Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၉.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ပြည်ခိုင်ဖြိုး အလံထောင်လို၍ လမ်းခင်းရန် အစီအစဉ်ပျက်
  1. Eleven Media Group မှ မတောင်းပန်လျှင် သီးလေးသီးအဖွဲ့ တရားစွဲဆိုမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပြည်သူတို့ မျှော်လင့်နေသည်များ မကြာမီ ဖြစ်လာမည်ဖြစ်ကြောင်း သူရဦးရွှေမန်းဆို
  2. စီတန်းဆန္ဒပြမှုနှင့်ပတ်သက်၍ မည်သို့ပင်တင်းကြပ်ပါစေ ဆက်လက်ပြုလုပ်သွားမည်ဟု ဦးနေမျိုးဝေပြောကြား
  1. GW အဖွဲ့ မြေပေါ်တက်ပြီ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. သဘောကောင်းသောအာဏာရှင်လား၊ ရာသက်ပန်ပြည်သူ့သမ္မတလား

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

ပြည်ခိုင်ဖြိုး အလံထောင်လို၍ လမ်းခင်းရန် အစီအစဉ်ပျက်

ရန်ကုန်မြို့တွင်း ပျက်စီးနေသော လမ်းပိုင်းများကို ဒေသခံ ရပ်မိ၊ရပ်ဖများမှ ပြန်လည်ပြုပြင်ရာတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ နာမည်ဝင်ရောက် ယူသည့် ကိစ္စရပ်များ ဖြစ်ပွားနေခြင်းကြောင့် လမ်းခင်းရန်အစီအစဉ်များ ရပ်ဆိုင်းသွားရကြောင်း သိရှိရသည်။

ဒေသခံရပ်မိရပ်ဖများက ကောက်ခံရရှိသော ရန်ပုံငွေဖြင့်ခင်းရန် စီစဉ်ပြီး လမ်းခင်းရန် လိုအပ်သည့် သွင်းအားစုများကို ပြည်ခိုင်ဖြိုးမှတဆင့် ၀ယ်ယူပေးရန် အကူအညီ တောင်းခံသော်လည်း သက်ဆိုင်ရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အဆိုပါ လမ်းခင်းမှုများတွင် လမ်းကဗ္မည်းကျောက်စာတိုင်နှင့် လမ်းခင်းစဉ် ခြင်္သေ့အလံများ စိုက်ထူရန် တောင်းဆိုခြင်းကြောင့် လမ်းခင်းရန်အစီအစဉ် ပျက်စီးသွားရခြင်းဖြစ်ကြောင်း တောင်ဒဂုံမြို့နယ်မှ ရပ်မိရပ်ဖ တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ရန်ပုံငွေနဲ့ လုပ်တာကို ကြံ့ဖွံကအချောင် နာမည်ဝင်ယူတာကို လက်မခံနိုင်လို့ လမ်းခင်းဖို့ ကိစ္စတွေ ပျက်သွားတာပါ။ သူတို့နဲ့မှ လုပ်တယ်ဆိုတာလည်း ရပ်ကွက်မှာ လမ်းခင်းရင် ကြံ့ခိုင်ရေးကို ပြောတာကောင်းတယ်လို့ မြို့နယ်စည်ပင်က ပြောတာရယ်၊ သူတို့ပါတော့ အဆင်များ ပြေမလားလို့ ထင်လို့ပါ”ဟု ယင်းက ပြောကြားသည်။

ယင်းသို့ လမ်းခင်းရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ခြင်္သေ့အလံထောင်ရန်  သက်ဆိုင်ရာ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီတာဝန်ခံများက ရပ်မိရပ်ဖများအား ညှိနှိုင်းချင်းဖြစ်ပြီး ယင်းတို့မျက်နှာကောင်းရန်နှင့် ကိုယ်ကျိုးအတွက် ရန်ပုံငွေအားသုံးစွဲရန် ညှိနှိုင်းခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ်မှ ရပ်မိရပ်ဖ တစ်ဦးက ဆိုသည်။

“သူတို့တွေ ဒီမြို့နယ်မှာ ဘယ်နေရာကို သွားမယ်ဆိုတာ စီစဉ်ပြီးမှ ဦးအောင်သိန်းလင်းက သွားရတာ၊ ဒီလိုလုပ်လို့ လူကြီးကြိုက်မှ သူတို့နေရာ ရမှာ”ဟု ယင်းတို့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ပွင့်လင်းရာသီသို့ ရောက်ရှိပြီဖြစ်၍ ပျက်စီးနေသော လမ်းပိုင်းများအား ပြင်ဆင်ရန် ရပ်မိပ်ဖများမှ ကြိုးစားနေသော်လည်း ပြည်ခိုင်ဖြိုးပါတီနှင့် အဆင်မပြေမှုများရှိ၍ အဆင်မပြေမှုများ ဖြစ်နေကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ၂၀၁၁ နှစ်လယ်အထိ ပြင်ဆင်ပြီးသည့် လမ်းပေါင်း ၂၃၀၀ ကျော်ရှိကြောင်း YCDC မှသိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

Eleven Media Group မှ မတောင်းပန်လျှင် သီးလေးသီးအဖွဲ့ တရားစွဲဆိုမည်

သီးလေးသီးအဖွဲ့နှင့် ပရိသတ်အကြား ယုံကြည်မှု ပျက်ပြားစေသည့် သတင်းတစ်ပုဒ်ကို Bi Weekly Eleven ဂျာနယ်တွင် ရေးသားဖော်ပြ လိုက်ကြောင်း သီးလေးသီးအဖွဲ့ခေါင်းဆောင် ဦးဂေါ်ဇီလာက ပြောကြားသည်။

သူတို့ရေးလိုက်တဲ့ သတင်းနဲ့ပတ်သက်ပြီး သူတို့ဂျာနယ်မှာ ကျွန်တော်တို့ ပွဲမကပြခင်အချိန်ထိ ပြန်လည်ဖြေရှင်းပေးရမယ်။ အဲဒီလို မဟုတ်ရင်တော့ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး Eleven ကိုတရားစွဲမယ်” ဟု ဦးဂေါ်ဇီလာက ဆိုသည်။

