Transparency Myanmar

transparency.myanmar@gmail.com

Copy of Newsletter Option 1
Copy of Newsletter Option 1

၁၁.၁၀.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်လာတော့မည်ဟု မျှော်လင့်ရ

(Radio Australia News မှ 10 Oct 2011 ရက်စွဲပါ “ Political prisoners in Burma expected to be released” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ရပ်ဆိုင်းထားသော တမံစီမံကိန်းကို တရုတ်-မြန်မာ ဆွေးနွေးကြမည်

(Associated Press မှ 10 Oct 2011 ရက်စွဲပါ China, Myanmar to discuss suspended dam project သတင်းကို ဘာသာပြန်ဆိုသည်)

  1. ကားဟောင်းများ ဖယ်ရှားမည့်အစီအစဉ်နှင့်အတူ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှု ဂီယာသစ်ထိုး

(The Wall Street Journal မှ 10 Oct 2011 ရက်စွဲပါ Myanmar Pushes reform effort into new gear with plan to root out rattletraps ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။)

  1. မြန်မာနိုင်ငံတွင် သိသာထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှုများ တွေ့မြင်ရဟု အမေရိကန်ထိပ်တန်းသံတမန် ပြောကြား

(10 Oct 2011 ရက်စွဲပါ AFP သတင်းဌာနမှ"Us envoy says Myanmar seeing dramatic development" ကိုဘာသာပြန်ဆိုသည်)

**************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်လာတော့မည်ဟု မျှော်လင့်ရ

( Radio Australia News မှ 10 Oct 2011 ရက်စွဲပါ “ Political prisoners in Burma expected to be released” သတင်းကို ဘာသာပြန်သည်။)

မြန်မာနိုင်ငံမှ ခန့်မှန်းချေ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးတော့မည်ဟု သတင်းများ ကြားသိရသည်။

နိုင်ငံရေးအကျဉ်းသားများအား ပြစ်ဒဏ်မှ လွှတ်ပေးမည့်အမိန့်ကို မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်မည်ဟု မျှော်လင့်ရသော်လည်း ၎င်းတို့ အကုန်လုံး အကြုံးဝင်နိုင်မည် မဟုတ်ဟု အမည်မဖော်လိုသူ အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း AFP သတင်းဌာနက ဖေါ်ပြထားသည်။

သမ္မတကြီးဦးသိန်းစိန် ဗုဒ္ဓဟူးနေ့တွင် အိန္ဒိယနိုင်ငံသို့ မထွက်ခွါမှီ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာကြမည်ဟု တာဝန်ရှိသူ နောက်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု sanctions များ ချမှတ်ထားကြသော အနောက်နိုင်ငံများက မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စကို ကာလကြာမြင့်စွာကပင် တောင်းဆိုခဲ့ကြသည်။

မြန်မာအစိုးရသစ်နှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်တွင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်မည့် အလားအလာရှိကြောင်း သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

*************************************************************************************

ရပ်ဆိုင်းထားသော တမံစီမံကိန်းကို တရုတ်-မြန်မာ ဆွေးနွေးကြမည်

(Associated Press မှ 10 Oct 2011 ရက်စွဲပါ China, Myanmar to discuss suspended dam project သတင်းကို ဘာသာပြန်ဆိုသည်)

သမ္မတဦးသိန်းစိန်က သတိပေးခြင်းမရှိဘဲ ရပ်ဆိုင်းလိုက်သော မြစ်ဆုံတမံစီမံကိန်းနှင့်ပတ်သက်၍ ထပ်မံဆွေးနွေးရန် မြန်မာနိုင်ငံက သဘော    တူခဲ့သည်ဟု တရုတ်နိုင်ငံကပြောကြားသည်။

သမ္မတဦးသိန်းစိန်၏ အထူးကိုယ်စားလှယ်အဖြစ် ဘီဂျင်းသို့ရောက်ရှိနေသော ဦးဝဏ္ဍမောင်လွင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ယဉ်ကျားချီတို့ အကြား တနင်္လာနေ့က ဆွေးနွေးခဲ့ကြပြီးနောက် ယင်းသို့ကြေညာခြင်းဖြစ်သည်။

တရုတ်နိုင်ငံ သတင်းဌာန Xinhua က အသေးစိတ်ပြောကြားခြင်းမရှိသော်လည်း ကိစ္စရပ်များကို မှန်မှန်ကန်ကန် ပြေလည်အောင် လုပ်ဆောင် ကြရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြသည်ဟု ဆိုပါသည်။

ဒေါ်လာ ၃.၆ ဘီလျံမြစ်ဆုံတမံစီမံကိန်းကို ရပ်ဆိုင်းလိုက်ကြောင်း သမ္မတဦးသိန်းစိန်က စက်တင်ဘာ ၃၀ တွင် ကြေညာခဲ့ခြင်းကြောင့် ရင်းနှီး  မြှုပ်နှံထားသော တရုတ်နိုင်ငံပိုင်ကုမ္ပဏီက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့သော်လည်း ဒေသခံပြည်သူများ အိမ်မဲ့ယာမဲ့ဖြစ်မှုနှင့် ဧရာဝတီမြစ်၏  သဘာဝဂေဟစနစ် ပျက်စီးမှုကို စိုးရိမ်ပူပန်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား၊ အနောက်နိုင်ငံ အစိုးရများနှင့် မြန်မာပြည်သူ တစ်ရပ်လုံးက တစ်ခဲနက် ကြိုဆိုချီးကျူးခဲ့ကြသည်။

မြန်မာပြည်သူအများစု ဓာတ်အားရရှိမှု မလောက်ငှချိန်တွင် ထိုတမံမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချမည်ဆိုသည်ကို မြန်မာပြည်သူများက ပြစ်တင်ရှုံ့ချခဲ့ကြသည်။

ယခုဆုံးဖြတ်ချက်သည် မြန်မာ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတွင် ကြီးမားစွာပြောင်းလဲမှုဟု ရှုမြင်ကြပြီး နိုင်ငံရေးအရ တုန့်ပြန်သက်ရောက်မှုများ ရှိလာနိုင်သည်ဟု ဆိုကြသည်။

ဘီဂျင်းသည် မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရန်၊ သစ်လုံးများထုတ်ယူရန်၊ ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရန်အတွက် ဒေါ်လာ ဘီလျံနှင့် ချီ၍ ရင်းနှီးမြှုပ်နှံလျက်ရှိပြီး နိုင်ငံရေးအရ ကမ္ဘာက ဝိုင်းပယ်ထားသော မြန်မာနိုင်ငံကို ခိုင်မာစွာရပ်တည်ထောက်ခံပေးခဲ့သည်။

တရုတ်နိုင်ငံပိုင် China Power Investment Corp က ယခုဖြစ်ရပ်အပေါ် ဥပဒေအကြောင်းအရ ဆောင်ရွက်မည်ဟု ခြိမ်းခြောက်ထားသည်။

ဦးဝဏ္ဍမောင်လွင်၏ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်သွားမှုကို ပြန်လည်ဖာထေးရန် ကြိုးစားခြင်းဖြစ်ဖွယ် ရှိသော်လည်း အငြင်းပွားဖွယ် စီမံကိန်း ပြန်လည်စတင်မှာလားဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရပါ။

တရုတ်သမ္မတ ဇီဂျင်ပင်းနှင့် ဆက်လက်၍ တွေ့ဆုံရာတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ရင်းနှီးချစ်ကြည်မှုကို တန်ဖိုးထားကြောင်း တရုတ်နိုင်ငံက စိုးရိမ်နေသော ကိစ္စများကို ဂရုစိုက်ဆောင်ရွက် လျက်ရှိကြောင်း၊ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင် တရုတ်နိုင်ငံနှင့် ရင်းနှီးစွာ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းများက ဖော်ပြသည်။

*************************************************************************************

ကားဟောင်းများ ဖယ်ရှားမည့်အစီအစဉ်နှင့်အတူ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှု ဂီယာသစ်ထိုး

 (The Wall Street Journal မှ 10 Oct 2011 ရက်စွဲပါ Myanmar Pushes reform effort into new gear with plan to root out rattletraps ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။)

မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့်တင်လျက်ရှိရာ၌ ရန်ကုန်မြို့တော် ကျင်းပေါက်လမ်းများပေါ်တွင် ပိတ်ဆို့နေသော သံချေးကိုက် သံထည်များ(သို့) မော်တော်ကားဟောင်း တစ်ပုံတစ်ခေါင်းကို ဖယ်ရှားခြင်း အစီအစဉ်လည်း ပါဝင်ပါသည်။

ရန်ကုန်မြို့တော်တွင် ကမ္ဘာ့အဟောင်းဆုံးကားစုတ် တပ်ဖွဲ့ကြီး ရှိနေခြင်းအတွက် လွန်ခဲ့သော ဆယ်စုနှစ်ဆီက ပြည်တွင်းစီးပွားရေးကို အလုံးစုံ ထိန်းချုပ် အမြတ်ထုတ်ရန် ကြိုးပမ်းသည့်အနေဖြင့် ကားတင်သွင်းခွင့် တင်းကြပ်စွာ တားမြစ်ခဲ့သည့် အာဏာရှင်အစိုးရဟောင်းကို ကျေးဇူးတင် ရလိမ့်မည်။

ဖီဒယ်ကက်စထရို တွယ်ဖက်ထားသည့် ဟာဗားနားမြို့တော်တွင် ၁၉၅၀-၆၀ ခုနှစ်များထုတ် အမေရိကန် ဂန္ထဝင်ကားများကို နေအိမ်သဖွယ် လက်ခံ ထားချိန်တွင် ဦးသန်းရွှေ စွန့်ခွာသွားသော ရန်ကုန်မြို့တော်တွင်မူ သံချေးကိုက် ကြမ်းပြင်၊ ဝါယာကြိုးတွဲလောင်း၊ တံခါးစုတ်များနှင့် သံစုံမြည်နေသော ၁၉၈၀ ခုနှစ်များထုတ် တိုယိုတာအပါအဝင် ဂျပန်ကားဟောင်းများက လွှမ်းမိုးလျက်ရှိသည်။

ယခုအချိန်မှာတော့ မြန်မာအာဏာပိုင်အသစ်များက ဂီယာချိန်း(ဂီယာပြောင်း)နေကြပါပြီ။ အင်တာနက် ကြည့်ရှုခွင့် တိုးချဲ့ပေးခြင်း၊ မီဒီယာများ အပေါ် တင်းကြပ်မှု လျော့ပေးခြင်းတို့ အပါအဝင် အခြားပြုပြင်ပြောင်းလဲမှုများ တသီတတန်း ပြုလုပ်ခဲ့ပြီးနောက်တွင်မူ မော်တော်ကားဟောင်းများကို အစားထိုး လဲလှယ်မည့် အစီအစဉ်သစ်တစ်ခုကို တာဝန်ရှိသူများက သဘောတူခဲ့ကြသည်။

၎င်းအစီအစဉ်သစ်အရ လိုင်စင်ရှိသော သက်တမ်းနှစ် ၄၀ ကားဟောင်းများကို အပ်နှံ၍ ယခင်အစိုးရ အာဏာပိုင်များ လက်ဝါးကြီးအုပ်ခဲ့သော ကားပါမစ်များနှင့် လဲလှယ်ကာ မော်ဒယ်မြင့်ကားများ တင်သွင်းနိုင်ကြမည် ဖြစ်သည်။ အသေးစိတ် မသိရသေးသော်လည်း သက်တမ်းနှစ် ၂၀ ကားများလည်း ပါဝင်လာမည်ဟု မျှော်လင့်ရသော ၎င်းအစီအစဉ်နှင့် ပတ်သက်သော နောက်ဆုံးရ နေ့စဉ်သတင်းစာများကို အခြားကားဟောင်း၊ ပိုင်ရှင် များက နားစွင့်လျက် ရှိကြသည်။

ထိုအစီအစဉ်သည် လေထုညစ်ညမ်းစေသော၊ အန္တရာယ်များလွန်းသော ကားစုတ်ကားဟောင်းများကို လမ်းများပေါ်မှ တစ်ကြိမ်ထဲဖြင့် အားလုံး ရှင်းပစ်ရန် ဦးတည် စီစဉ်ထားခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားပါသည်။

သို့သော်လည်း စီးပွားရေးလုပ်ငန်းရှင်ကြီးများကမူ အစိုးရရည်ရွယ်ချက်သည် တိုင်းပြည်၏ ပို့ကုန် ဦးစားပေး စီးပွားရေးနယ်ပယ်ကို ထိခိုက် နစ်နာ စေသော ကျပ်ငွေ- အမေရိကန်ဒေါ်လာငွေလဲနှုန်းကို မြှင့်တင်ရန် အထောက်အကူပေးခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။ မော်တော်ကား တင်သွင်းမှုနှင့် ပတ်သက်သည့် ကုန်သွယ်မှုလုပ်ငန်းသည် အဓိက အားဖြင့် ဒေါ်လာကိုင်၍ ဆောင်ရွက်ရမည်ဖြစ်ရာ ပြည်တွင်း ငွေကြေးဈေးကွက်တွင် ဒေါ်လာဝယ်လိုအား များလာမည် ဖြစ်၍ ဒေါ်လာ- ကျပ် ငွေလဲနှုန်း ဈေးတက်လာရန် အထောက်အကူရမည် ဖြစ်ပေသည်။ မျှော်လင့်ထားသည့် အတိုင်းပင် လွန်ခဲ့သော လပိုင်းအတွင်း ကျပ်ငွေ-ဒေါ်လာလဲနှုန်း ၂၀ ရာခိုင်နှုန်းတက်သွားခဲ့သည်။

မည်သို့ ရည်ရွယ်သည်ဖြစ်စေ၊ ထိုအစီအစဉ်ကြောင့် လူပေါင်းများစွာ အသေအချာ ဝမ်းမြောက်ကျေနပ်လျက် ရှိကြသည်။ ဥပမာအားဖြင့် ရန်ကုန်၏ တကယ်ပင် ဟောင်းနွမ်းစုတ်ပြတ်နေသော ကားဟောင်းပိုင်ရှင်များသည် အခြားနိုင်ငံများတွင် လုံးဝသုံးစွဲခွင့် မပြုတော့သော သူတို့၏ ကားဟောင်းများ တန်ဖိုးနှင့် ဝယ်လိုအားကို အထက်ပါ အစီအစဉ် က မောင်းတင်လိုက်ခြင်းကြောင့် တုန်လှုပ်အံ့အားသင့် ကျေနပ်နေကြခြင်းပင် ဖြစ်သည်။

သို့သော် တချိန်က အဆင့်မီတန်းဝင် ၁၉၈၆-၉၀ ထုတ် နစ်ဆန်းဆူပါဆလွန်းနှင့် တိုယိုတာ-ကိုရို လာကားများ အပါအဝင် ယခု လတ်တလော အစီအစဉ်၌ မပါသေးသော ကားပိုင်ရှင်များမှာမူ ကားဟောင်းများ ခေတ်မှီရေးအစီအစဉ်မှ ပေါ်ထွက်လာသော ကားတန်ဖိုးများကြောင့် စိတ်ညစ်လျက် ရှိနေကြသည်။ နှစ်စဉ် ကားဝင်ရောက်မှု အလွန်ပင် နည်းပါး လွန်းသောကြောင့် မြန်မာ့အလယ်အလတ်တန်းစား ကားပိုင်ရှင်များစွာသည် သူတို့၏ ပါဝါဝင်းဒိုးပျက်၊ အဲကွန်းပျက် ကားများကို ဘဏ်များတွင် အပေါင်ထားကာ ရင်းနှီးငွေထုတ်ယူ လည်ပတ်နေကြခြင်းဖြစ်သည်။ ဒေါ်လာ ၂ သိန်းခွဲ (သို့) ကျပ် သိန်း ၂၅၀ ဝန်းကျင်ဈေးပေါက်ခဲ့သော အဆိုပါ အလယ်အလတ်တန်းစား ကားများသည် မြန်မာလူလတ်တန်းစားများ၏ တစ်သက်တာ စုဆောင်းမှု အဖြစ် ကိုယ်စားပြုထားခဲ့သည်။

ယခုအခါ ၁၉၈၆-၉၀ မော်ဒယ်ကားများ၏ ဝယ်လိုအားဈေးကွက်မှာ ကျေမွသွားခဲ့ပြီဖြစ်သည်။ အသက် ၃၄ နှစ်အရွယ် မင်းအောင်က  သူသည် ဂျပန်တွင် ၅ နှစ်အလုပ်လုပ်ခဲ့ပြီးနောက် ၁၉၈၈ မော်ဒယ် နီဆန်းဆူပါဆလွန်းကို လွန်ခဲ့သော ၂ နှစ်ခန့်က ဒေါ်လာ ၂ သောင်းခွဲ(ကျပ်သိန်း ၂၃၀ )ဖြင့် ဝယ်ယူခဲ့သည်ဟု ပြောကြားသည်။ သို့သော် ကားဟောင်းလဲလှယ်ရေး အစီအစဉ်ကြေညာပြီးနောက် သူ့ကားတန်ဖိုးသည် ထက်ဝက်မျှ (သိန်း၁၀၀)ခန့် ကျဆင်းသွားသည်ဟု ၎င်းက ဆိုပါသည်။

ဒီနိုင်ငံမှာ ကျပ်ငွေသိန်း ၁၀၀ ရှာဖို့ ဘယ်လောက်ခက်တယ်ဆိုတာ ခင်ဗျားသိမှာပါ။ ခုတော့ တစ်ညထဲနဲ့ မျှောသွားပြီလေ မင်းအောင်က နွမ်းလျစွာ ပြောဆိုသည်။ ပြုပြင်ပြောင်းလဲရေးလမ်းဟူသည် ခယောင်းလမ်းကိုတော့ ဖြတ်ရပါလိမ့်မည်။

*************************************************************************************

မြန်မာနိုင်ငံတွင် သိသာထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှုများ တွေ့မြင်ရဟု အမေရိကန်ထိပ်တန်းသံတမန် ပြောကြား

(10 Oct 2011 ရက်စွဲပါ AFP သတင်းဌာနမှ"Us envoy says Myanmar seeing dramatic development" ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ယခုအခါ ထူးခြားအံ့သြဖွယ်ကောင်းသည့် ဖွံ့ဖြိုးတိုးတက်မှုများ သိသိသာသာ ဖြစ်ပေါ်လျက်ရှိကြောင်း အမေရိကန် ပြည်ထောင်စု ထိပ်တန်းအရာရှိကြီးတစ်ဦးက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။ မြန်မာနိုင်ငံ၌ စစ်တပ် ကျောထောက် နောက်ခံပြုမှု ရရှိထားသော အရပ်သား အစိုးရသစ်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်လျက်ရှိသည် ဟူသောအချက်ကို ပိုမိုပေါ်လွင်အောင် ပြသလျက်ရှိသည်။

အမေရိကန်ပြည်ထောင်စု၊ အရှေ့အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ်က  မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြား 'အလွန်အမင်း လက်ငင်းအကျိုးဖြစ်ထွန်းစေသည့် ‘ဒိုင်ယာလော့ခ်' တစ်ရပ် ဖြစ်ပေါ်ခဲ့ကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သော ဆွေးနွေးပို့ချမှု အစီအစဉ်တစ်ရပ်၌ ပြောကြားသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာများ ကျန်ရှိနေသေးသည့်တိုင် သိသာထင်ရှားလှသည့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်နေသည် ဟူသော ကိစ္စမှာလည်း ငြင်း၍ပင် မရနိုင်ကြောင်း မစ္စတာ ကတ်ကမ်းဘဲလ်က ပြောကြားသည်။

မြန်မာနိုင်ငံအပေါ် သံတမန်ရေးအရ စေ့စပ်ညှိနှိုင်းမှုများနှင့် ပိတ်ဆို့အရေးယူမှုမူဝါဒများ တစ်ပြိုင်နက် ကျင့်သုံးနေသော အမေရိကန် ပြည်ထောင်စု၊ သမ္မတဘားရက်အိုဘားမား အုပ်ချုပ်ရေးအဖွဲ့ကလည်း နိုင်ငံရေးပြောင်းလဲမှု လက္ခဏာများ ပေါ်ထွန်းလာမှုကို ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံရေး အကျဉ်းသားများကိစ္စအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ဖြစ်ပေါ်လျက်ရှိသော စစ်မက်     ပဋိပက္ခအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း ၎င်း၏ ရပ်တည်ချက် သဘောထားကို ပြောဆိုထားသည်။

"နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကဲ့သို့ အရေးကြီးတဲ့ အရေးကိစ္စများနဲ့ ပတ်သက်ပြီး တိုးတက်ဖြစ်ထွန်းမှုတွေ ဆက်လက် မြင်တွေ့လိုတဲ့ဆန္ဒ ကျွန်တော်တို့မှာ ရှိတယ်ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောဆိုထားပြီး ဖြစ်ပါတယ်။ တိုးတက်ဖြစ်ထွန်းမှုအဆင့်တွေ တစ်ခုနဲ့တစ်ခု ကိုက်ညီမှုရှိ၊ မရှိဆိုတာကို ကျွန်တော်တို့ နှိုင်းယှဉ် ကြည့်သွားမှာပါ" ဟု မစ္စတာကတ်ကမ်းဘဲလ်က ဆိုသည်။

လတ်တလောကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ထူးခြားမှုတစ်ရပ်မှာ ကချင်ပြည်နယ်တွင်း တရုတ်နိုင်ငံက အကောင်အထည်ဖော် တည်ဆောက် လျက်ရှိသော မြစ်ဆုံစီမံကိန်းကို သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းရန် အမိန့်ထုတ်ခဲ့ခြင်းပင် ဖြစ်သည်။ ဒေါ်လာ၃ဒဿမ၆သန်းတန် အဆိုပါ မြစ်ဆုံစီမံကိန်း ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်ပြီး ဒေသခံပြည်သူများ နေထိုင်မှုပုံစံ ပျက်ပြားနိုင်ကြောင်း အတိုက်အခံများနှင့် လူ့အခွင့်အရေး အုပ်စုများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် သမ္မတဦးသိန်းစိန်က စီမံကိန်းရပ်ဆိုင်းမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။ သမ္မတ ဦးသိန်းစိန်၏ အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အမေရိကန် ပြည်ထောင်စုက ချီးမွမ်းပြောဆိုခဲ့ပြီး စစ်တပ် ကျောထောက်နောက်ခံ အစိုးရသည် ပြည်သူများ၏ ဆန္ဒ သဘောထားကို အလေးပေးကြောင်း မှတ်ချက်ပြုခဲ့သည်။

                    *************************************************************************************

မြန်မာနှင့် ဗီယက်နမ်အတွက် အိန္ဒိယ၏ ကောဇောနီ သို့မဟုတ် အရှေ့မျှော်ပေါ်လစီ

(10 Oct 2011 ရက်စွဲပါ The Times of India သတင်းစာမှ "Look East policy:Red carpet for Vietnam, Myanmar heads" ကိုဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံသည် မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ အကြီးအကဲနှစ်ဦးအား ကော်ဇောနီခင်း ကြိုဆိုရန်ပြင်ဆင်ပြီး အရှေ့မျှော်ပေါ်လစီ အသက်ဝင်အောင်ကြိုးပမ်းလျက်ရှိသည်။ မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်နှင့် ဗီယက်နမ်သမ္မတ Truong Tan Sang တို့သည် အိန္ဒိယနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် မကြာမီ ရက်ပိုင်းအတွင်း လာရောက်မည်ဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ်မန်မိုဟန်ဆင်းနှင့်တွေ့ဆုံကာ သဘောတူညီချက် လက်မှတ်များ ရေးထိုး ကြမည်ဖြစ်သည်။

မြန်မာနှင့် ဗီယက်နမ်နှစ်နိုင်ငံစလုံး တရုတ်နိုင်ငံနှင့်ပတ်သက်၍ အခက်အခဲများ ကြုံတွေ့နေရချိန်တွင် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အဆိုပါ အိန္ဒိယခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဗီယက်နမ်သည် တောင်တရုတ် ပင်လယ်ပြင်အတွင်း ရေပိုင်နက်ကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ဆန့်ကျင် ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရပြီး မြန်မာအစိုးရက တရုတ်နိုင်ငံကတည်ဆောက်လျက်ရှိသော မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်း ကြောင့် အံ့အားသင့်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထိုသို့ တရုတ်နိုင်ငံနှင့်ပတ်သက်၍ အခက်အခဲများရှိနေသည့်တိုင် မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံစလုံးသည် ဘေဂျင်းအစိုးရနှင့် ရရှိပြီးသား ဖြစ်သော လေးနက်သည့် ဆက်ဆံရေးကို ဂရုတစိုက် ဆက်လက်ထိန်းသိမ်းသွားရန် ကြိုးပမ်းလျက်ရှိသည်။ ဗီယက်နမ်သမ္မတTruong Tan Sang အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားချိန်တွင် ဗီယက်နမ်အစိုးရ ကလည်း ကွန်မြူနစ်ပါတီအကြီးအကဲဖြစ်သော Nguyen Phu Trongအား တရုတ်နိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်းသိရသည်။ မစ္စတာ Nguyen Phu Trongသည် တရုတ် ခေါင်းဆောင်များနှင့် တွေ့ဆုံကာ တောင်တရုတ် ပင်လယ်ပြင်နှင့် ဆက်စပ်သော အရေးကိစ္စများကို ဆွေးနွေးမည်ဖြစ်သည်။

ထို့အတူပင် မြန်မာနိုင်ငံဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးလည်း လာမည့်ရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်မည်ဟု သိရသည်။မြန်မာဒုတိယသမ္မတသည် တရုတ်-အာဆီယံကုန်သွယ်မှုဆိုင်ရာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် တရုတ်ပြည်သို့ သွားရောက်မည် ဖြစ်သော်လည်း အမှန်တကယ်တွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆန္ဒပြမှုများကြောင့် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းလိုက်ရသည့် အရေးကိစ္စကို ရှင်းလင်းရန်လည်း ပါဝင်သည်။

ဗီယက်နမ်သည် အိန္ဒိယအတွက် မဟာဗျူဟာအစိတ်အပိုင်း တစ်ရပ်ဖြစ်သည့်အပြင် ဆွဲဆောင်မှု ရှိသော ကုန်သွယ်ရေး မိတ်ဘက်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ယခုအိန္ဒိယနှင့် ဗီယက်နမ်ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးရာတွင် ကာကွယ်ရေးနှင့် မဟာဗျူဟာဆိုင်ရာ အရေးကိစ္စများ လွှမ်းမိုးထားလာဖွယ် ရှိသည်။ ဗီယက်နမ်သည် Cam Ranh ပင်လယ်အော်ဒေသနှင့်နီးစပ်သော နေရာတွင်တည်ရှိသည့် Nha Trang ဆိပ်ကမ်းကို အိန္ဒိယနိုင်ငံအား အသုံးပြုခွင့် ပြုထားသည်။ ထိုဆိပ်ကမ်းကို ယခင်က အမေရိကန်ပြည်ထောင်စုကလည်း အသုံးပြုခဲ့ဖူးသည်။ ဗီယက်နမ်သည် ရန်ပြုလိုသော တရုတ်နိုင်ငံကို တန်ပြန် ခြိမ်းခြောက်နိုင်ရန် ယခုနှစ် အစောပိုင်းကာလမှစ၍ အဆိုပါ Cam Ranh ပင်လယ်အော် ဒေသတွင်းသို့ နိုင်ငံခြားသင်္ဘောများ ဝင်ရောက်ဖြတ်သန်းခွင့် ပြုခဲ့သည်။

အိန္ဒိယနှင့် ဗီယက်နမ်အကြား ရေတပ်နှင့် ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လျက်ရှိသည်။ သတင်းပေးပို့ ချက်များအရ ဗီယက်နမ်သို့ အသေးစား နျူကလီးယားဓာတ်ပေါင်းဖိုများ တင်ပို့ရေးအတွက် စဉ်းစားကောင်း စဉ်းစားနိုင်ကြောင်း၊ ထို့ပြင် ဗီယက်နမ်ကလည်း Brahmos အမျိုးအစား ဒုံးကျည်လက်နက်များ ဝယ်ယူရန် ကမ်းလှမ်းဖွယ်ရှိကြောင်း သိရသည်။

*************************************************************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment