Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၉.၉.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. ပြည်သူ့ဆန္ဒရှိပါက တိုင်းပြည်ကို ဦးဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(Bankok Post မှ 18 Sept 2011 ရက်စွဲပါ "Aung San Suu Kyi sees positive change in Burma" သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီး အပြောင်းအလဲများကိုစမ်းသပ်မည်ဟု အမေရိကန်ဆို

(AFP သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံအရေး အကောင်းမြင်ပြီး မမိုက်မဲကြနှင့်

(17 September 2011 ရက်စွဲပါ The Nation ၏ ခေါင်းကြီးပိုင်းဖြစ်သော “Don't be fooled by air of optimism on Burma issue” ကို ဘာသာ ပြန်ဆိုသည်)

  1. ကျူးဘား၊ မြန်မာနှင့် မြောက်ကိုရီးယားတွင် တော်လှန်ရေးကို စောင့်မျှော်

(The Miami Herald မှ 17 Sept 2011 ရက်စွဲပါ “Waiting Revolution in Cuba, Burma and N.Korea” ကို ဘာသာ ပြန်ဆိုသည်)

  1. ဒီမိုကရေစီစနစ် ပိုမိုကျင့်သုံးရန် တရုတ်ဝန်ကြီးချုပ် တိုက်တွန်း

(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)

*********************************************************************************************************

ပြည်သူ့ဆန္ဒရှိပါက တိုင်းပြည်ကို ဦးဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(Bankok Post မှ 18 Sept 2011 ရက်စွဲပါ "Aung San Suu Kyi sees positive change in Burma" သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် ဆယ်စုနှစ် အတန်ကြာ တပ်မတော်က အုပ်ချုပ်ခဲ့ပြီးနောက်တွင် နိုင်ငံရေး အပြောင်းအလဲလက္ခဏာများ နောက်ဆုံး ထွက်ပေါ် လာပြီ ဖြစ်သော်လည်း ကာလရှည်ကြာ ဒုက္ခခံစားခဲ့ရသော ပြည်သူများမှာ တကယ့်လွတ်လပ်ခွင့်အစစ်နှင့် အလှမ်းဝေးနေကြဆဲပင် ဖြစ်ကြောင်း ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

လက်ရှိမြန်မာအစိုးရသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်လိုလားသည့် ပုံရှိပြီး အာရပ်ပုံစံ တော်လှန်အုံကြွမှုများသည် မြန်မာနိုင်ငံ၏ ပြဿနာများကို ပြေလည်စေမည့်နည်းလမ်းမဟုတ်ပါဟု နိုဘယ်လ်ဆုရှင်က AFP နှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။

"ပြောင်းလဲမှုတွေကတော့ ရှိနေပြီပေါ့။ ဒါပေမယ့် ကျွန်မတို့အားလုံး လွတ်လပ်ခွင့်ရပြီ၊ အပြည့်အဝ လွတ်လပ်ခွင့်ရှိပြီလို့တော့ ကျွန်မ မယူဆ ပါဘူး"။ ရှေ့ကိုဆက်သွားနိုင်ဖို့လိုသေးတယ်ဆိုပေမယ် အကောင်းဖက်ကို ရောက်လာတဲ့ အပြုသဘော တိုးတက်မှုတွေ ရှိနေပြီလို့တော့ ကျွန်မထင်ပါ တယ်" ဟု အတိုက်အခံ ခေါင်းဆောင်က ရန်ကုန်မြို့ ပါတီဋ္ဌာနချုပ်တွင် ပြောကြားသည်။

"ကျွန်မဟာ အကောင်းမြင်ဖို့ သတိကြီးကြီးထားတတ်သူဖြစ်တယ်လို့ အမြဲတမ်းပြောခဲ့သလို အခုချိန်ထိ ဒီအတိုင်း ခံယူထားဆဲပါပဲ"။ လက်ရှိ သမ္မတကြီးဟာ ကောင်းမွန်တဲ့ အပြုသဘောပြောင်းလဲမှုတွေကို လုပ်ဆောင်ပေးဖို့ ဆန္ဒရှိနေတယ် ဆိုတာကို ကျွန်မယုံကြည်ပါတယ်၊ ဒါပေမယ့် သူဖြစ်ချင်တာတွေကို ဘယ်လောက်အထိ အောင်အောင်မြင်မြင် လုပ်နိုင်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ ကျွန်မတို့ ဆန်းစစ်ဖို့လိုပါသေးတယ်" ဟု သူမက ဆက်လက် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံကို ရာစုနှစ်ထက်ဝက်မျှ ဖိနှိပ်အုပ်ချုပ်ခဲ့ပြီးသော တပ်မတော် အစိုးရသည် မနှစ်က ရွေးကောက်ပွဲဝင်ရန် ယူနီဖောင်းချွတ်ခဲ့ကြသည့် ဗိုလ်ချုပ်ကြီးများထဲမှ တစ်ဦးဖြစ်သော ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသစ်ထံ ပြီးခဲ့သော မတ်လက အာဏာလွှဲပြောင်းပေးခဲ့သည်။

တပ်မတော်က ထူထောင်ထားသော ပါတီမှ အမတ်များသာ အနိုင်ရသွားကြသည့် နိုဝင်ဘာရွေးကောက်ပွဲသည် ခြိမ်းခြောက်ခြင်း၊ မဲလိမ်ခြင်း စသော မသမာမှု တိုင်ကြားချက်များစွာအပြင် ခုနှစ်နှစ်ဆက်တိုက် ထိန်းသိမ်းထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို တမင်တကာ ဖယ်ရှားထားမှု တို့ကြောင့် ကမ္ဘာအလယ် နာမည်ပျက်ခဲ့ရကာ ယင်းရွေးကောက်ပွဲ ပြုလုပ်ပြီးမှသာ တပ်မတော်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သော သီတင်းပတ်များအတွင်း မြန်မာအစိုးရသစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ (၁၉၉၀ ရွေးကောက်ပွဲနိုင်ကာ အာဏာမရခဲ့သော) NLD ပါတီ အပါအဝင် အစိုးရအတိုက်အခံအုပ်စုများအပေါ် ပျော့ပြောင်းသည့် လက္ခဏာများ ပြသခဲ့သည်။

ယခုအချိန်ထိ အနည်းစုကသာ စိတ်ကူးမျှော်မှန်းခဲ့ကြသည့် မြင်ကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် သမ္မတအိမ်တော်၌ သူမ၏ ဖခင် လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကားချပ် အောက်တွင် သမ္မတ ဦးသိန်းစိန်နှင့် အပြန်အလှန်နှုတ်ဆက်ကာ သတင်း ဓါတ်ပုံများ ထုတ်ပြန်ခဲ့ရလေသည်။

အသေးစိတ်ဆွေးနွေးမှုများကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရနိုင်မည့် ကဏ္ဍများကို ရှာဖွေကြရန် စီစဉ်ခဲ့ကြသည်ဟု ဆိုသော ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ နိုင်ငံအတွက် မြင်ချင်ပါတယ် ဆိုတဲ့ ပတ်သက်လို့ သဘောထားကိုက်ညီတဲ့ အချက် တွေ အများကြီး ရှိနေပါတယ်" ဟု ပြောကြားသည်။

တပ်မတော်ဖိနှိပ်အုပ်ချုပ်မှုကို ငြိမ်းချမ်းစွာ တွန်းလှန်ခြင်းအတွက် နိုင်ငံတကာ ထောက်ခံမှု ရရှိနေသူ၊ အကြမ်းမဖက်ရေး ဝါဒကြောင့် အိန္ဒိယ၏ လွတ်လပ်ရေး ခေါင်းဆောင် မဟတ္တမ ဂန္ဒီနှင့် နှိုင်းယှဉ်ခံရသူ မြန်မာအတိုက်အခံ ခေါင်းဆောင်က "လစ်ဗျားတွင် မြင်တွေ့နေရသော ရေပန်းစား တော်လှန် အုံကြွမှုပုံစံမျိုးကို မြန်မာနိုင်ငံတွင် မဖြစ်စေလိုပါ" ဟု ပြောကြားသည်။

"ခံယူချက်တွေပြောင်းသွားတဲ့တိုင်အောင် အာဏာပိုင်တွေက သူတို့ကိုင်တွယ်ရမယ့် ပြဿနာတွေအပေါ် အယူအဆတွေ ပြောင်းသွားတဲ့ တိုင်အောင် တကယ့်အပြောင်းအလဲက ချက်ချင်းဖြစ်လာမှာ မဟုတ်ပါဘူး" ဟု သူမက မှတ်ချက် ပေးသည်။

"လစ်ဗျားရဲ့ ဒုက္ခသုက္ခတွေဟာ အချိန်အတော်ကြာအောင် အမြစ်တွယ်နေဦးမယ်ဆိုတာ လူတိုင်းသိကြမှာပါ။ အာဏာရှင်အစိုးရဟောင်းထဲက လူသားအားလုံးကို ရှင်းထုတ်ပြီး အစိုးရသစ်ဖွဲ့စည်းနိုင်မယ်ဆိုရင်တောင် ပြဿနာတွေ အများကြီးရှိနေပါသေးတယ်။ မပြေနိုင်သေးတဲ့ ခါးသီးမှုတွေ၊ အချိန်ကြာတဲ့တိုင်အောင် မကျက်နိုင်တဲ့ ဒဏ်ရာတွေ ရှိနေဦးမှာပါ" ဟု သူမက ဆိုသည်။ အသက် ၆၆နှစ် အရွယ်ရှိ စကားပြောညင်သာ၍ သြဇာတိက္ကမ ကြီးမားသော အတိုက်အခံခေါင်းဆောင်ကို တပ်မတော်ခေါင်းဆောင်ဗိုလ်ချုပ်ကြီးများက အချိန်ကြာအောင် ထိန်းသိမ်းကာ ပြင်ပနှင့် အဆက်ဖြတ်ခဲ့ သော်လည်း သူမ၏ ထက်မြက်သော အသိဥာဏ်နှင့် အရှုံးမပေးသော စိတ်ဓါတ်ကို လျော့ပါးသွားအောင် မပြုလုပ်နိုင်ခဲ့ကြပါ။

သူမက ဆက်လက်၍ "တကယ့်တော်လှန်ရေးဆိုတာ အပြည့်အဝပြီးစီးဖို့ အချိန်အကြာကြီးလိုပါတယ်။ ကျွန်မတို့ လိုချင်တဲ့ အပြောင်း အလဲ တွေ ပေါ်ပေါက်လာဖို့အချိန်ယူရမှာပါ။ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေ၊ စေ့စပ်ညှိနှိုင်းမှုတွေက တဆင့် အပြောင်းအလဲဖြစ်လာအောင် လုပ်တဲ့ ပုံစံကို ကျွန်မ ပိုပြီး သဘောကျပါတယ်" ဟု ရှင်းလင်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်သူ့သဘောထားကို တင်းမာစွာ တုန့်ပြန်သည့်ပုံစံအားလျှော့ပေါ့မည့် လက္ခဏာ လုံးဝမပြသခဲ့သည့် ယခင်တပ်မတော် အာဏာရှင် အုပ်ချုပ်သူများက ၁၉၈၈ နှင့် ၂၀၀၇ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ဒီမိုကရေစီလိုလားသော တော်လှန်အုံကြွမှုများကို ရက်စက်စွာ နှိမ်နင်း ပစ်ခဲ့ကြ သည်။

နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ဖမ်းဆီးထားသော မြန်မာကဲ့သို့ အာဏာရှင်နိုင်ငံမျိုးတွင် ဆန္ဒပြပွဲများ ရှားရှားပါးပါး ပေါ်ပေါက်နိုင်ပေသေး သည်။ နောက်ဆုံးဆယ်စုနှစ် နှစ်နှစ်စုအတွင်းပထမဆုံး ကျင်းပသည့် မနှစ်ကရွေးကောက်ပွဲသည် နိုင်ငံရေးအကျဉ်းသား NLD ပါတီဝင်များ မယှဉ်ပြိုင်နိုင် အောင် ဥပဒေထုတ်ပြန်ဖယ်ရှားထားခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ဝင်မပြိုင်ဘဲ သပိတ်မှောက်ခဲ့သည်။ ရလဒ်အဖြစ် တပ်မတော် အစိုးရက NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်း ပစ်လိုက်ပြီးနောက်ပြီး လွန်ခဲ့သော ဇွန်လကမူ တရားမဝင် လှုပ်ရှားမှုများ ရပ်ဆိုင်းရန် သတိပေးခဲ့သည်။

မည်သို့ပင် အဓမ္မ ပိတ်ပင်ခံရမည့် စိုးရိမ်မှုများ ရှိနေသော်လည်း ရန်ကုန် NLD ဋ္ဌာနချုပ်သို့ လာသော ဧည့်သည်များကို ဓါတ်ပုံရိုက်ယူနေသော အရပ်ဝတ် လျှို့ဝှက်ပုလိပ်များ၏ အနီးကပ် စောင့်ကြည့်မှုအောက်တွင် NLD က ဆက်လက်စည်းဝေးမြဲ၊ ကြေညာချက်များ ဆက်လက် ထုတ်ပြန်မြဲပင် ဖြစ် သည်။

ယခုအခါအတိုက်အခံများနှင့် တွေ့ထိဆက်ဆံရန် အာဏာပိုင်များက ကြိုးပမ်းလာသည့်အလျှောက် အကျဉ်းကျ နိုင်ငံရေးပါတီဝင်များအား ယခင်က တားမြစ်ထားသည့် ဥပဒေကိုပြန်လည် ပြင်ဆင်ဖွယ်ရှိသည်ဟု သမ္မတ၏ ထိပ်တန်းအကြံပေးတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။ “ဒီဥပဒေက အရင်တပ်မတော်အစိုးရက ထုတ်ပြန်ထားခဲ့တာပါ။ ဒီဥပဒေကို အခုလွှတ်တော်က ပြန်ပြင်ဖို့ စဉ်းစား သုံးသပ်နေပါတယ်” ဟု ဦးကိုကိုလှိုင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ၂ဝ၁၅ တွင် ပြုလုပ်မည့် နောက်တစ်ကြိမ် ရွေးကောက်ပွဲတွင် သူမ၏ ပါတီ ပြန်လည် မှတ်ပုံတင်၊ ယှဉ်ပြိုင်ရေး ကိစ္စကိုပြောရန် အချိန်စောလွန်းသေးသည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း သူမ၏ ကိုယ်ပိုင် နိုင်ငံရေးရည်မှန်းချက်များကို အမြဲတစေ ထုတ်ဖော် ပြောလေ့မရှိသော ဒီမိုကရေစီခေါင်းဆောင်က အကယ်၍ ပြည်သူများကသာ ဆန္ဒရှိပါက သူမအနေဖြင့် တိုင်းပြည်ကို ဦးဆောင်ရန် အဆင်သင့် ရှိကြောင်း သဲကွဲသည့် စကားစကို ပြသလိုက်သည်။

“ကျွန်မရဲ့ နိုင်ငံရေးကဏ္ဍနဲ့ ပတ်သက်လို့ သမ္မတဖြစ်လာဖို့ မစဉ်းစားထားပေမဲ့ ဒီကိစ္စမျိုးဟာ နိုင်ငံရေးသမား တစ်ဦးချင်း (သို့) သူတို့ရဲ့ ပါတီတွေကတောင် မဆုံးဖြတ်သင့်ဘဲ ပြည်သူတွေကသာ ဆုံးဖြတ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ ကျွန်မ ယုံကြည်ထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

ပြည်သူများဆန္ဒရှိပါက သမ္မတလုပ်ရန် အဆင်သင့်ရှိသည်ဟု ဆိုလိုပါသလားဟု မေးမြန်းသောအခါ သူမက “ရှင့်အနေနဲ့ ဒီလိုမျိုး လိုအပ်တဲ့ အချိန်မှာ ဒီတာဝန်ကို ယူဖို့ ပြင်ဆင်မထားဘူးဆိုရင် နိုင်ငံရေးလောကထဲကို အစကတည်းက ဝင်မလာသင့်ဘူးလေ” ဟု ပြန်၍ ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယခင်လက ရန်ကုန်မြို့ပြင်သို့ နိုင်ငံရေး စည်းရုံးမှုခရီးလှည့်ရန် အာဏာပိုင်များက ခွင့်ပြုခဲ့ရာ ယင်းခရီးစဉ်အတွင်း ထောက်ခံသူ ပရိသတ်များစွာကို ဆွဲဆောင်ခဲ့ခြင်းသည် ယခင်က ရေပန်းစားမှုကို သတိရစရာပင် ဖြစ် သည်။

နောက်ထပ် ပွင့်လင်းမှုလက္ခဏာအဖြစ် နိုင်ငံခြားမှ အရေးပါသော ကိုယ်စားလှယ်အဖွဲ့များကို အာဏာပိုင်များ၊ အတိုက်အခံများနှင့် ဆွေးနွေး ရန် အစိုးရက ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် AFP သတင်းထောက်အပါအဝင် နိုင်ငံခြားသတင်းထောက် အုပ်စုငယ်ကိုလည်း လွှတ်တော် ကျင်းပပုံကို တက်ရောက်သတင်းယူရန် ယခင် အပတ် များက ခွင့်ပြုခဲ့သည်။

ယခုကဲ့သို့ ထင်ရှားမြင်သာသည့် ပြောင်းလဲမှု လက္ခဏာများ ရှိလာသော်လည်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ကိစ္စကဲ့သို့ အဓိက ပြောင်းလဲမှုများ မရှိသေးသဖြင့် အစိုးရ၏ ရည်ရွယ်ချက်များအပေါ် အများက သံသယ ရှိနေကြဆဲပင် ဖြစ်သည်။

ယခင်လက မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က “မြန်မာအစိုးရသစ်လက်ထက် တိုးတက်မှုလက္ခဏာများ ရှိလာသော်လည်း စိုးရိမ်ပူပန်စရာများ ကျန်ရှိနေဆဲ ဖြစ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြန်ဆုံး စုံစမ်းစစ်ဆေးရန်” တောင်းဆိုခဲ့သည်။

၁၉၉ဝ ခုနှစ်များက အသားအရောင်ခွဲခြားမှု ခေတ်လွန် တောင်အာဖရိကမှ အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက် မည့် ကုလစုံစမ်းရေးကော်မရှင်သည် ယိုယွင်းပျက်စီးနေသော သူမ၏ မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးထားသည်။

“အနာဂတ်မှာ ညီညွတ်ဖို့၊ ခွင့်လွတ်ဖို့ ကိစ္စတွေအတွက် အချက်အလက်မှန်တွေ ရဖို့ လိုအပ်ပါတယ်၊ ဒါဟာ စစ်ဆေး အရေးယူတာ မဟုတ်ပါ ဘူး။ လက်စားချေစရာအကြောင်းလည်း မရှိပါဘူးလို့ ကျွန်မယူဆပါတယ်” ဟု သူမက သုံးသပ် ပြောကြားခဲ့သည်။

*******************************************************************************************************************

မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီး အပြောင်းအလဲများကိုစမ်းသပ်မည်ဟု အမေရိကန်ဆို

(AFP သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လတ်တလောကာလများအတွင်း ဖြစ်ပေါ်လျက်ရှိသော ပြောင်းလဲမှုများနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအစိုးရက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် စက်တင်ဘာလ ဒုတိယ နောက်ဆုံးပတ်တွင်း ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားကြောင်း အဆင့်မြင့်အရာရှိကြီးတစ်ဦးက စက်တင်ဘာလ ၁၆ ရက်နေ့တွင်ပြောကြားသည်။

မြန်မာ့အရေးကိစ္စအတွက် စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် လတ်တလောတာဝန်ခန့်အပ်ခြင်းခံခဲ့ရသူ မစ္စတာ ဒဲရစ်မစ်ချယ်လ်၏ ပထမဆုံးမြန်မာ နိုင်ငံခရီးစဉ်မှာ စက်တင်လာလ ၁၄ ရက်နေ့တွင် အဆုံးသတ်ခဲ့သည်။ ၎င်းသည် မြန်မာပြည်ခရီးစဉ်အတွင်း စစ်မှန်ပြီး ခိုင်မာမှုရှိသော ပြုပြင် ပြောင်းလဲမှုများလုပ်ဆောင်ရန် စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရသစ်ကို တိုက်တွန်းပြောဆိုသွားကြောင်း သတင်းဌာနများက ရေးသား ဖော်ပြကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဆန်ဖရန်စစ္စကိုမြို့သို့သွားရောက်ရာတွင် လိုက်ပါခဲ့သည့် စီနီယာအရာရှိကြီးတစ်ဦး အဆိုအရ လာမည့် ရက်သတ္တပတ် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်ရန် နယူးယောက်မြို့သို့ လာရောက်စဉ်ကာလအတွင်း အမေရိကန်အစိုးရအနေဖြင့် မြန်မာ့အရေးကိစ္စကို အလေးအနက်ထား စဉ်းစားချင့်ချိန်သွားရန် စီစဉ်ထားကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာ အပြောင်းအလဲပါတဲ့ လေတွေ တိုက်ခတ်နေပြီဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရပါတယ်။ အဲဒီလို အပြောင်းအလဲပါတဲ့ လေတွေ ဘယ်လောက်အတိုင်းအတာအထိ အင်အားကောင်းမွန်မှုရှိတယ်ဆိုတဲ့အချက်နဲ့ အဲဒီအပြောင်းအလဲတွေက မြန်မာနဲ့အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ကောင်းမွန်လာအောင် အမှန်တကယ် လုပ်ဆောင်နိုင်ခြင်း ရှိ၊မရှိ ဆိုတာကို သိရှိနိုင်ဖို့ ကျွန်တော်တို့ကြိုးပမ်းသွားမှာဖြစ်ပါတယ်" ဟု အမည်မဖော်လိုသူအဆိုပါ အရာရှိကြီးက ပြောကြားသည်။

သို့သော် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူနည်းစုများအပေါ် စစ်တပ်၏ ကြောက်မက်ဖွယ်ရာကောင်းသော ရက်စက်ကြမ်းကြုတ်မှုများ၊ အမျိုးသမီးများအပေါ် ထိတွေ့ဆက်ဆံမှုများ အပါအဝင် အရေးကိစ္စ အသီးသီးအတွက် အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း ၎င်းက ထပ်မံ အသိပေးပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်ကဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ် ကျင်းပပြုလုပ်ကာ စစ်တပ်က အရပ်သားအစိုးရထံသို့ အာဏာ လွှဲပြောင်းပေးနိုင်ခဲ့ခြင်းများ ရှိခဲ့သည့်တိုင် အတိုက်အခံအင်အားစုများနှင့် အမေရိကန်ပြည်ထောင်စုတို့က အဆိုပါဖြစ်ရပ်များသည် အတုအယောင် များသာ ဖြစ်သည်ဟု ဝေဖန်ပြောဆိုခဲ့ကြသည်။

သို့သော် အငြင်းပွားစရာ ရွေးကောက်ပွဲဖြင့် အာဏာရရှိလာသော အရပ်သားအစိုးရသစ်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသူ နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပွင့်ပွင့်လင်းလင်း ပြုလုပ်လာသည်ကိုတွေ့ရသည်။

အမေရိကန်နိုင်ငံခြားရေး ဟီလာရီကလင်တန်သည်အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆွေးနွးပွဲနှင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော အမေရိကန်နှင့် သြစတြေးလျ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများဆွေးနွေးပွဲသို့ တက်ရောက်ရန် ဆန်ဖရန်စစ္စကိုသို့ သွားရောက်ခြင်းဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သူ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ကယ်လ်ဗင်ရုဒ်နှင့် ဟီလာရီ ကလင်တန်တို့တွေ့ဆုံပြီး မည်သို့မည်ပုံ ရှေ့ဆက်လုပ်ဆောင်ကြမည်ဟူသောကိစ္စကိုလည်းဆွေးနွေးဖြစ်ခဲ့ကြောင်း အထက်ပါစီနီယာအရာရှိကြီးက ဆိုသည်။

မြန်မာ့အရေးကိစ္စနှင့်ပတ်သက်၍ 'အလုံးစုံမျှော်လင့်ချက်ရှိပြီဟု ပြောဆိုရန်အချိန်စောလွန်းသေးသည်' ဟု မစ္စတာ ကယ်ဗင်ရုဒ်က ဟီလာရီကလင်တန်ကိုပြောဆိုခဲ့ကြောင်း၊ သို့သော် လက်ရှိမြန်မာပြည်တွင်း ထွက်ပေါ်လာသော ဖွံ့ဖြိုးတိုးတက်မှုများသည် ဆယ်စုနှစ်များစွာ ကာလအတွင်းသိသာထင်ရှားသော ဖြစ်ရပ်များပင်ဖြစ်သည်ဟု ၎င်းက ပြောဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတအိုဘားမား အုပ်ချုပ်ရေးအဖွဲ့သည် ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရေးမူဝါဒကို ပြောင်းလဲကျင့်သုံးကာ နှစ်ပေါင်းများစွာ အောင်မြင်မှုများမဆောင်ကြဉ်းနိုင်ခဲ့သည့် မြန်မာနိုင်ငံ အထီးကျန်ဖြစ်ရေးမူဝါဒကို အဆုံးသတ်ခဲ့သည်။ အိုဘားမားအုပ်ချုပ်ရေးအဖွဲ့က အဖိုးတန်ကျောက်မျက်ရတနာများ ရောင်းဝယ်ဖောက်ကားမှုများ ပိတ်ပင်ရေးအပါအဝင် စီးပွားရေးပိတ်ဆို့ အရေးယူမှု များကို ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်သည်။ သို့သော် ဒီမိုကရေစီအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်းမှုရှိလာပါက ပိတ်ပင် ကန့်သတ် ချက်များကို လျှော့ချပေးသွားရန် ဆန္ဒရှိကြောင်း ၎င်းက ဆိုထားသည်။

*****************************************************************************

မြန်မာနိုင်ငံအရေး အကောင်းမြင်ပြီး မမိုက်မဲကြနှင့်

(17 September 2011 ရက်စွဲပါ The Nation ၏ ခေါင်းကြီးပိုင်းဖြစ်သော Don't be fooled by air of optimism on Burma issue ကို ဘာသာ ပြန်ဆိုသည်)

              အစိုးရနှင့် နယ်စပ်ရှိ တိုင်းရင်းသားများ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းမှုများမှာ အတိတ်က မရိုးသားသော လုပ်ရပ်များ ရှိခဲ့ခြင်းကြောင့် ယုံကြည်မှု မရရှိနိုင်ပေ။

                လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က ချင်းမိုင်အခြေစိုက် ရှမ်းသံတော်ဆင့် သတင်း၏ သတင်း ထုတ်ပြန်ချက်အရ တရုတ်-မြန်မာ နယ်စပ်တွင် တရုတ်အဖွဲ့နှင့် တွေ့ဆုံပြီး ပြန်လာသော မြန်မာစစ်တပ် ကိုယ်စားလှယ် အဖွဲ့ကို ချောင်းမြောင်းတိုက်ခိုက်ခံရကြောင်း သိရှိရသည်။

                အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် သွေးစည်းညီညွတ်သော ဝတပ်မတော် (YWSA) ၏ ဋ္ဌာနချုပ်ဖြစ်သော ပန်ဆန်းတွင် တစ်ညအိပ်ခဲ့သည်။ ဝ သည် အင်အားအကောင်းဆုံး တိုင်းရင်းသား လက်နက်ကိုင်ဖြစ်ပြီး မြန်မာအစိုးရနှင့် အနာဂတ် ဆက်ဆံရေးအတွက် ညှိနှိုင်းလျှက်ရှိသည်။

                မြန်မာနှင့် ဝ တို့သည် ၁၉၈၉ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့ပြီး ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ရယူခဲ့သည်။ ဝ အများစုမှာ ယခုမရှိတော့ပြီဖြစ်သော ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ စစ်သားများ ဖြစ်ကြပါသည်။ ဝ များသည် အကန့်အသတ်များရှိသော ကိုယ်ပိုင် အုပ်ချုပ်ရေး ကို ရရှိခဲ့ရာ ပို၍ အားကောင်းသော စစ်တပ်ကို တည်ဆောက်နိုင်ခဲ့သည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် ၄င်းတို့သည် ဘိန်းထုတ်လုပ် ရောင်းဝယ် ရေး၊ နောက်ပိုင်းတွင် မက်သာဖက်တမင်းကို တက်ကြွစွာ လုပ်ဆောင်ခဲ့သည်။ ထိုလုပ်ငန်းသည် ၄င်းတို့အတွက် အမြတ်များစွာရသော လုပ်ငန်း ဖြစ်သည်။

                ဝ နှင့် မြန်မာဆက်ဆံရေးမှာ လွန်ခဲ့သော နှစ်နှစ်ခန့်မှစ၍ မသေချာ မရေရာသော အဖြစ်သို့ ရောက်ရှိခဲ့သည်။ အကြောင်းမှာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များအား စစ်တပ်လက်အောက်နယ်ခြားစောင့်တပ် (BGF) အဖြစ် ပြောင်းလဲရန် တောင်းဆိုမှုကြောင့် ဖြစ်သည်။

                ယခုအခါ တရုတ်က ကြားဝင်ညှိနှိုင်းပေးလျက်ရှိပြီး မြန်မာထိပ်တန်းပုဂ္ဂိုလ်များနှင့် YWSA ခေါင်းဆောင် ပေါက်ယူချမ်းတို့ကို Beiging သို့ ဖိတ်ခေါ်၍ ဆွေးနွေးမှုများ ပြုလုပ်စေခဲ့သည်။ နှစ်ဦးနှစ်ဖက်ကြား စစ်ပွဲဖြစ်ပါက ဒုက္ခသည်များသည် တရုတ်နိုင်ငံသို့လည်းကောင်း ထိုင်းနိုင်ငံသို့ လည်းကောင်း ထွက်ပြေးကြမည် ဖြစ်သည်။ YWSA သည် ထိုင်းနယ်စပ်တလျှောက်တွင် တပ်မသုံးခုရှိပြီး မြောက်ပိုင်းနယ်စပ်မှ အတင်းအဓမ္မ ပြောင်းရွှေ့ နေရာချထားခြင်းခံရသော များပြားသည့် လူများအား စီမံခန့်ခွဲလျက်ရှိသည်။

                ရှမ်းသံတော်ဆင့်၏ အဆိုအရ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပန်ဆန်းမှ တန့်ယန်းသို့အပြန် လမ်းခွဲ နေဝင်ရီတရောတွင် အမည်မသိ လက်နက်ကိုင်အုပ်စု၏ တိုက်ခိုက်ခြင်းကို ခံရသည်ဟု သိရှိရသည်။

                ယခုချုံခိုတိုက်ခိုက်မှုမှာ ငြိမ်းချမ်းရေး ရလာဒ်ကဲ့သို့သော ကောင်းမွန်သည့် ရည်ရွယ်ချက်ရှိသော အလုပ်များ အစပြုလုပ်ဆောင်ရာတွင် အခက်အခဲများ ရှိတတ်စမြဲဆိုသည်ကို မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။ မြေအနေအထားအရ ကြမ်းတမ်းသော အဆိုပါဒေသတွင် နေထိုင်ကြ သော ဝ များနှင့် မြန်မာများကမူ ယခု မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့အား ဝ တပ်များက တိုက်ခိုက်ခဲ့သည်ဟု ဆိုလျှင်လည်း အံ့သြစရာ မဟုတ် ဆိုသည် ကို သိကြသည်။ ၄င်းတို့သည် ဆယ်စုနှစ် နှင့် ချီ၍ မုန်းတီးနေခဲ့ကြသည်ဖြစ်ရာ ၁၉၈၉ ခုနှစ်က ငြိမ်းချမ်းရေး သဘောတူညီမှုရယူပြီးသည့်တိုင် မြန်မာအစိုးရ တာဝန်ရှိသူများသည် အစောင့်အရှောက်မရှိပါဘဲ ဝ နယ်မြေအတွင်းသို့ မဝင်ရောက်နိုင်ပေ။

                ၂၀၀၄ ခုနှစ်တွင် မြန်မာနိုင်ငံလုံခြုံရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်အား ရာထူးမှ ဖယ်ရှားပြီးကတည်းက အစိုးရသည် ငြိမ်းချမ်းရေး ယူထားသော အုပ်စုများအား လက်နက်ချရန် တောင်းဆိုခဲ့ပါသည်။ မကြာသေးမီက အဆိုပါ တောင်းဆိုမှုကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ဗျူဟာတစ်ခု ဖြစ်နိုင်သည်။ ဝ နှင့် အခြားတိုင်းရင်းသားအုပ်စုများမှာ အသက်ရှူပေါက်ရရှိသွားသော်လည်း ကြာရှည်ခံလိမ်မည်ဟု မည်သူကမျှ အလေးအနက် မစဉ်းစားခဲ့ပေ။ ၂၀၀၉ ခုနှစ် သြဂုတ်လက စစ်အစိုးရသည် ကိုးကန့်ဋ္ဌာနချုပ်ကို ဝင်စီးခဲ့ရာ အင်အားကောင်းသော ဝ အပါအဝင် အခြားတိုင်းရင်းသား အုပ်စုများက တစ်ချိန်တွင် မိမိတို့အလှည့်ရောက်လာလိမ့်မည်ဟု ယူဆထားခဲ့ကြသည်။

                ပြီးခဲ့သည့်လများအတွင်း နိုင်ငံတကာအသိုင်းအဝိုင်းမှ အကောင်းမြင်သည့်သဘောများ ပေါ်ထွက်လာသည်ကို တွေ့ရသည်။ အကယ်၍ မြန်မာ နိုင်ငံတွင် အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုများ ထွက်ပေါ်လာပါက ဝါရှင်တန်အနေဖြင့် မြန်မာနိုင်ငံမူဝါဒကို ပြောင်းလဲရန် ပြင်ဆင်ထား သင့်ကြောင်း အမေရိကန်ဆီနိတ်တာ Jim Web က တောင်းဆိုခဲ့သည်။ ဥရောပ သမဂ္ဂ၏ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကော်မရှင်နာ Kristalina Georgieva မကြာသေးမီက ဘန်ကောက်တွင် ရပ်နားစဉ် မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးအတွက် အလေးအနက် စဉ်းစားလျက် ရှိကြောင်း ပြောဆိုခဲ့သည်။ သူမအနေဖြင့် မြန်မာဗိုလ်ချုပ်များ၏ အပြောသက်သက်မျှဖြင့်တော့ မယုံလောက်ဟု မျှော်လင့်ရပေသည်။ ယနေ့အချိန်အခါတွင် တိုင်းရင်းသားစစ်တပ်များကို လက်နက်ချရန် တောင်းဆိုမှုများ ငြိမ်သက်သွားပြီဖြစ်သည်။ တရုတ်၏ ဖိအားပေးမှုကြောင့်ဟု အချို့က ဆိုသည်။ အချို့ကမူ အစိုးရတွင် လျှို့ဝှက်အစီအစဉ်တစ်ခုခု ရှိလိမ့်မည်ဟု ထင်နေပါသည်။ သမိုင်းကြောင်းရှိနေပြီးဖြစ်၍ မအံ့သြပါလေနှင့်။ ယခု အပေါင်းလက္ခဏာ ဆောင်သော လက္ခဏာပြသခြင်းမှာ အစိုးရ၏ တကယ့်ရည်မှန်းချက်ကို မမြင်နိုင်စေရန် အပေါ်ယံသကာရည် လောင်းထားခြင်း သာ ဖြစ်တန်ရာသည်။ ၄င်းတို့၏ တကယ့်ရည်ရွယ်ချက်မှာ တိုင်းရင်းသား လက်နက်ကိုင်များ လက်နက်များစွန့်စေ၍ ကျားသနားမှ နွားချမ်းသာမည့် အဖြစ် ရောက်စေရန်ပင် ဖြစ်သည်။

                မြန်မာအစိုးရသည် အမှီအခိုကင်းသည့် သဘောထားများရှိရာ ယခုကိစ္စတွင် ၄င်း၏အမြင်နှင့် မဟာဗျူဟာများသည် Beiging အကြံပေးမှု သက်သက်တွင်သာ အခြေခံလိမ့်မည်ဆိုသည်မှာ မဖြစ်နိုင်ပေ။

                တဖက်တွင်လည်း ထိုင်းနိုင်ငံအနေဖြင့်လည်း အခြေအနေမှန်များကို မျက်ခြေမပြတ်စေဘဲ မြန်မာနိုင်ငံနှင့် ညှိရမည်ဖြစ်သည်။ UWSA ကဲ့သို့ သော KIA ကဲ့သို့သော အဓိကအုပ်စုများနှင့် စစ်ဖြစ်ပွားခဲ့ပါက ဒုက္ခသည် အလုံးလိုက်အရင်းလိုက် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာလျှင် ကိုင်တွယ်ရမည့် အရေး များကို ဆွေးနွေးရလိမ့်မည် ဖြစ်သည်။

************************************************************************************************************

ကျူးဘား၊ မြန်မာနှင့် မြောက်ကိုရီးယားတွင် တော်လှန်ရေးကို စောင့်မျှော်

(The Miami Herald မှ 17 Sept 2011 ရက်စွဲပါ “Waiting Revolution in Cuba, Burma and N.Korea” ကို ဘာသာ ပြန်ဆိုသည်)

ကျွန်ုပ်တို့ မြေကမ္ဘာပေါ်မှ အာဏာရှင် အုပ်ချုပ်သူများသည် သူတို့ရရှိ ပိုင်ဆိုင်ထားသော အကောင်းဆုံးအရာ အားလုံးအတွက် အမြဲတမ်း ကြောက်ရွံ့နေရသော ဘဝဖြင့် နေထိုင်ကြရသည်။

ယင်းတို့၏ ပြည်သူများ၏ ယုံကြည်မှုကို လုံးဝမရနိုင်သောကြောင့် အမှန်တကယ် ဖြစ်နေသော၊ တွေးတော စိုးရိမ်နေရသော၊ ဖြစ်လာနိုင်ခြေရှိသော ဖြစ်ရပ်များမှ သူတို့ကိုယ်သူတို့ အမြဲတမ်း ကာကွယ်နေကြရခြင်း ဖြစ်သည်။ ဤအမှန်တရားသည် ယခင်ကာလများထက် ယခုအခါ ပို၍ ထင်ရှားနေသည်ကို တွေ့ရသည်။

လတ်တလော အချိန်ကာလများသည် အာဏာရှင်များအတွက် ကြောက်ရွံ့ဖွယ် အချိန်ကာလများဖြစ်၍ သူတို့ကိုယ်သူတို့ လုံးဝဇာတ်သိမ်းမည် မဟုတ်ဟု ယူဆထားကြပုံရသော ကမ္ဘာ့အဆိုးဝါးဆုံး အာဏာရှင်အချို့ လတ်တလောလပိုင်းကာလများအတွင်း ကျဆုံးပျက်စီးခြင်းဇာတ်သိမ်းဖြင့် ရင်ဆိုင်ခဲ့ကြရပြီး လက်ရှိရေပန်းစားနေသော လူထုအုံကြွတော်လှန်ရေးများ အရှေ့အလယ်ပိုင်းတစ်ခွင်ပျံ့နှံ့လျက် ရှိသည်။ ကမ္ဘာ့အခြားဒေသများမှ ပြည်သူတို့ မရွေးကောက်ဘဲ ဗိုလ်ကျအုပ်ချုပ်နေသော အာဏာရှင်အစိုးရများမှာလည်း နောက်တစ်ကြိမ် ဇာတ်သိမ်းရမည့်သူ မဖြစ်စေရန် အသည်းအသန် ကြိုးစားနေကြပေသည်။

ကျူးဘား၊ မြောက်ကိုရီးယား၊ မြန်မာကဲ့သို့သော နိုင်ငံများနှင့် အခြားနိုင်ငံများမှ ရွေးချယ်ခံမဟုတ်သော အာဏာရှင်အစိုးရများသည် ယင်းတို့ကို လေးစားချစ်ခင်ရမည်ဟု အမြဲတမ်းဖိနှိပ်ထားခဲ့သည့် သနားစရာပြည်သူများ၏ ဒေါသအုံကြွမှုမှ ဘေးကင်းလုံခြုံစေရန် ကြိုးစားသည့်အနေဖြင့် “တံတိုင်းများကို မြှင့်တင်” လျက်ရှိသည်။

သမိုင်းကြောင်းတစ်လျှောက် ဖြစ်ပျက်ခဲ့သည့်အတိုင်းဆိုပါက သတင်းအချက်အလက်နှင့် အပြန်အလှန်ဆက်သွယ်နိုင်မှုများသည် တော်လှန်ရေး ၏ အရေးကြီးသော အချက်များပင်ဖြစ်သည်။ အီဂျစ်ကဲ့သို့သော နေရာများတွင် ဖြစ်ပျက်နေသော သတင်းများ၊ အချက်အလက်များ ပိတ်ပင်ခံနေရခြင်း၊ ပြည်သူများအား ပြသရန် ဆင်ဆာဖြတ်ခံရခြင်း စသည်တို့ ဖြစ်ပွားနေခြင်းမှာ ဤအချက်ကြောင့်ပင်ဖြစ်သည်။

မူဘာရတ်အစိုးရ၏ အနှစ် ၃ဝ အုပ်ချုပ်မှုဒဏ်ကို ခံစားခဲ့ရသော အီဂျစ်ဆန္ဒပြသူများက အာဏာရှင်သမ္မတကို အတင်းအကြပ် ဖယ်ရှားခဲ့ကြချိန်တွင် ယင်းဖြစ်ရပ်များသည် အမေရိကန်ကို ဆန့်ကျင်သည့် တော်လှန်ရေးဖြစ်ကြောင်း ကျူးဘား၏ ဖီဒယ်ကက်စထရိုက ပုံဖော် ပြောဆိုခဲ့သည်။ ကွန်မြူနစ်ပါတီ အာဘော် နေ့စဉ်သတင်းစာတွင် ကျူးဘား၏ ယခင်အာဏာရှင်ခေါင်းဆောင်က “၁၈ ရက်ကြာ ခက်ခက်ခဲခဲ တိုက်ပွဲဝင် အပြီးတွင် အီဂျစ်ပြည်သူများသည် (အာရပ်တိုင်းပြည်များ၏ အဓိက မဟာမိတ်) အမေရိကန်ပြည်ထောင်စုကို အနိုင်ယူရန်ဟူသော အရေးကြီး ရည်မှန်းချက်ကို အောင်မြင်ခဲ့ကြပြီ” ဟု ရေးသားခဲ့ကြသည်။

ကတ်စထရိုက ဒေသတွင်း အခြားဖြစ်ရပ်များကိုလည်း အလားတူ ပုံပြောခဲ့လေသည်။ ကျူးဘား ကတ်စထရိုက လစ်ဗျား၏ မွမ်မာကဒါဖီကို အဆုံးတိုင် ကာကွယ်ပြောကြားခဲ့ပြီး ယင်းတော်လှန်မှုများသည် အကာအကွယ်မဲ့ လစ်ဗျားပြည်သူများ အပေါ် ရက်စက်သော နေတိုးတပ်ဖွဲ့များက သတ်ဖြတ်ခြင်းသာဖြစ်ကြောင်း၊ လစ်ဗျားရေနံကို လက်ဝါးကြီးအုပ်လိုသော အနောက်ကိုလိုနီဝါဒီ နိုင်ငံများ၏ ကျူးကျော်မှုသာဓကပင် ဖြစ်ကြောင်း ဆေးရောင်အတု ခြယ်ပြခဲ့သည်။

ယင်းဇာတ်လမ်းအတုကို ကာကွယ်ပြီး အခြားဖြစ်ရပ်မှန်ထုတ်လွှင့်မှုများကို ပြည်သူများမသိစေရန်အတွက် ဇိမ်ခံဟိုတယ်များ၊ နိုင်ငံခြား ကုမ္ပဏီများတွင်သာ ရနိုင်သည့် နိုင်ငံခြားရုပ်သံလိုင်းများမှ စပိန်စကားပြော CNN သတင်းလိုင်းကို ဖယ်ရှားရန် အစိုးရက အမိန့်ထုတ်ခဲ့သည်။ ကိုင်ရိုမြို့တော်၏ တာရစ်ရင်ပြင်တွင် လူထုအုံကြွ တော်လှန်မှုများ ဆူပွက်လာသည့် ဇန်နဝါရီလတွင် ကျူးဘားအစိုးရက ယင်းအမိန့်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။

ကျူးဘားပြည်သူအများစုမှာ အင်တာနက် (သို့မဟုတ်) အစိုးရထိန်းချုပ်သော မီဒီယာများကို အနည်းငယ် (သို့) လုံးဝပင် မရရှိနိုင်ကြပေ။ အသက် (၆၂) နှစ်အရွယ် အမေရိကန် ကန်ထရိုက်တာ အလန်ဂရို့စ် (Alan Gross)သည် ကျူးဘားနိုင်ငံ၏ အလွန်သေးငယ်သော ဂျူးလူမျိုး အသိုင်းအဝိုင်းအတွက် အင်တာနက်ချိတ်ဆက်နိုင်မည့် ကိရိယာ သယ်ဆောင်လာခြင်းကြောင့် ကျူးဘား အကျဉ်းထောင်ထဲတွင် ထောင်ဒဏ် ၁၅ နှစ် ကျခံနေရသည်။

ယင်းကဲ့သို့ သတင်းအချက်အလက်များမှာ အခြားသော အာဏာရှင် နိုင်ငံများတွင်လည်း အလားတူ ပိတ်ပင်ခြင်း ခံကြရသည်။ မြောက်ကိုရီးယားနိုင်ငံတွင် ရုပ်သံစက်များကို အစိုးရဝါဒဖြန့်လိုင်းများကိုသာ ဖမ်းယူခိုင်းရန် စက်ရုံမှ ထုတ်လုပ်စဉ်ကပင် ချိန်ညှိပေးထားခြင်း ဖြစ်ပြီး အင်တာနက်ချိတ်ဆက်ခွင့် မပေးသည့်အပြင် ဆဲလ်ဖုန်း ဝန်ဆောင်မှုကိုလည်း မရနိုင်ပေ။

ထိုသို့ နိုင်ငံနှင့် ပြင်ပကမ္ဘာကို အဆက်ဖြတ်ထားသည့်ကြားမှပင် အာရပ်ကမ္ဘာမှ အုံကြွမှုများ ကူးစက်မလာအောင် တားဆီးရန် ပြုံးယမ်းက အရေးပေါ် အစီအစဉ်များ ချမှတ်တုံ့ပြန်ခဲ့သည်ဟု တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဌာန အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် ကွန်မြူနစ်ပါတီ၏ အစီအစဉ်များကို အင်အားဖြည့်ဆောင်ရွက်ရန် ရဲတပ်ဖွဲ့ကို အမိန့်ထုတ်ထားသည့်အပြင် ပြဿနာများကို တားဆီးရန်အတွက် အထူးလုံခြုံရေးတပ်များကိုလည်း တပ်ဖြန့်ထားသည်ဟု တောင်ကိုရီးယားပေါင်းစည်းရေးဌာန INU က ဆိုသည်။

အကယ်၍ ပြုံးယမ်းအစိုးရက အနည်းငယ်သံသယရှိနေသော တော်လှန်မှုများ ဖြစ်ပွားလာပါကလည်း ကွန်မြူနစ်ပါတီအပေါ် သစ္စာ စောင့်သိမှုကြောင့် အခွင့်ထူးခံစားနေရသည့် စစ်သားတစ်သန်းကျော်ခန့် ရှိနေခြင်းကြောင့် ပြုံးယမ်းအစိုးရက ပြည်သူ့အုံကြွမှုကို နှိမ်နင်းရန် ယင်းတပ်ဖွဲ့ များကို အလျှင်အမြန် အသုံးပြုပေလိမ့်မည်။

မြန်မာအုပ်ချုပ်သူ အာဏာရှင်များကလည်း ဆန္ဒပြပွဲများကို အင်အားသုံး နှိမ်နင်းရန် လိုလားကြောင်း ပြသထားကြသည်။ အာရပ်အုံကြွမှု မတိုင်မီ နှစ်ပေါင်းများစွာကပင် မြန်မာလူငယ်များက ဒီမိုကရေစီတောင်းဆိုရန် လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး ဖြစ်သည်။ ၁၉၈၈ ခုနှစ် ဩဂုတ်လ (၈) ရက် (၈-၈-၈၈) တွင် ဖြစ်ပေါ်ခဲ့သော ယင်းတော်လှန်မှုတွင် ဆန္ဒပြခဲ့သူ ထောင်ပေါင်းများစွာကို တပ်မတော်က သတ်ဖြတ်ခဲ့သည့်အပြင် နိုင်ငံရေး ခေါင်းဆောင် များကိုလည်း ဖမ်းဆီးထောင်ချခဲ့သည်။ ၂ဝဝ၇ ခုနှစ်တွင် ဗုဒ္ဓဘာသာသံဃာတော်များက နောက်တစ်ကြိမ်ဆန္ဒပြခဲ့ရာတွင်လည်း တပ်မတော် အစိုးရက ထပ်မံ အကြမ်းဖက် နှိမ်နင်းခဲ့သောကြောင့် နောက်ထပ် သွေးမြေကျမှုများကို ပေါ်ပေါက်စေခဲ့သည်။

ဒီမိုကရေစီလိုလားသော အတိုက်အခံများ မြန်မာနိုင်ငံတွင် ရှင်သန်နေဆဲဖြစ်၍ မြန်မာအစိုးရက ယခုအခါ ဒီမိုကရေစီအယောင်ဆောင် ပြဇာတ်ကို ခင်းကျင်းပြသလျက်ရှိသည်။ လိမ်ဆင်ရွေးကောက်ပွဲများက အရပ်သားဟု ဆိုနိုင်သော အစိုးရသစ်၊ လွှတ်တော်သစ်များကို ထုတ်လုပ် ပေးထားသော်လည်း အမှန်တကယ်တွင်မူ တပ်မတော်ကသာ လွှမ်းမိုးထားဆဲဖြစ်သည်။ ယခုသမ္မတသစ်သည် ယခင်ဝန်ကြီးချုပ်၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သာလျှင် ဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းထားခဲ့သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုမူ လွှတ်ပေးခဲ့ကြ သည်။

ဘီဘီစီနှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က အီဂျစ်ဆန္ဒပြသူများအား “ကျွန်မတို့အားလုံး ရှင်တို့ဘက်က ရှိနေပါတယ်” ဟု ပြောကြား ခဲ့သည်။ သို့သော်လည်း မြန်မာအများစုမှာ သတင်းအမှန် အချက်အလက်မှန်များ ရရှိရန် ခက်ခဲနေကြဆဲပင် ဖြစ်သည်။ နိုင်ငံလူဦးရေ၏ ဝ.၈% ခန့်သာ အင်တာနက် အသုံးပြုနိုင်သည်ဟု အစိုးရက ပြောဆိုထားသည်း။ အစိုးရအာဘော် ပြည်တွင်းသတင်းစာများကလည်း ရယ်စရောကောင်း သည့် သတင်းများကိုသာ ဖော်ပြကြသည်။ ဇန်နဝါရီလ အီဂျစ်ဆန္ဒပြပွဲကာလများအတွင်း မြန်မာသတင်းစာများက အီဂျစ် ပိရမစ်များအတွင်း လျှို့ဝှက်ခန်းများ တွေ့ရှိသည့် သတင်းများကို ဖော်ပြခဲ့သည်မှာ သာဓကတစ်ခုပင် ဖြစ်သည်။ အမှန်တကယ် သတင်းများမှာ အာဏာရှင်အစိုးရများ ပြိုလဲတော့မည့် သတင်းများသာ ဖြစ်ပေသည်။

ကျွန်ုပ်တို့ မြေကမ္ဘာတွင် ဘယ်တော့မှ မကျဆုံးသည့် အာဏာရှင်မရှိပါ။ အရှေ့အလယ်ပိုင်းမှ အာဏာရှင်များ ရင်ဆိုင်တွေ့နေရသည့် အမှန်တရားသည် ကျန်အာဏာရှင်များဆီသို့လည်း တဖြည်းဖြည်း ပြန့်နှံ့ရောက်ရှိလာမည်သာ ဖြစ်သည်။ မြန်မာအုပ်ချုပ်သူ အာဏာရှင်ခေါင်းဆောင် ဟောင်းသည် ယင်းအမှန်တရားကို သိရှိပြီးဖြစ်၍ အနီးကပ်စောင့်ကြည့်လျက် ရှိသည့်အပြင် ညအချိန်တွင်လည်း ကောင်းစွာ အိပ်ပျော်ခြင်းမရှိသည်မှာ ဖြစ်ရပ်မှန် ဇာတ်လမ်းပင် ဖြစ်သည်။

**************************************************************************

ဒီမိုကရေစီစနစ် ပိုမိုကျင့်သုံးရန် တရုတ်ဝန်ကြီးချုပ် တိုက်တွန်း

(BBC သတင်းကိုဘာသာပြန်ဆိုသည်။)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် လက်ရှိကျင့်သုံးနေသော အပြည့်အဝအာဏာ ထိန်းချုပ်မှုစနစ်ကို မဖြစ်မနေ ပြောင်းလဲပြီး ပိုမိုဒီမိုကရေစီ နည်းလမ်းကျမည့်စနစ်များကို မိတ်ဆက်ကျင့်သုံးသွားရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဝမ်ကျားပေါင်က စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံ၊ ဒါလင်းစီတီ၌ ကျင်းပပြုလုပ်သော ကမ္ဘာ့စီးပွားရေးဖိုရမ် စီးပွားရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွင် မစ္စတာ ဝမ်ကျားပေါင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။  လာမည့် တစ်နှစ်ကျော်ခန့်တွင် ဝန်ကြီးချုပ် ရာထူးမှ အငြိမ်းစားယူတော့မည်ဖြစ်သည့် မစ္စတာ ဝမ်ကျားပေါင်သည် ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်များနှင့် ပတ်သက်ပြီး လတ်တလောလများတွင် အကြိမ်ပေါင်းများစွာ ထုတ်ဖော်ပြောဆိုထားသည်။

သို့သော် ၎င်း၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သုံးသပ်ပြောဆိုချက်များကို တရုတ်နိုင်ငံပိုင်မီဒီယာများ၌ အနည်းငယ်မျှသာ ထည့်သွင်း ဖော်ပြခဲ့ သည်ဖြစ်ရာ တရုတ်နိုင်ငံသား အတော်များများမှာ အဆိုပါကိစ္စနှင့်ပတ်သက်၍ များစွာ သိရှိထားခြင်းမရှိကြပေ။

အတားအဆီးမရှိသည့် အာဏာ

တရုတ်နိုင်ငံတွင် ကွန်မြူနစ်ပါတီသည် ဆယ်စုနှစ် ခြောက်ခုတာကာလမျှ အဟန့်အတားစိုးစဉ်းမျှမရှိဘဲ အာဏာကို ကောင်းမွန်စွာ ထူထောင် နိုင်ခဲ့သည်။ အစိုးရအဖွဲ့၊ တရားရုံးတော်၊ စစ်တပ်နှင့် မီဒီယာတို့ကို ပထမ ဦးစားပေး အဆင့်တွင် ထားရှိခဲ့ခြင်းဖြင့် ကွန်မြူနစ်ပါတီမှာစိန်ခေါ်ခံရမှုမရှိဘဲ တရုတ်ပြည်ကိုကောင်းမွန်စွာ ဆက်လက် အုပ်ချုပ်နိုင်ခဲ့သည်။ သို့ပါသော်လည်း ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်ခန့်မှစ၍ ကွန်မြူနစ်ပါတီတွင် အဆင့် ၃ နေရာ၌ ရှိသူ မစ္စတာဝမ်ကျားပေါင်က တရုတ်နိုင်ငံကို နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်လိုအပ်ကြောင်း မကြာခဏဆိုသလို ထုတ်ဖော် ပြောဆိုလာခဲ့သည်။ မစ္စတာဝမ်က ထိုသို့ပြောဆိုရာတွင် တရုတ်ပြည် နိုင်ငံရေးနှင့် စီးပွားရေးအခန်းကဏ္ဍတို့၌ လွန်စွာအရေးပါသည့် ပုဂ္ဂိုလ်များကို ပြောဆိုခဲ့ခြင်းသာ ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ နှင့် တိုင်းပြည်အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေးသည် အရေးတကြီးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း ဝန်ကြီးချုပ် ဝမ်ကျားပေါင်က စီးပွားရေးခေါင်းဆောင်များကို ပြောဆိုထားကြောင်း သိရသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ဥပေဒစည်းမျဉ်း စည်းကမ်းများ နှင့် တစ်သားတည်းဖြစ်အောင် လုပ်ကိုင် ဆောင်ရွက်ခြင်းသည် အာဏာရ ကွန်မြူနစ်ပါတီအတွက် လွန်စွာအရေးကြီးသော အလုပ်တစ်ခုဖြစ်ကြောင်း ၎င်းက ဆိုထားသည်။

"ကွန်မြူနစ်ပါတီဟာ အစိုးရကိုကိုယ်စားမပြုဘူးဆိုတဲ့ အချက်ကိုပေါ်လွင်အောင်မဖြစ်မနေ လုပ်ဆောင်ရပါမယ်။ အာဏာကို အကြွင်းမဲ့ ရယူထားတဲ့ သဘောတရားကို ပြောင်းလဲပစ်ပြီး ပါဝါရှိအောင်အစွမ်းကုန် အာရုံစိုက်နေတဲ့ ကိစ္စကိုလည်း ပြောင်းလဲပစ်ရပါမယ်" ဟု ၎င်းက ဆိုသည်။

"အဲဒါကြောင့် ကွန်မြူနစ်ပါတီနဲ့ တိုင်းပြည်အုပ်ချုပ်ရေးစနစ်ကို မဖြစ်မနေပြုပြင်ပြောင်းလဲသွားရမှာ ဖြစ်ပါတယ်"။ ကျေးရွာကော်မတီများ၏ အုပ်ချုပ်ရေးတွင် ဒီမိုကရေစီအသွင်သဏ္ဍာန်များ တိုးချဲ့ကျင့်သုံးသွားရေးကိုလည်း မစ္စတာ ဝမ်ကျားပေါင်က ထောက်ပြပြောဆိုသည်။

"တကယ်လို့ ပြည်သူတွေအနေနဲ့ ကျေးရွာတစ်ခုကို ကောင်းစွာအုပ်ချုပ်နိုင်မယ်၊ မြို့တစ်မြို့ကို ကောင်းကောင်း အုပ်ချုပ်နိုင်မယ်ဆိုခဲ့ရင် သူတို့ အနေနဲ့ နိုင်ငံတစ်နိုင်ငံကိုလည်း ကောင်းစွာ စီမံခန့်ခွဲသွားနိုင်မှာဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။ မည်သို့ပင်ဆိုစေ တရုတ်ကွန်မြူနစ်ပါတီတွင်း ဒီမိုကရေစီ ကျင့်စဉ်များကို လက်တွေ့ကျကျ ပိုမို ကျင့်သုံးသွားရန် လိုအပ်ကြောင်း ၎င်းကပြောကြားသည်။

ပြုပြင်ပြောင်းလဲရေး အရည်အသွေး

မစ္စတာ ဝမ်ကျားပေါင်သည် လာမည့် တစ်နှစ်ကျော်ခန့်တွင် ဝန်ကြီးချုပ်ရာထူးမှ အငြိမ်းစား ယူတော့မည်ဖြစ်ရာ အငြိမ်းစား မယူခင် ကာလ အတွင်း ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်သည့် လုပ်ကိုင်ဆောင်ရွက်နိုင်မှုများကို ထုတ်ဖော်ပြသရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ယူဆရသည်။ ထို့အတူ နောင်ကာလတွင်ထွက်ပေါ်လာမည့် တရုတ် မျိုးဆက်သစ်ခေါင်းဆောင်များအနေဖြင့် ပြောင်းလဲမှုများ ပြုလုပ်သွားအောင် တွန်းအားပေးမှုများ ပြုလုပ်နေခြင်းလည်း ဖြစ်နိုင်ဖွယ်ရှိသည်။ သို့သော် ၎င်းသည် လက်ရှိကွန်မြူနစ်ပါတီ၏ ပေါလစ်ဗျူရိုအဖွဲ့မှ ခေါင်းဆောင်ကြီးများလောက် လုပ်ပိုင်ခွင့် မရှိဟု ယုံကြည်ရပေရာ ပြုပြင်ပြောင်းလဲရေးအတွက် အခွင့်အလမ်းများလည်း အနည်းငယ်သာ ရှိမည်ဖြစ်သည်။ ကွန်မြူနစ်ပါတီသည်လည်း လတ်တလော လများအတွင်း မြောက်အာဖရိကနိုင်ငံများတွင်ဖြစ်ပေါ်နေသော အာဏာရှင်စနစ် အဆုံးသတ်ရေး ပုန်ကန်လှုပ်ရှားမှုများ တရုတ်ပြည်သို့ ကူးစက်ရောက်ရှိလာမည်ကိုကြောက်ရွံ့ထိတ်လန့်လျက်ရှိသည်။

*********************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment