Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

.၁ဝ.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. ရေလှောင်တမံအတွက် မြန်မာဆုံးဖြတ်ချက် မက်ကိန်းချီးကျူး

(ဝါရှင်တန် (AFP) ၏ 5 Oct 2011 ရက်စွဲပါ “McCain hails Myanmar dam decision” ကို ဘာသာ ပြန်ဆိုသည်)

 

  1. ဒေါ်အောင်ဆန်းစုကြည်ကို လစ်လျူရှုလိုက်ခြင်းသည် ထိုင်းဝန်ကြီးချုပ်၏အမှားဟုဆို

(The Nation မှ 6 Oct 2011 ရက်စွဲပါ “Thai PM might have made blunder by ignoring Suu Kyi” ကို ဘာသာ ပြန်ဆိုသည်)

 

  1. မြန်မာ အိမ်ခြံမြေဈေးကွက် တိုးတက်ရေး မီးနီပြဆဲ

(The Nation မှ 5 Oct 2011 ရက်စွဲပါ “Red Light still on in property development in Burma” သတင်းဆောင်းပါးကို ဘာသာပြန်သည်)

 

**************************************************************************

ရေလှောင်တမံအတွက် မြန်မာဆုံးဖြတ်ချက် မက်ကိန်းချီးကျူး

(ဝါရှင်တန် (AFP) ၏ 5 Oct 2011 ရက်စွဲပါ “McCain hails Myanmar dam decision” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရသည် ပြည်သူများ၏ ဆန့်ကျင်မှုကြောင့် တရုတ်တို့ လုပ်ဆောင်နေသော ဒေါ်လာ (၃.၆) ဘီလျံတန်ဖိုးရှိ ရေတမံ ဆောက်လုပ်ခြင်း ကို ရပ်ဆိုင်းခဲ့ခြင်းသည် ဒီမိုကရေစီဆိုင်ရာ လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း အကြီးတန်းအမေရိကန် ဆီနိတ်တာ ဂျွန်မက်ကိန်း (John McCain) က ဗုဒ္ဓဟူးနေ့က ချီးမွမ်း ပြောကြားလိုက်သည်။

“မြစ်ဆုံရေလှောင်တမံ ဆောက်လုပ်ခြင်းကို လေးနက်ပြီး တာဝန်ယူရဲတဲ့ ဆုံးဖြတ်ချက်ချပြီး ရပ်နားခဲ့တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ တခြား အစိုးရ ခေါင်းဆောင်တွေကို ကျွန်တော် ချီးကျူးပါတယ်” ဟု မက်ကိန်းက ကြေညာချက်တွင် ပြောကြား ခဲ့သည်။

“ဒီလို ဆုံးဖြတ်လိုက်လိုက်တာ ကြီးကျယ်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ နေပြည်တော်အစိုးရဟာ တခြား ကိစ္စတွေမှာလည်း အပေါင်း လက္ခဏာ ဆောင်တဲ့ ပြောင်းလဲမှုတွေအတွက် ပြည်သူတွေရဲ့ ငြိမ်းချမ်းတဲ့ဆန္ဒတွေကို တုံ့ပြန် ဖြည့်ဆည်းနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ယင်းက ဆိုသည်။

ဝါရှင်တန်က အဆိုပါလုပ်ဆောင်ချက်ကို ချီးကျူးခဲ့သော်လည်း မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နှင့် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ တရုတ်နိုင်ငံက အဆိုပါလုပ်ရပ်အား နှစ်နိုင်ငံအကြား အငြင်းပွားဖွယ် လုပ်ဆောင်မှု အဖြစ် ဝေဖန်ခဲ့သည်။

၂ဝဝ၈ ခုနှစ်က ရီပတ်ဘလင်ကန် သမ္မတလောင်းဖြစ်ခဲ့သူ ဆီနိတ်တာဂျွန်မက်ကိန်းက အဆိုပါ စီမံကိန်းသည် ဧရာဝတီမြစ်အတွက် ပြန်လည် ပြင်ဆင်၍ မရနိုင်သည့် ထိခိုက်မှုများ ရှိနိုင်ကြောင်း၊ ပြည်တွင်းပြည်ပဖိအားများကို လက်ခံနိုင်သော တုံ့ပြန်မှုများဖြင့် လုပ်ဆောင်ပြခဲ့သော မြန်မာ ခေါင်းဆောင် များအား ချီးကျူးကြောင်း ပြောကြားခဲ့သည်။

“ဒီစီမံကိန်းနဲ့ သူ့ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်ကြီးမားစွာ ထိခိုက်မှုအတွက် မြန်မာပြည်သူတွေရဲ့ စုစည်းညီညွတ်မှုကတော့ ကြုံဖူးသမျှ ဘယ်အရာနဲ့မှ မတူပါဘူး” ဟု မက်ကိန်းက ပြောသည်။

ဒီမိုကရေစီအုပ်စုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၏ အဆိုပါစီမံကိန်းကို ဆန့်ကျင်ခဲ့မှုများသည် အမည်ခံ အရပ်သားအစိုးရ လက် အောက်တွင် လွတ်လပ်မှုအတိုင်းအတာကို စမ်းသပ်သကဲ့သို့ ရှိသည်။

ပတ်ဝန်းကျင်စိမ်းလန်းရေးအုပ်စုများ (Green Groups) ကလည်း အဆိုပါ ရေလှောင်တမံသည် စင်ကာပူနိုင်ငံ အရွယ်အစားခန့်ရှိသော ဧရိယာ ကို ရေလွှမ်းစေနိုင်ပြီး ကျေးရွာဒါဇင်ပေါင်း များစွာ ရေမြုပ်မည်ဖြစ်ကာ လူပေါင်း တစ်သောင်းခန့်ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေကြောင်း၊ သက်ရှိသက်မဲ့ တည်မှီ နေသော ဧရိယာ (biodiverse area) များအား မလွဲမသွေ ထိခိုက်ပျက်စီးမှုများ ရှိမည်ဟု သတိပေးခဲ့သည်။

*******************************************************************************

ဒေါ်အောင်ဆန်းစုကြည်ကို လစ်လျူရှုလိုက်ခြင်းသည် ထိုင်းဝန်ကြီးချုပ်၏အမှားဟုဆို

(The Nation မှ 6 Oct 2011 ရက်စွဲပါ “Thai PM might have made blunder by ignoring Suu Kyi” ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ်ယင်းလပ်ရှင်နာဝပ်ထရာသည် ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ် သွားရောက်ရာတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန် ပျက်ကွက်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ နှင့်အတူ လိုက်ပါနိုင်မည့် ရွှေရောင်အခွင့်အလမ်းကို ဆုံးရှုံးသွားကာ ပြောင်းလဲနေသော ဒေသတွင်း ပထဝီနိုင်ငံရေးထဲသို့ ထိုင်းနိုင်ငံကို ထည့်သွင်းလိုက်ပြီ ဖြစ်သည်။

နေပြည်တော်လေဆိပ်သို့ မွန်းလွဲပိုင်းတွင် ဆင်းသက်ခဲ့သော ယင်းလပ်ရှင်နာဝပ်ထရာသည် မြန်မာ့မြေပေါ်တွင် ၁ဝ နာရီမျှသာ အချိန်ဖြုန်းကာ သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ၏ ရာသီဥတု စောင့်ကြည့်လေ့လာရေး ကဏ္ဍ တိုးတက်ရေးကို ကူညီရန်အတွက် မိုးလေဝသနှင့် ဇလဗေဒ တိုင်းတာရေးကိရိယာများကို ယင်းလပ်က လွှဲပြောင်းပေးအပ်ခဲ့သည့်အပြင် ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား ပြင်ဆင်ဖြင့် နှင့် လမ်းဖောက်လုပ်ခြင်း ဆိုင်ရာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားကိုလည်း တက်ရောက် ကြည့်ရှုခဲ့သည်။ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကိုလည်း ထိုင်းဝန်ကြီးချုပ်က သွားရောက် ဖူးမျှော် ခဲ့သည်။

ဝန်ကြီးချုပ်၏ တရားဝင်ခရီးစဉ်သည် ညပိုင်းတွင် ပြီးဆုံးကာ နေပြည်တော်မှ ပြန်လည်မထွက်ခွာမှီ မြန်မာသမ္မတ ဦးသိန်းစိန်က ထိုင်း ဝန်ကြီးချုပ် နှင့် ကိုယ်စားလှယ်အဖွဲ့ကို ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များစွာ ဝယ်ယူတင်သွင်းနေရခြင်းကြောင့် မြန်မာခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးရာတွင် စွမ်းအင်ကိစ္စအပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို အဓိက ဦးတည် ဆွေးနွေးလိမ့်မည်ဟု ယခုခရီးစဉ်မတိုင်မီတွင် အစိုးရ သတင်း ရပ်ကွက် က ပြောကြားသည်။

ထိုင်းနိုင်ငံ၏ နာမည်ကျော် အီတာလျံ-ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီကလည်း  ထိုင်းနှင့် မြန်မာအကြား စီးပွားရေး ကူးလူးယှက်သွယ်ရန် ထားဝယ် ဒေသတွင် ရေနက်ဆိပ်ကမ်း၊ အဝေးပြေးလမ်းနှင့် အထူးစီးပွားရေးဇုန် တို့ ပါဝင်သော အကြီးစား အဆင့်လွန်မီဂါ စီမံကိန်းကြီးကို အကောင် အထည် ဖော်လျက် ရှိသည်။

နှစ်နိုင်ငံအကြား အစဉ်အလာ မပျက် ဆက်ဆံလျက် ရှိကြောင်း ကြေညာချက် ထုတ်ပြန်ရသည့် ယခုကဲ့သို့ ခရီးစဉ်မျိုးတွင် မှားယွင်းစရာ အကြောင်း မရှိပေ။ သို့သော် မြန်မာနိုင်ငံသည် ထိုင်းတို့က နှစ်နိုင်ငံ အကျိုးစီးပွား မပျက်အောင် ဆက်ဆံရေး ခိုင်မာရုံမျှသာ အလွယ်တကူ သဘောထား ၍ ရသော ပုံမှန်အိမ်နီးချင်းနိုင်ငံမှာမျိုး မဟုတ်ပါ။

မြန်မာနိုင်ငံသည် အာရှအင်အားကြီး အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား အသားညှပ်ဆင်းဒဝစ်ပေါင်မုန့် သဖွယ် မဟာဗျူဟာမြောက် ကြားညှပ် တည်ရှိကာ နယ်စပ်များ ထိစပ်နေသည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေးပဋိပက္ခများ၊ အထူးသဖြင့် အစိုးရနှင့် တိုင်းရင်းသားအုပ်စုများကြားမှ ပြဿနာသည် ထိုင်းနိုင်ငံကို ဒုက္ခများစွာ ပေးလျက်ရှိသည်။

ထို့အပြင် ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီရေး၊ ပြန်လည်သင့်မြတ်ရေးကို ဦးတည်ကာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို စတင်လျက် ရှိ သည်။ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံတွင်းမှ အပြောင်းအလဲ များကို ဂရုတစိုက် လေ့လာစောင့်ကြည့်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ပြုပြင် ပြောင်းလဲမှုများ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စများ၏ အဓိက အကျဆုံး အစိတ်အပိုင်း တစ်ခုဖြစ်သည်။ သူမသည် ယခုအခါ လွတ်လပ်စွာ ရှိနေပြီဖြစ်၍ နိုင်ငံခြားသားများနှင့် တွေ့ဆုံခွင့်ရကာ မြန်မာနိုင်ငံတွင်းမှ ပြောင်းလဲမှုများနှင့် ပတ်သက် ၍ အမြင်ချင်းဖလှယ်မှုများပင် ပြုလုပ်နေပေပြီ။ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှ ထိပ်ပိုင်း တာဝန်ရှိသူများကလည်း မြန်မာ နိုင်ငံ ၏ အနာဂတ် နှင့် ပတ်သက်၍ သူမ၏ သဘောထားကို တီးခေါက်ရန် လာရောက်တွေ့ဆုံ ဆွေးနွေးလျက် ရှိသည်။

အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ သည်လည်း မကြာမီအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ် ရာ ၂ဝ၁၄ အာဆီယံဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံတာဝန်ယူရန် သင့်/မသင့် ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို စူးစမ်းရန် အတွက် လာရောက်တွေ့ဆုံဦးမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယင်းလပ်နှင့် ပုဂ္ဂိုလ်ရေးအရ မသိကျွမ်းသော်လည်း ဇူလိုင်လ ရွေးကောက်ပွဲတွင် သူမ အနိုင်ရရှိကာ ထိုင်းနိုင်ငံ၏ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ချက်ချင်းပင် ယင်းလပ်ကို ဂုဏ်ပြုနှုတ်ဆက်ခဲ့ပေသည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ၏ ရွေးကောက်ခံ အစိုးရသစ်သည် စိတ်အား တက်ကြွစရာ ဖြစ်၍ ဝန်ကြီးချုပ်သစ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီထွန်းကားရေး၊ အမျိုးသား ပြန်လည် သင့်မြတ်မှု ရရှိရေးတို့ကို အကူအညီပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ခြင်းဖြစ်သည်။

ယင်းလပ်ကမူ ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အားပေး ထောက်ခံကြောင်း စကား တစ်ခွန်းပင် မပြောခဲ့သေးပေ။

***********************************************************************************

မြန်မာ အိမ်ခြံမြေဈေးကွက် တိုးတက်ရေး မီးနီပြဆဲ

(The Nation မှ 5 Oct 2011 ရက်စွဲပါ “Red Light still on in property development in Burma” သတင်းဆောင်းပါးကို ဘာသာပြန်သည်)

တဖြေးဖြေး ပွင့်လင်းလာမှုနှင့်အတူ တိုးတက်မှုရှေ့ရှုသော စီးပွားရေးမူဝါဒများ စတင် ဆောင်ရွက်နေပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ အိမ်ခြံ မြေဈေးကွက်သည် လာမည့်နှစ်တွင် ကြီးကြီးမားမား ပုံစံသစ်တစ်မျိုးဖြင့် ထွက်ပေါ်လာနိုင်သည်ဟု Colliers International Thailand က ထုတ်ပြန်သော ပထမဆုံး ရန်ကုန်မြေဈေးကွက် အစီရင်ခံစာအရ သိရှိရသည်။

“လောလောဆယ်မှာ ရင်းနှီးမြှုပ်နှံဖို့ စောင့်နေသူတွေရဲ့ အနေအထားက မီးပွိုင့်မှာ မီးဝါမိနေတာနဲ့ တူတယ်လို့ ပြောနိုင်ပါတယ်။ Sanctions တွေ ရုတ်သိမ်းလိုက်ပြီ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ပြဋ္ဌာန်းထားလိုက်ပြီ ဆိုတာနဲ့ ပြေးဝင်လာဖို့ လူတိုင်းဟာ အဆင်သင့် ဖြစ်နေပါပြီ” ဟု Colliers ၏ ဦးဆောင် ဒါရိုက်တာ ပါတီမာ ဂျီရာပတ်က ပြောကြားသည်။

မကြာမီအတွင်း ပွင့်လင်းလာတော့မည့် မှန်းဆမှုများကြောင့် ပြည်လမ်းနှင့် မြို့လယ်ခေါင်ကဲ့သို့သော နေရာကောင်းများ၏ မြေဈေးနှုန်းသည် ဘန်ကောက်မြို့လယ်နေရာများနှင့် တန်းတူလိုက်နေသည်။ ‘အကောင်းမြင်တဲ့ အထဲမှာ သတိတော့ နည်းနည်းထားရမှာပေါ့’ ဟု ပါတီမာ ဂျီရာပတ်က ဆို သည်။

မြန်မာနိုင်ငံသည် တစ်ကြိမ်ဖွင့်ပြီးလျှင် မကြာခင် ပြန်ပိတ်သွားတတ်ခြင်းကို ပါတီမာက သတိထားလျက်ရှိသည်။ ဒီတစ်ကြိမ်တွင်မူ အာဆီယံ စီးပွားရေးလိဂ် ပြိုင်ပွဲတွင် လာအိုနှင့် ကမ္ဘောဒီးယားတို့၏အောက် ဘိတ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သော မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရန် လိုအပ် ကြောင်းကို သိမြင်နားလည်နေလောက်ပြီဟု ပါတီမာက ယုံကြည်ထားသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ဗဟိုမြို့တော်ဖြစ်ပြီး နိုင်ငံခြားသားများက Rangoon ဟု ခေါ်ကြသော ရန်ကုန်မြို့၏ အိမ်ခြံမြေလုပ်ငန်းနှင့် ပတ်သက် ၍ ရင်းနှီးမြှုပ်နှံသူများ စဉ်းစားရမည့် နည်းလမ်းများသည် ယခင်အနှစ် ၂၀ သမိုင်းမှတ်တမ်းများကြောင့် သိသိသာသာ ပြောင်းလဲသွားသည်ဟု Colliers ၏ လက်ထောက်သုတေသန ဒါရိုက်တာ တိုနီပီကွန်က ဆိုသည်။

“ဥပမာပြောရရင် အများစု ရှာကြတဲ့ နေရာမျိုးနဲ့ ကွန်ဒိုမီနီယမ်တွေ၊ တိုက်ခန်းတွေရဲ့ ဈေးအကြီးဆုံး နေရာတွေဟာ မြေညီထပ်တွေ ဖြစ်နေတဲ့ အချက်က တစ်ခြားနိုင်ငံတွေနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ ဒါဟာ အကောင်းဆုံး အကြောင်းရင်းတစ်ခုပါပဲ” ဟု ၎င်းက မှတ်ချက်ပေးသည်။ အမှန် တကယ်တွင် ကွန်ဒိုမီနီယမ်နှင့် တိုက်ခန်းများအကြား ကွာခြားမှုကို အဓိပ္ပါယ်ဖွင့်ပုံမှာလည်း မကြားဖူးသည့် ပုံစံတစ်ခုပင်ဖြစ်သည်။ သီးသန့်ဥပဒေ သတ်မှတ်မှု မရှိခြင်းကြောင့် ကွန်ဒိုမီနီယမ်တွင် ဓါတ်လှေကားပါ၍ တိုက်ခန်းတွင် ဓါတ်လှေကားမပါဟု မြန်မာတို့ကခွဲခြားထားကြောင်း တိနီပီကွန်က ဆက် လက် ပြောကြားသည်။

ရုံးခန်းဈေးကွက်သည်လည်း စုစုပေါင်း စတုရန်းမီတာ ၅ဝဝဝဝ ခန့်သာ ဖြည့်ဆည်းပေးနိုင်ခြင်းကြောင့် ဝယ်လိုအား ကြီးမားနေသည်ဟု သိရ သည်။ Colliers ၏ အကြီးတန်း သုတေသန မန်နေဂျာ ဆူရာချတ်ကောင်ချစ်က “ ငှားမယ့်သူကတော့ ၁ဝဝ ရာခိုင်နှုန်းအပြည့်ပဲ၊ ဒါပေမယ့် အဆောက် အဦးက တစ်လုံးပဲရှိတယ်၊ ပြီးခဲ့တဲ့ ၁၀ နှစ်လုံးလုံး အသစ်ဆောက်တာမရှိဘူး၊ ၂ဝ၁ဝ မှာ ရုံးခန်း အဆောက်အဦးတစ်လုံးပဲ ဖွင့်ခဲ့တယ်” ဟု ရှင်းလင်း ပြော ကြားသည်။ “ကုမ္ပဏီတွေ၊ NGO တွေ အများစုက လူနေအိမ်ခန်းတွေ၊ ဟိုတယ်တွေ၊ ဝန်ဆောင်မှုပါတဲ့ တိုက်ခန်းတွေမှာ ငှားရမ်း ဖွင့်လှစ်ထားကြပါ တယ်” ဟု ၎င်းက ဆိုသည်။

မနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ခြင်းနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးသမားများက အသစ်တဖန် ပြန်လည် စိတ်ဝင်စား လာ ခြင်းတို့ကြောင့် ခရီးသွားတိုးရစ်များ ပြန်လည်ရောက်ရှိလာကာ ဟိုတယ်နှင့် ဝန်ဆောင်မှုပါ တိုက်ခန်းဈေးကွက်မှာလည်း ဝယ်လိုအား အလွန်ကြီးမား လာပုံ ရသည်ဟု သိရသည်။

လတ်တလော ဟိုတယ်များတွင် တည်းသူများလာကာ အခန်းနည်းနေခြင်းကြောင့် ဧည့်သည်များကိုပင် ပြန်၍ လွှတ်ရသည်ဟု ပီကွန်က ထောက်ပြ သည်။ ဟိုတယ်ခန်းတွေ လွတ်နေလို့ လုပ်ငန်းရှင်သန်နိုင်ဖို့အတွက် ရုံးခန်းအဖြစ် ပြောင်းလဲငှားရမ်း လည်ပတ်ခဲ့ရတဲ့ကာလဟာ သိပ်တောင်မှ မကြာသေးပါဘူး ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ ရန်ကုန်မြို့တော်သည် မြန်မာနိုင်ငံ၏ အဓိက ဝင်ပေါက်ထွက်ပေါက် ဖြစ်သောကြောင့် ခရီးသွား တိုးရစ်များ အနေဖြင့် ရက်အနည်းငယ် နေထိုင်ကာ မြို့အနှံ့ လှည့်လည်ကြည့်ရှုကြမည်ဖြစ်၍ ယခုကဲ့သို့ ဟိုတယ်ခန်း မလုံလောက်မှုကြောင့် အနာဂတ် တွင် မြန်မာပြည်သို့ အဝင်လမ်းပေါက်တွင် စုပြုံပိတ်ဆို့ကုန်မည်ကို ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက စိုးရိမ် ပူပန်လျက် ရှိကြသည်။

မြန်မာနိုင်ငံတွင် ပို့ကုန်ဦးဆောင်ထုတ်လုပ်ရေးကဏ္ဍကို အခြေခံကာ တိုးတက်ရေးဦးစားပေး ဖွံ့ဖြိုးမှုပုံစံ ဖြစ်ပေါ်နိုင်အောင် ရင်းနှီးမြှုပ်နှံမှု ဥပဒေ သစ်ကို ထုတ်ပြန်မည်ဟု မျှော်လင့်ရသောကြောင့် လာမည့်နှစ်သည် မြန်မာနိုင်ငံ အတွက် အရေးကြီးသော နှစ်တစ်နှစ် ဖြစ်လာပါလိမ့်မည်။ ဒါဟာ ပြီးခဲ့တဲ့ ၁ဝ နှစ်အတွင်း ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုမှာ ဖြစ်ခဲ့သလိုပဲ မြန်မာနိုင်ငံ အဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါ ဟု ပီကွန်က မှတ်ချက်ပေးသည်။ မြန်မာအစိုးရနှင့် အတိုက်အခံများအကြား ပြန်လည် သင့်မြတ်ရေး အချက်ပြမှုများသည် ပိုမိုထင်ရှားလာဖွယ်ရှိကာ Sanctions များ အဆုံးသတ်သွားသည်အထိပင် ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့အပြင် တရားဝင် နိုင်ငံခြားငွေလဲနှုန်းကို ဈေးကွက်ပေါက်ဈေးနှင့်အညီ ဖြစ် အောင် ငွေကြေးစည်းမျဉ်းသစ်များ ရေးဆွဲလျက်ရှိရာ ငွေစက္ကူအခြေခံ စီးပွားရေးတွင် လိုအပ်နေသောလုပ်ငန်းများ ချောမွေ့အောင် ခွင့်ပြုတော့ မည် ဖြစ်သည်။

ပီကွန်က ငွေလဲနှုန်း၊ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် sanctions များကို လမ်းဆုံမီးပွိုင့်မှ မီးဝါကို ထိန်းထားသော ဒေါက်တိုင် ၃ ခုအဖြစ် ရှုမြင်နေသည်။ “ဒီ ၃ ချက် ဆုံသွားရင်တော့ မီးစိမ်းသွားမှာပါ၊ ဒါပေမယ့် စီးပွားရေးတာထွက်နိုင်ငံ အများစုလိုပဲ အတားအဆီများတဲ့ လမ်းပေါ်မှာ အခက်အခဲတွေ တွေ့ရ ဦးမှာပါ။ ၂ဝ၁၂ ရန်ကုန်မြေဈေးကွက် အစီရင်ခံစာကတော့ ၂ဝ၁၁ နဲ့ အများကြီး ခြားနားသွားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်” ဟု ထိုင်း တို့က ပြောကြားသည်။

****************************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment