Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၅.၁၀.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားများ စတင်လွှတ်ပေးခြင်းကို အီးယူ ကြိုဆို
    ( New Europe မှ 14 Oct 2011 ရက်စွဲပါ “ EU welcomes release of political prisoners in Myanmar” သတင်းကို ဘာသာပြန်သည်)
  2. နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှု အနည်း၊ အများအပေါ်မူတည်ကာ မြန်မာ့အရေးကို အီးယူအကဲဖြတ်မည်
    (12 Oct 2011 ရက်စွဲပါ၊ Bangkok Post မှ "EU to judge Myanmar releases based on number freed" ကိုဘာသာပြန်ဆိုသည်)
  3. မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်သို့ သွားရောက်မည်ဟု ကျိုဒို သတင်းကဆို
    (14 Oct 2011 ရက်စွဲပါ The Stars မှ Reuters ၏ Myanmar foreign minister to visit Japan-Kyodo ကို ဘာသာပြန်သည်)
  4. ပြုပြင်ပြောင်းလဲမှုများ မရေရာသေးသော်လည်း မြန်မာကို ပိုက်ဆံချေးရန် နယူးဒေလီ ကမ်းလှမ်း
    (The Peninsula မှ 15 Oct 2011 ရက်စွဲပါ "Delhi offers loan to Myanmar amid tentative reforms" သတင်းကို ဘာသာ ပြန်ဆိုသည်)

*************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားများ စတင်လွှတ်ပေးခြင်းကို အီးယူ ကြိုဆို

( New Europe မှ 14 Oct 2011 ရက်စွဲပါ “ EU welcomes release of political prisoners in Myanmar” သတင်းကို ဘာသာပြန်သည်)

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ စတင်လွှတ်ပေးနေခြင်းကို ဥရောပသမ ဂ္ဂ EU ကိုယ်စားလှယ်များက ကြိုဆိုခဲ့သော်လည်း အမျိုးသား ပြန်လည်သင့်မြတ်မှုနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှု သေချာခိုင်မာစေရေးအတွက် ယခုထက် ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း သတိပေး ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ EU ၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ကော်မရှင်နာမင်းကြီး Catherine Ashton က နိုင်ငံရေး အကျဉ်းသားအချို့ကို လွှတ်ပေးလိုက်သော မြန်မာသမ္မတကြီး၏ ဆုံးဖြတ်ချက်ကို ကြိုဆိုဂုဏ်ပြု ပြောကြားခြင်း ဖြစ်သည်။

ယခု ဆောင်ရွက်ချက်သည် “ ဥပဒေနှင့်အညီ အုပ်ချုပ်ရေးနှင့် အခြေခံအခွင့်အရေးများ စောင့်ရှောက်ရေးကို လေးစားမည်” ဟု သမ္မတကြီးက ပေးထားသော ကတိကို အစိုးရသစ်က တလေးတစား တာဝန်ယူလုပ်ဆောင်သည့် လက္ခဏာ တစ်ခုဖြစ်သည်။ ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းဖြင့် အစိုးရပေးထားသော ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များ ပိုမို ယုံကြည်လက်ခံစရာ ဖြစ်လာအောင် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု Ashton က ချီးကျူးပြောဆို လိုက်သည်။

သို့သော်လည်း နိုင်ငံရေးအကျဉ်းသား အားလုံး( အကုန်လုံး ) ခြွင်းချက်မရှိ လွှတ်ပေးရေးသည် အီးယူ၏ဦးစားပေး ကိစ္စ ဖြစ်နေဆဲဖြစ်ကြောင်း သူမက ထုတ်ဖော်ပြောဆိုသည်။

ဥရောပပါလီမန် ဥက္ကဋ္ဌ Jerzy Buzek ကလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျသူအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးသင့်သည်ဟု ပြောကြားလိုက်သည်။ တစ်ချိန်ထဲမှာ မြန်မာအကျဉ်းထောင်တွေထဲကို နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC က အတားအဆီးမရှိ ဝင်ရောက် ကြည့်ရှုခွင့် ရသင့်ပါတယ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

*************************************************************************************

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှု အနည်း၊ အများအပေါ်မူတည်ကာ မြန်မာ့အရေးကို အီးယူအကဲဖြတ်မည်

(12 Oct 2011 ရက်စွဲပါ၊ Bangkok Post မှ "EU to judge Myanmar releases based on number freed" ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအစိုးရက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးလိုက်မှုကို ဥရောပသမဂ္ဂ(အီးယူ)က ကြိုဆိုလိုက်သော်လည်း နောက်ဆုံးတွင် နိုင်ငံရေးအကျဉ်းသား မည်ရွှေ့မည်မျှ လွှတ်ပေးသည်ဟူသော အချက်အပေါ်အခြေခံကာ အကဲဖြတ်သွားရလိမ့်မည်ဖြစ်ကြောင်း အသိပေးပြောဆိုသည်။

မြန်မာအစိုးရက အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထင်ရှားကျော်ကြားသော အတိုက်အခံများ အပါအဝင် အနည်းဆုံးနိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့်အားလွှတ်ပေးခဲ့သည်။ မြန်မာနိုင်ငံသည် ရာစုနှစ် ထက်ဝက်ကျော်ကြာမျှ တင်းကြပ်သော အာဏာရှင်အုပ်ချုပ်ရေးစနစ် လက်အောက်သို့ ရောက်ရှိခဲ့ပြီးနောက် ယခုစစ်တပ်ကျောထောက်နောက်ခံ အစိုးရသစ်လက်ထက်တွင် ပွင့်လင်းမှုများရှိအောင် စတင်လုပ်ဆောင်လျက်ရှိသည်။

သမ္မတဦးသိန်းစိန် အစိုးရသစ်က ကျန်းမာရေးအခြေအနေနှင့် ပြုမူနေထိုင်မှုအပေါ်မူတည်ပြီး အကျဉ်းသား ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ထုတ်ဖော်ကြေညာပြီး နောက်တစ်နေ့တွင် အကျဉ်းသားများ လွတ်မြောက်လာခြင်း ဖြစ်သည်။ သို့သော် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် စောင့်ကြည့်လေ့လာသူများ၏ ခန့်မှန်းချက်များအရ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ထက်မနည်း ကျန်ရှိနေသေးကြောင်း သိရသည်။

"လွတ်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ပါတယ်ဆိုတာကို ကျွန်မတို့ စစ်ဆေးကြည့် နေပါတယ်" ဟု အီးယူ၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာအကြီးအကဲ Catherine Ashton ကပြောကြားသည်။

လမ်းကြောင်းမှန်ကန်တဲ့ နောက်ထပ်အလားတူအဆင့်တစ်ခုရှိဦးမယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက်ပေါ် မူတည်ပြီး ဖြစ်ပေါ်လာတဲ့အဆင့်တွေကို ကျွန်မတို့က အကဲဖြတ် သွားမှာဖြစ်ပါတယ်" ဟု ၎င်းကဆက်လက်ပြောဆိုသည်။

နိုင်ငံရေးနှင့်ဆက်စပ်ပြီး ထိန်းသိမ်းခံထားရသော အကျဉ်းသားများအားလုံးကိုလွှတ်ပေးရန် အီးယူအဖွဲ့က မြန်မာ အစိုးရကို တောင်းဆို ထားကြောင်း၊ မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များကို ကြည့်ကာ အီးယူက အကဲဖြတ်မှုများ လုပ်သွားမည်ဖြစ်ပြီး အီးယူ၏ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရေးသည်လည်း ယင်းအချက်အပေါ်တွင်သာ မူတည်မည် ဖြစ်ကြောင်း မစ္စ Catherine Ashton ကဆိုသည်။

အကျဉ်းသားကိစ္စအပေါ် အီးယူက အကဲဖြတ်ရာ၌ အသက်အရွယ်ကြီးရင့်မှု၊ နာမကျန်းဖြစ်မှု သို့မဟုတ် အချိန်ကာလ ကြာမြင့်စွာ ထိန်းသိမ်းခံထားရမှု စသည်ကဲ့သို့ သောအချက်အလက်များကို အသေးစိတ် လေ့လာသွားမည် ဖြစ်သည်။ အီးယူက မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူထားမှု ၁၀၀ ခန့်ရှိသည့်အနက် အများစုမှာ ကျွန်းသစ်၊ သတ္တုတူးဖော်မှု၊ အဖိုးတန်ကျောက်မျက်ရတနာရောင်းဝယ်မှု အစရှိသည့် အခန်းကဏ္ဍများတွင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ မြန်မာ့သဘာဝဓာတ်ငွေ့တူးဖော်မှု အခန်းကဏ္ဍတွင် ပြင်သစ်နိုင်ငံမှ Total SA ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုမှာ သိသိသာသာ များပြားသည်။

အီးယူအဖွဲ့မှ အရာရှိတစ်ဦးကမူ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများဖယ်ရှားမည့် အရေးတကြီး အစီအစဉ်များ မတွေ့ရှိရသေးကြောင်း ပြောကြားသည်။ အီးယူသည် ပြီးခဲ့သည့် ဧပြီလအတွင်းမြန်မာနိုင်ငံအပေါ် ခရီးသွားလာမှု ပိတ်ပင်ခြင်းနှင့် အစိုးရအရာရှိကြီး ၂၄ဦး၏ ပိုင်ဆိုင်မှုများ ပိတ်ဆို့ခြင်း အစရှိသည်တို့ကို ဖယ်ရှားပေးလိုက်သည်။

မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပိုမိုပြုလုပ်လာအောင် အားပေးအားမြှောက်ပြုသည့် သဘောဖြင့် ဖယ်ရှားပေးလိုက်ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကမူ မြန်မာနိုင်ငံမှ အလားအလာကောင်းသော ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အချက်ပြမှုများကြောင့် အားတက်မိကြောင်း ထုတ်ဖော်ပြောဆိုသည်။ သို့သော် အမေရိကန်ပြည်ထောင်စုအနေဖြင့် မည်သည့် တုံ့ပြန်မှုများ ပြုလုပ်မည်ဟူသည်ကို ကြေညာရန် အချိန် စောလွန်းသေးကြောင်း ၎င်းကဆိုသည်။

*************************************************************************************

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်သို့ သွားရောက်မည်ဟု ကျိုဒို သတင်းကဆို

(14 Oct 2011 ရက်စွဲပါ The Stars မှ Reuters ၏ Myanmar foreign minister to visit Japan-Kyodo ကို ဘာသာပြန်သည်)

မြန်မာနိုင်ငံခြားရေးဝန်ကြီးသည် လာမည့်အပတ်တွင် ဂျပန်သို့ လာရောက်လည်ပတ်မည်ဖြစ်ရာ ကမ္ဘာပေါ်တွင် အထီးကျန်ဆုံး နိုင်ငံများအနက် အပါအဝင်ဖြစ်သော မြန်မာနိုင်ငံသည် ယခုအပတ် နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာ လွှတ်ပြီးနောက် ထပ်မံ၍ လမ်းဖွင့်လာမှုများအတွက် လက္ခဏာပင် ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဂျပန်နိုင်ငံသို့ အောက်တိုဘာ ၂၀ရက်မှ ၂၂ရက်အထိ လာရောက်မည် ဖြစ်ကြောင်း ကျိုဒို သတင်းဌာနက သောကြာနေ့က ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Koichiro Gemba ကို ကိုးကားဖော်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာတွင် Gemba က အကျဉ်းသားများ လွှတ်ပေးမှုအား အပေါင်းလက္ခဏာဆောင်သော ခြေလှမ်းအဖြစ် ကြိုဆိုခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေး ကာလတွင် ဂျပန်က ကူညီရန် အဆိုပြုခဲ့သည်။

"မြန်မာ အစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပိုမိုအားကောင်းစွာ ဆက်လက် တွေ့ဆုံ စကားပြောရေးကို မျှော်လင့်ပါတယ်။ ထို့အတူပဲ နောက်ထပ် ဒီမိုကရေစီ လုပ်ငန်းစဉ်များအတွက် ကြိုးပမ်းမှုများ အားကောင်းရန်နဲ့ အမျိုးသား ပြန်လည်စည်းလုံးရေး လုပ်ငန်းစဉ်များ အားကောင်းလာစေဖို့ မျှော်လင့်ပါတယ်" ဟု ယင်းက ပြောသည်။

စစ်တပ်ထံမှ မတ်လက အာဏာလွှဲယူထားသော အငြိမ်းစားဗိုလ်ချုပ်ကြီး ဖြစ်သော အရပ်သားသမ္မတသည် လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကြောင့် ချိနဲ့ခဲ့သော စီးပွားရေး ပြန်လည် ကောင်းမွန်စေရန် ရည်ရွယ်၍ ပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့သည်။

မြန်မာနိုင်ငံတွင် မီဒီယာ ထိန်းချုပ်မှုများ ဖြေလျော့ပေးခြင်း၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုမိုတွေ့ဆုံ ဆွေးနွေးမှုများ နောက်တွင် ဗုဒ္ဓဟူးနေ့က နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့် လွှတ်ပေးခဲ့သည်။

ဂျပန်နိုင်ငံသည် ၂၀၀၃ ခုနှစ်တွင် ဖွံ့ဖြိုးတိုးတက်မှု အကူအညီများ ရပ်ဆိုင်းခဲ့ပြီး၊ လူသားချင်း စာနာသည့် အကူအညီများသာ ပေးခဲ့သည်။ ဂျပန်သည် ဇွန်လက ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပြန်ပေးခဲ့ပြီး နိုင်ငံရေး အကျဉ်း သားများ လွှတ်ပေးခဲ့ပါက ရှေ့ဆက် နောက်ထပ် ပေးအပ်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဌာနက ပြောခဲ့သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရှားပါး မြေတွင်းထွက်သတ္တုများ (rare earths) များ အပါအဝင် သဘာဝ သယံဇာတများကို စိတ်ဝင်စားပြီး၊ မြန်မာနိုင်ငံ၏ ချို့တဲ့သော အခြေခံအဆောက်အဦ တည်ဆောက်ရေးတွင် ပါဝင်လိုကြောင်း အစိုးရ သတင်းကို ကိုးကား၍ ကျိုဒိုက ဆိုသည်။

ဂျပန်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းပေးသော အကြီးဆုံး အဖွဲ့ဖြစ်သည့် Keidanren သည် အဖွဲ့ဝင် ၂၀ ဦး ပါဝင်သော ကိုယ်စားလှယ် အဖွဲ့ကို စက်တင်ဘာလက မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ရာ ၈ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် မစ်ရှင် အဖွဲ့အား ပြန်လည် စေလွှတ်ခြင်း ဖြစ်သည်။

*************************************************************************************

ပြုပြင်ပြောင်းလဲမှုများ မရေရာသေးသော်လည်း မြန်မာကို ပိုက်ဆံချေးရန် နယူးဒေလီ ကမ်းလှမ်း

(The Peninsula မှ 15 Oct 2011 ရက်စွဲပါ "Delhi offers loan to Myanmar amid tentative reforms" သတင်းကို ဘာသာ ပြန်ဆိုသည်)

ရာစုနှစ်ထက်ဝက်မျှ စစ်ဖက်က ကြမ်းတမ်းစွာ အုပ်ချုပ်ခဲ့ပြီးနောက်ပိုင်း စမ်းတဝါးဝါး တံခါးဖွင့်နေသည့် အိမ်တွင်းပုန်း အိမ်နီးခြင်း မြန်မာနိုင်ငံမှ ဒီမိုကရေစီ ရှေ့ရှု ဆောင်ရွက်ချက်များကို အိန္ဒိယနိုင်ငံက ကြိုဆိုဂုဏ်ပြုခဲ့ပြီး မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦပိုင်း တိုးတက်ရေးအတွက် ဒေါ်လာ သန်း ၅၀၀ ချေးရန် မနေ့က ကတိပေး လိုက်သည်။

မြန်မာနိုင်ငံက ယင်း၏ အိမ်တွင်းပုန်းခေါင်းမြီးခြုံပုဝါကို ခွာချပစ်ရန် စီစဉ် ဆောင်ရွက်နေခြင်းကြောင့် ယခုကဲ့သို့ အိန္ဒိယနိုင်ငံထံမှ ပိုက်ဆံနှင့် နွေးနွေးထွေးထွေး စကားလုံးများ အံထွက်လာခြင်း ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို ယခု သီတင်းပတ် အတွင်း လွတ်ပေးလိုက်ခြင်းသည် သနားစရာပြည်သူ သန်း ၅၀ အပေါ် တင်းတင်းကြပ်ကြပ် အုပ်ချုပ်လျက် ရှိသော အရှေ့တောင်အာရှ နိုင်ငံတွင် နောက်ဆုံး ထွက်ပေါ်လာသော ပြုပြင် ပြောင်းလဲမှု လက္ခဏာတစ်ခု ဖြစ်သည်။

နိုင်ငံတကာတွင် BURMA ဟု လူသိများသော ယခင် ဗြိတိသျှကိုလိုနီဟောင်း မြန်မာနိုင်ငံတွင် မတူးဖော်ရသေးသော သဘာဝ ဓာတ်ငွေ့သိုက်ကြီးများနှင့် အသွားအလာ ထူထပ်သော ဘင်္ဂလား ပင်လယ်အော် ရေလမ်းကြောင်းများ ရှိနေ သောကြောင့် စွမ်းအင် ဆာလောင်နေသော အင်အားကြီး အိမ်နီးခြင်း အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ အတွက် မဟာဗျူဟာ မြောက် အရေးပါသည့် နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။

မြန်မာသမ္မတ ဦးသိန်းစိန် သည် ဘာသာရေး အချက်အချာ ဗုဒ္ဓဂါယာတွင် ၂ ရက်ကြာ ဘုရားဖူးခြင်း အပါအဝင် ၄ ရက်ကြာ အိန္ဒိယ ခရီးစဉ်အတွင်း နယူးဒေလီတွင် ဝန်ကြီးချုပ် မန်မိုဟန်ဆင်း နှင့် တွေ့ဆုံခဲ့သည်။ အိန္ဒိယနိုင်ငံတွင် မြန်မာဒုက္ခသည်များနှင့် ရွှေ့ပြောင်း နေထိုင်သူများ ၁၀၀၀၀၀ ခန့် နေထိုင်လျက်ရှိရာ ယင်းတို့ အနက်မှ အချို့က သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း "ပြုပြင် ပြောင်းလဲမှုများ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန် နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရန်  တောင်းဆိုခဲ့ကြသည်။

မနှစ်က နိုဝင်ဘာလတွင် အကျယ်ချုပ်မှ လွတ်မြောက်လာသော မြန်မာဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတစ်ဦးက "စစ်မှန်သော နိုင်ငံရေး ဒိုင်ယာလော့ ဆွေးနွေးမှုကို စတင်ပါ” ဟု ရေးထားသော နဖူးစည်း စာတမ်းကို ကိုင်ဆောင်ထားသည်။ “ကျွန်တော်တို့ အားလုံး အခုဒီမှာ ရောက်လာတာဟာ ဒေါ်အောင် ဆန်းစုကြည်ကို ထောက်ခံ အားပေးဖို့နဲ့ ဒီမိုကရေစီ တောင်းဆိုဖို့ပါ" ဟု အသက် ၁၆ နှစ်အရွယ် ဆန္ဒပြ လူငယ်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ အနှစ် ၅၀ အတွင်း ပထမဆုံး အရပ်ဖက် သမ္မတသည် အကျဉ်းသား အတော်များများကို လွှတ်ပေး ခဲ့ပြီးနောက် နာရီပိုင်းမျှ အကြာတွင် "ဗုဒ္ဓမြတ်စွာ ဘုရားရှင် သဗ္ဗေညုတ ဥာဏ်အလင်း ပွင့်တော်မူသောနေရာ၌ ဘုရားဖူး ရန်အတွက်" အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်သို့ ရောက်ရှိလာခဲ့သည်။

“ ဒီမိုကရေစီအစိုးရ ဖြစ်လာအောင် ရှေ့ရှု ကြိုးပမ်းနေသော မြန်မာသမ္မတကြီးကို အိန္ဒိယဝန်ကြီးချုပ်က ချီးကျူးဂုဏ်ပြုခဲ့ပြီး ယခု ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဆက်လက်ခိုင်မာ အားကောင်းစေရန်အတွက် လိုအပ်သော အကူအညီအားလုံး ပေးအပ်ရန် ကမ်းလှမ်းခဲ့သည်” ဟု ခေါင်းဆောင်နှစ်ဦးက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံသည် ပြီးခဲ့သော ဧပြီလက ဖျက်သိမ်းသွားသော ယခင်အာဏာရှင် တပ်မတော် အစိုးရနှင့် ဆက်ဆံပူးပေါင်းရပ်တည်ခဲ့ခြင်းကြောင့် နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများက အချိန်အတော်ကြာအောင် အပြစ်တင် ဝေဖန်ခဲ့ကြဘူးသည်။ ယခုအခါ နယူးဒေလီသည် ၎င်း၏ “လက်တွေ့ဆက်ဆံဖေးမခြင်း” မူဝါဒ မှန်ကန်ကြောင်း သက်သေဖြစ်သည့် ပြုပြင်ပြောင်းလဲမှု လက္ခဏာများကို တွေ့မြင် ခံစားနေရလေပြီ။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျနိုင်ငံတို့ကမူ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ နီးပါးကို အကုန်လုံး လွှတ်ပေးခြင်း မရှိပါက ၎င်းတို့ ချမှတ်ထားသော sanctions များကို လျှော့ပေးမည့် လက္ခဏာ မရှိပါ။ သို့သော်လည်း အခြားအာရှနိုင်ငံများကမူ ဗုဒ္ဓဘာသာ အဓိက ကိုးကွယ်သော မြန်မာနိုင်ငံမှ သယံဇာတရင်းမြစ် များကို ထုတ်ယူခွင့်ရရန် အလွန်ပင် စိတ်ဝင်စားလျက် ရှိကြသည်။

Sanctions ပိတ်ဆို့မှုဒဏ် ခံနေရသော မြန်မာတပ်မတော်အစိုးရကို တရုတ်နိုင်ငံက စစ်ဖက်အကူအညီပေး၍ ပိုက်ဆံချေးကာ နေရာဝင်ယူလိုက်ခြင်းကြောင့် ရေနံနှင့် ဓါတ်ငွေ့ ရပိုင်ခွင့် ဆုံးရှုံးတော့မည်ကို စိုးရိမ်လာသော နယူး ဒေလီအစိုးရက ၁၉၉၀ ခုနှစ်များ အစောပိုင်း လူ့အခွင့်အရေးကိစ္စ စိုးရိမ်ပူပန်မှုများကို ဘေးသို့ ဖယ်ပစ်ခဲ့သည်။

မြန်မာလယ်ယာထွက်ကုန်အများစုကို ဝယ်ယူနေသော အိန္ဒိယနိုင်ငံက ၎င်း၏ အိမ်နီးခြင်း မြန်မာနိုင်ငံအား အသုံးမချရသေးသော မြေများတွင် စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်စေရန် လိုလားလျက်ရှိသည်။

*************************************************************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment