Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၅.၁ဝ.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာ့ ဒီမိုကရေစီလုပ်ငန်းစဉ်များကို ဝိုင်းဝန်း ထောက်ခံကူညီသင့်ဟု ဂျပန်သတင်းစာဆို

(The Daily Yomiuri မှ ခေါင်းကြီးပိုင်းဖြစ်သော “Myanmar’s Democratization efforts deserve support” ကို ဘာသာ ပြန်ဆိုသည်)

  1.  နှစ်များစွာ ကွင်းဆက်ပြတ်နေရာမှ ကမ္ဘာကုန်သွယ်မှုဈေးကွက်တွင်းသို့ မြန်မာ့ဆန် ပြန်လည်ရောက်ရှိ

(Monster and Critics မှ 4 Oct 2011 ရက်စွဲပါ “Myanmar back in the world rice trade after long hiatus” ကို ဘာသာ ပြန်ဆိုသည်)

  1. ရေလှောင်တမံကိစ္စ ဥပဒေကြောင်းကိစ္စရပ်များ ရှိလာမည်ဟု တရုတ်ကုမ္ပဏီ သတိပေး

(VOA News မှ 4 October 2011 ရက်စွဲပါ "Chinese firm warns of legal issues over Burma dam" သတင်းကို ဘာသာ ပြန်ဆိုသည်)

 

  1. မြန်မာရေလှောင်တမံကိစ္စ နောက်ကောက်ကျသွားသော်လည်း ပိုက်လိုင်းကို ဆက်လုပ်နေကြောင်း တရုတ်ပြော

(Reuters News မှ 4 Oct 2011 ရက်စွဲပါ “China’s CNCP says Myanmar pipeline work continues despite dam row” ကို ဘာသာ ပြန်ဆိုသည်)

 

  1. ဂျပန်မှ အကြီးစားထုတ်လုပ်သူများက အခြေအနေများ တိုးတက်လာရန် မျှော်လင့်

(2nd October 2011 ရက်စွဲပါ BBC News မှ Japan's big manufacturers expect conditions to improve ကို ဘာသာပြန်ဆိုသည်။)

 

  1. တောင်ကိုရီးယားက မြောက်ကိုရီးယားသို့ အကူအညီပေးရန် အစီအစဉ်ကို စွန့်လွှတ်

(4 October 2011 ရက်စွဲပါ BBC News မှ South Korea drops plan to deliver aid to North ကို ဘာသာပြန်ဆိုသည်)

  1. အပြောင်းအလဲအရိပ်လက္ခဏာ မြန်မာခေါင်းဆောင်များထုတ်ဖော်ပြသ၊ သို့သော် ခရီးရှည်ကြီးနှင်ရဦးမည်

(30 Sept 2011 ရက်စွဲပါ The Guardian သတင်းစာမှ Burma's leaders are showing signs of changes, but there is a long way to go ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

*********************************************************************

မြန်မာ့ ဒီမိုကရေစီလုပ်ငန်းစဉ်များကို ဝိုင်းဝန်း ထောက်ခံကူညီသင့်ဟု ဂျပန်သတင်းစာဆို

(The Daily Yomiuri မှ ခေါင်းကြီးပိုင်းဖြစ်သော “Myanmar’s Democratization efforts deserve support” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် စစ်အစိုးရမှ (၂၂)နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် အရပ်သားအစိုးရသို့ ပြောင်းလဲခဲ့ရာ အစိုးရသစ်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေး၊ စီးပွားရေးနှင့် အခြားနယ်ပယ်များတွင် ပြုပြင်ပြောင်းလဲရေးများ ကျယ်ပြန့်စွာ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ယင်းအနေဖြင့် ယင်း၏ နိုင်ငံ အား ဒီမိုကရေစီနိုင်ငံဖြစ်ရေးနှင့် တည်ငြိမ်မှုရရှိရေး စွမ်းဆောင်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

သမ္မတသည် အစိုးရအတိုက်အခံနှင့် စတင်စကားပြောခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်းနှင့် ပြည်ပသို့ ရောက်နေသူများ ပြန်လာရန် ဖိတ်ခေါ်ခြင်းများ စတင်လုပ်ဆောင်ခဲ့သည်။ ယင်းအနေဖြင့် နိုင်ငံရေးအရ တည်ငြိမ်မှုရရှိရန် အမျိုးသား ပြန်လည် ပေါင်းစည်းရေး၏ အရေးပါပုံကို အသိအမှတ်ပြုသည်ဟု ယုံကြည်ရပါသည်။

၎င်းသည် နိုင်ငံရေးအကျဉ်းသား အနည်းငယ်ခန့်ကို ပြီးခဲ့သည့် မေလက လွှတ်ပေးခဲ့သည်။ ယင်းသည် ပြီးခဲ့သည့် ဩဂုတ်လက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြို့တော် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။၏ ပြီးခဲ့သည့် စက်တင်ဘာလ (၂၆) ရက်နေ့က ရန်ကုန်မြို့တွင် ၂ဝဝ၇ ခုနှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်တပ်က နှိမ်နင်းခဲ့ခြင်း လေးနှစ်ပြည့်အဖြစ် လူတစ်ရာခန့် စီတန်းလှည့်လည်ခြင်းကို သမ္မတက ခွင့်ပြုခဲ့သည်။

ပြုပြင်ပြောင်းလဲမှုများ ခရီးရောက်ရေး

အစိုးရသစ်တက်လာပြီးနောက် သတင်းစာများ၊ မဂ္ဂဇင်းများတွင် နိုင်ငံရေးနှင့် ပတ်သက်သော ဆောင်းပါးများအား ဆင်ဆာဖြေလျော့ပေးခဲ့ခြင်း၊ အင်တာနက်တွင် ကန့်သတ်မှုများအား လျော့ချပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။ အဆိုပါပြောင်းလဲမှုများကို စစ်တပ်အုပ်ချုပ်မှုအောက်တွင် စိတ်ကူးနိုင် လိမ့်မည် မဟုတ်ပေ။ ထိုမှ နောက်ထပ်၍ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

တိုင်းပြည်တွင် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်သည့်အနေဖြင့် နိုင်ငံခြားငွေလဲလှယ်ရေးစနစ်နှင့် နိုင်ငံခြားငွေအရင်းအနှီးများနှင့် ပတ်သက်သော ဥပဒေများ ပြုပြင်ရန် ပြင်ဆင်လျက် ရှိသည်။ အဆိုပါ လုပ်ဆောင်မှုများ၏ နောက်ကွယ်တွင် မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အာဆီ ယံ ဥက္ကဋ္ဌနေရာအတွက် ရည်ရွယ်သည်ဟူသော အချက် ရှိနေသည်။

မြန်မာနိုင်ငံသည် အာဆီယံတွင် ယင်းနေရာအားကောင်းရေး အတွက် ရည်ရွယ်ပြီး ပြုပြင်ပြောင်းလဲရေးများကို အလေးပေး လုပ်ဆောင်နေ လျက် ရှိသည်။ မြန်မာအစိုးရသည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများမှ ချမှတ်ထားသော စီးပွားရေးအရ အရေးယူဆောင်ရွက်ထားမှုများ ဖယ်ရှားပေးရေးအတွက် ရည်ရွယ်၍ စီးပွားရေးအရ ပြန်လည် တည်ဆောက်ရေး ခြေလှမ်းကို စတင်လုပ်ဆောင်ခဲ့သည်။

စစ်အစိုးရလက်ထက်က လေးနက်သော ဆက်ဆံရေး ရှိခဲ့သော တရုတ်သည် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိုမို တိုးချဲ့၍ ဩဇာလွှမ်းမိုး လာလျက် ရှိသည်။ ယခုတည်ဆောက်လျက် ရှိသာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများနှင့် အပြိုင် ရထားလမ်းတည်ဆောက်ရေး စီမံကိန်းကို ယခု နှစ်ကုန်တွင် စတင်ရဖွယ် ရှိသည်။

ကြီးမားသော အလားအလာကောင်း

မြန်မာနိုင်ငံတွင် လူဦးရေ သန်း (၅ဝ) ရှိပြီး သဘာဝ သယံဇာတ ကြွယ်ဝမှုကြောင့် ကြီးမားသော အလားအလာကောင်းများ ရှိနေသည်။ တိုင်းပြည်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တိုးတက်နေသည် နှင့်အမျှ နိုင်ငံခြားအရင်းအနှီးများကို ဆွဲဆောင်ပြီး ကုန်သွယ်မှု တိုးမြှင့် နိုင်မည် ဖြစ်သည်။ သို့မှသာ ပြည်သူများ၏ လူနေမှု ဘဝများဘက်ပေါင်းစုံမှ တိုးတက်ပြီး ဒေသတွင်း တည်ငြိမ်မှုကို အထောက်အကူ ပြုမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အလားအလာကောင်းများကြောင့် စစ်အစိုးရအပေါ် ပြင်းထန်စွာ ဆန့်ကျင်ရပ်တည်ခဲ့သော အမေရိကန်ပြည်ထောင်စုသည် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်တိုးတက်ရေးကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလက အမေရိကန်အစိုးရ၏ အထူး ကိုယ်စား လှယ်သည် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးကလည်း ဝါရှင်တန်သို့ သွားရောက် လည်ပတ်ခဲ့သည်။

ဂျပန်နိုင်ငံကလည်း ယင်း၏ အပိုင်းအနေဖြင့် မြန်မာနိုင်ငံသို့ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပြန်လည် ပေးအပ်ရန် လုပ်ဆောင် လျက် ရှိသည်။ မြန်မာနိုင်ငံသို့ အခြေအနေလေ့လာရန် ဂျပန်ကုမ္ပဏီများ တိုး၍ စေလွှတ်လျက်လည်း ရှိသည်။

ဂျပန်နိုင်ငံအနေဖြင့် ဒီမိုကရေစီလုပ်ငန်းစဉ်များ တိုးမြှင့်ရေးကို ဘာမျှမပြောသည်ထားဦး၊ ဈေးကွက်စီးပွားရေး ထူထောင်နေသော တိုင်းပြည် အား ကူညီသည့်အနေဖြင့် ကူညီထောက်ပံ့မှုများ ပိုပေးရမည်ဖြစ်သည်။

*******************************************************************************

နှစ်များစွာ ကွင်းဆက်ပြတ်နေရာမှ ကမ္ဘာကုန်သွယ်မှုဈေးကွက်တွင်းသို့ မြန်မာ့ဆန် ပြန်လည်ရောက်ရှိ

(Monster and Critics မှ 4 Oct 2011 ရက်စွဲပါ “Myanmar back in the world rice trade after long hiatus” ကို ဘာသာ ပြန်ဆိုသည်)

အစိုးရစွက်ဖက်မှုကို ကာလကြာရှည်စွာခံခဲ့ရသော မြန်မာ့ဆန်စပါးလုပ်ငန်းသည် ယခုဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် တစ်သန်း ပြည်ပသို့ တိုးမြှင့် တင်ပို့ရန် လျာထားကြောင်းသိရသည်။ ထိုင်းနိုင်ငံက အကောင်အထည်ဖော်မည့် ဆန်ဈေးနှုန်းဆိုင်ရာ အစီအစဉ်တစ်ရပ်ကြောင့် ယခုနှစ်အတွင်း ပြည်ပသို့ဆန်တန်ချိန်တစ်သန်းထိ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

"ကျွန်တော်တို့ ဆန်တွေက ကမ္ဘာပေါ်မှာ ဈေးနှုန်းအချိုသာဆုံးဖြစ်ပါတယ်" ဟု ဧရာဝဏ်ထရေးဒင်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးသူရအေးက ပြောကြားသည်။ "မြန်မာ့ဆန်က ထိုင်းဆန်ထက် ဒေါ်လာ ၅ဝ ကနေ ၆ဝ ထိ သက်သာပြီး ဗီယက်နမ်ဆန်ထက် ဒေါ်လာ ၄ဝ ကနေ ၅ဝ အထိ သက်သာတယ်။ ပါကစ္စတန်ဆန်ထက် ဆိုရင်လည်း ဒေါ်လာ ၃ဝ ကနေ ၄ဝ အထိ သက်သာတာကို တွေ့ရပါတယ်" ဟု ၎င်းကဆိုသည်။ မြန်မာ နိုင်ငံသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ငါးသောင်းခုနစ်ထောင် ခန့် ပြည်ပသို့တင်ပို့နိုင်ခဲ့ရာမှ ယခုနှစ်အတွင်း နှစ်ဆခန့်တိုးမြှင့်တင်ပို့ရန် စီစဉ်ထားခြင်းလည်းဖြစ်သည်။ ယမန်နှစ်အတွင်း ဆန်တန်ချိန် တင်ပို့မှု လျော့နည်းခဲ့ရခြင်းမှာ ထိုစဉ်က စစ်အစိုးရက ပြည်တွင်း၌ ဆန်ဈေးနှုန်းများ မြင့်တက် မည်ကို စိုးရိမ်ခြင်းကြောင့်လည်းဖြစ်သည်။

"မနှစ်တုန်းက ရွေးကောက်ပွဲကျင်းပတယ်။ အဲဒီတော့ အစိုးရနဲ့ ဆန်စပါးလုပ်ငန်းအသင်းတို့က ဆန်ဈေးနှုန်းတွေ တည်ငြိမ်ဖို့ အလေးပေး လုပ်ဆောင် ခဲ့ကြတယ်" ဟု ဦးမျိုးသူရအေးကပြောကြားသည်။ မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်အတွင်း ဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကို ပထမဆုံး အကြိမ်အဖြစ် ကျင်းပနိုင်ခဲ့ပြီး ယင်းရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိ ကာ စစ်ဘက်ပုဂ္ဂိုလ်များ အများဆုံး ပါဝင်သည့် အရပ်သားအစိုးရတစ်ရပ် ပေါ်ထွန်းလာခဲ့သည်။

အစိုးရသစ်ဖွဲ့စည်းပြီးနောက်ပိုင်း သမ္မတသစ်ဦးသိန်းစိန်က ပို့ကုန်လုပ်ငန်းများအပေါ်ကောက်ခံသော အခွန် ၈% လျှော့ချပေးမှုအပါအဝင် မြန်မာ့ပုဂ္ဂလိက အခန်းကဏ္ဍများ အကျိုးအမြတ်ဖြစ်ထွန်းစေမည့် မူဝါဒသစ်များ ချမှတ်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် ယခုနှစ် ပထမဘဏ္ဍာရေး နှစ်ဝက်အတွင်း အနောက်အာဖရိက၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ ဆန်တန်ချိန် ၃၇ဝဝဝဝ တင်ပို့နိုင်ခဲ့သည်။ ကျန်ရှိသည့် ဘဏ္ဍာနှစ်များတွင်း

ပြည်ပ တင်ပို့မှုများ တိုးမြှင့်သင့်ကြောင်း၊ ဘဏ္ဍာရေးနှစ် တစ်နှစ်ပတ်လုံးအတွင်း တန်ချိန် တစ်သန်းအထိ တင်ပို့သွားနိုင်လိမ့်မည်ဟု ကုန်သည်ကြီးများက မျှော်လင့်ထားကြောင်း ဦးမျိုးသူရအေးက အကြံပြုပြောဆိုသည်။

"တခြားသောနိုင်ငံတွေလည်း နှစ်အတော်များများ ဆန်တင်ပို့မှုအပေါ် အခွန်ကောက်ခံခြင်း မရှိခဲ့ကြပါဘူး။ ကျွန်တော်တို့ဆန်လုပ်ငန်းရှင်တွေ ဒုက္ခ ရောက်ခဲ့ကြတာ နှစ်အတော်ကြာခဲ့ပါပြီ" ဟု ၎င်းကဆိုသည်။ အမှန်အတိုင်းဆိုပါက မြန်မာ့ဆန်ကုန်သည်များသည် ဆယ်စုနှစ် ခြောက်ခုတာမျှ အကျပ် အတည်းများနှင့် ရင်ဆိုင်ခဲ့ကြရသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီကာလများတွင် မြန်မာနိုင်ငံသည် ဆန်တင်ပို့မှုတွင် ကမ္ဘာ့ထိပ်တန်းအဆင့်၌ ရှိခဲ့ သည်။ ထိုစဉ်က ဧရာဝတီတိုင်းမှ ထွက်ရှိသော ဆန်များကို တစ်နှစ်လျှင် တန်ချိန် ၃ သန်းခန့်အထိ တင်ပို့နိုင်ခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပထမဆုံး ဝန်ကြီးချုပ်ဦးနု လက်ထက်တွင် ပြည်ပသို့ဆန်တင်ပို့မှုမှာ အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ရောက်ရှိသွားသည်။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင် သော စစ်အစိုးရ ၁၉၆၂ ခုနှစ်၌ အာဏာရရှိလာသောအခါ ဆန်စက်များ၊ ဆန်သိုလှောင်ရုံများ အပါအဝင် ဆန်စပါးလုပ်ငန်းကြီးတစ်ခုလုံးကို ပြည်သူပိုင် အဖြစ် သတ်မှတ်ခဲ့သည်။

ထိုအချိန်မှစ၍ ထိုင်းနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သည့် မြန်မာနိုင်ငံနေရာကို တဖြည်းဖြည်းချင်း အစားထိုး ဝင်ရောက်ရယူခဲ့သည်။ ထိုင်းနိုင်ငံသည် ဆယ်စုနှစ်လေးခုတာကြာမျှ ထိပ်တန်းအဆင့်သို့ ရောက်ရှိခဲ့သည့်တိုင် ယခုအခါ အဆိုပါအဆင့်မှ လျော့ကျမည့်အခြေအနေနှင့် ရင်ဆိုင် နေရ သည်။ မှတ်တမ်းများအရ ထိုင်းနိုင်ငံသည် ၂ဝ၁ဝ ပြည့်နှစ်အတွင်း ဆန်တန်ချိန် ၁ဝ သန်း ခန့်တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း အဆိုပါနှုန်းထား အတိုင်း တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။

************************************************************************************************

ရေလှောင်တမံကိစ္စ ဥပဒေကြောင်းကိစ္စရပ်များ ရှိလာမည်ဟု တရုတ်ကုမ္ပဏီ သတိပေး

(VOA News မှ 4 October 2011 ရက်စွဲပါ "Chinese firm warns of legal issues over Burma dam" သတင်းကို ဘာသာ ပြန်ဆိုသည်)

                မြန်မာနိုင်ငံမှ အငြင်းပွားဖွယ် ရေလှောင်တမံ တည်ဆောက်မှုနှင့် ပတ်သက်နေသည့် တရုတ်ကုမ္ပဏီက အကယ်၍ စီမံကိန်းကို ရှေ့ဆက် မလုပ် ရန် မြန်မာအစိုးရက ဆုံးဖြတ်ပါက ဥပဒေကြောင်းအရ ဆောင်ရွက်မည်ဟု သတိပေး ပြောကြားလိုက်သည်။

                China Power Investment Corporation ၏ ဥက္ကဋ္ဌ လူကွီကျိုက ယင်း၏ကုမ္ပဏီသည် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းတွင် ငွေပမာဏ ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် နှစ်နိုင်ငံစလုံးရှိ ဥပဒေများ၊ စည်းကမ်းများကို တိတိကျကျ လိုက်နာစောင့်ထိန်းခဲ့ကြောင်း နိုင်ငံပိုင် Xinhua သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားသည်။

                ဒေသခံပြည်သူများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုများက ဆန့်ကျင်ကန့်ကွက်နေသော ယင်း စီမံကိန်းကို လုပ်ငန်းရပ်ဆိုင်းကြောင်း မြန်မာခေါင်းဆောင်များက ပြီးခဲ့သော အပတ်တွင် ကြေညာခဲ့သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုများက တရုတ်လုပ် ရေလှောင်တမံသည် မြန်မာ နိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ကို ဆုံးခန်းတိုင် ပျက်စီးသွားစေလိမ့်မည်ဟု သတိပေး ပြောကြားထားသည်။

                သို့သော် လူကွီကျိုက သတင်းမီဒီယာများမှ တဆင့် ကြားသိရသော အဆိုပါကြေညာချက်ကြောင့် စိတ်ရှုပ်သွားရကြောင်း တနင်္လာနေ့က ပြောကြားသည်။ အကယ်၍ တမံတည်ဆောက်မှုကို အမြဲတမ်းအတွက် ရပ်ဆိုင်းမည် ဆိုပါက ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်မှုများ ဖြစ်ပေါ် စေလိမ့်မည်ဟု ယင်းကဆိုသည်။

                ၂ဝ၁၉ တွင် ပြီးစီးရန် သတ်မှတ်ထားသည့် စီမံကိန်းကို အရှိန်မြှင့် လုပ်ဆောင်ရန် မြန်မာ အာဏာပိုင်များက ကုမ္ပဏီကို ဖေဖော်ဝါရီလကပင် တိုက်တွန်းခဲ့ကြသေးသည်ဟု လူကွီကျိုက ပြောကြားသည်။ ရေလှောင်တမံ ဧရိယာထဲမှ ရွာသားများကိုလည်း ပြောင်းရွေ့နေရာချထားပေးပြီး ဖြစ် ကြောင်းနှင့် လုပ်ငန်းပိုင်းအနေဖြင့် လမ်းဖောက်လုပ်ခြင်း၊ မြေညှိခြင်း၊ အဓိကရေထွက်ပေါက်မိန်း စပေးဝေရွာအတွက် တူးဖော်ခြင်းတို့ကို လုပ်ဆောင် နေဆဲ ဖြစ်ကြောင်း ယင်းက ရှင်းလင်းပြောကြားသည်။

                ဒေါ်လာ ၃.၆ ဘီလျံတန် စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းရန် ဆုံးဖြတ်ပါက လုပ်ငန်း ကန်ထရိုက်တာများ၏ တောင်းဆို တိုင်ကြားမှုများစွာကို ဖြစ်ပေါ်စေမည့်အပြင် တရုတ် - မြန်မာ နှစ်နိုင်ငံစလုံးအတွက် တန်ဖိုးဖြတ်၍ မရသော ဆုံးရှုံးမှုမျးကိုပါ ဖြစ်ပေါ်စေလိမ့်မည်ဟု လူကွီကျိုက မှတ်ချက်ပေး သည်။ မြောက်ပိုင်း မြစ်ဆုံတမံမှ ထွက်ရှိသော ဓာတ်အားအများစုကို တရုတ်သို့ ရောင်းချပေးရန် သဘောတူစာချုပ်ထားသည်ဟု ဆိုသည်။

                အငြင်းပွားဖွယ် စီမံကိန်းကို ရပ်ဆိုင်းရန် သမ္မတဦးသိန်းစိန်အစိုးရက ဆုံးဖြတ်လိုက်ခြင်းကို အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ အပါ အဝင် နိုင်ငံခြားအစိုးရများ၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံအင်အားစုများအပြင် အထူးသဖြင့် မြန်မာပြည်သူ တစ်ရပ် လုံးက "ဝိုင်းဝန်း ချီးကျူး ဂုဏ်ပြုကြိုဆို ထောပနာ" ပြုခဲ့ကြသည်။

                ဒေါ်အောင်ဆန်းစုကြည်က ယင်းရေလှောင်တမံကြီးသည် နိုင်ငံ၏ ဆန်ထုတ်လုပ်မှုနှင့် ဒေသခံပြည်သူတို့၏ ဘဝကို ပျက်စီးရာပျက်စီးကြောင်း ဆိုးကျိုးများ သက်ရောက်လာလိမ့်မည်ဟု သြဂုတ်လအတွင်းကပင် သတိပေး ပြောကြားခဲ့သည်။

                အစိုးရအကြီးအကဲ သမ္မတဦးသိန်းစိန်က ဤကိစ္စကို ပြည်သူတို့၏ ဆန္ဒအတိုင်းသာ ဆောင်ရွက်သင့်ကြောင်း လွှတ်တော်သို့ ယခင်အပတ်က ပြောကြားခဲ့သည်။

***************************************************************************

မြန်မာရေလှောင်တမံကိစ္စ နောက်ကောက်ကျသွားသော်လည်း ပိုက်လိုင်းကို ဆက်လုပ်နေကြောင်း တရုတ်ပြော

(Reuters News မှ 4 Oct 2011 ရက်စွဲပါ “China’s CNCP says Myanmar pipeline work continues despite dam row” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် တရုတ်တို့ ရှေ့သွားလမ်းပြ တည်ဆောက်နေသည့် ရေလှောင်တမံကို မြန်မာအစိုးရသစ်က ရုတ်တရက် ရပ်ဆိုင်းလိုက်ပြီး နောက်တွင် တရုတ်အစိုးရ သတင်းအေဂျင်စီက “တရုတ်နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ CNCP သည် မြန်မာနိုင်ငံကို ဖြတ်သန်းမည့် ပိုက်လိုင်းစီမံကိန်းကို ဆက်လက် လုပ်ကိုင်နေကြောင်းနှင့် အကူအညီများ ပေးကာ စေတနာကို ပြသခဲ့ကြောင်း” ထုတ်ပြန်ကြေညာခဲ့သည်။

ပိုက်လိုင်းတည်ဆောက်မှု လုပ်ငန်းသည် ချောချောမွေ့မွေ့ ဆက်လက်တိုးတက်နေပြီး ဧပြီလက လက်မှတ်ရေးထိုးခဲ့သော ဒေါ်လာ ၆ သန်း အကူအညီပေးရေး သဘောတူညီချက်၏ အစီအစဉ်တစ်ရပ်အဖြစ် စာသင်ကျောင်း ၈ ကျောင်း ဆောက်လုပ်ရန်အတွက် မြန်မာနိုင်ငံသို့ ဒေါ်လာ ၁.၃ သန်း တနင်္လာနေ့က ပေးအပ် လှူဒါန်းခဲ့သည်ဟု ဆင်ဟွာ သတင်းဌာနက ပြောကြားသည်။

တရုတ်တို့ ရင်းနှီးမြှုပ်နှံ တည်ဆောက်နေသည့် ဒေါ်လာ ၃.၆ ဘီလျံတန် အငြင်းပွားဖွယ် အကြီးစား အဆင့်လွန် ရေလှောင်တမံကြီးကို ပြီးခဲ့ သော သီတင်းပတ်တွင် မြန်မာအစိုးရက ရပ်ဆိုင်းလိုက်ပြီးနောက် ယခင်ကာလ ကြာမြင့်စွာ ရင်းနှီးခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေး အားပျော့သွားခဲ့သည်။

သမ္မတဦးသိန်းစိန်က ယင်း၏ သမ္မတ ၅ နှစ် သက်တမ်း ကုန်ဆုံးမည့် ၂ဝ၁၆ ဧပြီလအထိ မြစ်ဆုံတမံစီမံကိန်းကို ရပ်ဆိုင်းထားမည်ဟု သောကြာနေ့က လွှတ်တော်သို့ သဝဏ်လွှာပေးပို့ ကြေညာမှုကြောင့် နိုင်ငံတကာတွင် ရုတ်တရက် ပေါ်ပြူလာဖြစ်သွားသော မြန်မာနိုင်ငံနှင့် တရုတ်တို့၏ ဆက်ဆံရေးကိစ္စတွင် ရေနံပိုက်လိုင်း စီမံကိန်းနှင့် ပတ်သက်သည့် မရေရာ၊ မသေချာမှုများ ထပ်ဆင့် ဝင်ရောက်လာတော့မည့် လက္ခဏာ ရှိနေသည်။

မြန်မာနိုင်ငံနှင့် သဘောတူထားခဲ့သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် တရုတ်နယ်စပ် ရွှေလီမြို့ကို ပေါင်းကူးမည့် ရည်မှန်းချက်ကြီး အဆင့် လွန် ပိုက်လိုင်း၊ ရထားလမ်း၊ ကားလမ်း မီဂါ စီမံကိန်းကြီး၏ အပိုင်းတစ်ရပ်အဖြစ် ရေနံစိမ်းပိုက်လိုင်းကို ၂ဝဝ၉ နိုဝင်ဘာတွင် မြန်မာအနောက်ဖက် ကမ်းရိုးတန်း၌ တရုတ်နိုင်ငံပိုင် CNCP ကုမ္ပဏီက စတင် တည်ဆောက်ခဲ့သည်။ တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၁၂ သန်း  တင်ပို့ သယ်ဆောင်ရန် ဒီဇိုင်း ထုတ်ထားသော အဆိုပါ ပိုက်လိုက်း စီမံကိန်းကို ၂ဝ၁၂ တွင် အပြီးသတ်ရန် ရည်မှန်းထားသည်။

စင်ကာပူနိုင်ငံ ဧရိယာခန့် ရှိသော နေရာများကို ရေလွှမ်းသွားစေမည့် မြောက်ပိုင်း မြစ်ဆုံတမံသည် စွမ်းအင် ဆာလောင်မှု ပိုမို ကြီးထွားလာ သည့် တရုတ်နိုင်ငံသို့ ဓာတ်အား ဖြည့်ဆည်းပေးရန် အဓိက ရည်ရွယ်ထားခြင်းဖြစ်သည်။

*****************************************************************************

ဂျပန်မှ အကြီးစားထုတ်လုပ်သူများက အခြေအနေများ တိုးတက်လာရန် မျှော်လင့်

(2nd October 2011 ရက်စွဲပါ BBC News မှ Japan's big manufacturers expect conditions to improve ကို ဘာသာပြန်ဆိုသည်။)

                ဂျပန်နိုင်ငံ၏ အကြီးစားထုတ်လုပ်သူများက လာမည့်သုံးလတွင် အခြေအနေများတိုးတက်လာမည်ဟာ မျှော်လင့်ကြောင်း Bank of Japan ၏ Tankan တိုင်းတာမှုများအရ သိရှိရသည်။

                စီးပွားရေးနှင့်ဆိုင်သော သဘောထား ညွှန်းကိန်းများတွင် စက်တင်ဘာလတွင် +၂ ရှိနေပြီး ဇွန်လက -၉ မှ တက်လာခြင်း ဖြစ်သည်ဟု တိုင်းတာ ချက်များက ပြသသည်။

                မတ်လ (၁၁)ရက် မြေငလျင်ကြောင့် ဂျပန်တို့အနေဖြင့် မိမိကိုယ်ကို ယုံကြည်မှုများကို ဆိုးရွားစွာ ထိခိုက်ခဲ့သည်။ သို့သော် ယခုအခါ စက်ရုံ ထုတ်လုပ်မှုများ တိုးတက်လာခဲ့ပြီး၊ အခြေခံအဆောက်အဦးများ ပြန်လည် တည်ဆောက်ပြီးစီး၍ အရောင်းအဝယ်ကွင်းဆက်များ ပြန်လည်ရရှိလာပြီ ဖြစ် သည်။

                အဆိုပါတိုင်းတာမှု အစီရင်ခံစာသည် ဂျပန်ငွေကြေးမူဝါဒအပေါ် လွှမ်းမိုးမှုများရှိပြီး၊ စောင့်ကြည့်ခြင်းခံရသော အစီရင်ခံစာဖြစ်သည်။ "ထုတ်လုပ် သူတွေဟာ လာမည့်လ အနည်းငယ်အတွင်း ထုတ်လုပ်မှုကို သိသာစွာ တိုးချဲ့ဖို့ ပြင်ဆင်နေပါတယ်။ အခြေအနေတွေတိုးတက်ဖို့ မျှော်လင့်ပါတယ်" ဟု Societe Generate မှ Takuji Okubo က BBC သို့ ပြောကြားခဲ့သည်။

ပြင်ပအန္တရာယ်များ

                အကောင်းမြင်မှုများရှိနေသော်လည်းဂျပန်နိုင်ငံ၏ ကုမ္ပဏီကြီးများသည် မတည်ငွေနှင့် ပတ်သက်သော အသုံးစရိတ်ကြီးများ (Capital Expenditure) ကို လျှော့ချရန် ပြန်လည်လုပ်ဆောင်ခဲ့သည်။ တိုင်းတာမှုအရ လုပ်ငန်းကြီးများသည် capital expenditure ကို လက်ရှိဘဏ္ဍာနှစ်မှ စ၍ ယခင် ခန့်မှန်းထားသော 4.2% မှ အောက်သို့ 3% ထပ်မံချထားမည် ဖြစ်သည်။

                ဂျပန်နိုင်ငံတွင် အရာရာ တိုးတက်လာပြီဟု ဆိုနိုင်သော်လည်း ပြင်ပအကြောင်းအချက်များက စိတ်ဓါတ်ကို ဆက်လက် ထိုင်းမှိုင်းစေသည်ဟု သုံးသပ်သူများက ပြောဆိုသည်။

                ဥရောပမှ လက်ရှိကြွေးမြီပြဿနာများသည် ဒေသတွင်းကြီးထွားမှုကို ထိခိုက်စေသည့်အချက်မှာ စိုးရိမ်ဖွယ် ဖြစ်နေပါသေးသည်။ တချိန် တည်းမှာပင် အမေရိကန်ရှိ စီးပွားရေးပြဿနာများသည် ကမ္ဘာ့စီးပွားရေး အကြီးဆုံးနိုင်ငံအား စီးပွားရေး ကပ်ဆိုက်မည်ကို စိုးရိမ်နေရသည်။

                "အကြီးဆုံး စိုးရိမ်စရာက ပြည်တွင်းမှာမရှိပါဘူး။ဥရောပကြွေးမြီပြဿနာက တစ်ကမ္ဘာလုံးဆိုင်ရာ ကြီးထွားမှုကို သက်ရောက်မှုတွေရှိပါတယ်" ဟု မစ်ဆူဘီရှီ UFJ Morgan Stanley Securition မှ Yutaka Shikari က ပြောကြားခဲ့သည်။ ဒေသတွင်း ကြီးပွားတိုးတက်မှု နှေးကွေးပါက စားသုံးသူ သုံးစွဲနိုင်မှုနှင့် ဂျပန်ပို့ကုန်ကို ထိခိုက်မည်ကို စိုးရိမ်လျက် ရှိသည်။

                အထက်ပါကိစ္စရပ်များအတွက် ရေရှည်ထိန်းထားနိုင်မည့် ဖြေရှင်းနိုင်သည့် အဖြေမရခြင်း၊ ဂျပန်ကုမ္ပဏီများ၏ တိုးချဲ့ရေး အစီအစဉ်များအပေါ် သက်ရောက်မှုများ ရှိနိုင်မည်ဖြစ်ကြောင်း သုံးသပ်သူများက ဆိုသည်။

                "လာမယ့် လအနည်းငယ်အတွင်း ဘာတွေဖြစ်မယ်ဆိုတာ မသေချာတာကြောင့် စိတ်ထားတွေကို ထိခိုက်လာနိုင်ပါတယ်" ဟု Mr Okudo က ဖြည့်စွက် ပြောကြားသွားသည်။

**********************************************************************************

တောင်ကိုရီးယားက မြောက်ကိုရီးယားသို့ အကူအညီပေးရန် အစီအစဉ်ကို စွန့်လွှတ်

(4 October 2011 ရက်စွဲပါ BBC News မှ South Korea drops plan to deliver aid to North ကို ဘာသာပြန်ဆိုသည်)

              မြောက်ကိုရီးယားထံမှ တုံ့ပြန်ချက်တစ်စုံတစ်ရာ ရရှိခြင်းမရှိ၍ မြောက်ကိုရီးယားသို့ အကူအညီပေးရန် အစီအစဉ်ကို စွန့်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားက ပြောသည်။

                ပြီးခဲ့သည့် ဇွန်လနှင့်ဇူလိုင်လက အိမ်နီးချင်း ကွန်မြူနစ်နိုင်ငံဖြစ်သော မြောက်ကိုရီးယားတွင် မုန်တိုင်းဒဏ် ခံရသောကြောင့် ဒေါ်လာ ၄.၇ သန်း (ပေါင် ၃ သန်း) တန် ကယ်ဆယ်ရေးအကူအညီပေးရန် ဆိုးလ်က ကမ်းလှမ်းခဲ့သည်။

                တောင်ကိုရီးယားအနေဖြင့် မြောက်ကိုရီးယားတောင်းဆိုသော ဘိလပ်မြေနှင့်အခြားပစ္စည်းများ ပေးအပ်ရန်ထက် အိပ်ရာပစ္စည်းများနှင့် ကလေး အစားအစာများပေးရန် စီစဉ်ခဲ့သည်။ ထိုသို့စီစဉ်ရခြင်းမှာ အကူအညီများ စစ်တပ်သို့ ရောက်မသွားစေရန် ဖြစ်သည်။

                သို့သော် မြောက်ကိုရီးယားထံမှ မည်သည့် ပြန်ကြားချက်မျှမရဟု ဆိုပါသည်။ "အဲဒီကတည်းက မြောက်ကိုရီးယားထံကနေ ဘာတုန့်ပြန် ချက် မှ မရတော့ ဒီအစီအစဉ်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်" ဟု တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

                အကယ်၍ ယခုအကူအညီသာ ဖြစ်မြောက်ခဲ့ပါက ယမန်နှစ်က နှစ်နိုင်ငံ စစ်သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ ပဋိပက္ခပြီးနောက် ပထမဆုံး နယ်စပ် ဖြတ်ကျော် တင်ပို့သည့် အစိုးရအကူအညီဖြစ်လာမည် ဖြစ်သည်။

                မြောက်ကိုရီးယားသည် ၁၉၉ဝ ခုနှစ်များနောက်ပိုင်း အစာရေစာ ပြတ်လပ်မှု ကြုံပြီးနောက်ပိုင်းတွင် ၄င်း၏ ပြည်သူများ ကျွေးမွေးရေးအတွက် စားနပ်ရိက္ခာအကူအညီများ အပေါ်တွင်သာ ရပ်တည်နေရဆဲ ဖြစ်သည်။

                ပြီးခဲ့သည့်အပတ်က မြောက်ကိုရီးယား အသက်ငါးနှစ်အောက် ကလေးငယ်များ၏ သုံးပုံတစ်ပုံ အာဟာရ ချို့တဲ့မှု ဒဏ်ကို ပြင်းထန်စွာ ခံစား နေရကြောင်း ကုလသမဂ္ဂက သတိပေးခဲ့သည်။

**********************************************************************************

 အပြောင်းအလဲအရိပ်လက္ခဏာ မြန်မာခေါင်းဆောင်များထုတ်ဖော်ပြသ၊ သို့သော် ခရီးရှည်ကြီးနှင်ရဦးမည်

(30 Sept 2011 ရက်စွဲပါ The Guardian သတင်းစာမှ Burma's leaders are showing signs of changes, but there is a long way to go ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသမ္မတသစ် ဦးသိန်းစိန်က အိမ်နီးချင်းမဟာမိတ် တရုတ်နိုင်ငံ ယမ်းပုံမီးကျဒေါသဖြစ်စေမည့် အရေးကိစ္စ ရှိနေသည့်ကြားမှ အရဲ စွန့်ပြီး အများပြည်သူများက ရပ်ဆိုင်းရန် ဖိအားပေးတောင်းဆိုထားသော မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းမည်ဟုဆုံးဖြတ်ချက်ချမှတ်လိုက်မှုသည် လူအများစု ၏ ချီးကျူးပြောဆိုခြင်းခံရမည့်ကိစ္စ ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်ကျင့်သုံးခဲ့ရာမှ လက်ရှိအချိန်ကာလတွင် ကောင်းမွန်သော အနာဂတ်ဆီသို့ ဦးတည်နိုင်မည့် အပြောင်းအလဲများဖြစ်ပေါ်နေသည် ဟူသောအချက်ကို ယင်းဆုံးဖြတ်ချက်က ဖော်ပြလိုက်ရာလည်း ရောက်သွားသည်။

သို့သော် ဒီမိုကရေစီရေးလှုံ့ဆော်သူများက လက်ရှိ မြန်မာနိုင်ငံအနေအထားကို သတိထား စောင့်ကြည့်ရန် တိုက်တွန်းကာ အစိုးရသစ်သည် စစ်မှန်ပြီး ခိုင်မာတောင့်တင်းမှုရှိသော ပြုပြင်ပြောင်းလဲမှုဆီသို့ သွားရန် အမှန်တကယ် ပြောင်းလဲခြင်းမရှိသေးကြောင်း ဆိုကြသည်။

ဦးသိန်းစိန်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အငြင်းပွားစရာ ဒီမိုကရေစီ ရွေးကောက်ပွဲဖြင့်ပေါ်ထွန်းလာသော အစိုးရအဖွဲ့သစ်တွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ယင်းရွေးကောက်ပွဲကို အတိုက်အခံအင်အားစုများနှင့် လေ့လာစောင့်ကြည့်သူ များက စစ်အာဏာရှင်စနစ်အသက်ဆက်ရန် ဒီဇိုင်းဆင်ကျင်းပပေးခဲ့သော အတုအယောင်နိုင်ငံရေးဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့ကြ သည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ယင်းရွေးကောက်ပွဲကို သပိတ်မှောက် သည့်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှုမပြုခဲ့ပေ။ ယခုနှစ်မတ်လတွင် မြန်မာနိုင်ငံကို ကာလကြာရှည်စွာ အုပ်ချုပ်ခဲ့ သော စစ်အစိုးရက အရပ်သားများပါဝင်သည့်အစိုးရသစ်ကို တရားဝင် အာဏာ လွှဲပြောင်းပေးလိုက်သည်။

လွတ်လပ်သော International Crisis Group(ICG) ကထုတ်ပြန်သော အစီရင်ခံချက်တစ်ရပ်အရ ထိုသို့ အာဏာလွှဲပြောင်းပေး လိုက်သည့် အချိန်မှစ၍ အပြောင်းအလဲဖြစ်မည့် အရိပ်လက္ခဏာများကို အားရစရာ တွေ့မြင်လာရကြောင်း သိရသည်။

"သြဂုတ်လ ၁၉ ရက်နေ့၊ မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ၎င်း၏ရည်မှန်းချက်မှာ မြန်မာနိုင်ငံကို ခေတ်မီဖွံ့ဖြိုး တိုးတက်မှု ရှိသောနိုင်ငံအဖြစ် တည်ဆောက်ရေးသာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုသည်" ဟု ICG ၏ အစီရင်ခံစာက ဖော်ပြသည်။ "လွန်စွာ ရိုးစင်းပြီး တက်ကြွမှုရှိသော ယင်းမိန့်ခွန်းကို ကြည့်လျှင် မြန်မာနိုင်ငံတွင် နိုင်ငံရေးခေါင်းဆောင်အမျိုးအစားသစ်တစ်ရပ် ထွက်ပေါ်လာပြီဟူသော အရိပ်လက္ခဏာကို ပြသရာရောက်သည်။ ယင်းမိန့်ခွန်းသည် မြန်မာအုပ်ချုပ်ရေးယန္တရားအတွက် လုံးလုံးလျားလျား မတူခြားနားမှုရှိသော သဘောတရား တစ်ရပ်ကို ဖော်ကျူးနေသလို တစ်ချိန်တစ်ခါက မည်သို့မျှ စဉ်းစား၍ပင်မရနိုင်ခဲ့သော ဆွေးနွေးနှီးနှောမှုများ နှင့် လုပ်ကိုင်ဆောင်ရွက်မှုများကို ခွင့်ပြုလိုက် ရာလည်း ရောက်သည်" ဟု အစီရင်ခံစာက ဆက်လက်ဖော်ပြသည်။

မြန်မာနိုင်ငံတွင်ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ခန့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိမည့် အရေးကိစ္စမှာလည်း အလား အလာ ရှိကြောင်း၊ အကြောင်းမှာ အစိုးရသစ်က စီးပွားရေးအားကောင်းမောင်းသန်ဖြစ်ရေး၊ အမျိုးသားနိုင်ငံရေးပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးအစရှိသည်တို့ကိုအလေးပေးသည့် အပြုသဘော ဆောင်သော လုပ်ဆောင်ချက်များလုပ်ကိုင်နေခြင်းကြောင့်ဖြစ်ကြောင်း ICG အစီရင်ခံစာ က ဆိုသည်။

အမှန်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် BBC သတင်းဌာနနှင့် တွေ့ဆုံပြောဆိုခွင့်ရရှိခြင်း၊ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခွင့် ရရှိခြင်း အစရှိသည်တို့ကြောင့် ICG က အပြုသဘောဆောင်သည့် အနေအထားများ ရှိနေသည်ဟု ရေးသားခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့တွေ့ဆုံမှုကို နိုင်ငံရေးအရ လွန်စွာ အရေးပါသော အဆင့်တစ်ခုဖြစ်သည်ဟု အများစုကဝေဖန်သုံးသပ်ကြသည်။

သို့အတွက်ကြောင့် ယခုအခါ တစ်ချိန်က မြန်မာစစ်အစိုးရအပေါ် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် အဆက်မပြတ် ဖိအားပေး ရန်ရှာခဲ့ကြသည့် အနောက်အစိုးရများအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်သော တာဝန်များ ရှိလာပြီဖြစ်ကြောင်း ICG ကယခုလိုထောက်ပြသည်။ "အနိမ့်ဆုံးသဘောဖြင့် ဆိုပါက လက်ရှိအခြေအနေများသည် ကုလသမဂ္ဂ၊ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများ အပါအဝင် ဘက်ပေါင်းစုံပါဝင်သော အေဂျင်စီကြီးများ အနေဖြင့် ရှိထားသော ကန့်သတ်ချက်ရှိသော လုပ်ပိုင်ခွင့်များထက်ပို၍ ဖြစ်နိုင်ခြေရှိသော လုပ်ဆောင်ချက်များ လုပ်ဆောင်လာအောင် တွန်းအား ပေး နေခြင်း ဖြစ်သည်" ဟု ဆိုသည်။ သို့သော် မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ကာလ ကြာရှည်စွာ ဆော်သြခဲ့သည့် အဖွဲ့အစည်း ဖြစ် သော Burma Campaign မှ Mark Farmaner က လတ်တလော ထွက်ပေါ်လာသည့် အသေးစားပြောင်းလဲမှုများကို သတိကြီးစွာဖြင့် တုံ့ပြန်ရမည် ဖြစ်ကြောင်း ပြောဆိုသည်။ မြန်မာအစိုးရအတွက် လွန်စွာအရေးပါသော ရည်မှန်းချက်မှာ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးရေး နှင့် ၂ဝ၁ဝ ခုနှစ်တွင် အလှည့်ကျအာဆီယံ ဥက္ကဋ္ဌရာထူးကိစ္စ အတည်ပြုချက်ရရှိရေးတို့ဖြစ်သည်။ မြန်မာစစ်အစိုးရသည် ပုံမှန်အားဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရေး သို့မဟုတ် လူ့အခွင့်အရေးအခြေအနေ တိုးတက် ကောင်းမွန်ရေး အစရှိသည်တို့ကို စိတ်ဝင်စားမှုမရှိကြောင်း Mark Farmaner က ပြောကြားသည်။

"ဦးသိန်းစိန်က စစ်အာဏာရှင်စနစ်တရားဝင်ဖြစ်စေမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ၂ဝဝ၈ ခုနှစ်မှာ ဦးဆောင်ရေးဆွဲခဲ့သူတစ်ဦးပါ။ ရွေးကောက်ပွဲပြီးဆုံးသွားတဲ့ နောက်ပိုင်းမှာလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သုံးခု ပျက်စီးသွားပါတယ်။ ကရင်၊ ကချင် နဲ့ ရှမ်းတိုင်းရင်း သား လက်နက်ကိုင်အုပ်စုတွေနဲ့ရထားတဲ့ သဘောတူညီချက်တွေပါ။ ပြီးတော့ စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် ထိုးစစ်ဆင်တိုက်ခိုက် မှုတွေ တိုးမြှင့်လာပါတယ်။ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုနှုန်းတွေလည်းမြင့်တက်လာပါတယ်။ နောက်ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေရှိတယ်ဆိုတဲ့ကိစ္စကိုလည်း စစ်အစိုးရက လက်သင့်မခံပါဘူး။ လူ့အခွင့်အရေး အခြေအနေတွေ ဆိုးဝါးလာတယ်လို့တောင် ပြောလို့ရပါ တယ်" ဟု ၎င်းကဆက်လက်ပြောဆိုသည်။

မြန်မာအစိုးရသစ်က မီဒီယာများအပေါ်ထိန်းချုပ်မှု အနည်းငယ်လျှော့ချပေးသည့် ကိစ္စအပါအဝင် နယ်ပယ်အချို့ကို လွတ်လပ်ခွင့် အနည်းငယ် ပေးလာခြင်းမှာလည်း နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရားဝင် အခွင့်အာဏာ ရရှိရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း၊ မြစ်ဆုံရေလှောင်တမံကိစ္စသည် နိုင်ငံရေးနှင့် ပတ်သက်သော အရေးကိစ္စ မဟုတ်ပါကြောင်း Mark Farmaner က ဆက်လက်ပြောဆိုသည်။ အဆိုပါ မြစ်ဆုံစီမံကိန်းကို သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအုပ်စုများက အစွမ်းကုန်ဆန့်ကျင်ကန့်ကွက်ခဲ့ကြရာ ယင်းကိစ္စကြောင့် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်လာမည်ကို ဦးသိန်းစိန်က စိုးရိမ်လာခြင်းကြောင့် စီမံကိန်း ရပ်တန့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ဟန်ရှိသည်။ မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက် ၍ ICG အဖွဲ့နှင့် Mark Farmaner တို့ တူညီစွာ သဘောတူကြသည့် အချက်မှာ မြန်မာပြည်တွင်းပြုပြင်ပြောင်းလဲမှုများအောင်မြင်ရန် အချိန်ကာလ ကြာမြင့်စွာ သွားရဦးမည် ဟူသောအချက်ပင် ဖြစ်သည်။

***************************************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment