Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၈.၁ဝ.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မဲခေါင်ဒေသနှင့် ဆက်ဆံရေးအားကောင်းအောင် ဆိုးလ်ကြိုးစား

(Korea Times မှ 27 Oct 2011 ရက်စွဲပါ “ Seoul beefs up ties with Mekong region” သတင်းကို ဘာသာပြန်သည်)

  1. မြန်မာ အကျဉ်းသားများ လွှတ်ပေးခြင်းကို အမေရိကန် သတိကြီးကြီးဖြင့် အကောင်းမြင်

(Los Angeles Times မှ 26 Oct 2011 ရက်စွဲပါ “Myanmar’s release of Prisoners Leaves U.S cautiously optimistic” သတင်းကို ဘာသာပြန်ဆိုသည်)

 

  1. ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးမှာ အဘယ်သို့နည်း

(21 Oct 2011 ရက်စွဲပါ Asahi Shimbun မှ Kanae Doi ရေးသားသော Japan’s special relationship with Burma? ကို ဘာသာပြန်သည်)

  1. ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ခြင်းသည် အဓိကသော့ချက်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(25 Oct 2011 ရက်စွဲပါ The Washington Post မှ AP ၏ Myanmar pro- democracy activist, Nobel Peace Laureate says freedom from fear is ‘ Master Key’ ကို ဘာသာပြန်သည်)

 

************************************************************************************************

မဲခေါင်ဒေသနှင့် ဆက်ဆံရေးအားကောင်းအောင် ဆိုးလ်ကြိုးစား

(Korea Times မှ 27 Oct 2011 ရက်စွဲပါ “Seoul beefs up ties with Mekong region” သတင်းကို ဘာသာပြန်သည်)

                ကိုးရီးယားနှင့် မဲခေါင်ဒေသတွင်း နိုင်ငံများအကြား စီးပွားရေးဆက်ဆံမှု မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တောင်ကိုးရီးယား၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ ထိပ်တန်းသံတမန်များ ဆိုးလ်မြို့တွင် ယနေ့ တွေ့ဆုံကြမည်ဖြစ်သည်။

                ယခုလိုကိစ္စအတွက် ပထမဆုံး ဝန်ကြီးအဆင့်တွေ့ဆုံဆွေးနွေးခြင်းသည် ပိုမိုကျယ်ပြန့်လာသော အရှေ့အာရှတွင် ဒေသတွင်းပူးပေါင်း ဆောင် ရွက်မှု ရှိလာအောင် ခွန်အားဆက်လက် ဖြည့်ပေးလိမ့်မည်ဟူသော မျှော်လင့်ချက်များကို ဖြစ်ပေါ်စေသည်ဟု ကြာသပတေးနေ့တွင် တာဝန်ရှိသူများက ပြောကြားသည်။ ယင်းအစည်းအဝေးကို နှစ်စဉ်နှစ်တိုင်း တစ်ကြိမ်ကျင်းပမည်ဟု ဆိုသည်။

                ဘန်ကောက်မြို့တော်၌ ဆယ်စုနှစ်များအတွင်း အဆိုးဝါးဆုံး ရေလျှံမှုများ ဖြစ်ပေါ်နေသော်လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက အစည်းအဝေး တက်ရောက်ရန် ဆိုးလ်သို့ လာမည်ဟုသိရသည်။

                “မဲခေါင်ဒေသဟာ ကိုးရီးယားရဲ့ ကုန်သွယ်ဖက် ဖြစ်နေပါပြီ။ မဲခေါင်ဒေသနိုင်ငံတွေဟာ နှစ်စဉ် စီးပွားရေးဖွံ့ဖြိုးမှု ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင် နှုန်း ရှိတယ်ဆိုတာကို ပြသပြီးသားပါ။ ဒီအစည်းအဝေးကြောင့် မဲခေါင်ဒေသမှာ ကိုးရီးယားကို စီးပွားရေးနေရာ ပိုပြီး ကြီးကြီးမားမား ရလာစေမှာ ဖြစ်ပါ တယ်” ဟု နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူက ပြောကြားသည်။

                ကိုးရီးယားက ၂၀၁၅ နောက်ဆုံးထား၍ အာဆီယံသို့ တရားဝင် ဖွံ့ဖြိုးရေးအကူအညီ (ODA ) ဒေါ်လာ ၄ ဘီလျံ အထိ တိုးမြှင့်သွားမည့် အစီ အစဉ် (ရန်ပုံငွေအချို့ မဲခေါင်ဒေသက ခွဲတမ်းရမည့်အစီအစဉ်) ကို ယခုအစည်းအဝေးတွင် ထပ်မံအတည်ပြုမည်ဖြစ်ပြီး ၂၀၀၉ တစ်နှစ်တည်း၌ပင် အာဆီယံသို့ ODA ဒေါ်လာ ၂ ဘီလျံ ပေးအပ်ခဲ့သည်ဟု ဝန်ကြီးဌာန အဆိုအရ သိရသည်။

                အပြန်အလှန်အားဖြင့် ထိုဒေသရောက် ကိုးရီးယားကုမ္ပဏီများနှင့် ကိုးရီးယားနိုင်ငံသားများကို အဆိုပါ ငါးနိုင်ငံက ဦးစားပေး ဆက်ဆံပေးရန် ကိုးရီးယားတို့က မျှော်လင့်ထားသည်။ ထို့အပြင် မြောက်ကိုးရီးယားတို့ နျူကလီးယားစိတ်ကူး စွန့်လွှတ်အောင် စည်းရုံးနေသော နိုင်ငံတကာ စီမံချက်တွင် မဲခေါင်နိုင်ငံများ ပါဝင်လာအောင် ကိုးရီးယား(ဆိုးလ်)က တိုက်တွန်း အားပေးဦးမည်ဖြစ်သည်။

                ယခုကဲ့သို့ ODA ဖွံ့ဖြိုးရေး အကူအညီ တိုးမြှင့်လှူဒါန်းမှုကြောင့် မဲခေါင်ဒေသတွင်း ဆက်လက်ဖွံ့ဖြိုးရေးအတွက် အဓိက နယ်ပယ် ခြောက်ခု ဖြစ်သော လူမှုအဆောက်အအုံ၊ လူသားအရင်းအမြစ်၊ သတင်းနှင့် ဆက်သွယ်မှု နည်းပညာ၊ သစ်တော၊ ရေ သယံဇာတများနှင့် စိုက်ပျိုးရေးကဏ္ဍတို့ကို တိုးတက်အောင် အထောက်အပံ့ ဖြစ်စေလိမ့်မည်ဟု ဆိုးလ်မှ တာဝန်ရှိသူကဆိုသည်။

                မဲခေါင်ဒေသတွင်းနိုင်ငံများနှင့် ကိုးရီးယား(ဆိုးလ်)အကြား အပြန်အလှန် အကျိုးဖြစ်ထွန်းရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖော်ကိုင်ဖက် များ အဖြစ် ပူးပေါင်းဆောင်ရွက်ရေးကို အထူးဖော်ပြကြေညာမည့်          “ဟန်မြစ် ကြေညာစာတမ်း” ကိုလည်း ဝန်ကြီးများက ပူးတွဲ ထုတ်ပြန်ကြဦးမည်ဟု သိ ရသည်။

                ၎င်းကြေညာစာတမ်း၏ နောက်ဆုံးအဆင့်မူကြမ်းတွင် “မဲခေါင်ဒေသနိုင်ငံများနှင့် ကိုးရီးယားအကြား နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်း ကျင်နှင့် လူမှု-ယဉ်ကျေးမှုကဏ္ဍ အပါအဝင် နယ်ပယ်များစွာ၌ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် နိုင်ငံအားလုံး အပြန် အလှန်အကျိုးရှိသည့် လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးဖြစ်ရန် လိုအပ်ကြောင်း ရည်ညွှန်းဖော်ပြထားသည်။

***********************************************************************************

မြန်မာ အကျဉ်းသားများ လွှတ်ပေးခြင်းကို အမေရိကန် သတိကြီးကြီးဖြင့် အကောင်းမြင်

(Los Angeles Times မှ 26 Oct 2011 ရက်စွဲပါ “Myanmar’s release of Prisoners Leaves U.S cautiously optimistic” သတင်းကို ဘာသာ ပြန်ဆိုသည်)

              မြန်မာနိုင်ငံ၌ လူသားခြင်းစာနာသော လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသားအချို့ လတ်တလော လွတ်မြောက် လာခြင်းကြောင့် အိုဘားမား အစိုးရ အနေဖြင့် အားရကျေနပ်မှုရှိသော်လည်း ထိုနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ဒဏ်တပ်ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် အမေရိကန်ပြည် ထောင်စုက မစဉ်းစားမီ ယခုထက်ပို၍ ပြုပြင်ပြောင်းလဲမှုများကို မြင်တွေ့လိုသည်ပာု အမေရိကန်တာဝန်ရှိသူများက ပြောကြားလိုက်သည်။

                အရှေ့တောင်အာရှ မြန်မာနိုင်ငံမှ တပ်မတော်အစိုးရသည် နိုင်ငံ၏ အဓိက မြို့ကြီးများတွင် အတိုက်အခံ နိုင်ငံရေးသမားများကို ပိုမိုလိုက်လျော ဖြေလျော့ပေးနေပုံရသော်လည်း မြောက်ပိုင်းနှင့် အရှေ့ပိုင်းနယ်စွန်နယ်ဖျားမှ တိုင်းရင်းသား လူမျိုးစုများအပေါ် အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွား နေသည်ပာု မြန်မာနိုင်ငံမူဝါဒဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ် (Derek Mitchell) က ပြီးခဲ့သည့်အပတ် ဝါရှင်တန်တွင် ပြောကြား လိုက်သည်။

                တိုင်းရင်းသား အမျိုးသမီးများနှင့် ကလေးများအပေါ် လူ့အခွင့်အရေး ညှင်းပန်းနှိပ်စက်မှုများ ဆက်လက် ဖြစ်ပွားနေကြောင်း လက်ခံယုံကြည် ထိုက်သည့် အစီရင်ခံစာများကိုလည်း ရရှိထားသည်ပာု ဒဲရက်မစ်ချယ်က ဆိုသည်။

                ယင်းကဆက်လက်၍ “အခုတစ်လောမှာ အားတက်စရာကောင်းတဲ့ လက္ခဏာတွေကို ကျွန်တော်တို့ မြင်ခဲ့ရပါပြီ။ ဒါပေမယ့် တစ်ချို့အရာတွေ ပြောင်းလဲမှု မရှိသေးပါဘူး၊ ဒီအချက်တွေကို ကျွန်တော်တို့ သတိပြုရပါလိမ့်မယ်” ပာု မှတ်ချက် ပေးသည်။

                ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မနှစ်က လွှတ်ပေးခဲ့သော မြန်မာနိုင်ငံတွင် အဓိကနယ်ပယ်ကဏ္ဍများ၌ ထိရောက်စွာ ပြောင်းလဲရန်လိုအပ်နေသေးသည်ပာု အမေရိကန်တာဝန်ရှိသူများက ပြောကြားသည်။

                လူ့အခွင့်အရေးအုပ်စုများက ထောက်ပြ ပြောဆိုနေသော အထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာ ကို မြန်မာအစိုးရအနေဖြင့် လွှတ်ပေးသင့်ကြောင်း၊ ယခုလအတွက် ခန့်မှန်းချေ ၁၂၀ မှ ၃၀၀ ခန့်ကို လွှတ်ပေးခြင်းဖြင့် မလုံလောက်ကြောင်း မစ်ချယ်က ပွင့်ပွင့်လင်းလင်း ပြောကြား သည်။ ယခုလအတွင်း နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်အပါအဝင် အကျဉ်းသား ၆၃၅၉ ဦးကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အစီအစဉ်သည် မြန်မာတို့ ၏ ဘာသာရေး ရုံးပိတ်ရက်၊ သမ္မတဦးသိန်းစိန်၏ အိန္ဒိယခရီးစဉ်တို့နှင့် တိုက်ဆိုင်မှုရှိခဲ့သည်။

                ထို့အပြင် မြန်မာအစိုးရအနေဖြင့် မြောက်ကိုရီးယားမှ အစွန်းရောက် ကွန်မြူနစ်အစိုးရနှင့် တိတ်တဆိတ် ဆက်ဆံနေမှုကိုလည်း ရပ်ဆိုင်းရမည် ဖြစ်ကြောင်း၊ မြောက်ကိုရီးယားက မြန်မာအစိုးရအား ဒုံးကျည်နှင့် နျူကလီးယား လက်နက်နည်းပညာကို ရောင်းချပေးရန် ကြိုးစားမည့်ကိစ္စကို အမေ ရိကန် တာဝန်ရှိသူများက ယခင်ကပင် စိုးရိမ်ပူပန်ခဲ့ကြကြောင်း ဒဲရက်မစ်ချယ်က ထုတ်ဖော်ပြောဆိုသည်။

                ၁၉၆၂ မှ စ၍ စစ်ဖက်က အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပုံစံသစ် တည်ဆောက်ရန် အိုဘားမားအစိုးရ ကြိုးပမ်းခဲ့ခြင်းမှာ အထက်ပါ စိုးရိမ်ပူပန်မှု(ပြုံယမ်းနှင့် လက်တွဲခြင်း) များကြောင့်လည်း တစိတ်တပိုင်း ဖြစ်သည်ပာု ဆိုနိုင်သည်။

                နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရအား နိုင်ငံတစ်ဝှမ်း ချွတ်ခြုံကျအောင် အဂတိလိုက်စားခြင်း၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှု ကို စနစ်တကျ ချိုးဖောက်ခြင်း တို့အတွက် နှစ်ပေါင်းများစွာ ထပ်ဖန်တစ်လဲလဲ ပြစ်တင် ရှုတ်ချခဲ့ကြသည်။

                “မြန်မာနိုင်ငံမှာ ကြီးကြီးမားမား ပြောင်းလဲတိုးတက်မှုတွေ စတင်ဖြစ်ပေါ်နေပြီဆိုတဲ့ ကိစ္စကတော့ ငြင်းလို့မရပါဘူး” ပာု အရှေ့တောင်အာရှ ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့ကမ်းဘဲ (Kurt Campbell) က အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ယခုလအတွင်း ရောက်ရှိစဉ် ပြောကြား ခဲ့သည်။

                သို့သော်လည်း အပြောင်းအလဲလိုလားသူ အုပ်စုအချို့က “မြန်မာအစိုးရသည် နောက်ထပ်ထပ်မံ နှိမ်နင်းဖြိုခွဲမှု မပြုလုပ်မှီ လက်သီးဆုပ် လျှော့ခြင်းသာ ဖြစ်သည်။ အစိုးရ၏ ခြေလှမ်းများသည် အမြဲတမ်းလိုလိုပင် ရှင်းလင်းဖြောင့်တန်းခြင်းမရှိပါ” ပာု သတိပေးပြောဆိုထားသည်။

                ပင်လယ်ရပ်ခြား ဒီမိုကရေစီကိစ္စများကို အားပေးမြှင့်တင်ရာတွင် ပါဝင်ပတ်သက်မှုကို မရှိသော အမေရိကန်အဖွဲ့အစည်း National Democratic Institute မှ အာရှဒါရိုက်တာ ပီတာမန်နီကတ် (Peter Manikas) က “တရုတ်တို့စီစဉ်သော ဧရာဝတီမြစ်ဖျား ရေအားလျှပ်စစ်တမံ စီမံကိန်း ကို ရပ်ဆိုင်းလိုက်သည့် မြန်မာတို့၏ ဆုံးဖြတ်ချက်အပေါ် မည်သို့သုံးသပ်ရမည် ဆိုသည့်အချက်ကို ကျွမ်းကျင်ပညာရှင်များ သဘောကွဲလွဲလျက်ရှိသည်” ပာု ပြောကြားသည်။

                မြန်မာပြည်မြောက်ဖျား မြစ်ဆုံဒေသမှ ဒေသခံတိုင်းရင်းသားများကို နေစရာမရှိအောင် မောင်းထုတ်လျက်ရှိသည့် အငြင်းပွားဖွယ် ကြီးမား လွန်း သော တမံကို ရပ်ဆိုင်းရန် လုပ်ဆောင်ခြင်းကို ပြည်သူတို့၏ သဘောထားဆန္ဒအပေါ် သိရှိ တုန့်ပြန်မှု လက္ခဏာသစ်တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေသော်လည်း မန်နီကတ်ကမူ “မြန်မာအာဏာပိုင်များသည် တရုတ်စက်ကွင်းမှ လွတ်အောင်ကြိုးစားကာ အိန္ဒိယဖက်သို့ အနည်းငယ် တိုးကပ်နေ ခြင်း သာ ဖြစ်သည်” ပာု မှတ်ချက်ပေး ပြောဆိုသည်။

                “ဒီလိုနွေးထွေးပျော့ပြောင်းတဲ့ လက္ခဏာတွေကို အားသာချက်အဖြစ် ယူနိုင်အောင် ကျွန်တော်တို့ ကြိုးစားဖို့ လိုအပ်တယ်။ ဒါပေမယ့် နိုင်ငံ တကာ အသိုင်းအဝိုင်းတစ်ခုလုံးက မစဉ်းမစား အလောသုံးဆယ် စိတ်ဝင်တစ်စား အားပေးလာတာကတော့ အန္တရာယ်ရှိပါတယ်။ ကျွန်တော်တို့ ဒီကိစ္စကို သံသယနည်းနည်းလေးထားပြီး ချဉ်းကပ်သုံးသပ်ဖို့ လိုပါတယ်” ပာု မန်နီကတ်က တွေးဆပြောဆိုသည်။

                မြန်မာနိုင်ငံ၏ လတ်တလောကြိုးပမ်းမှုများသည် ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌနေရာ ရရှိအောင် စည်းရုံးမဲဆွယ်ရန် အချိန်ကိုက် လုပ်ဆောင်မှုလည်း ဖြစ်နိုင်သည်။ ၂၀၁၄ အထိ သက်ရောက်မှုမရှိသေးသော်လည်း လာမည့် လတွင် ဖြစ်ပေါ်လာဖွယ်ရှိသည့် အဆိုပါ တာဝန်ပေးအပ်မှုသည် မြန်မာအစိုးရ အတွက် “အသိအမှတ်ပြုခံရခြင်း လက္ခဏာ” ဖြစ်ပြီး ၎င်းတို့၏ နိုင်ငံတကာလူရာဝင်မှုကို တိုးတက်စေလိမ့်မည်ပာု အမေရိကန်တာဝန်ရှိသူများက ဆို သည်။

                အကယ်၍ မြန်မာတို့ဖက်က ပြုပြင်ပြောင်းလဲမှုများ ပို၍ အကောင်အထည် ဖော်လာမည်ဆိုပါက ဝါရှင်တန်ကလည်း အမေရိကန် သံအမတ်ကြီး အဆင့် ပြန်လည်ထားရှိရေးအပါအဝင် သင်္ကေတမြောက် ဆောင်ရွက်မှု များဖြင့် တုန့်ပြန်မည့် လက္ခဏာရှိသည်။

                မြန်မာနိုင်ငံ၌ ကျောင်းသားများဦးဆောင်သော အုံကြွတော်လှန်မှုကို အစိုးရတပ်များက အကြမ်းဖက်နှိမ်နင်းကာ ဒီမိုကရေစီဆန္ဒပြသူများအား ထောင်နှင့်ချီ၍ သတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း ၁၉၉၀ တွင် ဝါရှင်တန်က ၎င်း၏ သံအမတ်ကြီးကို ပြန်လည် ခေါ်ယူလိုက်ပြီး ထိုအချိန်မှစ၍ ရန်ကုန်မြို့ အမေရိကန်သံရုံးကို ယာယီသံရုံးတာဝန်ခံက စီမံအုပ်ချုပ်နေခြင်း ဖြစ်သည်။

*****************************************************************************

ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးမှာ အဘယ်သို့နည်း

( 21 Oct 2011 ရက်စွဲပါ Asahi Shimbun မှ Kanae Doi ရေးသားသော Japan’s special relationship with Burma? ကို ဘာသာ ပြန်ဆိုသည်)

(ရေးသားသူ Kanae Doi သည် တိုကျိုအခြေစိုက် Human Rights Watch ၏ အာရှဌာနခွဲ ဂျပန်ဒါရိုက်တာ ဖြစ်သည်)

                ယခုအပတ် မြန်မာနိုင်ငံခြားရေးဝန်ကြီး၏ ဂျပန်သို့ လာရောက်သော ခရီးစဉ်သည် ၁၆ နှစ်အတွင်း အဆင့်မြင့် တာဝန်ရှိသူတစ်ဦးအနေဖြင့် ပထမဆုံး ခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံ ကာလကြာရှည် ဆက်ဆံရေး အဆင်မပြေမှုအား လမ်းကြောင်းမှန်ပေါ်သို့ ပြန်သွားရန် ဂျပန်နိုင်ငံအတွက် အခွင့်အရေး ပင်ဖြစ်သည်။ ဗျူရိုကရက်များနှင့် ကော်ပိုရေးရှင်းများကလည်း ဂျပန်အစိုးရအား နိုင်ငံရပ်ခြား ဖွံ့ဖြိုးတိုးတက်မှု အကူအညီများ တိုးချဲ့ပေးရေးနှင့် မြန်မာ နိုင်ငံ၏ တိုးတက်ပေါ်ထွက်လာသော ဈေးကွက်၊ အထူးသဖြင့် ငွေရလွယ်သော သဘာဝ သယံဇာတ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် တိုက်တွန်း ကြ လိမ့်မည်ဖြစ်သည်။ ၎င်းတို့ ငြင်းချက်ထုတ်သောအချက်မှာ ကာလရှည်ကြာ အပယ်ခံဖြစ်ပြီး ဖိနှိပ်အုပ်ချုပ်ခံခဲ့ရသော မြန်မာနိုင်ငံအတွက် ပြုပြင် ပြောင်းလဲရေးများကို အားပေးနိုင်မည့် အကောင်းဆုံးချဉ်းကပ်မှုမှာ ကုန်သွယ်ရေးနှင့် အကူအညီများ တွဲလျက် တိတ်ဆိတ် ငြိမ်သက်စွာနေသော ဒီပလို မေစီ ဖြစ်ကြောင်း ဆိုကြလိမ့်မည်ဖြစ်သည်။

                တိုကျိုသည် ဆယ်စုနှစ်များစွာ မြန်မာနိုင်ငံနှင့် ပတ်သက်သောမူဝါဒများ ကျင့်သုံးခဲ့သော်လည်း၊ အလုပ်မဖြစ်ခဲ့ပေ။ ထို့ကြောင့် ဂျပန်သည် အဆိုပါချဉ်းကပ်မှုမျိုးကို မသုံးသင့်တော့ပေ။ မြန်မာအစိုးရသည် ကျွမ်းကျင်လိမ္မာစွာဖြင့် စစ်အစိုးရမှ ပိုမိုလမ်းဖွင့်ပေးသော လူ့အဖွဲ့အစည်းဆီသို့ အသွင် ကူးပြောင်းရေးကာလတစ်ခု လုပ်ဆောင်ပြီး ကမ္ဘာသို့ ယုံကြည်မှုရအောင် ပြုလုပ်နေသည်။ ဂျပန်အနေဖြင့် မကြာသေးမီက မြန်မာအစိုးရပေးခဲ့သော ကတိ ကဝတ်များကို စစ်မှန်သော လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုအတွက် ဖိအားပေးခြင်းဖြင့် အခွင့်ကောင်း ယူသင့်ပေသည်။

                မြန်မာအစိုးရတွင် ယခင် စစ်တပ်အရာရှိဟောင်းများ အဓိကပါဝင်ပြီး မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့သည်။ အစိုးရသည် စီးပွားရေး၊ နိုင်ငံရေး နှင့် ဥပဒေပြုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကတိပြုခဲ့သည်။ အစိုးရသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာများကို သုံးနှုန်းပြီး လေသံ ပျော့ပြောင်းစေပြီး လူထုထံ သြဇာလွှမ်းမိုးအောင် ပြုလုပ်လာသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း၊ မီဒီယာကန့်သတ် ချက် အချို့ကို ဖြေလျှော့ပေးခဲ့သည်။ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်သည် ပြည်ပရောက် အစိုးရဆန့်ကျင်သူများ ပြန်လာရန် ဖိတ်ခေါ်ခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၁ နှစ်ကုန်တွင် ကျင်းပရန် စီစဉ်ထားသည်။  အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မှတ်ပုံတင်ခွင့် ပြုပြီး ရွေးကောက်ပွဲဝင်ခွင့်ပြုရန် အစိုးရအား ဖိအားများ ပိုမိုပေးလာသည်။ သို့သော် မည်သည့်ဆုံးဖြတ်ချက်မျှ မပြုလုပ်ရသေးပေ။

                ကချင်ပြည်နယ်တွင် တရုတ်တို့ လုပ်ဆောင်နေသော ရေအားလျှပ်စစ်စီမံကိန်းအား စက်တင်ဘာ ၃၀ ရက်နေ့က ရပ်ဆိုင်းလိုက်ခြင်းသည် အံ့အားသင့်ဖွယ် လက္ခဏာတစ်ခုဖြစ်သည်။ အဆိုပါ ရေလှောင်တမံနှင့် ဆက်စပ်၍ အငြင်းပွားဖွယ် ကိစ္စများနှင့် ပတ်သက်၍ ဂျပန်နိုင်ငံအပေါ် အရေး ကြီးသော သတိပေးမှုများ ရှိလာသည်။ ၎င်းမှာ မြန်မာနိုင်ငံတွင် အရေးပါသော လူ့အခွင့်အရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုမရှိပဲ သဘာဝသယံဇာတ ထုတ်ယူရေးတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လျှင် နှိပ်စက်မှုများကို မီးထိုးပေးသလိုဖြစ်ခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ မငြိမ်သက်မှုများဖြစ်ခြင်းနှင့် အကျင့်ပျက် ခြစားမှုကို ပံ့ပိုးသကဲ့သို့ ဖြစ်ခြင်းများ ရှိလာမည်ဖြစ်သည်။

                ပြီးခဲ့သည့်အပတ်က မြန်မာအစိုးရသည် အကျဉ်းသား ၆၀၀၀ ကျော်အား လူသားချင်းစာနာမှုဖြင့် လွှတ်ပေးခဲ့ရာ၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့် ရှိသည့်အနက် ၂၂၀ ခန့် လွှတ်ပေးခဲ့သည်။ ယခင်ကလည်း လွတ်ငြိမ်းချမ်းသာခွင့်များတွင် အစိုးရဆန့်ကျင်သူ အနည်းငယ်သာ လွှတ်ပေးလေ့ ရှိသကဲ့သို့ ထိုလမ်းကြောင်းအတိုင်းပင် ဖြစ်နေပါသေးသည်။ နာမည်ကြီး လူရွှင်တော် ဇာဂနာကလည်း ၎င်း လွှတ်လျှင်လွှတ်ခြင်း လွတ်ငြိမ်းချမ်းသာခွင့် နှင့် ပတ်သက်၍ စိတ်ပျက်ကြောင်း ပြောကြားရာတွင် “အစိုးရက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဆန္ဒရှိပုံမရဘူး။ အားလုံး လွှတ်ပေးရမှာ ပိုက်ဆံ ကုန်လို့လား” ဟု ဆိုခဲ့သည်။ အစိုးရ လုပ်ဆောင်ချက်အချို့ကို သတိထားပြီး ကြိုဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကလည်း လွတ်ငြိမ်းချမ်းသာ ခွင့် သည် မပြည့်စုံသေးဟု ဆိုခဲ့သည်။

                ဂျပန်နိုင်ငံက ၎င်း၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော မူဝါဒမှာ ခိုင်မာသော ဒီမိုကရေစီ လုပ်ဆောင်ရေးနှင့် အမျိုးသားပြန်လည်စည်းလုံးရေး ကို အားပေးရန်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ သို့သော် မြန်မာစစ်တပ်သည် တိုင်းရင်းသားဒေသများရှိ အရပ်သားများကို ဆက်လက်ဖိနှိပ်နေပါက မဖြစ်နိုင် သော မျှော်လင့်ချက်သဖွယ်သာ ဖြစ်နေသည်။ စစ်ဖြစ်နေသောဒေသများရှိ အရပ်သားများအပေါ် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများသည် ၂၀၁၁ ခုနှစ် တွင် ပိုမိုပြင်းထန်လာသည်။ ကရင်ပြည်နယ်နှင့် မြန်မာပြည်အရှေ့ပိုင်းတွင် ကျူးလွန်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ပြီး မြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်ပါ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုများကြောင့် အရပ်သား ၅၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

                Human Rights Watch သည် မြန်မာစစ်တပ်၏ ဥပဒေပြင်ပ သတ်ဖြတ်ခြင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်း၊ တရားမဝင် အလုပ်သမား အဖြစ် အတင်းအကြပ် ခိုင်းစေခြင်း၊ ရွာများကို ရွှေ့ပြောင်းစေခြင်းများကဲ့သို့သော ပြင်းထန်သော ကျူးလွန်မှုများနှင့် ပတ်သက်သော အထောက်အထား များ ရှိနေသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံမှ နိုင်ငံတကာ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများနှင့် ပတ်သက်၍ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့စည်း ရေး ကို ယခုအချိန်အထိ သဘောတူခြင်း မရှိသေးပေ။

                ဂျပန်အစိုးရတာဝန်ရှိသူများသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် စာမျက်နှာသစ် ဖွင့်လှစ်ရန် အပေါင်းလက္ခဏာ ဆောင်သော အချက်ပြမှုများ ပြသခဲ့သည်။ သို့သော် အဆိုပါ လုပ်ဆောင်မှုအဓိပ္ပါယ် ရှိစေရေးအတွက် ဂျပန်နိုင်ငံအနေဖြင့် ပိုမိုလုပ်ဆောင်ရန်မှာ လိုအပ်နေပါသေးသည်။ စတင် လုပ် ဆောင်သည့်အနေဖြင့် ဂျပန်အစိုးရသည် မြန်မာနိုင်ငံအား နိုင်ငံရေးအကျဉ်းသားများ ချက်ခြင်း၊ ချွင်းချက်မရှိ လွှတ်ပေးရန် တိုက်တွန်းသင့်သည်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဖွဲ့စည်းခွင့်နှင့် စုဝေးခွင့်တို့ကို ပိတ်ပင်ထားသော ဥပဒေများ ဖျက်သိမ်းရေး၊ တိုင်းရင်းသားများအပေါ် စစ်တိုက်၍ ကျူးလွန်မှု များ ရပ်ဆိုင်ရေးများ တိုက်တွန်းသင့်သည်။ စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများအတွက် တိုင်းတာသော ညွှန်းကိန်းများမှာ လွတ်လပ်သော တရားစီရင်ရေး စနစ်၊ စစ်မှန်သော ဒီမိုကရေစီ လုပ်ဆောင်မှုများနှင့် တိုင်းရင်းသားများအပေါ် မတရားမှုများကို ဖော်ထုတ်ရန် ကတိကဝတ်များ ဖြစ်သောကြောင့် ဂျပန် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရေး တွန်းအားပေးသင့်လှသည်။

*************************************************************************

ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ခြင်းသည် အဓိကသော့ချက်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(25 Oct 2011 ရက်စွဲပါ The Washington Post မှ AP ၏ Myanmar pro- democracy activist, Nobel Peace Laureate says freedom from fear is ‘ Master Key’ ကို ဘာသာပြန်သည်)

                အကြောက်တရားမှ ကင်းလွတ်ခြင်း (Freedom from Fear) သည် အခြားလွတ်လပ်ခြင်းများအတွက် လမ်းဖွင့်ပေးမည့် အဓိကသော့ချက် (master key) ဖြစ်ကြောင်း နိုဘယ်လ်ဆုရှင်နှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့နှောင်းပိုင်းတွင် မီချီဂန်တက္ကသိုလ်က သူမ အား ဂုဏ်ပြုပွဲတွင် ပြောကြားခဲ့သည်။

                ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါတက္ကသိုလ်မှ နှစ်ပတ်လည် Wallenberg ဆုတံဆိပ် ချီးမြှင့်ခြင်းကို ခံရသည်။ အဆိုပါ ဆုတံဆိပ်မှာ ယင်းတက္ကသိုလ်ကျောင်းသားဟောင်း ဆွီဒင်သံတမန် Raoul Wallenberg သည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးထောင်ပေါင်းများစွာကို ကယ်တင် ခဲ့ခြင်း အထိမ်းအမှတ် သတ်မှတ်ထားခြင်းဖြစ်သည်။

                ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံမှ ထွက်ခွာခြင်းအား ပိတ်ပင်ခံထားရခြင်း မရှိသော်လည်း မြန်မာနိုင်ငံသို့ ပြန်လာရန် ခွင့်မပြုမည်ကို စိုးရိမ်သဖြင့် နိုင်ငံခြားသို့ ခရီးထွက်ခြင်း မပြုပေ။ ထို့ကြောင့် သူမသည် ပရိတ်သတ်အား အင်တာနက်မှတဆင့် တိုက်ရိုက် စကားပြောသည်။

                “ကြောက်ရွံ့ခြင်းဟာ ဆွံ့အခြင်း၊ လုပ်သမျှခံတဲ့အဖြစ်ကို ရောက်စေပါတယ်။ ကြောက်ရွံ့ခြင်းဟာ အရာရာကို မစွမ်းဆောင်နိုင်တဲ့အဖြစ်ကို ဖြစ်စေ ပါတယ်” ဟု ပရိတ်သတ်၏ မေးခွန်းများကို တိုက်ရိုက် ဖြေကြားခြင်းမပြုမီ၊ ကြိုတင်သွင်းယူထားသော မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။ “ပြောဖို့ ကြောက်နေမယ်ဆိုရင်တော့ လွတ်လပ်စွာ ပြောဆိုခွင့်ရအောင် ဘာမှ လုပ်နိုင်မှာမဟုတ်ပါဘူး” ဟု သူမက ပြောကြားခဲ့သည်။

                “မတရားမှုကို စိန်ခေါ်ဖို့ သိပ်ကြောက်နေမယ်ဆိုရင်တော့ လွတ်လပ်စွာ ယုံကြည်ခွင့်ဆိုတဲ့ ရပိုင်ခွင့်ကို ကာကွယ်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ ဒါ့အပြင် ကျွန်မတို့ရဲ့ ဘဝတွေ ဆိုးဝါးစေတဲ့ လူမှုရေးနဲ့ စီးပွားရေးမှားယွင်းမှုတွေကို ပြင်ဆင်ပေးဖို့ ပြောရဲလိမ့်မယ် မထင်ပါဘူး” ဟု သူမက ဆိုသည်။

                ယခုနှစ်အထိ စစ်တပ်မှ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ရသော မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် အခြား တိုင်းပြည် များက ကုန်သွယ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးယူမှုများ ချမှတ်ထားခဲ့သည်။ မြန်မာနိုင်ငံသည် လူဦးရေ ၅၄ သန်းရှိသော နိုင်ငံ ဖြစ်သည်။

                သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့် မတ်လက အာဏာရလာပြီးနောက် မကြာသေးမီက နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့် လွှတ်ပေးခြင်း အပါ အဝင် နိုင်ငံတကာ အရေးယူမှုများ ဖြေလျော့စေမည့် မူဝါဒများ ချမှတ်ခဲ့သည်။

                အသက် ၆၆ နှစ် ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်စဉ်က ထူးထူးခြားခြား မခံစားရကြောင်း အဘယ်ကြောင့်ဆိုသော် သူမ၏စိတ်မှ အမြဲတမ်း လွတ်မြောက်နေခြင်းကြောင့်ဟု ပြောကြားခဲ့သည်။ သူမ၏ လွတ်မြောက်ခြင်းဆိုသည်မှာ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားနိုင်အောင် အလုပ် လုပ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း သူမက ပြောသည်။

                “ကျွန်မတို့ရဲ့ ကြိုးပမ်းရုန်းကန်မှုတွေမှာ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေးကို အလေးအနက်ထား ပြောရတာကတော့ တခြားလွတ်မြောက်ခြင်း တွေ အတွက် တံခါးဖွင့်နိုင်မယ်၊ ဒါကို အဓိကသော့ချက်(master key) အဖြစ် မြင်လို့ပါပဲ” ဟု သူမက ဖြည့်စွက်ပြောသည်။

                တိုက်ဆိုင်စွာပင် အမေရိကန်ပြည်ထောင်စုမှ အထူးကိုယ်စားလှယ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ အစိုးရတာဝန်ရှိသူများနှင့် လည်းကောင်း တွေ့ဆုံခဲ့ပြီး အင်္ဂါနေ့က ခရီးစဉ် ပြီးဆုံးချိန်တွင် မည်သည့် အသေးစိတ်မျှ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ ဒဲရက်မစ်ချယ် (Derek Mitchell) ၏ ခရီးစဉ်ပြီး၍ ပြန်လည် ထွက်ခွာသွားသော်လည်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြခဲ့ခြင်း မရှိပေ။ မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှု ကိစ္စများ ပါဝင် နိုင်သည်ဟု ခန့်မှန်းမှုများသာ ရှိသည်။

                တက္ကသိုလ်၏ Rackham ခန်းမတွင် ပြုလုပ်သည့် အမေးအဖြေကဏ္ဍတွင် မည်သူကမျှ ဒေါ်အောင်ဆန်းစုကြည်အား မစ်ချယ်၏ ခရီးစဉ်နှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်း မရှိပေ။ Skype မှ တဆင့် သူမက ပြန်လည်ဖြေကြားရာတွင် အကြမ်းဖက်ခြင်းနှင့် အကြမ်းမဖက်သော တော်လှန်ရေးများ အကြောင်း၊ သူမ၏ စံပြပုဂ္ဂိုလ်များအကြောင်းနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးအတွက် အခွင့်အလမ်းများ ပါဝင်ခဲ့ သည်။

                “အမေရိကန်မှာရော ဖိနှိပ်ခံရတဲ့သူတွေ  မရှိတော့ဘူးလား၊ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ရုန်းထွက်ခဲ့ရတာပါ” ဟု သူမက ကြေညာသည်။ “စစ်မှန် တဲ့ ငြိမ်းချမ်းရေးမရှိပဲ၊ ဒီမိုကရေစီ မရနိုင်ဘူး” ဟု သူမက ဖြည့်စွက်ပြောသည်။

                မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီမရမှီ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ရမည်ဟု သူမက ပြောသည်။ မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေ၏ အစိတ်အပိုင်းအချို့သည် ဒီမိုကရေစီစံများနှင့် ညီညွတ်မှု မရှိခြင်းကြောင့် ပြောင်းလဲရန် လိုအပ်ကြောင်း သူမက ဆိုသည်။

                မီချီဂန်တက္ကသိုလ်သည် ၁၉၉၀ ခုနှစ်မှစ၍ Wallenberg တံဆိပ်ကို စတင် ချီးမြှင့်ခဲ့သည်။ နိုဘယ်လ်ဆုရှင်နှင့် ဒုတိယကမ္ဘာစစ်အကျဉ်းစခန်းမှ အသက်ရှင်ကျန်သူ Elie Wiesel က ပထမဆုံး ဆုချီးမြှင့်ခြင်းခံရသူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဆုကို ကိုယ်တိုင်တက်ရောက် မယူသူ ပထမဆုံး ဂုဏ်ပြုခံ ပုဂ္ဂိုလ်ဖြစ်သည်။

*******************************************************************************

                         


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment