Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃ဝ..၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. အငြင်းပွားဖွယ် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမည်

(30 Sept 2011 ရက်စွဲပါ Boston Globe သတင်းစာမှ “Myanmar to stop construction of controversial dam” ကို ဘာသာ ပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည် နှင့် အလုပ်သမားဝန်ကြီး ယနေ့ တွေ့ဆုံမည်

(VOA News မှ 29 Sept 2011 ရက်စွဲပါ “Daw Aung San Suu Kyi to meet Burmese labour minister” ကို ဘာသာ ပြန်ဆိုသည်)

  1. ထိုင်းဝန်ကြီးချုပ် မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိ

(The Nation မှ 30 Sept 2011 ရက်စွဲပါ “PM has no plan to meet Suu Kyi on Burmese Trip” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲ တိုးတက်မှု အနေအထားကို ဆန်းစစ်ခြင်း

(Bangkok Post မှ "Understanding Burma's political development" သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

****************************************************************************

အငြင်းပွားဖွယ် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမည်

(30 Sept 2011 ရက်စွဲပါ Boston Globe သတင်းစာမှ “Myanmar to stop construction of controversial dam” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမြောက်ဖျားပိုင်းဒေသရှိ အငြင်းပွားစရာဖြစ်နေသော မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်တန့်မည်ဟု သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ သဝဏ်လွှာပေးပို့လိုက်ကြောင်း သိရသည်။ အဆိုပါစီမံကိန်းကြီးသည် တရုတ်နိုင်ငံ၏ ကျောထောက်နောက်ခံပြုမှုဖြင့် တည်ဆောက်နေ ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ယင်းစီမံကိန်း အမြန်ဆုံးရပ်တန့်ပေးရန် ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ကြသော ကိစ္စဖြစ်သည်။

မြန်မာနိုင်ငံသမ္မတက လွှတ်တော်သို့ သဝဏ်လွှာပေးပို့ရာ၌ ကချင်ပြည်နယ်တွင် ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံခန့် အကုန်အကျခံကာ တည်ဆောက်လျက်ရှိသည့် မြစ်ဆုံ ရေလှောင်တမံစီမံကိန်းကို ရပ်တန့်သင့်ပါကြောင်း ရေးသားဖော်ပြသည်။ မြန်မာအစိုးရသည် ပါလီမန်လွှတ်တော်တွင် အဓိက အရေးကြီးသော နေရာအများဆုံး ရယူထားသည်ဖြစ်ရာ ယခုလို သမ္မတဦးသိန်းစိန်က စီမံကိန်းနှင့်ပတ်သက်၍ သဝဏ်လွှာပေးပို့ကာ တိုက်တွန်း လိုက်မှုသည် စီမံကိန်းရပ်တန့်မည်ဟူသော သဘောမျိုးသို့ သက်ရောက်စေသည်။

ယခုလိုမြစ်ဆုံစီမံကိန်းအပေါ် မြန်မာနိုင်ငံသမ္မတက ရပ်တန့်သင့်ကြောင်း ပြောဆိုလိုက်မှုအပေါ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီများ နှင့် လူမှုရေးဆိုင်ရာတက်ကြွစွာလှုပ်ရှားသူများက များစွာ ကြိုဆို ထောက်ခံကြလိမ့်မည် ဖြစ်သည်။ အကြောင်းမှာ မြစ်ဆုံစီမံကိန်းကြောင့် ဒေသခံရွာသူ ရွာသား ပေါင်းများစွာ ပြောင်းရွှေ့ရဖွယ်ရှိပြီး ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ အစားအသောက်ရင်းမြစ်များအတွက် ဂေဟစနစ်များ ပျက်ဆီးထိခိုက် နိုင် ကြောင်း ၎င်းတို့က ထောက်ပြပြောဆိုခဲ့သောကြောင့် ဖြစ်သည်။

မြစ်ဆုံကိစ္စသည် စစ်တပ်လွှမ်းမိုးသော အရပ်သားအစိုးရအဖွဲ့သစ်နှင့် ဒီမိုကရေစီလှုပ်ရှားမှုများအကြား ထူးခြားရှားပါးသော စိတ်သဘောထား တိုက်ဆိုင်မှုတစ်ရပ်ကို ဖော်ပြလိုက်နိုင်သည်ဖြစ်ရာ နိုင်ငံရေးအရ ဂယက် ရိုက်ခတ်မှုများကိုလည်း ကြီးစွာဖြစ်ပေါ်စေမည်ဖြစ်သည်။ ထို့ပြင် ယခုလို့ စီမံကိန်း ရပ်ဆိုင်းမည့်ကိစ္စကြောင့် မြန်မာနိုင်ငံအပေါ် သံတမန်ရေးအရ များစွာထောက်ပံ့မှုပေးခဲ့သော အနီးကပ်မဟာမိတ် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အကြား ထူးခြားရှားပါးသော သဘောထားမညီညွတ်မှုကိုလည်း ဖော်ကျူးလိုက်ရာ ရောက်သည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပြီးခဲ့သည့် သြဂုတ်လအတွင်း မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းဆန့်ကျင်ရေး အင်အားစုများနှင့် ပူးပေါင်းမှုများပြုလုပ်ခဲ့ရာ ယခုဖြစ်ရပ်ကြောင့် အတိုက်အခံ အင်အားစုများ အင်အားပြန်လည်ကောင်းမွန်လာမည့် အလားအလာများကို ဖြစ်ပေါ်စေသည်။

သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အရပ်ဘက်အစိုးရသစ်သည် ရွေးကောက်ပွဲဖြင့် ရွေးချယ်တင်မြှောက် ခံခဲ့ရသည့်တိုင် စစ်တပ်၏ ကျော ထောက် နောက်ခံပြုမှုကြောင့် အာဏာရလာခြင်းသာဖြစ်သည်ဟူသော အမြင်မျိုး ပြည်သူအများစုနှင့် လေ့လာစောင့်ကြည်သူများတွင် ကျယ်ကျယ် ပြန့်ပြန့် ရှိထားရာ အစိုးရကလည်း အဆိုပါ အတွေးအမြင်မျိုးကို ပယ်ဖျောက်ရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိသည်ကို တွေ့ရသည်။ သို့သော် မြန်မာ အစိုးရသည် အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများ၏ စီးပွားရေးနှင့် နိုင်ငံရေးပိတ်ဆို့အရေးယူခြင်းခံထားရဆဲပင်ဖြစ်သည်။

ယခု မြစ်ဆုံစီမံကိန်းကိစ္စကြောင့် အစိုးရသည် သဘောထားတင်းမာမှုများဖြေလျှော့ပေးခြင်းနှင့် လွတ်လပ်ခွင့် ပေးရန် ကြိုးပမ်းခြင်းတို့ကို လုပ်ဆောင်ရာ၌ ရိုးစင်းမှုရှိသည်ဟူသော သဘောမျိုးလည်းပေါ်လွင်စေမည်ဖြစ်သည်။

လတ်တလောရက်ပိုင်းများတွင် အစိုးရအနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ခန့်ကို အမြန်ဆုံးလွှတ်ပေး တော့မည် ဟူသည့် ကောလာဟလများလည်းထွက်ပေါ်လျက်ရှိသည်။

"အခုလို မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းမယ့်ကိစ္စအပေါ် ကျွန်တော်တို့က ကြိုဆိုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကပြောကြားသည်။ ထို့ပြင် အဆိုပါကိစ္စသည် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားချက်များနှင့် တစ်သား တည်း ကိုက်ညီမှု ရှိပါကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ပေးပို့သော သဝဏ်လွှာကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက လွှတ်တော် အစည်းအဝေးကျင်းပစဉ် ဖတ်ကြား ခဲ့သည်။ "မြစ်ဆုံစီမံကိန်း တည်ဆောက်မှုသည် အများပြည်သူများနှင့် ပြည်သူ့ ကိုယ်စားလှယ်များ၏ ဆန္ဒနှင့် ဆန့်ကျင်နေပါသောကြောင့် ရပ်ဆိုင်း သင့်ပါ သည်" ဟု ဦးသိန်းစိန်၏ သဝဏ်လွှာကဆိုသည်။

*********************************************************************************

ဒေါ်အောင်ဆန်းစုကြည် နှင့် အလုပ်သမားဝန်ကြီး ယနေ့ တွေ့ဆုံမည်

(VOA News မှ 29 Sept 2011 ရက်စွဲပါ “Daw Aung San Suu Kyi to meet Burmese labour minister” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ သောကြာနေ့ (ယနေ့)တွင် တွေ့ဆုံကြမည်ဟု ဒေါ်အောင်ဆန်း စုကြည်၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ မနှစ်က လွတ်မြောက်လာပြီးနောက်ပိုင်း ယခုတွေ့ဆုံမှုသည် တတိယအကြိမ်မြောက်ဖြစ်သည်။ ယခုအစိုးရသစ်သည် ယင်းအပေါ် ပြစ်တင် ဝေဖန်သူများနှင့် တွေ့ထိဆက်ဆံခြင်းကို သတိကြီးစွာ စတင်နေပြီဖြစ်သည့် အလျှောက် သူမနှင့် သမ္မတ ဦးသိန်းစိန်တို့ ယခင်လက တွေ့ဆုံခဲ့ကြပြီးဖြစ်ပေသည်။

ရန်ကုန်မြို့အစိုးရဧည့်ဂေဟာတွင် ပြုလုပ်မည့် တွေ့ဆုံမှုတွင် ဆွေးနွေးကြမည့် ကိစ္စရပ်များကိုမူ NLD ပြောရေးဆိုခွင့်ရှိသူက ပြောကြားနိုင်ခြင်း မရှိပါ။ သို့သော်လည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် NLD ကို နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ရေး အလားအလာများကို ဆွေးနွေးကြဖွယ် ရှိသည်ဟု ပြည်ပရောက် မီဒီယာများက မှန်းဆလျက် ရှိသည်။

လောလောဆယ်တွင် တရားဝင် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံထားရသော NLD က သပိတ်မှောက် ငြင်းဆန်ခဲ့သော မနှစ်က နိုဝင်ဘာ ရွေးကောက်ပွဲသည် ယခင်တပ်မတော်အစိုးရ ထောက်ခံသော ပါတီ သေချာပေါက် အနိုင်ရအောင် စီစဉ်ထားသည့် မသမာမှုများကြောင့် ကမ္ဘာတစ်ဝှမ်း နာမည်ပျက်ခဲ့ရပြီးဖြစ်သည်။ NLD က ငြင်းဆန်ခဲ့ခြင်း၏ အကြောင်းရင်းမှာ ထိုစဉ်က အကျယ်ချုပ်ထိန်းသိမ်းခံနေရသော ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ရွေးကောက်ပွဲ ဝင်ခွင့် မရအောင် ဥပဒေ ရေးဆွဲထားခြင်းကြောင့် ဖြစ်သည်။

မတ်လက အာဏာရလာသော အစိုးရသစ်သည် ယခင် တပ်မတော်ခေါင်းဆောင်ဟောင်းများနှင့် သူတို့အပေါ် ထောက်ခံသူများ အဓိက ပါဝင် ဖွဲ့စည်း ထားခြင်း ဖြစ်သည်။

***************************************************************************

ထိုင်းဝန်ကြီးချုပ် မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိ

(The Nation မှ 30 Sept 2011 ရက်စွဲပါ “PM has no plan to meet Suu Kyi on Burmese Trip” သတင်းကို ဘာသာ ပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာသည် မြန်မာနိုင်ငံသို့ လာမည့် ဗုဒ္ဓဟူးနေ့တွင် သွားရောက်မည် ဖြစ်ကြောင်း အစိုးရ သတင်း ရပ်ကွက် က မနေ့က ပြောကြားလိုက်သည်။

ဝန်ကြီးချုပ် နေပြည်တော်သို့ သွားရောက်မည့် ခရီးစဉ်အတွက် ဘန်ကောက်မှ မွန်းလွဲပိုင်းတွင် ထွက်ခွာမည်ဟု ဆိုသည်။ ဝန်ကြီးချုပ် ယင်းလပ် သည် မြန်မာသမ္မတဦးသိန်းစိန်နှင့် ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ပြီး ဖျက်သိမ်းထားသော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေထံသို့လည်း သွားရောက် တွေ့ဆုံ နှုတ်ဆက်မည်ဟု သိရှိရသည်။

ယင်းလပ်သည် ဥပ္ပါတသန္တိ စေတီတော်ကိုလည်း သွားရောက်ဖူးမျှော်မည် ဖြစ်သော်လည်း မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေးဟု အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။

ယခုခရီးစဉ်သည် သူမ အာဏာရလာပြီးနောက် အိမ်နီးချင်း ၂ နိုင်ငံ ဆက်ဆံရေး ခိုင်မာအောင် ပုံမှန်သွားရောက် လည်ပတ်ခြင်း ဖြစ်သည်ဟု အစိုးရ တာဝန်ရှိသူက ဆိုသည်။

အာဆီယံခေါင်းဆောင်သစ်တို့၏ ထုံးစံအတိုင်း ယင်းလပ်သည် အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များထံ နေ့ချင်းပြန် ခရီးစဉ်များ သွားရောက်ပြီး နှုတ်ဆက်လျက် ရှိရာ အောက်တိုဘာ ၁၁ တွင် မလေးရှား၊ အောက်တိုဘာ ၁၂ တွင် စင်ကာပူနှင့် အောက်တိုဘာ ၁၉ မှ ၂၁ ထိ တရုတ်နိုင်ငံ (အာဆီယံ အဖွဲ့ဝင် မဟုတ်) တို့သို့ သွားရောက်ရန် ရှိသည်ဟု တာဝန်ရှိသူက ပြောကြားသည်။

ယင်းလပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးနိုင်မည့် အခွင့်အလမ်းကို ကြိုးစားဖွယ်ရှိသည်ဟု မီဒီယာများက မှန်းဆနေကြ သော်လည်း ယင်းသတင်းကို အတည်ပြုမည့်သူ မရှိပါ။

ဇူလိုင် ၃ ရက် ရွေးကောက်ပွဲကို ယင်းလပ် အနိုင်ရရှိချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် အနေဖြင့် မြန်မာ့ဒီမိုကရေစီ ကြိုးပမ်းမှုကို ထောက်ခံ အားပေးလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

********************************************************************************

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲ တိုးတက်မှု အနေအထားကို ဆန်းစစ်ခြင်း

(Bangkok Post မှ "Understanding Burma's political development" သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

                မြန်မာ အစိုးရသစ် အာဏာလွှဲပြောင်း ရယူခဲ့သည်မှာ ၆ လကျော်ပြီ ဖြစ်သော်လည်း ဒီမိုကရေစီ ပြောင်းလဲမှုများကို စတင် မိတ်ဆက်ရန် ပျက်ကွက် နေကြောင်း မြန်မာ့အရေး စောင့်ကြည့် လေ့လာသူ အများစုက ဆက်လက် ပြောဆိုရေရွတ်လျက် ရှိကြသည်။

                အချို့က အစိုးရသစ်အား နိုင်ငံရေးအကျဉ်းသားများ လွှတ်မပေးသည့်အတွက် ပြစ်တင် ဝေဖန်နေကြချိန်တွင် အချို့က ပြုပြင်ပြောင်းလဲရေး လုပ်ဆောင် ရန် တောင်းဆိုနေကြသည်။

                သို့သော်လည်း ကျွန်တော်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း အစိုးရအဖွဲ့၏ တာဝန်အရပ်ရပ်ကို ထမ်းဆောင်ခဲ့ရသူတစ်ဦး ဖြစ်ခဲ့ခြင်း ကြောင့် ထိုသို့ အပြစ်တင်သော မှတ်ချက်များသည် အနည်းဆုံး လက်ရှိ ကာလအတွက် လက်တွေ့မကျ ခြေခြေမြစ်မြစ်မရှိဟု ကန့်ကွက်မိပါလိမ့်မည်။

                မြန်မာအစိုးရအပေါ် ပြစ်တင်ဝေဖန်နေသူများ အားလုံးအနေဖြင့် မြန်မြန်ဆန်ဆန် လုပ်စမ်းပါဟု ဖိအား မပေးမီ အစိုးရ ရင်ဆိုင်နေရသော အခက် အခဲများကို နားလည်သဘောပေါက်အောင် ကြိုးစားကြပါဟု အကြံပေးလိုသည်။

                အမေရိကန်ပြည်ထောင်စုတွင် မြန်မာအစိုးရသစ်၏ စွမ်းဆောင်မှုကို အကဲဖြတ်နေကြသော လေ့လာသူများက ယခင်က အုပ်ချုပ်ခဲ့သော တပ်မတော် အစိုးရနှင့် နှိုင်းယှဉ်ကြည့်လာကြသည်။ ဝေဖန်ဆန်းစစ်သူ များစွာက လက်ရှိအစိုးရလက်ထက် အနေအထားကို လွန်ခဲ့သော နှစ်ပေါင်း ၄၀ အတွင်း အုပ်ချုပ်ခဲ့သူများနှင့် နှိုင်းယှဉ် သုံးသပ်ကြသည်။

                ယခင်အစိုးရအဆက်ဆက်က သူတို့ အစွမ်းရှိသလောက် နိုင်ငံနှင့် ပြည်သူကို အလုပ်အကျွေးပြုရန် ကြိုးစားခဲ့ကြသည်ဟု ဆိုလျှင် ယခုအစိုးရ သည် ကိုလိုနီခေတ်အထိ ခြေရာကောက်၍ရသော နိုင်ငံရေး ပြဿနာ ရင်းမြစ်များကို အမွေရခဲ့သည်ဟု ဆိုချင်သည်။ အဆိုပါ ဆိုးမွေများအားလုံးကို အချိန်တို အတွင်း ဖြေရှင်းရန် မျှော်လင့်လို့ မရနိုင်ပါ။

                လက်ရှိအာဏာရ သမ္မတဦးသိန်းစိန်က မတ်လအဖွင့်မိန့်ခွန်းတွင် ယင်း၏ အစိုးရသည် အုပ်ချုပ်ရေးနှင့် ပြည်သူတို့၏ လူနေမှုအဆင့် တိုးတက် ရေး ကို ဦးစားပေးဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။

                မြန်မာနိုင်ငံလို ဆင်းရဲမွဲတေသော နိုင်ငံမျိုးတွင် နိုင်ငံရေးတည်ငြိမ်မှုမရှိပဲ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်၍ မရနိုင်ပါ။ မြန်မာအစိုးရသည် ပညာရှင် များ၊ နိုင်ငံသားများနှင့် တိုင်ပင် ညှိနှိုင်းကာ ဖွံ့ဖြိုးရေးအစီအစဉ်များစွာကို ရေးဆွဲသွားမည် ဖြစ်သလို ပြည်ပနှင့်ပြည်တွင်း ပညာရှင်များထံမှ အပြုသဘော ဆောင် လက်တွေ့ကျသော အကြံဥာဏ် အားလုံးကို နားထောင်သွားရန် ဆန္ဒရှိနေသည်။

                သို့သော် ယခင်ကကဲ့သို့ အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုများကို လစ်လျူရှုထားမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ယခင်နှင့်မတူ ဆန့်ကျင်စွာပင် တိုင်းပြည်၏ ရေရှည်အကျိုးကိုမျှော်ကိုးကာနိုင်ငံသားအုပ်စုများ၊ နိုင်ငံခြားအစိုးရများ အားလုံးနှင့်အတူလက်တွဲလုပ်ဆောင်သွားရန် ဆန္ဒရှိနေပြီဖြစ် သည်။

                အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် အစိုးရအတိုက်အခံ မည်သူမဆို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ရိုးသားစွာ လက်တွဲလိုသည် ဆိုပါက အစိုးရကလည်း ပျော်ရွှင်စွာ လက်တွဲဆောင်ရွက်မည်သာ ဖြစ်သည်။

                အလားတူပင် ကျွန်တော်တို့၏ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးနှင့်လည်း အတူလက်တွဲ လုပ်ဆောင်သွားလိုသည်။ သို့သော် လည်း ယခင်အစိုးရက လက်စလက်န ထားခဲ့သည့် နယ်ခြားစောင့်တပ် အစီအစဉ်ကို မစွန့်လွှတ်သောကြောင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စု အများစုက လက်ရှိအစိုးရကို ပြစ်တင် ဝေဖန်လျက် ရှိကြသည်။ အမှန်စင်စစ် အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုတွင် လက်နက်ကိုင် တပ်မတော် တစ်ခုတည်းသာ ရှိနိုင်ပါလိမ့်မည်။

                လက်ရှိအစိုးရက နယ်ခြားစောင့်တပ် အစီအစဉ်ကို စွန့်လွှတ်ခြင်း မရှိသော်လည်း ယင်းအစီအစဉ်ကို ငြင်းပယ်သော အပစ်ရပ်အဖွဲ့များ အပေါ် အရေးယူဆောင်ရွက်ခြင်း လုံးဝမပြုလုပ်ခဲ့ပါ။ အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအား ထိန်းချုပ်ခွင့် ပေးထားသောနယ်မြေများတွင် နှစ်ဖက် တပ်များအကြား တိုက်ခိုက်မှု မရှိခြင်းသည် သက်သေပြနိုင်သော အချက်တစ်ခု ဖြစ်သည်။

                အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူဒဏ်ခတ် ပိတ်ဆို့မှု မူဝါဒများကို ပြန်လည် အကဲဖြတ်ကြပါဟု ကျွန်တော် တိုက်တွန်းလိုပါသည်။ အရေးယူ ဒဏ်ခတ်သည့် Sanctions များသည် ထိရောက်မှုမရှိသည့်အပြင် ပြောင်းပြန် အကျိုး သက်ရောက် ကြောင်းကို နိုင်ငံခြား အစိုးရခေါင်းဆောင်များ၊ ပညာရှင်များ မြောက်များစွာက လူသိရှင်ကြား ဝန်ခံခဲ့ကြပြီးဖြစ်သည်။ Sanctions များသည် ဆင်းရဲ နွမ်းပါး သော မြန်မာပြည်သူများအပေါ် မလိုလားအပ်သော ဆိုးကျိုးများသာ ပေးခဲ့သည်။ ဆင်းရဲတွင်း နက်လွန်းသော မြန်မာပြည်သူ အများစုကြီးမှာ နေ့စဉ် စားဝတ်နေရေးနှင့် လုံးပမ်းနေရသောကြောင့် နိုင်ငံရေး ပြဿနာများကို အချိန်မပေးနိုင်ကြပါ။

                ထို့ကြောင့်ပင်လျှင် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအစီအစဉ် မြောက်များစွာကို အကောင်အထည် ဖော်ရေးသည် အစိုးရသစ်၏ ဦးစားပေးကိစ္စ ဖြစ်လာခဲ့ရသည်။ မြန်မာနိုင်ငံ၏ နွမ်းပါးသော ပြည်သူများကို ကူညီရန် ဆန္ဒရှိကြသော နိုင်ငံသားများ၊ နိုင်ငံခြားအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ အားလုံးသည် လက်ရှိ အစိုးရသစ်နှင့်အတူ ပူးပေါင်းဆောင်ရွက်သင့်သည်။

                ကျွန်တော်တို့ အားလုံးအတူတကွ ပူးပေါင်းလုပ်ဆောင်ကြမည်ဆိုလျှင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ကာ နွမ်းပါးသော ပြည်သူတို့၏ ဘဝများလည်း ပိုမို ကောင်းမွန်လာလိမ့်မည်ဟု ကျွန်တော် ယုံကြည် စိတ်ချသည်။

                နိုင်ငံခြား အစိုးရခေါင်းဆောင်များ၊ အစိုးရ ဝေဖန်ပြစ်တင်သူများ အနေဖြင့် အစိုးရသစ်အား နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အရှိန်မြှင့်ရန် ဆက်၍ ဖိအား ပေးနေခြင်းမှာ မြန်မာနိုင်ငံအတွက် ကောင်းကျိုး မရှိနိုင်ပါ။

                အစိုးရမှန်သမျှသည် ရှင်သန်နိုင်ရေးကို အဓိကထားကြရသည့် အားလျော်စွာ မြန်မာ အစိုးရသည်လည်း အခြား ရွေးချယ်စရာ မရှိပါ။ အကယ်၍ အနောက်နိုင်ငံများက ဆက်၍ ပိတ်ဆို့မည်၊ ပို၍ပင် ပိတ်ဆို့ဦးမည်ဆိုပါက တရုတ်ကြီးနှင့် နီးစပ်အောင် တွန်းပို့ရာ ရောက်ပေလိမ့်မည်။

                ကျွန်တော်တို့နိုင်ငံကို တရုတ်အစိုးရ၏ သြဇာခံပြည်နယ်တစ်ခု မဖြစ်စေလိုပါ။ သို့သော်လည်း ကျွန်တော်တို့ကို ရွေးချယ်စရာမရှိသော ထောင့် တွင် ပိတ်မိအောင်၊ တရုတ်နိုင်ငံကို ပိုမိုမှီခိုရအောင် အနောက်နိုင်ငံများက အတင်းအကျပ် ဖိအားမပေးသင့်ပေ။ အမှန်စင်စစ် ကမ္ဘာပေါ်မှ အခြားသော အစိုးရ များ အားလုံး ကဲ့သို့ပင် လက်ရှိ မြန်မာအစိုးရသည်လည်း တစ်ကိုယ်တော်မင်းသား မဟုတ်ပါ။

                မြန်မာနိုင်ငံသည် ယင်း၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းညွှန်မြေပုံကို ဆက်၍ အကောင်အထည် ဖော်ရမည်။ ဒေါ်အောင်ဆန်း စုကြည် နှင့် အတူတကွ လုပ်ဆောင်နိုင်မည့် နည်းလမ်းကို အစိုးရက ရှာဖွေရမည်ဟု ယုံကြည်ထားကြသော တိုးတက်ပွင့်လင်းသူ တာဝန်ရှိ ပုဂ္ဂိုလ်များ မြန်မာ နိုင်ငံ တွင် အမှန်တကယ် ရှိနေပြီ ဖြစ်သည်။

                တစ်ချိန်တည်းတွင် အဆိုပါ လစ်ဘရယ်ဝါဒီတာဝန်ရှိသူများသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ခြင်း မရှိကြ ပါ။ မြန်ဆန်သော နိုင်ငံရေးအပြောင်းအလဲကို ဆန့်ကျင်သော အင်အားစုများက ပြုပြင်ပြောင်းလဲရေးသမားများကို ဟန့်တားနှောင့်ယှက်လျက် ရှိကြ သည်။

                လတ်တလော သို့မဟုတ် အနည်းဆုံး အချိန်တိုတိုအတွင်း နိုင်ငံရေး အပြောင်းအလဲများစွာ ဖြစ်မသွားအောင် အတိုက်အခံ ဆန့်ကျင်နေကြ သော တာဝန်ရှိသူ အတော်များများ မြန်မာနိုင်ငံတွင် ရှိနေပါသေးသည်။ အစိုးရအတွင်းမှ အဆိုပါ သဘောထားတင်းမာသော အုပ်စုသည် အတော်လေး အင်အား ကြီးနေသည်။ သို့ဖြစ်ရာ လစ်ဘရယ်ဝါဒီ တာဝန်ရှိသူများ အနေဖြင့် နိုင်ငံရေး အပြောင်းအလဲ ပိုမို ဖြစ်ပေါ်အောင် ကြိုးစားသည့် အချိန်တွင် များစွာ သတိထား၍ ဆောင်ရွက်နေကြရသည်။ နိုင်ငံအနေဖြင့် လစ်ဘရယ်ဝါဒီ တာဝန်ရှိသူများ ပိုမို အင်အားကြီးလာသည့် အချိန်တွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကို ပိုမို မြင်တွေ့ရပါလိမ့်မည်။

                အကယ်၍သာ လက်ရှိ ပါဝါဂိမ်းကစားပွဲတွင် လစ်ဘရယ်ဝါဒီများ အသာစီး မရခဲ့ပါက တိုင်းပြည်တွင် နိုင်ငံရေး ပိုမိုပွင့်လင်းရန် အချိန်များစွာ ကြာမြင့် သွားပါလိမ့်မည်။ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အမှန်တကယ် စိုးရိမ်ပူပန်သော နိုင်ငံသားများ အနေဖြင့် ယင်းတို့၏ လှုပ်ရှားမှုများကြောင့် လစ်ဘရယ်ဝါဒီ တာဝန်ရှိသူများ၏ အနေအထား အားနည်း မသွားရအောင် အသေချာ ဂရုစိုက်ကြရမည်။ အကယ်၍ သဘောထားတင်းမာသော အုပ်စု သာ အသာစီးရသွားပါက အစိုးရနှင့် အတိုက်အခံများအကြား ပူးပေါင်း ဆောင်ရွက်မှု လုံးဝရှိလာတော့မည် မဟုတ်ပါ။

                အကယ်၍သာ အစိုးရအပေါ် ပြစ်တင်ဝေဖန်သူများ၏ လုပ်ရပ်များကြောင့် တိုင်းပြည် မတည်မငြိမ် ဖြစ်ခဲ့မည် ဆိုပါက သဘောထား တင်းမာ သူများက အတိုက်အခံ နိုင်ငံရေးအုပ်စုများအပေါ် တင်းမာသော မူဝါဒများ ချမှတ်ရန် အကြောင်းပြချက်အဖြစ် အသုံးချသွားနိုင်သည်။ ထို့အပြင် တိုက်ရိုက် စစ်အုပ်ချုပ်ရေးစနစ်သို့ပင် ပြန်လည်ရောက်ရှိ သွားနိုင်ပါသေးသည်။

                တိုင်းပြည်၏ အရေးပေါ်အခြေအနေ ကာလမျိုးတွင် တပ်မတော်က အစိုးရအာဏာကို ထိန်းချုပ်နိုင်ရန် အခြေခံဥပဒေက ခွင့်ပြုထားသည်။ ယင်းသို့သာ ဖြစ်လာပါက အနာဂတ် ဒီမိုကရေစီဖွံ့ဖြိုးရေး မျှော်လင့်ချက်များ အဆုံးသတ်သွားပါလိမ့်မည်။

                ထို့ကြောင့် နိုင်ငံ၏ နက်ရှိုင်းစွာ အမြစ်တွယ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများကို ဖြေရှင်းရန် လက်ရှိအစိုးရသစ်က အချိန်ယူ နေခြင်းကို စိတ်ရှည်သည်းခံကြပါ ဟု နိုင်ငံခြားအစိုးရများနှင့် စိုးရိမ်ပူပန်သော နိုင်ငံသားပြည်သူများကို တိုက်တွန်း ပြောကြားလိုပါသည်။

                ယခုအချိန်တွင် အမှားမလုပ်မိရန် အရေးကြီးသည်။ တပ်မတော်သည် အင်အားကြီးသော အဖွဲ့ကြီး တစ်ခု ဖြစ်နေဆဲ ဖြစ်ပြီး ယင်း၏ ခေါင်းဆောင်များ ကလည်း အကြောင်းပြချက် ကောင်းကောင်း ရှိမည်ဆိုလျှင် အာဏာသိမ်းရန် နှောင့်နှေး ကြလိမ့်မည် မဟုတ်ပါ။ အစိုးရအဖွဲ့အတွင်းမှ လစ်ဘရယ် ဝါဒီ တာဝန်ရှိသူများက အဆိုပါ ပြဿနာများကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရန် အကောင်းဆုံး ကြိုးစားကြမည် ဖြစ်သည်။

                မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝ ဒီမိုကရေစီနိုင်ငံ ဖြစ်မလာသေးမီ ခရီးရှည် ချီတက်ရဦးမည် ဖြစ်သော်လည်း ဒီမိုကရေစီစနစ်အတွက် မရှိမဖြစ် လိုအပ်သော နိုင်ငံရေး အဖွဲ့အစည်းများစွာ ရှိနေပြီ ဖြစ်သည်။ သို့သော် သန်စွမ်း ခိုင်မာလာရန် အချိန် လိုအပ်သည်။

                အတိုက်အခံ နိုင်ငံရေးပါတီ မြောက်များစွာ လွှတ်တော်အသီးသီးတွင် ရှိနေပြီ ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မှတ်ပုံတင် မထားသော NLD ပါတီကို လွတ်လပ်စွာ လှုပ်ရှားနိုင်ရန် အစိုးရက ခွင့်ပြုပေးထားသည်။

                သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သူတို့၏ သဘောထား ကွဲပြားမှုများကို ဘေးဖယ်ကာ တွေ့ဆုံခဲ့ကြပြီးနောက် ဤနိုင်ငံ၏ ပြည်သူများအတွက် အတူတကွ လုပ်ဆောင်ရာတွင် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်သွားကြရန် အစိုးရခေါင်းဆောင်နှင့် NLD ခေါင်းဆောင် နှစ်ဦးစလုံးက သဘောတူခဲ့ကြသည်။

                လက်ရှိအစိုးရသည် မကြာမီအတွင်း သိသာထူးခြားသော စီးပွားရေးနှင့် နိုင်ငံရေးမူဝါဒများကို ချမှတ်တော့မည် ဖြစ်ပြီး ယင်း မူဝါဒ အသစ် များသည် နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးပြဿနာများ ပြေလည်မှုရစေရန် အထူး ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။

                မြန်မာနိုင်ငံအတွင်းမှ လူတိုင်းက မြင်တွေ့လိုကြသော နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာရေး အတွက် တစ်ခုတည်းသော နည်းလမ်းမှာ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းအားလုံးအကြား ပူးပေါင်းဆောင်ရွက်ခြင်းသာ ဖြစ်၍ ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းမဟုတ်ကြောင်း ပွင့်လင်းစွာ တင်ပြ လိုက်ပါသည်။

******************************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment