Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၆.၉.၂၀၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံကို မျက်ခြည်မပြတ်စောင့်ကြည်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

(21 Sept 2011 ရက်စွဲပါ AFP သတင်းမှ “Suu Kyi urges world to keep eye on Myanmar” ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနှင့် ရှားပါးသတ္တုမြေ ဖက်စပ်ရှာဖွေရန် ဂျပန်မျှော်လင့်

(The Japan Times မှ 26 Sept 2011 ရက်စွဲပါ “Japan Eyes Rare Earth Deal with Myanmar” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မူးယစ်ဆေးဝါး တရားမဝင် ကုန်သွယ်မှု ထိန်းချုပ်ရန် တာဝန် မြန်မာပျက်ကွက်

(VOA သတင်းမှ 23 September, 2011 ရက်စွဲပါ "Burma Failing its obligations to curb drug trafficking" သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. အရှေ့တောင်အာရှတွင် ရန်ပုံငွေတစ်ရပ် ထူထောင်

(25 September  2011 ရက်စွဲပါ Asia one မှ Southeast Asia sets up fund in integration step ကို ဘာသာ ပြန်ဆိုသည်)

  1. ထိုင်းရှိ မြန်မာဒုက္ခသည်များကို ဆက်လက်ကူညီမည်ဟု အမေရိကန်ပြော

(22 Sept 2011 ရက်စွဲပါ The Nation သတင်းစာမှ “US will continue to aid Burmese refugee: ambassador” သတင်းကို ဘာသာ ပြန်ဆိုသည်)

*************************************************************************************************************

မြန်မာနိုင်ငံကို မျက်ခြည်မပြတ်စောင့်ကြည်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

(21 Sept 2011 ရက်စွဲပါ AFP သတင်းမှ “Suu Kyi urges world to keep eye on Myanmar” ကို ဘာသာပြန်ဆိုသည်)

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံကို အရေးစိုက်စောင့်ကြည့်လေ့လာမှုမပြုဘဲ မနေသင့်ကြောင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်ကြောင်း AFP သတင်းဌာန အဆိုအရ သိရသည်။ မြန်မာနိုင်ငံသည် ယခုအခါ လွတ်လပ်မှုဆီသို့ ဦးတည်မည့် ပဏာမအခြေအနေထဲသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ပြောဆိုသည်။ အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့တွင် ကျင်းပပြုလုပ်သော နိုင်ငံတကာကွန်ဖရင့်သို့ ဗီဒီယိုလင့်ခ်ဖြင့် မိန့်ခွန်းပြောဆိုရာ၌ သူမကအထက်ပါအတိုင်း တိုက်တွန်းခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးအခြေအနေများ နူးညံ့ပျော့ပြောင်းလာမှုကို ပြင်ပကမ္ဘာက အနီးကပ်စောင့် ကြည့် စစ်ဆေးသင့် ကြောင်း ၎င်းကပြောသည်။ "ကျွန်မတို့တတွေ လိုအပ်နေတဲ့အချက်က ကျွန်မတို့မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ် ဆိုတာကို သိရှိထားဖို့ပါပဲ။ တကယ် လို့ နိုင်ငံတကာအသိုင်းအဝိုင်းကသာ မြန်မာနိုင်ငံကို အကူအညီ ပေးချင်တယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘာဖြစ်နေတယ်ဆိုတာကို သိရှိထားဖို့လိုအပ်ပါ တယ်။ ဒီမှာဘာဖြစ်နေတယ်ဆိုတာကို ရှင်တို့အနေနဲ့ အဆက်မပြတ် စောင့်ကြည့်နေရပါမယ်" ဟု Clinton Global Initiative တွင်ပြုလုပ်သော ကွန်ဖရင့် သို့ တက်ရောက်လာကြသည့် နိုင်ငံရေးနှင့် စီးပွားရေးခေါင်းဆောင်များအား ၎င်းက တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် ယခင်ကရှိခဲ့သော ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေမှာ ပြောင်းလဲနေပြီဖြစ်သည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။ သို့သော် ၎င်းက "ကောင်းတဲ့ကိစ္စတစ်ခုဖြစ်ဖို့ အပြောင်းအလဲဆိုတာ အမြဲတမ်းတော့ဖြစ်မနေပါဘူး။ စဉ်ဆက်မပြတ် ပြောင်းလဲနေတယ် ဆိုတာလည်းမရှိပါဘူး။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ကမ္ဘာကြီး အနေနဲ့ မျက်ခြည်မပြတ် စောင့်ကြည့်နေသင့်တယ်လို့ ကျွန်မပြောချင်ပါတယ်" ဟု သတိပေးပြောဆိုသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် အာရှ ဒေသတွင်း ပါဝါကြီးထွားလာသော တရုတ်နှင့် အိန္ဒိယနိုင်ငံသို့ သဝဏ်လွှာပေးပို့ပြီး ၎င်းတို့အနေဖြင့် မြန်မာအစိုးရအပါအဝင် မြန်မာပြည်သူများနှင့် ဆက်ဆံရေးကို အာရုံထား လုပ်ဆောင်သင့်ကြောင်း တိုက်တွန်း ပြောဆိုသည်။

"ကျွန်ုပ်တို့သည် အိမ်နီးချင်းနိုင်ငံကောင်းများ ဖြစ်ခဲ့ကြသည်။ သို့သော်အချိန်ကာလများ ပြောင်းလဲသွားပြီဖြစ်သလို အခြေအနေ အရပ်ရပ်မှာ လည်း ပြောင်းလဲခဲ့ပြီဖြစ်သည်။ အိမ်နီးချင်းကောင်းများအဖြစ် ဆက်လက်တည်ရှိနိုင်ရေးအတွက် မူဝါဒများလည်း ပြောင်းလဲသွားရမည်ဖြစ်သည်" ဟု ၎င်း က ဆိုသည်။ အဆိုပါ နယူးယောက်ဖိုရမ်သို့ ဗီဒီယိုလင့်ခ်ဖြင့် မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာ ရယ်ပြုံးလျက်ရှိသော်လည်း ပင်ပန်း နွမ်းနယ်နေပုံ ပေါက်နေသည်။ အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလိပ်ဘာသာစကားကို ကောင်းမွန်ချောမွေ့စွာ ပြောဆိုပြီး အသံမှာလည်း လေးနက်တည်ကြည်လှသည်။ သူမ၏ နိုင်ငံတွင်ဖြစ်ပေါ်နေသော အပြောင်းအလဲမှာ ကာလ ကြာရှည်စွာ ခရီးနှင်ရဦးမည်ဖြစ် သည်ဟု ဆိုသည်။

"ခရီးဆိုတာ တစ်ဆင့်ပြီး တစ်ဆင့်သွားကြရတာပါ။ အရိုးသားဆုံးပြောရမယ်ဆိုရင် ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ပထမဆုံးစတင်ပါဝင်ခဲ့ချိန်တုန်း က ကျွန်မဘဝတစ်ခုလုံး မြှုပ်နှံရလိမ့်မယ်လို့ ကျွန်မ မထင်မိခဲ့ပါဘူး" ဟု ၎င်းက ပြောသည်။ ယခုကဲ့သို့ နယူးယောက်ဖိုရမ်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပါဝင်တက်ရောက်ခွင့်ရရှိခြင်း၊ နိုင်ငံခြားသတင်းစာဆရာများနှင့် တွေ့ဆုံနိုင်ခြင်း၊ မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးနိုင်ခြင်း အစရှိသည်တို့သည် တိုးတက်ဖြစ်ထွန်းမှုတစ်ရပ်ပင် ဖြစ်သည်ဟု ၎င်းကမှတ်ချက်ပေးသည်။ "အခုလိုကိစ္စမျိုးတွေကို ကျွန်မအနေနဲ့ ယခင်ကမလုပ်နိုင်ခဲ့ပါဘူး။ ဆိုတော့ ပြောရ ရင် ကျွန်မတို့တတွေ တိုးတက်ဖြစ်ထွန်းမှုတွေရှိနေတယ်လို့ဆိုရမှာပါ။ ဒါပေမဲ့ နောက်ထပ်တိုးတက်ဖြစ်ထွန်းမှုတွေ ပိုရှိလာဖို့ လိုအပ်ပါတယ်" ဟု ဆို သည်။

သို့သော် အာဖရိကမြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းဒေသတို့တွင် လူငယ်များဦးဆောင်သည့် လူမှုကွန်ယက် ဝက်ဘ်ဆိုက်များမှတစ်ဆင့် အာဏာရှင်အစိုးရဟောင်းများဖြုတ်ချရေး လှုပ်ရှားမှုများနှင့် ဒီမိုကရေစီတိုက်ပွဲများ အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က လွန်စွာအရေးပေး ပြောဆို မှုမပြုပေ။ "အာရပ်ကမ္ဘာနိုင်ငံတွေကလို လူမှုကွန်ယက် မီဒီယာတွေ ကျွန်မတို့ဆီမှာ အားမကောင်းပါဘူး" ဟု ဆိုကာ မြန်မာနိုင်ငံတွင်း အင်တာနက်အသုံး ပြုမှုများအပေါ် လွန်စွာ တင်းကြပ်စွာထိန်းချုပ်ထားပုံကို ပြောဆိုသည်။ "ကျွန်မတို့နိုင်ငံမှာ ဆက်သွယ်ရေးစနစ်ကောင်းတွေ၊ ကွန်ယက်တွေ မဖွံ့ဖြိုးသေး ပါဘူး" ဟု ဆိုသည်။ မြန်မာ့အရေးတွင် အခက်ခဲဆုံးနှင့် အတင်းမာဆုံးဖြစ်လာမည့်ကိစ္စမှာ မလိုမုန်းထားဖြစ်မှုနှင့် ရန်ပြုလိုမှုများပင်ဖြစ်ကြောင်း သူမက ဆိုသည်။ "အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ချက်ဟာ အားလုံးအတွက်အခက်ခဲဆုံးသော အလုပ်တစ်ခု ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆို တော့ နှစ်ဖက်စလုံးက စေ့စပ်ညှိနှိုင်းမှု လုပ်ဖို့နဲ့ အပေး၊ အယူလုပ်ဖို့ ပြင်ဆင်ထားရမှာဖြစ်တဲ့အတွက်ကြောင့်ပါ"  ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လအတွင်း သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် "သတိကြီးစွာဖြင့် မျှော်လင့်ထားကြောင်း၊ သို့သော် ရလဒ်များကို စောင့်ကြည့်နေမည် ဖြစ်ကြောင်း" ပြောဆိုထားသည်။ "မကြာခင်ကာလတွေမှာဖြစ်ပေါ်လာတော့မယ့် စစ်မှန်တဲ့အပြောင်းအလဲလက္ခဏာတွေကို တွေ့မြင်ရမယ်လို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်။ အပြောင်းအလဲဖြစ်မယ်လို့ ပြောဆိုထားတာတွေကတော့အများကြီးပါပဲ၊ ဒါပေမဲ့ ပြည်သူတွေ ခိုင်မာမှုရှိတဲ့အပြောင်းအလဲတွေကို တွေ့မြင်နေချင်ကြပါ တယ်။ အပြောင်းအလဲ အစပိုင်းကို စတင်တွေ့မြင်ရတော့မယ်လို့ ကျွန်မထင်ပါတယ်" ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီပါတီ(NLD) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးခဲ့ခြင်းမရှိပေ။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အတွင်း ကျင်းပသော နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်ရွေးကောက်ပွဲကိုလည်း NLD က သပိတ်မှောက်ခဲ့ရာ အကျိုးဆက်အားဖြင့် စစ်အစိုးရ၏ ပယ်ဖျက်ခြင်း ခံလိုက်ရသည်။ မည်သို့ပင်ဆိုစေ လတ်တလောကာလများအတွင်း စစ်တပ် ကျောထောက်နောက်ခံ အစိုးရသစ်က အတိုက်အခံအင်အားစုများနှင့်ပတ်သက်၍ သဘောထားပျော့ပြောင်းမှုများစတင်ပြသလာရုံသာမက သတင်း မီဒီယာများ အပေါ် တင်းကြပ်စွာထိန်းချုပ်ထားမှုကိုလည်း ဖြေလျှော့ပေးလာခဲ့သည်ကိုတွေ့ရသည်။ BBC၊ VOA ကဲ့သို့သော ယခင်က ပိတ်ပင်ထား သည့် သတင်းဝက်ဘ်ဆိုက်များကိုလည်း ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

****************************************************************************************************

မြန်မာနှင့် သတ္တုမြေ ဖက်စပ်ရှာဖွေရန် ဂျပန်မျှော်လင့်

(The Japan Times မှ 26 Sept 2011 ရက်စွဲပါ “Japan Eyes Rare Earth Deal with Myanmar” သတင်းကို ဘာသာ ပြန်ဆိုသည်)

ဂျပန်နိုင်ငံသည် ယင်း၏ အကန့်အသတ်မရှိ တိုးတက်ဖွံ့ဖြိုးနေသော ထိပ်တန်းအဆင့်မြင့် နည်းပညာသုံး ကုန်ပစ္စည်းများတွင် အသုံးပြုသည့် ဓာတ်သတ္တုများ ဖြည့်ဆည်းရေး ကွင်းဆက်ကို ဖြန့်ကျက်ရန် ကြိုးစားနေသည့် အလျှောက် ရှားပါးသတ္တုမြေနှင့် အခြားသဘာဝ သယံဇာတများကို မြန်မာ နိုင်ငံနှင့် ဖက်စပ်ပူးပေါင်းထုတ်လုပ်ရန် စီစဉ်လျက် ရှိသည်ဟု ယင်းကိစ္စနှင့် နီးစပ်သော အသိုင်းအဝိုင်းက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

ယခုကိစ္စကို နှိုးဆွ အစပြုခဲ့သော တရုတ်နိုင်ငံသည် ရှားပါးသတ္တုမြေနှင့် ပတ်သက်၍ လုံးလုံးလျားလျား လက်ဝါးကြီးအုပ်ထားခဲ့သော်လည်း မနှစ်က သံတမန် ပဋိပက္ခ ဖြစ်ပေါ်ခဲ့သည့်အချိန်တွင် ဂျပန်သို့ ပေးပို့မှုကို ရပ်ဆိုင်းပစ်ခဲ့သည်ဟု သိရှိရသည်။

ယခု အစီအစဉ်ကို တိုးတက် ဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံသည် ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဂျပန်နိုင်ငံသို့ လာရောက်ရေးနှင့်ပတ်သက်၍ တရားမဝင် တီးခေါက် စူးစမ်းနေသည်ဟု ဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံ အစိုးရသည်  မနှစ်က မတ်လတွင် အရပ်ဖက်အုပ်ချုပ်ရေးစနစ်ကို ကြေညာပြောင်းလဲ ထားသည် ဆိုသော်ငြား လည်း ဒီမိုကရေစီသို့ ရှေ့ရှုသည့် တိုးတက်မှု နှေးကွေးလျက် ရှိသော လက်တွေ့ပြဿနာကြောင့် ဂျပန်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ဆက်ဆံ လုပ် ကိုင်မှု အားကောင်းရေး ကိစ္စမှာ ပြစ်တင် ဝေဖန်စရာ ဖြစ်လာဖွယ်  ရှိသည်။

ပြီးခဲ့သော ဇွန်လကမူ ဂျပန်အစိုးရသည် ၃ နှစ်အတွင်း ပထမဆုံး ထိပ်ပိုင်းအဆင့် တရားဝင် ခရီးစဉ်အဖြစ် ပါလီမန်ဆိုင်ရာ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး မာကီကို ကီကူတာကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။ ယင်းခရီးစဉ်အတွင်း ဦးဝဏ္ဏမောင်လွင် အပါအဝင် မြန်မာတာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ရာတွင် မစ္စ ကီကူတာက မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် နီးစပ်သည့် အဆင့်တစ်ဆင့်သို့ တိုးတက်ရွေ့လျားလာပြီဖြစ်ကြောင်း အလေးထား ပြောကြား ကာ လူသားချင်း ကိစ္စရပ်များ ဖလှယ်မှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုကျိုက အပြန်အလှန်သဘောဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရည်ညွှန်း ပြောဆိုခဲ့သည်။

ယင်းသို့ မစ္စကီကူတာ၏ ခရီးစဉ်ကို စီစဉ်ခဲ့သည့်အချိန်ကာလကပင် မြန်မာနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အလားအလာကို ဂျပန်နိုင်ငံက တီးခေါက် မေးမြန်းခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သော သတင်းရပ်ကွက်က ဆိုသည်။

မြန်မာနိုင်ငံတွင် မနှစ်က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ကာ ပြီးခဲ့သော မေလက နိုင်ငံရေးအကျဉ်းသား အနည်းငယ် အပါအဝင် အကျဉ်းသားများကို လွှတ်ပေးခဲ့ပြီးနောက်ပိုင်း ဂျပန်နိုင်ငံက မြန်မာအစိုးရနှင့် စီးပွားရေးဆက်ဆံမှုများ တိုးတက်ခိုင်မာအောင် အချိန်မှန်မှန် ဆောင်ရွက်လာခဲ့သည်။

ဂျပန်နိုင်ငံသည် လူသားချင်းစာနာရမည့် ကူညီမှုများမှ လွဲ၍ အခြားမြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ကူညီမှု စီမံကိန်းများ အားလုံးကို ရပ်ဆိုင်း ထားခဲ့သော်လည်း ဆေးရုံတည်ဆောက်ခြင်းအပါအဝင် မြန်မာပြည်သူများကို တိုက်ရိုက်အထောက်အကူဖြစ်စေနိုင်သည့် အခြေခံအဆောက်အဦး စီမံ ကိန်းများကို ပြန်လည်စတင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ရှားပါးသတ္တုမြေကို မြန်မာတို့နှင့် ပူးတွဲလုပ်ကိုင်ရန် ဂျပန်တို့ ဆန္ဒရှိလာခြင်းမှာ ယင်းဓာတ်သတ္တုများ ဖြည့်ဆည်းမှု မတည်ငြိမ်ပါက ထုတ်လုပ်မှု ကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်း လျော့သွားမည်ကို ဂျပန်ကုန်သွယ်ရေးနှင့် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များက စိုးရိမ်ပူပန်လာခြင်းမှ မြစ်ဖျားခံခဲ့ခြင်းဖြစ်သည်။

ယင်းဓာတ်သတ္တုကိုကမ္ဘာသို့ တင်ပို့မှု ၉ဝ% ကျော်ကို တရုတ်နိုင်ငံက လက်ဝါးကြီးအုပ် ထိန်းချုပ်ထားပြီး ဖြစ်သည်။

စမတ်ဖုန်းများ၊ ဟိုင်းဘရစ်မော်တော်ယာဉ်များ၊ အခြားအဆင့်မြင့် နည်းပညာပစ္စည်းများ ပြုလုပ်ရာတွင် အလွန်တရာ အရေးကြီးသော ရှားပါး ဓာတ်သတ္တုကို ဗီယက်နမ်၊ လာအို အပါအဝင် အရှေ့တောင်အာရှ၌ ထုတ်ယူသုံးစွဲနိုင်မည့် အလားအလာကို မလေ့လာရသေးဟု သိရှိရသည်။

****************************************************************************

မူးယစ်ဆေးဝါး တရားမဝင် ကုန်သွယ်မှုကို ထိန်းချုပ်ရန် တာဝန် မြန်မာပျက်ကွက်

(VOA သတင်းမှ 23 September, 2011 ရက်စွဲပါ "Burma Failing its obligations to curb drug trafficking" သတင်းကို ဘာသာ ပြန်ဆိုသည်)

တရားမဝင် မူးယစ်ဆေးဝါးများကို တိုက်ဖျက်ရန် ကြိုးပမ်းလျှက်ရှိသည့် အမေရိကန်ပြည်ထောင်စုသည် မိမိနိုင်ငံ အပေါ် သိသိသာသာ ထိခိုက် စေသော နိုင်ငံတကာ မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေသော နိုင်ငံများ စာရင်းကို နှစ်စဉ်ထုတ်ပြန်လေ့ ရှိသည်။ ထိုသို့ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူညီချက်များ (သို့မဟုတ်) အခြားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်များကို လိုက်နာရန် ပျက်ကွက် ကြောင်း တွေ့ရှိရသော နိုင်ငံများအနေဖြင့် အမေရိကန်ကူညီထောက်ပံ့မှု ဖြတ်တောက်ခြင်းနှင့် ရင်ဆိုင်ရနိုင်သော်လည်း မူးယစ်ဆေး တိုက်ဖျက်ရေး ကြိုးပမ်းမှု၌ ဆက်လက်ပူးပေါင်းပါဝင်ခွင့် ပေးရန်အတွက် ယင်းသို့ ဒဏ်ခတ်မှုကို မကျင့်သုံးပဲ နေနိုင်သော အခွင့်အာဏာမှာ အမေရိကန်သမ္မတ ထံတွင် ရှိနေသည်။

အဓိက မူးယစ်ဆေးဝါးထုတ်လုပ်သော တဆင့်ပြောင်းသယ်ယူရောင်းချသေ နိုင်ငံများအား နောက်ဆုံး ပြုစု ထားသော စာရင်းတွင် နိုင်ငံပေါင်း ၂၂ နိုင်ငံ ပါဝင်သည်ကို တွေ့ရသည်။ လာအိုမှသည် အာဖဂန်နစ္စတန်မှသည် ဟေတီ အထိ၊ ကိုလံဘီယာအထိ နိုင်ငံအတော်များများ ကျယ်ပြန့်စွာ ပါဝင် ပတ်သက်နေကြခြင်းမှာ ယင်းနိုင်ငံအစိုးရများက မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ယူခွင့် ရရှိစေသော ပထဝီဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စီးပွား ရေး အခြေအနေ ဆိုင်ရာ အကြောင်းအရင်းများ တွဲဖက်နေသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူညီချက်များကို လည်းကောင်း၊ တရားမဝင်မူးယစ်ဆေး ရောင်းဝယ်မှုကို တိုက်ဖျက်ရာတွင် အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်ရေးကို လည်းကောင်း တာဝန်ယူလုပ်ဆောင်ရာ၌ သိသိသာသာ ပျက်ကွက်ခဲ့သော နိုင်ငံ ၃ ခုအနက် မြန်မာနိုင်ငံ ပါဝင်လျက် ရှိသည်။

ယင်းသို့ အရှေ့တောင်အာရှမှ ကမ္ဘာကျော် မူးယစ်ဆေးဝါးထုတ်လုပ်နေသော မြန်မာနိုင်ငံမှ အစိုးရအနေဖြင့် ယင်းတို့ လိုက်နာရမည့် တာဝန် ပျက်ကွက်မှုကြောင့် အရေးယူဒဏ်ခတ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

မြန်မာနိုင်ငံသည် ထိုသို့ တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်သည့် ပြဿနာရှိနေသည့်အပြင် အာရှ၌ မီသိုင်းအင်ဖက်တာမင်း ဆေးပြားများ ထုတ်လုပ်ဖြန့်ဖြူးသော အကြီးဆုံးရင်းမြစ် တစ်ခုဖြစ်နေသည်။ ထိုင်းနိုင်ငံသို့ မြန်မာ မီသိုင်းအင်ဖက်တာမင်း ဆေးပြား တရားမဝင် တင်ပို့မှုသည် မူးယစ် ဆေးသုံးစွဲသူများအပေါ် အလုံးစုံပျက်စီးစေသည့်အပြင် တရုတ်နှင့်အရှေ့တောင်အာရှနိုင်ငံများအပေါ် ဆိုးကျိုးသက်ရောက်မှု ကြီးထွားလာစေသည်။ မြန်မာ နိုင်ငံ ကိုယ်တိုင်လည်း အာရှ၏ အဆိုးရွားဆုံး တရားမဝင် မူးယစ်ဆေးသုံးစွဲမှု ပြဿနာကို ရင်ဆိုင်နေရသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ထိန်းချုပ်ရန် မြန်မာအစိုးရက လုပ်ဆောင်ခဲ့သည့် အဆင့်များကို အမေရိကန် ပြည်ထောင်စုက ဖော်ပြရာတွင် နိုင်ငံတွင်း ဒေသအတော်များများ၌ ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့ခြင်း၊ အဓိက မူးယစ်ဆေး သိုလှောင်ရာ နေရာအချို့ကို ရဲတပ်ဖွဲ့က စီးနင်းခဲ့ခြင်း တို့ပါဝင်ပြီး မူးယစ်ဆေးပြဿနာကို ပိုမိုနီးကပ်စွာ ပူးပေါင်း တိုက်ဖျက်ခြင်းသည် မိမိတို့နှစ်နိုင်ငံစလုံး၏ အကောင်းဆုံး အကျိုးစီးပွားများ ထဲတွင် ပါဝင်နေသည်ဟု အမေရိကန်တို့က ဆိုထားသည်။

**********************************************************************************

အရှေ့တောင်အာရှတွင် ရန်ပုံငွေတစ်ရပ် ထူထောင်

(25 September  2011 ရက်စွဲပါ Asia one မှ Southeast Asia sets up fund in integration step ကို ဘာသာ ပြန်ဆိုသည်)

             အရှေ့တောင်အာရှနိုင်ငံများသည် စနေနေ့က ဒေါ်လာ 0.5 ဘီလီယံ (စင်္ကာပူဒေါ်လာ 0.64 ဘီလီယံ) ရှိ ရန်ပုံငွေ တစ်ရပ် ထူထောင်ခဲ့သည်။ အဆိုပါ ရန်ပုံငွေအား အခြေခံအဆောက်အဦးများ တည်ဆောက်ရန်၊ ဒေသတွင်းနှင့် အဓိက ချမ်းသာသော နိုင်ငံများကြား ကွာဟမှုကျဉ်းမြောင်းရေး အတွက် သယံဇာတများ မျှဝေခံစားနိုင်ရန် ရည်ရွယ်သည်။

             2015 ခုနှစ်တွင် ဒေသတွင်း စီးပွားရေး စုဖွဲ့စုစည်းနိုင်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်သည့် ခြေလှမ်းတစ်ရပ်အဖြစ် ရန်ပုံငွေ ထူထောင်ခြင်း ဖြစိပြီး၊ အဆိုပါ ရန်ပုံငွေအား လမ်းများဖောက်လုပ်ရန်၊ ရထားလမ်းများ ဖောက်လုပ်ရန်နှင့် တိုက်ရိုက် နိုင်ငံခြားကူညီမှုမပါသော အခြား ပရောဂျက်များအတွက် ချေးငွေများ ထုတ်ချေးရန် အသုံးပြုမည် ဖြစ်သည်။

             “ကျွန်တော်တို့ အသိုင်းအဝိုင်းကတော့ အရှိန်အဟုန်နဲ့ တည်ဆောက်လျက်ရှိပါတယ်။ ဒါဟာ သမိုင်းမှတ်တိုင်ပါပဲ” ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူး Surin Pitsuwan က ကမ္ဘာ့ဘဏ်နှင့် IMF နှစ်ပတ်လည် အစည်းအဝေး၏ အရန်အဖြစ် ဝါရှင်တန်တွင် ဝန်ကြီးများက အဆိုပါ သဘော တူညီချက်အား လက်မှတ်ရေးထိုးအပြီးတွင် ပြောကြားခဲ့သည်။

             “အလှူငွေတွေ၊ လက်ဆောင်တွေပေးတဲ့အချိန်တွေ ကုန်လွန်သွားခဲ့ပါပြီ။ အကြံဥာဏ်သစ်တွေ၊ လုပ်နည်း လုပ်ဟန်သစ်တွေ လုပ်ရပါမယ်။ ချဉ်းကပ်မှုတွေမှာ စုဖွဲ့လုပ်ကိုင်ရပါမယ်” ဟု ၎င်းက ပြောသည်။

             အာဆီယံတွင် တိုးတက်မှုနှင့် အားကောင်းပြီး၊ ကမ္ဘာကျော်အဆောက်အဦးများ ရှိနေသော်လည်း၊ အာဆီယံ၌ တစ်ဦးချင်းအဝေးပြေးလမ်းမကြီး၊ ရထား၊ ရေသန့်နှင့် လျှပ်စစ်မီးအသုံးပြုနိုင်မှုတွင် အဓိကတိုးတက်သော နိုင်ငံများနှင့် ယှဉ်လျှင် နောက်ကျကျန်ခဲ့သည်။

             အာဆီယံအခြေခံအဆောက်အဦးရန်ပုံငွေ (ASEAN Infrastructure Fund)  သည် ဒေါ်လာ ၄၈၅.၂ သန်းနှင့် စတင်မည် ဖြစ်ပြီး တစ်နှစ်လျှင် စီမံကိန်းခြောက်ခုအား ငွေကြေးထောက်ပံ့နိုင်ရန် ရည်မှန်းထားသည်။ ၂၀၂၀ တွင် အဆိုပါ ရန်ပုံငွေသည် ငွေချေးနိုင်သည့် ပမာဏဒေါ်လာ ၄ ဘီလီယံထိ ရှိလာမည်ဟု အာဆီယံက မျှော်လင့်ပြီး၊ စုစုပေါင်း ချေးနိုင်သည့် အင်အားသည် ဒေါ်လာ ၁၃ ဘီလီယံရှိမည် ဖြစ်သည်။

             အဆိုပါ ရန်ပုံငွေအဖွဲ့ကို မလေးရှားတွင် အခြေစိုက်မည်ဖြစ်ပါသည်။ အဆိုပါရန်ပုံငွေအဖွဲ့တွင် မလေးရှားက ဒေါ်လာသန်း ၁၅၀ အများဆုံး ထည့်ဝင်ပြီး၊ အင်ဒိုနီးရှားက ဒုတိယအများဆုံးထည့်ဝင်သူ ဖြစ်ပြီး ဒေါ်လာသန်း ၁၂၀ ထည့်ဝင်ထားသည်။

             အာရှဖွံ့ဖြိုးရေးဘဏ်(ADB)သည် ဒေါ်လာသန်း ၁၅၀ ထည့် ဝင်ထားပြီး၊ တဖြည်းဖြည်းနှင့် ရန်ပုံငွေအဖွဲ့၏ ၇၀% သော ငွေပမာဏထိ ထည့်ဝင် ရန် ရှိသည်။ ADB မှာ မနီလာတွင် အခြေစိုက် သော အဖွဲ့ဖြစ်ပြီး၊ ဂျပန်နှင့် အမေရိကန်တို့မှ ငွေကြေး ထည့်ဝင်ထားသော အဖွဲ့ဖြစ်သည်။

             အဆိုပါရန်ပုံငွေကို ADB က စီမံခန့်ခွဲမည်ဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှုများသည် ငွေရေးကြေးရေးအရ သေချာမှုရှိမရှိ စစ်ဆေးရန် တာဝန်ယူသွား မည်ဖြစ်ကြောင်း၊ ဘဏ်ဥက္ကဋ္ဌ Haruhiko Kuroda က ပြောကြားသည်။

             မြန်မာနိုင်ငံသည် အဆိုပါ ရန်ပုံငွေအဖွဲ့တွင် အစပိုင်း၌ပါဝင်ဦးမည်မဟုတ်ဘဲ၊ နောင်တွင် ပါဝင်လာမည် ဖြစ်ကြောင်း အာဆီယံ တာဝန်ရှိသူ များက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်များအနက် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများတွင် ပါဝင်ပြီး၊ ၎င်း၏ စစ်တပ်နောက်ခံပြု အစိုးရ သည် ဒေသတွင်း စုဖွဲ့မှုများတွင် ကာလရှည်ကြာကပင် ပြဿနာတစ်ခုမဟုတ် တစ်ခုပေးလေ့ ရှိသောနိုင်ငံ ဖြစ်သည်။

             ထိုင်းနိုင်ငံသည်လည်း ချက်ချင်း ပါဝင်ဦးမည် မဟုတ်ပဲ ပြည်တွင်းလုပ်ငန်းအဆင့်ဆင့် ပြုလုပ်ရဦးမည် ဖြစ်သော်လည်း နောက်တွင်ပါဝင်မည်ဟု မျှော်လင့်ရကြောင်း ထိုင်းလူမျိုးတစ်ဦးဖြစ်သူ အာဆီယံ အကြီးအကဲ Surin က ပြောကြားခဲ့သည်။

****************************************************************************

ထိုင်းရှိ မြန်မာဒုက္ခသည်များကို ဆက်လက်ကူညီမည်ဟု အမေရိကန်ပြော

(22 Sept 2011 ရက်စွဲပါ The Nation သတင်းစာမှ “US will continue to aid Burmese refugee: ambassador” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုက ဒုက္ခသည် တစ်သောင်းခန့်ကို ယခုနှစ်အတွင်းခေါ်ယူမည်ဖြစ်ပြီး အခြားကျန်ရှိသူများအတွက်လည်း အကူအညီ အထောက်အပံ့များ ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အမေ ရိကန်သံအမတ်ကြီးက ပြောကြားလိုက်သည်။

ပြောင်းရွှေ့ အခြေချနေထိုင်ရမည့် နေရာအတိအကျမရှိသေးခင် ကာလများအတွင်း ဒုက္ခသည်စခန်းများ၌ စတည်းချ နေထိုင်ကြရသော ဒုက္ခသည်များကိုလည်း အထောက်အပံ့များ ဆက်လက်ပေးသွားမည်ဟုဆိုသည်။

အမေရိကန် သံအမတ်ကြီး Kenney သည် ရာချနာဘူရီပြည်နယ်၊ ဘန်သာဟင်းရှိ ဒုက္ခသည်စခန်းတစ်ခုသို့ စက်တင်ဘာလ ၂၁ ရက်နေ့က သွားရောက်ပြီး ဒုက္ခသည်များ၏ အခြေအနေများကို ကြည့်ရှုလေ့လာခဲ့ကြောင်း၊ ယင်းဒုက္ခသည်စခန်းများအတွက် အကူအညီ အထောက်အပံ့များ ပေးနေသည့် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားသော အကူအညီပေးရေးအဖွဲ့ဝင် ဝန်ထမ်းများနှင့် တွေ့ဆုံကာ အကြံပြုချက်များ ပေးခဲ့ ကြောင်း သိရသည်။

ဘန်သာဟင်းဒုက္ခသည်စခန်းသည် မြန်မာနိုင်ငံမှ ဒုက္ခသည် ၇၅ဝဝ မှ ၈ဝဝဝ ခန့်ကို ကာလကြာရှည်စွာ ထိန်းသိမ်း စောင့်ရှောက်ထားသော စခန်းတစ်ခုဖြစ်သည်။ လူနေမှု ပြွတ်သိပ်ကြပ်ညပ်နေသော်လည်း အနီးနား တစ်ဝိုက်တွင် ပုဂ္ဂလိကပိုင် မြေယာများနှင့် ကျေးရွာများဝန်းရံနေသောကြောင့် ထိုင်းအာဏာပိုင်များက အဆိုပါစခန်းကို တိုးချဲ့ပေးနိုင်ခြင်း မရှိခဲ့ပေ။

မှတ်တမ်းများနှင့် စာရင်းဇယားများအရ ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့်ဆယ်စုနှစ် ၂ ခုတာကာလအတွင်း မြန်မာနိုင်ငံဘက်မှ ထွက်ပြေးဝင်ရောက် လာသော ဒုက္ခသည်ပေါင်း တစ်သိန်းခန့်ရှိပြီး ၎င်းတို့သည် ရချနာဘူရီအပါအဝင် နယ်စပ်ပြည်နယ် လေးခုရှိ ဒုက္ခသည်စခန်းပေါင်း ၉ ခုတွင် ခိုလှုံ နေထိုင် လျက်ရှိသည်။ ဒုက္ခသည်များသည် ၎င်းတို့၏ အမိနိုင်ငံတွင်း အခြေအနေများ လွန်စွာဆိုးရွားသောကြောင့် အိုးအိမ်စွန့်ပစ်ကာ ထိုင်းနိုင်ငံဘက်ရှိ ဒုက္ခသည်စခန်းများသို့ ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ထိုင်းနိုင်ငံတို့က ကြည့်ရှုစောင့်ရှောက် ခဲ့ကြ ရကြောင်း သံအမတ်ကြီး Kenny က ပြောကြားသည်။ အဆိုပါဒုက္ခသည်များ၏ နိစ္စဓူဝ လူမှုဘဝမှာ ထူးမခြားနားပင် ဖြစ်သည်။ တစ်လလျှင်တစ်ကြိမ် စားနပ်ရိက္ခာကို ခွဲတမ်းဖြင့်ရရှိနိုင်ကြပြီး ဒုက္ခသည်စခန်းပြင်ပသို့ထွက်၍ အလုပ် လုပ်ကိုင်နိုင်ခြင်း မရှိပေ။

"သူတို့တတွေ လုံလုံခြုံခြုံတော့ရှိကြပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးပုံစံနဲ့ အမြဲတမ်းနေထိုင်သွားလို့မရပါဘူး" ဟု ၎င်းကဆိုသည်။ အချို့သော ဒုက္ခ သည်များက အမေရိကန်နှင့် သြစတြေးလျကဲ့သို့သော တတိယနိုင်ငံတစ်ခုခုတွင် အခြေချနေထိုင်သွားကြရန် ဆန္ဒရှိနေကြသည်။ အမေရိကန် အနေဖြင့် လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ဒုက္ခသည် ခြောက်သောင်းကျော်ခန့်ကိုခေါ်ယူခဲ့ပြီးဖြစ်သည်ဟု ၎င်း၏အဆိုအရသိရသည်။ "ဒုက္ခသည်အများစုနဲ့ တွေ့ဆုံပြီး ကျွန်မစကားပြောပြီးပါပြီ။ အများစုကတော့ သူတို့တိုင်းပြည်ကို ပြန်ချင်ကြပါတယ်" ဟု သံအမတ်ကြီး Kenny ကပြောသည်။ အဆိုပါဒုက္ခ သည်များကို အမိတိုင်းပြည်သို့ ပြန်ပို့ရန် ထိုင်းနိုင်ငံတွင် အစီအစဉ်ရှိသည်။ သို့သော် ယင်းသို့ပြန်ပို့မှုကို ၎င်းတို့၏ ဆန္ဒအလျောက်သာ လုပ်ဆောင်မည် ဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက သံအမတ်ကြီးကို ထပ်ခါတလဲလဲ အာမခံပြောဆိုထားကြောင်း သိရသည်။ "သူတို့အနေနဲ့ လုံခြုံမှုရှိစွာနဲ့ ဂုဏ်သိက္ခာ ရှိရှိ ပြန်လို့ရကြမှာပါ" ဟုလည်း သံအမတ်ကြီးက ပြောသည်။

ထိုသို့ အမိတိုင်းပြည်သို့ပြန်ကြရာတွင် အလုပ်အကိုင်နှင့်အခြားအာမခံချက်များ မြန်မာအစိုးရအာဏာပိုင်များထံမှ မဖြစ်မနေရရှိရမည် ဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေး ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံရေးဖြေရှင်းချက်တစ်ရပ် ဦးစွာထွက်ပေါ်ရန်လည်း လိုအပ်ကြောင်း၎င်းကဆိုသည်။ ဒုက္ခသည်များ မြန်မာပြည်သို့ မပြန်မီ မြန်မာအာဏာပိုင်များအနေဖြင့် လူသားချင်းစာနာထောက်ထားသော လုပ်ကိုင်မှု များ၊ မြေမြှုပ်မိုင်းများ ရှင်းလင်းပေးမှုများနှင့် အခြေခံအဆောက်အအုံကောင်းများ တည်ဆောက်ပေးမှုများကို မဖြစ်မနေ အကောင်အထည် ဖော်ပေးရန် လည်း လိုအပ်ကြောင်း ပြောဆိုသည်။ အကယ်၍ နိုင်ငံရေးဖြေရှင်းမှုပေါ်ထွက်ခဲ့လျှင်သော်လည်း ဒုက္ခသည်များ အနေဖြင့် စာသင်ကျောင်းများ၊ ကျန်းမာ ရေးစောင့်ရှောက်မှုများလိုအပ်သည်။ လက်ရှိ အချိန်ကာလအထိ ဒုက္ခသည်များ အန္တရာယ် ကင်းရှင်းစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်ဝင်ရောက်လာနိုင် သည်ဟူသော မြန်မာဘက်မှ အရိပ်လက္ခာပြမှုများ မတွေ့မြင်ရသေးဟုလည်း ၎င်းကဆိုသည်။

**************************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment