Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃.၁ဝ.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. ရေလှောင်တမံစီမံကိန်း မြန်မာတို့ ရပ်ဆိုင်းမှု အမေရိကန် ဂုဏ်ပြုကြိုဆို

(AFP သတင်းမှ 1 Oct 2011 ရက်စွဲပါ “US hails Myanmar’s halt to dam project” ကို ဘာသာ ပြန်ဆိုသည်)

 

  1. လူ့အဖွဲ့အစည်းနှင့် သဘာဝပတ်ဝန်းကျင်အရေးကိစ္စတွက် လေးနက်သည့်ရွေးချယ်မှုများဖြင့် မြန်မာကြုံတွေ့

(စက်တင်ဘာလ ၂၉ ရက်၊ The Nation သတင်းစာမှ Burma faces choices with deep meaning for society, environment ကို ဘာသာပြန်ဆိုသည်)

 

  1. အပယ်ခံ မြန်မာနိုင်ငံအပေါ် တရုတ်က ပြောင်ပြောင်မြောက်မြောက် အမြတ်ထုတ်

(Hindustan Times မှ 3 Oct 2011 ရက်စွဲပါ “China’s polished exploitation of isolated Myanmar” ကို ဘာသာ ပြန်ဆိုသည်)

 

  1. အာရှ၏ စူးအက်တူးမြောင်းကို မြန်မာသူပုန်များ ပိတ်ဆို့

(Kiama Independent မှ 1 Oct 2011 ရက်စွဲပါ “Burmese rebels block Asia’s Suez Canal” သတင်းကို ဘာသာ ပြန်ဆိုသည်)

 

  1. ပြောင်းလဲမှုလေပြေလော မီးခိုးသဖွယ် ပျောက်သွားမည်လော

(2 Oct 2011 ရက်စွဲပါ Bangkok Post မှ ခေါင်းကြီးပိုင်းဖြစ်သော “Winds of Change or just a Smokescreen?” ကို ဘာသာ ပြန်ဆိုသည်)

*************************************************************************************

ရေလှောင်တမံစီမံကိန်း မြန်မာတို့ ရပ်ဆိုင်းမှု အမေရိကန် ဂုဏ်ပြုကြိုဆို

(AFP သတင်းမှ 1 Oct 2011 ရက်စွဲပါ “US hails Myanmar’s halt to dam project” ကို ဘာသာ ပြန်ဆိုသည်)

အငြင်းပွားဖွယ် ရေလှောင်တမံတည်ဆောက်မှုကို ရပ်ဆိုင်းလိုက်သော မြန်မာသမ္မတကို အမေရိကန်ပြည်ထောင်စုက သောကြာနေ့တွင် ချီးကျူး ဂုဏ်ပြုလိုက်ပြီး မြန်မာအစိုးရက ပြည်သူတို့၏ အသံကို နားထောင်နေကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟု ပြောကြားလိုက်သည်။

တရုတ်နောက်ခံ ရေလှောင်တမံစီမံကိန်းကို ပြည်သူတစ်ရပ်လုံးက ရှားရှားပါးပါး ဆန့်ကျင်ခဲ့ကြပြီးနောက်တွင် ဒေါ်လာ ၃.၆ ဘီလျံတန် မီဂါ စီမံကိန်းကြီးကို လုပ်ငန်းရပ်ဆိုင်းရန် မြန်မာသမ္မတဦးသိန်းစိန်က အမိန့်ထုတ်ခဲ့သည်။

အဆိုပါရေလှောင်တမံစီမံကိန်းသည် မြန်မာပြည်သူတို့၏ ဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်ပေါ်နေခြင်းအပေါ် စိုးရိမ်ပူပန်သည်ဟု သမ္မတ ဦးသိန်းစိန် က ထုတ်ပြန်ကြေညာခဲ့ခြင်းကို ဝါရှင်တန်က ကြိုဆိုသည်ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ ဗစ်တိုးရီးယားနူလန်း (Victoria Nuland) က ပြောကြားသည်။

မြန်မာအစိုးရသည် မြန်မာပြည်သူများ၏ ပူပန်မှုများကို အပြုသဘောတုန့်ပြန်ရန် ကြိုးစားနေပြီး အနည်းဆုံး ဤကိစ္စတွင် သိသိသာသာ လိုက်လျော သင့်မြတ်မှုကို ပြသ မြှင့်တင်ခဲ့သည်ဟု ဝါရှင်တန်က သုံးသပ်ကြောင်း သူမက ထုတ်ဖော်ပြောကြားသည်။

မြန်မာအစိုးရအပေါ် အရေးယူဒဏ်ခတ်ထားရင်း ဆက်ဆံ ညှိနှိုင်းရန် ကြိုးစားနေသော သမ္မတအိုဘားမား အစိုးရက ယခင် အရှေ့တောင်အာရှ အာဏာရှင်နိုင်ငံမှ နိုင်ငံရေးအပြောင်းအလဲလက္ခဏာများကို ကြိုဆိုလိုက်သည်။

မြန်မာနိုင်ငံမှ တိုင်းရင်းသားလူမျိုးများ၊ ဒီမိုကရေစီအင်အားစုများနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ အပါအဝင် မြန်မာပြည်သူအားလုံး၏ အကျိုး စီးပွားကို လေးလေးစားစား ထည့်သွင်းစဉ်းစားသည့် ဆောင်ရွက်ချက်များကို ဆက်လက် ပြုလုပ်သွားရန် မြန်မာအစိုးရကို မိမိတို့ အားပေးတိုက်တွန်း သည်ဟု ဗစ်တိုးရီးယားနူလန်းက ပြောသည်။ “ဒီလိုမျိုး အပြုသဘောဆောင်တဲ့ တိုးတက်ပြောင်းလဲမှုတွေ ဆက်လက်ပေါ်ထွက်နိုင်လိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု သူမက ဆက်လက် ဆိုသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရခေါင်းဆောင် သမ္မတဦးသိန်းစိန်တို့၏ သမိုင်းဝင်ထိပ်ဆုံး ခေါင်းဆောင်ပိုင်း တွေ့ဆုံဆွေးနွေးမှုကိုလည်း ဝါရှင်တန်အစိုးရက ကြိုဆိုခဲ့ပြီးဖြစ်သည်။

ဧရာဝတီမြစ်ပေါ်မှ ရေလှောင်တမံစီမံကိန်းကို ပြန်လည်သုံးသပ်ရန် ဒေါ်အောင်ဆန်းစုကြည်က အစိုးရကို တိုက်တွန်းခဲ့သည်။ မနှစ်က အငြင်း ပွားဖွယ် ရွေးကောက်ပွဲများအပြီး အာဏာရလာသော အရပ်ဖက်အမည်ခံအစိုးရ လက်ထက်တွင် ဒီမိုကရေစီရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများက ယင်းတို့၏ လွတ်လပ်ခွင့်ကို စမ်းသပ်ရာမှ ဧရာဝတီရေလှောင်တမံအပေါ် ဆန့်ကျင်ကန့်ကွက်မှုများ ထုနှင့် ထည်နှင့် ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။

တရုတ်တို့ အမြတ်ထွက်မည့် ယခုစီမံကိန်းသည် စင်ကာပူနိုင်ငံဧရိယာခန့်ကို ရေလွှမ်းသွားစေမည့်အပြင် ရွာပေါင်းများစွာကို ပျောက်ကွယ်သွား စေခြင်း၊ ဒေသခံပြည်သူ အနည်းဆုံး တစ်သောင်းကျော်ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခြင်းနှင့် ကမ္ဘာ့အလှဆုံး ဇီဝမျိုးကွဲနေရာဒေသများကို အပြီးတိုင် ပျက်စီး စေ ခြင်းများ ဖြစ်ပေါ်စေမည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက သတိပေး ပြောဆိုထားကြသော စီမံကိန်းဖြစ်သည်။

ယခုလအစောပိုင်းတွင် အမေရိကန်တာဝန်ရှိသူတစ်ဦးက မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေး ထင်သာမြင်သာ တိုးတက်မှု ရှိရေးအပေါ် စဉ်းစား ဆုံးဖြတ်ရန် အတွက် မြန်မာနိုင်ငံကို လွှမ်းနေသည့် အပြောင်းအလဲ ရနံ့သစ်၏ စူးရှ သဲကွဲမှုကို အမေရိကန်က လေ့လာနေသည်ဟု ထုတ်ဖော် ပြောဆို ထားသည်။

သို့သော်လည်း တိုင်းရင်းသားအုပ်စုများနှင့် အမျိုးသမီးများအပေါ် မြန်မာ့တပ်မတော်၏ ရက်စက်သော အပြုအမူများကြောင့် အမေရိကန်က အမှန်တကယ် စိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်သည်ဟု တာဝန်ရှိသူက ထပ်မံ ပြောဆိုလိုက်သည်။

ထိုအတောအတွင်း အမေရိကန် နိုင်ငံခြားရေးဌာန ထိပ်ပိုင်းတာဝန်ရှိသူများ ဖြစ်ကြသည့် ဒဲရက်မစ်ချယ် (Derek Mitchell) ၊ ကာ့ထ် ကမ့်ဘဲ (Kurt Campbell) နှင့် မိုက်ကယ်ပို့စနာ (Michael Postner) တို့နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး  ဦးဝဏ္ဏမောင်လွင် အကြား လက်တွေ့အပြုသဘော ဆွေးနွေးပွဲ များ ကျင်းပခဲ့သည်ဟု နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာသည်။

မိမိတို့ စိုးရိမ်ပူပန်နေသော လူ့အခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသားများအရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ နူကလီးယား မပြန့်ပွားရေး ကိစ္စများကို ဆွေးနွေးရန် မြန်မာတို့ဘက်မှ ဆန္ဒရှိလာခြင်းကို ယခု ဆွေးနွေးပွဲများက ထင်ဟပ်ပြသနေသည်ဟု အဆိုပါ တာဝန် ရှိသူက ဆက်လက်ပြောကြားသည်။

ယင်းစိုးရိမ်ပူပန်မှုများသည် အမေရိကန်- မြန်မာဆက်ဆံရေး တိုးတက်ရန်အတွက် အသက်တမျှ အရေးပါသည်ဟု အမေရိကန် တာဝန်ရှိသူက ဆိုသည်။ ယခု အကြိမ်သည် အမေရိကန်နိုင်ငံခြားရေးဌာနသို့ ဦးဝဏ္ဏမောင်လွင်အနေနှင့် ပထမဆုံး လာရောက်ခြင်း ဖြစ်သော်လည်း ၂ဝဝ၉ နှင့် ၂ဝ၁ဝ ခုနှစ်များတွင် ယခင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နယူးယောက်သို့ လာရောက်ကာ အမေရိကန်တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ဖူးသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာသည်။

*********************************************************************************

လူ့အဖွဲ့အစည်းနှင့် သဘာဝပတ်ဝန်းကျင်အရေးကိစ္စတွက် လေးနက်သည့်ရွေးချယ်မှုများဖြင့် မြန်မာကြုံတွေ့

(စက်တင်ဘာလ ၂၉ ရက်၊ The Nation သတင်းစာမှ Burma faces choices with deep meaning for society, environment ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမှ စစ်ဘက်ပုဂ္ဂိုလ်ကြီးများအကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေခြင်းသည် အစိုးရနှင့် အစိုးရ ဆန့်ကျင်ရေးအုပ်စုများ၊ အတိုက် အခံများနှင့် တိုင်းရင်းသားလူနည်းစုများအကြား အမျိုးသားပြန်လည်သင့်မြတ်ရေး အစီအစဉ်ကို ထိခိုက်နစ်နာစေနိုင်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူ ပညာရှင်များက သုံးသပ်ပြောကြားသည်။

လက်ရှိ နေပြည်တော်အစိုးရအဖွဲ့မှ ခေါင်းဆောင်များအကြား အုပ်စုနှစ်စု ကွဲလျက်ရှိသည်။ ဦးသိန်းစိန် ဦးဆောင်သော ပြုပြင်ပြောင်းလဲရေး အုပ်စုအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနှင့် ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့က ထောက်ခံကြပြီး ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ဦးဆောင်သော သဘောထား တင်းမာသည့် အုပ်စုကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထောက်ခံကြ သည်။

ယင်းအုပ်စုကြီးနှစ်စုသည် အစိုးရဆန့်ကျင်ရေးသမားများ၊ အတိုက်အခံအင်အားစုများနှင့် ဆက်ဆံရာတွင် မတူညီသော ချဉ်းကပ်မှုမျိုးကို သုံး ကြကြောင်း Thammasat University of Southeast Asian Studies မှ Lecturer ဖြစ်သူ Dulyapak Preecharushh ကပြောကြားသည်။ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ အရေးကိစ္စတွင် ပြုပြင်ပြောင်းလဲရေးအုပ်စုက ဒိုင်ယာလော့နှင့် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ကာ သက်ညှာမှု ရှိသော ချဉ်းကပ်မှုမျိုးကို အသုံးပြုသော်လည်း သဘောထားတင်းမာသည့် အုပ်စုက စစ်ရေးအင်အားအလုံးအရင်း အသုံးပြုလိုကြကြောင်း Dulyapak က ဆို သည်။

စက်တင်ဘာလ ၂၇ ရက်နေ့၊ Thammasat တက္ကသိုလ်၌ ကျင်းပပြုလုပ်သော ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်အထိမ်းအမှတ် အခမ်း အနား၌ မစ္စတာ Dulyapak ကပြောဆိုရာတွင် မြန်မာအစိုးရအဖွဲ့သစ်အတွင်း အုပ်စုကွဲမှု ဖြစ်ပေါ်ရခြင်းမှာ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် လုံခြုံရေးကိစ္စများ အပါအဝင် အခြားသော အရေးကိစ္စများနှင့် ပတ်သက်၍ ထိပ်တိုက်ပဋိပက္ခကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

ယခင် မြန်မာစစ်ခေါင်းဆောင်ဟောင်းကြီးဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်ပင် အဆိုပါအုပ်စုနှစ်စု ပြန်လည် သင့်မြတ်ပြီး အစိုးရအဖွဲ့ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကြားဝင်ဖျန်ဖြေပေးခဲ့ရသည် ပညာရှင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံရေးသုတေသီ ဦးအောင်ဇော်ကမူ နိုဝင်ဘာရွေးကောက်ပွဲဖြင့် အာဏာရလာသော မြန်မာအရပ်သား အစိုးရသစ်သည် ဖွံ့ဖြိုးရေး စီမံကိန်းများမှတစ်ဆင့် ပြည်တွင်းစီးပွားရေးကို နိုင်ငံတကာနှင့် ချိတ်ဆက်မိအောင် ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံကို ပွင့်လင်းလာအောင် လုပ်ဆောင်လိမ့် မည် ဖြစ်ကြောင်း၊ သို့သော် ယင်းစီမံကိန်းတချို့ကြောင့် တိုင်းပြည်၏ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများတွင် ဆိုးကျိုးများဖြစ်ပေါ်လာ နိုင် ကြောင်း ပြောကြားသည်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေနိုင်သကဲ့သို့ ထိုင်းနိုင်ငံက အရင်းအနှီးဖြင့် အကောင် အထည် ဖော်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့်လည်း ဒေသခံလူ့အဖွဲ့အစည်းအတွင်း အပြောင်းအလဲများ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ရွေးချယ်စရာသုံးခုရှိကြောင်း၊ ယင်းတို့မှာ ဖြစ်ပေါ်လာမည့်အခြေအနေသစ်များနှင့် လိုက်လျောညီထွေ ဖြစ်နိုင် အောင်ကြိုးစားခြင်း၊ ဧရာမစီမံကိန်းကြီးများမှ ပြောင်းရွှေ့ခြင်း၊ သို့မဟုတ် ယင်းစီမံကိန်းကြီး များကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ကာကွယ်ခြင်း စသည်တို့ပင်ဖြစ်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။

**********************************************************************************

အပယ်ခံ မြန်မာနိုင်ငံအပေါ် တရုတ်က ပြောင်ပြောင်မြောက်မြောက် အမြတ်ထုတ်

(Hindustan Times မှ 3 Oct 2011 ရက်စွဲပါ “China’s polished exploitation of isolated Myanmar” ကို ဘာသာ ပြန်ဆိုသည်)

ဖုန်းကျော်သည် လွန်ခဲ့သော အနှစ် ၂ဝ ခန့်က ရန်ကုန်မြို့မှ ထွက်ပြေးလာကာ အနီးဆုံး ရွှေလီမြို့သို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။ သို့သော် သူ့ အား မြန်မာတောင်တန်းဒေသထွက် ကျောက်စိမ်းကို ရောင်းချခွင့်ပြုထားသော တရုတ်အလုပ်အကိုင်နှင့် ယခုတိုင် ယူနန်ပြည်နယ်မှ အပြင်မထွက်ရန် တားမြစ် ထားသော တရုတ်နေထိုင်ခွင့် ပါမစ်တို့ကို ဖုန်းကျော်က အပြစ်တင်ခြင်း မပြုပါ။

ပေါ်ရှေးနှင့် ကတ်ဒိလက် ကားကြီးများကို မောင်းလာသော တရုတ်လုပ်ငန်းရှင်များက ဖုန်းကျော်၏ ကျောက်ရိုင်းတုံးများကို ဈေးပေါပေါဖြင့် ဝယ်ယူကာ အချောထည် ပြုပြင်၍ ဈေးကြီးကြီးဖြင့် ကမ္ဘာအဝှမ်းသို့ တင်ပို့လိုက်သော နိုင်ငံများတွင် မြန်မာနိုင်ငံနှင့် ကုန်သွယ်ခြင်းကို ဥပဒေဖြင့် ပိတ်ပင် ထားသော အမေရိကန်ပြည်ထောင်စုလည်း ပါဝင်သည်။

ယူနန်ပြည်နယ်ထဲတွင် ရှိသော်လည်း မြန်မာနိုင်ငံက သုံးဖက်သုံးတန်မှ ဝိုင်းပတ်ထားသည့် ရွှေလီမြို့သည် မတည်ငြိမ်သော အိမ်နီးချင်း မြန်မာနှင့် ဆက်ဆံကာ စီးပွားရှာမည့် ဘေဂျင်း၏ မဟာဗျူဟာတွင် အဖွင့်မျက်နှာစာတစ်ခု ဖြစ်ပေသည်။ စစ်ဖက်က အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးမှာ ယခုအခါ ဒေါ်လာ ၄.၄ ဘီလျံပင် ရှိနေလေပြီဖြစ်သည်။ နောက် ၅ နှစ်ကြာမှ မြန်မာနှင့် ကုန်သွယ်ရေးတန်ဖိုး နှစ်ဆ တိုးကာ ဒေါ်လာ ၃ ဘီလျံသို့ ရောက်မည့် အိန္ဒိယနိုင်ငံနှင့် နှိုင်းယှဉ်ကြည့်နိုင်ပေသည်။

ကြီးမားသော ကျောက်စိမ်းအရိုင်းတုံးကြီးများ ပြသထားသော ဆိုင်ခန်းငယ်အတွင်း ထိုင်နေသော ဖုန်းကျော်က “ကျွန်တော် ရွှေလီကို ရောက် တော့ ဒီနေရာမှာ တောတွေ၊ ခြုံတွေပဲ ရှိပါသေးတယ်” ဟု ပြောသည်။ လုံချည်ဝတ်၍ ကွမ်းတံထွေး ထွေးတတ်သော လူများသည် ကျောက်စိမ်းအရိုင်းတုံး များ တန်းစီခင်းထားသော လမ်းကြားတစ်လျှောက် ခေါက်တုန့် ခေါက်ပြန် လမ်းသလားလျက် ရှိသည်။

အဆိုပါ မြန်မာရွှေ့ပြောင်း နေထိုင်သူများကို တရုတ်အစိုးရက သုံးလတစ်ကြိမ် သက်တမ်းတိုးခွင့် ရှိသည့်ပါမစ်ဖြင့် နေထိုင်ခွင့်ပြုထားခြင်း ဖြစ် သည်။ တရုတ်ပြည်တွင်း စီးပွားရေး၏ အခြေခံထောက်တိုင် ဖြစ်နေသော ကျောက်ရိုင်းတုံးများ၊ သစ်လုံးအပြည့်ဖြင့် ကားများ၊ ကုန်ကြမ်းပစ္စည်းများကို အဆိုပါ မြန်မာရွှေ့ပြောင်းနေထိုင်သူများက သယ်ယူပေးနေကြခြင်း ဖြစ်သည်။

“တရုတ်ပြည်မှာတော့ ကျွန်တော် လွတ်လွတ်လပ်လပ် ရှိပါတယ်” ဟု လွန်ခဲ့သော ၈ နှစ်အတွင်း ရွှေလီနှင့် မြန်မာနိုင်ငံကို ကူးချည်သန်းချည် နေထိုင်နေသူ တစ်ဦးဖြစ်သည့် ယုံရှင်းက ဆိုသည်။

မြန်မာတို့ထဲတွင် ကျောက်စိမ်းအရိုင်းတုံးကို ထွင်းထု အချောကိုင်ရန် ငွေအရင်းအနှီးနှင့် နည်းပညာမရှိခြင်းကြောင့် ထွက်ပေါ်လာသည့် အခွင့် အလမ်းများက နေထိုင်သူ သုံးသိန်းပင် မပြည့်သည့် ရွှေလီမြို့လေးသို့ တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို ဆွဲဆောင်ခေါ်ယူခဲ့သည်။

အိန္ဒိယနိုင်ငံက မြန်မာဖက်ခြမ်းမှ နယ်စပ်ကားလမ်းကို တည်ဆောက်ဖွင့်လှစ်ပေးခဲ့သော်လည်း ယူနန်ပြည်နယ်ရောက် မြန်မာထောင်ပေါင်း များစွာသည် အိန္ဒိယနှင့် တိုက်ရိုက်ကုန်သွယ်နိုင်ခြင်း မရှိပေ။

မြန်မာနိုင်ငံသည် ဘေဂျင်း၏ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများအတွက် အတုန့်အလှယ်အနေဖြင့် တရုတ်ဘက်သို့ အလေးသာ ကိုင်းညွှတ်လျက် ရှိသည်။ ဆိပ်ကမ်းများ၊ အဝေးပြေးလမ်းများ၊ ရထားလမ်းများ၊ တံတားများနှင့် ပိုက်လိုင်းများ ပါဝင်သော ခန့်မှန်းခြေ ဒေါ်လာ ၁၂ ဘီလျံတန် မြန်မာ ဖြတ်လမ်း ဆက်ကြောင်းသည် ယခုအခါ မြန်မာပြည်မြောက်ပိုင်းနှင့် တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကို စတင်ချိတ်ဆက်လျက် ရှိ သည်။

အန္တရာယ်ကြီးသည့် မလက္ကာ ရေလက်ကြားကို ဖြတ်သန်းနေရသော ရေနံနှင့် သဘာဝဓာတ်ငွေ့တင် သင်္ဘောလမ်းကြောင်းကို ၂ဝ၁၃ တွင် အစားထိုးမည့် လမ်းကြောင်းသစ်အဖြစ် မြန်မာကမ်းရိုးတန်း ကျောက်ဖြူမှ တရုတ်ပြည် ယူနန်နှင့် ကွမ်ကျိုးသို့ ဆက်သွယ်ပို့ဆောင်မည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများ တည်ဆောက်ခြင်းကို တရုတ်နိုင်ငံအနေဖြင့် မနှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။

***************************************************************************

အာရှ၏ စူးအက်တူးမြောင်းကို မြန်မာသူပုန်များ ပိတ်ဆို့

(Kiama Independent မှ 1 Oct 2011 ရက်စွဲပါ “Burmese rebels block Asia’s Suez Canal” သတင်းကို ဘာသာ ပြန်ဆိုသည်)

                ယခုအခါတွင် အာရှ၏ ကုန်သွယ်မှုလမ်းကြောင်းများကို ပုံစံပြောင်းသွားစေလိမ့်မည်ဟု သက်ဆိုင်ပတ်သက်သူများက ထောက်ခံ ပြောကြား လျက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့ဆိပ်ကမ်းမှ အမေရိကန်ဒေါ်လာ ၆ဝ ဘီလျံတန် ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ထိုင်းနိုင်ငံကို ဆက်သွယ် ထားသည့် လမ်းအား အသုံးပြုနေကြသော ဆောက်လုပ်ရေး လုပ်ငန်းသုံးယာဉ်များကို မြန်မာသူပုန်များက ပိတ်ဆို့ထားခြင်းကြောင့် ဖြစ်သည်။

                မြန်မာအရှေ့ဖက်ကမ်းခြေ ထားဝယ်မြို့ဒေသတွင် ကြီးမားလွန်းသော ပို့ဆောင်ရေးနှင့် ထုတ်လုပ်မှုဗဟိုချက် တစ်ခု တည်ဆောက်နေခြင်းသည် သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးကာ ဒေသခံပြည်သူများကို ဒုက္ခရောက်စေလိမ့်မည် ဟု ပိတ်ဆို့ထားသော KNU သူပုန်များက ပြောကြားလိုက်သည်။

                KNU အထွေထွေအတွင်းရေးမှူး ဇစ်ပိုရာစိန်က အီတာလျံ - ထိုင်းကုမ္ပဏီအား ရေနက်ဆိပ်ကမ်းစီမံကိန်း၏ ဒေါ်လာ ၈ ဘီလျံတန် ပထမအဆင့် လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်ခြင်း မပြုမီ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အကဲဖြတ်စစ်ဆေးမှုကို ဦးစွာ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

                “မြန်မာပြည်သူတွေဆီမှာ ဆုံးဖြတ်ဖို့ အခွင့်အရေး ရှိရပါလိမ့်မယ်။ ဒီစီမံကိန်းရဲ့ အကျိုးဆက်တွေကို သူတို့ သိဖို့ လိုအပ်ပါတယ်” ဟု ဇစ်ပိုရာ စိန်က ပြောကြားသည်။

                ဥရောပနှင့် အင်ဒိုင်ချိုင်းနားအကြား ကုန်သွယ်ရေးဖြတ်လမ်းတစ်ခုကို ဖန်တီးပေးမည့် ရေနက်ဆိပ်ကမ်းနှင့် ၂၅၀ စတုရန်း ကီလိုမီတာ အကျယ် အထူး စီးပွားရေးဇုန်ကို ကုမ္ပဏီက စီစဉ်နေကြောင်း အထောက်အထားများက ပြသလျက် ရှိသည်။

                ကူးသန်းကုန်သွယ်သူများအနေဖြင့် မလက္ကာရေလက်ကြားကို ဖြတ်ရသော ကီလိုမီတာ ထောင်ချီခရီးကို ရှောင်ရှားခြင်းဖြင့် လောင်စာဆီနှင့် အချိန်ကို ချွေတာနိုင်ကြမည်ဖြစ်သည်။

                မြန်မာတပ်မတော် အစိုးရဟောင်းနှင့် ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီ အီတာလျံ - ထိုင်းတို့ အကြား မနှစ်က လက်မှတ် ရေးထိုးခဲ့ကြသော လူသိနည်း သဘောတူညီချက်တွင် ရေနက်ဆိပ်ကမ်း၊ သင်္ဘောကျင်းနှင့် သင်္ဘောတည်ဆောက်ပြုပြင်ထိန်းသိမ်းမှု အဆောက် အအုံများ၊ ရေနံဓာတုလုပ်ငန်းနှင့် ရေနံချက်စက်ရုံ၊ ဓါတ်ငွေ့စက်ရုံများ၊ မော်တော်ကားနှင့် အထည်ချုပ်ကဲ့သို့သော အလတ်စား၊ အသေးစား စက်မှု လုပ်ငန်းများ ပါဝင်သည်။

                ထို့အပြင် ၎င်းဒေသတွင်း သဘာဝမပျက်ယွင်းသေးသည့် ကျွန်းများပေါ်မှ ကြယ်ငါးပွင့် အပန်းဖြေဟိုတယ်များ ကိုလည်း ထည့်သွင်း စီစဉ်ထား သည်။ ထိုမျှမကသေးဘဲ အီတာလျံ - ထိုင်း ကုမ္ပဏီ၏ အစီအစဉ်များတွင် ပါဝင်သော ထားဝယ် - ထိုင်း ၈ လမ်းသွား အဝေးပြေးလမ်းနှင့် ရထားလမ်း များသည် ဗီယက်နမ် ဟိုချီမင်းနှင့် မြန်မာနိုင်ငံကို ဆက်သွယ်မည့် ကြီးမားသော မဲခေါင်ဒေသခွဲ နယ်မြေတွင်းရှိ တောင်ပိုင်းစီးပွားရေး စင်္ကြန်လမ်း အပိုင်း တစ်ခုအဖြစ် ပါဝင် ဖွဲ့စည်းမည် ဖြစ်သည်။

                ယူနန်ပြည်နယ် ကူမင်းမှ မြန်မာနိုင်ငံ မန္တလေး၊ ပဲခူးမြို့များကို ဖြတ်သန်းကာ ထားဝယ်သို့ ဆက်သွယ်မည့် မြောက်ပိုင်း - တောင်ပိုင်း ရထား လမ်းနှင့် ပိုက်လိုင်းကိုလည်း အလားတူ စီစဉ်ထားသည်ဟု သိရှိရသည်။

                ကုလသမဂ္ဂ ဝန်ထမ်းဟောင်း အမေရိကန်ကျောင်းဆင်း မြန်မာသမိုင်းပညာရှင် ဦးသန့်မြင့်ဦးက မကြာမီက ရေးသား ထုတ်ဝေခဲ့သော ‘ Where China Meets India’ စာအုပ်တွင် မြန်မာနိုင်ငံကို ဖြတ်သန်းသွားမည့် ကုန်သွယ်မှု လမ်းကြောင်းသစ်ကို ဥရောပ - အိန္ဒိယသမုဒ္ဒရာပေါင်းကူး စူးအက် တူမြောင်းဖွင့်လှစ်ခြင်းနှင့် နှိုင်းယှဉ်ပြထားသည်။ အနာဂတ် တစ်ချိန်တွင် ရန်သူများက နိုင်ငံခြားစွမ်းအင်လမ်းကြောင်းများကို ဖြတ်တောက်သည့်အခါ သဘာဝ သတ်ကွင်း ဖြစ်သွားမည့် မလက္ကာရေလက်ကြားကို ရှောင်လွှဲအသုံးပြုနိုင်မည့် နောက်ထပ် လမ်းကြောင်းတစ်ခုကို တရုတ်တို့က ကာလ ကြာမြင့် စွာကပင် လိုချင်ခဲ့ကြသည်ဟု ဦးသန့်မြင့်ဦးက ရေးသားတင်ပြထားသည်။

                ထိုင်းနိုင်ငံ အနောက်ပိုင်း ကန်ချနာဘူရီနှင့် ထားဝယ် လုပ်ငန်းခွင်ကို ဆက်သွယ်ထားသည့်လမ်းအား အဆင့်မြှင့်ခြင်းကို လွန်ခဲ့သော လပိုင်းများ က လုပ်ငန်းစခဲ့ကြသည်။

                မြန်မာဗဟိုအစိုးရနှင့် ၁၉၄၉ မှစ၍ ပြည်တွင်းစစ် ဆင်နွှဲခဲ့ကြသော ကရင်သူပုန်များသည် ထားဝယ်တစ်ဝိုက် တောင်များ ပေါ်တွင် နေထိုင်လျက် ရှိပြီး ထိုင်းနိုင်ငံသို့ သွားသောလမ်းတစ်လျှောက် နယ်မြေများကို ထိန်းချုပ်ထားသည်။

                ကရင်သူပုန်များက လူသားချင်း စာနာထောက်ထားသော ကယ်ဆယ်ရေးပစ္စည်းများ သက်ဆောင်လာသည့် ယာဉ်များကို ခွင့်ပြုမည်မဟုတ်ဟု ပြောကြားထားသည်။

                ယခုကဲ့သို့ ထိုင်းကုမ္ပဏီအပေါ် ပိတ်ဆို့ခြင်းကို လွန်ခဲ့သောသီတင်းနှစ်ပတ်က သတင်းပေးပို့ခဲ့ကြခြင်း ဖြစ်သည်။

************************************************************************************

ပြောင်းလဲမှုလေပြေလော မီးခိုးသဖွယ် ပျောက်သွားမည်လော

(2 Oct 2011 ရက်စွဲပါ Bangkok Post မှ ခေါင်းကြီးပိုင်းဖြစ်သော “Winds of Change or just a Smokescreen?” ကို ဘာသာ ပြန်ဆိုသည်)

ယခုလတ်တလော ကျွန်ုပ်တို့(ထိုင်း)၏ အိမ်နီးချင်း နိုင်ငံတွင် မည်သည့်အရာများ ဖြစ်နေသည်ဆိုသည်ကို အတိအကျပြောရန် ခက်ခဲလှပါ သည်။ ထိုနည်းတူစွာပင် ပညာရှင်များ၊ သတင်းစာဆရာများနှင့် မြန်မာ့အရေးစောင့်ကြည့်နေသူ ကျွမ်းကျင်သူများသည်လည်း ကျွန်ုပ်တို့နည်းတူ ဝေခွဲမရ ဖြစ်နေပါသေးသည်။ မြန်မာအရပ်သားအစိုးရသစ် လက်အောက်တွင် ကျွန်ုပ်တို့သည် အမှန်တကယ်ပြောင်းလဲမှုများကို မြင်တွေ့နေရခြင်းလော။ သို့မဟုတ် သိုးအရေခွံခြုံထားသော ဝံပုလွေအိုကြီးပေလား။

သမ္မတဦးသိန်းစိန်၏ အစိုးရသည် အနောက်နိုင်ငံ ဝေဖန်သူများ၊ သံတမန်များနှင့် NGO အချို့၏ အသံများ တိတ်သွားအောင် လုပ်ဆောင်လျက် ရှိနေသည်။ ယင်းတို့သည် နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်အား ထိန်းသိမ်းထားခြင်းကြောင့် ယခင်စစ်အစိုးရကို နှစ်သက်ခြင်း မရှိခဲ့ကြချေ။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မကြာသေးမီက နယူးယောက်တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မကြာ တော့သော ကာလ၌ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမည်ဟု အသေအချာ ပြောကြားခဲ့သည်။ အဆိုပါ ပြောကြားချက်ကို ကြိုဆိုသည့်သတင်းများ ထွက်ပေါ်လာသည့်နည်းတူ သံသယရှိနေကြဆဲ စောင့်ကြည့်လေ့လာသူများက အရေအတွက် မည်မျှလွတ်မည်၊ ယခင် စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူများ လွှတ်မည်လော၊ စသည်ဖြင့် မေးမြန်းလျက် ရှိသည်။

အတိုက်အခံခေါင်းဆောင်နှင့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခင်အစိုးရလက်ထက်က ပြစ်ဒဏ်များ လွတ်မြောက်ပြီးနောက် ယခုအစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်လျက် ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဩဂုတ်လက နေပြည်တော်တွင် သမ္မတကြီးဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် မြန်မာအစိုးရတာဝန် ရှိသူများနှင့် ပိုမိုတွေ့ဆုံရန် စီစဉ်လျက် ရှိသည်။ သမ္မတကြီးနှင့် တွေ့ဆုံပြီးနောက် သူမက တိုင်းပြည်တွင် အပေါင်းလက္ခဏာဆောင်သော တိုးတက် မှုများ ရှိနေပြီဟု ကြေညာခဲ့သည်။ သူမ၏ ပြန်လွတ်ပြီးနောက် ရန်ကုန်ပြင်ပသို့ ပထမဆုံး နိုင်ငံရေးခရီးစဉ်ထွက်ရာတွင် အစပိုင်းက အာဏာပိုင်များအား ဆွပေးသလို ဖြစ်မည်ကို စိုးရိမ်ခဲ့ကြသော်လည်း ဘာမျှ ထူးထူးခြားခြား ဖြစ်ပျက်ခဲ့ခြင်း မရှိပေ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးတွင် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အားလည်း ပစ်ပယ်ထားမည်မဟုတ်ဟု သတင်းပါးမှုများလည်း ရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနှင့် အာဆီယံတို့ကလည်း မြန်မာနိုင်ငံတွင် စစ်မှန်သော နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်များကို အားပေးနိုင်ရန် အရပ်သားအစိုးရနှင့် ဆက်ဆံရန် ပိုမိုစိတ်အားထက်သန်လျက် ရှိနေသည်။ မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌနေရာကို ရယူနိုင်ရန် မျှော်လင့်လျက် ရှိသည်။ လက်ရှိဥက္ကဋ္ဌနေရာကို ယူထားသော အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က အဖွဲ့ကြီးအနေဖြင့် မြန်မာနိုင်ငံ၏ အဆိုပြုချက်ကို ဆုံးဖြတ်ချက် မချမီ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို မေးမြန်း သွားမည်ဟု ဆိုသည်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့ထ် ကမ့်ဘဲ (Kurt Campbell) က မြန်မာနိုင်ငံတွင် ပြောင်းလဲမှုလေပြေများ တိုက်ခတ်နေပြီ ဆိုသည်မှာ အသေအချာပင်ဖြစ်ကြောင်း၊ ယင်းလေပြေ၏ အတိုင်းအတာကမူ မသဲကွဲသေးကြောင်း၊ သို့သော် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သူတိုင်းက ပြောင်းလဲမှုများ ရှိနေပြီဆိုသည်ကို အသိအမှတ်ပြုကြကြောင်း ပြောခဲ့သည်။

မြန်မာအစိုးရ၏ ဒီမိုကရေစီသို့ ခြေလှမ်းငယ်လေးများအပေါ် မကြာသေးမီက ထုတ်ဝေသော International Crisis Group (ICG) ၏ “မြန်မာ နိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုကြီး စတင် (Myanmar: Major Reform Under Way)” အစီရင်ခံစာတွင် ထောက်ခံထားသည်။

အဆိုပါအစီရင်ခံစာနှင့် ပတ်သက်၍ London School of Economics and Politics မှ မောင်ဇာနည်က တုံ့ပြန်ခဲ့ရာ ဧရာဝတီသတင်းတွင် အစီရင်ခံစာ၏ အမှားကြီး (၇) ချက် (Seven Deadly Sins) ဟု ဖော်ပြခဲ့သည်။ ယင်း၏ တုံ့ပြန်မှုမှာ ICG ၏ အရေးယူပိတ်ဆို့မှု ဆန့်ကျင်ရေး ဦးတည် ချက်ကို ငြင်းချက်ထုတ်နိုင်မည့် သတင်းအချက်အလက်များ ပေးသကဲ့သို့ ဖြစ်သည်။

ယင်း၏ ဝေဖန်ချက် အဓိက အကြောင်းအရာမှာ ICG ၏ အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများနှင့် ဝိရောဓိ ဖြစ်မည် သို့မဟုတ် မှားယွင်းကြောင်း ပြသမည့်သူများနှင့် ဆွေးနွေးခဲ့ခြင်းမရှိဟူသော အချက်ဖြစ်သည်။ ICG က မတွေ့ဆုံဘဲ ကျန်ခဲ့သူများမှာ သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေး အဆိုပြုထားသော တိုင်းရင်းသား လက်နက်ကိုင်များ၏ တုံ့ပြန်မှုများပင် ဖြစ်သည်၊ ICG အစီရင်ခံစာသည် မြန်မာစစ်တပ်က ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများ ကိစ္စကို မှေးမှိန်သွားအောင် ပြုလုပ်ပေးရန် တာဝန်ယူထားရပုံ ဖြစ်နေသည် ဟု ဆိုထားသည်။

ခြောက်လသား အစိုးရအတွက် ယခုအထိ လုပ်ဆောင်မှုများတွင် အခမ်းနားဆုံးသော ကိစ္စမှာ သောကြာနေ့က အငြင်းပွားဖွယ် ဒေါ်လာ ၃.၆ ဘီလျံ (ထိုင်းဘတ် ၁၁၂ ဘီလျံ) တန်ဖိုးရှိ ကချင်ပြည်နယ်မှ မြစ်ဆုံရေလှောင်တမံ စီမံကိန်းကို သမ္မတက ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

မြစ်ဆုံကိစ္စကို ဆန့်ကျင်ခဲ့သူများသည် အလွှာမျိုးစုံ ပါဝင်ပြီး ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စများကြောင့်ချည်းမဟုတ်ဘဲ တရုတ်၏ အခန်းကဏ္ဍကို ဆန့်ကျင်လိုကြခြင်းလည်း ဖြစ်သည်။ ဤကိစ္စသည် မြန်မာအစိုးရအတွက် လူထုခံစားမှု ပြင်းထန်သော ကိစ္စဖြစ်ပြီး အဆင့်မြင့် တာဝန် ရှိသူများ ကြားတွင်ပင် သဘောထား ကွဲလွဲခဲ့ကြောင့် သတင်းများက ဆိုသည်။ အဆိုပါစီမံကိန်းအား ရပ်တန့်ရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ပြီးနောက် ပိုမို ရှုတ်ထွေးခဲ့သည်။

“တရုတ်သည် သေနတ်တစ်ချက် မဖောက်ဘဲ မြန်မာအစိုးရနှင့် ယင်း၏ အပေါင်းပါများ၏ အကူအညီဖြင့် မြန်မာနိုင်ငံကို ကိုလိုနီပြုခဲ့သည်” ဟု အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူ ဦးအောင်ဒင်က ဆိုခဲ့ပြီး တရုတ် ဆန့်ကျင်ရေး စိတ်ဓာတ်များကို ထင်ဟပ်စေခဲ့သည်။

မြန်မာအစိုးရသည် လုံးဝ ပြောင်းလဲခဲ့သည့် သဘောထားကို ပြသခဲ့ပြီး ဒီမိုကရေစီနှင့် ပတ်သက်၍ အသိအမှတ်ပြုမှု တိုးတက် ရရှိလာစေနိုင် သည်။ ယင်း၏အင်အားကြီး မဟာမိတ်ကို ဆန့်ကျင်ပြီး ပြည်သူများနှင့် အတိုက်အခံတို့၏ အသံကို နားထောင်သည်ဟူသော အချက်ကို သိစေလိုဟန် ရှိသည်။ မီဒီယာကို ပိုမို ဖွင့်ပေးပြီး ပြည်သူများ၏ အသံကို ကြားရအောင် ပြုလုပ်၍ ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာသည် လာမည့် ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ရာ ပြုပြင်ပြောင်းလဲရေးများနှင့် ပတ်သက် ပြီး အခွင့်အလမ်း ရရှိမည်ဖြစ်သည်။ ယခုခရီးစဉ်သည် ပုံမှန်ခရီးစဉ်သာဖြစ်ကြောင်း သူမနှင့် နီးစပ်သော သူများက ဆိုသော်လည်း အတိတ်က သူမ၏ အစ်ကိုနှင့် မြန်မာဗိုလ်ချုပ်များ၏ နွေးထွေးပြီး မေးခွန်းထုတ်ဖွယ် ဆက်ဆံရေးရှိထားသဖြင့် မည်သည့်အစီအစဉ်များ ရှိမည် ဆိုသည်မှာ စိတ်ဝင် စားဖွယ် ဖြစ်သည်။ ဝန်ကြီးချုပ်ကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိဟု သတင်းတို့က ဆိုထားသည်။

မြန်မာနိုင်ငံတွင် ပြောင်းလဲမှုလေပြေများ တိုက်ခတ်လျက် ရှိသောကြောင့် အနာဂတ်တွင် ထိုင်းနိုင်ငံ၏ အကျိုးစီးပွားအတွက် ဒေါ်အောင်ဆန်း စုကြည်နှင့် သူမ တွေ့ဆုံရန် ဖြစ်လာပါက မြန်မာအရပ်သားအစိုးရသစ်ကလည်း လိုလိုလားလား ရှိလိမ့်မည်ဖြစ်သည်။

****************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment