Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၎.၁၀.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံအပေါ် နှစ်လမ်းပြိုင်မူဝါဒ ဆက်လက်ကျင့်သုံးမည်ဟု အမေရိကန်ပြောကြား

(Zee News မှ 1st Oct 2011 ရက်စွဲပါ “ US says if maintains dual track policy on Myanmar ” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ထိုင်းနိုင်ငံ မြန်မာနိုင်ငံမှ ဓါတ်ငွေ့ ပိုမိုဝယ်ယူလို

(3 October 2011 ရက်စွဲပါ The Nation မှ Thailand eyes more gas from Burma ကို ဘာသာပြန်ပါသည်။)

  1. မြစ်ဆုံတမံရပ်ဆိုင်းသွား၍ ဘီဂျင်းအမျက်ထွက်

(The Standard News မှ 3 Oct 2011 ရက်စွဲပါ Dam Halt draws ire of beiging သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအတွက် ဒေါ်အောင်ဆန်းစုကြည်က သတိကြီးစွာထား

(3 October 2011 ရက်စွဲပါ BBC News မှ Rachel Harvey ရေးသားသော Aung San Suu Kyi Cautious on Burma reform ကို ဘာသာပြန်ဆိုပါသည်။)

  1. မြန်မာနိုင်ငံတွင် မမျှော်လင့်ဘဲ ပြောင်းလဲမှု အလင်းရောင်တွေ့

(Worldcrunch.com မှ Antoine Clapik ရေးသားသော In Burma, unexpected glimmers of ‘glasnost’ ကိုဘာသာပြန် ပါသည်။)

************************************************************************************* 

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံအပေါ် နှစ်လမ်းပြိုင်မူဝါဒ ဆက်လက်ကျင့်သုံးမည်ဟု အမေရိကန်ပြောကြား

(Zee News မှ 1st Oct 2011 ရက်စွဲပါ “ US says if maintains dual track policy on Myanmar ” သတင်းကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော ဆက်ဆံညှိနှိုင်းမှုနှင့် ဆက်လက်အရေးယူ ပိတ်ဆို့မှု နှစ်လမ်းပြိုင်မူဝါဒကို ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန် တာဝန်ရှိသူများအကြား ဆွေးနွေးပွဲကျင်းပပြီး နောက်တစ်ရက်တွင် အိုဘားမားအစိုးရက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေး အမေရိကန် အထူး ကိုယ်စားလှယ် Derek Mitchell ၊ အရှေ့အာရှနှင့် ပစ္စိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell တို့နှင့် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် ကြာသပတေး နေ့က အမေရိကန် နိုင်ငံခြားရေးဌာနရုံးချုပ်သို့ ရောက်ရှိ လာခဲ့သည်။

အပြုသဘောဆောင်သည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က သုံးသပ်ပြောဆိုသော အဆိုပါဆွေးနွေးပွဲတွင် ဒီမိုကရေစီ၊ လူ့အခွင့် အရေးနှင့် အလုပ်သမားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Posner လည်း တက်ရောက်ခဲ့သည်။

ယခု တွေ့ဆုံဆွေးနွေးမှုသည် မြန်မာအစိုးရနှင့် ဆက်ဆံရန် မူချထားသော အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်ကို ထင်ဟပ်နေသည့်အပြင် အမေရိကန် - မြန်မာ နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးအတွက် မရှိမဖြစ် အရေးကြီးသော လူ့အခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသားများ၊ ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နျူကလီးယား မပြန့်ပွားရေး စသည်တို့ အပါအဝင် မိမိတို့ အဓိကစိုးရိမ်ပူပန်နေသော ကိစ္စရပ်များကို မြန်မာအစိုးရက ဆွေးနွေးရန် ဆန္ဒရှိလာခြင်းကို ထင်ဟပ်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနက ကြေညာသည်။

ယခုဆွေးနွေးမှုသည် ရက်သတ္တပတ်အတွင်း နှစ်နိုင်ငံအကြား ဒုတိယမြောက် တွေ့ဆုံခြင်းဖြစ်ပြီး နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အဝန်းအဝိုင်းတွင် ကနဦး တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖြစ်သည်။

မူဝါဒညှိနှိုင်းရေးကိုယ်စားလှယ် Derek Mitchell သည် မကြာသေးမှီက နေပြည်တော်ခရီးစဉ်တွင်လည်း မြန်မာခေါင်းဆောင်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

ယခုသီတင်းပတ် အစောပိုင်းတွင် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Willians J Burns က အိန္ဒိယနိုင်ငံအား မြန်မာနိုင်ငံတွင် အပြောင်းအလဲ ဖြစ်ပေါ်လာအောင် အိန္ဒိယ၏သြဇာကို အသုံးပြုရန် တောင်းဆိုခဲ့သည်။

“လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို တစ်နေရာမှာ စော်ကားလိုက်တာဟာ နေရာတိုင်းမှာ စော်ကားတာနဲ့ အတူတူဘဲဆိုတဲ့ ဂန္ဒီ စိတ်ဓါတ်မျိုးနဲ့ နားလည်သိရှိမှု အပါအဝင် အင်အားကြီးရင် ကြီးသလို ပိုပြီးတာဝန်ယူရမယ်ဆိုတာကို အိန္ဒိယနိုင်ငံက သိရှိလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု Mr. Burns က ပြောကြားသည်။

ဝါရှင်တန်အခြေစိုက် ထင်ရှားသော အမေရိကန် ဥာဏ်ကျယ်အုပ်စု Brookings Institute နှင့် အိန္ဒိယ ကုန်သည်ကြီးများအသင်း FICCI တို့ ပူးတွဲ ကမကထပြု စီစဉ်သော မိတ်ဆုံပွဲတွင် အိန္ဒိယ - အမေရိကန် ဆက်ဆံရေးအပေါ် မှတ်ချက်ပေး ပြောဆိုသော ဒုတိယနိုင်ငံခြားရေးဝန်ကြီး Willian J Burns က လတ်တလော သီတင်းပတ်များအတွင်း မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲရေးဟန်ပန်ကို လိုလိုလားလား အားပေးမြှင့်တင်လာခြင်း အပါအဝင် အားတက်စရာကောင်းသည့် လက္ခဏာသစ်များကို မြင်တွေ့နေရသည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

ဒီနှစ်အစောပိုင်းက နိုင်ငံခြားရေးအတွင်းဝန် နီရူးပါးမားရာအိုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှုဟာ အရေးပါတဲ့ လုပ်ဆောင်မှုတစ်ခုပါပဲ။ အိန္ဒိယအစိုးရဟာ မြန်မာတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို အသုံးပြုပြီး အဲဒီနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ခိုင်မာတဲ့ ဆောင်ရွက်ချက်တွေ ပေါ်ပေါက်လာအောင် အားပေးတိုက်တွန်းလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်ဟု Burns က ဆက်လက်ပြောကြားခဲ့သည်။

*************************************************************************************

ထိုင်းနိုင်ငံ မြန်မာနိုင်ငံမှ ဓါတ်ငွေ့ ပိုမိုဝယ်ယူလို

(3 October 2011 ရက်စွဲပါ The Nation မှ Thailand eyes more gas from Burma ကို ဘာသာပြန်ပါသည်။)

အောက်တိုဘာလ (၅) ရက်နေ့ ထိုင်းဝန်ကြီးချုပ် ယင်းလတ် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရာတွင် စွမ်းအင်ဝန်ကြီး Pichai Naripthaphan လည်း ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ သဘာဝဓါတ်ငွေ့ ပိုမိုဝယ်ယူရေး ညှိနှိုင်းမည့်အစီအစဉ်လည်း ပါဝင်ပါသည်။