အောက်တိုဘာ ၂၉ရက်နေ့အထိ ယင်းဂျာနယ်မှတဆင့် ပြန်လည်ဖော်ပြပေးပြီး ဖြေရှင်းပေးပါက သီးလေးသီးအဖွဲ့မှ ပြန်လည်ဖြေလျှော့     ပေးသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အောက်တိုဘာ ၇ရက်နေ့ ထုတ် Bi Weekly Eleven ဂျာနယ်တွင် သီးလေးသီး ပြည်တော်ပြန် အငြိမ့်အဖွဲ့၏ ပထမဆုံးအကြိမ် ပြန်လည် ပြုလုပ်မည့် မျှော်စဉ်ကျွန်းအငြိမ့်အား စိတ်ဝင်စားမှုနည်းပါးဆိုသည့် သတင်းသည် သီးလေးသီးအဖွဲ့အတွက် အလွန်ပင်နစ်နာပါကြောင်း သီးလေးသီး အဖွဲ့ဝင် လူရွှင်တော် ဦးစိန်သီးက ပြောကြားသည်။

“အလှစုံစွာမြပုဏ္ဏမာ၏ရင်သွေး” အမည်ဖြင့် သီးလေးသီးဆေးရောင်စုံအဖွဲ့သည် အောက်တိုဘာ ၂၉ရက်နေ့တွင် မျှော်စဉ်ကျွန်း၌ အခမဲ့     ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ဘာကြောင့် သူတို့တွေက ပြည်ပမှာကျန်ခဲ့တဲ့ သီးလေးသီးအဖွဲ့ဝင်တွေရော၊ ပရိသတ်တွေကို သွေးခွဲရတာလဲလို့ မေးချင်ပါတယ်” ဟု ဦးစိန်သီးက ပြောကြားသည်။

Bi Weekly Eleven ၌ ရေးသားထားသော သတင်းသည် ကိုးကားပြောကြားသူ မည်သူမည်ဝါပါဟု ဖော်ပြထားခြင်းမရှိသော ခိုင်လုံမှုမရှိသည့် သတင်းတစ်ပုဒ်သာ ဖြစ်ကြောင်း၊ ဂျာနယ်တိုက်သို့ ဖုန်းဆက်မေးမြန်းသော်လည်း တာဝန်ရှိသူများက မအားလပ်ကြောင်းနှင့် မရှိကြောင်းကိုသာ    ပြန်လည်ဖြေကြားကြောင်း ဦးဂေါ်ဇီလာက ပြောကြားသည်။

သီးလေးသီးအဖွဲ့သည် စက်တင်ဘာ ၁၁ရက်နေ့တွင် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာပြီး ငြိမ်းချမ်းစွာဖြင့် အနုပညာအလုပ်များကို လုပ်ခွင့် ရနေကြောင်း ဦးစိန်သီးက ပြောကြားသည်။

Peace Press

 ××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်သူတို့ မျှော်လင့်နေသည်များမကြာမီ ဖြစ်လာမည်ဖြစ်ကြောင်း သူရဦးရွှေမန်းဆို

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်  လိုအပ်နေသည့် ကိစ္စရပ်များကို အစိုးရမှ မကြာမီ ပြုလုပ်ပေးဖွယ်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ အောက်တိုဘာ ၇ ရက်တွင် နော်ဝေတီဗီသို့ တရားဝင် ပြောကြားသည်။

သူရဦးရွှေမန်းမှ နိုင်ငံရေးအကျဉ်းသားများအား မကြာခင်ရက်ပိုင်းအတွင်း လွှတ်ပေးရန်ရှိကြောင်း nrk တီဗီမှ နိုင်ငံရေးအကျဉ်းသားများနှင့် ပက်သက်၍မေးမြန်းခြင်းကို ပြန်လည်ဖြေကြားခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်သို့ ရောက်ရှိပါက မည်သို့ သဘောထားမည်ကို သိလိုပါသည်ဟူသည့် မေးမြန်းချက်နှင့် ပတ်သက်၍  အောက်ပါအတိုင်း ဆက်လက်ဖြေခဲ့သည်။

 “ဖြစ်နိုင်ဖို့ အလားအလာတွေ ပေါ်လာဖို့ ရှိပါတယ်။ အဲဒီလို ပေါ်လာရင်လည်း မိမိတို့ဘက်က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဖို့ ရှိပါတယ်”ဟု သူရဦးရွှေမန်းက ဆိုသည်။

အဆိုပါ ပြောကြားချက်များကို နော်ဝေ ဒုတိယနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်အား ရိုက်ကူးရန် လိုက်ပါခဲ့သည့် nrk တီဗီနှင့် ပြည်သူ့ လွှတ်တော် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံမေးမြန်းခန်းပြုလုပ်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်များသည် မြန်မာပြည်သူတို့ မျှော်လင့်နေသည့် ကိစ္စရပ်များ ဖြစ်သည့်အပြင် ယင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် လွှတ်တော်မှ နိုင်ငံတော်သမ္မတကြီးထံ တိုက်ရိုက်အဆိုတင်ထားသည်လည်း ဖြစ်သဖြင့် ယင်း၏ နှုတ်ထွက်စကားသည် မကြာခင် ဖြစ်ပေါ်လာမည့် အလားအလာကောင်းများကို ရည်ညွှန်းခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ အသိုင်းအဝိုင်းက တညီတညွတ် တည်း ဆိုသည်။

“ပြောဆိုချက်တွေက အားရစရာဆိုတော့ ပြည်သူတွေ ကျေနပ်မှုရအောင်၊ ထောက်ခံမှုရအောင် မြန်မြန် အကောင်အထည် ဖော်ဖို့တော့ လိုတယ်”ဟု ပြည်တွင်းသတင်းဂျာနယ်တစ်ခု၏ အယ်ဒီတာတစ်ဦးက ဆိုသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စသည် အမျိုးသား ပြန်လည်     သင့်မြတ်ရေး ကိစ္စများနှင့် တိုက်ရိုက်သက်ဆိုင်ပြီး ယင်းကိစ္စအပါအဝင် အခြားကိစ္စရပ်များသည် အပြန်အလှန် အမှီသဟဲပြုနေကြောင်း ပြောကြားခဲ့သည်။

နော်ဝေနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Espen Barth Eide နဲ့အဖွဲ့ဟာ အောက်တိုဘာလ ၆ ရက်ကနေ ၉ ရက်နေ့အထိ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများကို Stakeholders များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

စီတန်းဆန္ဒပြမှုနှင့်ပတ်သက်၍ မည်သို့ပင်တင်းကြပ်ပါစေ ဆက်လက်ပြုလုပ်သွားမည်ဟု ဦးနေမျိုးဝေပြောကြား

စီတန်းလှည့်လည် ဆန္ဒပြမှုနှင့်ပတ်သက်၍ ဥပဒေကြမ်းတစ်ခုကို အောက်တိုဘာ ၃ရက်နေ့တွင် ပြည်သူ့လွှတ်တော်တွင် အတည်ပြု လိုက်ပြီ ဖြစ်ကြောင်း မတူကွဲပြားချင်းနှင့်ငြိမ်းချမ်းရေး ပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက ပြောကြားသည်။

“ဘယ်လိုပဲ ဥပဒေပြုပြီး တင်းကြပ် တင်းကြပ် ကျွန်တော်က မမှုဘူး။ ရတဲ့နည်းနဲ့ ဆက်လုပ်မှာဘဲ”ဟု ၎င်းက ပြောဆိုသည်။

ဆန္ဒပြရာ၌ နေရာနှင့် ကြွေးကြော်သံကို ကန့်သတ်ထားသည့်အတွက် ခွင့်ပြုသည့်နေရာကို ဖိတ်ကြားပြီး စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြ သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

လက်ရှိအချိန်တွင် ယင်းဥပဒေကြမ်းမှာ ထွက်ပေါ်လာခြင်း မရှိသေးသည့်အတွက် သက်ဆိုင်ရာက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များကို လိုက်နာဆောင်ရွက်နေရကြောင်း တသီးပုဂ္ဂလအမတ်ဟောင်း ဦးဝင်းချိုက ပြောကြားသည်။

“ပြောချင်တာတခုက ဆန္ဒပြတယ်ဆိုတာက ရင်ထဲကဖြစ်ပေါ်လာတဲ့ ဆန္ဒကိုထုတ်ဖေါ်တာ။ ရက်နည်းနည်း စောင့်ရမယ်ဆိုတော့ နှစ်ရှည်    စီမံကိန်းတွေနဲ့ အထိုင်ကျပြီးသား လုပ်ငန်းကြီးတွေကို ကန့်ကွက်ဖို့တော့ အသုံးဝင်အုံးမှာပါ။ ပြင်လွယ်ပြောင်းလွယ် ကိစ္စတွေကိုတော့ ကြိုတင် ခွင့်တောင်း နေချိန်မှာပဲ ရုတ်သိမ်းလိုက်နိုင်တဲ့အတွက် shock ရှိတယ်” ဟု ဦးဝင်းချိုက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၁၉၇၄ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားများမှ စတင်ကာ ၂၀၀၇ခုနှစ်အထိ စီတန်းဆန္ဒပြမှုများ အကြိမ်ကြိမ် ဖြစ်ပေါ် ခဲ့သည်။

ယခုနောက်ဆုံးအကြိမ်ဖြစ် ၂၀၁၁ခုနှစ်အောက်တိုဘာ ၂ရက်နေ့တွင် ပြည်မြန်မာကုန်တိုက်ဆိုင်ခန်းများ အသိမ်းခံရမှုကြောင့် နစ်နာကြေး ရလိုမှုဖြစ်ပြီး ဈေးသည် ၂၀ ခန့်  ပိုစတာကိုင်ဆောင်ပြီး  ဆန္ဒထုတ်ဖော်ခဲ့ရာ ပါဝင်ခဲ့သူများထဲမှ နှစ်ဦးကို ယာယီထိန်းသိမ်းကာ ခံဝန်ကတိ လက်မှတ် ရေးထိုးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

 GW အဖွဲ့ မြေပေါ်တက်ပြီ

မျိုးဆက်သစ်လူငယ်များ(Generation Wave -GW)အဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်းလေးနှစ်ပြည့် အခမ်းအနားကို စမ်းချောင်းမြို့နယ်ရှိ သီရိ မင်္ဂလာရန်အောင်ကျောင်းတိုက်တွင် အောက်တိုဘာ ၉ရက်နေ့၌ တရားဝင်ပြုလုပ်ခဲ့သည်။

“အရင်ကတော့ ကျွန်တော်တို့အဖွဲ့က တရားမဝင်လှုပ်ရှားတယ်။ အခု အခြေအနေက တရားဝင် လှုပ်ရှားလို့ရနေပြီဆိုတော့ တရားဝင် ရပ်တည် သွားမှာပါ” ဟု GW ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဇေယျသော်က ပြောဆိုသည်။

“ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေ၊ သမ္မတဦးသိန်းစိန်နဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု၊ အာဏာ  ပိုင်တွေဘက်က လူထုအသံကို နာယူလာခြင်းစတဲ့ အခင်းအကျင်းများကြောင့် GW အဖွဲ့ ကို လူအများထင်မြင်နေကြတဲ့ မြေအောက်အဖွဲ့ အစည်း     အဖြစ်မှ  ပေါ်ပေါ်ထင်ထင်နဲ့ အားလုံးမှ ရဲရဲတင်းတင်း ပူးပေါင်းဆောင်ရွက်လာနိုင်တဲ့ အဖွဲ့ အစည်းတစ်ခုအဖြစ် ပြောင်းလဲလိုပါတယ်” ဟု ကိုဇေယျာသော်က ပြောကြားသည်။

လက်ရှိအချိန်၌ အစိုးရသစ်၏ပျော့ပြောင်းလာမှုနှင့် ဖွဲ့စည်းပုံခြေခံဥပဒေအရ အသင်းဖွဲ့များ တည်ထောင်ခွင့် ပြုထားသည့်အတွက် အဆိုပါ အဖွဲ့သည် ယင်းကဲ့သို့ တရားဝင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း လူမှုရေးအသင်းဖွဲ့ လုပ်ကိုင်နေသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

အဆိုပါအဖွဲ့သည် ၄နှစ်တာကာလအတွင်း အာဏာရှင်များ၏ ခြေမှုန်းခြင်းကိုခံခဲ့ရပြီး အဖွဲဝင်တစ်ချို့ကိုလည်း ထောင်ချခဲ့ကြောင်း၊ လက်ရှိ အချိန်ထိ ထောင်ထဲတွင် GW ဖွဲ့ဝင်များ ကျန်ရှိနေသေးကြောင်း ယင်းပွဲသို့ တက်ရောက်ခဲ့သည့် GW အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

GW အဖွဲ့ဝင်အားလုံးသည် မြေပေါ်သို့ တရားဝင်ရောက်ရှိလာခြင်း မရှိသည့်အတွက် တချို့အဖွဲ့ဝင်များသည် မြေအောက်၌ ဆက်လက် လှုပ်ရှားသွားပြီး မြေပေါ်မြေအောက် ပူးပေါင်းဆောင်ရွက်သွားနိုင်ကြောင်း စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေ သော GW အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ယင်းအဖွဲ့ခေါင်းဆောင် ဦးဇေယျသော် ဖမ်းဆီးထောင်ချခံရပြီးနောက် ၂၀၀၉ခုနှစ် အောက်တိုဘာလတွင် GW ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခန့်မင်းထက် အပါဝင် GW အဖွဲ့ဝင် အမြောက်အများ ဖမ်းဆီးခံရသော်လည်း အောင်သပြေ စစ်ကြောရေးစခန်းမှ နှစ်လနီးခန့်အကြာတွင် ပြန်လည်   လွတ်မြောက်လာခဲ့ကြောင်း စစ်ကြောရေးသို့ ရောက်ရှိသွားသူ GW အဖွဲ့တစ်ဦးက ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇေယျာသော်သည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးစဉ်များတွင် ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လူ့ အခွင့်အရေးနဲ့  မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် အတိုက်အခံ နိုင်ငံရေးလောကတွင် ထင်ရှား လာခဲ့သည့် မျိုးဆက်သစ်လူငယ်တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံထားရသူလည်း ဖြစ်သည်။

                                                                                                        Peace Press

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

VOICE : ကျွန်တော်တို့လူမျိုးဟာ မိသားစုနဲ့ အိမ်ကိုခင်တွယ်တဲ့လူမျိုးတွေပါ။ သူတို့တွေပြန်လာအောင် အစိုးရအနေနဲ့ ဘာတွေ ထပ်လမ်းဖွင့်ပေးဖို့ လိုမယ် ထင်ပါသလဲ။

Dr.TMT: အလုပ်သဘောအရတော့ပြန်လာစေချင်တဲ့သူတွေကို ဘာတွေလိုအပ်နေသလဲ၊ ဘာတွေမျှော်လင့်နေလဲ။ စုံစမ်းကြည့်သင့်တယ်။ သံသယ ဖြစ်နေရင်တော့ လာမှမဟုတ်ဘူး။ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းမှာ ကိုယ့်ရဲ့စားသုံးသူက ဘာကြိုက်လဲဆိုတာ ဈေးကွက်သုတေသန ပြုသလိုမျိုးပေါ့။ နိုင်ငံရေးမှ မဟုတ်ပါဘူး။ အစီအစဉ်တွေ လုပ်ငန်းစဉ်တွေဆိုတာ ဝန်ဆောင်မှုပေးတဲ့သဘောပါပဲ။ စိုးရိမ်ချက်တွေ၊ မျှော်လင့်ချက်တွေ ဘာတွေရှိသလဲ ဆိုတာသိအောင် ကြိုးစားရမယ်။ လိုအပ်ချက်တွေကို နှစ်ဦးနှစ်ဖက်စလုံး အဆင်ပြေအောင် ညှိလုပ်ရမယ်။ လူငယ်အကျိုးကို သယ်ပိုးချင်တယ်ဆိုရင် လူငယ်တွေအတွက် အကျိုးဆောင်ချင်တဲ့စိတ်နဲ့ လုပ်ဆောင်သလိုမျိုးပေါ့။

အောက်တိုဘာ ၁၀ ထုတ် The VOIEC weekly အတွဲ (၇) အမှတ် (၄၃) တွင်ပါသည့် “သင့်ဘဝ အယ်ဒီတာချုပ်ဟောင်း ဒေါက်တာ တင်မောင်သန်းနှင့် တွေ့ဆုံခြင်း” မှကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံသည် ယင်း၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းညွှန်မြေပုံကို ဆက်၍ အကောင်အထည် ဖော်ရမည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူအကွ လုပ်ဆောင်နိုင်မည့် နည်းလမ်းကို အစိုးရက ရှာဖွေရမည်ဟု ယုံကြည်ထားကြသော  တိုးတက်ပွင်းလင်းသူ တာဝန်ရှိပုဂ္ဂိုလ်များ မြန်မာနိုင်ငံတွင် အမှန်တကယ် ရှိနေပြီဖြစ်သည်။

တစ်ချိန်တည်းတွင် အဆိုပါ လစ်ဘရယ်ဝါဒီများသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို  လွတ်လပ်စွာ လုပ်ဆောင်နိုင်ခြင်း မရှိကြပါ။ မြန်ဆန်သော နိုင်ငံရေး အပြောင်းအလဲကို ဆန့်ကျင်သော အင်အားစုများက ပြုပြင် ပြောင်လဲရေးသမားများကို ဟန့်တားနှောက်ယှက်လျက်ရှိကြသည်။

အောက်တိုဘာ ၁၀ ထုတ် The VOIEC weekly အတွဲ (၇) အမှတ် (၄၃) တွင်ပါသည့် “Bongkok Post မှ “Understanding Burma’s political development” သတင်းဆောင်းပါး၏ Online ဘာသာပြန်ဆိုချက်” မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ကျွန်တော့်အနေနဲ့တော့ နိုင်ငံတော်ကို အကြံပြုတင်ပြလိုတာက နိုင်ငံတော်ရဲ့ စီးပွားရေးလုပ်ငန်း အကြီးကြီးတွေကို  ပုဂ္ဂလိကကုမ္ပဏီတွေကို လွှဲပေးတာ ထက် အများပိုင်ကုမ္ပဏီများကို ဖွဲ့စည်းလွှဲပြောင်း ဆောင်ရွက်စေခြင်းက နိုင်ငံတော်အတွက်ရော၊ အများပြည်သူအတွက်ရော အကျိုးရှိစေမယ်လို့ ယူဆမိပါတယ်။ ဦးဖြူကုမ္ပဏီကိုပေးရင် ဦးဖြူတစ်ဦးတည်းပဲ ကြီးပွားမယ်။။ ဦးနီကုမ္ပဏီရရင် ဦးနီတစ်ဦးတည်းသာ ကောင်းစားမယ်။ အများပိုင် ကုမ္ပဏီ တစ်ခုခုကရရင် တစ်ဦးတည်း အမြတ်အစွန်းရမှာမဟုတ်ဘဲ အများပြည်သူတွေရဲ့ ရှယ်ယာတွေ ပါဝင်နေလို့ အများပြည်သူလည်း ခံစားခွင့်ရှိလာမှာပါ။ နိုင်ငံတော်ကပေးတဲ့ အခွင့်အရေးဆိုတာ တစ်ဦးတစ်ယောက်တည်းကို ရယူခံစားစေခြင်းထက် အများနှင့်ခံစားရခြင်း ဆိုတာက အဓိပ္ပယ်ပိုရှိစေပါတယ်။ အခုလည်း နိုင်ငံတော်အနေနဲ့ အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်ခွင့် ရရှိရေးအတွက် လွှတ်တော်မှာ အဆိုတင်သွင်းပြီးဆောင်ရွက် နေပြီလို့ ကြားသိရတဲ့အတွက် ယင်းလုပ်ရပ်အပေါ် ကြိုဆို ထောက်ခံ အပ်ပါသည်။

ကျွန်တော်တို့ရဲ့ ယနေ့ကမ္ဘာနိုင်ငံအသီးသီးဟာ ဈေးကွက်စီးပွားရေးစနစ်ကို အဓိကပြောင်းလဲကျင့်သုံး လာနေကြပါပြီ။ ယခင်က ကွန်မြူနစ် နိုင်ငံတွေလည်း ဈေးကွက်စီးပွားရေးကို ပြောင်းလဲကျင်းသုံးနေကြပါပြီ။ ဆိုရှယ်လစ်နိုင်ငံတွေလည်း ဈေးကွက်စီးပွားရေးပါပဲ။ အရှင်းရှင်နိုင်ငံတွေဆိုရင် လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ကို မလုပ်နိုင်အောင်ဥပဒေနှင့်တောင် အကာအကွယ် ပေးနေရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီအကြီးတွေရဲ့ လက်ဝါးကြီး အုပ်မှုကြောင့် ကုမ္ပဏီအငယ်တွေဟာ ဒေဝါလီ(လူမွဲစာရင်းဝင်) ခံရပြီးတစ်စတစ်စ လူမွဲတွေ များလာကာ တိုင်းပြည်ရဲ့စနစ်ကြီးတစ်ခုလုံးကို ထိခိုက်လာ နိုင်တဲ့ အတွက်ကြာင့်ပဲ ဖြစ်ပါတယ်။ လက်ဝါးကြီးအုပ် စီးပွားရေးစနစ်နေရာမှာ ဈေးကွက်စီးပွာရေးနှင့် အစားထိုး ဆောင်ရွက်နေကြပါပြီ။

အောက်တိုဘာ ၇ ထုတ် The Hot News အတွဲ (၂) အမှတ် (၆၀) တွင်ပါသည့် ဆောင်းပါးရှင် မောင်လင်းသူ (စိန်ဂျွန်း)၏ “ရွှေပြည်တောင် မျှော်တိုင်းမဝေးချင်တော့ပါ” သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

Greater Man International  ထရေးဒင်းကုမ္ပဏီလီမိတက်မှ Business Development Director ဦးဝင်းမျိုးချစ်က “စတော့မားကတ်တွေကို လုပ်မယ်ဆိုတာကောင်းပါတယ်၊ နိုင်ငံတကာမှာလဲ ဒါမျိုးတွေပဲ သွားနေတာပဲလေ။ ကျွန်တော့်လို လူငယ်လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ကျတော့ အတွေ့အကြုံတွေက မရှိသေးဘူး။ အများကြီးလေ့လာရဦးမယ်လို့ ထင်တယ်” လို့ပြောပါတယ်။

စတော့မားကတ် လုပ်ဖို့ဆိုရင် ဥပဒေကောင်းကောင်း၊ ဘောင်ကောင်းကောင်းလေး ရှိရမယ်။ အိုင်တီနည်းပညာ ကောင်းကောင်းတို့၊ စာချုပ် စာတမ်း ကောင်းကောင်းတို့ကို စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားဖို့လို အပ်တယ်လို့ သိရတယ်။ စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခဒေါ်လှမြင့်က “စတော့မားကတ်ကို လုပ်တတ်မယ့်လူတွေလဲ ရှိရမယ်။ စတော့မားကတ်နဲ့ပတ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်မယ့် လူမျိုးပေါ့။ လာအိုဆိုရင် စတော့မားကတ် လုပ်တဲ့အခါ တောင်ကိုရီးယားကို အကူအညီခေါ်တယ်။ ကျွမ်းကျင်တဲ့သူတွေနဲ့ ဖက်စပ်လုပ်မလားဆိုတာလဲ စဉ်းစားစရာတစ်ချက်ပေါ့” လို့ ပြောပါတယ်။

အောက်တိုဘာ ၇ ထုတ် မော်ဒန် သတင်းဂျာနယ် အမှတ် (၂၇၈) တွင်ပါသည့် “စတော့ဈေးကွက်ဖြစ်ဖို့ ပြင်ဆင်စရာတွေ ရှိသေး” သတင်းမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

သဘောကောင်းသောအာဏာရှင်လား၊ ရာသက်ပန်ပြည်သူ့သမ္မတလား

န.အ.ဖ၏ အတွင်းရေးမှူး၊ ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်သည် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အရပ်သားအစိုးရ၏ သမ္မတအဖြစ် ရွေးကောက် တင်မြှောက် ခံခဲ့ရပါသည်။ သမ္မတအဖြစ် ၎င်းပြောကြားသည့် မိန့်ခွန်းသည် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကို ထင်ဟပ်ပြီး ယခင်အစိုးရဟောင်းက နားခါးသော စကားလုံးများ ဖြစ်ခဲ့ပါသည်။ မြန်မာ့နိုင်ငံရေး လေ့လာသူအချို့ကမူ အစိုးရသစ်သည် ပြည်သူတွေ လက်ခံလာအောင် ကြားကောင်းရုံမျှ ပြောကြားခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ကြပြီး အကောင်းမြင်သူတို့ကမူ အစိုးရသည် လက်တွေ့ကျကျ ရှုမြင်လာပြီဟု ယူဆခဲ့ကြပါသည်။

ဦးသိန်းစိန်သည် ၎င်း၏မိန့်ခွန်းနှင့်အညီ ပြုပြင်ပြောင်းလဲမှုအချို့ကိုလည်း လုပ်ခဲ့ပါသည်။ ပင်စင်လစာများ တိုးပေးခြင်း၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပြခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် တစ်နှစ် ကြေညာပေးခြင်းတို့သည် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးများ၏ အစဦးဆုံးခြေလှမ်းများ ဖြစ်ခဲ့ပါသည်။ ထင်ရှားမြင်သာသော အပြောင်းအလဲအဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်လက်ခံ တွေ့ဆုံခဲ့ပြီး နိုင်ငံ့အကျိုးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါသည်။ ယင်းကိစ္စသည် နိုင်ငံတကာတွင် မြန်မာအစိုးရ၏ ပုံရိပ်ကို မြင့်တက်လာစေခဲ့ပြီး အထူးသဖြင့် ဦးသိန်းစိန်သည် ပျော့ပျောင်းသော သဘောထားရှိသူဟု ပြောဆိုနေကြခြင်းများကို ပိုမို ခိုင်မာစေခဲ့ပါသည်။ အဂတိလိုက်စားမှုကင်းပြီး စိတ်ရှည်သူ၊ နားထောင်တတ်သူ သမ္မတကြီးသည် နိုင်ငံကို အမှန်တကယ် ပြုပြင်ပြောင်းလဲလိုသူ ဖြစ်ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းနှင့်တွေ့ဆုံအပြီး မှတ်ချက်ပေးခဲ့ပါသည်။ လူထုခေါင်းဆောင်က သမ္မတကြီးအပေါ် ပေးခဲ့သောမှတ်ချက်သည် နိုင်ငံတကာ စာမေးပွဲတွင် သမ္မတကြီးအနေဖြင့် ဂုဏ်ထူးတစ်ခု တိုးခဲ့ခြင်းဖြစ်သည်ဟု ဆို၍ရပါသည်။  မည်သို့ပင်ဆိုစေကာမူ ဦးသိန်းစိန်သည် နိုင်ငံကောင်းကျိုးအတွက် ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေပြုလုပ်တော့မည်မှာ အသေအချာပင် ဖြစ်သည်။

စက်တင်ဘာ ၂၉ရက်နေ့က သမ္မတဦးသိန်းစိန်သည် ပြည်တွင်းနှင့်ပြည်ပ အံသြစေမည့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်ပြလိုက်ခြင်းဖြင့် ပြည်သူ့ သမ္မတဟူသောဘွဲ့ကို ခံယူလိုက်ပြန်သည်။ ပြည်သူတစ်ရပ်လုံး အသည်းအသန်ကန့်ကွက်နေသည့် မြစ်ဆုံစီမံကိန်းကို သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် ရပ်တန့်လိုက်ခြင်း ဖြစ်သည်။ ထိုကိစ္စကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် သမ္မတက သူ၏လုပ်ပိုင်ခွင့်ဖြင့် လက်ရှိ အစိုးရသက်တမ်းတွင် ယင်းစီမံကိန်းကို ရပ်တန့်လိုက်ကြောင်း ပြည်သူ့လွှတ်တော်သို့ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။ သူရဦးရွှေမန်းကဲ့သို့ ပြည်သူ့ အကျိုးကိုလိုလားသည့် လွှတ်တော်ဥက္ကဋ္ဌတစ်ဦး ရှိနေစေကာမူ သမ္မတကြီးအနေဖြင့် လွှတ်တော်တွင် အင်အားကြီးမားသော သူ၏ပြည်ခိုင်ဖြိုးပါတီကို အယုံအကြည် ရှိပုံမပေါ်ချေ။ ထို့ကြောင့်လွှတ်တော်တွင် အဆိုးဆုံးအဖြေ ထွက်မလာခင်မှာပင် သမ္မတအနေဖြင့် အကောင်းဆုံးအဖြေကို     ဖော်ထုတ်လိုက်ခြင်းဟု ယူဆလိုက်ရသည်။

ထိုကဲ့သို့ သမ္မတအနေဖြင့် ပြည်သူ့ကောင်းကျိုးကို ဆောင်ရွက်နေခြင်း၏ ရည်ရွယ်ချက်တွင် အဓိပ္ပါယ်များစွာ ရှိနေသည်မှာ အသေအချာပင် ဖြစ်သည်။ နောက်ထပ် သမ္မတရာထူးတစ်ကြိမ် ယူလို၍ဆိုလျှင် ဖြစ်နိုင်ချေအရှိဆုံးဟု ဆိုရပါမည်။ သမ္မတရာထူးကို နောက်တစ်ကြိမ် ထမ်းဆောင် လိုသေးသော ဦးသိန်းစိန်အနေဖြင့် ၎င်း၏ ကိုယ်ကျိုးလုံးဝမပါကြောင်းကိုတော့ ယုံကြည်သင့်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် သမ္မတရာထူး၏ လစာကိုပင် အပြည့်အဝခံစားခြင်းမရှိ သကဲ့သို့ ယခင်အစိုးရဟောင်း လက်ထက်တည်းကလည်း ခြစားမှုဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ ထို့ကြောင့် အများက သုံးသပ်ကြသည်မှာ ပြည်သူ့သမ္မတဟူသော ပီတိကို သာယာသွားခြင်းဖြစ်ပြီး ဦးသိန်းစိန်သည် ယိုယွင်းနေသော မြန်မာနိုင်ငံကြီးကို    ပြန်လည်တည်ဆောက်သွားခဲ့သူဟု နာမည်ကောင်းချန်ခဲ့လို၍ ဖြစ်သည်ဟူ၍ပင်။

ဦးသိန်းစိန်သည် မည်သည့်နာမည်ကောင်းကို လိုချင်သနည်းဟု ပို၍နက်နက်နဲနဲ သုံးသပ်ရန်တော့ လိုပါဦးမည်။ အထက်ကဆိုခဲ့သလို ယိုယွင်း နေသော မြန်မာနိုင်ငံကို အင်အားသုံး၍ ပြောင်းလဲခဲ့သူ သဘောကောင်းသည့် အာဏာရှင်လား၊ သို့တည်းမဟုတ် မြန်မာနိုင်ငံကို ဒီမိုကရေစီ အုတ်မြစ် ချပေးခဲ့သူ သမ္မတလားဆိုသည်မှာ သူ၏လုပ်ရပ်အချို့ကို ကြည့်၍ဝေဖန်ရလျှင် သူသည် သဘောကောင်းသော အာဏာရှင်သာဖြစ်မည်ဟု ယူဆရသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော လွှတ်တော်များ၏ အခန်းကဏ္ဍကို ကျော်လွန်လုပ်ဆောင်ခဲ့မှုများ ကြောင့် ဖြစ်သည်။ မြစ်ဆုံကိစ္စတွင် သူရဦးရွှေမန်းအား လွှတ်တော်တွင် ထိုကိစ္စကို ဆွေးနွေးခြင်းမပြုရန်နှင့် နောက်တစ်နေ့တွင် သဝဏ်လွှာ ပို့ပေးမည်ဟုသာ       အသိပေးခဲ့ခြင်းဖြစ်ပြီး လွှတ်တော်မှ ကိုယ်စားလှယ်များသည် ထိုသဝဏ်လွှာ ရောက်လာချိန်မှသာ တအံ့တသြ ဖြစ်ခဲ့ရသည်ဟု ဆိုပါသည်။ သမ္မတသည် ထိုကိစ္စကို လွှတ်တော်သို့ အသိပေးခြင်းမရှိသလို တရုတ်နိုင်ငံသို့လည်း အသိပေးခြင်းမပြုခဲ့ပေ။ လွှတ်တော်တွင် ပြည်ခိုင်ဖြိုးက အင်အားကောင်းနေ၍ သူ၏ Good Governance ကို အနှောင့်အယှက် ဖြစ်မည်စိုးသောကြောင့် သမ္မတအာဏာဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်လိုက်ရခြင်း ဖြစ်သည်ဟု ၎င်းအနေဖြင့် ဆင်ခြေပေးနိုင်ပါသေးသည်။ သို့ရာတွင် ထိုကိစ္စသည် လွှတ်တော်ကို လစ်လျူရှူခြင်းဖြစ်၍ ဒီမိုကရေစီ၏ အနှစ်သာရကို ပျက်စီးစေသည် ကတော့ အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီကို ဘေးဖယ်၍ တိုင်းပြည်၏ ကောင်းရာကောင်းကျိုးအတွက် အာဏာဖြင့်လုပ်လိုက်ရခြင်း ဆိုသည့်သဘော သက်ရောက်သွားခဲ့သည်။ ထိုကဲ့သို့လုပ်ရပ်မျိုးသည် ကိုယ်ကျိုးကင်းပြီး ပြည်သူလဲနှစ်သက်စေမည့် ကိစ္စဖြစ်စေကာမူ ဒီမိုကရေစီစနစ် ရေရှည်တည်တံ့ရေးကိုတော့ ထိခိုက်မှု ရှိနိုင်ပါသည်။ ဖြစ်သင့်သည်မှာ လွှတ်တော်နှင့်သမ္မတ တိုင်တိုင်ပင်ပင်ရှိ၍ ပြည်သူ့အကျိုး ဆောင်ရွက်နိုင်လျှင် ဒီမိုကရေစီ၏ အနှစ်သာရကို ပိုမိုဖော်ဆောင်ပေးနိုင်လိမ့်မည်ဖြစ်သည်။ သို့တည်းမဟုတ်က သမ္မတသည် အများကြိုက်ဝါဒီ တစ်ဦးသာ ဖြစ်သွားပေလိမ့်မည်ဖြစ်သည်။

သမ္မတသည် သူနာမည်ကြီးရန်အတွက် လွှတ်တော်ကို ပစ်ပယ်သည်ဟု သဘောမျိုးသက်ရောက်သွားလျှင် သူကြိုးစားခဲ့သမျှသည် အဟောသိကံ ဖြစ်ရတော့မည် ဖြစ်သည်။ အထူးသဖြင့် လွှတ်တော်က ကောင်းရာကောင်းကျိုး ဆောင်ရွက်မည့် ကိစ္စတစ်ခုကို  ပြည်သူနှစ်သက်မှု ရရေးအတွက်သမ္မတနှင့် လွှတ်တော်က သူဆောင်ရွက်မည်၊ ငါဆောင်ရွက်မည် အငြင်းပွားနေလျှင် သမ္မတကလွှတ်တော်တင်သမျှပယ်၊ လွှတ်တော်က သမ္မတင်သမျှ ပယ်နေသည့် အခြေအနေကို ဆိုက်ရောက်သွားပြီး မြန်မာ့နိုင်ငံရေးတွင် တွေ့ရလေ့ရှိသော သူဖြူလျှင် ငါမည်းဟူသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာပြီး တိုင်းပြည်လည်း အကျိုးရှိမည်မဟုတ်ပါ။ သမ္မတအနေဖြင့် လက်ရှိအခြေအနေတွင် လွှတ်တော်ကို ပြိုင်ဘက်အဖြစ်မြင်လာပြီး လွှတ်တော်၏ အခန်းကဏ္ဍကို သေးသိမ်အောင် လုပ်လိုသည့် အင်အားစုများဖြစ်သည့် ယခင်စစ်အစိုးရအဟောင်းမှ အပြောင်းအလဲ မလုပ်လိုသူများနှင့် ပူးပေါင်းသွားလျှင် ပို၍ဆိုးဝါးမည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ပြီး သမ္မတ၏ ဂုဏ်သတင်းနှင့် ထင်ပေါ်ကျော်ကြားမှုကိုပါ ထိခိုက်စေလိမ့်မည် ဖြစ်သည်။ ဦးကျော်ဆန်း၊ ဦးဌေးဦး၊ ဦးသိန်းဇော်တို့ကဲ့သို့သော လူများသည် ယခင် အစိုးရဟောင်းလက်ထက်က ၎င်းတို့ရရှိခဲ့သော သြဇာမျိုးမရှိတော့၍ လွှတ်တော်နိုင်ငံရေးကို စိတ်ကုန်လျက်ရှိကြပြီး လွှတ်တော်ကို ပပျောက်သွားရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြပါသည်။ အထူးသဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းကို ပြည်သူလူထုနှင့် နိုင်ငံရေး ပါတီများက နှစ်သက်မှုပိုလာပြီး ပြည်သူ့လွှတ်တော်များ အားကောင်းလာသည်နှင့်အမျှ ၎င်းတို့အတွက် ခက်ခဲကျပ်တည်းလာသည်ဖြစ်ရာ သူရဦးရွှေမန်းကို အပြုတ်တိုက်ရေးအတွက် သမ္မတကို မီးလောင်ရာ လေပင့် လုပ်လာနိုင်ပါသည်။ သမ္မတသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အပြိုင် နာမည်ကြီးရေးအတွက် ယှဉ်ပြိုင်နေရသည်ဖြစ်ရာ အာဏာဟောင်းကို မက်မောသူများနှင့် အကြောင်းသင့်ပြီး လွှတ်တော်ပျက်စီးရေးကို လုပ်လာလျှင် ပြည်သူ့သမ္မတရာထူးမှ ပြန်လည်စုတေ သွားနိုင်ပါသေးသည်။ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကောင်းမွန်သော သမ္မတသည် ဆိုးသွမ်းပုဂ္ဂိုလ်များကြောင့် လမ်းမှားမရောက် စေချင်ကြောင်း ပြည်သူလူထုကို ကိုယ်စားပြုသော လွှတ်တော်ကိုယ်စားလှယ်များက ဆိုကြပါသည်။

သမ္မတကြီးအနေဖြင့် ၎င်း၏ လက်ထက်တွင် အပြောင်းအလဲ ဆောင်ကြဉ်းပေးခဲ့သူအဖြစ်ထက် ဒီမိုကရေစီတိုး တက်ရေးကို အုတ်မြစ် ချပေးခဲ့သူ၊ လမ်းပြဦးဆောင်ခဲ့သူအဖြစ် ခံယူသင့်ပါသည်။ နောင်တစ်ကြိမ်သမ္မတရွေးပွဲတွင် ထပ်မံအနိုင်ရစေကာမူ တတိယအကြိမ်မြောက်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆက်လက်ယှဉ်ပြိုင်ခွင့်ရတော့မည်မဟုတ်ပါ။ ထိုအခြေအနေမျိုးတွင် သမ္မတကိုမှီ၍ လွှတ်တော်ကို ဖျက်သိမ်းလိုသော ဆိုးသွမ်းပုဂ္ဂိုလ်များ အာဏာရသွားလျှင် ဦးသိန်းစိန် ဆယ်နှစ်ဆယ်မိုးတည်ဆောက်ခဲ့သော တိုင်းပြည်သည် ပန်းကောင်းအညွန့်ကျိုးဆိုသလို ချောက်ထဲသို့ပို၍ ကျသွားဖွယ် ရှိပါသည်။ ဖြစ်သင့်သည်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို နောင်တစ်ကြိမ် သမ္မတရာထူးအတွက် ပြိုင်ဘက်ဟု သဘောမထားဘဲ    လက်ရုံးသဖွယ် သဘောထား၍ မွေးထားနိုင်ရန်ကြိုးပမ်းသင့်သည်။ အပြောင်းအလဲကိုလိုလားသူ သူရဦးရွှေမန်းကို ဦးသိန်းစိန်၏ မပြီးသေးသော တာဝန်များကို လက်ဆင့်ကမ်းသင်ကြားပေးသွားခြင်းဖြင့် သမ္မတဦးသိန်းစိန်သည် တိန့်ရှောင်ဖိန်ကဲ့သို့ အမြော်အမြင်ကြီးပြီး နိုင်ငံတည်ဆောက်ရေးအတွက် ရေရှည်အစီအမံများကို ချမှတ်သွားသင့်ပါသည်။ လူထု၏အမြင်တွင် သမ္မတကြီး သက်ရှိထင်ရှား မရှိတော့လျှင်ပင် သူရဦးရွှေမန်းသည် သမ္မတကြီး ဦးသိန်းစိန်၏ ကိုယ်ပွားအဖြစ်ရှုမြင်ပြီး ဦးသိန်းစိန်ကို တသသ ဂုဏ်ပြုနေကြသည်မှာ အသေအချာပင် ဖြစ်ပါသည်။ သမ္မကြီးအနေဖြင့် အနာဂတ် ခေါင်းဆောင်ကောင်းကို ရွေးချယ်ထားခဲ့သင့်သည်။ သူရဦးရွှေမန်း  မဟုတ်လျှင်ပင် ပြည်သူနှစ်သက်သော ဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းကဲ့သို့ လူကောင်းများလည်း ရှိနေပါသေးသည်။ အနာဂတ်သမ္မတသည် ပြည်သူချစ်သော ဦးသိန်းစိန်၏ကိုယ်ပွားအဖြစ် ပြည်သူတွေ  အမြင်ကြည်လင်ရန် လူကောင်းတော့ဖြစ်ရန် လိုပါသည်။ ထို့ကြောင့် သမ္မတကြီးသည် ဆယ်စုနှစ်တစ်စုစာ သဘောကောင်းလွန်းသည့် အာဏာရှင်အဖြစ်ခံယူမည်လား၊ ရာသက်ပန် ပြည်သူ့သမ္မတကြီးအဖြစ် ခံယူမည်လား ဆိုသည်ကို ဆုံးဖြတ်ရန် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပြီဟုပင် ဆိုရပေတော့မည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment