Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၁.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု ယခင်နှစ်ထက် ဒေါ်လာနှစ်ဘီလီယံ ပိုမည်ပာု ခန့်မှန်း 
  2. နိုင်ငံသားအမည်ခံ နိုင်ငံခြားသားလုပ်ငန်းရှင်အား အမည်ခံ ကားအရောင်းပြခန်းဖွင့်ခွင့် မပြု 
  3. နယ်စပ် ကုန်သွယ်ရေးအတွက် (FDA) ဌာနခွဲများ တိုးချဲ့ဖွင့်လှစ်မည် 
  4. ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား စောင့်ရှောက်ရေးအဖွဲ့ စေလွှတ်မည် 

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ
  2. စက်မှုဖွံ့ဖြိုးရေး ချေးငွေအား နိုင်ငံတော်က တိုက်ရိုက်ချေးငှားရန် အစီအစဉ် မရှိသေး

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံရေးနယ်ပယ်မှာ လူငယ်တွေ နေရာပေးရေးနဲ့ ဆက်စပ်တဲ့ ပြဿနာတစ်ချို့

*****************************************************************************

ပြည်တွင်းသတင်းများ

ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု ယခင်နှစ်ထက် ဒေါ်လာနှစ်ဘီလီယံ ပိုမည်ပာု ခန့်မှန်း

ပြည်ပနိုင်ငံများနှင့် စုစုပေါင်းကုန်သွယ်မှု ကဏ္ဍတွင် ယခင်နှစ်ပမာဏများထက် ယခုနှစ်တွင် အနည်းဆုံး ဒေါ်လာနှစ်ဘီလီယံ ပိုလာနိုင်မည်ပာု ခန့်မှန်းရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြား စုစုပေါင်းကုန်သွယ်မှုတွင် မြန်မာနိုင်ငံဘက်မှ ကုန်တင်ပို့မှုမှာ ခြောက်နှစ်ဆက်တိုက် နှစ်စဉ်သာလွန်လျက်ရှိပြီး ယခုနှစ်တွင်လည်း ပို့ကုန်ပမာဏမှာ စက်မှုကုန်ကြမ်းဖြစ်သည့် သဘာဝဓာတ်ငွေ့တင်ပို့မှုသာရှိသည့်အပြင် ကျောက်မျက်လေလံပွဲ ဝင်ငွေများ ထည့်ဝင်ချိန်တွင် (ပို့ကုန်သွင်းကုန်ပမာဏ စုစုပေါင်း) အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော် ရရှိခဲ့သည့်အတွက် နိုင်ငံတကာတွင် ကုန်သွယ်မှု အသာစီးရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ဝက်အတွင်းမှာပင် စုစုပေါင်း ကုန်သွယ်မှုမှာ ဒေါ်လာ ၈ ဒဿမ ၉ ဘီလီယံခန့် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စာရင်းထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံဘက်မှ ပင်လယ်ရေကြောင်းဘက် ပို့ကုန်မှာ ဒေါ်လာ ၃ ဒဿမ ၇ ဘီလီယံရှိပြီး ပင်လယ်ရေကြောင်းမှ သွင်းကုန်မှာ ဒေါ်လာ ၃ ဒဿမ ၈ ဘီလီယံနှင့် နယ်စပ်ဒေသ ပို့ကုန်မှာ သန်း ၇၀ နှင့် နယ်စပ်ဒေသွင်းကုန်မှာ ဒေါ်လာ သန်း ၅၇၀ ကျော်ရှိကြောင်း သိရသည်။

ထို့ပြင် အစိုးရကဏ္ဍ၏ ပို့ကုန်ရင်းနှီးမြှုပ်နှံမှု ပစ္စည်းအချိုးမှာ များပြားနေသည့်အတွက် ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်စေရန်ပြုလုပ်ပေးပြီး ပုဂ္ဂလိကအချိုးကို ပိုမိုကျယ်ပြန့်လာနိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

၎င်းကိစ္စရပ်နှင့်ပတ်သက်၍ အငြိမ်းစားဘဏ်လုပ်ငန်းရှင်တစ်ဦးက မြန်မာနိုင်ငံသည် ကုန်သွယ်မှုကဏ္ဍတွင် အသာစီးရရှိထားသော်လည်း ကောင်းသည်ပာု မဆိုနိုင်ကြောင်း ဝယ်လိုအားနည်းပြီး ရောင်းလိုအား များနေသည့် သဘောသာ ဖြစ်ကြောင်း၊ ထိုသို့ ဆက်လက်ဖြစ်ပေါ်နေပါက မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ကျုံ့သွားနိုင်ကြောင်း ပြောကြားခဲ့သည်။

ယခု အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာနိုင်ငံအတွင်း ကားတင်သွင်းခွင့်ပြုပေးလိုက်သည့်အတွက် ဒေါ်လာဈေး ပြန်လည် မြင့်တက် သွားခဲ့သော်လည်း အခြားနိုင်ငံမှ အသုံးမပြုသည့်ကားအား ဒေါ်လာသန်းပေါင်းများစွာ ပေးဝယ်နေမည့်အစား ပြည်တွင်း လိုအပ်သည့် အခြေခံ အဆောက်အအုံများတွင်သာ သုံးသင့်ကြောင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

Ref: ရန်ကုန်တိုင်းမ်

*****************************************************************************

နိုင်ငံသားအမည်ခံ နိုင်ငံခြားသားလုပ်ငန်းရှင်အား အမည်ခံ ကားအရောင်းပြခန်းဖွင့်ခွင့် မပြု

ပြည်တွင်း၌ မော်တော်ယာဉ် ကားအရောင်းပြခန်းဖွင့်လှစ်ရာတွင် နိုင်ငံသားအမည်ခံ(သို့) နိုင်ငံခြားသား၏ ငွေကြေးအထောက်အပံ့ကိုယူ၍ ပြည်တွင်း ကုမ္ပဏီအမည်ခံ၍ လုပ်ကိုင်ကြမည့်သူများအား ကားအရောင်းပြခန်းဖွင့်လှစ်ခွင့်ပြုမည်မပာုတ်ကြောင်း သိရသည်။

အမှန်တကယ် မော်တော်ကား ရောင်းဝယ်မှုပြုလုပ်ကြမည့် ပြည်တွင်း မြန်မာနိုင်ငံသား လုပ်ငန်းရှင်များကိုသာ ကားအရောင်း ပြခန်း ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ပြီး မော်တော်ယာဉ် အရောင်းပြခန်းဖွင့်လှစ်မည့် လုပ်ငန်းရှင်များအတွက် အခြားအခြေခံလိုအပ်သည့် အချက်အလက်များကို သက်ဆိုင်ရာမှ ထုတ်ပြန်ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီးနောက်ပိုင်း မော်တော်ယာဉ်နှင့် ပတ်သက်၍ ယာဉ်ပောာင်းပယ်ဖျက်၍ မော်တော်ယာဉ်အသစ်များ တင်သွင်းခွင့်ပြုပြီးနောက် ရက်ပိုင်းအတွင်းမှာပင် မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းများ အများအပြားပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ဝန်ဆောင်မှုလုပ်ငန်းအသစ်များ ပေါ်ပေါက်လာသည့်အတွက် မော်တော်ယာဉ် ဝယ်ယူသူများမှာ အမှန်တကယ်ခိုင်မာမှုရှိ၍ အကျိုးရှိနိုင်မည့် ကုမ္ပဏီများတွင်သာ မော်တော်ယာဉ် ရွေးချယ် ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း ကားတင်သွင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ကားအရောင်းပြခန်းဖွင့်လှစ်ခွင့် သတ်မှတ်ချက်တွင် ပြည်ပ မော်တော်ယာဉ်ရောင်းချပေးသည့် အဖွဲ့အစည်းနှင့် အစဉ်အမြဲ အရောင်းအဝယ် ပြုလုပ်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းပိုင်းနှင့် ပတ်သက်၍ အတွေ့အကြုံကောင်းမွန်စွာရှိသော ကုမ္ပဏီဖြစ်ရမည်ပာု သတ်မှတ်ချက် ပါရှိသည့်အတွက် ကုမ္ပဏီကြီးများနှင့် တစ်ဆင့်ချိတ်ဆက်၍ ဝယ်ယူတင်သွင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများ အနေဖြင့် အခက်အခဲ ရင်ဆိုင်ကြုံတွေ့နိုင်ကြောင်း သိရသည်။

Ref: News Watch

*****************************************************************************

နယ်စပ် ကုန်သွယ်ရေးအတွက် (FDA) ဌာနခွဲများ တိုးချဲ့ဖွင့်လှစ်မည်

နယ်စပ်မှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို စနစ်တကျစစ်ဆေးနိုင်ရန် နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် (FDA) ဌာနခွဲများကို တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း FDA ရန်ကုန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ နယ်စပ်ဒေသများမှ ဝင်ရောက်လာသည့် အစားအစာမျိုးစုံ၊ ဆေးဝါးမျိုးစုံ တို့ကို စနစ်တကျ စစ်ဆေးနိုင်ရန် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနခွဲများကို တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကြောင့် ပြည်တွင်းတရားဝင် ရောင်းဝယ် ဖောက်ကားလျက်ရှိသည့် လုပ်ငန်းရှင်များကို ထိခိုက်မှုရှိသည့်အပြင် တားမြစ်ဆေးဝါးများ၊ အစားအသောက်များကြောင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ စီးပွားရေး၊ ကျန်းမာရေးများကို ထိခိုက်စေသည့်အတွက် နယ်စပ်ဒေသ FDA ဌာနစိတ်များကို လျင်မြန်စွာ တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

နယ်စပ်ဒေသ (FDA) အဖွဲ့ ဖွဲ့စည်းပြီးပါက မြန်မာနိုင်ငံသို့ နယ်စပ်ဒေသမှ တစ်ဆင့် အစားအသောက်နှင့် ဆေးဝါးများ တင်သွင်းရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ တင်သွင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရားမဝင်မှောင်ခိုလမ်းကြောင်းမှ ဝင်ရောက်လာသည့် ဆေးဝါးနှင့် အစားအသောက်များကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်မြို့နယ်တို့မှ တာဝန်ရှိသူများက စစ်ဆေးဖော်ထုတ်အရေးယူလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်ထိတိုင် (FDA) ဌာနများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင်သာ ဖွင့်လှစ်ထားကြောင်း သိရသည်။

Ref:News Watch၊ မော်ဒန်

*****************************************************************************

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား စောင့်ရှောက်ရေးအဖွဲ့ စေလွှတ်မည်

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာလုပ်သားများအား စောင့်ရှောက် ကူညီနိုင်ရန် မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေးအဖွဲ့(၅)ဖွဲ့အား ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသို့ မြန်မာလုပ်သား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ လာရောက်ရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကတည်းကပင် ထိုင်းနိုင်ငံအစိုးရမှ ကမ်းလှမ်းထားခဲ့သည့်အတွက် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ယခုကဲ့သို့ စေလွှတ်ရန် စီစဉ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ယခုစေလွှတ်မည့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား ကာကွယ်စောင့်ရှောက်ရေး အဖွဲ့၏ အဓိကတာဝန်မှာ ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာလုပ်သားများ၏ နိုင်ငံသားစိစစ်ရေးကတ်နှင့် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်း၊ မြန်မာလုပ်သားများ၏ လုပ်ပိုင်ခွင့်၊ လုပ်ခငွေနှင့် အခြားရပိုင်ခွင့် အခွင့်အရေးများကို ထိုင်းနိုင်ငံအစိုးရနှင့် ပြေလည်မှုရရှိနိုင်စေရန် ညှိနှိုင်းခြင်းနှင့်   ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ ကြုံတွေ့ ရင်ဆိုင်နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားစောင့်ရှောက်ရေးအဖွဲ့ စေလွှတ်ရန် ကိစ္စရပ်နှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမြင့်သိန်း ဦးဆောင်သည့်အဖွဲ့သည် အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ ထိုင်းနိုင်ငံသို့ သွားရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

၎င်း ဆွေးနွေးမှုတွင် ထိုင်းနိုင်ငံရောက် တရားမဝင် မြန်မာအလုပ်သမားများကို ပြည်နှင်မည်ဆိုပါက လူကုန်ကူးမခံရနိုင်စေရန်၊ နှစ်နိုင်ငံအသိပေး အကြောင်းကြားပြီးမှသာ ပြည်နှင်ရန်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် အလုပ်သမားသံအရာရှိ တစ်ဦးထားရှိ၍ မြန်မာရွှေ့ပြောင်း လုပ်သားများအရေး ဖြေရှင်းပေးနိုင်ရေး ထိုင်း-မြန်မာ သဘောတူညီမှုရရှိခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံမှ အသစ်ထပ်မံစေလွှတ်ဦးမည့် အလုပ်သမားများအတွက်လည်း နယ်စပ်ဒေသ သုံးနေရာ အပြင် လေကြောင်းခရီးဖြင့်သာ စေလွှတ်နိုင်ရန် သဘောတူညီမှုရယူခဲ့ကြောင်း သိရသည်။

Ref: News Watch၊ ကုမုဒြာ

***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ   

မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

တရုတ်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့၌ ကျင်းပမည့် (၈) ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲနှင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ထွက်ခွာသွားကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မြင့်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သူရဦးသောင်းလွင်၊ နိုင်ငံတော်သမ္မတရုံး အကြံပေးအဖွဲ့ဝင် ဦးဆက်အောင်နှင့် အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရှိရသည်။

တရုတ်- အာဆီယံ ကုန်စည်ပြပွဲကို အောက်တိုဘာ ၂၁ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်ဟု သိရှိရသည်။

YC

*****************************************************************************

စက်မှုဖွံ့ဖြိုးရေး ချေးငွေအား နိုင်ငံတော်က တိုက်ရိုက်ချေးငှားရန် အစီအစဉ် မရှိသေး

နိုင်ငံတော်က စက်မှုဖွံ့ဖြိုးရေးချေးငွေကို အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများသို့ တိုက်ရိုက်ချေးငှားရန် အစီအစဉ် မရှိသေးကြောင်း ကျင်းပဆဲရှိသော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၈) ရက်မြောက်နေ့တွင် အမှတ်(၁) နှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသွားသည်ကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရှိရသည်။

စမ်းချောင်းမဲဆန္ဒနယ်မှ ဦးစိုးဝင်းက “နိုင်ငံတော်က စက်မှုဖွံ့ဖြိုးရေးချေးငွေကို အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းများသို့ တိုက်ရိုက် ချေးငှားရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း” မေခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ ပြည်ပပို့ကုန် ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများ၊ သွင်းကုန်အစားထိုး ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီး လိုအပ်မည်ဆိုပါက မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၏ စိစစ်မှုဖြင့် မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်က သင့်တော်သည့် ငွေကြေးပမာဏကို သင့်တော်သည့် အတိုးနှုန်းဖြင့် ချေးငှား ထုတ်ပေးလျက်ရှိကြောင်း၊ ယခုတင်ပြသည့် အချိန်အထိ စုစုပေါင်း ငွေကျပ်(၃၀၃၉၆. ၇၈၂) သန်း အထိ ချေးငှားထုတ်ပေးထားပြီးဖြစ်ကြောင်း၊ လတ်တလောအားဖြင့် နိုင်ငံတော်အစိုးရက တိုက်ရိုက် ချေးငှားထုတ်ပေးခြင်း မပြုလုပ်သေးပါကြောင်းဖြင့် ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့သည်။

လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အစိုးရမှ လယ်ယာအမတော်ကြေးကဲ့သို့ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့် သင့်တော်သည့် ငွေပမာဏကို ထုတ်ချေးနိုင်ရေး စီစဉ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ဘဏ်မှ တစ်ဆင့် SMEs Finance Centre ကို ဖွဲ့စည်း၍ SMEs ထောက်ပံ့မှုများအား ပီပီပြင်ပြင် ဆောင်ရွက်သွားရန် လျာထားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်နှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့နိုင်ရေးအတွက် ၁-၉-၂၀၁၁ ရက်မှစ၍ ချေးငွေအပေါ် ကောက်ခံသော အတိုးနှုန်းအား ၁၅ ရာခိုင်နှုန်းအထိ လျှော့ပေါ့သတ်မှတ်ပေးခဲ့ပါကြောင်း၊ ထို့ပြင် စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ၏ ချေးငွေများ အတွက်လည်း အတိုးနှုန်းအား ၁၄ ရာခိုင်နှုန်းအထိ လျှော့ပေါ့ပေးခဲ့ကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

YC

***********************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

စာချုပ် ဝယ်ထားသူအချင်းချင်း ထပ်ဆင့် ပြန်အရောင်းအဝယ်ပြုကာ အလွယ်တကူ ငွေပြန်ဖော်နိုင်သည့် အနေအထား (တစ်နည်း) ထပ်ဆင့် အရောင်းအဝယ်ပြုသည့် ဈေးကွက် (secondary market) ရှိပါက ပိုမို စိတ်ချစွာ ဝယ်ယူစေနိုင်သည့်အတွက် ဈေးကွက်တွင်ကျယ်မှု ပိုမိုအားကောင်း လာစေမည်ဖြစ်သည်။ တစ်ဦးချင်း ဝယ်ယူထားသူဦးရေ များပြားမှသာ အချင်းချင်း ထပ်ဆင့်ရောင်းဝယ်မှု များပြားကာ အထက်ပါ အလွယ်တကူ ငွေပြန်ဖော်နိုင်သည့်အခြေအနေ ဖြစ်ထွန်းလာမည်ဖြစ်ပြီး မြန်မာငွေတိုက်စာချုပ် ဈေးကွက်တွင် ယင်းသို့ တစ်ဦးချင်းဝယ်ယူထားသူ နည်းပါး နေခဲ့သည့်အတွက် ၎င်းအနေအထားပေါ်ပေါက်မှု နှေးကွေးနေရာ ယခုဖြစ်ပေါ် မှုသည် အထက်ပါ အနေအထားပေါ်ပေါက်ရေး လမ်းကြောင်းမှန်နှင့် ပိုမိုနီးစပ်လာခြင်းဖြစ်သည်။

"ဒီ တိုးတက်မှုက ဈေးကွက်အတွက် အားတက်စရာ လက္ခဏာတစ်ခုပါ။ အတိုးနှုန်းမပြောင်းခင်ကအထိ ဗဟိုဘဏ်ရဲ့ ကိန်းဂဏန်းတွေ အပါအဝင် စုစုပေါင်း အရောင်းအရ ငွေတိုက်စာချုပ်မှာ တစ်ဦးချင်း ရင်းနှီးမြုပ်နှံ သူတွေက တစ် ရာခိုင်နှုန်းအောက် နည်းတယ်။ အခုလို တိုးလာပြီး တစ်ဦးချင်း မြုပ်နှံသူတွေ ငါးရာခိုင်နှုန်းက ၁၀ ရာခိုင်နှုန်းလောက်ရှိလာရင် အတော်အသင့် ပမာဏရှိတဲ့ ငွေတိုက်စာချုပ် ထပ်ဆင့်ပြန်ရောင်းဝယ်မှု ဈေးကွက် တစ်ခု မကြာခင် ပေါ်ပေါက်နိုင်တယ်လို့ ယူဆတယ်"

အောက်တိုဘာ ၂၁ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇) အမှတ် (၅၄၀) တွင်ပါသည့် "ဘဏ်တိုးနှုန်းများ ပြင်ဆင်ပြီး နောက် အစိုးရငွေတိုက် စာချုပ်များ၏ တစ်လ ပျမ်းမျှရောင်းအား ၂၆ ဆအထိ မြင့်တက်သွား" သတင်း မှ MSEC ကုမ္ပဏီ၏ အရာရှိတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*****************************************************************************

“နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ရယူကျင့်သုံးနေတဲ့ အစိုးရအဖွဲ့သစ်ဟာ တာဝန်အရှိဆုံး အဖွဲ့အစည်းပါ။ အစိုးရအဖွဲ့သစ်ရဲ့ သက်တမ်း နုနုအတွင်း လက်တွေ့ဆောင်ရွက်ချက်တွေက ပြည်သူလူထုအတွင်း မျှော်လင့်ချက်တွေ ခိုင်မာလာအောင် ဆောင်ရွက်ဖို့ပဲ လိုပါတော့တယ်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ စိုးရိမ်ပူပန်မှုတွေ ကို ကျကျနန လေ့လာသုံးသပ်ပြီး ပြေပျောက်အောင် ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရတဲ့ ပုဂ္ဂိုလ်တွေကိုသာ လွတ်ငြိမ်းချမ်းသာခွင့် ပြုမယ်ဆိုရင် အစိုးရအဖွဲ့ သစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့ နိုင်ငံရေးအင်အားစုတွေ အပါအဝင် ပြည်သူတွေရဲ့ ယုံကြည်မှုကို ဆုပ်ကိုင်ရယူနိုင်မှာပါ။ အစိုးရအဖွဲ့သစ်အနေနဲ့ အတိတ်သမိုင်းက သဘောကွဲလွဲမှုတွေကို ခဝါချ ဖယ်ရှားပြီး အနာဂတ်ခရီးဖြောင့်ဖြူးဖို့ကိုပဲ ဆောင်ရွက်နေတယ်ဆိုတာကို အထင်အရှား သက်သေ ပြနိုင်ဖို့လိုပါ တယ်”

အောက်တိုဘာ ၂၀ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၆၅) တွင်ပါသည့် ဆောင်းပါးရှင် ကိုဝ၏ “နိုင်ငံရေ အနာဂတ်ခရီး” ဆောင်းပါးမှ ကောက်နှုတ်ချက်

*****************************************************************************

“၃နှစ်နဲ့ ဘွဲ့ပေးတယ်ဆိုတာက အခြေအနေတစ်ခုအရ လုပ်လိုက်ရတယ်လို့ပဲမြင်တယ်။ အရင်က ၄နှစ်ပဲ တက် ခဲ့ရတာပဲ။ ဂုဏ်ထူးတန်းဆို ၅ နှစ်ပေါ့။ ခြုံငုံပြီး သုံးသပ်ရရင် ၃ နှစ်နဲ့ ဘွဲ့ပေးတယ်ဆိုရာမှာ ဘွဲ့တစ်ခုရဖို့ လုံလောက်တဲ့ပညာမရနိုင်ဘူးလို့ပဲ မြင်တယ်။ တတ်သင့်တတ်ထိုက်တဲ့ပညာ၊ သိသင့် သိထိုက်တဲ့ ပညာတွေမှာ အားနည်းမှုတွေရှိနိုင်မယ်။ ၄ နှစ် လုပ်ပေးမယ်ဆိုရင်တော့ ပညာရေးမှာ ရှေ့ဆက်ဖို့ အခြေအနေပိုကောင်းလာ နိုင်တယ်။ မြန်မာ့ပညာရေး အဆင့်မီစေဖို့ နိုင်ငံတကာနဲ့ မယှဉ်နဲ့ဦး။ အာဆီယံတွေထဲမှာဘဲ လိုက်ယှဉ်ဖို့လိုနေပြီ။ အားလုံး ကြိုးစားမှဖြစ်မှာပါ”

အောက်တိုဘာ ၂၀ ထုတ် Popular News အတွဲ (၃) အမှတ် (၄၁) တွင်ပါသည့် “တက္ကသိုလ်ပညာသင်နှစ် တစ်နှစ်တိုးရေး စီစဉ်ရေးဆွဲပြီးဖြစ် ဘတ်ဂျက်အပေါ် အခြေခံ၍ ပြဋ္ဌာန်းသွားမည်ဟု ပြည်ထောင်စု ဒုတိယဝန်ကြီးဆို” သတင်းမှ ပညာရေးဝန်ကြီးဌာန၏ အကြံပေးပညာရှင် ဆရာကြီး ဒေါက်တာထွန်းခင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*****************************************************************************

"နိုင်ငံတော်အနေနဲ့ စဉ်းစားရင် ဒေါ်လာဈေးကျတာကောင်းလား။ တက်တာက ကောင်းလားရှိသေးတယ်။ လူနည်းစု စီးပွားရေးအတွက်ပဲ ဒါလုပ်ပေးတယ်လို့ မြင်ရင် လူများစုက မကျေနပ်စရာ ဖြစ်လာမယ်။ ဒါက ဆေးမြီးတို အဆင့်ပါ။ ကုတာမဟုတ်ဘူး။ ခဏတာအတွက်ပါပဲ။ ကားဟောင်းတွေအပ်လို့ ပို့ကုန်ရငွေတက်လည်း ကားဟောင်းတွေ ကုန်သွားရင်ပြန်ကျသွားနိုင်တာပဲ" ဟု ပြောသည်။

သို့ရာတွင် ပို့ကုန်လုပ်ငန်းရှင်အများစုမှာ ထိုသို့ ကားလဲလှယ်ပေးမှုနှင့် ပတ်သက်၍ ငွေလဲနှုန်း မြင့်တက်လာခြင်း အပေါ် ၎င်းတို့ စီးပွားရေး လုပ်ငန်းများအတွက် ရည်ရွယ်၍ နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးခြင်းဟု ယူဆလျက် ရှိသည်။

အောက်တိုဘာ ၂၁ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇) အမှတ် (၅၄၀) တွင်ပါသည့် "ကျပ်ငွေခိုင်မာအောင်လုပ်မှ တိုင်းပြည် စီးပွားရေး ကောင်းမည်ဟုဆို" သတင်းမှ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ နာယက ဦးစိုးဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*******************************************************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံရေးနယ်ပယ်မှာ လူငယ်တွေ နေရာပေးရေးနဲ့ ဆက်စပ်တဲ့ ပြဿနာတစ်ချို့

မာန်ကီ

(အောက်တိုဘာ ၂၀ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၆၅) မှ ထုတ်ယူဖော်ပြသည်။)

ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၅၃ ပါ ဆရာဝင်းထွဋ်ဇော်ရဲ့ အတွေးဆောင်းပါးကို ဖတ်ပြီး တော်တော်  ကျေနပ်အားရမိတယ်။ ကာလတာရှည်ကတည်းက လိုအပ်တာဖြစ်ပေမယ့် ပြန်ဖော်လိုက်တဲ့အချိန်က  တကယ့် ချိန်ကိုက်ကာလ ဖြစ်နေတာမို့ အရမ်းစိတ်ဝင်စားမိတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှာ လူငယ်ဘဝကို အနှစ် ၃၀ ကျော် မြှုပ်နှံဖြတ်သန်းလာခဲ့သူ တစ်ယောက်အနေနဲ့ ကိုယ့်အတွေအကြုံကို မမျှဝေဘူးဆိုရင် တာဝန်မဲ့ရာ ကျမလားဆိုတဲ့ အတွေးနဲ့ ဒီဆောင်းပါးရေးဖြစ်တာပါ။ တွေးပုံခံယူပုံ လွဲချော်နေခဲ့ရင်လည်း ခွင့်လွှတ်ပေးပါ။

ဆရာ ဝင်းထွဋ်ဇော် ရေးထားသလိုပဲ။ သမိုင်းမှာ လူငယ်တွေ နေရာရပုံ နှစ်မျိုးရှိခဲ့တယ်။ တစ်မျိုးက လူကြီးတွေ မလုပ်နိုင်တဲ့အလုပ်မှာ သမိုင်းလိုအပ်ချက်အရ လူငယ်တွေ ခေါင်းဆောင်ပြီး ထလုပ်တာ အောင်မြင်သွားရင် လူကြီးခေါင်းဆောင်အဖြစ် သမိုင်းမှာ နေရာရတာမျိုးဖြစ်တယ်။ နောက်တစ်မျိုးက လက်ရှိခေါင်းဆောင်လူကြီးက တော်ကောက်လို့ ခေါင်းဆောင်မှု စည်းဝိုင်းထဲ ပါခွင့်ရတာမျိုးဖြစ်တယ်။ ဒါကိုပဲ ထပ်ချဲ့လိုက်ရင် သမိုင်းက တောင်းဆိုနေပေမယ့် လူငယ်တွေက အောင်ပွဲရအောင် မတိုက်နိုင်တဲ့အခါ လူငယ်ခေါင်းဆောင်ဟာ လူကြီး ခေါင်းဆောင်ဖြစ်မလာတော့ဘူး။ နောက်တစ်မျိုးဖြစ်တဲ့ လူကြီးက တော်ကောက်တယ်ဆိုရာမှာလည်း အဲဒီလူကြီးက အရည်အသွေး အခြေခံနဲ့ ကောက်တာလား၊ ‘ဗောင်းတော်ညိတ် စိတ်တော်သိ’ ‘ဖိတ်ချင်းဖိတ် ကိုယ့် အိတ်ထဲဖိတ်’ ဆိုတဲ့အခြေခံနဲ့ ကောက်တာလား ခွဲခြားရပါမယ်။ များသောအားဖြင့် ဒုတိယ အမျိုးအစားက များတာမို့ ကိုယ့်ကို မိုးကာပေးထားတဲ့ ရွှေထီးမရှိတာနဲ့ မရှင်သန်နိုင်တော့ဘဲ ပထမတန်းစား ခေါင်းဆောင်ဘဝ ကို မရောက်တော့ပြန်ဘူး။ ဒီနည်းနဲ့ ဦးဆောင်နိုင်သူ လူငယ် နိုင်ငံရေးမျိုးဆက် ပြတ်ခဲ့ကြတာပဲ။ မိမိကြုံတွေ့ ခဲ့ဖူးတဲ့ အခက်အခဲ တချို့ကို အနည်းငယ် အသေးစိတ်ရေးပါ့မယ်။

၁။ လူငယ်တွေကို နိုင်ငံရေးအရ မြေတောင်မြှောက်ပေးရာမှာ လူကြီးတွေနဲ့ ပတ်သက်တဲ့ပြဿနာ

နိုင်ငံရေးခေါင်းဆောင်လူကြီးတွေအနေနဲ့ လက်တွေ့ပြဿနာ နေ့စဉ်လုပ်ငန်းစီမံခန့်ခွဲမှုတွေနဲ့ လုံးလားထွေးလား ဖြစ်နေရတဲ့ အချိန်က များတာမို့ လူငယ်တွေကို ရေရှည်မြှုပ်နှံ မွေးမြူဖို့ မေ့လျော့နေတတ်တယ်။ အောက်ခြေသိမ်း လက်တွေ့ဘဝကို ဖြတ်သန်းပြီး ခေါင်းဆောင်ဖြစ်လာတဲ့ လူကြီးတွေအတွက် လူငယ်တွေကို ကာလရှည် အစမ်းသပ်ခံ ဘဝတစ်ခုဖြတ်သန်းပြီးမှ ခေါင်းဆောင်အဖြစ် လက်ခံချင်ကြတယ်။ (အဲဒီအချိန်မှာ လူငယ်လေးဟာ နှိုင်းယှဉ်ချက်အရ အသက်အပိုင်းအခြားမှာ လူကြီးစာရင်းဝင်လာပြီဖြစ်တယ်) ဒါကလည်း အဲဒီလူကြီးရဲ့ ခေါင်းဆောင်မှုကို စိန်မခေါ်နိုင်ဘူးလို့ စိတ်ချ ယုံမှတ်မှသာ ဖြစ်တယ်။

အခု ဥရောပနိုင်ငံတွေအတွင်းမှာ အဖွဲ့အစည်းတစ်ခုဖွဲ့ရင် ခေါင်းဆောင်စုအတွင်းမှာ လူငယ်ရာခိုင်နှုန်း ဘယ်လောက်၊ အမျိုးသမီး ရာခိုင်နှုန်း ဘယ်လောက်ပါရမယ်ဆိုတာ သတ်မှတ်ချက် ထားရှိကြတယ်။ အဲဒီအဆင့်  ရောက်ဖို့တော့ ကြာလိမ့်ဦးမယ်ထင်ပါတယ်။ ဒါက ‘အဖွဲ့အစည်း တည်ဆောက်ရေး’ ‘ခေါင်းဆောင်မှု အဆက်မပြတ်ရေး’ ဆိုတာတွေကို ဘယ်လောက် အရည်အသွေးရှိရှိ နားလည်သဘောပေါက်သလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ အဲဒီခေါင်းဆောင်လူကြီး အဆင့်မြင့်ပညာ တတ်တာ မတတ်တာနဲ့ မဆိုင်ဘူး။ နိုင်ငံတော် အစိုးရအဖွဲ့မှာ အဆင့်မြင့် ဝန်ကြီး တာဝန်ယူခဲ့ဖူးပြီး နိုင်ငံရေးသမားဘဝ စုတေလျှောကျလာခဲ့တဲ့ ခေါင်းဆောင် လူကြီး တစ်ယောက်ရဲ့ လူငယ်ခေါင်းဆောင်တွေအပေါ် သဘောထား ဆက်ဆံပုံကို ကိုယ်တွေ့မြင်ရမှ ဒါကို ပိုသဘောပေါက်လာတယ်။

ဒါကြောင့် လူကြီးတွေ အနေနဲ့ ကိုယ့်သွေး ကိုယ့်သား ကိုယ့်တပည့် ဆိုတဲ့ ခရိုနီ(Crony) အမြင်တွေကို လက်ရှောင်နိုင်ဖို့က ပထမ ပြဿနာဖြစ်ပြီး ဒုတိယက ရေရှည်ဆင်နွှဲရမယ့် နိုင်ငံရေးတိုက်ပွဲမှာ လူငယ်တွေကို စနစ်တကျ ဘယ်လိုပျိုးထောင်မလဲဆိုတဲ့ ပြဿနာ ဖြစ်ပါတယ်။ စီမံချက်ရှိရှိ လုပ်ရပါမယ်။

သက်ရင့် ခေါင်းဆောင်တွေများပြားခဲ့တဲ့ ကွန်မြူနစ်ဆိုဗီယက်နဲ့ တရုတ်နိုင်ငံတွေမှာတောင် ခေါင်းဆောင်မှု နုပျို တက်ကြွလန်းဆန်းစေဖို့၊ ကမ္ဘာကြီးနဲ့အမီ လိုက်နိုင်ဖို့ စီမံချက်ချလုပ်ခဲ့တယ်။ ဂိုဗာချော့ဗ်၊ ဟူကျင်တောင်တို့ဟာ အဲဒီအစီအစဉ်နဲ့ တက်လာကြတာပါပဲ။ ဗဟို ကော်မတီ စည်းဝိုင်းကနေ ပေါ်လစ်ဗျူရိုထဲခေါ်သွင်း မယ်၊ ပြီးမှ ထိပ်သီးအဆင့် ဆွဲတင်မယ်။ အနည်းဆုံး ညီလာခံနှစ်ခုစာအချိန်ယူပါတယ်။

၂။ မြေတောင်မြှောက်ရာတွင် ကြုံရတဲ့ လူငယ်တွေရဲ့ ပြဿနာ

လူငယ်တွေကို နိုင်ငံရေးအရ မြေတောင်မြှောက်ရာမှာ နိုင်ငံရေးအရည်အသွေး မြှင့်တင်ရေးကို ဦးစွာ လုပ်ကြရပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ မမျှော်လင့်တဲ့ အရေးအခင်းတွေကြောင့်နဲ့ လူကြီးခေါင်းဆောင်တွေရဲ့ စီမံချက် မရှိမှုကြောင့် လူငယ်အများအပြားဟာ နိုင်ငံရေးကို စနစ်တကျအဆင့်ဆင့် ချဉ်းကပ် ဝင်ရောက်လာကြတာမဟုတ်ဘဲ နိုင်ငံရေးက ကိုယ့်ဆီကို ဒရောသောပါး ရောက်လာပြီး ကမူးရှူးထိုးလိုက်ပါ သွားကြရတာ ဖြစ်တယ်။ ဒါကြောင့် သဘာဝကျစွာပဲ ပညာရေး အခြေခံနည်းပါးနိမ့်ကျတာ၊ အဖွဲ့အစည်းလုပ်ငန်း အတွေ့အကြုံနှုန်း နည်းတာတို့ ပါလာကြတယ်။ ဒါကြောင့် အများစုဟာ နိုင်ငံရေးအတွေးအခေါ် လုပ်ဟန်တို့မှာ လိုက်မမီတာတို့၊ အဖွဲ့အစည်း သဘာဝ စည်းမျဉ်းစည်းကမ်းတွေပေါ်မှာ စိတ်မရှည်သည်းမခံနိုင်တာတို့ ဖြစ်ပြီး ပေါ်လစီ စီမံခန့်ခွဲတဲ့အဆင့်၊ ပေါ်လစီ ရေးဆွဲချမှတ်တဲ့ အဆင့်မရောက်ခင် လမ်းခုလတ်မှာ ပြုတ်ကျန်ခဲ့ကြရ တယ်။

ရောဂါကို ပိုးဆိုးစေတဲ့ အချက်တစ်ချက်က လူ့အဖွဲ့အစည်းထဲမှာ နိုင်ငံရေးအတွေးအခေါ်တွေ အကွဲကွဲ ပြားပြား ဖြစ်နေတာပါပဲ။ လက်ဝဲ လက်ယာ အတွေးအခေါ်တွေ လူမျိုးစု ခံစားမှုတွေနဲ့ နယ်စပ်မှာဆိုရင် နီးစပ်ရာ နိုင်ငံအပေါ် တစ်ဖက်သတ် အထင်ကြီး အတုယူမှုတွေကြောင့် လူငယ်တွေဟာ တစ်ခုလုံးရဲ့ ခေါင်းဆောင် အဖြစ်ကို မရောက်ခင် လမ်းခုလတ်မှာပဲ နိုင်ငံရေး ဘဝ သေသွားတတ်ကြတယ်။ အခုခေတ်မှာလို ဘဝတက် လမ်းကို တစ်ကမ္ဘာလုံးဖြန့်ရှာနိုင်ခွင့်ရှိတဲ့ အချိန်မှာ (နိုင်ငံရေးအရ စာနာစိတ် ရှိပေမယ့်လို့) ဘဝကိုပုံအပ်ဖို့ဆို တာ အတော်ရှားပါးတဲ့ ကိစ္စဖြစ်လာတယ်။ လက်ရှိ ဖြစ်နေတာက ခေါင်းဆောင်ပုဂ္ဂိုလ်များကို အသေအလဲကြည် ညိုလွန်းလို့ (ဒါမှမဟုတ်) နိုင်ငံရေးအတွေးအခေါ် လမ်းစဉ် တစ်ခုခုကို အစွန်းကျကျ ယုံကြည် ဆုပ်ကိုင်ထားလို့ သာ ဆက်ကျန်နေတတ်ကြတယ်။

ဒါကြောင့် လူငယ်တွေရဲ့ နိုင်ငံရေးအရည်အသွေးကို မြှင့်တင်ဖို့ နိုင်ငံရေးပါတီတွေက မိမိရဲ့ လူငယ် အင်အားတွေကို လူငယ်အဖွဲ့အစည်းဖွဲ့ပြီး စုစည်းတာမျိုးလုပ်ပြီး စတင်နိုင်ပါတယ်။ (ဆရာဝင်းထွဋ်ဇော်ရဲ့ ဆောင်းပါး ပါတဲ့ ဂျာနယ်တစ်အုပ်တည်းမှာပဲ ဒေါက်တာမောင်သင်းရဲ့ တက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံ သင်ကြားရေးဆိုတဲ့ ဆောင်းပါး ပါလာတယ်။ အကြံပြုချက်တွေ ဖြစ်လာနိုင်ရင် အကောင်းဆုံးပါပဲ)

စံပေတံတွေရှိဖို့လိုတယ်

နောက်တစ်ခုက လက်တွေ့နိုင်ငံရေးနယ်ပယ်မှာ အတွေ့အကြုံရယူရေးနဲ့ ဆိုင်ပါတယ်။ “ဒီလူငယ် နိုင်ငံရေး-ဇ- ရှိတယ်’ဆိုပြီး ဖူးဖူးမှုတ် အဆင့်ကျော် လုပ်ပိုင်ခွင့်ပေးအပ်ရာကနေ မမှားသင့်တဲ့အမှားတွေ မှားပြီး နိုင်ငံရေးဇာတ်ခုံက စောစောဆင်းသွားရတာလည်းရှိတယ်။ ဒါက လူကြီးခေါင်းဆောင် တွေရဲ့ လူ့အရင်းအမြစ် စီမံခန့်ခွဲမှု စွမ်းရည်နဲ့ဆိုင်တယ်။ ဖြစ်သင့်တာက သဘောတရားနယ်ပယ်ကနေ ပြည်သူလူထု ရင်ခွင်ကြားမှာ အဖွဲ့အစည်း (သို့) တိုင်းပြည်အကျိုးကို ရှေးရှုပြီး ဘယ်လောက် သင်ယူနိုင်တယ်။ ဘယ်လောက် ပေးဆပ်နိုင်တယ်။ ဘယ်လောက်ရည်မှန်းချက် ပေါက်မြောက်အောင် စွမ်းဆောင်နိုင်တယ်ဆိုတာတွေကို စစ်ဆေးရပါမယ်။ သုံးသပ်စိစစ် တဲ့ လူကြီးခေါင်းဆောင်တွေမှာ စနစ်ကျ မှန်ကန်တဲ့ တိုင်းတာရေး စံ-ပေတံတွေ ရှိထားဖို့ လိုပါတယ်။ လေ့လာ ပြီး လုပ်ငန်းခွင်ဝင်၊ ပြန်မွမ်းမံပြီး လုပ်ငန်းခွင် ပြန်သွားဆိုတဲ့ နည်းစနစ်နဲ့ တစ်ဆင့်ပြီး တစ်ဆင့်မြင့်တက်ရာက နိုင်ငံရေးခေါင်းဆောင်အဖြစ် ရောက်သွားတာ အာမခံချက်အရှိဆုံးပါပဲ။

၂၀၀၉ ခုနှစ်ထုတ် တိုင်းမ် မဂ္ဂဇင်းစာအုပ်မှာ ကာတာဘာရီလို့ ခေါ်တဲ့ ဂျပန်လူငယ်တွေကို လူ့အဖွဲ့အ စည်းတွင်း သူတို့ရဲ့ အခန်းကဏ္ဍကို အလေးအနက် ရှိလာစေပြီး ကိုယ်ပိုင် နိုင်ငံရေး အသံဖော်ထုတ်ဖို့ အားပေး လှုံ့ဆော်နေတဲ့ (NGO) တစ်ခုအကြောင်း ဖတ်လိုက်ရပါတယ်။ အဲဒီထဲမှာပဲ dot-JP လို့ ခေါ်တဲ့ ဂျပန် နိုင်ငံရေး သမားတွေရဲ့ ရုံးမှာ အလုပ်သင်ဝင်ရောက်လိုသူ တက္ကသိုလ်ကျောင်းသား လူငယ်တွေအတွက်ကူညီနေတဲ့ NGO အကြောင်းလည်း ပါတယ်။ ဒီလို အဖွဲ့အစည်းမျိုးတွေရှိရင် ပိုထိရောက်မှာဖြစ်ပါတယ်။

နောက်တစ်ခုက လူငယ်တွေကို လွတ်လပ်ခွင့် တစ်စုံတစ်ရာ ပေးတဲ့ ပြဿနာဖြစ်တယ်။ မိခင်အဖွဲ့ အစည်းကနေ လူငယ်အဖွဲ့အစည်းကို ကိုယ်ထူကိုယ်ထ အလုပ်လုပ်တတ်ဖို့ လွတ်လပ်ခွင့်ပေးတဲ့ ပြဿနာ လည်းအကျုံးဝင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ နိုင်ငံရဲ့နိုင်ငံရေး အထုံဓလေ့လို့ ဆိုရမလားမသိဘူး။ အစွန်းနှစ်ဖက်မှာ သံသရာလည်နေတတ်တယ်။ တစ်ခုက လူကြီးခေါင်းဆောင်တွေရဲ့ အစွန်း။ လူငယ်အဖွဲ့အစည်း တွေကို လမ်းညွှန်ချက်နဲ့ ဖွဲ့စည်းမှု မူဘောင်တွေချမှတ်ပြီး ထိုးသွင်းကြံဆမှုရှိရှိ ကိုယ့်အင်အားကိုယ် တည်ဆောက်ဖို့ တစ်စုံတစ်ရာ လွတ်လပ်ခွင့် ပေးထားပါတယ်။ တစ်ခါ တစ်ခါ လူကြီးခေါင်းဆောင်ဖြစ်နေတဲ့ နှိုင်း ယှဉ်ချက်အရ အသက်ငယ်တဲ့သူတွေ ပါဝင် ဝိုင်းဝန်း လုပ်ဆောင်ပေးပါတယ်။

ဒါကိုပဲ လက်တွေ့ပိုင်း အကောင်အထည်ဖော်တဲ့အခါ လူငယ်အဖွဲ့အစည်းကို လက်အောက်ခံ အဖွဲ့အ စည်းလို သဘောထားပြီး အမိန့်ပေး အမိန့်ခံစနစ်နဲ့ ဆက်ဆံကြတယ်။ ဒါဟာ ပြုစုပျိုးထောင်တာ မဟုတ်၊ တပည့်မွေးတာသာဖြစ်တယ်။ ထိုးထွင်းကြံဆ လုပ်မိတဲ့ လူငယ်ခေါင်းဆောင်ပေါ် မှာလည်း တကယ့်နိုင်ငံရေး ပြစ်မှုကျူးလွန်ထားတဲ့ ပုံစံမျိုး (ဗဟို ချုပ်ကိုင်မှုကို ချိုးဖောက်တဲ့သဘောမျိုး) အပြစ် ယူချင်ကြတယ်။

နောက် အစွန်းတစ်ခုက လူငယ်ခေါင်းဆောင်တွေရဲ့ အစွန်း။ နောက်ခံမိခင်အဖွဲ့အစည်းကလည်း အား ကောင်း (တစ်ခါတလေ အာဏာရလည်း ဖြစ်ချင်ဖြစ်မယ်) တစုံတရာလည်း လုပ်ပိုင်ခွင့်ပေးထားတော့ မိမိနဲ့ မဆိုင်တဲ့ နယ်ပယ်တွေမှာ ဝင်စွက်ဖက်ပြီး တစ်ထီးတစ်နန်း ထူထောင်တာမျိုး ဖြစ်တတ်တယ်။ မြင်မြင်ရာကို ကိုယ့် ပေတံနဲ့ ကိုယ်တိုင်းပြီး ဇွတ်ပြုပြင် ပြောင်းလဲချင်တဲ့ သူရဲကောင်းပေါက်စလေးတွေရဲ့ အမှားဖြစ်တယ်။

၃။ မြန်မာ့နိုင်ငံရေးထူးခြားချက်နဲ့ လူငယ်

နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်အတွက် လူငယ်တွေကို အားကိုးရမယ်ဆိုရင် ဒီလူငယ်တွေရဲ့ နိုင်ငံရေးကို ပြုစုပျိုးထောင်ဖို့ အရေးတကြီး စဉ်းစားရမှာဖြစ်တယ်။ ဒါကို အကောင်အထည်ဖော်တဲ့အခါ အရေးအကြီးဆုံးက ရင်းနှီးမြှုပ်နှံမှုပါပဲ။ သာမန် ဘဏ္ဍာ အရင်းအနှီးမြှုပ်နှံတာကို ပြောတာမဟုတ်ဘူး။ လူအရင်းအမြစ်နဲ့ နိုင်ငံရေး အင်စတီကျူးရှင်းတွေအတွက် ရင်းနှီးမြှုပ်နှံရပါမယ်။ ဒါဟာ ဖြစ်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။

လူအရင်းအမြစ်ကို ရောက်ရာအရပ်မှာ ရှိတဲ့အဆင့်နဲ့ လက်ကုန်သုံးပစ်လိုက်ကြတာ များပါတယ်။ ရေရှည်မှာ အဆင့်မြင့်ခေါင်းဆောင်ဖြစ်နိုင်တဲ့ လူငယ်တစ်ယောက်ဟာ အလုပ်ခွင်ထဲမှာ နိုင်ငံရေး လုံးပါးပါးပြီး ခေါင်းဆောင် အညွန့်တုံးသွားတယ်။ နိုင်ငံရေး အင်စတီကျူးရှင်းတွေနဲ့ ပတ်သက်ရင်လည်း ကိုယ်ထူကိုယ်ထသာ လုပ်ကြကြေးဆိုရင် အမြီးကျက်အမြီးစားရှိတဲ့ အင်အား၊ ရှိတဲ့ အဆင့်မှာ တန့်သွားရလိမ့်မယ်။ ဒီမိုကရေစီ ပြန်နာလန်ထ နိုင်ဖို့အတွက် ပြင်ပအကူအညီနဲ့ ကျားကန်ရပါမယ်။ ပြင်ပအကူအညီဆိုရာမှာ ဝိသမ စီးပွားရေးလုပ်ငန်းရှင်တွေ ဝင်သွားရင် ပိုပြီး ကိုယ်ကျိုးနည်းလိမ့်မယ်။ ဒါကြောင့် နိုင်ငံတော်အဆင့်ကနေ စိုက်ထုတ်မြှုပ်နှံဖို့လိုပါလိမ့်မယ်။ ဖြစ်နိုင်တာ နောက်တစ်ခုက ဒီမိုကရေစီ တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်နေတဲ့ နိုင်ငံတကာ (INGO) တွေကို လမ်းဖွင့်ပေးရင်လည်း ဖြစ်နိုင်ပါတယ်။

ပြုစုပျိုးထောင်ထားတဲ့ လူငယ်နိုင်ငံရေး ခေါင်းဆောင်တွေအတွက် ကစားကွင်းလည်း လိုပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ပါလီမန် ဒီမိုကရေစီဟာ ဆယ်နှစ်တာကာလအတွင်း နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေရဲ့ အတွေ့အကြုံနုနယ်မှု၊ သဘောထားမရင့်ကျက်မှုနဲ့ ပြည်တွင်းစစ် ပယောဂတွေကြောင့် ပြတ်တောက်ခဲ့ရ တယ်။ နောက်တော့ စစ်တပ် လွှမ်းမိုးတဲ့ တစ်ပါတီစနစ် ကာလရှည်တစ်ခုနဲ့ စစ်တပ်က အာဏာရယူထားတဲ့ တခြားကာလရှည်တစ်ခု ထပ်ဖြတ်သန်းရပြန်တယ်။ ဒီလို အနေအထားမှာ လူငယ်တွေရဲ့ နိုင်ငံရေးကစားကွင်း ဟာ ဘာဖြစ်မလဲ။ အာဏာရနိုင်ငံရေး အသိုင်းအဝိုင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရေး အတိုက်အခံ နိုင်ငံရေးအသိုင်း အဝိုင်းကြားမှာ ကျင်လည်ရမှာပဲ။ ဒီလို နိုင်ငံရေး အမျိုးအစား တွေမှာ လူငယ်ထုတွေရဲ့ အမှန်အကန် အကျယ်အပြန့် ပါဝင်မှုကို ရနိုင်မှာ မဟုတ်ဘူး။ ဆိုချင်တာက အစစ်အမှန် နိုင်ငံရေးလေ့ကျင့်ဖို့ လူငယ်တွေ အတွက် ကွင်းပျောက်ခဲ့တယ်ဆိုတဲ့သဘောပါ။

ချုပ်ပြီး ပြောရရင် လူငယ် နိုင်ငံရေးခေါင်းဆောင်တွေကို မွေးထုတ်နိုင်ပါမှ သူတို့ကို နေရာပေးလို့မှာ ဖြစ်တယ်။ ခုနေခါမှာ လူအရင်းအမြစ် ရှိပြီးသားဖြစ်တယ်။ နိုင်ငံရေး အဖွဲ့အစည်းတွေပေါ်လာပြီး ဖြစ်တယ်။ လိုအပ်တာက လူငယ်တွေ ကစားနိုင်တဲ့ကွင်း၊ နိုင်ငံရေးအခင်းအကျင်းကို အမြော်အမြင်ရှိရှိ ဖန်တီးပေးဖို့ပဲ။ ဒီအခင်းအကျင်းဟာ လူကြီးခေါင်းဆောင်တွေရဲ့ စိတ်ကူးအိမ်မက်ကို ဖြည့်ဆည်းနိုင်ချင်မှ နိုင်မယ်။ ဒါပေမဲ့ လူငယ်တွေအတွက် လှုပ်သာရှားသာ အနေအထားမျိုး ဖြစ်ရပါမယ်။ ဒါဆိုရင် လူငယ်ထု တအုံတမဟာ နိုင်ငံရေး နယ်ပယ်ထဲ ဝင်ရောက်လာမှာဖြစ်တယ်။

ကွင်းရသွားပြီးရင် လိုတာက လုံလောက်တဲ့ အချိန်ဖြစ်တယ်။ ဒီမိုကရေစီကာလ၊ ငြိမ်းချမ်းတဲ့ ဘောင်အတွင်း လှုပ်ရှားနိုင်တဲ့ ကာလကို အဆက်မပြတ်စေဘဲ ဆယ်စု နှစ်ခု၊ သုံးခုသာ ရခဲ့ရင် မြန်မာပြည် နိုင်ငံရေးရဲ့ အနာဂတ်ဟာ အရည်အချင်း ပြည့်ဝကောင်းမွန်တဲ့ လူငယ်မျိုးဆက် သစ်တွေနဲ့ ကောင်းမွန် ထွန်းတောက်နေမှာ မလွဲလို့ ဆိုချင်ကြောင်းပါ။

*****************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment