Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၄.၁ဝ.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် မြန်မာကို ကုလတိုက်တွန်း

(Monsters and Critics မှ 13 Oct 2011 ရက်စွဲပါ UN urges Myanmar to release all political prisoners သတင်းကို ဘာသာပြန်ဆိုသည်)

  1. တရုတ်တွင် ဓာတ်ငွေ့ရောင်းချမှု ၂၀၁၅ တွင် ယခုထက် နှစ်ဆရှိမည်ရည်ရွယ်

(13 October 2011 ရက်စွဲပါ Reuters မှ China Gas aims to double gas sale volume by 2015 ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာတို့ကို အပြုသဘောဆက်ဆံရာမှ အသီးအပွင့်ထွက်ပေါ်

(The Jakarta Post မှ 14 Oct 2011 ရက်စွဲပါ “ Myanmar engagement bearing fruit ” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည် )

  1. အနောက် အရေးယူဆောင်ရွက်မှုများ မြန်မာနိုင်ငံတွင် အရေးပါပုံ မရတော့

(13 October 2011 ရက်စွဲပါ IPS မှ Marwaan Macan-Maker ရေးသားသော Western sanctions look fussy in Burma ကို ဘာသာ ပြန်ဆိုသည်)

*****************************************************************************

ဘာသာပြန်သတင်းများ

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် မြန်မာကို ကုလတိုက်တွန်း

(Monsters and Critics မှ 13 Oct 2011 ရက်စွဲပါ UN urges Myanmar to release all political prisoners သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားအချို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ကြာသပတေးနေ့တွင် ကြိုဆိုလိုက်သော်လည်း နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးသင့်သည်ဟု ထပ်မံတိုက်တွန်း ပြောကြားခဲ့သည်။

မြန်မာ့ဒီမိုကရေစီလုပ်ငန်းစဉ်ကို ရှေ့သို့တိုးအောင်ရွှေ့ရာတွင် အထူးလိုအပ်သော လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ထင်ရှားကျော်ဇောသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသား တော်တော်များများကို သမ္မတ ဦးသိန်းစိန်၏ အရပ်ဖက်အစိုးရသစ်က ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် စတင်လွှတ်ပေးခဲ့ ခြင်းဖြစ်သည်။

သို့သော်လည်း ဘန်ကီမွန်းက အဆိုပါ ကြေညာချက်တွင် နေပြည်တော်မှ တာဝန်ရှိသူများအနေဖြင့် အခြေခံ အခွင့်အရေးများနှင့် ဥပဒေနှင့် အညီ အုပ်ချုပ်ရေးတို့ကို အားပေးမြှင့်တင်ရန် ကတိပေးထားသည့်အတိုင်း ကိုက်ညီအောင် ယခုလုပ်ငန်းစဉ်(လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်)တွင် နိုင်ငံရေး အကျဉ်းသား အားလုံးကို စောစီးမြန်ဆန်စွာ လွှတ်ပေးနိုင်အောင် သေချာလုပ်ဆောင်သင့်သည် ဟု ဖော်ပြထားသည်။

လတ်တလောတွင် အစိုးရနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေခြင်း၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအကြား စေ့စပ်ညှိနှိုင်းမှုပြုလုပ်နေခြင်းတို့ကိုလည်း ကုလသမဂ္ဂက အသိအမှတ်ပြုသည်ဟု ဘန်ကီမွန်းက ပြောကြား သည်။

ထို့အပြင် မြန်မာနိုင်ငံမှ ဆိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးအနေဖြင့် အမျိုးသား စည်းလုံးမှု ခိုင်မာရေး၊ ကတိပေးထားသော ပြုပြင်ပြောင်းလဲမှုများကို နောက်ပြန်မဆုတ်နိုင်သော လမ်းကြောင်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ တိုင်းပြည်ရင်ဆိုင်နေရသော ဆိုးဆိုးဝါးဝါး စိမ်ခေါ်မှုများကို ဖြေရှင်းရေး စသည်တို့ကို ရည်ရွယ်ကာ ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကို ထပ်မံ၍ နှစ်ဆတိုးကြရန် ကုလအထွေထွေ အတွင်းရေး မှူးချုပ်က တိုက်တွန်း တောင်းဆိုလိုက်သည်။

*************************************************************************************

တရုတ်တွင် ဓာတ်ငွေ့ရောင်းချမှု ၂၀၁၅ တွင် ယခုထက် နှစ်ဆရှိမည်ရည်ရွယ်

(13 October 2011 ရက်စွဲပါ Reuters မှ China Gas aims to double gas sale volume by 2015 ကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံတွင် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးသူ China Gas Holdings Ltd သည် ၂၀၁၅ ခုနှစ်တွင် နှစ်စဉ် ဓာတ်ငွေ့ရောင်းချမှုပမာဏကို နှစ်ဆ နီးပါးမြှင့်တင်နိုင်မည်ဟု ခန့်မှန်းပြီး ဓာတ်ငွေ့ဈေးနှုန်းများကိုလည်း တိုးမြှင့်မည်ဟု ကုမ္ပဏီ၏ အလုပ်အမှုဆောင်တစ်ဦးက ကြသပတေးနေ့က ပြောကြား ခဲ့သည်။

ယခုနှစ်တွင် ဓာတ်ငွေ့ရောင်းချရမှု ၅.၂ ဘီလီယံကုဗမီတာရှိခဲ့ရာ ၂၀၁၅ တွင် ၁၀ ဘီလီယံ ကုဗမီတာသို့ တိုးမြှင့်ရောင်းချနိုင်မည်ဟု ခန့်မှန်း ထားသည်ဟု ပူးတွဲမန်းနေဂျင်းဒါရိုက်တာ Eric Leung က Reuters သို့ အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

ထို့သို့ တိုးမြှင့်ရောင်းချနိုင်ခြင်းမှာ တရုတ်အရှေ့နှင့် အနောက် သဘာဝဓာတ်ငွေ့ပိုက်လိုင်းပြီးစီးမှု၊ တရုတ်နှင့် ကာဇက်စတန်၊ တရုတ်နှင့် မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းများပြီးစီးမှု၊ တရုတ်ကမ်းရိုးတန်းတစ်လျှောက် သဘာဝဓာတ်ငွေ့ရည် လက်ခံဌာနများ ပြီးစီးခြင်းကြောင့်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်ကုန်တွင် သဘာဝဓာတ်ငွေ့ဈေးနှုန်းများကို ဓာတ်ဆီ၊ ဒီဇယ်ဆီများနှင့် ကွာဟမှု ကျဉ်းမြောင်းသည်အထိ ဈေးတက် သွားမည်ဟု Leung ကပင် ပြောသည်။

“ကျွန်တော်တို့ဆီမှာ မော်တော်ယာဉ်တွေမှာ သဘာဝဓာတ်ငွေ့သုံးရင် ဓာတ်ဆီ၊ ဒီဇယ်ရဲ့ တစ်ဝက် ပဲ ဈေးရှိပါတယ်။ အခုဈေးတက်ဖို့ ဖိအားတွေ ပေးလာနေပါပြီ”ဟု ၎င်းက ပြောကြားသွားသည်။

*************************************************************************************

မြန်မာတို့ကို အပြုသဘောဆက်ဆံရာမှ အသီးအပွင့် ထွက်ပေါ်

( The Jakarta Post မှ 14 Oct 2011 ရက်စွဲပါ “ Myanmar engagement bearing fruit ” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည် )

မြန်မာနိုင်ငံမှ နောက်ဆုံးပေါ် အသစ်စက်စက် အပြောင်းအလဲများကို သံသယကြီးသူများက          “အပေါ်ယံပါ”ဟု ဆိုကြမည် ဖြစ်သော်လည်း အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ၏ လက်ရှိအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၏ နှစ်ပေါင်းများစွာ မမောနိုင်မပန်းနိုင် အားထုတ်မှုများ အပြီးတွင် မြန်မာနိုင်ငံ၌ အပြုသဘောကောင်းမွန်သော ကိစ္စများ ပေါ်ထွက်လာခြင်း သည် အာဆီယံအဖွဲ့၏ လက်တွေ့ကျကျ တွေ့ထိဆက်ဆံဖေးမမှု အတွက် အောင်ပွဲတစ်ခု ဖြစ်ကြောင်း အကြောင်း အချက်များစွာက ပြသလျက် ရှိသည်။

မီဒီယာများအပေါ် တင်းကြပ်မှုအချို့ ဖြေလျှော့ပေးခဲ့သည့် မြန်မာအစိုးရသည် ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးလျက်ရှိသည့်အပြင် ယခု သီတင်းပတ်တွင် အကျဉ်းသား ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်ကို စတင် လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

မနှစ်က နိုဝင်ဘာ ရွေးကောက်ပွဲများကို ပြည်တွင်း၊ ပြည်ပအသိုင်းအဝိုင်း အများစုက အတုအယောင် ဟု ကန့်ကွက် ဝေဖန်ခဲ့ကြသော်လည်း ထိုရွေးကောက်ပွဲ၏ ရလာဒ်အဖြစ် လက်ရှိ မြန်မာအစိုးရသစ် ထွက်ပေါ်လာခဲ့သည်။

၅ နှစ်နီးပါး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် သည် လည်း ယင်းရွေးကောက်ပွဲများ အပြီးတွင် လွတ်မြောက်လာခဲ့ပြီး ယခုအခါ နိုင်ငံတစ်ဝှမ်း ခရီးသွားလာခွင့်ကို ရရှိနေပြီ ဖြစ်သည်။

“မြန်မာနိုင်ငံ အခုလို တိုးတက်ပြောင်းလဲလာတာဟာ ၂၀၁၄ မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနေရာကို လိုချင်လို့ပါလို့ တစ်ချို့က အလွယ်တကူ ပြောဆိုနေကြပေ့မယ် ကျွန်တော်ကတော့ အဲဒီ နိုင်ငံမှာ ပိုပြီးအရေးပါတဲ့ အခြေခံကျကျ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတယ်လို့ ယုံကြည်နေပါတယ် ” ဟု ပြောကြားသူမှာ University of Indonesia မှ နိုင်ငံတကာဆက်ဆံရေး ပညာရှင် ဟာရီယာဒီ ဝီရာဝန် ဖြစ်သည်။

အနောက်နိုင်ငံများ ချမှတ်ထားသော ပိတ်ဆို့မှု အစီအစဉ်ကို ကျင့်သုံးမည့်အစား အပြုသဘောဖြင့် လက်တွေ့ကျကျ ဆက်ဆံဖေးမရန် အာဆီယံ က တွန်းအားပေး၍ အင်ဒိုနီးရှားက ဦးဆောင် အကောင်အထည်ဖော်ခဲ့သော လုပ်ရပ်က အလုပ်ဖြစ်သွားပြီ ဆိုသည်ကို ယခု မြန်မာနိုင်ငံမှ တဖြေးဖြေး ပြောင်းလဲလာမှုက နိုင်ငံတကာ အသိုင်းအဝိုင်းကို သက်သေပြလျက် ရှိသည်ဟု ဝီရာဝန်က ဆိုသည်။

“အခုအချိန်မှာ အာဆီယံ နဲ့ အင်ဒိုနီးရှား ဟာ သူတို့ရဲ့ အရှိန်ကို ဆက်လက်ထိန်းထားရမှာဖြစ်သလို ပြည်သူတွေ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့် ရှိပြီး ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်မှု ထွက်ပေါ်လာအောင် ဆက်ပြီး တွန်းကြရမှာ ဖြစ်ပါတယ် ”  ဟု ၎င်းက သုံးသပ် ပြောကြားသည်။

မြန်မာနိုင်ငံမှ အပြောင်းအလဲကို ကြိုဆိုဂုဏ်ပြုလိုက်သည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Michale Tene ကလည်း “ မြန်မာနိုင်ငံအတွင်းနှင့် မြန်မာအစိုးရ အတွင်းတွင် ပြောင်းလဲမှုများ ထွက်ပေါ်လာခဲ့ပြီ ” ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

လက်ရှိနှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲနေတာကို မြင်နေရတာ ဝမ်းသာကျေနပ်စရာပါပဲ ဟု ၎င်းက ပြောကြားသည်။

သို့သော်လည်း ဝေဖန်ဆန်းစစ်သူများကမူ “ ၂၀၁၆ တွင် စီစဉ်ထားသည့်အစား ၂၀၁၄ တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ယူရန် မြန်မာနိုင်ငံက အဆိုပြုထားခြင်းနှင့် ပတ်သက်၍ ဆုံးဖြတ်ကြမည့် နိုဝင်ဘာ ဘာလီထိပ်သီးညီလာခံ မတိုင်မီ အာဆီယံနိုင်ငံများ ကျေနပ်အောင် မြန်မာအစိုးရက ‘လုပ်ပြခြင်း’ မျှသာ ဖြစ်သည်”  မှတ်ချက် ပေးကြသည်။

ထို့အပြင် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ အသွင်ပြောင်းမှု၏ တိုးတက်မှုများနှင့် နှစ် လုံးပေါက် အာဆီယံ အစည်းအဝေး မြောက်များစွာကို ဦးဆောင်၍ လက်ခံကျင်းပနိုင်ရန် အဆင်သင့်ဖြစ်မှုတို့ကို လာရောက်အကဲခတ် စစ်ဆေးမည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ၏ ခရီးစဉ် မတိုင်မီ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း ဖြစ်သည် ဟုလည်း အချို့ကသုံးသပ်ကြသည်။

“ဝန်ကြီး နာတာလီဂါဝါဟာ မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုတွေကို ကွင်းဆင်းလေ့လာဖို့ ဒီလအကုန်မှာ မြန်မာနိုင်ငံကိုသွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို နိုဝင်ဘာ ထိပ်သီးညီလာခံမှာ အစီရင်ခံစာ တင်ပြမှာပါ” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Michale Tene က ပြောကြားသည်။ မေလက ဂျာကာတာ ထိပ်သီးညီလာခံ တွင် မြန်မာနိုင်ငံက ၂၀၁၆ အစား ၂၀၁၄ တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူရေးအတွက် လာအိုနှင့် နေရာလဲရန် တရားဝင် လှုပ်ရှားစည်းရုံးခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ၂၀၁၅ တွင် အပြည့်အဝ အတောင်အလက်စုံ လူလားမြောက်သည့် အာဆီယံအသိုင်းအဝိုင်း ဖြစ်လာရန် ရည်မှန်း ထားကြသော ပန်းတိုင်ကို မြန်မာနိုင်ငံကိစ္စက အနှောက်အယှက်ပေးလိမ့်မည်ဟု စိုးရိမ်ပူပန်လျက် ရှိကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ၂၀၁၄ တွင် မြန်မာနိုင်ငံက ဥက္ကဋ္ဌ တာဝန်ယူမည့် ကိစ္စကို လိုလားခြင်း မရှိကြပေ။

*************************************************************************************

အနောက် အရေးယူဆောင်ရွက်မှုများ မြန်မာနိုင်ငံတွင် အရေးပါပုံ မရတော့

(13 October, 2011 ရက်စွဲပါ IPS မှ Marwaan Macan-Maker ရေးသားသော Western sanctions look fussy in Burma ကို ဘာသာပြန်ပါသည်)

အနောက်နိုင်ငံအစိုးရများ၏ အရေးယူမှုများ ချမှတ်ခံထားရသော အစိုးရတစ်ခုအနေဖြင့် နိုင်ငံရေး အကျဉ်းသား များကို ရုတ်ချည်း လွှတ်လိုက် ခြင်းမှာ အောင်မြင်မှုတစ်ခုသဖွယ် ထွက်ပေါ်လာသည်။

စီးပွားရေးအရ အရေးယူမှုများကို ဒဏ်ခတ်သည့်သဖွယ် ချမှတ်ထားကြသော အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ကလည်း မြန်မာ နိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးခြင်းအား ပြောင်းလဲခြင်း၏ စံတစ်ခုအဖြစ် သတ်မှတ်ပေးခဲ့ကြသည်။

"အကျဉ်းသားလွှတ်ပေးတာနဲ့ပတ်သက်လို့ တိုးတက်မှုတွေကို ကျွန်တော်တို့ မြင်လိုပါတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်" ဟု အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က တနင်္လာနေ့က ဘန်ကောက်တွင် ပရိတ်သတ် များအား ပြောကြားခဲ့သည်။ "မြန်မာနိုင်ငံတွင်းက ပြောင်းလဲမှု တွေကို နောက်ဆုံးအကဲဖြတ်ချက်ပေးဖို့ သိပ်စောပါသေးတယ်။ မြန်လည်း မြန်ဆန်နေပါဦးမယ်။ ဒါတွေကို ပယ်ချဖို့လည်း သိပ်မြန်ပါသေးတယ်" ဟု ၎င်းကပြောသည်။

Campbell က အဆိုပါ မှတ်ချက်များကို အမေရိကန်၏ အာရှမူဝါဒများအား အများပြည်သူသို့ ပြောကြားခဲ့ရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။ ၎င်း၏မှတ်ချက်အပြီး နှစ်ရက်အကြာ အောက်တိုဘာ (၁၂) ရက်နေ့တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ (၂၀၀၀) နီးပါးရှိ သည့် အနက်မှ (၂၀၀) ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။

လွတ်မြောက်လာသူများတွင် ပထမဆုံး ထွက်လာသူမှာ ကိုသူရ(ခေါ်) အများသိကြသော ဇာဂနာ ဖြစ်သည်။ ၎င်းသည် ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံရသူ ဖြစ်ပြီးနောက်တစ်ဦးမှာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရသူ အလုပ်သမား ရပိုင်ခွင့်တောင်းဆိုသူ နှင့် အစိုးရအားဝေဖန်သူ စုစုနွေး ဖြစ်သည်။

နိုင်ငံပိုင်သတင်းစာများတွင် မကြာခင်က ဖွဲ့စည်းခဲ့သော အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ  ဦးဝင်းမြက ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံနေရသူများ လွှတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်က အကျဉ်းသား (၆၃၅၉) ဦး လွှတ်ပေးမည်ဟု ကြေညာခဲ့သည်။

အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ ဦးသိန်းစိန်သည် ၎င်းမတ်လက အာဏာရယူပြီးကတည်းက အခြား လမ်းဖွင့်ပေးမှု လက္ခဏာများကို ပြသခဲ့ သည်။ အမည်ဆိုးဖြင့် ကျော်ကြားသော စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဋ္ဌာနသည် အစိုးရဆန့်ကျင်သူများ၏ အသံများကို ပြည်တွင်းမီဒီယာများတွင် ခွင့်ပြု ခဲ့သည်။

အထက်ပါကဲ့သို့သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆီသို့ ဦးတည်သော လုပ်ဆောင်ချက်များသည် အရေးယူ ပိတ်ဆို့မှုများ၏ အခန်းကဏ္ဍ ဖြေ လျှော့ပေးရန် ဖြစ်လာသည်။ အမေရိကန်အစိုးရနှင့် ဥရောပ၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်နှင့် ဂျပန်တို့မှ ချမှတ်ထားသော အရေးယူ မှုများကြောင့် ဦးသိန်းစိန်လက်အောက်မှ မြန်မာနိုင်ငံ ပြောင်းလဲ လာခြင်းလော။

"အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးတွေဟာ အရေးယူပိတ်ဆို့မှု ချမှတ်ထားတာကြောင့် မဟုတ်ပါဘူး" ဟု ဦးသန့်မြင့် ဦးက IPS သို့ ပြောသည်။ "အခုဖြစ်နေတာတွေဟာ ပြင်ပဖိအားကြောင့် မဟုတ်ပါဘူး၊မြန်မာနိုင်ငံမှာ လူတိုင်းက ဗမာပြည်ဟာ ၂၁ရာစုနဲ့ အတူပါသင့်တယ် လို့ သဘော ပေါက်လာတာကြောင့်ပါ"ဟု ၎င်းက ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ဒီမိုကရေစီဆန္ဒပြမှုများအား စစ်အစိုးရက ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီးနောက် ဝါရှင်တန်သည် ပထမဆုံးအရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ အဆိုပါအရေးယူမှုများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ၊ ငွေကြေးကူညီမှုများ၊ မြန်မာပစ္စည်းများတင်သွင်းမှု၊ စစ်တပ် တာဝန်ရှိသူများနှင့် ၎င်းတို့၏ လက်ဝေခံ အခွင့်ထူးခံများ၏ ငွေကြေးနှင့် ပိုင်ဆိုင်မှုများ ကန့်သတ်မှုများပါဝင်သည်။

အီးယူကလည်း ၎င်းတို့၏ "Common Politic on Myanmar" ဟုဆိုသော အရေးယူမှုမူဝါဒကို ၁၉၉၆ တွင် စတင်ခဲ့ပြီး နောက်ပိုင်းနှစ်များတွင် ပိုမိုတင်းကြပ်ခဲ့သည်။ မြန်မာနိုင်ငံသို့ လက်နက်ရောင်းချခြင်းများ၊ မြန်မာကုမ္ပဏီ ၁၂၀၇ ခု၏ ပိုင်ဆိုင်မှုများ ကန့်သတ်ခြင်း၊ စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့ ကို နောက်ခံပြုပေးသူများကို ဗီဇာကန့်သတ်ခြင်းများ ပါဝင်သည်။

သို့သော် အရေးယူပိတ်ဆို့မှုများသည် မရည်ရွယ်သော အကျိုးဆက်များကို ဖြစ်စေသည်။ စစ်အစိုးရ ထက်စာလျှင် မြန်မာပြည်သူ ပြည်သားများ ကို ပိုမိုထိခိုက်စေသည်။

လွန်ခဲ့သောဆယ်စုနှစ်က ဖွံ့ဖြိုးစ အထည်ချုပ်လုပ်ငန်းများ ပြိုလဲသွားမှုမှာ အဆိုပါ ဆိုးကျိုးများ၏ ဥပမာ တစ်ခုဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်က နိုင်ငံခြားသို့ တင်ပို့မည့် အထည်ချုပ်စက်ရုံ ၃၁၀ ရှိပြီး လူပေါင်း ၁၂၀၀၀၀ ကို အလုပ်ပေးထားနိုင်သည်။ ယနေ့စက်ရုံ ၁၃၀ ခန့်သာရှိပြီး လုပ်သား ၅၀၀၀၀ ခန့်သာ ခန့်ထားနိုင်သည်။

"အမေရိကန်ရဲ့ အရေးယူမှုတွေက အထည်ချုပ်စက်ရုံတွေကို ပစ်မှတ်ထားခဲ့တာပါ" ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်သော မြန်မာ စီးပွားရေး ပညာရှင် ဇော်ဦးက ပြောသည်။ "အလုပ်ပြုတ်သွားတဲ့ လူတွေက ဝင်ငွေအတွက် အစား ပြန်ရှာရမယ့်အလုပ်မရှိပါဘူး" ဟု ၎င်းက ပြောသည်။

"ဒီလူတွေကို အမေရိကန်အစိုးရက ကူညီရာမှာ ဒဏ်ခတ်ရမှာမဟုတ်ဘူး" ဟု၎င်းက IPS သို့ပြောသည်။ "တိုင်းပြည်ထဲက အကောင်ကြီးကြီး တွေက အရေးယူမှုရဲ့ထိခိုက်မှုကို မခံရပါဘူး။ သူတို့က သူတို့လမ်း ရှာဖောက်နိုင်တယ်။ အစိုးရကလည်း ဆယ်နှစ်အတွင်း ဓါတ်ငွေ့တွေရောင်းပြီး စီးပွား ဖြစ်လာပါတယ်" ဟု ၎င်းကပြောသည်။

အမေရိကန်မူဝါဒက ကမ္ဘာ့ဘဏ်နှင့် IMF တို့အား ငွေကြေးအကူအညီပေးခြင်းကို ကန့်သတ်ထားခြင်းကြောင့် တရားဝင် ဖွံ့ဖြိုး တိုးတက်မှု အကူအညီ (ODA) များ ရပ်တန့်သွားခဲ့သည်။ UNDP သည်ပင်လျှင် ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ရန်အခွင့်အာဏာများ တုပ်နှောင်ခံ ခဲ့ရသည်။

အကျိုးဆက်အားဖြင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ နှေးကွေးသွားခဲ့ပြီး၊ တစ်နှစ်လျှင် လူတစ်ဦးချင်း ၄ ဒေါ်လာ ခန့် သာ ရရှိသည်။ အိမ်နီးချင်းလာအိုတွင် တစ်ဦးချင်း တစ်နှစ်လျှင် ၆၈ ဒေါ်လာ ရရှိပြီး၊ ကမ္ဘောဒီးယားတွင် ၄၆ ဒေါ်လာရရှိသည်။ ဆင်းရဲသော မြန်မာ နိုင်ငံတွင် နှစ်စဉ် ODA ဒေါ်လာ ၂ ဘီလီယံခန့် နစ်နာပါသည်ဟု အစီရင်ခံစာများအရ သိရှိရသည်။

"အခုအချိန်မှာတော့ အရေးယူပိတ်ဆို့မှုတွေရဲ့ စွမ်းရည်တွေကို ပိုမိုအသေးစိတ်၊ မတူတဲ့အမြင်နဲ့စကားပြောဖို့ အချိန်ရောက်ပါပြီ" ဟု Human Rights Watch မှ မြန်မာအကြောင်း သုတေသနပြုသူ David Scolt Mathieson က ပြောကြားခဲ့သည်။

"အမေရိကန်၊ အီးယူ၊ သြစတြေးလျနဲ့ ကနေဒါတို့ဟာ ဘယ်အရေးယူမှုတွေကို ဖယ်ရှားမလဲဆိုတာ ဆွေးနွေးသင့်ပါပြီ။ဘာလို့လဲဆိုတော့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်နေလို့ပါပဲ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်ဖို့ ပြောသင့်ပါတယ်" ဟု ၎င်းကပြောသည်။

"ပြောင်းလဲမှုတွေကြောင့် အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းပါလို့တော့ သိပ်မပြောကြဘူး။ ခေါင်းမာပြီး အထီးကျန်အစိုးရရဲ့ ဖိနှိပ်မှုတွေ အ ကြောင်း ပြောနေကြတုန်းပဲ" ဟု ၎င်းက ငြင်းချက်ထုတ်ခဲ့သည်။

*************************************************************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment