yangonchronicle 2011 |
၁၇.၉.၂၀၁၁
ပြည်တွင်းသတင်းများ
- သမ္မတအကြံပေး ဦးမြင့်မှ ကချင်ခေါင်းဆောင်၏ မြစ်ဆုံစီမံကိန်းနှင့်ဆက်စပ်သည့် ရေးသားချက်အား ထောက်ခံ
- သမ္မတ၏ လယ် ၁၀ ဧက ပိုးကျပျက်စီး
- ဆီဆိုင်အချို့ ဆီပြတ်တောက်မှု ဖြစ်ပေါ်
- NGO အဖွဲ့အစည်းများ စည်းကမ်းကျင့်ဝတ် လိုက်နာရမည်
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- အမေရိကန်အစိုးရနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးမည်
- ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် နိုင်ငံခြား သတင်းဌာနတချို့ ထပ်မံ သတင်းယူခွင့်ရ
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
ဆောင်းပါးကဏ္ဍ
- သံမဏိအုပ်ချုပ်ရေးစနစ်ကို စတင်ဖြေလျှော့နေသည့် မြန်မာအစိုးရသစ်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ပြည်တွင်းသတင်းများ
သမ္မတအကြံပေး ဦးမြင့်မှ ကချင်ခေါင်းဆောင်၏ မြစ်ဆုံစီမံကိန်းနှင့်ဆက်စပ်သည့် ရေးသားချက်အား ထောက်ခံ
သမ္မတ၏ စီးပွားရေးအကြံပေးပညာရှင် ဦးမြင့်သည် ဧရာဝတီမြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ကချင်ခေါင်းဆောင် ဒူဝါဇော်ဂမ်၏ ရေးသားချက်များအား ထောက်ခံပါကြောင်း စက်တင်ဘာ ၁၆ ရက်နေ့က အီမေလ်းတစ်စောင် ဖြန့်ဝေခဲ့သည်။
အဆိုပါ အီမေလ်းတွင် ဧရာဝတီမြစ်ဆုံစီမံကိန်း တည်ဆောက်ခြင်းသည် တရုတ်နိုင်ငံအနေဖြင့် ရေအားလျှပ်စစ်ရဖို့၊ မြန်မာပြည်ကို ကြိုးကိုင်ဖို့၊ လုံခြုံရေး ထိမ်းချုပ်ဖို့ ရေကာတာကို ဗုံးတစ်လုံးထောင်ထားသလို လုပ်ထားခြင်း ဖြစ်ကြောင်း ဒူဝါဇော်ဂမ်အမြင်နှင့် ပြောဆိုချက်များ ပါဝင်သည်။
ဧရာဝတီမြစ်ဆုံစီမံကိန်းအား ဆက်လက်လုပ်ကိုင်ရန် သင့်၊ မသင့်ကို လာအိုနိုင်ငံနှင့် ကမ်ဘောဒီးယားနိုင်ငံတွင် ရုံးစိုက်သော Maekoung River Commision သို့ တင်ပြရန်လိုကြောင်း ဦးမြင့်၏ပေးစာတွင် ဖော်ပြထားသည်။
ရိုးရိုးရေကြီးပါက ပြေးနိုင်ကြောင်း၊ တာတမံကျိုးပါက ပြေးချိန်မရကြောင်း ဒူဝါဇော်ဂမ်၏ အကြံပြူချက်တွင် ဖော်ပြထားသည့်အပြင် ၁၉၈၇ ခုနှစ် နှင့်၂၀၀၄ ခုနှစ်တို့တွင် ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တာကျိုးမှုများကို ပြန်ပြောင်းပြောဆိုထားသည်။
လက်ရှိဆောင်ရွက်ရန် ပြင်ဆင်နေသော မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှုကြောင့် ဖြစ်လာနိုင်သည်များကို မြန်မာ၊ တရုတ် နှစ်နိုင်ငံ ခေါင်းဆောင်များအနေဖြင့် ပြန်လည်စဉ်းစားစေလိုကြောင်း ဒူဝါဇော်ဂမ်က ဆက်လက်အကြံပြုထားသည်။
ဧရာဝတီမြစ်ဆုံ စီမံကိန်းလုပ်ဆောင်ရန် ၂၀၀၆ ခုနှစ်က တရုတ်ရေအားလျှပ်စစ်ကုမ္မဏီဖြစ်သည့် (CPI)နှင့် တပ်မတော်အစိုးရတို့ကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၀၉ ခုနှစ်တွင် စီမံကိန်းကို စတင်လုပ်ဆောင်ခဲ့သည်။
ယင်းစီမံကိန်းအား ရှစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက စက်တင်ဘာ ၁၁ ရက်နေ့တွင် သတင်းမီဒီယာများအား ကြေညာခဲ့သည်။
ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီမြစ်နှင့်ဆက်စပ်လုပ်ကိုင် အသက်မွေးနေရသည့် ပြည်သူလူထုနှင့် မြစ်ဆုံဆည်များ အနီးတွင် နေထိုင်သော ပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ်ထိခိုက်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ထောက်ပြ သတိပေးထားသည်။
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ထိန်းသိမ်းရေးလုပ်ငန်းများအား ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာန လေးခုနှင့် ပြည်သူ့ လွှတ်တော်မှ ကော်မီတီလေးရပ်တို့ ပူးပေါင်းဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တိုက်တွန်းပြောကြားထားကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်အရသိရသည်။
YC(KS)
-----------------------------------------------------------------------------------------------------------------------------------
သမ္မတ၏ လယ် ၁၀ ဧက ပိုးကျပျက်စီး
မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်စိုက်ပျိုးထားသောလယ် ၁၀ ဧကသည် နောက်ချေး(နွားချေး) အထည့်များသွားသဖြင့် ပိုးကျပျက်စီး သွားကြောင်း နေပြည်တော်စိုက်ပျိုးရေးရုံး မှသိရှိရသည်။
နေပြည်တော် ပုဗ္ဒသိရိမြို့နယ်ရှိ သမ္မတဦသိန်းစိန် စိုက်ပျိုးသည် လယ်ဧက ၁ ဧကကို နောက်ချေး (၄)အိပ် ကျွေးရမည့်အချိုးကို (၁၀)အိပ်အထိ ကျွေးမိသဖြင့် လယ် ၁၀ ဧကစလုံး ဖျက်ပိုးများကျရောက်ကာ ပျက်စီးသွားကြောင်း စိုက်ကွင်းမန်နေဂျာတစ်ဦးက ပြောကြားသည်။
သမ္မတဦးသိန်းစိန်၏ လမ်းညွန်ချက်အရဆိုပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်ဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပုဗ္ဒသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာတွင် စက်မှုလက်ယာစနစ်ရှေ့ပြေးဇုန် ဧက ၅၀၀ ကို အစိုးရသစ် စတင်ဖွဲ့စည်းစဉ်မှစပြီး ငါးလတာအတွင်း မြေပြင်ခြင်း၊ ကုန်ထုတ်လမ်းများဖောက်ခြင်း၊ ရေသွင်းရေထုတ် ဆည်ရေသောက်စနစ်များ တည်ထောင်ထားသည့်ကို အမျိုးသားလွတ်တော် ကိုယ်စားလှယ် ၇၉ဦးကို ယခုလ၄ ရက်နေ့က ခေါ်ယူပြသပြီး တပတ်ခန့်အတွင်း ယခုသမ္မတ လယ်ပိုးကျသည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
မိဖြူ
-----------------------------------------------------------------------------------------------------------------------------------
ဆီဆိုင်အချို့ ဆီပြတ်တောက်မှု ဖြစ်ပေါ်
ရန်ကုန်တိုင်းဒေသကြီးရှိ ပုဂ္ဂလိက ဆီဆိုင်အချို့တွင် ဆီသယ်ယာဉ် မရောက်ရှိသည့်အတွက် စက်သုံးဆီ ပြတ်တောက်မှု ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
ထိုသို့ ပုဂ္ဂလိကဆီဆိုင်များတွင် ဆီပြတ်တောက်မှု ဖြစ်ပေါ်နေသည့်အတွက် ဆီဆိုင်များတွင် ဓာတ်ဆီရောင်း ချပေးနိုင်ခြင်းမရှိဘဲ ယာဉ်ပိုင်ရှင်များမှာ အခက်အခဲနှင့် တွေ့ကြုံရလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့ဆီဆိုင်များသည် ဓာတ်ဆီရှိသည့်အချိန်တွင်သာ ရောင်းချေပေးလေ့ရှိပြီး ဓာတ်ဆီကုန်သွားပါက အခြား မည်သည့်ဆီကိုမှ ရောင်းချခြင်းမရှိတော့ဘဲ ဆိုင်ပိတ်သွားသည့်အတွက် အခြားဒီဇယ်နှင့် အောက်တိန်း ဆီဝယ်ယူလိုသည့် ယာဉ်ပိုင်ရှင်များမှာ အခက်အခဲနှင့် ကြုံတွေ့ရကြောင်း သိရသည်။
၂၀၁၁ ခုနှစ် သြဂုတ်လအတွင်းမှ စတင်၍ ပုဂ္ဂလိကစက်သုံးဆီဆိုင်အချို့တွင် ဆီရောင်းချသည့် နေ့လည်ခင်းမှ စတင်၍ ယနေ့ဓာတ်ဆီခွဲတမ်း ကုန်ပြီ၊ ဓာတ်ဆီရောင်းလို့ကုန်ပြီ ဆိုသည့် စာတန်းများကို ချိတ်ဆွဲထားလေ့ရှိကြောင်း သိရသည်။
ထို့ပြင် ပုဂ္ဂလိကစက်သုံးဆီဆိုင်အချို့တွင် အကျင့်ပျက် ဝန်ထမ်းများကြောင့် ဓာတ်ဆီကုန်သကဲ့သို့ တစ်နေ့လျှင် နှစ်ခေါက်၊ သုံးခေါက် ဓာတ်ဆီ ပိုမိုထုတ်ယူသည့် ယာဉ်ပိုင်ရှင်များကြောင့်လည်း ဓာတ်ဆီပိုမို ကုန်သွားလေ့ရှိကြောင်း သိရသည်။
အချို့ ပုဂ္ဂလိကဆီဆိုင်များတွင်အမှန်တကယ် ဆီအသုံးပြုမည့် သူများကို အချိန်အကန့်အသတ်ဖြင့်သာ ထုတ်ယူခွင့် ပေးထားပြီး ဆီမှောင်ခို ထုတ်ယူသည့် ပုဂ္ဂိုလ်များအား အချိန်ကန့်သတ်ချက်မရှိ ဆီထုတ်ယူခွင့် ပေးထားကြောင်း သိရသည်။
၂၀၁၀ ခုနှစ် ဇွန်လမှ စတင်၍ စက်သုံးဆီရောင်းချခွင့်ကို ပုဂ္ဂလိကပိုင်အဖြစ်သို့ လွှဲပြောင်းပေးခဲ့ပြီးနောက်ပိုင်း လွတ်လပ်စွာ ဝယ်ယူခွင့် ပြုထားရာမှ မသမာမှုအချို့ ဖြစ်ပေါ်လာသည့်အတွက် စက်သုံးဆီရောင်းချခွင့် စည်းကမ်းချက်မျိုးစုံကို ထုတ်ပြန်ခဲ့ပြီး တစ်နေ့လျှင် ကားတစ်စီးကို ဓာတ်ဆီ ခြောက်ဂါလန်မှ လေးဂါလန်အထိသာ ရောင်းချခွင့် ပြုထားကြောင်း သိရသည်။
Ref: မော်ဒန်
-----------------------------------------------------------------------------------------------------------------------------------
NGO အဖွဲ့အစည်းများ စည်းကမ်းကျင့်ဝတ် လိုက်နာရမည်
မြန်မာနိုင်ငံအတွင်းရှိ အစိုးရမပာုတ်သော ပြည်တွင်း NGO အဖွဲ့အစည်းများနှင့် ပြည်ပ NGO အဖွဲ့အစည်းများအနေနှင့် ပြည်သူလူထု၏ ဘေးဒုက္ခဆိုင်ရာ ကိစ္စရပ်များကို ကူညီကယ်တင်ဆောင်ရွက်ရာတွင် အခြေခံကျင့်ဝတ် စည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း ပြည်တွင်းရှိ NGO အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
NGO အဖွဲ့အစည်းများအနေနှင့် သက်ဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ရာတွင် အဓိကအနေဖြင့် လိုက်နာရမည့် အခြေခံကျင့်ဝတ် စည်းကမ်း များမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စကို မရှိမဖြစ် ဦးစားပေးကိစ္စအဖြစ် ဆောင်ရွက်ရန်၊ အကူအညီပေးရာတွင် လူမျိုး၊ ဘာသာ၊ သာသနာနှင့် နိုင်ငံသားမရွေး အကူအညီပေးရန်နှင့် ၎င်းတို့ကို ထိခိုက်စေမည့် မည်သည့်ခွဲခြားမှု တစ်စုံတစ်ရာကိုမျှ မပြုလုပ်ရန်၊ အကူအညီ ပေးသင့်သူများကို ရွေးချယ်ရာတွင် လိုအပ်ချက် တစ်ခုတည်းပေါ်တွင်သာ မူတည်ပြီး ရွေးချယ်ရန်၊ နိုင်ငံရေး သို့မပာုတ် ဘသာရေး ရှုထောင့်တစ်ခုခုကို ပိုမို ခိုင်မာစေရန်အတွက် ကယ်ဆယ်ရေး အကူအညီများကို အသုံးမချရန်၊ အစိုးရတစ်ရပ်ရပ်၏ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည် ဖော်ပေးမည့် သူများအဖြစ် အသုံးချ မခံရစေရန် သတိထားရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သည့်အလျောက် နိုင်ငံအတွင်း ပြည်တွင်း၊ ပြည်ပ NGO များအနေနှင့် နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို လေးစားလိုက်နာရန်၊ ဒေသအတွင်းရှိ စွမ်းဆောင်ရည်ပေါ်မူတည်၍ ဘေးဒုက္ခတုံ့ပြန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ ကယ်ဆယ်ရေးအကူအညီများကို စီမံခန့်ခွဲရာတွင် အကျိုးခံစားခွင့်ရှိသူများ ပါဝင်နိုင်စေရန်၊ နည်းလမ်းများ ရှာကြံဆောင်ရွက်ရန်၊ ကယ်ဆယ်ရေး အကူအညီသည် နိုင်ငံအတွင်းရှိ ဘေးဒုက္ခသည်များ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံမျှမက အနာဂါတ်ဘေးဒုက္ခများတွင် ခံစားရမှု လျော့နည်း သက်သာစေရမည်ဖြစ်ကြောင်း ပြည်တွင်း NGO တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်းရှိ NGO များအနေနှင့် ဒေသတွင်း အမှန်တကယ်လိုအပ်သည့် အကူအညီများရရှိနိုင်စေရန် ဒေသခံများနှင့် တွေ့ဆုံညှိနှိုင်းခြင်းများကို ပြုလုပ်၍ အကူအညီပေးခြင်းကိစ္စရပ်များကို ဆောင်ရွက်သွားသင့်ကြောင်း ပြည်တွင်း NGO တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Ref:News Watch
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
အမေရိကန်အစိုးရနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးမည်
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်သည် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ ရောက်ရှိစဉ်အတွင်း အမေရိကန်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည်ဟု အမေရိကန်အစိုးရ အကြီးတန်း တာဝန်ရှိသူများ၏ ပြောကြားချက်အား AFP သတင်းတွင် ဖော်ပြထား သည်။
အမေရိကန်အစိုးရက မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးရာ၌ မြန်မာအစိုးရသစ် လက်ထက်တွင် ဖြစ်ပေါ်လျက်ရှိသော အပြောင်းအလဲများကို စူးစမ်းလေ့လာသည့်အနေဖြင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း အမေရိကန် အကြီးတန်း တာဝန်ရှိသူများက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးအခြေအနေများမှာ မည်မျှခိုင်မာအားကောင်းသည်ဆိုသည်နှင့် အမေရိကန်-မြန်မာဆက်ဆံရေး တိုးတက်ရေး ကောင်းမွန်စေရန် ကြာရှည်ခံခြင်း ရှိ၊ မရှိကို သိရှိရန်အတွက် အလေးအနက် တွေ့ဆုံဆွေးနွေးသွားရန် အမေရိကန်အစိုးရက စီစဉ်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်အတူ ဆန်ဖရန်စစ္စကိုမြို့သို့ ရောက်ရှိနေသည့် အမေရိကန်အစိုးရ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။
Ref: The Voice Weekly
-----------------------------------------------------------------------------------------------------------------------------------
ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် နိုင်ငံခြား သတင်းဌာနတချို့ ထပ်မံ သတင်းယူခွင့်ရ
ကျင်းပနေဆဲ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့ ကျင်းပနေမှုကို ဂျပန်နိုင်ငံမှ KYODO ၊ YOMIURI နှင့် MAINICHI သတင်းဌာနတို့မှ လာရောက်သတင်း ယူလျက် ရှိကြောင်း သတင်းရရှိသည်။
ဂျပန်နိုင်ငံမှ KYODO သတင်းဌာနတွင် မြန်မာဌာနေ သတင်းထောက် ကိုမြတ်သူရနှင့် ဂျပန်နိုင်ငံသားတစ်ဦးတို့ ပါဝင်ပြီး YOM-IURI သတင်းဌာန တွင် မြန်မာဌာနေ ဦးကိုကိုနှင့် ဂျပန်နိုင်ငံသားဦးတို့ ပါဝင်ကာ MAINICHI သတင်းဌာနအနေဖြင့် မြန်မာဌာနေ သတင်းထောက် ဒေါ်နွယ်နွယ်အေးနှင့် ဂျပန်နိုင်ငံသားတစ်ဦးတို့ လာရောက် သတင်းယူလျက် ရှိကြောင်း သိရသည်။
သြဂုတ်လ ၃၁ ရက်နေ့မှစတင်ကာ ပုံမှန်သတင်းများ ရယူနေသည့် ပြည်ပရုပ်သံလိုင်းမှာ တရုတ်နိုင်ငံမှ CCTV ရုပ်သံဖြစ်ပြီး စက်တင်ဘာ (၁)ရက် နေ့တွင် FUJI ရုပ်သံအဖွဲ့ကလည်း လွှတ်တော်သတင်းများ ရယူခဲ့သည်ဟု သိရသည်။
၎င်းအပြင် စက်တင်ဘာလ (၉)ရက်နေ့ကလည်း ပြည်သူ့လွှတ်တော် ကျင်းပနေမှုများကို ဂျပန်နိုင်ငံမှ အဆာဟိ ရှင်ဘွန်းသတင်းစာမှ မြန်မာ သတင်းထောက် တစ်ဦးနှင့် ဂျပန်နိုင်ငံမှ ဓာတ်ပုံသတင်းထောက်တစ်ဦးတို့ သတင်းရ ယူခဲ့ကြောင်း သိရသည်။
Ref: Weekly Eleven
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
“ထုတ်ပြန်ထားချက်အရဆိုရင် နိုင်ငံခြားငွေတရားဝင် ရရှိပြီးဘဏ်တွေမှာ စုဆောင်းထားတာရှိတဲ့သူ ဘယ်သူမဆိုကို ပါပစ် ပေးသွားမယ်လို့ ပါရှိတယ်။ နိုင်ငံခြားငွေ မရှိသေးတဲ့သူတွေကတော့ အနာဂတ်မှာ နောက်တစ်ဆင့်အနေနဲ့ ပေးမယ့် သဘောလည်း ပါရှိတယ်။ အခု အကန့်အသတ်လေး ရှိတယ် ဆိုပေမယ့်လည်း တစ်ဆင့်ချင်း ပြောင်းလဲသွားမှာဖြစ်လို့ အစိုးရသစ်ရဲ့ အခုထုတ်ပြန်ချက်အပေါ်မှာ ဝမ်းသာကြိုဆိုပါတယ်။ လွယ်လွယ်နဲ့ လုပ်မပေးပါဘူးလို့ ထင်ထားတဲ့အရာတစ်ခုကို လုပ်ပေးခဲ့တာမြင်ရလို့ နောက်ပိုင်းမှာလည်း အများပြည်သူ မျှော်လင့်နေတဲ့ အပြောင်းအလဲတွေအထိ သွားမယ်ဆိုတာကိုပါ ယုံကြည်စိတ် ဖြစ်လာတယ်လို့ပြောရမှာပါ။ ကြိုဆိုပါတယ်။ ကားတင်သွင်းခွင့် ပိတ်ထားလို့ အများပြည်သူ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်တာတွေ ခံစားနေရတာတွေပါ လျော့ကျသွားမှာဖြစ်လို့ဝမ်းသာစရာပါ။ မီဒီယာတွေကလည်း တင်ပြမှုတချို့ ရှိခဲ့ကြတယ်။ ဆိုလိုတာက မီဒီယာတွေရဲ့ ဖော်ပြချက် ကျွန်တော်တို့ လုပ်ငန်းရှင်တွေရဲ့ တင်ပြချက်တွေကို အလေးထားပေးတာ တွေ့ရလို့ နောက်ဆိုရင် ဘာအခက်ခဲပဲရှိရှိ တင်ပြရဲလာကြတော့မှာဖြစ်လို့ အစိုးရသစ်နဲ့ ပြည်သူဆက်ဆံရေးက ပိုပြီးတန်ဖိုးရှိလာတယ်လို့မြင်ပါတယ်။ အရင်ကလို ချင့်ချိန်ပြီး တင်ပြနေရတာမျိုးတွေ မရှိလို့ပိုပြီး တင်ပြနေရတာမျိုး မရှိလို့ပိုပြီး မြင်သာလာမယ်လို့ ထင်ပါတယ်”
စက်တင်ဘာ ၁၄ ထုတ် Weekly ELEVEN အတွဲ (၆) အမှတ် (၅၀) တွင်ပါသည့် “ပြည်ပမှ ကားတင်သွင်းခွင့်များ ပေးတော့မည် နိုင်ငံခြား ကုမ္ပဏီများကိုလည်း ကားအရောင်းပြခန်း လာရောက်ဖွင့်လှစ်ခွင့်ပြုမည်” သတင်းမှ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်ကြိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
ဤသည်မှာ ကမ္ဘာတစ်ဝန်း ဖြတ်သန်းစီးဆင်းလာသော ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီအလျဉ်သည် မြန်မာ့ဒီမိုကရေစီမုခ်ဦး ဖြစ်သော ပြည်ထောင်စု လွှတ်တော်သို့တိုင် တိုးဝှေ့ဝင်စီးဆင်းပေတော့မည်။ နိုင်ငံတော်၏ နိုင်ငံရေးမူ (၄)ချက်တွင်လည်း ဒီမိုကရေစီစနစ် ခိုင်မာရှင်သန်အောင် တည်ဆောက်ရေး ဟူ၍ ပြဆိုထားရာ ၈၈ ပြည်သူများ တောင်းဆိုခဲ့သော စစ်မှန်သော ဒီမိုကရေစီလူ့ဘောင်သို့ ရောက်ရှိရေးကို နိုင်ငံတော်အဆင့်ကပါ ပြည်သူ့ဆန္ဒ ပဓာနဖြစ်ကြောင်းကို ပြသထားခြင်း ဖြစ်သည်ဟု ယူဆနိုင်ပါသည်။
စက်တင်ဘာ ၁၅ ထုတ် ရန်က်ုတိုင်းမ် အတွဲ (၇)၊ အမှတ် (၃၅) တွင်ပါသည့် ဆောင်းပါးရှင် ခင်မောင်ဆွေ (NDF) ၏ “မြန်မာ့ ဒီမိုကရေစီမုခ်ဦးကို ဖြတ်သန်း ၍” ဆောင်းပါး ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
အခု နိုင်ငံတကာသတင်းတွေမှာ ဆက်တိုက်တွေ့မြင်နေရတဲ့ ဆန္ဒပြပွဲတွေဟာ နိုင်ငံရေးပေါက်ကွဲတွေ မဟုတ်ပါဘူး။ စီးပွားရေး အကျပ်အတည်း ကျော်လွှားနိုင်ဖို့ အစိုးရများက အပြောင်းအလဲများ လုပ်တာမှ ပြည်သူအများစု ယုံကြည်မှုများ ကုန်ဆုံးကာ လမ်းပေါ်ထွက် ဆန္ဒပြခြင်းဖြစ်တယ်။ ဒါကြောင့် စီးပွားရေးပညာရှင်များက အကြံပြုတာမှာ လူသားဆန်သော ပြောင်းလဲမှုများကိုလုပ်ကြပါ (adjustment with human factor) ဟု တိုက်တွန်း ပြောကြတယ်။ ဒါက မြန်မာနိုင်ငံရဲ့ ကနေ့အခြေအနေအတွက် မုချစဉ်းစားရမဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ ဆိုလိုတာက အပြောင်းအလဲများကိုပြုလုပ်ရာမှာ လူထုကို အခြေခံထားပါ။ အခြေခံနှင့် ဖယ်ကြဉ်ခံလူတန်းစားများကို ဦးစားပေးပါ။ လူထုယုံကြည်မှုကို တည်ဆောက်ပါလို့ ပြောချင်ပါတယ်။ ကနေ့အချိန်မှာ လူထုယုံကြည်မှုကို တည်ဆောက်နိုင်မယ့်လူသားဆန်တဲ့ နိုင်ငံသားများအားလုံးကို ရင်ကြားစေ့နိုင်မယ့်၊ နတ်လူသာဓုခေါ်မယ့် နိုင်ငံတော်ရဲ့ စေတနာကို လုပ်ရပ်နဲ့ တစ်ထပ်တည်းသက်သေပြနိုင်မယ့် ဆောင်ရွက်ချက်ဟာ နိုင်ငံရေးအကျဉ်းသားများ၊ ပြည်ပရောက်မြန်မာများ၊ တိုင်းရင်သားအရေး လှုပ်ရှားသူများ အားလုံးကို အကျုံးဝင်မယ့် အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်ဥပဒေကို ထုတ်ပြန်ကြေညာပေးရင် အထူးပင် သင့်တော်ပါတယ်”
စက်တင်ဘာ ၁၅ ထုတ် ရန်က်ုတိုင်းမ် အတွဲ (၇)၊ အမှတ် (၃၅) တွင်ပါသည့် “အစိုးရသစ်နှင့် လွတ်ငြိမ်းချမ်းသာခွင့်” သတင်းဆောင်းပါးမှ ပြည်ပရောက်ပညာရှင်ဒေါက်တာဇော်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“ဘယ်ကိစ္စမဆို ကောင်းတယ်ဆိုးတယ်ဆိုတာ ရှိတာပဲ။ ပြန်ကိုင်ပြောရရင် National environmental policy နဲ့ ပြောရမယ်ထင်တယ်။ အဲ့ဒီမူဝါဒမှာ ပြောထားတာက သဘာဝအရင်းအမြစ် သယံဇာတတွေကို ထုတ်ယူသုံးစွဲတဲ့အခါမှာ ပျက်စီးဆုံးရှုံးမှု အနည်းဆုံးနဲ့ လက်ရှိလူတွေ အကျိုးရှိအောင်၊ နောင်လာ နောင်သားတွေလဲ အကျိုးရှိအောင် ထိန်းထိန်း သိမ်းသိမ်း အသုံးပြုစီမံခန့်ခွဲရမယ်လို့ ပြောထားတယ်။ ဒီမူဝါဒကိုပဲ ပြန်ပြီးကိုးကားရမှာပဲ”
စက်တင်ဘာ ၁၅ ထုတ် ရန်က်ုတိုင်းမ် အတွဲ (၇)၊ အမှတ် (၃၅) တွင်ပါသည့် “မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆက်လက် ဆောင်ရွက်သွား မည်ဟု အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပြောကြား” သတင်းမှ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်သူ ဦးဝင်မျိုးသူ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ဆောင်းပါးကဏ္ဍ
သံမဏိအုပ်ချုပ်ရေးစနစ်ကို စတင်ဖြေလျှော့နေသည့် မြန်မာအစိုးရသစ်
(IPS သတင်းဌာနမှ သတင်းဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)
မြန်မာနိုင်ငံအပေါ် ဆယ်စုနှစ်ပေါင်းများစွာ တင်းတင်းကြပ်ကြပ်အုပ်စိုးခဲ့သူ စစ်အစိုးရ၏ သံမဏိအုပ်ချုပ်ရေး စနစ်ဆိုးကြီးကို လက်ရှိ စစ်တပ် ကျောထောက်နောက်ခံ အရပ်သားအစိုးရသစ်က တဖြည်းဖြည်းချင်းဖြေလျှော့ပေးနေချိန်တွင် လွန်စွာစိတ်ဝင်စားစရာကောင်းသော မေးခွန်းကြီးတစ်ခု ထွက်ပေါ်လာသည်။ "ပြောင်းလဲမှုက ဘယ်လောက် အတိုင်းအတာထိ စစ်မှန်မှုရှိပါသလဲ" ဟူ၍ဖြစ်၏။
လက်ရှိမြန်မာအစိုးရကလုပ်ဆောင်နေသော အပြောင်းအလဲများအား အရှေ့တောင်အာရှ၏ အထင်ကရ နိုင်ငံရေး အတိုက်အခံ ပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည်ပင် လက်ခံယုံကြည်ထားသည့်သဘောမျိုးတွေ့ရသည်။ "အတိတ်ဆီက အခြေအနေဆိုတာ အတိတ်ပါပဲ၊ ပစ္စုပန် အခြေအနေက ပစ္စုပန်ပါပဲ။ ကျွန်မတို့ဆီမှာ တိုးတက်ဖြစ်ထွန်းမှုအချို့ ပေါ်ထွက်လာပါပြီ" ဟု အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်သည့် နိုဗယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၁၂ ရက်နေ့ အမေရိကန်အထူးသံတမန် မစ္စတာ ဒဲရစ်မစ်ချယ်လ်နှင့်တွေ့ဆုံရာတွင်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၅၀ နီးပါး စစ်တပ်၏တင်းကြပ်စွာဖိနှိပ်ချုပ်ခြယ်ခံခဲ့ရသော ကာလနှင့် လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်ကာလ နှစ်ခုအကြား စည်းသတ်မှတ်ပိုင်းခြားလိုလျက်ရှိသည်။ ထိုနေ့က မစ္စတာ ဒဲရစ်မစ်ချယ်လ်နှင့် တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ယခုလို ထပ်မံပြောဆို ခဲ့သေးသည်။ "မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေတွေကို သူတို့ (အမေရိကန် ကိုယ်စားလှယ်အဖွဲ့)က စိတ်ဝင်စားကြပါတယ်။ အဲဒါကြောင့် ကျွန်မတို့တွေ အမြင်ချင်းဖလှယ်နိုင်ခဲ့ပါတယ်"။
ဒေါ်အောင်ဆန်းစုကြည်သည် ၇ နှစ်ဆက်တိုက် နေအိမ်အကျယ်ချုပ်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၃ ရက် နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။ ၎င်းသည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် မြန်မာနိုင်ငံ၏ အထင်ကရ နိုင်ငံရေးသမားတစ်ဦး ဖြစ်သော ဦးမင်းကိုနိုင်၏ မိသားစုနှင့်လည်း အလားတူ တွေ့ဆုံဆွေးနွေးမှုများ ရန်ကုန်မြို့တွင်ပြုလုပ်နိုင်ခဲ့သည်။
"ဦးမင်းကိုနိုင်ရဲ့ မိသားစုဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့တာဟာ စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုတွေ ပေးဖို့ပဲ ဖြစ်ပါတယ်" ဟု မြန်မာ့နိုင်ငံရေး အကျဉ်းသားများအား အကူအညီ အထောက်အပံ့ပေးရေးအဖွဲ့(AAPP) မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောကြားသည်။ ယခုအခါ အသက် ၄၈ နှစ်ရှိပြီဖြစ်သည့် ဦးမင်းကိုနိုင်သည် ထောင်ဒဏ် ၆၅ နှစ်ချမှတ်ခံထားရသည်။ ၎င်းသည် မြန်မာအစိုးရကို ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကြီးမားသောပြစ်ဒဏ် ရရှိလိုက်သော နာမည်ကျော်နိုင်ငံရေးသမားကြီးတစ်ဦးလည်း ဖြစ်သည်။ AAPP အဖွဲ့အဆိုအရ မြန်မာနိုင်ငံရှိ အကျဉ်းထောင်ပေါင်း ၄၄ ခုနှစ် အလုပ်ကြမ်းစခန်းများတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူ နိုင်ငံရေးအကျဉ်းသား ၁၉၉၆ ဦးရှိသည်။
၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပိုက်လိုက်သည့် အချိန်မှစ၍ လူ့အခွင့်အရေးချိုးဖောက်မှု များစွာရှိခဲ့သော မြန်မာနိုင်ငံတွင် လက်ရှိ ဦးသိန်းစိန် အစိုးရလက်ထက်သို့ ရောက်ရှိလာချိန်တွင် နိုင်ငံရေးအရ လိုက်လျောမှု အနည်းငယ် ရှိလာသည်။ ယင်းမှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC) အား မြန်မာနိုင်ငံရှိ အကျဉ်းထောင်သုံးခုသို့ သွားရောက် ကြည့်ရှုခွင့်ပြုခဲ့ခြင်းပင် ဖြစ်သည်။ ICRC အနေဖြင့် အကျဉ်းထောင်များသို့ သွားရောက်ကြည့်ရှုရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အကျဉ်းသားများ ရေကောင်းရေသန့်ရရှိရေးနှင့် ထောင်များအတွင်း ရေဆိုးထုတ် စနစ်ကောင်းများ ရှိရေး အစရှိသည်တို့ပင် ဖြစ်သည်။ ICRC သည် နိုင်ငံရေးအကျဉ်းသားများ အခြေအနေကြည့်ရှုရန် တောင်းဆိုခဲ့သော်လည်း ခြောက်နှစ်ဆက်တိုက် ငြင်းပယ်မှုခံခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လတွင် အရပ်ဘက်ဝတ်စုံ ပြောင်းလဲဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်ကြီးများနှင့် သူမ ဦးဆောင်သော အမျိုးသားဒီမိုကရေစီပါတီနှင့်အတူ စစ်တပ်ဆန့်ကျင်ရေး အတိုက်အခံ အင်အားစုများကြားသို့ ရောက်ရှိကာ ဘေးကျပ်နံကျပ်အဖြစ်နှင့် ရင်ဆိုင်ခဲ့ရသည်ကို တွေ့ရသည်။
သြဂုတ်လ ၁၉ ရက်နေ့အရောက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်မြို့တော်သစ်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ခဲ့သည်။ နောက်တစ်နေ့တွင်မူ ဆင်းရဲမွဲတေမှုလျှော့ချရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ "အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာ လွတ်လပ်ပွင့်လင်းမှု တော်တော်လေး ရှိခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်လည်း အားတော်တော်တက်သွားပါတယ်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေကိုလည်း သူမက အထောက်အပံ့ပေးချင်နေပါတယ်" ဟု ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက IPS သတင်းဌာနသို့ပြောကြားသည်။ "အဲဒီအလုပ်ရုံဆွေးနွေးပွဲဟာ နိုင်ငံရေး အယူအဆ ကွဲပြားခြားနားမှုတွေ မပါဝင်ဘဲ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဘုံအကျိုးစီးပွားတစ်ခုအတွက် အပေးအယူမျှနိုင်တဲ့ နေရာတစ်ခုပါ" ဟု ၎င်းက ဆက်လက် ပြောကြားသည်။
သမ္မတဦးသိန်းစိန်သည်လည်း သဘာဝရင်းမြစ် လွန်စွာကြွယ်ဝချမ်းသာသော မြန်မာနိုင်ငံ၏ ပြဿနာကြီးတစ်ရပ်ဖြစ်သော ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို အရေးတယူပြုဆောင်ရွက်ခဲ့သောကြောင့် အများ၏ ချီးမွမ်းပြောဆို ခြင်းခံခဲ့ရသည်။ မြန်မာနိုင်ငံသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ရောင်းချမှုများမှ ဒေါ်လာ ၈ ဘီလီယံခန့် ရှာဖွေရရှိခဲ့သည်။ ယခင် စစ်ခေါင်းဆောင်ဟောင်း များသည် အဆိုပါ ဓာတ်ငွေ့ရောင်းချမှုများမှ အမြတ်အစွန်းမြောက်များစွာရယူသွားခဲ့ကြောင်း သတင်းပေးပို့ချက်များ အရသိရသည်။ ၎င်းတို့သည် ဓာတ်ငွေ့ရောင်းချငွေများကို အလွဲသုံးစားပြုကာ ဆင်းရဲနွမ်းပါးသူပြည်သူ သန်းပေါင်း ၁၉ သန်းခန့်(လူဦးရေ၏ ၃၃ ရာခိုင်နှုန်း) အား မသိကျိုးနွံ ပြုခဲ့ကြသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂက ထုတ်ပြန်သော စာရင်းသတ်မှတ်မှု၌ နိုင်ငံပေါင်း ၁၈၂ နိုင်ငံတွင် ၁၃၈ နေရာသို့ ရောက်ရှိနေသည်။
"အခုလို ဆင်းရဲမွဲတေမှုလျှော့ချရေးနဲ့ စီးပွားရေးဖွံ့ဖြိုးရေးကို အထူးဦးစားပေး လုပ်ဆောင်လာတာ တကယ့်ကို မကြုံစဖူးကိစ္စတစ်ခုပါ။ အစိုးရက သူရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပြဿနာတွေကို သိသွားပါပြီ။ ဆွေးနွေးမှုတွေကို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်လာတယ်။ ဝန်ကြီးတွေတောင် ဆွေးနွေးပွဲ တက်ရောက်လာတဲ့ အဖွဲ့ဝင်တွေရဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ခဲ့ကြရတယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ပြောကြားသည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင်ကျင်းပခဲ့သော အငြင်းပွားစရာ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက် ခံခဲ့ရသော အစိုးရအဖွဲ့ကို ဦးဆောင်သည့် သမ္မတ ဦးသိန်းစိန်လက်ထက် မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုလုပ်မည့် အရိပ်အယောင်များ ထွက်ပေါ်လာမှုအား နိုင်ငံတကာ အသိုင်းအဝိုင်းက ချီးမွမ်းပြောဆိုလျက်ရှိသည်။ မြန်မာနိုင်ငံအပေါ် ကာလကြာရှည်စွာ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီး စစ်အစိုးရအပေါ် ပြစ်တင်ဝေဖန် မှုများ ပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ (အီးယူ)သည်ပင် လက်ရှိမြန်မာနိုင်ငံတွင်း တိုးတက်ဖြစ်ထွန်းမှုများအပေါ် အပြုသဘော ဆောင်စွာတုံ့ပြန်ခဲ့သည်ကို တွေ့ရသည်။
“မြန်မာနိုင်ငံမှာ ပိုမိုပွင့်လင်းလွတ်လပ်မှုတွေရှိလာစေမယ့် အခွင့်အလမ်းတွေကို ကျွန်မမြင်တွေ့ခဲ့ရပါတယ်” ဟု အီးယူ၏ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် လူသားချင်း စာနာထောက်ထားသော အကူအညီများ ပေးရေးဆိုင်ရာ မဟာမင်းကြီး မစ္စ Kristalina Georgieva ကပြောကြားသည်။ “မြန်မာနိုင်ငံရဲ့ နေရာအတော်များများကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပေးခွင့်ပြုပေးသွားဖို့ အာဏာပိုင်တွေက လိုလိုလားလား ရှိနေတာကို တွေ့ရတော့ ကျွန်မလည်း အတော့်ကိုအားတက်ခဲ့ရပါတယ်” ဟု ၎င်းက နှစ်ရက်တာ မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံးသွားပြီးနောက် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားသည်။ “မြန်မာနိုင်ငံထဲက အခြေအနေနဲ့ အနေအထားက ကွဲပြားခြားနားသွားပါပြီ။ အပြောင်းအလဲ ဖြစ်အောင်လုပ်မယ့်အကြောင်းအရင်းတွေရှိနေပါပြီ” ဟု ၎င်းကဆက်လက် ပြောဆို သည်။
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်လိုလားသည်ဟူသော မိန့်ခွန်းပြောဆိုပြီးနောက် အီးယူအဖွဲ့က အပြုသဘော ဆောင်သည့် တုံ့ပြန်မှုများ၊ တစ်နည်းအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်းကမ်းလှမ်းမှုများ ပြုလုပ်လာ ခြင်းလည်း ဖြစ်သည်။ ယခုအခါ ဥရောပဝန်ကြီးများအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခွင့် ရရှိပြီဖြစ်သလို မြန်မာနိုင်ငံခြားရေးဝန်ကြီးအပါအဝင် အစိုးရဝန်ကြီးများ ဥရောပသို့ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားခဲ့မှုကိုလည်း ဖယ်ရှားပေးလိုက် ပြီဖြစ်သည်။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.