“မြန်မာနိုင်ငံမှာ သဘာဝဓါတ်ငွေ့အများကြီး ရှိပါတယ်။ ကုန်းတွင်းပိုင်းက လုပ်ကွက်တွေဟာ ကမ်းလွန်လုပ်ကွက်ထက် ရင်းနှီးမြှုပ်နှံမှု သက်သာ ပါတယ်။ ဒီတော့ နှစ်နိုင်ငံစီးပွားရေး အလားအလာကောင်းများအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းပါပဲ” ဟု ၎င်းက ယမန်နေ့က ပြောကြားခဲ့ ပါသည်။

မြန်မာနိုင်ငံမှ ဓါတ်ငွေ့ကို ပိုက်လိုင်းဖြင့် ပို့လွှတ်ခြင်းသည် အရှေ့အလယ်ပိုင်းနှင့် သြစတြေးလျမှ သဘာဝဓါတ်ငွေ့များကို အရည်ပြုလုပ်၍ ရေလမ်းဖြင့် သယ်ယူလာခြင်းထက် စရိတ်သက်သာကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံမှ ဓါတ်ငွေ့များ ရရှိနိုင်ရန် အပြိုင်အဆိုင် ကြိုးစားလျက်ရှိပါသည်။ ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံနှင့် နောက်ဆုံးသဘောတူညီမှုမှာ ၂၀၁၀ ခုနှစ်က ဖြစ်ပြီး လုပ်ကွက်M9 မှ ဓါတ်ငွေ့များ ဝယ်ယူရေး ဖြစ်ပါသည်။

*************************************************************************************

မြစ်ဆုံတမံရပ်ဆိုင်းသွား၍ ဘီဂျင်းအမျက်ထွက်

(The Standard News မှ 3 Oct 2011 ရက်စွဲပါ Dam Halt draws ire of beiging သတင်းကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံထားသော အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံတန်အကြီးစား အဆင့်လွန် မီဂါရေလှောင်တမံ တည်ဆောက်မှုကို မြန်မာပြည်သူတို့၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် အစိုးရက ရပ်ဆိုင်းလိုက်ပြီးနောက်တွင် တရုတ်ကုမ္ပဏီများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန် ဘီဂျင်းက မြန်မာနိုင်ငံကို တိုက်တွန်းလျက်ရှိသည်။

ဧရာဝတီမြစ်ပေါ်မှ မြစ်ဆုံတမံတည်ဆောက်မှုကို လုပ်ငန်းရပ်ဆိုင်းရန် မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်က သောကြာနေ့တွင် အမိန့်ထုတ်ပြန် လိုက်ရာ ယင်းဆုံးဖြတ်ချက်သည် မြန်မာအစိုးရက ပြည်သူတို့၏အသံကို နားထောင်နေသည့် လက္ခဏာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက ချီးကျူးထောမနာ ပြုလိုက်ပါသည်။

သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟောင်လီက “သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် တရုတ်ကုမ္ပဏီများ၏ ဥပဒေကြောင်း အရ တရားဝင်သော အခွင့်အရေးများနှင့် အကျိုးစီးပွားများကို အာမခံရမည်”ဟု ပြောကြားခဲ့သည်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နှင့် မြန်မာအကြား ဖက်စပ်ရင်းနှီးမြှုပ်နှံထားသော စီမံကိန်း ဖြစ်၍ နှစ်ဖက်စလုံးက အသေးစိတ်စစ်ဆေးခဲ့ကြပြီး ဖြစ်သည်ဟု ဟောင်လီက ဆိုသည်။

အဆိုပါကိစ္စကို ရင်းရင်းနှီးနှီး တိုင်ပင်ညှိနှိုင်းမှုများမှတဆင့် တိကျမှန်ကန်စွာကိုင်တွယ်ကြရန် နှစ်ဖက်စလုံးကို ၎င်းက တောင်းဆိုခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နှင့် အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ၎င်းတို့နှစ်နိုင်ငံအကြား သဘော ကွဲလွဲမှုများကို ယခုကဲ့သို့ လူသိရှင်ကြားပြောဆိုခြင်းမှာ လွန်စွာရှားပါးသည့်ဖြစ်ရပ် ဖြစ်သည်။

မြောက်ပိုင်းကချင်ပြည်နယ်ရှိရေလှောင်တမံကို တရုတ်နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ China Power Investment Corp က ရင်းနှီးမြှုပ်နှံ တည်ဆောက် နေခြင်းဖြစ်ရာ မြန်မာအရပ်သားအစိုးရသစ်လက်ထက် လွတ်လပ်ခွင့် အကန့်အသတ်များကို အကဲစမ်းကြသော ဒီမိုကရေစီ လှုပ်ရှားသူများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများအား များစွာအာရုံစိုက်လာအောင် ဆွဲဆောင်နိုင်ခဲ့သည်။

ယခင်တပ်မတော်အစိုးရက မတ်လတွင် အာဏာလွှဲပြောင်းပေးလိုက်သော အရပ်ဖက်အစိုးရသစ်သည်လည်း ယခင်ဗိုလ်ချုပ်ဟောင်း အများစု ဖြင့်သာ ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်သည်။

အကြီးစားအဆင့်လွန် မီဂါရေလှောင်တမံကြီးသည် စင်ကာပူနိုင်ငံအကျယ်ဝန်းခန့်ရှိသော ဧရိယာကို ရေမြှုပ်သွားစေမည်ဖြစ်၍ ဒါဇင်နှင့်ချီသော ဒေသခံရွာများကို ဖယ်ရှားကာ ဒေသခံပြည်သူအနည်းဆုံး ၁၀၀၀၀ ကျော်ကို အိမ်မဲ့ယာမဲ့ ဖြစ်စေသည့်အပြင် ကမ္ဘာ့ဇီဝမျိုးကွဲ အများဆုံးဒေသတစ်ခုကို ဆုံးခန်းတိုင် ဖျက်ဆီးပစ်လိမ့်မည်ဟု စိမ်းလန်းရေးအုပ်စုများ (ပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုများ)က သတိပေးပြောကြားထားသည်။

ဆောက်လုပ်ရေးခွင်မှ လုပ်သားများနှင့် စက်ယန္တရားများကို ဖယ်ရှားရန်နှင့် အဓမ္မမောင်းထုတ်ထားသော ဒေသခံရွာသားများကို အိမ်ပြန်ခွင့်ပေးရန် ပတ်ဝန်းကျင်နှင့် လူအခွင့်အရေးလှုပ်ရှားသူများက China Power Investment Corp ကို တိုက်တွန်းလျက်ရှိသည်။

တရုတ်လုပ် ရေလှောင်တမံများ၏ ဘေးဒဏ်သင့်နေသည့် တောသူတောင်သား အသိုင်းအဝိုင်းကို ကိုယ်စားပြု ရပ်တည်ပေးနေသော Burma Rivers Network ကွန်ယက်အုပ်စုများက ဧရာဝတီမြစ်၏ လက်တက်များပေါ်မှ အခြားမီဂါ ရေလှောင်တမံစီမံကိန်း ၆ ခုကိုလည်း ရပ်ဆိုင်းပေးရန် တောင်းဆို ထားသည်။

*************************************************************************************

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအတွက် ဒေါ်အောင်ဆန်းစုကြည်က သတိကြီးစွာထား

( 3 October 2011 ရက်စွဲပါ BBC News မှ Rachel Harvey ရေးသားသော Aung San Suu Kyi Cautious on Burma reform ကို ဘာသာ ပြန်ဆိုပါသည်။)

မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအသိုင်းအဝိုင်းအား သူမ၏တိုင်းပြည်တွင် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဖြစ်နိုင်ချေလက္ခဏာများမှာ အစစ်အမှန်ဟုတ်မဟုတ် အနီးကပ်စောင့်ကြည့်ရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

သူမ၏မှတ်ချက်များမှာ BBC မြန်မာပိုင်းအစီအစဉ် သတင်းထောက်နှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ သတင်း ထောက်မှာ မြန်မာနိုင်ငံသို့ ရှားရှားပါးပါး တရားဝင်လာရောက်ခွင့်ရခြင်း ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် သမ္မတဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေးကို လိုလားသည်ဟု သူမယုံကြည်ကြောင်း ပြောကြားခဲ့ ပါသည်။

သို့သော် ၎င်းအနေဖြင့် မည်မျှအထိ လုပ်ဆောင်မည်ဆိုသည်ကို သူမအနေဖြင့် အသေအချာမသိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် စစ်တပ်နောက်ခံပြု အရပ်သားအစိုးရသည် ၎င်း၏ရပ်တည်ချက် ပျော့ပြောင်းရန် ကြိုးစားလျက်ရှိကြောင်း လက္ခဏာများ ပြသလျက်ရှိပြီး၊ ပြည်တွင်းရော ပြည်ပတွင်ပါ နာမည်ကောင်းရရန် ကြိုးပမ်းလျက်ရှိပါသည်။

ပြီးခဲ့သည့် အပတ်က သမ္မတကြီးသည် ပြည်သူများဆန့်ကျင်မှု တိုးပွားလာသော တရုတ်နိုင်ငံက လုပ်ဆောင်လျက်ရှိသည့် ရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းခဲ့ပါသည်။

ယခင်က ပိတ်ထားခဲ့သော ဝက်ဆိုက်ဒ်အချို့အား ဖွင့်ပေးခြင်းများရှိခဲ့ပါသည်။ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ကြားတွင်လည်း တွေ့ဆုံမှုများ ရှိလာပါသည်။

မြန်မာနိုင်ငံပြင်ပတွင် အခြေစိုက်သော သတင်းထောက်အချို့မှာလည်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ဗီဇာများ ရရှိခဲ့ရာ BBC မြန်မာပိုင်း အစီအစဉ်မှ သတင်းထောက်လည်း ပါဝင်သဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ပါသည်။

မကြာသေးမီက လုပ်ဆောင်မှုများသည် မည်မျှအထိ ခရီးရောက်သနည်းဟု BBC သတင်းထောက်က သူမအား မေးမြန်းခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မကို ပြောင်းလဲမှုရဲ့ အစကို အခုမှ စတွေ့ရတာပါ”ဟု ဖြေကြားခဲ့ပါသည်။

“ဒါနဲ့ပတ်သက်လို့ ကျွန်မပြောလိုတာက သမ္မတကြီးဟာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ဒီပြုပြင်ပြောင်းလဲရေးဟာ ဘယ်လောက်အထိ သွားနိုင်မလဲ။ ဘယ်လောက်ထိရောက်မှုရှိမလဲ ဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်ဖို့ လိုအပ်ပါတယ်”ဟု သူမက ဆက်လက် ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအသိုင်းအဝိုင်းအား အတူလက်တွဲလုပ်ဆောင်ရန်နှင့် အမှန်တကယ် ထိရောက်သော တိုးတက်မှုများရှိမရှိ စောင့်ကြည့်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

“ကျွန်မအမြဲတမ်းပြောခဲ့ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပိုမိုပူးပေါင်းဆောင်ရွက်မှု ရှိတာနဲ့အမျှ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအတွက် အလားအလာ ပိုကောင်းပါတယ်လို့။ တိုင်းပြည်တွေက တစ်ယောက်တစ်ပေါက်လုပ်နေရင်၊ သူတို့ရဲ့ လုပ်ဆောင်မှုတွေ ထိရောက်လိမ့်မယ်မဟုတ်ပါဘူး”ဟု သူမက ပြောကြားခဲ့ပါသည်။

၎င်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီဘီး လည်ပတ်နေပြီဟု ထင်သလားဟုမေးမြန်းရာ၊ ဒေါ်အောင် ဆန်းစုကြည်က သတိထား၍ ဖြေကြားရာတွင် “ကျွန်မထင်ပါတယ်။ ဒီမိုကရေစီ ဘီးကြီးလည်နေပါပြီလို့ မပြောခင်၊ ဒီထက်ပိုပြီး လည်နေတာ တွေ့ချင်ပါသေးတယ်”ဟု ဆိုခဲ့ပါသည်။

*************************************************************************************

မြန်မာနိုင်ငံတွင် မမျှော်လင့်ဘဲ ပြောင်းလဲမှု အလင်းရောင်တွေ့

(Worldcrunch.com မှ Antoine Clapik ရေးသားသော In Burma, unexpected glimmers of ‘glasnost’ ကို ဘာသာပြန်ဆိုသည်။)

ပြီးခဲ့သည့် နွေဦးတွင် ယခင်ရက်စက်ကြမ်းကြုတ်ပြီး အကျင့်ပျက်ချစားသော စစ်အစိုးရမှ ဗိုလ်ချုပ်ဟောင်းအများစု ပါဝင်သော အရပ်သားအစိုးရ ဖွဲ့ပြီးသည့်နောက်ပိုင်း ယနေ့အချိန်ကာလများတွင် ရန်ကုန်၌ ပြောင်းလဲမှုရနံ့ပါသော လေပြည်များ တိုက်ခတ်လျက်ရှိပါသည်။ ၎င်းတို့ တာဝန်ယူပြီး ခြောက်လကျော်ကြာသောအခါ တိုင်းပြည်ခေါင်းဆောင်များ ရည်မှန်းခဲ့သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံအတွက် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ထင်ရှားသော သက်သေ အထောက်အထားများ ရှိနေပြီဖြစ်ပါသည်။

“လက်ရှိ ကျွန်တော်တို့ တကယ့်နိုင်ငံရေးလွတ်လပ်ခွင့် ဒီဂရီတစ်ခုအထိ ခံစားနေရပါပြီ။ လွန်ခဲ့တဲ့လအနည်းငယ်ကထက်စာရင် ကျွန်တော်ဟာ ဒီနေ့ပိုပြီး အကောင်းမြင်လာပါတယ်” ဟု၁၉၈၈ခုနှစ်က ဆေးကျောင်းသားသမဂ္ဂတွင် ဦးဆောင်ခဲ့သူ တိုးကျော်လှိုင်က ပြောပါတယ်။ ၁၉၈၈ ခုနှစ်က လှုပ်ရှားမှုကို စစ်တပ်က သွေးထွက်သံယို နှိမ်နင်းခဲ့ပါသည်။

တိုးကျော်လှိုင်၏ နောက်ခံအကြောင်းများနှင့် နိုင်ငံရေးအရ လေ့လာသင်ယူမှုများကို ကြည့်ခြင်းအားဖြင့် ၎င်း၏ အထက်ပါ မှတ်ချက်စကားများ သည် လက်ရှိဖြစ်ပေါ်နေသော ပြောင်းလဲမှု၏ အတိုင်းအတာကို ပြဆိုနေပါသည်။ ၎င်းသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုံမှန်အဆက်အဆံရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ပထမဆုံးအကြိမ်အဖြစ် အကောင်းမြင်မှုအား လူသိရှင်ကြား ထုတ်ဖော်ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်လက သမ္မတကြီး ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပါသည်။ နောက်ပိုင်းတွင် သူမက ဦးသိန်းစိန်သည် အပေါင်း လက္ခဏာဆောင်သော ပြောင်းလဲမှုများအတွက် ကြိုးစားနေသူဖြစ်ကြောင်း သတင်းထောက်များအား ပြောခဲ့ပါသည်။ သို့သော် စက်တင်ဘာလ ၁၈ရက် AFPနှင့် အင်တာဗျူးတွင် သူမက ဦးသိန်းစိန်အနေဖြင့် ပြုပြင်ပြောင်းလဲရေးများကို မည်မျှအထိ လုပ်ဆောင်မည်နည်းဆိုသည့် မေးခွန်းထုတ်ဖွယ် ရှိသေး ကြောင်း ပြောဆိုခဲ့ပါသည်။

ပြုပြင်ပြောင်းလဲမှုများ မည်မျှအထိ လုပ်နိုင်မည်နည်း

ဝေဖန်သုံးသပ်သူ အများစုကမူ အစိုးရ၏ ယခုလမ်းဖွင့်ပေးမှုနှင့် ပွင့်လင်းမြင်သာမှုများ ဘယ်အချိန်ထိလဲဟု မေးမြန်းနေကြပါသည်။ “အခုတော့ တိုင်းပြည်ဟာ ပြုပြင်ပြောင်းလဲရေးသမားတွေရဲ့ လက်ထဲမှာရှိနေပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်ဟာ ခက်ခဲပြီး အချိန်ကာလကြာရှည်စွာ လုပ်ရတော့ အာဏာရှင် သန်းရွှေက အာဏာပြန်သိမ်းဖို့ ရှိနိုင်ပါတယ်” ဟု အာဏာပိုင်များနှင့် နီးစပ်သူ အမည်မဖော်လိုသူ တစ်ဦးက ပြောပါသည်။

သမ္မတနှင့် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးတို့ကြား ဆက်ဆံရေးမှာ တင်းမာနေသည်ဟု သတင်းများက ဆိုပါသည်။ ဒုတိယသမ္မတသည် စနစ်ကို ဖြေလျော့ပေးခြင်းအား လက်မခံသော အစွန်းရောက် ရှေးရိုးဝါဒီအုပ်စုကို ဦးဆောင်ပါသည်။

“အဲဒီဆန့်ကျင်ဘက် အုပ်စုတွေ လက်မဦးခင် သမ္မတကြီးအနေနဲ့ လျင်လျင်မြန်မြန် လှုပ်ရှားရပါလိမ့်မယ်” ဟု ထောင်ထဲတွင် ၁၁နှစ်နေခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင်မှ လွတ်မြောက်ခဲ့သူ ခင်ဇော်ဝင်းက ပြောပါသည်။

ခင်ဇော်ဝင်းသည် သွားဆရာဝန်တစ်ဦးဖြစ်ပြီး ‘တတိယအင်အားစု’ ထောက်ခံသူဟု ဆိုပါသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ တဖြည်းဖြည်းပြောင်းလဲခြင်းကို နည်းအမျိုးမျိုးဖြင့် ပြောကြားခဲ့ပါသည်။ “ကျွန်တော်က အစိုးရဘက်ကလည်း မဟုတ်ဘူး၊ NLDကလည်း မဟုတ်ပါဘူး” ဟု၎င်းက ရှင်းပြပါသည်။ “ဗမာပြည်မှာ ကျွန်တော်တို့က အဖြူနဲ့အမည်းရွေးဖို့ပဲ စဉ်းစားနေကြတယ်၊ တတိယအင်အားစုကတော့ အဖြူနဲ့အမည်းကြားက မီးခိုးပေါ့” ဟု ယင်းက ဆိုပါသည်။

ပြောင်းလဲမှုလေပြည်

သမိုင်းနှင့်ချီ၍ ပြောရလျှင် သမ္မတဦးသိန်းစိန်၏ လစ်ဘရယ်အုပ်စုသည် လွတ်လပ်စွာဖော်ထုတ်ခွင့် ရခဲ့သည် မဟုတ်ပေ။ ပြုပြင်ပြောင်းလဲရေး အထူးသဖြင့် စီးပွားရေးကဏ္ဍတွင် လုပ်မည်ဟု ကတိကဝတ်များ မပြနိုင်ခဲ့ပေ။ တချိန်က စစ်အစိုးရက တင်းကြပ်ထားခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေးမှာ စတင်လမ်းဖွင့်ပေးခဲ့ပြီ ဖြစ်ပါသည်။ နိုင်ငံရေးအရ လမ်းပွင့်သွားရန် အမှန်တကယ် မောင်းနှင်အားမှာ စီးပွားရေးပင်ဖြစ်သည်ဟု စောင့်ကြည့်လေ့လာသူ များက ဆိုပါသည်။

လူအများအပြားရှိသည့်အနက် မြန်မာနိုင်ငံကို ပြောင်းလဲမှုအတွက် လမ်းဖွင့်ပေးမည့်သူမှာ ဦးသိန်းစိန် ဖြစ်လိမ့်မည်ဟု မည်သူက စဉ်းစားခဲ့မိလိမ့် မည်နည်း။ “များများရှိလိမ့်မည် မထင်” ဟု ရန်ကုန်ရှိ နိုင်ငံခြားသား လေ့လာသူတစ်ဦးက ပြောပါသည်။ ယခင်အစိုးရ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်သည် ၎င်း၏ ဘဝတစ်ခုလုံး စစ်တပ်ထဲတွင်သာ ရှိခဲ့ပါသည်။

လေ့လာသူအများစုက မသမာဟု ဆိုသော ပြီးခဲ့သည့် ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံကို ပြောင်းလဲမှုများ ဖြစ်စေလိမ့်မည်ဟု မည်သူမျှ ထင်ခဲ့လိမ့်မည် မဟုတ်ပေ။ မဲပေးသူများက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို မဲပေးခဲ့ပါသည်။ အခြေခံဥပဒေတွင် လွှတ်တော်၏ ၂၅%ကို စစ်တပ်အတွက် ချန်ထားခဲ့ပါသည်။

သို့သော် ယခုနှစ်မုတ်သုန်ရာသီတွင် အရာရာသည် မမျှော်လင့်ဘဲ ရုတ်တရက် ပြောင်းလဲခဲ့ပါသည်။ သတင်းဆင်ဆာများ သိသာစွာ ဖြေလျော့ ပေးခဲ့ပါသည်။ “မဖြန့်ခင် ဆင်ဆာတင်နေသေးတယ်ဆိုပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ကောင်းကောင်းပြောလို့ ရနေပါပြီ”ဟု မြန်မာတိုင်းမ် အင်္ဂလိပ်ဘာသာ အယ်ဒီတာချုပ် Thomas Kean က ပြောခဲ့ပါသည်။

လမ်းပွင့်လာသော အခြားလက္ခဏာများလည်း ရှိနေပါသေးသည်။ သြဂုတ်လ ၁၇ရက်နေ့က သမ္မတကြီး ဦးသိန်းစိန်သည် နိုင်ငံရေးအရ မြန်မာနိုင်ငံ ပြင်ပသို့ရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း ကြေညာခဲ့ပါသည်။ နိုင်ငံရေး အကျဉ်းသား ၂၁၀၀မှာလည်း တဖြည်းဖြည်းလွှတ်ပေးမည် ဖြစ်ကြောင်း ပျံ့နှံ့ခဲ့ပါသည်။ သို့သော် ယခုအချိန်အထိ မကြာခင် လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဆိုသည့် ခိုင်မာသည့် လက္ခဏာမတွေ့ရသေးပေ။

သြဂုတ်လ ၁၈ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး စတင် ဆွေးနွေးခဲ့ပါသည်။ ၎င်းတို့ က လွတ်လပ်စွာအုပ်ချုပ်ခွင့်ကို တောင်းဆိုခဲ့ကြပါသည်။ အဆိုပါဒေသများတွင် နေထိုင်သော တိုင်းရင်းသား အရပ်သားများအပေါ် စစ်တပ်က နှိပ်စက်လျက်ရှိနေဆဲ ဖြစ်ရာ အလားအလာ ကောင်းများ မျှော်လင့်၍ မရနိုင်ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သော အပြုအမူများ ရှိနေသ၍ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုတို့သည် ၎င်းတို့၏ စီးပွားရေးအရ ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးလိမ့်မည် မဟုတ်ပေ။ အစိုးရကမူ နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှုရရန် အိပ်မက် မက်နေပေလိမ့်မည်။ မြန်မာ နိုင်ငံသည် နောက်ဆုံးတွင် ပြောင်းလဲမှုကို စတင်ခဲ့ပြီ ဖြစ်ပါသည်။ သို့သော် အပယ်ခံနိုင်ငံအဖြစ် ကျဆင်းခဲ့ရသော သိက္ခာများ ပြန်လည်တည်ဆောက်ရေး အတွက် ခရီးရှည်ကြီး သွားရဦးမည် ဖြစ်ပါသည်။

*************************************************************************************

                                                     

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment