Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၈.၁၀.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများအတွက် ပိုလန်နိုင်ငံ၏ ကြေညာချက်
    ( 12 Oct 2011 ရက်စွဲပါ ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခွင့်ရ Marcin Bosacki ၏ Statement on Development in Burma/ Myanmar ကို ဘာသာပြန်သည်)
  2. မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားများအပေါ် ကျူးလွန်မှုများ အဆုံးသတ်ရန် အမေရိကန် တိုက်တွန်း
    ( 17 Oct 2011 ရက်စွဲပါ Associated Press မှ Matthew Pennington ရေးသားသော US urges end to abuse of Myanmar minorities ကို ဘာသာပြန်သည်)
  3. လူဝင်မှုဥပဒေအရ ဖမ်းထားသော အကျဉ်းသားများ လဲလှယ်ရန် မလေးရှား၊ မြန်မာ ဆွေးနွေး
    ( Bernama News မှ 17 Oct 2011 ရက်စွဲပါ “ Malaysia, Myanmar Eye Swapping Immigration Detainees” သတင်းကို ဘာသာပြန်သည်)
  4. မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍသို့ နည်းပညာအကူအညီများပေးမည်ဟု အိန္ဒိယကတိပေး
    (15 Oct 2011 ရက်စွဲပါ၊ PTI သတင်းဌာနမှ "India promises assistance to Myanmar in agri sector" ကိုဘာသာပြန်ဆိုသည်)
  5. မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားချိန်တန်ပြီ
    (15 Oct 2011 ရက်စွဲပါ၊ The Straits Times သတင်းစာမှ "Time to lift Myanmar sanctions" ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  6. အာရပ်နွေဦးတော်လှန်ရေးမဟုတ်သော၊ အရှေ့တောင်အာရှ၏ ပြောင်းလဲမှုနွေဦး
    (16 October 2011 ရက်စွဲပါ Reuters မှ Raju Gopalakrishnan ရေးသားသော Summer of change in Southeast Asia but no Arab Spring ကို ဘာသာပြန်ဆိုသည်)

*************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများအတွက် ပိုလန်နိုင်ငံ၏ ကြေညာချက်

( 12 Oct 2011 ရက်စွဲပါ ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခွင့်ရ Marcin Bosacki ၏ Statement on Development in Burma/ Myanmar ကို ဘာသာပြန်သည်)

ပိုလန်နိုင်ငံသည် မြန်မာနိုင်ငံမှ လက်ရှိပြောင်းလဲမှုများကို ကြီးစွာ အလေးပေး ကြည့်ရှုနေသည်။ ထိုနေရာတွင် နိုင်ငံရေးအကျဉ်းသားအချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ မြန်မာအာဏာပိုင်များ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ အဖွဲ့ဝင်များတွင် ဆက်သွယ်ရန် လမ်းဖွင့်ပေးခြင်း၊ အစိုးရ၏ အစွန်းမရောက်သော ချဉ်းကပ်မှုများ ရှင်းရှင်းလင်းလင်း တွေ့လာရခြင်းစသည်တို့သည် ပြည်တွင်းတွင်ရော ပြည်ပတွင်ပါ တိုင်းပြည်၏ အခြေအနေသစ် တစ်ခုကို ဖန်တီးနေခြင်းဖြစ်သည်။

ပိုလန်သည် မြန်မာနိုင်ငံမှ ပြောင်းလဲမှုများကို ကြိုဆိုသည်။ အဆိုပါ ပြောင်းလဲမှုများ ရပ်တန့်မသွားရေးကိုလည်း မျှော်လင့်သည်။ ကျွန်ုပ်တို့အနေဖြင့် ပြောင်းလဲမှုများကို မြန်မာနိုင်ငံနှင့် ၎င်း၏ ပြည်သူများ၏ ကောင်းမွန်သော အနာဂတ်အတွက် အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်သည်။ ကျွန်ုပ်တို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သဘောချင်းကိုက်ညီစွာ ပြောင်းလဲမှုများ တဖြည်းဖြည်း ဖြစ်ပေါ်တိုးတက်မှုကို ပို၍ နှစ်သက်သည်။ ပြင်းထန်သော၊ ရက်စက်သော ဖြစ်ပေါ်မှုများကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆက်လုပ်ရန်ဖြစ်သည်။

ကျွန်ုပ်တို့သည် နိုင်ငံတကာအသိုင်းအဝိုင်း တစ်ခုလုံးနှင့်အတူ မြန်မာနိုင်ငံမှ ကောင်းသတင်းများ ပိုမို ကြားရရန် မျှော်လင့်လျက်ရှိသည်။

မကြာသေးမီက နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorski သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်း စကားပြောခြင်း၊ Under secretary of State ဖြစ်သူ Krzysztof Stanowski သည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခြင်းများ ရှိခဲ့သည်။ ပိုလန်သည် မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများကို အနီးကပ် ကြည့်ရှုသွားမည်ဖြစ်ပြီး၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များ တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်သွားမည်ဖြစ်သည်။

*************************************************************************************

မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားများအပေါ် ကျူးလွန်မှုများ အဆုံးသတ်ရန် အမေရိကန် တိုက်တွန်း

( 17 Oct 2011 ရက်စွဲပါ Associated Press မှ Matthew Pennington ရေးသားသော US urges end to abuse of Myanmar minorities ကို ဘာသာပြန်သည်)

မြန်မာနိုင်ငံအနေဖြင့် ဝါရှင်တန်နှင့် ဆက်ဆံရေးပြောင်းလဲရန်ဆန္ဒ ရှိပါက နိုင်ငံရေးအကျဉ်းသားများ ပိုမိုလွှတ်ပေးရန်နှင့် တိုင်းရင်းသား လူနည်းစုများအပေါ် ကျူးလွန်မှုများ အဆုံးသတ်ရန် အမေရိကန်အစိုးရ တာဝန်ရှိသူ တစ်ဦးက တနင်္လာနေ့က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ် Derek Mitchell က မြန်မာနိုင်ငံတွင် ပိုမို၍ လမ်းဖွင့်ပေးနေမှု လမ်းကြောင်းကို တွေ့ရကြောင်း၊ သို့သော် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော ကတိကဝတ်များနှင့် ပတ်သက်၍ မေးခွန်းများ မေးရန် ကျန်နေသေးကြောင်း ပြောကြားခဲ့သည်။

“ အခုထိတော့ မြန်မာနိုင်ငံမှာ အပယ်ခံနိုင်ငံအဖြစ် ရောက်နေနိုင်သေးတဲ့ ကန့်သတ်ချက်များစွာ ရှိနေသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ မြန်မာနိုင်ငံဟာ ကြီးကျယ်တဲ့ သမိုင်းကြောင်းနဲ့ ဂုဏ်ယူနိုင်တဲ့ နိုင်ငံတစ်ခုပါ။ ဒီတော့ သူတို့ဟာ လောင်းရိပ်အောက်က ရုန်းထွက်ပြီး ဒေသတွင်းမှာ လက်မထောင်နိုင်တဲ့နိုင်ငံ ဖြစ်လာအောင် လုပ်ရပါမယ်” ဟု Mitchell က သတင်းကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ယမန်နှစ်က အပြစ်အနာများစွာရှိသော ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ ၁၉၉၀ ခုနှစ် က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက အနိုင်ရပြီး၊ အာဏာမပေးခဲ့သော ရွေးကောက်ပွဲများအပြီးတွင် ပထမဆုံး ကျင်းပခြင်းဖြစ်သည်။ အစိုးရသည် မကြာသေးမီက အငြင်းပွားနေသည့် တရုတ်တို့ ဆောက်နေသော ရေလှောင်တမံ စီမံကိန်းကို ရပ်ပစ်ခဲ့သည်။ ပြီးခဲ့သည့်အပတ်ကလည်း နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ရှိသည့်အနက် ၂၅၀ ခန့် လွှတ်ပေးခဲ့သည်။

ပြီးခဲ့သည့်လက Mitchell သည် ၎င်းအား ခန့်အပ်ပြီးနောက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ မြန်မာနိုင်ငံ၏ ဆိုးဝါးသော လူ့အခွင့်အရေးမှတ်တမ်းများအရ နှစ်ပေါင်းများစွာ ပစ်ပယ်ထားခဲ့ရာမှ Obama အစိုးရ၏ ဆက်ဆံရေးမူဝါဒ ရှေ့ဆက်နိုင်ရေးအတွက် ရည်ရွယ်ကာ သွားရောက်ခဲ့သည်။

Mitchell က မြန်မာအစိုးရ၏ မကြာသေးမီက လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အားတက်ဖွယ်ဖြစ်ကြောင်း ကြိုဆိုခဲ့ပြီး၊ ၎င်း၏ စက်တင်ဘာလက ခရီးစဉ်ကိုလည်း မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံမှုများ၊ ရလဒ်ကောင်းများ ရခဲ့သည်ဟု ဆိုသည်။ အစိုးရတာဝန်ရှိသူများမှာ ပုံမှန်အားဖြင့် နိုင်ငံခြားသားများအား မနှစ်သက်ဟု အဆိုရှိခဲ့သည်။ Mitchell က ဆက်လက်ပြောကြားရာတွင် ၎င်းတို့သည် မိမိဆွေးနွေးသမျှ အကြောင်းအရာများကို လိုလားစွာ ပြန်လည်ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် အချို့လက္ခဏာများကို ပြသပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးသည် ပြီးခဲ့သည့်လက နယူးယောက်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ပြီးနောက် ဝါရှင်တန်တွင် အမေရိကန်နိုင်ငံခြားရေးဌာနသို့ လာရောက်နိုင်ခဲ့ခြင်း၊ မြန်မာနိုင်ငံအား အခြား နိုင်ငံတကာ တွေ့ဆုံဆွေးနွေးမှုများတွင် အမေရိကန်က ဖိတ်ကြားလျက်ရှိခြင်းများ လုပ်ပေးခဲ့သည်ဟု ဆိုသည်။

Mitchell က ကျန်ရှိသော နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး၊ အစိုးရသည် ဒီမိုကရက်တစ် အတိုက်အခံများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း၊ မြောက်ဖက်နှင့် အရှေ့ဖက်ရှိ တိုင်းရင်းသားများနှင့် ဆွေးနွေးမှုများမှာ တိုးတက်မှုမရှိသေးကြောင်း ပြောခဲ့သည်။ အမျိုးသမီးများနှင့် ကလေးများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ အစီရင်ခံစာများ ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပါပြီ။ ဒီကျူးလွန်မှုတွေ ရှိနေသ၍၊ လက်ခံနိုင်ဖွယ် အစီရင်ခံစာတွေ ထွက်ပေါ်နေသ၍ ဆက်ဆံရေးပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး” ဟု ၎င်းကပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စု များစွာရှိပြီး၊ အများစုကလည်း စစ်အစိုးရအပေါ် လက်နက်ကိုင် တော်လှန်လျက်ရှိကြသည်။ စစ်ဆင်ရေးများတွင်လည်း ရွာသားများကို အိုးမဲ့အိမ်မဲ့ဖြစ်ရသည့် အဖြစ်အပျက် များစွာရှိသည်။ ယခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော ကချင်နှင့် ရှမ်းပြည်နယ်များတွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

*************************************************************************************

လူဝင်မှုဥပဒေအရ ဖမ်းထားသော အကျဉ်းသားများ လဲလှယ်ရန် မလေးရှား၊ မြန်မာ ဆွေးနွေး

( Bernama News မှ 17 Oct 2011 ရက်စွဲပါ “ Malaysia, Myanmar Eye Swapping Immigration Detainees” သတင်းကို ဘာသာပြန်သည်)

မလေးရှားနှင့် မြန်မာနိုင်ငံတို့သည် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဖမ်းဆီးထိန်းသိမ်းထားသူများ လဲလှယ်ရေး အစီအစဉ် အကောင်အထည် ဖော်နိုင်ရေး အလားအလာကို စဉ်းစားသုံးသပ်နေကြသည်ဟု မလေးရှား ပြည်ထဲရေးဝန်ကြီး ဒါတွတ်ဆရီ ဟီရှာမူဒင်တွန်ဟူစိန်က ပြောကြားသည်။

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများတွင် မြန်မာနိုင်ငံသား ၁၀၀၀ ခန့် လတ်တလော ရှိနေကြောင်း ဝန်ကြီး ဒါတွတ်ဆရီက ပြောကြား ခဲ့သော်လည်း မြန်မာနိုင်ငံ၌ လူဝင်မှုဥပဒေဖြင့် ဖမ်းဆီးထားသော မလေးရှား အရေအတွက်ကိုမူ မသိရှိရသေးဟု ဆိုသည်။

မလေးရှား ပြည်ထဲရေးဝန်ကြီးက မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်အား ကွာလာလမ်ပူတွင် လက်ခံတွေ့ဆုံပြီးနောက်တွင် “ ဒီကိစ္စဟာ ကျွန်တော်တို့ရဲ့ ထိန်းသိမ်းရေးစခန်းတွေက လူအရေအတွက် လျှော့ချရေးကို အထောက်အကူပြုမှာ ဖြစ်သလို ဒေသတွင်း အလုပ်သမား ပြောင်းရွှေ့မှုနဲ့ လူဝင်မှု ဥပဒေဆိုင်ရာ ကိစ္စတွေမှာ မြန်မာနဲ့ မလေးရှားအကြား ကောင်းကောင်းဆက်ဆံဆောင်ရွက်နေတာကို ပြသနေပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ၏ လက်ရှိ “ 6 P” အစီအစဉ်အရ မှတ်ပုံတင်ကြသူ မြန်မာနိုင်ငံသား ၂၅၇,၀၀၀ ရှိပြီး တရားမဝင် ဝင်ရောက်သူ ၁၄၄,၀၉၈ ခန့်ရှိသည်ဟု သိရသည်။ ၎င်း “6 P” အစီအစဉ်သည် မလေးရှားအာဏာပိုင်များက နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသူများအပေါ် ကြီးကြီးမားမား အသိအမှတ်ပြုကာ လွတ်ငြိမ်းခွင့် ပေးလိုက်သည့် အစီအစဉ်တစ်ခုဖြစ်သည်။

“ နောက်တစ်ချက်က တရားဝင် နေထိုင်သူတွေလည်း အကုန်လုံး အလုပ်အကိုင်ရကြမှာ မဟုတ်ဘူးဆိုတော့ နေရပ်ပြန်ပို့တဲ့ လုပ်ငန်းစဉ် ချောချောမွေ့မွေ့ ဖြစ်စေဖို့အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ရှိကြဖို့ အရေးကြီးပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

ထို့အပြင် နှစ်နိုင်ငံစလုံးနှင့် ပတ်သက်နေသည့် ရာဇဝတ်မှု ဆက်စပ်ကိစ္စရပ်များ အပါအဝင် လူဝင်မှုပြဿနာများကို ဖြေရှင်းရန်အတွက် ပူးတွဲလုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းကြမည်ဟု မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။ ယင်းကော်မတီ၏ ပထမဆုံး အစည်းအဝေးကို လာမည့်အပတ်တွင် ကျင်းပမည်ဟု မျှော်လင့်ရသည်။

ဝန်ကြီးက ဆက်လက်၍ ကွာလာလမ်ပူသည် မူးယစ်ဆေးဝါး၊ လက်နက်နှင့် တရားမဝင် လူကုန်ကူးမှုများ ပတ်သက်ယှက်နွယ်နေသော နယ်စပ်ဖြတ်ကျော် မှုခင်းများကို ကိုင်တွယ်ရန် မြန်မာတို့နှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မည်ဟု ရှင်းလင်းပြောကြားသည်။

စာရွက်စာတမ်းအတုနဲ့ ခရီးသွားတဲ့ကိစ္စကလည်း ကျွန်တော်တို့ ဆွေးနွေးမယ့်ကိစ္စထဲမှာ ပါဝင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မနှစ်က ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အမှု ၄၆ မှု ရှိခဲ့ပြီး ဒီနှစ် သြဂုတ်လအထိ ၁၃ မှု ရှိခဲ့ပါတယ်ဟု မလေးရှားဝန်ကြီးက ပြောကြားသည်။

*************************************************************************************

မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍသို့ နည်းပညာအကူအညီများ ပေးမည်ဟု အိန္ဒိယကတိပေး

(15 Oct 2011 ရက်စွဲပါ၊ PTI သတင်းဌာနမှ "India promises assistance to Myanmar in agri sector" ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးဆိုင်ရာနယ်ပယ်များ၊ အထူးသဖြင့် ဆန်နှင့် ပဲ ကဲ့သို့သော အရေးပါသည့် ကောက်ပဲသီးနှံများအတွက် နည်းပညာဆိုင်ရာ အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကတိကဝတ်ပြုပြောဆိုလိုက်သည်။

မြန်မာနိုင်ငံသမ္မတဦးသိန်းစိန် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံသို့ရောက်ရှိစဉ် အိန္ဒိယလယ်ယာစိုက်ပျိုးရေးဝန်ကြီး Harish Rawat က ယင်းသို့ နည်းပညာ အထောက်အပံ့များ ပေးမည်ဟု ကတိပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တွင် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့်အတူ အိန္ဒိယလယ်ယာ စိုက်ပျိုးရေး သုတေသနအင်စတီကျု (IARI)နှင့် ပူးတွဲလုပ်ကိုင်ဆောင်ရွက်မှုများရှိသော လုပ်ငန်းရှင်ကြီးများလည်း ပါဝင်သည်။

မြန်မာနိုင်ငံကဆန်နှင့် ပဲ ကဲ့သို့သော အရေးကြီးသည့်ကောက်ပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် အိန္ဒိယနိုင်ငံမှ နည်းပညာ အကူအညီများ ရရှိရန်နည်းလမ်းရှာဖွေလျက်ရှိရာ အိန္ဒိယလယ်ယာစိုက်ပျိုးရေးဝန်ကြီး Harish Rawat ကလည်း အပြုသဘောဆောင်စွာ တုံ့ပြန်အကူအညီ ပေးနိုင်ခဲ့ကြောင်း IARI မှ သတင်းရင်းမြစ်များကဆိုသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင်းမှ မွေးမြူရေးအခန်းကဏ္ဍတွင် နို့နှင့် နို့ထွက်ပစ္စည်းများထုတ်လုပ်မှု မြှင့်တင်နိုင်ရေး အတွက်လည်း အိန္ဒိယနိုင်ငံမှနည်းပညာဆိုင်ရာ အကူအညီအထောက်အပံ့များ ရယူနိုင်ရန်လည်းကြိုးပမ်းခဲ့ကြသည်။ အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး နို့ထွက်ရှိသည့် နိုင်ငံဖြစ်သည်။

မြန်မာပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်ရေးကုမ္ပဏီများနှင့် လုပ်ငန်းရှင်များအဖွဲ့နှင့် IARI အကြား နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးကာ မြန်မာပြည်တွင်းမှ အရေးကြီးသော သီးနှံမျိုးစေ့များထုတ်လုပ်သည့် နယ်ပယ်တွင် ကဏ္ဍအလိုက် သုတေသနလိုအပ်ချက်များ ဖြစ်ပေါ်လာပါက အသေးစိတ် အကူအညီများ ပေးသွားမည်ဟု IARI ကထပ်မံကတိပေးပြောဆိုခဲ့မှုအပေါ် မြန်မာသမ္မတဦးသိန်းစိန်က များစွာအားရနှစ်သက်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်များကဆိုသည်။

အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် အိန္ဒိယအကူအညီဖြင့် ထူထောင်ထားသော အဆင့်မြင့်လယ်ယာစိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဆိုင်ရာစင်တာ (ACARE)သို့ အိန္ဒိယပညာရှင်များ စေလွှတ်ပြီးလေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးရန်လည်း ဦးသိန်းစိန်က အဆိုပြုခဲ့သည်။

ထို့ပြင် အိန္ဒိယနိုင်ငံမှ Tractors များ ဝယ်ယူရန် စိတ်ဝင်စားမှုရှိကြောင်းလည်း မြန်မာကိုယ်စားလှယ်အဖွဲ့က ထုတ်ဖော်ခဲ့သည်။

*************************************************************************************

မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားချိန်တန်ပြီ

(15 Oct 2011 ရက်စွဲပါ၊ The Straits Times သတင်းစာမှ "Time to lift Myanmar sanctions" ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လက်တလော နိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည့် အရေးကိစ္စနှင့် ပတ်သက်၍ သံသယဖြစ်စရာ အခြေခံအကြောင်းအရင်း တချို့ရှိနေသည်။ အကြောင်းမှာ မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည့်တိုင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့် ဆက်လက် ချုပ်နှောင်ခံထားရဆဲ ဖြစ်သောကြောင့်ဖြစ်သည်။

အဆိုပါကိစ္စသည် ၂၀၁၄ ခုနှစ် အလှည့်ကျ အာဆီယံဥက္ကဋ္ဌရာထူး ရယူနိုင်ရေးအတွက် နောက်ယောင်ခံ ကြိုးပမ်းချက်တစ်ရပ် မဟုတ်ပါဟုလည်း မည်သူကမျှ အာမခံပြောဆိုဝံ့မည်မဟုတ်ပေ။ လာမည့် လအနည်းငယ်ဆိုလျှင် မြန်မာစစ်တပ်မှ သဘောထားတင်းမာသူ Hardliner များအနေဖြင့် ၎င်းတို့၏ အနေအထားကို ထိခိုက်စေနိုင်မည့် မည်သို့သောနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကိုမဆို ဆန့်ကျင်လာကြလိမ့်မည် ဖြစ်သည်။

အချိန်ကာလကြာမြင့်စွာ စောင့်ဆိုင်းလာရသောကြောင့် စိတ်ပျက်ငြီးငွေ့နေပြီဖြစ်သော မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများကလည်း ယခင်တစ်ချိန်က အတိုင်း ပြုပြင်ပြောင်းလဲမှုများနှင့် ပွင့်လင်းလာမှုများ ပြုလုပ်ပြီးနောက်ပိုင်းတွင် ဖိနှိပ်ဖြိုခွင်းမှုများ တစ်ပါတည်းထွက်ပေါ်လာမည်ဟု ထောက်ပြ ပြောဆိုလာကြလိမ့်မည် ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်ဖြစ်ပေါ်လာသော ပြုပြင်ပြောင်းလဲမှုများ၏ အလားအလာနှင့် နက်နဲမှုများမှာ များစွာ လေးနက်ကျယ်ပြန့်ပြီး အရေးတကြီး စောင့်ကြည့် လေ့လာရမည့် အခြေအနေမျိုးဖြစ်သည်။ မြန်မာအစိုးရသစ်က နိုဘယ်လ်ငြိမ်းချမ်းရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ ဒိုင်ယာလော့ခ်များပြုလုပ်ခြင်း၊ ဝေဖန်ပြောဆိုမှုများအပေါ်သည်းညဉ်းခံခြင်း၊ တိုင်းရင်းသား လူနည်းစုအဖွဲ့အစည်းများ (တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ) ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း အစရှိသည်တို့ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် ယင်းသို့ အကျဉ်းသားများလွတ်မြောက်ခွင့် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၀ပြည့်နှစ်၊ နိုဝင်ဘာလတွင်မူ မြန်မာနိုင်ငံသည် သမိုင်းဝင်ရွေးကောက်ပွဲကြီးတစ်ရပ်ကို ကျင်းပနိုင်ခဲ့ပြီး နေအိမ်အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းထားသော ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အစိုးရကလွှတ်ပေးခဲ့သည်။

အစိုးရ၏ ဆင်ဆာဘုတ်အဖွဲ့ အကြီးအကဲသည်ပင် ဆင်ဆာတည်းဖြတ်မှုသည် ဒီမိုကရေစီကျင့်စဉ်များနှင့် ကိုက်ညီမှုမရှိကြောင်း ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်လာသည်။ မြန်မာနိုင်ငံနှင့်ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာနှင့် အခြေအနေများတွင် ပြုပြင်ပြောင်းလဲမှုကို ရမ်းဆပြောဆို ကြည့်ခြင်းသည်လည်း ရဲရင့်မှု တစ်ခုကဲ့သို့ပင် ဖြစ်လေသည်။

ယခုလိုအခြေအနေမျိုးတွင် အနောက်အနေဖြင့် အခန်းကဏ္ဍတစ်ခုမှ ဝင်ရောက်ကြည့်ရန်လိုအပ်မည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် သြစတြေးလျအစရှိသည့် နိုင်ငံများသည်မြန်မာနိုင်ငံအပေါ် သတ်မှတ်ပြဌာန်းထားသည့် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးစေလိုပါက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းသည် မရှိမဖြစ်လိုအပ်သည့် အဆင့်တစ်ခုဖြစ်ကြောင်း နှစ်ကာလကြာမြင့်စွာ ပြောဆိုခဲ့ကြသည် မဟုတ်ပါလော။ မြန်မာအစိုးရသစ်က လွှတ်ပေးလိုက်သော နိုင်ငံရေးအကျဉ်းသားဦးရေသည် အနည်းငယ်မျှသာဖြစ်သည်ဟူသော အချက်မှာ သံသယဖြစ်စရာမရှိပေ။

သို့သော် ယင်းသို့နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးသည်ဟူသော လုပ်ရပ်သည် မှန်ကန်သော လမ်းကြောင်းကိုရောက်ရှိမည့် အဆင့်တစ်ခုဟု ကျိန်းသေပြော၍ ရပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင်မူ တရုတ်နိုင်ငံက ဒေါ်လာ ၃ ဒဿမ ၆ သန်းတန် မြစ်ဆုံစီမံကိန်းကြီးကို မြန်မာအစိုးရက ရပ်ဆိုင်းပစ်လိုက်သည်။ အဆိုပါလုပ်ရပ်ကိုကြည့်လျှင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် မည်မျှပင်အသုံးဝင်သည့် မဟာဗျူဟာမိတ်ဖက်နှင့် ရင်းနှီးမြှုပ်နှံသူဖြစ်နေစေကာမူ မြန်မာအစိုးရက အနောက်နိုင်ငံများအား မြန်မာပြည်တွင်းသို့ဝင်ရောက်ပြီး သိသာထင်ရှားသောအခန်းကဏ္ဍတစ်ခု ရယူစေလိုသည်ဟူသော အချက်မှာပေါ်လွင်သည်။

ထို့အတူအနောက်နိုင်ငံများက ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများကို အသုံးချပြီး အဓိကပစ်မှတ်ထားသည့် နိုင်ငံများ၏အပြုအမူများ ပြောင်းလဲလာအောင် လုပ်ဆောင်ခြင်းသည် ထိရောက်မှုမရှိဟူသောအချက်ကို မြန်မာနိုင်ငံက မငြင်းနိုင်လောက်အောင် သက်သေပြလိုက်ပြီးဖြစ်သည်။

မြန်မာ့အရေးကိစ္စကို ကြည့်မည်ဆိုပါက ပိတ်ဆို့အရေးယူမှုများက မြန်မာစစ်အစိုးရခေါင်းဆောင်များ ပိုမိုခေါင်းမာလာအောင် လုပ်လိုက်သလို ဖြစ်စေပြီး ၎င်းတို့နှင့်ဆက်နွှယ်သူများသာ ချမ်းသာကြွယ်ဝခွင့်ရရှိခဲ့သည်။

ဆင်းရဲနွမ်းပါးသူမြန်မာပြည်သူများမှာ ပြောင်းပြန်သဘောမျိုးဆောင်သည့် အကျိုးသက်ရောက်မှုသာရရှိခဲ့ကာ ထိခိုက်နစ်နာခဲ့ကြရသည်။

နိုင်ငံတကာအကျပ်အတည်းများကို စောင့်ကြည့်လေ့လာလျက်ရှိသည့် International Crisis Group(ICG) ကမူ မကြာသေးခင်က မြန်မာ့အရေးနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ရာတွင် “ပိတ်ဆို့အရေးယူမှုများသည် မြန်မာခေါင်းဆောင်ပိုင်းများအကြား တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးဖြင့် ပိုမိုထိန်းချုပ်လာစိတ်ပေါက်လာအောင် အားပေးအားမြှောက် ပြုလုပ်သကဲ့သို့ရှိပြီး သာမန်မြန်မာပြည်သူများကို ထိခိုက်နစ်နာစေသည်” ဟု ဖော်ပြသည်။ ယခုနှစ်အတွင်း တွေ့မြင်ရသော လျှင်မြန်သည့် မြန်မာ့နိုင်ငံရေးပြောင်းလဲမှုခြေလှမ်းများက ပိတ်ဆို့အရေးယူမှု ပြုလုပ်သည့်ကိစ္စအပေါ် ယုံကြည်မှုကင်းမဲ့သွားအောင် ပြုလုပ်လိမ့်မည်ဖြစ်သည် ဟု ICG ကအစီရင်ခံစာတွင် ထောက်ပြဝေဖန်ထားသည်။

ပြီးခဲ့သည့်ဇန်နဝါရီလတွင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)က အနောက်အနေဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးရန် တောင်းဆိုခဲ့မှုသည် မှန်ကန်သည့်လမ်းကြောင်းပေါ်မှ လုပ်ရပ်တစ်ခုဟုဆိုရမည်။

ယခုဆိုလျှင် ၉ လကျော်ကြာမြင့်သွားပြီဖြစ်သည်။ ယင်း ၉ လဟူသောအချိန်ကာလမှာ နိုင်ငံရေးတွင် ရှည်လျားသော အချိန်အပိုင်းအခြား တစ်ခုပင် မဟုတ်ပါလော။ မြန်မာနိုင်ငံသည် ၎င်း၏ ရိုးရှင်းမှုကို ထုတ်ဖော်ပြသရန် ခရီးရှည်ကြီး နှင်ခဲ့ရပြီဖြစ်ရာ မျက်မှောက်အချိန်ကာလသည် အနောက်အနေဖြင့် တစ်စုံတစ်ခုကို ပြန်လည်စဉ်းစားဆင်ခြင်ရန် အချိန်ပင်ဖြစ်ကြောင်းဖော်ပြလိုသည်။

*************************************************************************************

အာရပ်နွေဦးတော်လှန်ရေးမဟုတ်သော၊ အရှေ့တောင်အာရှ၏ ပြောင်းလဲမှုနွေဦး

(16 October 2011 ရက်စွဲပါ Reuters မှ Raju Gopalakrishnan ရေးသားသော Summer of change in Southeast Asia but no Arab Spring ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အစိုးရ၏ တင်းကြပ်သော ချုပ်ကိုင်ထားမှုများကို သတိထား၍ ဖြေလျော့ပေးခြင်း သည် ယခုရက်သတ္တပတ်များအတွင်း အများ၏ အာရုံပြုမှုကို ခံခဲ့ရသည်။ သို့သော် ထိုအဖြစ်အပျက်များသည် အရှေ့တောင် အာရှ၏ နိုင်ငံရေးပြောင်းလဲမှုနွေဦးကာလများမှ အဖြစ်အပျက်များအနက် တစ်ခုသာလျှင် ဖြစ်သည်။

အရှေ့တောင်အာရှတွင် အာရပ်နွေဦးတော်လှန်ရေးကဲ့သို့ ပြန်လည်ဖြစ်ပေါ်ခြင်းမဟုတ်ပေ။ ဒေသတွင်းတွင် နိုင်ငံရေးအရ ပိုမိုလမ်းပွင့် သွားမှုများက သော်လည်းကောင်း၊ ရွေးကောက်ပွဲများဖြင့်လည်းကောင်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

စင်္ကာပူတွင် ကာလရှည်ကြာကပင် အုပ်ချုပ်ခဲ့သော People’s Action Party သည် မေလရွေးကောက်ပွဲတွင် အာဏာပြန်ရသော်လည်း မဲအရေအတွက် စံချိန်တင်ကျဆင်းခဲ့သည်။ ဈေးနှုန်းများတက်မှု၊ လူများ ရွှေ့ပြောင်းလာမှုဖြင့် တက်လာခြင်းများအပေါ် အစိုးရက တုန့်ပြန်မှုမရှိဟု ပြည်သူများက ခံစား၍ စိတ်ဆိုးကြသည်။ ဝန်ကြီးချုပ် လီရှန်လွန်းက ရွေးကောက်ပွဲသည် အရေးကြီးသော ပြောင်းလဲမှုကို ဖြစ်စေခဲ့ပြီး၊ နိုင်ငံရေးရှုခင်းကို ပြောင်းလဲပေးလိုက်သည်ဟု ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် ဝန်ကြီးချုပ် Najib Razak သည် ခြုံငုံချမှတ်ထား၍ ထိရောက်မှုမရှိသော လုံခြုံရေး ဥပဒေနှစ်ခုကို ဖျက်သိမ်းခဲ့သည်။ မီဒီယာကို ကန့်သတ်ထားမှုများကို ဖယ်ရှားပေးခဲ့သည်။ ထိုသို့ လုပ်ဆောင်လာခြင်းမှာ ပြီးခဲ့သည့် ဇူလိုင်လက ကွာလာလမ်ပူတွင် ပိုမိုကောင်းမွန်သော အုပ်ချုပ်ရေးအတွက် ကြီးမားသော စီတန်းလှည့်လည်မှုအပေါ် ရဲများ၏ လုပ်ရပ်အား ပြင်းထန်စွာဝေဖန်မှုများ ထွက်ပေါ်လာအပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင်လည်း ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ပါတီသည်ရွေးကောက်ပွဲများတွင် အာဏာရပါတီအပေါ် အနိုင်ရခဲ့ရာ ပြီးခဲ့သည့်နှစ်က သွေးထွက်သံယိုဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော ၎င်း၏ရှပ်နီဝတ် ထောက်ခံသူများ၏ အောင်ပွဲပင်ဖြစ်သည်။

“အလွယ်ဆုံးနည်းနဲ့ပြောရရင်တော့၊ ဒါတွေဟာ ဒီမိုကရေစီကို ဦးတည်ပြီး ရွှေ့နေတာပါပဲ။ နိုင်ငံအရေးအရ ပိုမိုဖြေလျော့တဲ့ဆီကို ဦးတည်နေတာပါ။ သွားနေတဲ့နှုန်းက မတူပေမယ့် ရလဒ်တွေရှိနေပါတယ်။ ဒါပေမယ့် အခက်အခဲတွေလည်း အများကြီးရှိပါတယ်” ဟု စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS)မှ နိုင်ငံရေးသိပ္ပံတွဲဖက်ပါမောက္ခ Jaime Davidson က ပြောသည်။

“ဒီရုန်းကန်ရတဲ့ ကိစ္စမှာ ဒေသတွင်းမှာရှိတဲ့ ရှေးရိုးဆန်တဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ လူတွေဟာ ပေါ်လစီ အီလစ်တွေ၊ စီးပွားရေးအီလစ်တွေ စစ်တပ်တွေက အီလစ်တွေဖြစ်ချင်ဖြစ်မယ်။ သူတို့ဟာ ရှေ့ကို သွားနေတဲ့ ဒီလုပ်ငန်းစဉ်ကြီးကို ချုပ်ကိုင်ပြီး နောက်ပြန်ဆွဲဖို့ ကြိုးစားနေကြပါတယ်။ ဒါဟာအားလုံးရဲ့ ဆက်စပ်နေတဲ့ ရုပ်ကားချပ်ပါပဲ” ဟု ၎င်းက ပြောသည်။

လမ်းကြောင်းကို ခြုံငုံကြည့်လျှင် တူနေသော်လည်း၊ အဖြစ်အပျက်များသည် တစ်ခုနှင့်တစ်ခုတည်မှီ နေသည်ဟု ပြောရန် အထောက်အထား မရှိသလောက် ဖြစ်ကြောင်း Davicon က ပြောသည်။ ဒီအဖြစ်အပျက်တွေ ဖြစ်နေတာ နှစ်အနည်းငယ်ရှိခဲ့ပါပြီ။ ဒီတော့ မရည်ရွယ်မစီစဉ်ပဲ ဖြစ်လာတော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုဖြစ်လို့ နောက်တစ်ခုလိုက်ဖြစ်ရတာလည်း မဟုတ်ပါဘူး ဟု ၎င်းကပြောသည်။

Air Asia ၏ သက်ရောက်မှု

လွန်ခဲ့သော မျိုးဆက်က အရှေ့တောင်အာရှနိုင်ငံ အတော်များများတွင် အာဏာရှင်သို့မဟုတ် ဗိုလ်ချုပ်များက အုပ်ချုပ်ခဲ့ကြသည်။ ၁၉၈၆ ခုနှစ်တွင် ဖိလစ်ပိုင်၌ ဖာဒီနန်မားကို့စ်ကို ဖယ်ရှားခဲ့ခြင်း၊ ၁၉၉၈ တွင် အင်ဒိုနီးရှား၌ သမတဆူဟာတိုကို ဖယ်ရှားခဲ့ခြင်းများသည် ပြောင်းလဲမှုများဖြစ်စေရန် ပျံ့နှံ့သွားခဲ့ရာ၊ ဒေသတွင်းတွင် ဆက်တိုက် မဟုတ်သော်လည်း ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့သည်။

စင်္ကာပူနှင့် မလေးရှားတို့တွင် ထိန်းချုပ်ထားသော ဒီမိုကရေစီမှာ ယခုအခါပို၍ ဖြေလျော့ပေးလာပြီ ဖြစ်ပါသည်။ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့တွင် စစ်တပ်နောက်ခံပြုသော အစိုးရများသည် ရွေးချယ်တင် မြှောက်သော အစိုးရများကို ဦးစားပေးလာပြီး၊ ဒေသတွင်းအများစုပါဝင်သော နိုင်ငံများအဖြစ် မြင်တွေ့လာရသည်။

ဘရူနိုင်းနိုင်ငံသာ တင်းကြပ်သော ဘုရင်အုပ်စိုးသည့် နိုင်ငံအဖြစ်ရှိနေဆဲဖြစ်ပြီး၊ ဗီယက်နမ်နှင့် သေးငယ်သော အင်ဒိုချိုင်းနား နိုင်ငံလေးများမှာလည်း အများကြီးလိုအပ်နေဆဲဖြစ်သည်။ သို့သော်လက်ခံနိုင်သော လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း သုံးသပ်သူများက ဆိုသည်။

“အရှေ့တောင်အာရှရဲ့ နိုင်ငံရေးကိုစောင့်ကြည့်နေသူတွေကတော့ ဒီလမ်းကြောင်းတွေကိုမြင်ခဲ့တာ နှစ်ကြာပါပြီ”ဟု International Crisis Group မှ အရှေ့တောင်အာရှပရော့ဂျက်ဒါရိုက်တာ Jim Della – Giacoma က ပြောသည်။

Della-Giacoma က အရှေ့တောင်အာရှနိုင်ငံများရှိ အဖြစ်အပျက်များအတွင်း တစ်ခုနှင့်တစ်ခုဆက်စပ် ပတ်သက်မှုကို Air Asia ၏ သက်ရောက်မှု (Air Asia Effect)ဟု ဖော်ပြခဲ့သည်။ ပြည်သူများ ခရီးသွားကြခြင်းကြောင့် နိုင်ငံရေးစနစ်အမျိုးမျိုးကို သတိပြုကြည့်ရှုမိလာသည်ဆိုသည့် သဘောပင်ဖြစ်သည်။

“ဒေသတွင်း တစ်ခွင်မှာခရီးသွားတဲ့ ပမာဏ အရမ်းတက်လာပါတယ်။ တန်ဖိုးနည်း လေကြောင်းလိုင်း တွေကြောင့် လူတွေခရီးသွားလာပြီး နိုင်ငံတွေမှာ မတူတဲ့လုပ်နည်းလုပ်ဟန်တွေကို တွေ့လာကြပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မထူးခြားနားစွာလုပ်ဆောင်နေကြပေမယ့်၊ အိမ်နီးချင်းတွေအနေနဲ့ အပြန်အလှန် ဆက်ဆံမှုတွေ ရှိကြပါတယ်” ဟု ၎င်းက ပြောသည်။

တမူကွဲသော ပုံစံ

အရှေ့တောင်အာရှနွေရာသီတွင် လုံးဝပုံစံကွဲ၍ ထွက်ပေါ်လာသည်မှာ မြန်မာနိုင်ငံဖြစ်သည်။ ဧပြီလတွင် စစ်အစိုးရဖျက်သိမ်းသွားခဲ့ပြီး အာဏာရလာသော စစ်တပ်နောက်ခံပြုအရပ်သားအစိုးရသည် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခဲ့ပါသည်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ဆောင်ခဲ့သည်။ တိုင်းရင်းသားသူပုန်များနှင့် စကားပြောရန် ကမ်းလှမ်းခဲ့သည်။ အများစု ဆန့်ကျင်သော တရုတ် ဆောက်လုပ်နေသော ရေကာတာကို ရွှေ့ဆိုင်းခဲ့သည်။

သို့သော် ပြောင်းလဲမှုများကို အစိုးရက လုပ်ဆောင်သွားခြင်းဖြစ်ပြီး၊ စင်္ကာပူနှင့်မလေးရှားမှာကဲ့သို့ ပေါ်ပြူလာဖြစ်သော အများသဘောထားက လုပ်ဆောင်ခြင်းမဟုတ်ကြောင်း Singapore Institute of International Affairs မှ ဥက္ကဋ္ဌ Simon Tay က ပြောသည်။

မြန်မာနိုင်ငံကို တစ်ချိန်က စစ်အစိုးရအပေါ်တော်လှန်မှုများ၏ အသီးအပွင့်များရလာမည်ဟု မြင်ခဲ့ကြသည် မှန်သော်လည်း၊ လက်ရှိပြုပြင်ပြောင်းလဲမှုများမှာ အရှေ့အလယ်ပိုင်းတွင် ဖြစ်ပျက်သော ကိစ္စများကြောင့်မဟုတ်ပေ။

“မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ ဇူလိုင်လလယ်ကစပြီး ရုတ်တရက်အရှိန် ကောင်းကောင်းနဲ့ ဖြစ်ပေါ်နေတယ်ဆိုပေမယ့် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ စီမံခန့်ခွဲတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ သမ္မတဟာ ပြည်တွင်းနိုင်ငံရေးအငြင်းပွားမှုတွေကို ရွေးချယ်တဲ့ ပုံပေါ်ပါတယ်”ဟု Della-Giacoma က ပြောသည်။

“အစိုးရက အခုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေဟာ အရှေ့အလယ်ပိုင်းလို ဖြစ်မှာစိုးလို့ ကြောက်ပြီးလုပ်တာ မဟုတ်ပါဘူး။ မြန်မာပြည် ခေတ်နောက်ကျကျန်ခဲ့မှာ စိုးရိမ်လို့ ပိုဖြစ်နိုင်ပါတယ်”ဟု ၎င်းက ဆိုပါသည်။

“အနှစ်နှစ်ဆယ်ထက်မနည်း အထီးကျန်ဖြစ်ခဲ့သော သူ့ရဲ့ အရှေ့တောင်အာရှ အိမ်နီးချင်းတွေနောက်မှာ ကျန်ခဲ့ပြီး ကြွယ်ဝမှုနဲ့ အလားအလာ ကောင်းတွေ နောက်ကျကျန်ခဲ့လို့၊ အခု အမှီလိုက်ချင်နေတာပါ”ဟု ဆိုသည်။

*************************************************************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment