Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၉..၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးမှုများကို ဘန်ကီမွန်းကြိုဆို

(UPI သတင်းဌာနမှ 27 Sept 2011 ရက်စွဲပါ Ban welcomes developments in Myanmar ကို ဘာသာပြန်ဆိုသည်)

  1. အိန္ဒိယက မြန်မာနှင့် ကုန်သွယ်ရေး နှစ်ဆမြှင့်လို

(The Economic Times သတင်းစာမှ 26 Sept 2011 ရက်စွဲပါ India wants to double trade with Myanmar ကို ဘာသာပြန်ဆိုသည်)

  1. စစ်တပ်က လိင်မှုဆိုင်ရာကျူးလွန်ဆဲဟု ဆို

(26 Sept 2011 ရက်စွဲပါ IRIN မှ “Myanmar: Military Guilty of Rape, Acitivists say” ကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်က တရုတ်အား တိဗက်လူမျိုးများ၏ ရပိုင်ခွင့်များကို လေးစားရန် တိုက်တွန်း

(28 Sept 2011 ရက်စွဲပါ BBC News မှ Michael Bristow ရေးသားသော “US urges China on Tibetan Rights after monks’ protest” ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ ပြောင်းလဲမှု ရနံ့များ

(26 September 2011 ရက်စွဲပါ TODAY online မှ Thaung Tun ရေးသားသော Winds of change pick up in Myanmar ကို ဘာသာပြန်ဆိုသည်)

************************************************************************************************************************

မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးမှုများကို ဘန်ကီမွန်းကြိုဆို

(UPI သတင်းဌာနမှ 27 Sept 2011 ရက်စွဲပါ Ban welcomes developments in Myanmar ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော ဖွံ့ဖြိုးများနှင့် အပြောင်းအလဲများသည် တိုးတက်ဖြစ်ထွန်းမှုများ အတွက် နိမိတ်လက္ခဏာများ ဖြစ်ရာ အစိုးရအနေဖြင့် အလုံးစုံပြည့်ဝမှုရှိကာ နောက်ကြောင်းပြန်မလှည့်နိုင်သည့် အသွင်ကူးပြောင်းမှုမျိုး ပိုမိုဖြစ်ပေါ်အောင် အခိုင်အမာ လုပ်ဆောင် သင့်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းပြောကြားလိုက်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းတွင် အထီးကျန်ဖြစ်နေခဲ့သည့် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရသစ်လက်ထက် ၆ လတာကာလအတွင်း ထွက်ပေါ် လာခဲ့သော ဖွံ့ဖြိုးမှုများကို မစ္စတာဘန်ကီမွန်းကကြိုဆိုလိုက်ပြီး နောက်ထပ်အလားတူ တိုးတက်ဖြစ်ထွန်းမှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်သင့်သည်ဟု လည်း တိုက်တွန်းကြောင်း ကုလသမဂ္ဂ သတင်း ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးစနစ်လက်အောက်သို့ ရောက်ရှိခဲ့ရာမှ ပြီးခဲ့သည့် နိုဝင်လာလ ၇ ရက်နေ့တွင် အငြင်း ပွားစရာ ရွေးကောက်ပွဲတစ်ရပ်ကို ပထမဆုံး ကျင်းပနိုင်ခဲ့သည်။ သို့သော် ယင်းရွေးကောက်ပွဲဖြစ်စဉ်သည် စစ်တပ်အာဏာ ဆက်လက်တည်တံ့ရေး အတွက်သာ ဦးတည် ဒီဇိုင်းဆင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက ဝေဖန်ပြောဆိုကြသည်။

မြန်မာသမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်ဘက်အစိုးရအဖွဲ့သစ်လက်ထက်တွင် အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများ အပြန်အလှန် လည်ပတ်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သလို သမ္မတကိုယ်တိုင်ကလည်း ပြောင်းလဲနေသောကမ္ဘာကြီးနှင့် တန်းတူရင်ပေါင်တန်းနိုင်ရေး အတွက် ကြိုးပမ်းလုပ်ဆောင်သွား မည် ဟု ကတိကဝတ်များလည်း ပြုထားသည်။

"တိုးတက်ဖွံ့ဖြိုးမှုတွေအတွက် စစ်မှန်သော အခွင့်အရေးတွေရှိနေပြီ ဖြစ်ပါသည်။ သို့သော် ပြီးပြည့်စုံမှုရှိပြီး နောက်ကြောင်းပြန်မလှည့်နိုင်သည့် အသွင်ကူးပြောင်းမှုမျိုး အမှန်တကယ်ရယူမည်ဆိုပါက မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်များကို မဖြစ်မနေတိုးမြှင့်လုပ်ကိုင် သွားရမည် ဖြစ်သည်" ဟု မစ္စတာ ဘန်ကီမွန်းက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂအဆောက်အအုံတွင်ကျင်းပပြုလုပ်သော မြန်မာနိုင်ငံမိတ်ဆွေ ရောင်းရင်းများအဖွဲ့၏ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲ ပြီးဆုံးပြီးနောက် ကြေညာချက်ထုတ်ပြန်သည်။

"အထူးသဖြင့် အစိုးရအာဏာပိုင်များအနေဖြင့် နိုင်ငံရေးဇာတ်ကောင်များအားလုံးနှင့် တိုးတက်ကောင်းမွန်မှု ရှိသော ဒိုင်ယာလော့ခ်များ မဖြစ် မနေပြုလုပ်ခြင်း၊ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးခြင်း အစရှိသည်တို့ လုပ်ဆောင်ပေးရမည်ဖြစ်သည်" ဟု ၎င်း၏ ကြေညာချက်က ဆက်လက်ဖော်ပြသည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ်အတွက် ကူညီထောက်ပံ့မှု ပြုလုပ် ပေးရန် တာဝန် ရှိကြောင်း ကုလအထွေထွေအတွင်းရေးမှူးချုပ်က ဆိုသည်။

အဆိုပါ မြန်မာနိုင်ငံမိတ်ဆွေရောင်းရင်းများအဖွဲ့ကို နိုင်ငံပေါင်း ၁၂ နိုင်ငံဖြင့်ဖွဲ့စည်းထူထောင်ထားခြင်းဖြစ်ပြီး ယင်းအဖွဲ့သည် မြန်မာနိုင်ငံ အပေါ် ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ လုပ်ပိုင်ခွင့်(Mandate)များအား အထောက်အကူ ပေးရာတွင် တူညီသော ချဉ်းကပ်မှုများပေါ်ထွန်းရေး အတွက် အတိုင်ပင်ခံဖိုရမ်များ ကျင်းပပေးလေ့ ရှိသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အစိုးရသည် ပြည်သူများ၏ လူမှုဖူလုံရေး တိုးတက်ကောင်းမွန်လာရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်လျက်ရှိပါကြောင်း၊ သို့သော် နိုင်ငံတကာစီးပွားရေးပိတ်ဆို့အရေးယူမှုများကြောင့် မြန်မာပြည်သူများ များစွာထိခိုက်နစ် နာနေရပါကြောင်း ထုတ်ဖော်ပြောဆိုသည်။ မြန်မာနိုင်ငံသည် ပြည်သူ့သဘောထားဆန္ဒဖြင့် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒီမိုကရေစီနိုင်ငံသစ်တစ်ရပ်အဖြစ် ပေါ်ထွန်းလာပြီဖြစ်သောကြောင့် စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တိုက်တွန်းပြောဆိုလိုက်သည်။

**************************************************************************

အိန္ဒိယက မြန်မာနှင့် ကုန်သွယ်ရေး နှစ်ဆမြှင့်လို

(The Economic Times သတင်းစာမှ 26 Sept 2011 ရက်စွဲပါ India wants to double trade with Myanmar ကို ဘာသာပြန်ဆိုသည်)

`        အိန္ဒိယ-အာဆီယံ လွပ်လပ်စွာကုန်သွယ်ရေးသဘောတူညီမှု (IAFTA) အရှိန်အဝါပိုမိုကြီးမားလာစေရေးအတွက် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး နှစ်ဆမြှင့်တင်ရန် ဆန္ဒရှိနေပြီး လယ်ယာစိုက်ပျိုးရေး သုတေသန ပြုရေးနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေး အစရှိသည်ကဏ္ဍတို့တွင် ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုများပြားအောင် လုပ်ဆောင်သွားလိုကြောင်း The Economic Times သတင်းစာက ရေးသားဖော်ပြသည်။

လက်ရှိအနေအထားတွင် အိန္ဒိယ-မြန်မာအကြား ပဲ၊ အသား၊ ထုတ်ကုန်ပစ္စည်းများ၊ သစ်နှင့် ဆေးဝါးပစ္စည်းများ အပြန်အလှန် တင်ပို့ရောင်းချ လျက် ရှိပြီး ကုန်သွယ်မှုတန်ဖိုးမှာ  အမေရိကန် ၁ ဒဿမ ၅ ဘီလီယံရှိသည်။ "နှစ်နိုင်ငံကုန်သွယ်ရေးကို လာမယ့် ၂၀၁၅ ခုနှစ်ကစပြီး နှစ်ဆဖြစ်အောင် လုပ်သွားဖို့ ကျွန်တော်အဆိုပြုပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်သွယ်မှုနယ်ပယ်ကို ပိုမိုကျယ်ကျယ် ပြန့်ပြန့်ဖြစ်လာအောင် လုပ်ဖို့လည်းလိုအပ်ပါတယ်" ဟု အိန္ဒိယ စီးပွားရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ကြီး Anand Sharma က နယူးဒေလီမြို့တွင် စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်သော အိန္ဒိယ- မြန်မာ ပူးတွဲကုန်သွယ်ရေးကော်မရှင် အစည်းအဝေး၌ ပြောကြားသည်။

ယင်းအစည်းအဝေးပွဲသို့ မြန်မာစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်လည်း တက်ရောက်သည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းအနေဖြင့် အကောက်ခွန်ကင်းလွတ်ခွင့် ဦးစားပေးမှု အစီအစဉ် (DFTPS) နှင့် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့်(Asean FTA) တို့ကိုအသုံးပြုကာ အပြန်အလှန် ကုန်သွယ်မှု တိုးတက်များပြားလာအောင် လုပ်ဆောင်သင့်ကြောင်း မစ္စတာ Anand Sharma ကပြောကြားသည်။ အိန္ဒိယသည်

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) နှင့် လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်ကို စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ပြီး မြန်မာသည် ၎င်း၏ ထိပ်တန်းကုန်သွယ်ရေးမိတ်ဘက်နိုင်ငံ ဖြစ်သည်။ လာမည့် ၂ဝ၁၃ ခုနှစ်တွင်စတင်ရန်မျှော်မှန်းထားသည့် ကုန်းလမ်းနှင့် ရေလမ်းကြောင်းများ ပါဝင်သော ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းသည် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသနှင့် အခြားသော ကမ္ဘာ့နိုင်ငံများ အကြား ကုန်သွယ်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ဝန်ကြီး မစ္စတာ Anand Sharma ကဆိုသည်။ အမေရိကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံ တည်ဆောက်လျက်ရှိသည့် ယင်းကုလားတန်စီမံကိန်း ပြီးဆုံးသွားပါက အိန္ဒိယအရှေ့ပိုင်းဒေသဆိပ်ကမ်းမြို့များနှင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် စစ်တွေ ဆိပ်ကမ်းအကြား တိုက်ရိုက် ကုန်သွယ်ရေးစင်္ကြံ ပေါ်ပေါက်လာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် မီဇိုရမ်ပြည်နယ်သို့ မြစ်ကြောင်းနှင့် ကုန်းကြောင်း သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းဖြစ်ပေါ်လာမည်ဖြစ်သည်။

ထို့ပြင် အိန္ဒိယ-မြန်မာ အိမ်နီးချင်းနှစ်နိုင်ငံသည် မီဇိုရမ်ပြည်နယ်၊ နှစ်နိုင်ငံနယ်စပ်ဒေသ၌ ကုန်းတွင်း အကောက်ခွန်ဌာနများ တည်ဆောက် ထားရှိရန် လိုအပ်ချက်ရှိသည်ဟူသောအချက်ကို နားလည်သဘောပေါက်ထားသည်။ ထိုသို့ အကောက်ခွန်စခန်းများဖွင့်လှစ်ရာတွင် အိန္ဒိဘက်အခြမ်းရှိ မိုးရေး နှင့် မြန်မာဘက်မှ တမူးမြို့တို့သည် တည်ငြိမ်အေးချမ်းမှု ရှိသည် ဟူသောအချက်ကို နှစ်ဖက်စလုံးက မှတ်ချက်ပြုထားသည်။ အိန္ဒိယ -မြန်မာ နှစ်နိုင်ငံသည် ကုန်သွယ်မှုပြုလုပ်သည့် အမျိုးအမယ် ၂၂ မျိုးမှ ၄၀ မျိုးအထိ တိုးချဲ့ထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင်း စိုက်ပျိုးရေးသုတေသန အခြေခံကောင်းများ တည်ဆောက်ရေးနှင့် မျိုးစေ့အရည်အသွေး စုံလင်ကောင်းမွန်ရေးအတွက် အကူ အညီအထောက်အပံ့များ ပေးသွားမည်ဟု မစ္စတာ Anand Sharma က ကမ်းလှမ်းထားသည်။ အိန္ဒိယအနေဖြင့် မြန်မာ့သဘာဝဓာတ်ငွေ့တူးဖော်ရေး အခန်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်ရန် ဆန္ဒရှိကြောင်း၊ အိန္ဒိယကုမ္ပဏီများကလည်း သဘာဝဓာတ်ငွေ့ဆိုင်ရာ စီးပွားရေးလုပ်ငန်းခွဲများ ဖွင့်လှစ်ရေးနှင့် LNG

အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံရေးပြုလုပ်ရန် စိတ်ဝင်စားမှုရှိသည်ဟု ထုတ်ဖော်ပြောဆိုထားကြောင်း ၎င်းကဆိုသည်။

အိန္ဒိယ-အာဆီယံ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်နှင့် အကောက်ခွန်ကင်းလွတ်ခွင့် အစီအစဉ်တို့ကို အကောင်အထည် ဖော်ခြင်း အားဖြင့် နှစ်နိုင်ငံ စီးပွားရေးပူးတွဲလုပ်ဆောင်မှုများ ပိုမိုမြင့်တက်လာမည်ဟု အဆိုပါ အစည်းအဝေးတွင် မှတ်ချက်ပြုခဲ့သည်။

*****************************************************************************

စစ်တပ်က လိင်မှုဆိုင်ရာကျူးလွန်ဆဲဟု ဆို

(26 Sept 2011 ရက်စွဲပါ IRIN မှ “Myanmar: Military Guilty of Rape, Acitivists say” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် မကြာသေးမီက မြန်မာစစ်တပ်၏ ထိုးစစ်ဆင်မှုများတွင် ကချင် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့် သည့် အဖြစ်အပျက်များ တိုးတက်ခဲ့ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက သတင်းပေးပို့ကြသည်။

ကချင်ပြည်နယ်တစ်ခုတည်းတွင် ဇွန်လ၌ ရှစ်ရက်အတွင်း အဓမ္မပြုကျင့်မှု (၁၈)ခု ရှိခဲ့ပြီး တစ်ခါတစ်ရံ သတ်ဖြတ်မှုများပင် ပါဝင်ကြောင်း ကချင် အမျိုးသမီးများအဖွဲ့ (KWAT)က အထောက်အထားများဖြင့် ဖော်ထုတ်ခဲ့သည်။ စက်တင်ဘာလအတွင်း ယနေ့အထိ အစိုးရတပ်များ လှုပ်ရှားသော ဒေသများတွင် အဓမ္မပြုကျင့်မှု (၃၇) ခုထိ တိုးပွားခဲ့ကြောင်း သတင်းပေးပို့မှုများ ရှိခဲ့သည်။ အဓမ္မပြုကျင့်ခံရသူများတွင် (၁၅)နှစ်အရွယ် အမျိုးသမီး နှစ်ဦးနှင့် မြေးမိန်းကလေးအား သတ်ဖြတ်ပြီးမှ အသတ်ခံရသူ အသက် (၅ဝ)အရွယ် အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်ဟု သတင်းများက ဆိုသည်။

“အရပ်သားတွေ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရပါတယ်။ မြန်မာစစ်တပ်က KIO ကို သတင်းပေးတယ်လို့ ထင်တဲ့လူတွေ တစ်ခါတစ်ခါ ပျောက် ပျောက် သွားတယ်။ လူတိုင်းက စကားပြောရမှာ ကြောက်နေတယ်” ဟု KWAT ပြောခွင့်ရပုဂ္ဂိုလ် Ah Noh က ပြောသည်။

“အဓမ္မလုပ်အားပေးစေခြင်း၊ နှိပ်စက်ခြင်းနှင့် တရားဥပဒေပြင်ပ သတ်ဖြတ်ခြင်း စတဲ့ ကျူးလွန်မှုတွေမှာ အလေးအနက် စိုးရိမ်ဖွယ်ကတော့ လိင်ကိစ္စ ကျူးလွန်မှုပဲ ဖြစ်ပါတယ်” ဟု Human Rights Watch မှ သုတေသနပြုသူ ဒေးဗစ်စကော့မက်သီဆန် (David Scott Mathieison) က ဖြည့်စွက် ပြောကြားခဲ့သည်။

ကချင်ပြည်နယ်တစ်ခုတည်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း နှစ်သောင်းခွဲကျော် နေရာပြောင်းရွှေ့မှုများ ရှိခဲ့သည်။ မြန်မာ ဗိုလ်ချုပ်များက ယင်းတို့သည် တိုင်းပြည်လုံခြုံရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်များအားလုံးကို မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြား စောင့်တပ် အသွင်ပြောင်းရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။ သို့သော် ဝေဖန်သုံးသပ်သူ အများစုကမူ အစိုးရ၏ အဓိက ရည်ရွယ်ချက်မှာ တိုင်းရင်းသား ဒေသများရှိ ရေအားလျှပ်စစ်တမံများ ကဲ့သို့သော စွမ်းအင်အရင်းအမြစ်များအား ထိန်းချုပ်နိုင်ရန်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်အတွင်း တရုတ်၊ လာအိုနှင့် ထိုင်းနယ်စပ်ရှိ ကရင်၊ ကချင်နှင့် ရှမ်းဒေသများတွင် စစ်တပ်များ ပိုမို ချထားပြီး တိုက်ပွဲများလည်း တိုးပွားခဲ့သည်။

         နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ Benjamin Zawicki က ပြောကြားရာတွင် KWAT ၏ အစီရင်ခံစာမှာ ယခင်ပြည်တွင်းပဋိပက္ခများနှင့် ကိုက်ညီမှု ရှိသည်ဟု ဆိုသည်။

“သူတို့ဟာ လက်စားချေတဲ့အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားလေ့ရှိပါတယ်” ဟု ထိုင်းအခြေစိုက် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။ “ကျွန်တော် တို့ရဲ့ ၂ဝဝ၈ ခုနှစ်က အစီရင်ခံစာ ဖြစ်တဲ့ မြန်မာနိုင်ငံ အရှေ့ပိုင်းမှ လူသားချင်း မစာနာသော ရာဇဝတ်မှုများ အစီရင်ခံစာမှာလည်း ဒီသဘာဝ တွေ တွေ့ရပါမယ်” ဟု ယင်းက ဆိုသည်။

“ကျွန်မတို့အနေနဲ့ကတော့ အမျိုးသမီးအဖွဲ့အစည်းဖြစ်တာနဲ့အညီ အမျိုးသမီးထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပြုမူ ဆက်ဆံတာတွေကို အာရုံပြု ဖော်ထုတ်သွားမှာပါ။ အဓမ္မပြုကျင့်ခြင်းကို စစ်ပွဲရဲ့လက်နက်သဖွယ် အသုံးပြုတာမျိုး ကိုပေါ့” ဟု Shan Women’s Action Network (SWAN) မှ ပြောခွင့်ရပုဂ္ဂိုလ် Jam Thong က ပြောသည်။

သူမသည် ၂ဝဝ၄ ခုနှစ်က အဓမ္မကျင့်ခွင့် လိုင်စင် အမည်ရ အစီရင်ခံစာတွင် ပါဝင်ပြုစုခဲ့သူဖြစ်ပြီး အမျိုးသမီး (၆၂၅)ဦးအပေါ် လိင်ပိုင်းဆိုင်ရာ ရက်စက်စွာ ပြုမူပုံ အသေးစိတ် အဖြစ်အပျက်များ တင်ပြခဲ့သည်။ “ဒီပြစ်မှုတွေဟာ စစ်အစိုးရရဲ့ အရေးယူအပြစ်ပေးခံရခြင်းမရှိဘဲ ယနေ့ထိ ကျူးလွန်နေ ဆဲ ဖြစ်ပါတယ်” ဟု သူမက ပြောသည်။

“ရှမ်းပြည်နယ်မှာ ဖြစ်ခဲ့တာတွေ ကျွန်မတို့မှာ အထောက်အထားတွေ ရှိပါတယ်။ ကရင်ပြည်နယ်မှာ ဖြစ်ခဲ့တာတွေ ကျွန်မတို့နဲ့ မဟာမိတ် အဖွဲ့ ဆီမှာ အထောက်အထားတွေ ရှိပါတယ်။ အပစ်အခတ်ရပ်စဲထားတဲ့ မွန်၊ ချင်းနဲ့ ကချင်ပြည်နယ်တွေမှာတောင် ဖြစ်ပျက်တာတွေ ရှိပါတယ်” ဟု သူမက ပြောသည်။

ပြီးခဲ့သည့် မတ်လကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများတွင် အမျိုးသမီးများအား အဓမ္မပြုကျင့်မှု အထောက်အထားများ ရှိနေကြောင်း၊ ထိုအထဲတွင် ဇူလိုင်လက (၁၂) နှစ်အရွယ် အမျိုးသမီးလေးတစ်ဦးအား သူမ၏ မိခင်ရှေ့တွင် အဓမ္မပြုကျင့်ခဲ့ ကြောင်း ပါဝင်သည်ဟု SWAN ၏ အစီရင်ခံစာအရ သိရှိရသည်။

KIO ဌာနချုပ် လိုင်ဇာရှိ ရုံးတွင် တာဝန်ယူထားသူ ကချင်ဗိုလ်ချုပ် Je Naw La Zing က ပြောကြားရာတွင် ထိုသို့သော တိုက်ခိုက်မှုများအပေါ် ယင်း အနေဖြင့် မအံ့ဩတော့ကြောင်း ဆိုသည်။ “ဗမာစစ်သားတွေက အမျိုးသမီးတွေကို အဓမ္မပြုကျင့်တယ်။ ရွာသားတွေကို သတ်တယ်။ ဒါတွေကို သူတို့တပ်မှူးတွေကို ပြန်သတင်းမပို့ပါဘူး။ သူတို့လူကြီးတွေ သိလောက်အောင် အရေးကြီးတဲ့ကိစ္စမဟုတ်ဘူးလို့ သူတို့က ထင်နေပါတယ်။ သူတို့က တိုင်းရင်းသားတွေကို ရှင်းပစ်ချင်နေတာ။ ကျွန်တော်တို့ကို သူတို့လို ဗုဒ္ဓဘာသာ ကိုးကွယ်၊ သူတို့လိုပြောပြီး သိမ်းသွင်းချင်တာ” ဟု ယင်းက ရှင်းပြသည်။

အထက်ပါ ကျူးလွန်မှုများနှင့် ပတ်သက်၍ အစိုးရက မူဝါဒပိုင်းအရ ပံ့ပိုးမှုများ ပေးသည်ဆိုသော အထောက်အထား မရှိသော်လည်း ထိုကဲ့သို့ ဖြစ်ပေါ်ဆဲ ဖြစ်ကြောင်းကိုမူ တက်ကြွလှုပ်ရှားသူများ (Activists)က သံသယမရှိ ယုံကြည်ကြသည်။ ထို့အပြင် အဆိုပါ ပြစ်မှုကျူးလွန်သူများမှ အစိုးရက အရေးယူမှု အနည်းငယ်သာ ရှိသည်။ “အစိုးရရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စေတဲ့ ဗျူဟာအသုံးပြုမှုကတော့ အလေးအနက် စိုးရိမ်စရာ အကောင်းဆုံး အချက်ပါပဲ။ အစီရင်ခံစာတွေဟာ အများလက်ခံတဲ့ အုပ်စုတွေက ဒေသစုံမှာ နှစ်ပိုင်းအလိုက် အထောက်အထား ကောင်းကောင်း ပြည့်စုံပါတယ်။ ဒီစွပ်စွဲမှုတွေကို ပယ်ချခြင်း ဟာလည်း ပြစ်မှုမြောက်ပါတယ်” ဟု HRW မှ Mathieson က ရှင်းပြသည်။

***************************************************************************

အမေရိကန်က တရုတ်အား တိဗက်လူမျိုးများ၏ ရပိုင်ခွင့်များကို လေးစားရန် တိုက်တွန်း

(28 Sept 2011 ရက်စွဲပါ BBC News မှ Michael Bristow ရေးသားသော “US urges China on Tibetan Rights after monks’ protest” ကို ဘာသာ ပြန်ဆိုသည်)

ငယ်ရွယ်သော ရဟန်းနှစ်ပါး မိမိကိုယ်ကို မီးရှို့မှုဖြစ်ပွားပြီးနောက် အမေရိကန်ပြည်ထောင်စုက တရုတ်အစိုးရအား တိဗက်လူမျိုးတို့၏ ရပိုင်ခွင့် များကို လေးစားရန် တိုက်တွန်းခဲ့သည်။

ယင်းရဟန်းနှစ်ပါးသည် ဘာသာရေးလွတ်လပ်ခွင့် အားနည်းမှုကြောင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါအဖြစ်အပျက်မှာ စီချွမ် ပြည်နယ် Kirti ဘုန်းကြီးကျောင်းတွင် ဖြစ်ပွားခြင်းဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားသော တရုတ်၏ အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြသော အဖြစ်အပျက်များမှ တစ်ခု ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြားရာတွင် ယင်းတို့သည် အဆိုပါ ဆန္ဒပြမှုအပေါ် အလေးအနက်စိုးရိမ် ပူပန်မှုဖြစ်ရကြောင်း ပြောကြား ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာနက တရုတ်အစိုးရအား တိဗက်ပြည်သူများ၏ ရပိုင်ခွင့်များကို လေးစားရန်နှင့် ယင်းတို့၏ ဘာသာရေး၊ ယဉ်ကျေးမှု နှင့် ဘာသာစကားတို့ကို အကာအကွယ်ပေးရန် တောင်းဆိုခဲ့သည်။ အမေရိကန်က ပြောကြားရာတွင် တရုတ်၏ အချို့မူဝါဒများသည် တိဗက်ဒေသတွင် တင်းမာမှုများကို ဖန်တီးသကဲ့သို့ ဖြစ်နေကြောင်းဆိုသည်။

ဘုန်းတော်ကြီးနှစ်ပါး မိမိကိုယ်မိမိ မီးရှို့သည့် နောက်ဆုံးအဖြစ်အပျက်သည် တရုတ်၏ အုပ်ချုပ်မှုကို ရှင်းရှင်းလင်းလင်း ဆန္ဒပြလိုက်ခြင်း ဖြစ်သည်။ အမေရိကန်က သတင်းစာဆရာများနှင့် သံတမန်များအား တိဘက်ဒေသသို့ သွားရောက်၍ အဆိုပါ အဖြစ်အပျက်များကို ကိုယ်တိုင်ကိုယ်ကျ ရှာဖွေ ဖော်ထုတ်ကြရန် တောင်းဆိုခဲ့သည်။

ဘုန်းတော်ကြီးနှစ်ပါးသည် မီးလောင်မှုဒဏ်ကို အနည်းငယ်ခံစားကြရသည်ဟု သတင်းများက ဆိုသည်။ မည်သို့ပင်ဖြစ်စေ အဆိုပါ အဖြစ် အပျက် အားလုံးသည် တိဗက်လူမျိုး အများစုနှင့် တရုတ်အာဏာပိုင်များကြားရှိ တင်းမာမှုများကို ပြသနေသည်။

တိဗက်လူမျိုးများတွင် အတိအလင်းမဖော်ပြသော တရားမျှတမှုမရှိဟု ခံစားနေရမှုများရှိမည်ဟုယူဆရကြောင်း၊ တရုတ်အစိုးရကလည်း လက်ခံ နိုင်ဖွယ် မရှိကြောင်း ဖော်ပြခဲ့သည်။ အဆိုပါတင်းမာမှု အများစုအား တိဗက်ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားအပေါ်တွင်သာ ဘေဂျင်းက အပြစ် ပုံချလေ့ ရှိသည်။

***************************************************************************

မြန်မာနိုင်ငံ၏ ပြောင်းလဲမှု ရနံ့များ

(26 September 2011 ရက်စွဲပါ TODAY online မှ Thaung Tun ရေးသားသော Winds of change pick up in Myanmar ကို ဘာသာပြန်ဆိုသည်)

                ယခင် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်သည် ယခုနှစ် အစောပိုင်းက မြန်မာနိုင်ငံတွင် သမ္မတအဖြစ် ရွေးကောက်ခဲ့သောအခါ စောင့်ကြည့် လေ့လာ သူများက ယင်းအား အစိုးရဟောင်း၏ ရုပ်သေးတစ်ရုပ်အဖြစ် ရှုမြင်ခဲ့ကြသည်။

                ယင်းတို့က နိုဝင်ဘာ ရွေးကောက်ပွဲအား အပြကောင်းရုံ သက်သက်သာ ဖြစ်ပြီး နှစ်ပေါင်း လေးဆယ်ခန့် အုပ်ချုပ်လာသော စစ်တပ်ကသာ နောက်ကွယ်မှ ကြိုးကိုင်၍ ယခင်အတိုင်း အုပ်ချုပ်လိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။ သို့သော် ယင်း၏ သက်တမ်း ၆ လခန့် ကြာသောအခါ သမ္မတသစ် သည် ယင်းပေါ် ဝေဖန်ခဲ့မှုများ မှားယွင်းကြောင်း စတင် သက်သေပြလာခဲ့သည်။

                မြန်မာနိုင်ငံ အနေဖြင့် ယခင် လူအများ အယုံအကြည်ကင်းမဲ့ခဲ့သော မူဝါဒများကို ပစ်ပယ်ခဲ့ပြီး ပိုမို တံခါးဖွင့်သော မူဝါဒများကို ချမှတ်လာခဲ့ သည်။ မကြာသေးမီက သတင်းထုတ်ပြန်ချက်များက တိုင်းပြည်တွင် မြင်သာသော ပြောင်းလဲမှုလက္ခဏာများ တိုးတက်လာသည်ကို ပြသနေသည်။

                အမှန်တကယ် ပြောင်းလဲမှုများ မိုးကုတ် စက်ဝိုင်းတွင် ပျပျ တွေ့နေရပြီဟု မျှော်လင့်ချက်များကို ပိုမို ခိုင်မာစေခဲ့သော အကြောင်းမှာ မကြာသေး မီက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသော အီးယူနှင့် အမေရိကန်တို့မှ အကြီးတန်း တာဝန်ရှိ ပုဂ္ဂိုလ်များ၏ သတင်း ထုတ်ပြန်ချက်များပင် ဖြစ်သည်။ အီးယူ ၏ လူသားချင်း စာနာခြင်းဆိုင်ရာ အကူအညီပေးရေး မဟာမင်းကြီး Kristalina Georgieva က ပြောကြားရာတွင် ဒုက္ခဖြစ်စေသော ဒေသများတွင် ပိုမို ထိတွေ့ရေးအတွက် အစိုးရ၏ စီမံချက်များအပေါ် သူမအနေဖြင့် အားရမိကြောင်း ပြောသည်။

                အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ် Derek Mitchell ကလည်း မြန်မာနိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်အပြီးတွင် သမ္မတ ဦးသိန်းစိန်၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှု၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းမှု၊ တိုင်းရင်းသားများနှင့် တွေ့ဆုံ ဆွေးနွေးရန် လူသိ ရှင်ကြား အလေးအနက်ပြောကြားမှုနှင့် မီဒီယာ ဆင်ဆာများ ဖြေလျော့ပေးမှုစသည့် နေပြည်တော်၏ ပြသသော လက္ခဏာများအပေါ် အမေရိကန် ပြည်ထောင်စု အနေဖြင့် အသိအမှတ်ပြု ကြိုဆိုကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အစစ်အမှန် ကတိပြုခြင်း

                တိုင်းပြည်တွင် ယနေ့ တိုးတက်နေသော အကောင်းမြင်မှုများမှာ သမ္မတသစ်အနေဖြင့် ပြုပြင် ပြောင်းလဲမှုများအတွက် အမှန်တကယ် ကတိများ ပေးခဲ့သည်ဟု ယူဆရသည့် အချက်အပေါ် အခြေခံ၍ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းသည် နိုင်ငံရေးအရ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ မူဝါဒများ၊ ဒီမိုကရေစီ ကျင့်စဉ်များ အားကောင်းရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ပြောဆိုခဲ့သည့်အပြင် လက်တွေ့ ဆောင်ရွက်မှုများ ပါရှိလာခဲ့သည်။

                ယင်းသည် ထူးထူးခြားခြား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး သမ္မတ အိမ်တော်တွင် ညစာ တည်ခင်းခဲ့သည်။ မြန်မာသတင်းစာများတွင် သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သူမ၏ ဖခင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံရှေ့တွင် ရိုက်ကူး ထား သော ဓာတ်ပုံကို ဖော်ပြခဲ့ခြင်းမှာ အပေါင်း လက္ခဏာဆောင်သော အချက်ပေးမှုတစ်ခုအဖြစ် စောင့်ကြည့် လေ့လာသူများက သဘောတူကြသည်။

                ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လေထဲတွင် နွေဦးရနံ့များ ရနေသကဲ့သို့ ရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။ ဒီမိုကရေစီနေ့တွင် ပြောကြားသော သူမ၏ မိန့်ခွန်းတွင် "ပြောင်းလဲမှုအတွက် အခွင့်အလမ်းတွေ ရှိတဲ့ နေရာကို ရောက်နေပြီလို့ ကျွန်မ ယုံကြည်ပါတယ်" ဟု ဆိုခဲ့သည်။

                သူမက AFP သို့ ပြောကြားခဲ့ရာတွင် အစိုးရသစ်သည် ဒီမိုကရေစီ ပြောင်းလဲရေးအတွက် အမှန်တကယ် ဆန္ဒရှိပုံရပြီး အာရပ်ပုံစံ အုံကြွမှုများမှာ တိုင်းပြည်၏ ပြဿနာအတွက် အဖြေမဟုတ်ကြောင်း ပြောကြားခဲ့သည်။ "အပြောင်းအလဲတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်မတို့ လုံးဝလွတ်လပ်ခွင့် ရနေပြီ လို့ မထင်သေးပါဘူး။ အများကြီး သွားရဦးမှာပါ။ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ ရှိနေပြီလို့ ကျွန်မ ထင်ပါတယ်" ဟု သူမက ပြော သည်။

                ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးဟောင်း ဖြစ်ပြီး လက်ရှိအကျိုးအမြတ် မယူသော Network Myanmar ၏ CEO ဖြစ်သူ Derek Tonkin က အခြေအနေကို အကျဉ်းချုပ် ပြောကြားရာ၌ "အစိုးရဟာ အများထင်က ထင်ထားတဲ့ သူ့ရဲ့ရည်မှန်းချက်တွေ ဖြစ်နိုင်ခြေထက် ပိုပြီး လုပ်ဆောင်နေပါတယ်။ လူမှုဝန်ထမ်း ကိစ္စတွေနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စတွေမှာ စိတ်အားထက်သန်တယ်ဆိုတာ ပြခဲ့ပါတယ်" ဟု ဆိုသည်။

                သို့သော်လည်း တိုင်းပြည်တွင် အပြောင်းအလဲများသည် အပေါ်ယံ အပြသက်သက်ထက် ကျော်လွန်၍ အမှန်တကယ်ဖြစ်နေပြီ ဆိုသည်ကို မယုံကြည်ပဲ သံသယရှိနေသေးသူများ ရှိနေသည်မှာ အံ့သြဖွယ်တော့ မဟုတ်ပေ။ Mitchell ကလည်း ထိုကိစ္စကို သွယ်ဝိုက် ပြောကြားခဲ့ရာတွင် "ဘယ်အရာမဆို အဆုံးတွေ အစတွေ ရှိတယ်ဆိုတာ ဒီတိုင်းပြည်ကို စောင့်ကြည့်နေသူတွေ အားလုံး သိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ မျှော်လင့် ချက်တွေကို စိတ်ပျက်နေတာလဲ သိမှာပါ။ အခုထိ ဖြစ်ပျက်နေတာတွေ ရပ်သွားပြီး၊ နောက်ပြန်လှည့်သွားနိုင်တာလဲ သိကြမှာပါ။ ခေါင်းဆောင် တွေကို ကျွန်တော် အမှန်တကယ် တိုက်တွန်းလိုတာကတော့ သံသယတွေကို မှားတယ်ဆိုတာ သက်သေပြဖို့ပါပဲ" ဟု ဆိုသည်။

စီးပွားရေး နိုးထမှု

                မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ဆယ်စုနှစ်ပေါင်းများစွာ တန့်နေပြီး အိပ်မောကျနေရာမှ နိုးထစသာ ရှိနေသေးသည်။ ပထမဆုံး ဗိုလ်ချုပ်ကြီး နေဝင်း ၏ မှားယွင်းသော မူဝါဒများနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် စမ်းသပ်မှုများဖြင့် အစပြုခဲ့ရာမှ နောက်ပိုင်းတွင် အမေရိကန်နှင့် အီးယူတို့၏ စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများကို ခံခဲ့ရသည်။

                Xinhua နှင့် BBC တို့တွင် ဖော်ပြသော သတင်းများ အရ မြန်မာနိုင်ငံသည် ပြီးခဲ့သည့်နှစ် တစ်နှစ်တည်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စံချိန်တင် အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံ (စင်ကာပူ ဒေါ်လာ ၂၆ ဘီလီယံ) ရရှိခဲ့သည်။ ထိုအထဲတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အမေရိကန် ဒေါ်လာ (၁၀.၂) ဘီလီယံ၊ လျှပ်စစ်ဓာတ်အား ကဏ္ဍတွင် အမေရိကန်ဒေါ်လာ (၈.၃) ဘီလီယံ၊ သတ္တုကဏ္ဍတွင် အမေရိကန်ဒေါ်လာ (၇.၇၅) ဘီလီယံနှင့် ထုတ်လုပ်မှု ကဏ္ဍတွင် အမေရိကန်ဒေါ်လာ (၆၆.၃)သန်း ရှိခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်က အများဆုံး အမေရိကန်ဒေါ်လာ (၇.၇၅) ဘီလီယံ ရှိပြီး၊ ဟောင်ကောင်က အမေရိကန်ဒေါ်လာ (၅.၇၉) ဘီလီယံ၊ တောင်ကိုးရီးယားက အမေရိကန်ဒေါ်လာ (၂.၆၇) ဘီလီယံ၊ ထိုင်းနိုင်ငံက အမေရိကန် ဒေါ်လာ (၂.၁၄) ဘီလီယံ၊ ဗြိတိန်က အမေရိကန် ဒေါ်လာ (၇၉၉)သန်း နှင့် စင်္ကာပူက အမေရိကန် ဒေါ်လာ (၂၂၆)သန်း အသီးသီး အစဉ်လိုက် ရင်းနှီး မြှုပ်နှံကြသည်။

                အဆိုပါ ကိန်းဂဏန်းများကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံသည် သယံဇာတ ကြွယ်ဝသောနိုင်ငံ ဖြစ်ပြီး အနောက်နိုင်ငံ၏ အရေးယူမှုများ ရှိသော် လည်း၊ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည်ဟု ကောက်ယူနိုင်ပြီး၊ အနောက်နိုင်ငံ၏ အရေးယူမှုများ မအောင်မြင် ဆိုသည်မှာ ရှင်းနေသည်။

                အနောက်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး အရ ချဉ်းကပ်မှုများ ပြုလုပ်နိုင်မှသာ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ လူမှုရေး နှင့် စီးပွားရေး ဆိုင်ရာများ ပိုမို လွတ်လပ်ရန် မြှင့်တင်ပေးနိုင်မည့် အခွင့်အလမ်း ရနိုင်မည် ဖြစ်သည်။

                အနောက်နိုင်ငံများက ခပ်ဝေးဝေး နေလေလေ၊ တရုတ်၏လက်ဦးမှုက အားကောင်းလာလေလေသာ ဖြစ်သည်။ တရုတ်ကော်ပိုရေးရှင်း အတော်များများသည် ကြီးမားသော ရေအားလျှပ်စစ်များ၊ သတ္တုတူးဖော်ရေးများနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ပါဝင်ပတ်သက်လျက် ရှိ သည်။ အဆိုပါ စီမံကိန်းများတွင် ရေကာတာကြီးများ ဆောက်လုပ်ခြင်း၊ မြန်မာနိုင်ငံကို ဖြတ်၍ ပိုက်လိုင်းနှင့် ရထားလမ်းဖောက်လုပ်ခြင်းများ ပါဝင်သည်။

                ထို့အပြင် တရုတ်သည် မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်း ရမ်းဗြဲကျွန်းတွင် ရေနက် ဆိပ်ကမ်းနှင့် ရေနံဆိပ်ကမ်း တည်ဆောက်လျက် ရှိ သည်။ ပြီးစီးခဲ့ပါက အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ တင်ဆောင်လာသော ရေနံတင် သင်္ဘောများသည် မလက္ကာရေလက်ကြားကို ဖြတ်ရန် မလိုတော့ ပဲ အဆိုပါဆိပ်ကမ်းမှ တဆင့် ပိုက်လိုင်းဖြင့် ကူမင်းသို့ ပို့ဆောင်နိုင်မည် ဖြစ်သည်။

                မြန်မာနိုင်ငံ၏ အခြားအိမ်နီးချင်းများ ဖြစ်သော အိန္ဒိယနှင့်ထိုင်းနိုင်ငံတို့ကလည်း တိုင်းပြည်၏ တံခါးအဖွင့်တွင် အကျိုးအမြတ် ရရှိအောင် ခုန်ဝင် လာလျက် ရှိသည်။

                အမေရိကန်ဒေါ်လာ သန်း (၁၁၀)တန်ဖိုးရှိ ကုလားတန် စီမံကိန်းသည် မြန်မာနိုင်ငံ၏ အနောက်ဖက် ကမ်းရိုးတန်းနှင့် အိန္ဒိယ၏ ကုန်းတွင်းပိတ် အရှေ့မြောက် ပြည်နယ်များကို ဆက်သွယ်ပေးပါသည်။ အဆိုပါ ဒေသကား ပင်လယ်ထွက်ပေါက် ရရှိပြီး အရှေ့တောင် အာရှနှင့် စီးပွားရေး ပိုမို ဆက်သွယ် နိုင်မည် ဖြစ်သည်။ အဆိုပါ စီမံကိန်းတွင် စစ်တွေဆိပ်ကမ်း အဆင့်မြှင့်တင်ရေးနှင့် မြန်မာနိုင်ငံတွင်း ကုလားတန် မြစ်တစ်လျှောက် စစ်တွေမှ စက်ပစ်ပြင် ကြား ၂၂၅ ကီလိုမီတာ ရှည်သော ရေကြောင်း ထိန်းသိမ်းရေးလည်း ပါဝင်သည်။ ထို့အပြင် စက်ပစ်ပြင်မှ မီဇိုရမ်ရှိ Lawngtlai သို့ ၆၂ ကီလို မီတာ ရှည်သော လမ်းပါဝင်ပြီး၊ အိန္ဒိယ၏ အမျိုးသား အဝေးပြေးလမ်းမကြီး အမှတ် (၅၄) သို့ သွားရောက် ပေါင်းဆုံမည် ဖြစ်သည်။

                မြန်မာနှင့် ထိုင်းတို့ကလည်း မြန်မာနိုင်ငံတောင်ဖက် ထားဝယ်တွင် ကြီးမားသော ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရန် မူဝါဒများ သဘောတူ လက်မှတ် ရေးထိုးပြီး ဖြစ်သည်။ အဆိုပါ စီမံကိန်းတွင် ဘန်ကောက်သို့ ရထားလမ်းနှင့် ကားလမ်းပါဝင်မည် ဖြစ်ပြီး အမေရိကန် ဒေါ်လာ (၁၃) ဘီလီယံ တန်ဖိုးရှိ အထူးစီးပွားရေးဇုန် ပါဝင်မည် ဖြစ်သည်။

အာဆီယံ ဥက္ကဋ္ဌ နေရာ ကြိုးပမ်းခြင်း

                ကြီးမားသော အခြေခံ အဆောက်အဦ စီမံကိန်းများသည် မြန်မာနိုင်ငံကို ယင်း၏ အိမ်နီးချင်း နိုင်ငံများနှင့် ဆက်သွယ်ပေးပြီး ယခင်ကနှင့် မတူသော လမ်းဖွင့်ပေးမှုများ ဖန်တီးပေးသည်။ အခြား အရှေ့တောင် အာရှ နိုင်ငံများ ဖြစ်သော ထိုင်း၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့သည်လည်း ထိုသို့ သော အခြေအနေမျိုးမှ တဆင့် အလားအလာ ကောင်းများကို ခုန်တက်သွားခဲ့ကြခြင်း ဖြစ်သည်။

                ကမ္ဘာကြီးက မြန်မာနိုင်ငံမှ တဖြည်းဖြည်း ဖြစ်ပေါ် တိုးတက်မှုများကို စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိရာ နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ် ရမည့် အချက်မှာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ လိုရာမရောက် ဖြစ်မည်ကိုပင် ဖြစ်သည်။

                နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် သမ္မတ ဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်သော ယာယီ ခြေလှမ်းများ ခိုင်မာစွာ ရှေ့ဆက် နိုင်ရေး အတွက် သေချာအောင် လုပ်ဆောင်ပေးသင့်သည်။ နည်းလမ်းတစ်ခုမှာ အာဆီယံအနေဖြင့် မြန်မာ တောင်းဆိုထားသော ၂၀၁၄ တွင် အဖွဲ့ကြီး ၏ ဥက္ကဋ္ဌနေရာအတွက် သဘောတူရေးပင် ဖြစ်သည်။

                အကြောင်းမှာ မြန်မာနိုင်ငံသည် ၂၀၀၆ ကတည်းက အာဆီယံ ဥက္ကဋ္ဌနေရာအား လက်လွတ်ခဲ့ပြီး ယခု အလှည့်အတွက် တက်ကြွစွာ ကြိုးပမ်း နေခြင်းကြောင့် ဖြစ်သည်။

                ထိုအကြောင်းတရားများကြောင့် မြန်မာနိုင်ငံတွင် ပိုမို လွတ်လပ်၍ ပိုမို လမ်းဖွင့်မှုများအတွက် မြှင့်တင်ပေးနိုင်ရေး အတွက် အာဆီယံသည် အသင့်တော်ဆုံး အနေအထားတွင် ရှိနေသည်ဟု ဆိုရမည် ဖြစ်သည်။

*************************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment