Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၉.၁ဝ.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1.  နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်အောင် ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြု

(AFP သတင်းမှ 19 Oct 2011 ရက်စွဲပါ “ Suu Kyi vows fight to free Myanmar dissidents” သတင်းကို ဘာသာပြန်ဆိုသည်)

  1. စွမ်းအင်နှင့် လုံခြုံရေး ကိစ္စများ အိန္ဒိယနှင့် မြန်မာ အဓိကအလေးထား

(Frontier India News Network မှ 16 Oct 2011 ရက်စွဲပါ "India and Burma focus on energy and security" ကို ဘာသာပြန်ဆိုသည်)

  1. တရုတ်စီးပွားရေး တိုးတက်မှု ၉.၁% ရှိ

(18 October 2011 ရက်စွဲပါ CNN Money မှ Annalyn Censky ရေးသားသော China’s economy grows at 9.1% ကို ဘာသာပြန်ဆိုသည်။)

  1. စစ်မှန်သောပြောင်းလဲမှုများနှင့် နီးကပ်နေသော်လည်း ဝေးနေဆဲမြန်မာ

(18 October 2011 ရက်စွဲပါ The Nation မှ ခေါင်းကြီးပိုင်းဖြစ်သော Burma: So Close and Yet so far from real change ကို ဘာသာပြန်ဆိုသည်)

  1. တပ်မတော်အစိုးရ  မူလသဏ္ဍာန်ကို ပြန်ပြောင်းမည်လား

(Foreign Policy မှ 18 Oct 2011 ရက်စွဲပါ “Burma’s Junta: Can a Tiger Change its Stripes?” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. အိန္ဒိယက မြန်မာကိုဘာကြောင့်စည်းရုံးနေသလဲ

(The Diplomet မှ 16 Oct 2011 ရက်စွဲပါ Why India courts Burma သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. အပယ်ခံ မြန်မာနိုင်ငံ တကယ်ဖွင့်ပြီလော

(14 Oct 2011 ရက်စွဲပါ The Star မှ Martin Petty ရေးသားသော Is reclusive Myanmar really opening up? ကို ဘာသာပြန်ဆိုသည်)

******************************************************************************

နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်အောင် ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြု

(AFP သတင်းမှ 19 Oct 2011 ရက်စွဲပါ “ Suu Kyi vows fight to free Myanmar dissidents” သတင်းကို ဘာသာပြန်ဆိုသည်)

                မြန်မာနိုင်ငံ၏ အဓိကသော့ချက် အတိုက်အခံ နိုင်ငံရေးသမားများစွာကို သံတိုင်များနောက်တွင် ချန်ထားခဲ့သော လတ်တလော လွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ်အပြီးတွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်အောင် ကြိုးစားမည်ဟု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် ကတိပြုလိုက်သည်။

                နိုင်ငံရေးအကျဉ်းသား ၂၂၇ ဦးကို အစိုးရက လွှတ်ပေးလိုက်သော်လည်း ၁၉၈၈ ခုနှစ် ကျောင်းသားများ ဦးဆောင်သော လူထုအုံကြွမှုတွင် လုပ်ရှားခဲ့ကြသော သော့ချက်ပုဂ္ဂိုလ်များ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ နီးပါး ထောင်ထဲတွင် ကျန်ရှိနေသည်ဟု NLD ၏ အဆိုအရ သိရှိရ သည်။

                “ကျောင်းသားခေါင်းဆောင် အများစုဟာ ခုထိ မလွှတ်သေးပါဘူး၊ သူတို့ လွတ်မြောက်လာအောင် ကျွန်မတို့ ဆက်ပြီးကြိုးပမ်းသွားမှာပါ” ဟု ထောင်ဒဏ် ၆၅ နှစ် ကျနေသူ “၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်” မင်းကိုနိုင်၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် က သတင်းထောက်များအား ပြောကြားခြင်းဖြစ်သည်။

                ရန်ကုန်မြို့န်းကြီးကျောင်းတစ်ကျောင်းတွင် ပြုလုပ်သော အဆိုပါအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က “ဘာကြောင့် နိုင်ငံရေး အကျဉ်း သားတွေကို လွှတ်စေချင်တာလဲဆိုရင် ကျွန်မတို့နိုင်ငံကို တကယ် လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံ ဖြစ်လာစေချင်လို့ပါ” ဟု မှတ်ချက်ပေး ပြောဆိုခဲ့ သည်။

                ၂၀၀၇ ခုနှစ်က သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ပတ်သက်မှုဖြင့် ထောင်ဒဏ် ကျခံနေရသူ မင်းကိုနိုင်သည် ၎င်း၏ ၄၉ နှစ်မြောက် မွေးနေ့ကို ရှမ်းပြည်အရှေ့မြောက်ပိုင်း ကျိုင်းတုံ အကျဉ်းထောင်ထဲတွင် ဖြတ်သန်းခဲ့ရသည်။

                ယခင်သီတင်းပတ်က အကျဉ်းသား ၆၀၀၀ ကျော် လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား မဆိုစလောက်သာ ပါဝင်ခဲ့ခြင်းကြောင့် စိတ်အနှောင့် အယှက် ဖြစ်ရကြောင်း NLD က ထုတ်ဖော်ပြောကြားသည်။

                ယခုနောက်ဆုံး လွတ်မြောက်လာသူများထဲတွင်ပါဝင်သော “နာမည်တစ်လုံးဖြင့် ထင်ရှားကျော်ဇောသူ” ဇာဂနာကလည်း နိုင်ငံရေးအကျဉ်းသား များစွာကို ဆက်လက် ထိန်းသိမ်းထားသည့် အစိုးရ၏ ဆုံးဖြတ်ချက်ကို ဝေဖန် ပြောဆိုခဲ့သည်။

                ယခုအခါ နိုင်ငံတစ်ဝှမ်း အကျဉ်းထောင်များထဲတွင် ကျန်နေသော နိုင်ငံရေးအကျဉ်းသားများထံ သွားရောက်တွေ့ဆုံအားပေးရန်အတွက် သရုပ် ဆောင်များ၊ လူရွှင်တော်များ ပါဝင်သော အဖွဲ့တစ်ခုကို ဇာဂနာက စုစည်းစီစဉ်လျက်ရှိသည်။

                “ထောင်တွေထဲမှာ ကျန်နေသေးတဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီ သွားရောက်တွေ့ဆုံနိုင်ဖို့ ကျွန်တော် ကြိုးစားသွားမှာပါ” ဟု အထက်ပါ မွေးနေ့ အခမ်းအနားတွင် ဇာဂနာက AFP သို့ ပြောကြားခဲ့သည်။

                အကယ်၍ တွေ့ခွင့်မရပါကလည်း ပါဆယ်ပစ္စည်းများ ထားခဲ့မည်ဟု ဇာဂနာက ဆိုသည်။ “ကျွန်တော်တို့ လူချင်း တွေ့ခွင့်မရရင်တောင် သူတို့ ကို ထောင်ဝင်စာတွေ့ဖို့ ကျွန်တော် လာခဲ့တယ်ဆိုတာကို သိရရင် သူတို့ ပျော်သွားကြမှာပါ” ဟု ယင်းက ပြောကြားသည်။

                မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စသည် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားကြသော အနောက်နိုင်ငံအစိုးရ များ အဓိက စိုးရိမ်ပူပန်နေသည့် ကိစ္စတစ်ခုဖြစ်သည်။

                ယခု လွတ်ငြိမ်းချမ်းသာခွင့်သည် အပယ်ခံဘဝကို အဆုံးသတ်လိုသည့် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများစွာထဲမှ တစ်ခုဖြစ်သော်ငြားလည်း ဆူပူ အုံကြွမှုများ ဖြစ်လာနိုင်ခြင်းကို အစိုးရက စိုးရိမ်နေခြင်းဖြစ်သည်ဟု အကဲခတ်လေ့လာသူ အချို့က သုံးသပ်ပြောကြားထားသည်။

**********************************************************************************

စွမ်းအင်နှင့် လုံခြုံရေး ကိစ္စများ အိန္ဒိယနှင့် မြန်မာ အဓိကအလေးထား

(Frontier India News Network မှ 16 Oct 2011 ရက်စွဲပါ "India and Burma focus on energy and security" ကို ဘာသာပြန်ဆိုသည်)

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ) မှ အဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံမှ ခေါင်းဆောင်များ အိန္ဒိယသို့ လာရောက်ပြီး စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။ ပထမနိုင်ငံမှာ ဗီယက်နမ်ဖြစ်ပြီး ဒုတိယမှာ မြန်မာဖြစ်သည်။ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာလ ၁၄ ရက်နေ့တွင် နယူးဒေလီသို့ ရောက်ရှိလာပြီး အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သည်။ ထိုသို့ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးတွေ့ဆုံပြီး အရေးကိစ္စအသီးသီးကို ဆွေးမှုများပြုလုပ်ခဲ့ရာတွင် လုံခြုံရေးနှင့်စွမ်းအင်ကိစ္စတို့က ဆွေးနွေးပွဲစားပွဲဝိုင်းကို အဓိက လွှမ်းမိုးထားသည်။ လက်နက်ကိုင်ပုန်ကန်ထကြွမှု၊ လက်နက်မှောင်ခိုကူးမှုနှင့် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု အစရှိသည့် အန္တရာယ် များကို တိုက်ခိုက်နှိမ်နင်းနိုင်ရေး အတွက် နှစ်နိုင်ငံအကြား ထောက်လှမ်းရေးလုပ်ငန်းများမျှဝေလုပ်ကိုင်နိုင်မည့် အင်စတီကျူးရှင်းနည်းစနစ်ကောင်းများ ပိုမို အားကောင်းလာရန် လိုအပ်မှုကို မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ အသားပေးဆွေးနွေးကြသည်။

ထို့ပြင် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ စီမံခန့်ခွဲရေးလုပ်ထုံးလုပ်နည်းကောင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် လုပ်ကိုင်ဆောင်ရွက်သွား ရေးနှင့် မိမိတို့ပိုင်နက်အတွင်းသို့ အကြမ်းဖက်သမားများနှင့် တော်လှန်ပုန်ကန်သူ လက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ရောက်ပြီး လေ့ကျင့်မှုများပြုလုပ် ခြင်း၊ ခိုလှုံခြင်း၊ စစ်ဆင်ရေးများပြုလုပ်ခြင်း အစရှိသည် တို့ကို လက်သင့်ခံခွင့်မပြုရေး အစရှိသည်တို့ကို သဘောတူညီခဲ့ကြသည်။ နှစ်နိုင်ငံအကြား လေကြောင်း ဆက်သွယ်ရေးများ တိုးချဲ့ရေး၊ မီးရထားလမ်း၊ ကားလမ်းများတိုးချဲ့ဖောက်လုပ်ရေး တို့ကိုလည်းဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနိုင်ငံ၏ ငွေကြေးပံ့ပိုးမှုရရှိထားသော Rhi နှင့် Tiddim လမ်းပိုင်းဖွံ့ဖြိုးရေး စီမံကိန်း အစောတလျင် အပြီးသတ် အကောင်အထည်ဖော် ဆောင်ရွက်ရေးမှာလည်း လျင်မြန်သွက်လက်စွာပြီးမြောက်မည် ဖြစ်သည်။

မြန်မာသမ္မတဦးသိန်းစိန်၏ အဆိုပါခရီးစဉ်တွင်း နှစ်နိုင်ငံအရာရှိကြီးများ တွေ့ဆုံကာ ကာလကတ္တားနှင့် ရန်ကုန်၊ ချင်းနိုင်းနှင့်ရန်ကုန် အကြား ဖယ်ရီ ဝန်ဆောင်မှုစတင်နိုင်ရေးအတွက် လေ့လာမှုများ ပြုလုပ်ကြရန် သဘော တူညီခဲ့ကြသည်။ အိန္ဒိယနိုင်ငံ၊ မိုးရေးမှ မြန်မာနိုင်ငံကိုဖြတ်သန်းပြီး ထိုင်း နိုင်ငံ မဲဆောက်သို့ ဆက်သွယ်မည့် သုံးနိုင်ငံ လမ်းဖောက်လုပ်ရေးစီမံကိန်းကြီး စတင်ထူထောင်နိုင်ရေးအတွက်လည်း ပြန်လည်ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင်း ကားလမ်းနှင့် ရထားလမ်းဖောက်လုပ်ရေးအတွက် လမ်းပိုင်းဖွံ့ဖြိုးရေးဆိုင်ရာစီမံကိန်းအတွက် ပြင်ဆင်မှုများ ပြုလုပ် ရာ တွင် တိုးတက်ဖြစ်ထွန်းမှုများဆောင်ကြဉ်းနိုင်ခဲ့သည်ကို တွေ့ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များ မှတ်ချက်ပြုကြသည်။

ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် မိုရေးနှင့် မန္တလေးအကြား မိုက်ခရိုဝေ့ဖ်လင့်ခ်များ အမြန်ဆုံး အဆင့်မြှင့်တင်ရန် နှစ်နိုင်ငံ ဆုံးဖြတ်ခဲ့ကြသည်။ ထို့ပြင် မုံရွာမြို့မှ အိန္ဒိယနိုင်ငံ၊ Rhi- Zawkhatar သို့ Optical Fibre သစ်များချိတ်ဆက်သွယ်တန်းရာတွင် အိန္ဒိယနိုင်ငံ၏ အကူ အညီဖြင့် အကောင်အထည်ဖော်မည် ဖြစ်သည်ဟု သိရသည်။ အိန္ဒိယသည် မြန်မာနိုင်ငံ၊ အလယ်ပိုင်း ပခုက္ကူမြို့တွင် Industrial Training Centre တည် ထောင်ရာတွင် အကူအညီပေးခဲ့ပြီး ယခုအခါတည်ဆောက်မှုပြီးဆုံးခဲ့ပြီဖြစ်သည်။ ထို့ပြင် မြင်းခြံမြို့၌လည်း အလားတူ Centre မျိုးကို အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ထပ်မံတည်ဆောက်လျက် ရှိသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင်ရရှိခဲ့သော သိပ္ပံနှင့် နည်းပညာဆိုင်ရာ သဘောတူညီချက် တစ်စိတ်တစ်ပိုင်း အဖြစ် လာမည့် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ကို နှစ်နိုင်ငံခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက အိန္ဒိယအနေဖြင့် သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မြန်မာသုတေသီများကို လေ့ကျင့်သင်ကြားမှု များ ပြုလုပ်ပေးသွားမည်ဟု ထုတ်ဖော်ကြေညာခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံအကြား လူမျိုးပေါင်းစုံဆက်ဆံမှုကို အခြေပြုသော ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် ဘာသာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလုပ်ကိုင်ရန် လိုအပ်သည်ဟူသော အချက်ကို သဘောတူခဲ့ကြသည်။ ခေါင်းဆောင်များ တွေ့ဆုံရာတွင် စီးပွားရေး၊ လူမှုရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ တိုးမြှင့်လုပ်ဆောင်ပြီး လူမှုစီးပွားတိုးတက်ကောင်းမွန်မှုနှင့် ပြီးပြည့်စုံသော တိုးတက်မှုများ ဆောင်ကြဉ်းနိုင်ရန်လည်း အလေးပေးဆွေးနွေးခဲ့ကြသည်။

****************************************************************************

 တရုတ်စီးပွားရေး တိုးတက်မှု 9.1% ရှိ

(18 October 2011 ရက်စွဲပါ CNN Money မှ Annalyn Censky ရေးသားသော China’s economy grows at 9.1% ကို ဘာသာပြန်ဆိုသည်။)

တရုတ်နိုင်ငံ၏ မီးတောက်သဖွယ်တက်လာသော စီးပွားရေးတိုးတက်မှုသည် ဇူလိုင်လမှ စက်တင်ဘာလအတွင်း အနည်းငယ်ငြိမ်ကျ သွားခဲ့ သည်။ သို့သော်လည်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအရည်ပျော်ကျမှုမှ ပြန်လည်နိုးထရန် ကြိုးပမ်းနေသော အနောက်နိုင်ငံများ၏ မနာလိုစရာ ကောင်း သော အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။

တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှု (GDP) သည် ယခု တတိယသုံးလပတ်တွင် 9.1% ရှိခဲ့ပြီး၊ ပထမ သုံးလပတ်က 9.7% နှင့် ဒုတိယ သုံးလပတ်တွင် 9.5% အသီးသီး ရှိခဲ့ပါသည်။

အဆိုပါ ကိန်းဂဏန်းများကို အမေရိကန်ပြည်ထောင်စုတွင် 1.3% နှင့် ဥရောပဇုံ (17) နိုင်ငံတွင် 0.2% သာ ဒုတိယသုံးလပတ်ရှိ ကိန်းဂဏန်း များနှင့် နှိုင်းယှဉ်သည်။ အဆိုပါနိုင်ငံများသည် တတိယသုံးလပတ် ကိန်းဂဏန်းများကို ထုတ်ပြန်ခြင်း မရှိသေးပေ။

တရုတ်အစိုးရသည် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေခြင်းအား ချုပ်ကိုင်နိုင်ရန် ကြိုးစားတိုက်ဖျက် လျက်ရှိရာ စီးပွားရေး အခက်အခဲဖြစ်အောင် ပြုလုပ်ခဲ့ခြင်း မရှိပေ။ ထိုသို့ ကြိုးပမ်းရာတွင် People’s Bank of China သည် ပြီးခဲ့သည့် အောက်တိုဘာမှစ၍ ယခုအထိ ချေးငွေ အတိုးနှုန်းများကို ငါးကြိမ် မြှင့်တင်ခဲ့ပြီး၊ ဘဏ်များ ထားရှိရမည့်အရန်ငွေပမာဏကို ပိုမိုတိုးမြှင့်ထားခဲ့သည်။ သို့သော်လည်း ငွေဖောင်းပွမှုကို ချုပ်ကိုင်ရန် ကြိုးပမ်းမှု၏ သက်ရောက်မှုမှာ နှေးကွေးခဲ့ပြီး လူသုံးကုန်ပစ္စည်း ဈေးနှုန်းများမှာ လျင်မြန်စွာ အန္တရာယ်ကြီးမားစွာ တက်လျက်ရှိသည်။ စက်တင်ဘာလတွင် ဈေးနှုန်း များ မှာ 6.1% တက်လာခဲ့ပြီး၊ ယမန်နှစ်က ယခုလိုအချိန်မျိုးတွင် 3.6% သာ တက်ခဲ့သည်။

ပြီးခဲ့သည့်လက တရုတ်နိုင်ငံ ဒါလီယန်မြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဝန်ကြီးချုပ် ဝမ်ကြားပေါင်က ပြောကြားခဲ့ရာတွင် အစိုးရ သည် ငွေဖောင်းပွမှုကို ထိန်းချုပ်၍ ချိန်ညှိပေးရန် ဆက်လက်ကြိုးစားသွားမည် ဖြစ်ရာ စီးပွားရေးတိုးတက်မှု ဆက်လက်ဖြစ်ပေါ်နေရေးကိုလည်း ကူညီ ပံ့ပိုးသွားမည်ဟု ဆိုခဲ့သည်။

အစိုးရ၏ ငွေဖောင်းပွမှုကို ချုပ်ကိုင်ရန် ကြိုးစားလျက်ရှိခြင်းကြောင့် စီးပွားရေးတိုးတက်မှုနှုန်း အနည်းငယ် နှေးကွေးသွားခြင်းအပေါ် စိတ်သက် သာမှု ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ မက်ခရိုစီးပွားရေး စည်းမျဉ်းများအတိုင်း မှန်မှန်တိုးတက် အကောင်အထည်ဖော် နိုင်ရေး ကို အာရုံပြု ဆက်လက်ချုပ်ကိုင်ထား နိုင်အောင်လုပ်ဆောင်ပါမယ်။ လက်ရှိတည်ငြိမ်ပြီး လျင်မြန်တဲ့ စီးပွားရေးတိုးတက်မှုကို ထိန်းသိမ်းပြီး ချိန်ညှိပေးပါ မယ်။ စီးပွားရေး တည်ဆောက်ပုံကို ညှိပေးပြီး၊ ငွေဖောင်းပွမှု မျော်လင့်ချက်တွေကို စီမံခန့်ခွဲပေးမှာပါ” ဟု ၎င်းက ပြောကြားသည်။

စီးပွားရေးပညာရှင်များက လာမည့်လများအတွင်း အမေရိကန်နှင့်ဥရောပစီးပွားရေးများသည် မပြောပ လောက်သော နှုန်းဖြင့်ပင် ကြီးထွားလာ ရန် ကြိုးစားလျက်ရှိခြင်းကြောင့် တရုတ်၏ ပို့ကုန် အနည်းငယ် အားနည်းမည်ဟု မျှော်မှန်းလျက် ရှိသည်။

တစ်ချိန်တည်းမှာပင် ပို့ကုန်အားနည်းသွားမှုသည် တရုတ်၏စီးပွားရေး တစ်ခုလုံးအပေါ် အရေးပါသော ခြိမ်းခြောက်မှု ဖြစ်လိမ့်မည်ဟု ၎င်းတို့က မထင်မြင်ပေ။ အဘယ်ကြောင့်ဆိုသော် အစိုးရသည် ပြည်တွင်းစားသုံးမှုကို အာရုံပြု မြှင့်တင်လျက်ရှိခြင်းကြောင့် ဖြစ်သည်။

အင်္ဂါနေ့က တရုတ်အစိုးရ ထုတ်ပြန်သော အခြားအချက်အလက်များတွင် မြင့်မားသော ငွေကြေး ဖောင်းပွမှု ရှိနေသည့် ကြားမှ ပြည်တွင်း သုံးစွဲ မှုနှုန်း အံ့သြဖွယ်အားကောင်းလာသည်ကို ပြသလျက် ရှိသည်။ လက်လီ ရောင်းချရမှုသည် စက်တင်ဘာလတွင် ယမန်နှစ်ကထက် 17.7% တက်လာ ခဲ့ပြီး၊ သြဂုတ်လက 17% သာ တက်ခဲ့ခြင်း ဖြစ်သည်။

“ပြင်ပဖောက်သည်များ နည်းသွားခြင်းကြောင့် လာမည့်လများတွင် တရုတ်ပို့ကုန် ကြီးထွားမှုကို ထိခိုက်မည် ဖြစ်သော်လည်း ပြည်တွင်းသုံးစွဲမှု တက်လာခြင်းကြောင့် စီးပွားရေးတိုးတက်မှုနှုန်းကို လာမည့်သုံးလပတ်တွင် 8.5% မှ 9% ထိ ထိန်းထားနိုင်မည်” ဟု HSBC ၏ အာရှစီးပွားရေးအဖွဲ့က ၎င်း၏ သုတေသနစာတမ်းတွင် ရေးသားထားသည်။

************************************************************************************

စစ်မှန်သောပြောင်းလဲမှုများနှင့် နီးကပ်နေသော်လည်း ဝေးနေဆဲမြန်မာ

(18 October 2011 ရက်စွဲပါ The Nation မှ ခေါင်းကြီးပိုင်းဖြစ်သော Burma: So Close and Yet so far from real change ကို ဘာသာပြန်ဆိုသည်)

              ဦးသိန်းစိန်အစိုးရသည် လုပ်နေကျအတိုင်း နိုင်ငံတကာ၏အမြင်ကို ထိရောက်စွာလုပ်ဆောင်ပြလျက်ရှိသည်။ ယခုလအစောပိုင်းက အစိုးရ သည် နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်အပါအဝင် အကျဉ်းသား(၆၀၀၀) ကျော်အား လွှတ်ပေးရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့လုပ်ဆောင်လိုက်ခြင်းသည် အမှန်တကယ်ပင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှုန်း များနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ မျှော်လင့်ချက်များမြင့်တက်လာခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါ လွှတ်ပေးမှုအား ချီးကျူးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် အစိုးရအားတောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံတဝှမ်းရှိ ထောင်များတွင် နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ခန့် ရှိနေပါသေးသည်။

                ပြီးခဲ့သည့် အပတ်က ဘန်ကောက်တွင်အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ မှတ်ချက်များပေးခဲ့ပြီး ၊ ပိုမိုလုပ်ဆောင်ရန် ထပ်မံတိုက်တွန်းခဲ့သည်။ အမေရိကန်သည် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူမှုများ ချမှတ်ထားခြင်းအပါအဝင်၊ ဆယ်စုနှစ် နှစ်ခုခန့် ခါးသီးသော ဆက်ဆံရေးရှိခဲ့ရာမှ မကြာမီက နှစ်နိုင်ငံသည် ဆက်ဆံရေးကို ပြင်ဆင်ရန် ကြိုးစားနေခဲ့ကြပါသည်။ အမေရိကန်နိုင်ငံတွင် လာမည့်ရွေးကောက်ပွဲ  မဲဆွယ်မှုများ ရှိနေခြင်း ကြောင့် လုံလောက်သော ပြောင်းလဲများမရှိဘဲ၊ လောလောဆယ် အရေးယူမှုများ ရုတ်သိမ်းရေးအတွက် အခွင့်အလမ်း ရှိမည် မပာုတ်ပာု မြန်မာနိုင်ငံက သဘော ပေါက်နေပုံရသည်။

                လောလောဆယ်အားဖြင့် နေပြည်တော်သည် ကချင်ပြည်နယ်မြစ်ဆုံ ရှိရေလှောင်တမံဆောက်လုပ်ခြင်းကို ၂၀၁၅ အထိ ရပ်ထားမည် ဆိုခြင်း ကြောင့် အမေရိကန်-မြန်မာ ချစ်ကြည်ရေးတိုးတက်ရန် လမ်းစပွင့်ခဲ့သည်။ ထိုအချက်သည် မြန်မာနိုင်ငံက အမေရိကန်ပြည်ထောင်စုအား  တိုးတက်လာ သော တရုတ်၏သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ဝါရှင်တန်၏ထောက်ခံမှု အရေးတကြီးလိုအပ်သည်ပာု အချက်ပြလိုက်ခြင်းပင် ဖြစ်သည်။ တရုတ်တို့ လုပ် ဆောင်နေသော အဆိုပါ စီမံကိန်းအပေါ် လုပ်ဆောင်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ချီးမွမ်းမှုများ အတော်များများရရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက သဘောကျခဲ့ကြသည်။ အထူးသဖြင့် လူထုအခြေပြု အဖွဲ့အစည်းလှုပ်ရှားမှုများ၊ လုံးဝရန်ပြုနေသော အဖွဲ့များထံမှ ချီးကျူးမှုများ ရရှိခဲ့သည်။ သို့သော် တရုတ် အစိုးရက ပြင်းထန်စွာ တုန့်ပြန်ခဲ့ပြီး ၂၀၀၆ ခုနှစ်က ရေးထိုးထားခဲ့သော စာချုပ်ပါ အချက်အလက်များကို လိုက်နာရန် တိုက်တွန်းခဲ့သည်။

                မြန်မာနိုင်ငံသည် ဦးစားပေးလုပ်ဆောင်ရမည့်အစီအစဉ်များချမှတ်ပြီးသည်မှာထင်ရှားသည်။ ပထမအချက်အားဖြင့် ၎င်းသည်လက်ရှိ စီးပွားရေး ပြဿနာများကို ကိုင်တွယ်လိုခြင်းဖြစ်ပြီး၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ရန်ပုံငွေတို့မှ ငွေကြေးနှင့် အကူအညီအထောက်အပံ့များ ပမာဏတစ်ခုရရှိရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ ထို့အပြင် အရေးယူ ပိတ်ဆို့မှုများ၏ သက်ရောက်မှုများကို လျော့ချလိုခြင်းဖြစ်သည်။ ထို့ကြောင့် အစိုးရသည် အထက်ပါ အဖွဲ့အစည်းများနှင့် ကမ္ဘာတစ်လွှားမှ ၎င်းအပေါ်ဝေဖန်သုံးသပ်သူများ ထောက်ခံမှုကို ရနိုင်သမျှ ရရန်လုပ်ဆောင်နေပုံ ရသည်။

                ထိုသို့ထောက်ခံမှုကို ရမှသာ၊ ရှေ့လာမည့်လ ဘာလီတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ၂၀၁၄ ၌ အာဆီယံဥက္ကဋ္ဌ နေရာကို မြန်မာနိုင်ငံအား ဆုံးဖြတ်ပေးနိုင်မည်ဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa သည် အောက်တိုဘာလကုန်တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ရာ လက်ရှိဥက္ကဋ္ဌ၏ အတည်ပြုချက်ပေးမှု ဖြစ်လာဖွယ်ရှိသည်။ အကယ်၍ အရာရာသည် မြန်မာတို့၏ လိုလားမှုအတိုင်း ဖြစ်လာခဲ့ မည် ဆိုပါလျှင် ဘာလီတွင် ဦးသိန်းစိန်သည် အမေရိကန်သမ္မတနှင့် မျက်နှာချင်းဆိုင်ဆုံတွေ့မည့် ပထမဆုံး မြန်မာသမ္မတ ဖြစ်လာမည်ဖြစ်သည်။ ၎င်း သည် ရလဒ်ဖြစ်လာနိုင်သည်။

                အမေရိကန်တို့၏ စေ့ဆော်မှုမှာလည်း တရုတ်တို့၏ ကျဆင်းနေသော သြဇာလွှမ်းမိုးမှုများကို တန်ပြန်နိုင်ရန် ဆန္ဒရှိခြင်းကြောင့် ဆက်လက် ဖြစ်ပေါ်နေဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဒေသတွင်း မပာာဗျူပာာကျသော လမ်းဆုံလမ်းခွတွင် ရှိနေသည်မှာ ထင်ရှားနေသည်။ တရုတ်နိုင်ငံသည် အဓိကကျသော ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာတို့သို့ မြန်မာနိုင်ငံမှ တစ်ဆင့် ဆက်သွယ်မည်ဆိုသည်ကို လူတိုင်းသိကြသည်။ ထို့ကြောင့် ဝါရှင်တန်သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးတက်ရန် စိတ်အားထက်သန်လျက် ရှိသည်။ သို့သော် မြန်မာနိုင်ငံက ၎င်း၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ရိုးသားမှုကိုပြမှသာ ဆက်ဆံရေးတိုးတက်မှုရှိနိုင်မည်ဖြစ်ပြီး ထိုနေရာတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုသည် အရေးကြီးသော ကိစ္စဖြစ်သည်။ မကြာသော ကာလတွင် အမေရိကန်နိုင်ငံ၏ ခိုင်မာသော တုန့်ပြန်မှုအချို့ကို မျှော်လင့်နိုင်ပေသည်။

                လူရွှင်တော်ဇာဂနာက ထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသားများ များစွာရှိနေသေးခြင်းကြောင့် အစိုးရ ခေါင်းဆောင်များသည် လွှတ်ပေးရန် အဘယ် ကြောင့် နှမျောလက်တွန့်နေသနည်း ပာုမေးခဲ့သည်။ အဖြေမှာ ရှင်းပါသည်။ အစိုးရက အပြင်လူများ စိတ်ပါဝင်စားမှုမြင့်တက်နေစေရန် လိုလား သည်။ နိုင်ငံရေးအကျဉ်းသားများ မရှိတော့ပါက၊ နေပြည်တော်တွင် ဈေးဆစ်နိုင်မည့် အာဏာရှိတော့မည် မပာုတ်သောကြောင့် ဖြစ်ချေသည်။

**********************************************************************************

တပ်မတော်အစိုးရ  မူလသဏ္ဍာန်ကို ပြန်ပြောင်းမည်လား

(Foreign Policy မှ 18 Oct 2011 ရက်စွဲပါ “Burma’s Junta: Can a Tiger Change its Stripes?” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မြန်မာတပ်မတော်အစိုးရသည် အနည်းဆုံ ၂ဝ၁ဝ နိုဝင်ဘာလရွေးကောက်ပွဲများအပြီးတွင် “မင်းတရားတို့ စံပျော်ရာ” နေပြည်တော်တွင် တကယ့် လွှတ်တော်လုပ်ငန်းစဉ်ကို ဆောင်ရွက်ခြင်းနှင့်အတူ အရပ်အစိုးရကို ဖွဲ့စည်းကာ ပုံပြင်တစ်ပုဒ် တင်ဆက်(ပုံပြော)လျက်ရှိသည်။ ၂ဝ၁ဝ တွင် အနားယူသွားပြီဟု ဆိုကြသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီးတို့သည် မြန်မာ့နန်းတွင်းဓလေ့ကို လက်ခံကျင့်သုံးကာ ယင်းတို့၏ ဧည့်ခန်းဆောင်တွင် ကုလားထိုင်နှစ်ခုသာ ထားရှိသည်ဟု ဆိုကြသည်။ ဧည့်သည်များသည် ကြမ်းပြင်ပေါ်တွင် ဝပ်တွားခစားကြရပြီး ယင်းတို့နှင့် စကားပြောသည့်အခါ ၁၈၈၆ ခုနှစ်မတိုင်မီ ပဒေသရာဇ်ခေတ်က နန်းတွင်းသုံးစကားများကို သုံးစွဲကြရသည်ဟုလည်း ဆိုကြသည်။ ဤအကြောင်းအရာသည် အများပြောဆိုနေသော “ယုံချင်ယုံ မယုံချင်နေ” ကိစ္စတစ်ခုဖြစ်သော်လည်း နေပြည်တော်ကမူ ယင်း၏ အဓိပ္ပာယ်ထွက်ဆိုချက်သကဲ့သို့ပင် မြန်မာ့သမိုင်း၏ အစဉ်အလာ ကြီးမားသော ဘုရင် သုံးဦး၏ ရုပ်တုများဖြင့် တပ်မတော်စစ်ရေးပြကွင်းကို သရုပ်ဖော်ထားပေးသည်။

ယခုအခါ အရပ်ဝတ်လဲထားသော ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အမည်ခံသမ္မတတစ်ဦးသာ ဖြစ်သည်။ ၎င်းသည် ယခု လတ်တလော ဩဇာတက် လာသော အလယ်အလတ်ဝါဒီအုပ်စု၏ နောက်မှ ရပ်တည်ပံ့ပိုးပေးနေသာ ပြုပြင် ပြောင်းလဲရေး ရီဖော်မာတစ်ဦးဖြစ်ဖွယ် ရှိသည်။ Sanctions ဆန့်ကျင် ရေး၊ အစိုးရကို ထောက်ခံရေးကို လျှောက်လဲသူများ အား မြန်မာ့တပ်မတော်အတွင်းမှ သွေးသစ်များဟု ရှုမြင်မှုများ ရှိနေသော်လည်း ဤအချက်သည် ပုလိပ်ကောင်း၊ ပုလိပ်ယုတ်ကိစ္စနှင့် သိပ်မကွာလှဟု ဆောင်းပါးရှင်က ယူဆသည်။ သို့သော်လွန်ခဲ့သော နှစ်ပတ်ခန့်ကမူ မြန်မာပြည် မြောက်ပိုင်းမှ အငြင်းပွားဖွယ် မြစ်ဆုံတမံကို ပြည်သူတို့၏ ဆန္ဒအား တုံ့ပြန်သည့်အနေဖြင့် ရုတ်တရက် ရပ်ဆိုင်းလိုက်သည်။

မြန်မာအစိုးရက အကျဉ်းသား ၆၃၅၉ ဦးကို လွှတ်ပေးမည်ဟုလည်း ကြေညာခဲ့သည်။ အဆိုပါ လွတ်ငြိမ်းချမ်းသာ ခွင့်အစီအစဉ်တွင် မြန်မာ့ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် ပါဝင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ယခုအချိန်ထိ နိုင်ငံရေးအကျဉ်းသား ၂ဝ၇ ဦးမျှသာ လွတ်မြောက်ခဲ့ သည်ဟု Association for the Assistence of Political Prisoners, Burma (AAPPB) က ပြောကြားထားသည်။ ၁၉၈၈ ၏ နာမည်ကျော် မင်းကိုနိုင်၊ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ အရှင်ဦးဂမ္ဘီရနှင့် ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး စသောထင်ရှားကျော်ကြားသူများ လွတ်မြောက် လာခြင်း မရှိသေးပါ။

လတ်တလော လွတ်မြောက်လာသူများထဲတွင် “မွေးညပ်” ဟု အဓိပ္ပာယ်ထွက်သော နာမည်ကျော် မြန်မာလူရွှင်တော် ဇာဂနာ ပါဝင်လာ သည် ကို တွေ့ရသည်။

ယင်းကိုယ်ယင်း ဘေးသင့်စေသည့်တိုင်အောင် အမှန်ကို ပြောခြင်းဖြင့် ဘာကိုမျှ ဂရုစိုက် ပူပန်ခြင်းမရှိဟု ပါရမီရှင် လူရွှင်တောင်ဇာဂနာက နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) နှင့်အင်တာဗျူးပြုလုပ်ရာတွင် “ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော့်ကျန်းမာရေးက ကောင်းပါ တယ်။ ဒါပေမဲ့ လေယာဉ်ပေါ်မတက်ခင်မှာ အလားအလာ ကောင်းတဲ့ပြုပြင်ပြောင်းလဲမှု ဆိုတာတွေကို ကြားလိုက်ရပြီးတဲ့နောက် ခေါင်းကိုက်သွားပြီး လည်ပင်းတွေ နာတာတော့တာ ပါပဲ” ဟု ပြောကြားသည်။

ဇာဂနာက ဆက်လက်၍ “သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တွေ့နေရသလား ဆိုတာကို ကျွန်တော် မပြောနိုင်သေးပါဘူး၊ ကျွန်တော် က ခုမှ လွတ်လာတာမို့လို့ပါ။ အထဲမှာတော့ သတင်းစာတွေနဲ့ ဂျာနယ် ၁၂ - ၁၃ စောင် လောက် ဖတ်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့် လေ့လာရဦးမှာပါ” ဟု ဆို သည်။

ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံခဲ့ရသော ဇာဂနာသည် ၃ နှစ်မျှဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်။ “မနေ့က (ထောင်ထဲမှာ ရှိနေသေးတဲ့အချိန်) အထိ ပြုပြင်ပြောင်းလဲမှုတွေ တကယ်ရှိနေပြီလို့ ယုံကြည်ခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့ (လွတ်လာတဲ့အချိန်) မှာတော့ ကျွန်တော်ခေါင်းထဲမှာ သံသယတွေ ဝင်လာပါတယ်။ တကယ်ပဲ ပြုပြင်ပြောင်းလဲနေတယ် ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ဘာကြောင့် မလွှတ်ပေးသလဲ။ အခုလွှတ်ပေးလိုက်တဲ့ အရေအတွက်က မပြောပလောက်ပါဘူး။ တကယ်ဆိုရင် ဗိုလ်ချုပ်ကြီးခင်ညွန့်(အစိုးရအဖွဲ့တွင်း အာဏာပြိုင်ဆိုင်မှုများကြောင့် ၂ဝဝ၄ တွင် ထိန်းသိမ်း ခံခဲ့ရသူ) ကိုတောင် လွှတ်ပေးသင့်ပါတယ်။ ဒီလိုလူတွေကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖမ်းမထားသင့်တော့ပါဘူး။ စစ်မှန်တဲ့ပြန်လည် သင့်မြတ်မှုကို လိုလားတယ်ဆိုရင် ကျေးဇူးပြုပြီး အားလုံးကို လွှတ်ပေးလိုက်ပါ။ ကျွန်တော့်ဘဝနဲ့ ရင်းပြီး တာဝန်ယူပါတယ်” ဟု ဇာဂနာက သုံးသပ် ပြောကြားခဲ့သည်။

အခြားအင်တာဗျူးတွင် ဇာဂနာက ယင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်နေကြောင်းနှင့် အခြားနိုင်ငံရေး အကျဉ်းသားများကို တွေ့ဆုံအားပေးရန်အတွက် ခရီးထွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇာဂနာက ယင်းဖမ်းဆီးခံရခြင်းနှင့် မတော်မတရား ထောင်ဒဏ်ကာလ ချမှတ်ခံခဲ့ရခြင်းနှင့် ပတ်သက်၍ “ဗုဒ္ဓဘာသာ သံဃာတော်တွေကို လှူဒါန်းလို့ ကျွန်တော်အဖမ်းခံရတာဆိုတော့ ဗုဒ္ဓဘာသာဝင် အဖြစ်ကနေ ကျွန်တော့်ကိုယ်ကျွန်တော် ထုတ်ပယ်ပစ်ဖို့ပဲ ရှိတာပေါ့” ဟု ပါးပါးနပ်နပ် အရွှန်း ဖောက် ပြောကြားခဲ့သည်။

ဇာဂနာနှင့် အနုပညာရှင်များ၊ လူရွှင်တော်များအားလုံး အဓွန့်ရှည်ပါစေဟု ဆုတောင်းလိုက်ပါသည်။

************************************************************************************

အိန္ဒိယက မြန်မာကိုဘာကြောင့်စည်းရုံးနေသလဲ

(The Diplomet မှ 16 Oct 2011 ရက်စွဲပါ Why India courts Burma သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

                အိန္ဒိယနှင့်မြန်မာနိုင်ငံတို့၏ ရင်းနှီးမှုသည် ယခုအခါ ပိုမိုနီးကပ်လာနေပြီး အံသြစဖွယ်မြန်ဆန်သော အရှိန်အဟုန်တစ်ခုကို ရရှိနေသည်။ ပြီးခဲ့ သော ၇ နှစ်အတွင်း အိန္ဒိယသို့ ၃ ကြိမ်လာရောက်ခဲ့ဖူး၍ ၂ဝဝ၈ နိုဝင်ဘာလက ဝန်ကြီးချုပ်အနေဖြင့် နောက်ဆုံး လာရောက်လည်ပတ်သွားခဲ့သော သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၁၂ မှ ၁၅ အထိ နိုင်ငံတော်ခရီးစဉ်အဖြစ် အိန္ဒိယသို့ ချစ်ကြည်ရေးခရီးစဉ်လာရောက်ခဲ့မှုကြောင့် အိန္ဒိယ-မြန်မာ ဆက်ဆံရေး ပိုမို နွေးထွေးသော အဆင့်တစ်ခုထွက်ပေါ်လာခြင်း ဖြစ်သည်။

                အောက်တိုဘာ ၁၄ ရက်တွင် နယူးဒေလီမြို့တော် ဟိုက်ဒရာဘတ်အိမ်တော်တွင် သမ္မတဦးသိန်စိန် နှင့် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့အကြား ပြီးပြည့်စုံသော ကိုယ်စားလှယ်အဆင့်ဆွေးနွေးပွဲများ ကျင်းပခဲ့ကြသည်။ သမ္မတဦးသိန်းစိန်နှင့် အတူအစိုးရအဖွဲ့ဝင်ဝန်ကြီး အနည်းဆုံးတစ်ဒါဇင်ခန့် လိုက်ပါလာခဲ့ကြပြီး ခေါင်းဆောင်နှစ်ဦး အကြား ထိပ်တန်းဦးစားပေးဆွေးနွေးမှုနှစ်ခုပြုလုပ်ခဲ့ကြကာ အိန္ဒိယက မြန်မာတို့အား ယခင်ပေးထားခဲ့ပြီးသော ချေးငွေ ဒေါ်လာသန်း ၃ဝဝ အပြင် အထူးစီမံကိန်းများအတွက် ချေးငွေ ဒေါ်လာ သန်း ၅ဝဝ ထပ်မံပေးမည်ဟု ကြေညာခဲ့သည်။ ထို့အပြင် မြန်မာပိုင်နက် ကို အသုံးပြု၍ အိန္ဒိယကို ပုံစံအမျိုးမျိုးဖြင့် ဆန့်ကျင်ခြင်းကို မြန်မာခေါင်းဆောင်များက ခွင့်ပြုမည်မဟုတ်ကြောင်းကိုလည်း ဝန်ကြီးချုပ်ဆင်းက သေချာ အောင် ဆောင်ရွက်ခဲ့သည်။

                အိန္ဒိယအတွက် မြန်မာနိုင်ငံ၏ အရေးပါမှုကို အထူးပြောရန် လိုမည်မထင်ပါ။ အိန္ဒိယပြည်နယ် ၄ ခုဖြစ်သော အရှုနာချာပရာဒက်ရှ်၊ နာဂလန်း၊ မဏိပူ၊ မီဇိုရမ်တို့နှင့် ကီလိုမီတာ ၁၆ဝဝ ခန့်ထိစပ်နေသော တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံမြန်မာသည် တောင်အာရှနှင့် အရှေ့တောင် အာရှ အကြား အသက်သွေးကြောသဖွယ် အရေးပါသော တံတားတစ်စင်းကဲ့သို့ သဘောဆောင်လျက်ရှိသည်။

                နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးပွဲအပြီးထုတ်ပြန်သော ၇ မျက်နှာပါ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသော အချက် ၄၄ ခုအနက် လုံခြုံရေးနှင့် အကြမ်းဖက်တိုက်ဖျက်မှု ပူးပေါင်းဆောင်ရွက်ရေးဆက်စပ် အကြောင်းအရာသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ အကြမ်းဖက်ဝါဒကို ဆန့်ကျင်ရာတွင် အငြင်းပွားစရာမရှိ၊ အပြောင်းအလဲမရှိ ရပ်တည်ကြမည့် သဘောထားကိုလည်း နှစ်ဖက်စလုံးက အခိုင်အမာ ထပ်မံအတည်ပြုခဲ့ကြ သည်။ သောင်းကျန်းမှုနှင့် အကြမ်းဖက်ဝါဒအသက်အန္တရာယ်ခြိမ်းခြောက်မှုကို ကိုင်တွယ်ရာ၌ နှစ်နိုင်ငံလုံခြုံရေးတပ်ဖွဲ့များ အကြားထိရောက်သော ပူးပေါင်းဆောင်ရွက်မှုနှင့်ညှိနှိုင်းလုပ်ဆောင်မှုရရှိအောင် ပိုမိုအားပေးမြှင့်တင်ရေးကိုလည်း နှစ်ဖက်စလုံးကသဘောတူခဲ့ကြသည်။ ထိုကဲ့သို့ သောင်းကျန်း မှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှောင်ခိုမှုများကို တိုက်ဖျက်ရာတွင် ထောက်လှန်းရေးသတင်း ဖလှယ်ရန်အတွက် အဖွဲ့အစည်းဆိုင်ရာလုပ်ငန်း စနစ်များ အားကောင်း သန်မာရန် လိုအပ်နေသည်ကိုလည်း နှစ်ဖက်စလုံးက ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ နယ်စပ်စီမံခန့်ခွဲမှုစနစ်များပိုမိုခိုင်မာတောင့်တင်းစေမည့် ဆက်စပ်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

                ထို့အပြင် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းမှ ထွက်ပေါ်လာမည့် ကုန်စည်စီးဆင်းမှုများ ချော့မွေ့ မြန်ဆန်စေရန်အတွက် အိန္ဒိယ-မြန်မာ နယ်စပ်တွင် နောက်ထပ်အကောက်အခွန်ရုံး၊ နယ်စပ်ကုန်သွယ်ရေး ဝင်ပေါက်တစ်ခု ထပ်မံဖွင့်လှစ်မည်ဟုလည်း ကြေညာခဲ့သည်။ အိန္ဒိယနိုင်ငံ ပိုက်ဆံစိုက်ထုတ် ရင်းနှီးမြှုပ်နှံထားသော ဒေါ်လာသန်း ၁၂၀ စစ်တွေ ရေနက်ဆိပ်ကမ်းကိုလည်း ၂၀၁၃ ဇွန်လတွင် စတင်အသုံးပြုနိုင် အောင် တည်ဆောက်မှု အရှိန်မြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟုလည်း သိရှိရသည်။

                ယခုကဲ့သို့ အိန္ဒိယ-မြန်မာဆက်ဆံရေးပူးကပ်လာခြင်းကို တရုတ်တို့က စိုးရိမ်တကြီးစောင့်ကြည့်နေ မည်ဖြစ်သလို ဘေဂျင်းမှ မဟာဗျူဟာ ရေးဆွဲသူများ ကလည်း အိန္ဒိယ၏ ခြေလှမ်းကို ဒေသတွင်း Zero-Sum Game ၏ ပွဲစဉ်တစ်ခု အဖြစ် ရှုမြင်ကြပါလိမ့်မည် ထိုနည်းတူစွာပင် နယူးဒေလီ ဖက်ကလည်း တရုတ်တို့သည် အိန္ဒိယကို ဝိုင်းပတ်ထားမည့် ပုလဲကုံးမဟာဗျူဟာကို မြန်ဆန်စွာ လုပ်ဆောင်ရန် ကသုတ်ကရက်ဖြစ်နေသည်ဟု ရှုမြင်ပါ လိမ့်မည်။

                သေချာသည်မှာ တရုတ်တို့၏ ဒေါ်လာ ၃.၆ ဘီလျံရည်မှန်းချက် ဂျန်မီဂါရေလှောင်တမံစီမံကိန်းကြီးကို မြန်မာနိုင်ငံက ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဘေဂျင်းအမျက်ထွက်နေချိန်တွင် အထက်ပါ အိန္ဒိယ-မြန်မာခေါင်းဆောင်များ အချိန်ကိုက်တွေ့ဆုံဆွေးနွေးနေခြင်းကြောင့် တရုတ်နိုင်ငံအတွက် ပို၍စိတ် အနှောင့် အယှက် ဖြစ်နိုင်သည့် အချက်ပင် ဖြစ်လေသည်။

***********************************************************

အပယ်ခံ မြန်မာနိုင်ငံ တကယ်ဖွင့်ပြီလော

(14 Oct 2011 ရက်စွဲပါ The Star မှ Martin Petty ရေးသားသော Is reclusive Myanmar really opening up? ကို ဘာသာပြန်သည်)

                ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး၊ အကျင့်ပျက်ခြစားမှု အများဆုံးနှင့် တင်းကြပ်စွာချုပ်ကိုင်ခံရသော တိုင်းပြည်တစ်ခုဖြစ်သော မြန်မာနိုင်ငံတွင် အရပ်သားအစိုးရသစ်က ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအနက် နောက်ဆုံးအနေဖြင့် နိုင်ငံရေးအကျဉ်းသား ၂ဝဝ ခန့် လွှတ်ပေးခဲ့သည်။

                လက်ရှိ တာဝန်ယူထားဆဲ အငြိမ်းစား ဗိုလ်ချုပ်များထံမှ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် မမျှော်လင့်ပဲ ဆက်ဆံရေး ကောင်းမွန် အောင် ကြိုးစားလာမှုများ နောက်တွင် ထိုသို့ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

                အဆိုပါ လက္ခဏာများကို အများစုက ကြိုဆိုကြသော်လည်း ယခင် စစ်အစိုးရ အဖွဲ့ဝင်များ ပါဝင်သော အစိုးရ၏ လုပ်ဆောင်ချက်များ အပေါ် မယုံကြည်မှုများ၊ သံသယများ ရှိနေဆဲ ဖြစ်သည်။

ဘာတွေ ပြောင်းလဲခဲ့သနည်း

                ဧပြီလတွင် စစ်အစိုးရ ဖျက်သိမ်းခဲ့ပြီးနောက် အစိုးရသစ်သည် ဒေါ်အောင်ဆန်းစုကြည် အပေါ် ဝေဖန်မှုများ၊ ခြိမ်းခြောက်မှုများ ရပ်ဆိုင်းခဲ့ပြီး နောက်၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်အား ကိုယ်စားလှယ်အဖြစ် သူမနှင့် မကြာခဏ တွေ့ဆုံစေခဲ့သည်။ ထို့နောက် နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးသိန်းစိန် တို့ မမျှော်လင့်ပဲ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံခဲ့ကြသည်။

                ရာဘာတံဆိပ်တုံး လွှတ်တော် ဖြစ်မည်ဟု မျှော်မှန်းထားသော လွှတ်တော် အသစ်သည် လူ့အခွင့်အရေးကဲ့သို့သော ကိစ္စရပ်များအတွက် ကော်မတီဖွဲ့ခြင်း၊ ကျန်းမာရေးနှင့် လူမှုရေး ဆိုင်ရာပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည်။ လွှတ်တော်အမတ်များကလည်း အငြင်းပွားဖွယ် အရေးကိစ္စများ အပေါ် စကားအခြေအတင် ပြောဆိုမှုများ ရှိလာပြီး ပြည်သူသို့ အသေးစိတ် ဖော်ပြခဲ့သည်။

                အစိုးရသည် ပို့ကုန်တင်ပို့သူများ အထောက်အကူဖြစ်စေရန် အခွန်များလျှော့ချခြင်း၊ လယ်သမားများအတွက် အသေးစားချေးငွေ အစီအစဉ်များ ကြေညာခြင်း၊ အတိုးနှုန်းများလျှော့ချခြင်းများ ပြုလုပ်ပေးခဲ့သည်။

                အစိုးရသည် ငွေကြေးမူဝါဒများ ပြုပြင်ပြောင်းလဲနိုင်ရေး အကြံဥာဏ်များပေးနိုင်ရန် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) မှ ကိုယ်စားလှယ် အဖွဲ့အား ဖိတ်ကြားခဲ့သည်။

                ဦးသိန်းစိန်သည် ပြီးခဲ့သည့်လက အဓိကစီးပွားရေးမဟာမိတ် တရုတ်ကို စိတ်အခန့်မသင့်ဖြစ်အောင် ပြုလုပ်ခဲ့ပြီး တရုတ်ကဆောက်လုပ်နေ သော အငြင်းပွားဖွယ်ရေကာတာကို  ရပ်ဆိုင်းခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ချီးကျူးမှုများ ရရှိခဲ့ပြီး ပြည်သူလူထုထံမှလည်း အမှတ်များစွာ ရရှိခဲ့ သည်။

                သံတမန်ရေးရာ မျက်နှာစာတွင်လည်း သံအမတ်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ ကွန်ဂရက်အမတ်များ၊ ကုလသမဂ္ဂကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေးကိုယ်စားလှယ်ကိုပင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တွေ့ဆုံခွင့်ပေးခဲ့ပြီး၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယသမ္မတများနှင့် သမ္မတဦးသိန်းစိန် ကိုယ်တိုင်တွေ့ဆုံခဲ့သည်။ ယခင်က ထိုသို့ခွင့်ပြုခဲ့မှုများသည် ရှားပါးခဲ့သည်။

အဘယ်ကြောင့် အစိုးရသစ်က ထိုသို့ ပြုလုပ်သနည်း

                ခွဲခြမ်းစိတ်ဖြာ လေ့လာသူများနှင့် သုံးသပ်ဝေဖန်သူများက ထိုသို့လုပ်ဆောင်လာခြင်းမှာ မြန်မာနိုင်ငံအား အပယ်ခံနိုင်ငံအဖြစ်မှ ရပ်ဆိုင်းသွား ရန် ရည်ရွယ်၍လည်းကောင်း၊ အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တရားဝင်မှုအချို့ရရှိရန် ရည်ရွယ်ခဲ့သည်ဟု ရှုမြင်ကြသည်။

                ၂၀၀၈ ခုနှစ်တွင် အခြေခံဥပဒေကို အတည်ပြုခြင်း၊ နှစ်နှစ်အကြာတွင် ရွေးကောက်ပွဲပြုလုပ်ခြင်းများကို ဒီမိုကရေစီကိုဗန်းပြ၍ စစ်တပ်မှ အာဏာ ခိုင်မြဲအောင်ပြုလုပ်ခြင်း ဖြစ်သည်ဟုဆိုကာ ကျယ်ကျယ်ပြန့်ပြန့် လက်မခံခဲ့ကြပေ။ ပြည်သူလူထုကရော နိုင်ငံတကာ ဝေဖန်သုံးသပ်သူများကပါ အလေးအနက် မထားခဲ့ကြ။

                မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌနေရာအား ရယူရန် ဆန္ဒရှိလျက်ရှိရာ အကယ်၍ ခွင့်ပြုချက် ရရှိပါက လက်ရှိ တိုးတက်မှုများနှင့် ဒီမိုကရေစီ ဆိုင်ရာ အသိအမှတ် ပြုမှုကို ရရှိမည်ဟု မြန်မာ အစိုးရက လက်ခံထားသည်။

                အာဆီယံ၏ တရားဝင်အတည်ပြုချက်သည် အနောက်နှင့် ပုံမှန်ဆက်ဆံရေး ရရှိရန် ကြိုးပမ်းမှုကို အထောက်အကူ ပြုမည် ဖြစ်ပြီး တဖြည်းဖြည်း အရေးယူမှုများရုတ်သိမ်းသွားနိုင်သည်။

ဗိုလ်ချုပ်များ မည်သို့ အကျိုးအမြတ် ရမည်နည်း

                အစိုးရအတွင်းရှိ အစွန်းမရောက်သူများက ပြည်သူများကိုကူညီလိုပြီး တိုင်းပြည်ကို တိုးတက်လိုကြသည်။ သို့သော် အချို့သုံးသပ်သူများက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စစ်တပ်နှင့် စီးပွားရေးအီလစ်များ ရေရှည်ရှင်သန်ရေး အတွက် ဖြစ်မည်ဟု သံသယရှိနေကြသည်။

                အရေးယူမှုများ ရုတ်သိမ်းသွားပါက ရင်းနှီးမြှုပ်နှံမှုများ တိုးလာမည် ဖြစ်ပြီး နိုင်ငံတကာ ငွေကြေးအဖွဲ့များနှင့် ဆက်ဆံနိုင်ခြင်းကြောင့် စီးပွားရေး အခွင့်ထူးခံများနှင့် တိုင်းပြည် ခေါင်းဆောင်မိသားစုများအတွက် များစွာအကျိုးရှိမည် ဖြစ်သည်။ ယင်းတို့သည် မြန်မာနိုင်ငံ၏ စည်းစိမ်များနှင့် ငွေရ လွယ်သော စီးပွားရေးလုပ်ငန်းများဖြစ်သည့် ဘဏ်များ၊ လေကြောင်းလိုင်းများနှင့် ဟိုတယ်များ၊ ရေနံ၊ သစ်၊ ခရီးသွား၊ သင်္ဘောလိုင်းနှင့် ကျောက်မျက် ကုမ္ပဏီများကို ပိုင်ဆိုင်ထားကြသည်။

                အရေးယူမှုများသည် အစိုးရတာဝန်ရှိသူများနှင့် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်များအား အခြား နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ခရီးသွား ခွင့်ကို ကန့်သတ်ထားသည်။ ယင်းတို့၏ သားသမီးများမှာလည်း အနောက်နိုင်ငံကျောင်းများ၊ တက္ကသိုလ်များတွင် မတက်ရောက်နိုင်ကြပေ။

                ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေးလုပ်ငန်းလေးများ အတွက် ချေးငွေအစီအစဉ်များသည် ပြည်သူလူထု ထောက်ခံမှုကို ရရှိနိုင်ပြီး စီးပွားရေးခက်ခဲမှုနှင့် ကုန်ဈေးနှုန်းတက်မှု များကြောင့် ၁၉၈၈ နှင့် ၂၀၀၇ တုန်းကကဲ့သို့ ဆူပူမှုများ ပြန်မဖြစ်နိုင် တော့ပေ။

                သုံးသပ်သူများက ယခင်စစ်ဗိုလ်ချုပ်များသည် နောင်တစ်ချိန်တွင် ယင်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် နိုင်ငံတကာရာဇဝတ်မှု တရားရုံးတွင် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့ကြသည်ဟု ပြောကြသည်။ အခြေခံဥပဒေတွင် စစ်တပ်မှ အချိန်မရွေးအာဏာသိမ်းနိုင်ရန် ထည့်သွင်းထား ခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ရှေ့ဆက်နေသည်နှင့်အမျှ စုံစမ်းစစ်ဆေးရေး လမ်းကြောင်း သို့ သွားရန် တွန့်ဆုတ်နေလိမ့်မည် ဖြစ်သည်။

အနောက်နိုင်ငံ အရေးယူမှုများ ရုတ်သိမ်းမည်လော

                လောလောဆယ်အားဖြင့် ဖြစ်နိုင်ဦးမည်မဟုတ်ပေ။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့သည် သတိထား၍ အကောင်းမြင်ကြောင်း လေသံပစ်ခဲ့ကြသော်လည်း ယခုအဆင့်တွင် အရေးယူမှုများဖြေလျော့ရန် ကြိုးပမ်းပါက ပြင်းထန်သောဝေဖန်မှုများကို ကြုံတွေ့ရမည် ဖြစ်သည်။

                ဂျပန်၊ အိန္ဒိယ၊ တောင်ကိုးရီးယားနှင့် အာဆီယံနိုင်ငံများကဲ့သို့သော နိုင်ငံများမှ ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ စတင်နေပြီ ဖြစ်သော်လည်း အနောက် ကုမ္ပဏီများကမူ ပြောင်းလဲမှုများ ခိုင်မာ၍ အဆက်မပြတ်ရှိနေ မနေကို စောင့်ကြည့်ဆဲသာ ရှိနေပါသေးသည်။

                ဆိုလိုသည်မှာ နောက်ထပ် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုနှင့် ပြုပြင်ပြောင်းလဲမှုများ၏ သဘာဝကို စောင့်ကြည့်ဆဲ ဖြစ်သည်ဟု ဆိုလို သည်။ အချို့က ၂၀၁၅ တွင် ကျင်းပမည့် နောက်ထပ်ရွေးကောက်ပွဲကို စောင့်ရန် ပို၍လိုလားကြသည်။ အနောက်နိုင်ငံများသည် ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကဲ့သို့သော အတိုက်အခံ အင်အားစုများကို ချွင်းချက်မရှိခွင့်ပြုရန် တောင်းဆိုလိမ့်မည် ဖြစ်သည်။

*********************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment