ မေးမြန်း စိမ်ခေါ်မှုကို ကြုံတွေ့နေရပါပြီ” ဟု ဦးဇော်ဦးက ဆက်လက်ပြောကြားသည်။ တပ်မတော်၏ ဗြောင်ကျကျ ကြားဝင် စွက်ဖက်မှုအပါအဝင် အငြင်းပွားစရာ အလွန်များပြားခဲ့သော မနှစ်က ရွေးကောက်ပွဲများအပြီး ခေါ်ယူသည့် လွှတ်တော်က ရွေးချယ် တင်မြှောက်ခဲ့သော သမ္မတ ဦးသိန်းစိန် လက်ထက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး စတင်မှုသည် နိုင်ငံတကာ၏ လက်ခုပ်သံများကိုပင် ရယူနိုင်ခဲ့လေသည်။

                ယခင် အာဏာရှင်အစိုးရကို နှစ်ပေါင်းများစွာ ပြစ်တင်ရှုတ်ချကာ အရေးယူဒဏ်ခတ်ထားခဲ့သော ဥရောပသမဂ္ဂ EU သည်ပင် အကောင်းဖက်မှ ရှုမြင်၍ တုန့်ပြန်လျက်ရှိပေသည်။ “မြန်မာနိုင်ငံမှာ ပိုမို ပွင့်လင်းလာမယ့် အခွင့်အလမ်းကို ကျွန်မ တွေ့မြင်နေပါတယ်” ဟု အီးယူ၏ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး၊ လူသားခြင်း ကယ်ဆယ်စောင့်ရှောက်ရေး ကော်မရှင်နာ မင်းကြီး Kristalina Georgieva က ပြောကြားလိုက်သည်။

                မြန်မာ သမ္မတသစ်က အာဏာလွှဲပြောင်းရယူအပြီး ပြုပြင်ပြောင်းလဲရေးမိန့်ခွန်းကို ပြောကြားပြီးနောက် စေ့စပ် ညှိနှိုင်းဆွေးနွေးမည့် အစီအစဉ် များကို ထုတ်ပြန်ကြေညာခဲ့သည်တွင် အီးယူက သံလွင်ခက် ကမ်းလိုက်ခြင်းဖြစ်သည်။ အီးယူက မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တာဝန်ရှိသူအချို့၏ ပြည်ဝင်ခွင့် ပိတ်ထားခြင်းကို ဖယ်ရှားပေးခဲ့သလို ဥရောပ ဝန်ကြီးများလည်း မြန်မာနိုင်ငံသို့ လာခွင့်ရနေကြပြီ ဖြစ်သည်။

                “မြန်မာနိုင်ငံမှာ လူသားခြင်းစာနာတဲ့ အကူအညီပေးခွင့်ရမယ့် နေရာတွေ တိုးချဲ့ဖို့ အာဏာပိုင်တွေက ဆန္ဒရှိနေတာကြောင့် ကျွန်မ အားတက် သွားပါတယ်။ ဒီ နိုင်ငံထဲက အငွေ့အသက်က အရင်နဲ့မတူပဲ ကွဲပြားနေပြီ။ အပြောင်းအလဲကို ကိုယ်စားပြုသူတွေ ရှိနေပြီလို့ ကျွန်မတို့ ယူဆတယ် ” ဟု ကော်မရှင်နာမင်းကြီး Kristalina Georgieva က နှစ်ရက်ကြာ လူသားခြင်းစာနာမှု လေ့လာရေးမစ်ရှင် အပြီးတွင် ဘန်ကောက်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

                သို့သော်လည်း ၁၀ နှစ်ကျော် နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်ကျခဲ့ရသော ကိုဘိုကြည်သို့ တပ်မတော်ဖိနှိပ်မှု ဒဏ်ခံ သားကောင်များ အတွက်မူ ရင်ကို ထိမှန်မှု သိပ်မရှိဟု ဆိုရမည်။ “အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီးတော့ နိုင်ငံတစ်ဝှမ်းက လူ့အခွင့်အရေး ညှင်းပန်းမှုတွေကို အဆုံးသတ်ဖို့ လိုပါတယ်။ ဒီအပြောင်းအလဲကသာ နိုင်ငံတကာရဲ့ ဖိအားပေးမှုကို လျှော့ပါးစေပြီး အစိုးရရဲ့ ပုံရိပ်ကို တိုးတက်စေမှာပါ” ဟု ကိုဘိုကြည်က ပြောကြားခဲ့သည်။

                            ********************************************************

မြန်မာမှ တရားမဝင်မူးယစ်ဆေး အလုံးအရင်းနှင့် စီးဝင်နိုင်ကြောင်း ထိုင်းကို အမေရိကန်သတိပေး

(The Nation မှ 15 Sept 2011 ရက်စွဲပါ “US warns Thailand of influx of illicit drug from Burma” သတင်းကို ဘာသာပြန်ဆိုသည်။)

                အာဖဂန် နစ္စတန်တွင် မူးယစ်ဆေးဝါး ထိန်းချုပ်ခြင်းနှင့် တိုက်ဖျက်ခြင်း အောင်မြင်မှုရရှိခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုက ထိုင်းနိုင်ငံအား ၎င်း၏အိမ်နီးခြင်း မြန်မာနိုင်ငံမှ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်တင်သွင်းမှု မြင့်မားလာနေကြောင်း ကြာသပတေးနေ့က သတိပေး ပြောဆိုလိုက်သည်။

                အာဖဂန်နစ္စတန်က မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု အရှိန်အဟုန်ကို ထိန်းချုပ်လျှော့ချရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက အောင်မြင်မှု ရရှိသွားပြီ ဖြစ်တာကြောင့် မြန်မာနိုင်ငံဟာ လာမယ့်နှစ်တွေမှာ ပိုမိုကြီးမားတဲ့ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်တင်ပို့သူဖြစ်လာဖို့ များနေပါပြီဟု အမေရိကန် ပြည်ထောင်စု၏ နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ ဗျူရို လက်ထောက် အတွင်းဝန် William Brownfield က ပြောကြားလိုက်ခြင်း ဖြစ်သည်။

                Brownfield သည် မူးယစ်ဆေးဝါးထိန်းချုပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးရန်အတွက် နိုင်ငံခြားရေးဝန်ကြီး၊ ရဲတပ်ဖွဲ့ အကြီး အကဲ၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်တို့နှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံသို့ ကြာသပတေးနေ့က ရောက်ရှိလာခဲ့သည်။

                            *****************************************************

ကချင်ဒုက္ခသည် အကူအညီပေးရေးအဖွဲ့များ ရန်ပုံငွေပြတ်လပ်

(IRIN မှသတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ယခုအခါ ကချင်လူမှုဝန်ထမ်းအဖွဲ့များနှင့် အကူအညီပေးရေးအဖွဲ့များသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသမှ ပြည်တွင်းရွှေ့ပြောင်း ပုဂ္ဂိုလ် (IDP)များအား ကူညီပံ့ပိုးရန် ငွေကြေးနှင့် အထောက်အပံ့ ပစ္စည်းများ ပြတ်လပ်လျက် ရှိကြောင်း စုံစမ်းသိရှိရသည်။

"အခြေအနေတွေက အခုဆိုရင် ပိုမိုဆိုးရွားလာနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှေ့ပြောင်းဒုက္ခသည်တွေကို ဘယ်သူကမှ ကူညီထောက်ပံ့မှု မပြုနိုင်တော့လို့ပါပဲ"ဟု Relief Action Network for IDPs and Refugees (RANIR) အဖွဲ့မှ စေ့စပ်ညှိနှိုင်းရေးမှူး La Rip က လိုင်ဇာမြို့မှ တစ်ဆင့် IRIN သတင်းဌာနသို့ ပြောကြားသည်။ ယင်းအဖွဲ့အစည်းသည် ကချင်ပြည်နယ်ဒေသခံ ကွန်မြူနစ်တီ အဖွဲ့အစည်းပေါင်း ၁၂ ဖွဲ့နှင့် ကယ်ဆယ်ရေးနှင့် နေရာချထားရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) ၏ အရပ်ဘက်ရေးရာဌာနများက တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ရွှေ့ပြောင်းဒုက္ခသည်စခန်းများ အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိခဲ့ကြောင်း၊ သို့သော်ပဋိပက္ခဖြစ်မှု လေးလခန့် ကြာမြင့်လာသောအခါ အကူအညီအထောက်အပံ့များ လိုအပ် လာကြောင်း ၎င်းကဖြည့်စွက်ပြောဆိုသည်။

"ဒုက္ခသည်ပြည်သူတွေဟာ တစ်နေ့ကို ဆန်အနည်းငယ်ပဲရပါတယ်။ တခြားအဟာရ ဖြစ်မယ့်အစားအစာ ဘာမှမရပါဘူး။ အခုဆောင်းရာသီ ဘက် ရောက်လာတော့မယ်ဆိုတော့ စားနပ်ရိက္ခာနဲ့နေထိုင်စရာ ရရှိရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေရပါတယ်" ဟု La Rip က ဆက်လက်ပြောဆိုသည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ မြန်မာစစ်တပ်က KIA ကို စတင်တိုက်ခိုက် ချေမှုန်းသည့် အချိန်မှစ၍ ကချင်ပြည်နယ်အရှေ့ဖျားပိုင်း ကျေးလက်ဒေသတွင် နေထိုင်သော အရပ်သားပြည်သူများ အိုးအိမ်ပစ်ကာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် မြန်မာအစိုးရနှင့် KIA အကြား ရရှိခဲ့သည့် နှစ်ပေါင်း ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားခဲ့ရပြီး အရပ်ဘက် ပြည်သူ ထောင်ပေါင်းများစွာမှာ တောတွင်း ဒေသနှင့် တရုတ်-မြန်မာနယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

KIA နှင့် မြန်မာစစ်တပ်အကြား စစ်မက်ပဋိပက္ခ၏ အဓိက ဖိုးကပ်စ်မှာ မြန်မာအစိုးရ၏ အစီအစဉ်ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ နယ်ခြားဒေသစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေးပင်ဖြစ်သည်။ လက်ရှိ အနေအထားတွင် ရွှေ့ပြောင်းပြည်သူများသည် ဝါးဖြင့် ဆောက်လုပ်ထားသော တဲများ၊ ပလတ်စတစ်အမိုးအကာဖြင့် ပြုလုပ်ထားသော ယာယီတဲများတွင် နေထိုင်လျက်ရှိသည်။ ဒုက္ခသည်စခန်းများအတွင်း လူဦးရေ ပြည့်သိပ် ကျပ်ညပ်နေခြင်း၊ ရေကောင်းရေသန့် ရရှိမှုနည်းပါးခြင်းတို့ကြောင့် နာမကျန်းဖြစ်မှုများ ပိုမိုဖြစ်ပေါ်လျက်ရှိသည်။

အကူအညီပေးရေး ဝန်ထမ်းများ အဆိုအရ ပြီးခဲ့သည့် သြဂုတ်လအတွင်း လိုင်ဇာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ငှက်ဖျားရောဂါတို့ကြောင့် သေဆုံးသူ ကလေးငယ် ၇ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။ ဒုက္ခသည်စခန်းတစ်ခုတွင် လူ ၂၀၀၀ ကို အိမ်သာ ၁၀ လုံး ဖြင့် မျှဝေအသုံးပြုနေကြရသည်ဟု ၎င်းတို့က ဆိုသည်။

"ကျွန်မတို့တွေအတွက် အရေးတကြီးလိုအပ်နေတာက ဆေးဝါးပါပဲ" ဟုထိုင်းနိုင်ငံအခြေစိုက် ကချင် အမျိုးသမီးရေးရာ အဖွဲ့ (KWAT)မှ Mai Ja က ပြောကြားသည်။ အဆိုပါအဖွဲ့သည် တရုတ်-မြန်မာနယ်စပ် ဒေသတစ်လျှောက်တွင် ယာယီ နေထိုင်လျက်ရှိသော ဒုက္ခသည် ၃၀၀၀ ခန့်ကို အကူအညီ အထောက်အပံ့များ ပေးနေသည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။

ဒုက္ခသည်အရပ်သားတွေအတွက် စာသင်ကျောင်းများ၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများ အပါအဝင် ဆောင်းရာသီ ဒဏ်ကို ခံနိုင်မည့်နေထိုင်စရာများ ဖြစ်သည်ဟု La Rip ကဆိုသည်။ RANIR အဖွဲ့သည် KIO ၊ တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံတွင်းရှိ ကချင်ကွန်မြူနစ်တီမှ ရန်ပုံငွေဒေါ်လာ ၃၁၂၀၀၀ ခန့် အလှူခံ ရရှိခဲ့သော်လည်း ယခုအခါ ရန်ပုံငွေ ကုန်လုနီးပါး ရှိနေပြီဖြစ်ကြောင်း Mai Ja ကပြောကြားသည်။ နိုင်ငံတကာရန်ပုံငွေရှာဖွေရေး အသိုင်း အဝိုင်းသို့ ဒေါ်လာ ၂ ဒဿမ ၄ သန်းရရှိရန် ဇွန်လအတွင်း အဆိုပြု တောင်းဆိုခဲ့သော်လည်း အနည်းငယ်မျှသာရရှိခဲ့ကြောင်း၊ ထိုထဲမှ ဒေါ်လာ ၃၈၀၀၀ အား ဥရောပအန်ဂျီအို နှစ်ခုက လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "လူတွေက ရွာပြန်ဖို့ အင်မတန် ကြောက်လန့်နေကြပါတယ် ” ဟု La Rip က ဖြည့်စွက် ပြောဆိုသည်။

                            ***************************************************

မြန်မာနိုင်ငံ အတိတ်မှလွတ်မြောက်ရန် အိမ်နီးချင်းများကူညီနိုင်

(14 September 2011 ရက်စွဲပါ Jakata Globe မှ Akira Morelto ရေးသားသော Burma's neighbors can help it escape past ကို ဘာသာ ပြန်ဆိုသည်)

                1950 ခုနှစ်များနောက်ပိုင်းနှင့် 1960 ခုနှစ်များ အစောပိုင်းကာလက မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်သည် အရှေ့တောင်အာရှတွင် အရေးကြီး သော ကူးသန်းရောင်းဝယ်ရေးနှင့် ယဉ်ကျေးမှုဗဟိုဋ္ဌာနများ၌ တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

                ထိုနှစ်များက ရန်ကုန်သည် အောင်မြင်သော မြို့တော်တစ်ခုဖြစ်ခဲ့ပြီး များစွာသော ဆရာဝန်များ၊ အင်ဂျင်နီယာများ အပါအဝင် တက္ကသိုလ် ဘွဲ့ရ များကို မွေးထုတ်ပေးခဲ့ပြီး ၄င်းတို့အနက်အချို့မှာ အာရှတစ်ခွင်၌ ယနေ့တိုင် အလုပ် လုပ်ကိုင်နေဆဲ ဖြစ်သည်။ ၁၉၆၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ မဟာသရေစည်သူ ဦးသန့်သည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်လာပြီး ကြီးမားသော နိုင်ငံတကာအဖွဲ့ကြီးကို ဦးဆောင်သော ပထမဆုံး အနောက်နိုင်ငံသား မဟုတ်သူလည်း ဖြစ်လာသည်။

                ၁၉၆၂ ခုနှစ်တွင် စစ်တပ်မှ အုပ်ချုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံကို နိုင်ငံရေးအရ၊ လူမှုရေးအရ စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် တိုင်းပြည် စီးပွားရေး တည်ငြိမ်မှုမရှိခြင်း၊ ခေါင်းမာစွာ ဖွဲ့စည်း အုပ်ချုပ်ခဲ့ခြင်းများ ဖြစ်ခဲ့သည်။ အဆိုပါ လက္ခဏာများသည် ယနေ့မြန်မာနိုင်ငံစီးပွားရေးတွင် ဆက်လက် ရှိနေပါသေးသည်။

                မြန်မာ့နည်း၊ မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်၏ နိုင်ငံရေးရည်မှန်းချက်များသည် ထိုစဉ်က ဖွံ့ဖြိုးဆဲအာရှနိုင်ငံ အများစု၏ ဆန္ဒနှင့် ခြားနားမှု မရှိခဲ့ပေ။ အားလုံးက ကိုလိုနီအုပ်ချုပ်ရေးမှ လွတ်လပ်ရေးရချင်ကြသည်။ ၄င်းတို့၏ စီးပွားရေးကို လွှမ်းမိုးသော ကိုလိုနီလုပ်ငန်းများ၏ လွှမ်းမိုးမှုမှ ကင်းလွတ်ချင်ကြသည်။ ၁၉၅၀ များနှင့် ၁၉၆၀ များရှိ စစ်အေးတိုက်ပွဲ နိုင်ငံရေး ဝင်ရိုးတန်းတွင် ဘက်မလိုက်ပဲနေမည်။ လူမှုရေးအရ ညီမျှရန်နှင့် တရားမျှတမှု ရှိရန် လိုလားသည်။ အမျိုးသားစည်းလုံးညီညွတ်မှုရှိရမည်။ ပို၍ ကျယ်ကျယ်ပြန့်ပြန့် ပြောရလျှင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ ကုန်သွယ်ရေး စီမံမှုများတွင် ပါဝင်လိုသည် စသည်များဖြစ်ကြသည်။

                သို့သော် ဖွံ့ဖြိုးဆဲအာရှနိုင်ငံများသည် မြန်မာနိုင်ငံကဲ့သို့ပင် ၄င်းတို့၏ သမိုင်းကြောင်း အပေါ်တွင်ရော၊ ၄င်းတို့၏ အိမ်နီးချင်းများ၏ ဖွံ့ဖြိုး တိုးတက်မှု အတွေ့အကြုံများအပေါ်တွင်ပါ လေ့လာဆည်းပူးစရာ များစွာ ရှိခဲ့သည်။ ၁၉၆၀ များက ဆိုရှယ်လစ်စစ်တပ်၏ စမ်းသပ်မှုမှာ တန်ဖိုးကြီး ပေးဆပ်ခဲ့ရသည်။ မြန်မာနိုင်ငံသည် အာရှတွင် အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံမှသည် ဒေသတွင်း အဆိုးရွားဆုံး စီးပွားရေး စွမ်းဆောင်မှု ရှိသော နိုင်ငံ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

                မြန်မာနိုင်ငံသည် အင်ဒိုချိုင်းနားတွင် အကြီးဆုံးတိုင်းပြည်နှင့် သယံဇာတကြွယ်ဝသော တိုင်းပြည်ဖြစ်လင့်ကစား ထိုအချိန်မှစ၍ အန္တရာယ် ကြီးစွာ အောက်သို့စိုက်ဆင်းတော့မည့် လက္ခဏာများ ပြသခဲ့သည်။ ဆင်းရဲမွဲတေမှုများ ကျယ်ပြန့်စွာ မြင်သာထင်သာရှိလာပြီး၊ သေးငယ်ပြီး နည်းပညာ အားနည်းသော စိုက်ပျိုးရေးနှင့် ခေတ်နောက်ပြန် ဆွဲနေသော စက်မှုလုပ်ငန်းလေးများ အပေါ်တွင် ခေါင်းမာစွာ တည်မှီနေခဲ့သည်။

                မြေများ၊ ကုန်သွယ်မှုလုပ်ငန်းများ အပါအဝင်များစွာသော စီးပွားရေးအစိတ်အပိုင်းများကို နိုင်ငံပိုင် ပြုလုပ်ခဲ့ခြင်းကြောင့် စိုက်ပျိုးရေး ပစ္စည်းများ ပို့ကုန်ဈေးကျသွားခြင်းနှင့် စီးပွားရေးကျွမ်းကျင်သော တရုတ်၊ ကုလား စီးပွားရေးလုပ်ငန်းရှင်များ စွန့်ခွာသွားခြင်းများ ဖြစ်ခဲ့သည်။

                စီးပွားရေးကျဆင်းမှုကြောင့် တိုင်းရင်းသားများနှင့် တင်းမာမှုများကို ပိုမိုဖြစ်စေသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေး အကူအညီများသည် တိုင်းရင်းသားများနှင့် တင်းမာမှုများကို ပိုမိုဖြစ်စေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးအကူအညီများသည် တိုင်းရင်းသား များနှင့် တင်းမာမှုလျော့ပါးရေးကို ဖြစ်စေသည်။ ယခုမူ နှလုံးရည်ဖြင့် ဖြေရှင်းရမည့်အစား စစ်တပ်အင်အားသုံး အဖြေရှာမှုများ ရှိခဲ့သည်။

၁၉၈ဝ ပြည့်နှစ် နှောင်းပိုင်းတွင် ဖြစ်ပေါ်သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် မအောင်မြင်မှုကြောင့် မြန်မာ နိုင်ငံသည် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ဖန်တီးပေးသည့် ဈေးကွက်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ကျင့်သုံးခဲ့ပြန်သည်။ ပြုပြင်ပြောင်းလဲမှုများတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ဖြေလျော့ပေးခြင်း၊ အမြတ်ခွန်ဆိုင်ရာမက်လုံးများ ဖြင့် ဆွဲဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ရေနံနှင့် ဓာတ်ငွေ့၊ သတ္တုတွင်းနှင့် ခရီးသွားကဏ္ဍများကို အထူး ဆွဲဆောင်ခဲ့ရာ အဆိုပါကဏ္ဍများသည် ယနေ့ မြန်မာနိုင်ငံ၏ အဓိက ဝင်ငွေရလမ်းများ ဖြစ်နေ သည်။

သို့သော် ချမ်းသာခြင်းခွဲဝေမှု ပုံသဏ္ဍာန်မှာ အလွန်ပြောင်းလဲမှု မရှိခဲ့ပါ။ ပြည်သူအများစုသည် ကျွမ်းကျင်မှု မလိုသော ဝင်ငွေနည်းပါးသည့် စိုက်ပျိုးရေး ဆိုင်ရာ လုပ်ငန်းများကိုသာ လုပ်ကိုင်ကြရသည်။ ထို့အပြင် အစိုးရသည် ဝင်ငွေနည်းသော မိသားစုများအား ထောက်ပံ့ခြင်းနှင့် လူမှုရေးအရ အကာအကွယ် ပေးရေး ဆိုင်ရာများ ဖြည့်ဆည်းပေးမှုတွင် အကန့်အသတ် များစွာ ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အစိုးရသည် GDP ၏ ၆% သာ အခွန် အဖြစ် ရရှိခြင်းကြောင့် ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံကို အများက နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း၊ ပထဝီ အနေအထား အရ လည်းကောင်း အထီးကျန် ဖြစ်နေသည်ဟု မြင်နေကြသော်လည်း မြန်မာနိုင်ငံ၏ အလားအလာနှင့် ပတ်သက်၍ အာရှ ဖြစ်ပေါ်တိုးတက်ရေးလုပ်ငန်းစဉ်တွင် လည်းကောင်း၊ ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ ပြောင်းလဲမှု အကြောင်းအရာများ ကို လည်းကောင်း လျှော့မတွက်သင့်ပေ။

                မြန်မာနိုင်ငံသည် မလွှဲသာ မရှောင်သာ တရုတ်နှင့် အိန္ဒိယတို့ ဆုံရာ နေရာဖြစ်နေဆဲ ဖြစ်သော်လည်း The Economist ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ 1100 ကီလိုမီတာ စက်ဝန်းအတွင်း လူသန်းပေါင်း (၆ဝဝ) ကျော် နေထိုင်ကြပြီး၊ အရှေ့ဖက်တွင် ထိုင်းနှင့် လာအို အစပြု၍ အနောက် ဖက်တွင် အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဘူတန်တို့ ရှိနေသည်။

                မြန်မာနိုင်ငံသည် လျင်မြန်စွာ တိုးတက်နေသော ဒေသ၏ အလယ်တွင် ရှိနေခြင်း၊ အဆင့်မီသော ကြီးထွားမှု အတွက် ခိုင်မာသော ကြိုးပမ်းမှုများ လုပ်နေသော စီးပွားရေးတည်ဆောက်ပြုပြင်မှုများ လျင်မြန်စွာ ပြုလုပ်နေသော အိမ်နီးချင်းများ ရှိနေခြင်းတို့မှာ ပေးထားချက်များ ဖြစ်ပြီး အဆိုပါ တည်ရှိနေမှုကြောင့် မြန်မာနိုင်ငံအပေါ် အရေးကြီးသော မေးခွန်းများ မေးစရာရှိနေသည်။

                မြန်မာနိုင်ငံအပေါ် ယနေ့အချိန်အခါတွင် နိုင်ငံတကာ၏ အာရုံပြုမှုမှာ ဘယ်သောအခါကမျှ မရှိခဲ့ဘူးပေ။ ထိုသို့ ဖြစ်ရခြင်းမှာ တစ်စိတ်တစ်ပိုင်း အားဖြင့် နိုင်ငံတွင်း ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကြောင့်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်း အားဖြင့် ဒေသတွင်း တိုးတက်ဖြစ်ပေါ်မှုများကြောင့် ဖြစ် သည်။

                တရုတ်နှင့် အိန္ဒိယတို့က ဒေသတွင်း အဓိကစီးပွားရေး ပလေယာများအဖြစ် နိုးထလာခြင်းနှင့်အတူ အာဆီယံ နိုင်ငံများ၏ ပိုမိုကြီးမားသော ဒေသတွင်းချိတ်ဆက်မှုများ လုပ်ဆောင်ရန် ဆန္ဒရှိမှုများကြောင့် အရှေ့အာရှနိုင်ငံများကြား နိုင်ငံတကာနှင့် ဆက်ဆံရေးကို ပြန်လည်ပုံဖော်လျက် ရှိနေသည်။

                မြန်မာနိုင်ငံ၏ စီးပွားရေးအရ အလားအလာကောင်းများကို မည်သူကမျှ သံသယမရှိကြပေ။ အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် သမိုင်းကြောင်းအရလည်းကောင်း၊ ပထဝီအနေအထားအရ လည်းကောင်း အရေးပါမှုများရှိနေခြင်းကြောင့် ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံက တံခါးဖွင့်ပေးလာမှုမှာ နှေးကွေးလျက် ရှိခြင်းကြောင့် အခြေခံအကျဆုံး မေးခွန်းမှာ ကျန်ရှိနေပါသေးသည်။ မြန်မာနိုင်ငံသည် ကြွယ်ဝနိုင် သေးသလော။ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးနှင့် အဆက်မပြတ်ဖြစ်ပေါ် တိုးတက်ရေးတို့ပါဝင်သော စီးပွားရေးဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည် ဖော်ရန်နှင့် ၎င်း၏ အလားအလာကို သဘောပေါက်သလော ဟူ၍ဖြစ်သည်။

                ထိုအချက်မှာ ခက်ခဲသည်ဟု ထင်ရသော်လည်း မဖြစ်နိုင်ဟူ၍ မဟုတ်ပေ။ အာရှ၏ ထွက်ပေါ်လာမှုတွင် ဖွဲ့ဖြိုး တိုးတက်မှု အတွေ့အကြုံအရ အိန္ဒိယ၊ တရုတ်၊ တောက်ကိုးရီးယားနှင့် အင်ဒိုနီးရှားတို့တွင် အောင်မြင်သော ဖြစ်ရပ်များ ရှိသည်။ အာရှ၏ ဖြစ်တည်လာမှုတွင် အားလုံးသည် ပန်းခင်း လမ်းကို လျှောက်ရသည် မဟုတ်ပဲ၊ အချို့သည် ပြည်တွင်းစစ်များ၊ တိုင်းရင်းသားများနှင့် သဘောမတူမှုများ၊ စီးပွားရေးကျရှုံးမှုများနှင့် အဆက်မပြတ် မလုပ်နိုင်ခဲ့သော စီးပွားရေး မူဝါဒများ စသည့်လမ်းကြောင်းပေါ်တွင် လျှောက်ခဲ့ရသည်။

                ထိုနေရာတွင် အရေးကြီးဆုံးသောအချက်မှာ အာရှနိုင်ငံများသည် တချိန်မဟုတ်တချိန်တွင် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှု၌ မည်သည့်နေရာ ရောက်နေပြီဆိုသည်ကို ပြန်လည်ဆန်းစစ်၍ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် စီးပွားရေး ဝန်းကျင်အပေါ် မည်သို့ အခွင့်အရေးယူရမည်ကို စစ်ဆေး ကြခြင်းပင် ဖြစ်သည်။ ထိုသို့ စစ်ဆေးပြီး အမျိုးမျိုးသော ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာနှင့် ပေါင်း၍ ယနေ့ ကမ္ဘာပေါ်တွင် အမြန်ဆုံး တိုးတက်လျက်ရှိသော ဒေသဖြစ်သော အာရှဟု ယနေ့ ရပ်တည်နေခြင်း ဖြစ်သည်။

                အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုများမှာ မြန်မာနိုင်ငံ၏ တစ်ဖက်ကမ်းတွင် ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် လစ်လျူရှုထား၍ မရနိုင်သော အခြေအနေတွင် ရှိနေသည်။ စစ်အေးတိုက်ပွဲကာလအပြီး 1997 အာရှ ဘဏ္ဍာရေးအကျပ်အတည်းနှင့် 2008 ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းတို့သည် ကမ္ဘာကြီးကို ပြောင်းလဲသွားစေပြီး၊ စီးပွားရေး အဆက်မပြတ် တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ လုပ်ရမည်ဆိုသည့် အတွေ့အကြုံကို ရစေခဲ့သည်။

                ယနေ့ မြန်မာနိုင်ငံအတွက် အဓိက အရေးကိစ္စများမှာ အဆိုပါ ပြောင်းလဲမှုများမှ အကျိုးရှိအောင် မည်သို့ အသုံးချရမည် ဆိုသည်ကို နားလည်ရန်နှင့် မူဝါဒပြောင်းနေသော ပတ်ဝန်းကျင်မှ အခွင့်အရေး ရယူရန်ဖြစ်သည်။ တစ်ချိန်တည်းတွင် အာရှ၏ စီးပွားရေးနှင့် စည်းမျဉ်းများ ပြုပြင် ပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်ရန် ကြိုးစားရမည်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများတွင် ရေရှည်ကြီးပွားချမ်းသာရေးအတွက် ပြုလုပ်သော ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ချက်များအတွေ့အကြုံများကို ကြည့်ရန် လိုအပ်သည်။

                မြန်မာအစိုးရသစ်သည် စီးပွားရေးတိုးတက်မှုအတွက် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ လုပ်ဆောင်ရန် လက္ခဏာများ ရှိနေသည်။ ပြီးခဲ့သည့် လများအတွင်း ပညာရှင်များနှင့် အစိုးရဌာနများကြား အကြံဥာဏ်ရယူ ဆွေးနွေးမှုများ ရှိခဲ့ရာ၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး များနှင့် ပတ်သက်သော ဆွေးနွေးမှုများမှ စတင်ခဲ့သည်ကို တွေ့ရသည်။

                အစိုးရသည် နိုင်ငံတကာငွေကြေးအဖွဲ့များ၊ အလှူရှင်အသိုင်းအဝိုင်းများနှင့် ပုံမှန်ဆက်ဆံရေးရှိရန်၊ စီးပွားရေးအရ အရေးယူမှုများ ရုတ်သိမ်းရန် လိုလားကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။ စစ်တပ်ထိန်းချုပ်မှုကို လျှော့ချခြင်း၊ အိမ်နီးချင်းနိုင်ငံများထံမှ လေ့လာခြင်း၊ အာဆီယံစုဖွဲ့မှုနှင့် အတူ ရှေ့ဆက်လျှောက်ခြင်းတို့သည် မြန်မာနိုင်ငံတွင် တည်ဆောက်ပုံ ပြုပြင်ပြောင်းလဲခြင်းအတွက် များစွာပံ့ပိုးမည့်အချက်များဖြစ်သည်။

                ယခုအချိန်သည် မြန်မာနိုင်ငံကို သံသယအကျိုးခံစားခွင့် ပေးသင့်သည့် အချိန်ဖြစ်သည်။ အိန္ဒိယသည် ဟိန္ဒူများကြီးထွားလာမှုကို ရပ်ပစ် နိုင်သည် (သို့မဟုတ်) တရုတ်က ကြွက်ဖမ်းသောကြောင်၏ အရောင်အသွေးအတွက် စိုးရိမ်မှုကို သဘောကျသည်ဟု မည်သူထင်မည်နည်း။ သို့သော် ၎င်းတို့ လုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ ကလည်း လုပ်နိုင်သည်မှာ အသေအချာပင် ဖြစ်ချေသည်။

**********************************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment