Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၃..၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် နျူလက်နက်မရှိဟု ကုလသမဂ္ဂသို့ ပြော
    ( 22 September 2011 ရက်စွဲပါ Radio Australia News မှ UN told Burma has no nuclear weapons ကို ဘာသာပြန်သည်)
  1. မြန်မာနိုင်ငံ၏ ပြောင်းလဲမှုအပေါ် အနောက်နိုင်ငံများ တုန့်ပြန်သင့်ဟု ဥာဏ်ကြီးရှင်အဖွဲ့ပြော
    ( 22 September 2011 ရက်စွဲပါ BBC News မှ Rachel Harvey ရေးသားသော West should respond to Burma change, says think tank ကို ဘာသာပြန်သည်)
  1. ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ နိုင်ငံကူးလက်မှတ်ကို ပြန်ပေးဖွယ်ရှိ
    (The Nation သတင်းမှ 22 Sept 2011 ရက်စွဲပါ “ Former Thai PM Thaksin’s passport might be returned ” သတင်းကို ဘာသာ ပြန်ဆိုသည်)
  1. မြစ်ဆုံတမံ ဆက်ဆောက်ရန် မြန်မာအစိုးရ ခိုင်မာစွာ ရပ်တည်လျက်ရှိ
    ( UPI သတင်းမှ 22 September 2011 ရက်စွဲပါ “ Myanmar stands firm on Myitsone dam ” သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************************************

မြန်မာနိုင်ငံတွင် နျူလက်နက်မရှိဟု ကုလသမဂ္ဂသို့ ပြော

( 22 September 2011 ရက်စွဲပါ Radio Australia News မှ UN told Burma has no nuclear weapons ကို ဘာသာပြန်သည်)

မြန်မာနိုင်ငံအနေဖြင့် နျူကလီယားလက်နက် ထုတ်လုပ်ရန် လုံလောက်သော စီးပွားရေးအင်အား မရှိကြောင်း မြန်မာအကြီးတန်း သံတမန်တစ်ဦးက ကုလသမဂ္ဂ နျူကလီယား အေဂျင်စီသို့ ပြောကြားလိုက်သည်။

ပြီးခဲ့သည့်နှစ်က ကုလသမဂ္ဂ အစီရင်ခံစာ တစ်ခုတွင် မြောက်ကိုးရီးယားသည် မြန်မာနိုင်ငံအပါအဝင် အီရန်နှင့် ဆီးရီးယားသို့ ပိတ်ပင်ထားသော နျူကလီယာ နည်းပညာများ ပေးနေပုံရသည်ဟု ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ၂၀၀၉ ခုနှစ်က မြောက်ကိုးရီးယားက မြန်မာနိုင်ငံသို့ နျူကလီယားနည်းပညာများ ပေးပို့နေသည်ဟု ဖြစ်နိုင်ချေမှာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ ( International Atomic Energy Agency ) ရှိ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းသည် အေဂျင်စီ၏ နှစ်ပတ်လည် အစည်းအဝေးသို့ ဗုဒ္ဓဟူးနေ့က တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နျူကလီယားလက်နက်များ ထုတ်လုပ်သုံးစွဲရေး စဉ်းစားရန် လုံးဝအခြေအနေ မရှိကြောင်း အလေးအနက်ထပ်မံ ရှင်းပြလိုပါကြောင်း ၎င်းက ပြောကြားလိုက်သည်။ ထိုသို့ လုပ်ဆောင်ရန် လုံလောက်သော စီးပွားရေးအင်အားလည်း မရှိကြောင်း ၎င်းကပင် ပြောကြားခဲ့သည်။

***********************************************************************

မြန်မာနိုင်ငံ၏ ပြောင်းလဲမှုအပေါ် အနောက်နိုင်ငံများ တုန့်ပြန်သင့်ဟု ဥာဏ်ကြီးရှင်အဖွဲ့ပြော

( 22 September 2011 ရက်စွဲပါ BBC News မှ Rachel Harvey ရေးသားသော West should respond to Burma change, says think tank ကို ဘာသာပြန်သည်)

အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အဓိကပြောင်းလဲမှုများကို အသိအမှတ်ပြု၍ ထောက်ခံကြရန် သြဇာရှိသော ဥာဏ်ကြီးရှင် အဖွဲ့တစ်ခုက တိုက်တွန်းပြောကြားလိုက်သည်။

ယခုအခါ မြန်မာနိုင်ငံ၏ အရပ်သားအစိုးရသစ်နှင့် ဆက်ဆံရေးအတွက် အခွင့်အလမ်းသစ်တစ်ခု ရှိနေကြောင်း International Crisis Group ( ICG ) က ပြောကြားခဲ့သည်။

သို့သော် အချို့ ဒီမိုကရေစီလှုပ်ရှားသူများသည် မြန်မာအစိုးရအပေါ် ထားရှိသော ဖိအားများ ဖြေလျှော့ရန် သတိကြီးစွာ ထားလျက် ရှိနေသေးကြောင်း တွေ့ရှိရသည်။

၎င်းတို့သည် စစ်မှန်သော ပြုပြင်ပြောင်းလဲမှုအတွက် ခိုင်မာသော လက္ခဏာများ ပြသသည်ကို မြင်လိုကြောင်း ပြောကြားခဲ့သည်။

သေချာမှုမရှိခြင်း

ICG က ပြောကြားရာတွင် မြန်မာအစိုးရသစ်သည် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အလေးအနက်ရှိကြောင်း အထောက်အထားများ တိုးတက်လာသောကြောင့် အနောက်အင်အားကြီး နိုင်ငံများအနေဖြင့် ဖြစ်ပေါ်လာသော အမှန်တရားအသစ်နှင့်အတူ လိုက်လျောညီထွေရှိသည့် ၎င်းတို့၏ မူဝါဒများ ချမှတ်သင့်ကြောင်း ဆိုခဲ့သည်။

အဆိုပါ အခွင့်အလမ်းကို ဆုပ်ကိုင်နိုင်ရန် မိမိဖြစ်လိုသည်ကို ထိုင်စောင့်မနေပဲ စတင်လုပ်ဆောင်ရန်နှင့် ဆက်ဆံရေး ချဉ်းကပ်မှုဖြင့် အရယူရန် ICG  တောင်းဆိုခဲ့သည်။

ICG သည် အရေးယူပိတ်ဆို့မှုများ မအောင်မြင်ဆိုသည်ကို ကာလရှည်ကြာကပင် လက်ခံထားခဲ့သည်။ အဆိုပါ အရေးယူပိတ်ဆို့မှုများကို ငြင်းချက်ထုတ်နိုင်သည့် အရေးပေါ် လုပ်ဆောင်မှုအသစ်များ ရှိလာသည်။

မြန်မာအစိုးရသည် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ပေါင်းစည်းရေးလက္ခဏာများကို ပြသခဲ့ရာ မီဒီယာများအပေါ် ကန့်သတ်မှုများ ဖြေလျှော့ပေးခြင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်အား လာရောက်ခွင့်ပြုခြင်းနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်းများ ရှိခဲ့သည်။

သို့သော် ပြင်ပကမ္ဘာအနေဖြင့် မည်သို့ တုန့်ပြန်သင့်သည်ဆိုသည့်အချက်နှင့် ပတ်သက်၍ ဝိဝါဒကွဲလျက် ရှိနေပါသေးသည်။

အချို့ ဒီမိုကရေစီလှုပ်ရှားသူများက မြန်မာအစိုးရ၏ ခြေလှမ်းများသည် အပေါ်ယံသာဖြစ်ပြီး၊ အစစ်အမှန်နှင့် ဝေးနေသေးသည်ဟုဆိုကာ သတိကြီးစွာထားကြရန် တိုက်တွန်းလျက်ရှိနေသည်။

နိုင်ငံရေးအကျဉ်းသားများကို မလွှတ်သေးခြင်း သို့မဟုတ် မလွှတ်ပဲနှင့် စစ်မှန်သော အမျိုးသားပြန်လည် ပေါင်းစည်းမှုမှာ အလှမ်းဝေး နေမည်ဖြစ်ပြီး အနောက်၏ ဖိအားနှင့် အရေးယူမှုများ ဆက်လက်ထားရှိသင့်ကြောင်း ၎င်းတို့ကဆိုသည်။

ယခု ငြင်းခုန်မှုတွင် သြဇာအရှိဆုံး စကားသံမှာ ဒေါ်အောင်ဆန်းစုကြည်၏ အသံပင်ဖြစ်သည်။ သူမ၏ အမြင်တွင် ယခုအခါ မြန်မာနိုင်ငံ၌ ပြောင်းလဲမှုအတွက် ဖြစ်နိုင်သည့် လက္ခဏာများ ရှိနေကြောင်း၊ သို့သော် သေချာရေရာသည့် အခြေအနေတွင် မရှိသေးကြောင်း သူမက ပြောခဲ့သည်။

အဆိုပါအမြင်ကို အနည်းငယ်သောသူများက သဘောတူလိမ့်မည် မဟုတ်ပေ။

***********************************************************************

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ နိုင်ငံကူးလက်မှတ်ကို ပြန်ပေးဖွယ်ရှိ

(The Nation သတင်းမှ 22 Sept 2011 ရက်စွဲပါ “ Former Thai PM Thaksin’s passport might be returned ” သတင်းကို ဘာသာ ပြန်ဆိုသည်)

ထိုင်းပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ ထိုင်းနိုင်ငံကူးလက်မှတ်ကို ပြန်ပေးရန် စဉ်းစားသုံးသပ်နေသည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆူပရာပေါင် တိုဝီချပ်ချိုင်ကူးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

“သက်ဆင်ရဲ့ နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းခွင့်ရှိသလားဆိုတဲ့အချက်ကို ဆုံးဖြတ်ဖို့ ကျွန်တော်ကြိုးစား နေပါတယ်။ နိုင်ငံကူးလက်မှတ် ဆိုတာဟာ ပြည်ပခရီးသွားတဲ့အချိန်မှာ လိုအပ်တဲ့ အရေးကြီး တရားဝင်အထောက်အထားတစ်ခု ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသားကဒ်နဲ့ ကွာခြားမှု မရှိပါဘူး၊ ပြစ်ဒဏ်ကျသူတွေဟာ သူတို့ရဲ့ နိုင်ငံသားကဒ်ကို သိမ်းဆည်းခံရတာမျိုး ရှိလို့လား ” ဟု မစ္စတာ ဆူဟာပေါင်က ရှင်းလင်းပြောကြားသည်။

ဝန်ကြီးကဆက်လက်၍ “ မိမိပြောဆိုသောကိစ္စသည် သာမန်နိုင်ငံကူးလက်မှတ်သာ ဖြစ်၍ သက်ဆင်ထံမှ ယခင်အစိုးရက သိမ်းဆည်းခဲ့သော သံတမန်ဆိုင်ရာ နိုင်ငံကူးလက်မှတ်ကို ဆိုလိုခြင်း မဟုတ်ပါ”  ဟု ပြောဆိုသည်။

လက်ရှိအချိန်တွင် မွန်တီနီဂရိုး နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ကာ ခရီးသွားနေသော ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၂၀၀၈ ခုနှစ်တွင် ဗဟိုတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်းမှ လွတ်မြောက်ရန် ပြည်ပ၌ တိမ်းရှောင်နေရသူဖြစ်ပြီး ယခင် ထိုင်းအစိုးရက သူ့အား အာဏာအလွဲသုံးစားပြုမှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

***********************************************************************

မြစ်ဆုံတမံ ဆက်ဆောက်ရန် မြန်မာအစိုးရ ခိုင်မာစွာ ရပ်တည်လျက်ရှိ

( UPI သတင်းမှ 22 September 2011 ရက်စွဲပါ “ Myanmar stands firm on Myitsone dam ” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၌ ဧရာဝတီမြစ်ပေါ်မှ ဒေါ်လာ ၃.၆ ဘီလျံ ကုန်ကျမည့် ရေအားလျှပ်စစ်တမံ စီမံကိန်းကို ဝိုင်းဝန်းကန့်ကွက်မှုများ ရှိနေသော်လည်း လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖေါ်လျက်ရှိသည်။

မြန်မာတပ်မတော်အစိုးရနှင့်  China Power Investment Corp ( CPI ) တို့၏ ဖက်စပ်ကြိုးပမ်းမှုဖြစ်သော မြစ်ဆုံရေလှောင်တမံသည် လျှပ်စစ်ဓါတ်အား ၆၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်ကာ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံဖက်သို့ တင်ပို့ရောင်းချမည်ဟု မျှော်လင့်ထားကြသည်။ တရုတ် - မြန်မာ တာဝန်ရှိသူများ၏ သဘောတူစာချုပ်အရ စီမံကိန်း အကျိုးအမြတ် ၇၀ ရာခိုင်နှုန်းကို CPI က ရရှိလိမ့်မည်ဟု ဆိုသည်။

CPI သည် ဧရာဝတီနှင့် မြစ်လက်တက်များပေါ်တွင် နောက်ထပ်တမံ ၆ ခု တည်ဆောက်လုပ်ကိုင်ရန် စီစဉ်လျက်ရှိသည်။

မြန်မာပြည်မြောက်ပိုင်း ကချင်မြေပေါ်မှ မြစ်ဆုံတမံသည် ဧရာဝတီမြစ်၏ သဘာဝဂေဟစနစ်များကို ပျက်စီးစေလိမ့်မည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ထုတ်ဖေါ်သတိပေးလျက်ရှိပြီး ယခုအခါ အရေအတွက် တိုးပွားလာသော ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများ၊ ပညာရှင်များ၊ လွှတ်တော်အမတ်များနှင့် တပ်မတော်အရာရှိဟောင်းများက ယင်းစီမံကိန်းကို လူသိရှင်ကြား ဆန့်ကျင်ကန့်ကွက်နေကြပြီဟု Asia Times On line သတင်းက ဆိုသည်။

ဒေသခံ ရွာပေါင်း ၆၀ ခန့်မှ နေထိုင်သူ ၁၅၀၀၀ ကျော်ခန့်မှာ စနစ်ကျသော ပြန်လည်နေရာချထားမှု အစီအစဉ်များ မရှိပဲ အဓမ္မ ရွှေ့ပြောင်း ခဲ့ကြရသည့်အပြင် မြစ်အောက်ဖက်မှ သန်းနှင့်ချီသော နေထိုင်သူများအပေါ် ဆိုးကျိုးသက်ရောက်လာလိမ့်မည်ဟု Kachin Development and Networking Group က သတိပေး ပြောဆိုထားသည်။

မြစ်ဆုံတမံကြောင့် ရေလွှမ်းမည့် ဧရိယာသည် စင်ကာပူနိုင်ငံထက် ပို၍ ကြီးမားကြောင်း KDNG အုပ်စုက ထုတ်ဖေါ်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ထင်ရှားသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခင်လက အိတ်ဖွင့်ပေးစာတွင် အငြင်းပွားဖွယ် ရေလှောင်တမံစီမံကိန်းကို ပြန်လည် အကဲဖြတ်စစ်ဆေးရန် တိုက်တွန်းခဲ့သည်။

ဧရာဝတီမြစ်သည် နိုင်ငံ၏ အရေးပါဆုံး ပထဝီ ဝိသေသ လက္ခဏာ တစ်ခုဖြစ်ပြီး ကြီးကျယ်သော သဘာဝအဝေးပြေး လမ်းတစ်ခု၊ စားနပ်ရိက္ခာထုတ်လုပ်ပေးရာ ရင်းမြစ်တစ်ခု၊ ရေနေသတ္တဝါပေါင်းစုံတို့ ပျော်စံရာ ဌာနေတစ်ခု ဖြစ်သည်ဟု သူမက ပေးစာတွင် ရေးသားထားသည်။

တရုတ် CPI ကော်ပိုရေးရှင်းက အကုန်အကျခံ လုပ်ဆောင်ခဲ့သော သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အကဲဖြတ်ချက်၌ပင် “ရေလှောင်တမံ များစွာကြောင့် ဧရာဝတီမြစ်ကြောင်း ပြိုကွဲမှုသည် မြစ်အထက်ပိုင်းသာမကပဲ ဝေးလံသော မြစ်အောက်ဖက် ဒေသများအထိ ဆိုးဝါးသော လူမှုနှင့် ပတ်ဝန်းကျင် ပြဿနာများကို ဖြစ်ပေါ်စေလိမ့်မည် ” ဟု ဖေါ်ပြထားသည်။

ဧရာဝတီမြစ်ဆုံလိုနေရာတွင် ယခုလို ကြီးမားလွန်းသော ရေလှောင်တမံကြီး တည်ဆောက်ရန် အကြောင်းမရှိပါ ဟုလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

၎င်းမြစ်ဆုံနေရာသည် ငလျှင်ဒဏ် စိုးရိမ်ရသော စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ၆၂ မိုင်ပင် ကွာဝေးခြင်း မရှိဟုလည်း အကဲဖြတ် အစီရင်ခံစာက သတိပေးသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုများနှင့် နိုင်ငံရေးအုပ်စုများက အစိုးရအား စီမံကိန်းကို ပြန်လည် အကဲဖြတ်သုံးသပ်ရန် တိုက်တွန်းဖို့ ကြိုးစားနေကြချိန်တွင် မြန်မာအစိုးရ၏ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းက ယင်းစီမံကိန်းသည် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွား ဖြစ်ပြီး စီစဉ်ထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ခုခံပြောဆိုလိုက်သည်။

“ကျွန်တော်တို့ ဆက်လုပ်မှာပါ။ လုံးဝ နောက်ပြန်မဆုတ်ပါဘူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုတွေက ကန့်ကွက်နေပေမယ့် စီမံကိန်းကို ရပ်ပေးမှာ မဟုတ်ပါဘူး ” ဟု ဝန်ကြီး ဦးဇော်မင်းက ရဲတင်းစွာ ပြောဆိုခဲ့သည်။

၂၀၀၉ ခုနှစ်က စတင်ခဲ့သော စီမံကိန်းကို ၂၀၁၈ တွင် တည်ဆောက်မှု အပြီးသတ်မည်ဟု ဆိုသည်။

***************************************************************************** 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment