Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၉.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်းဝင်ပါမည်ကို ချီးကျူးကြိုဆိုပါသည်

                        ***********************************

ဆောင်းပါးကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်းဝင်ပါမည်ကို ချီးကျူးကြိုဆိုပါသည်

ဦးကြည်မြင့်(လသာ)

(ဒီဇင်ဘာ ၉ ထုတ် Myanmar Post Global အမှတ် (၃၈) မှ ထုတ်ယူဖော်ပြသည်။)

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲဝင်ပြီး ပြည်သူကိုယ်စားလှယ်အဖြစ် လွှတ်တော်တွင်း ဝင်-မဝင်၊ ဝင်သင့်-မဝင်သင့် ကိစ္စရပ်ကို မီဒီယာများ၊ လွှတ်တော်အမတ်အချင်းချင်းနှင့် ရပ်သူရွာသားအတော်များများကြား ပြောဆိုနေကြသည်။ ကျွန်တော့်ထံလည်း မေးမြန်းဆွေးနွေးကြသည်။ ကျွန်တော်က ဘာမို့တုံးဟုဆိုလျှင် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ လသာမြို့နယ်တွင် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy-NLD) ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သလို ၂၀၁၀ နိုဝင်ဘာလ ၇ရက် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရကာ လက်ရှိလွှတ်တော်သို့ တက်ရောက်သူဖြစ်ကြောင်း တင်ပြအပ် ပါသည်။

တန်းတူနေထိုင်လုပ်ကိုင်ရမည်

နိုင်ငံရေးသမားတစ်ယောက်၏ အမက်မောဆုံးနေရာ သို့မဟုတ် ဂုဏ်မှာ ပြည်သူ၏ ရွေးကောက်တင်မြှောက်ခြင်း ခံရမှုပင် ဖြစ်ပါမည်။ ယနေ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲဝင်မည်ဆိုပါလျှင် နိုင်ငံရေးသမားတစ်ယောက်ဖြစ် ခံယူလိုမှုကြောင့်သာ ဖြစ်ပါမည်။

ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်အတွင်းဝင်မည့်အရေးအား မသင့်တော်ဟု ထင်မြင်သူ များစွာရှိပါ သည်။ သူမကို ပြည်သူ့ကိုယ်စားလှယ်အဆင့်ထက် မြင့်မားသူအဖြစ်သာ မြင်လိုခြင်း၊ သတ်မှတ်လိုခြင်းတို့ကြောင့် ဖြစ်သည်။ ထိုအဆင့်ရာထူးများကို သူမအား ကမ်းလှမ်းခဲ့ကြပေမည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးအထိပင် ပါဝင်နိုင်သည်။ သို့သော် ယင်းရာထူးများသည် မိမိနိုင်ငံ ပြည်သူအများ၊ တစ်စုလောက်ကို ကိုယ်စားပြုခွင့်ရရှိမှု၊ မိမိနိုင်ငံမဲဆန္ဒနယ်မြေတစ်ခုရှိ နယ်မြေများထောက်ခံရမှုတို့လောက် နိုင်ငံရေးသမားတစ်ယောက် အတွက် အရသာမရှိပါ။ အားရကျေနပ်ခြင်းမရှိနိုင်ပါ။ ထိုရာထူးကို စင်ကာပူနိုင်ငံဝန် ကြီးချုပ်ဟောင်း လီကွမ်ယူက လက်မခံဘဲ ဝါရင့် နိုင်ငံရေးသမားကြီး Elder Stateman အဖြစ်သာ ခံယူနေထိုင်ကြောင်းတွေ့ရပါမည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲဝင်ကာ လွှတ်တော်တွင်းဝင်ရောက်ရန် ဆုံးဖြတ်ခြင်းသည် သူမအား ယနေ့ လွှတ်တော်တက်ရောက် နေကြသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များမဟုတ်သော အခြား (အမျိုးသမီး) လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူနေထိုင်၊ သွားလာ၊ တက်ရောက်ရမည် ဖြစ်သည်။ သူမကို ထောက်ခံသူများအတွက် ယင်းသည် အခံရခက်စရာ ဖြစ်ကောင်းဖြစ်ပါမည်။ သို့သော် သူမ ကိုယ်တိုင်က နိုင်ငံရေးသမားတစ်ဦးပီပီ အခြားသော ပြည်သူ့ကိုယ်စားလှယ်များနှင့် တန်းတူနေထိုင်၊ သွားလာ၊ လုပ်ကိုင်မည်ဟု ခံယူခြင်းကို ကျွန်တော်တို့အနေဖြင့် ချီးကျူးခြင်းမှတစ်ပါး အခြားပြောစရာမရှိနိုင်ပါ။

P-A ပြဿနာ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်ချိန်မှစတင်၍ ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်း အထူးသဖြင့် လွှတ်တော်ကဏ္ဍ၊ ဖြစ်ပေါ် လာမည့် ရွေးကောက်ပွဲ၊ ယင်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရရှိမည့် နိုင်ငံရေးသမားအသစ် အဟောင်းများ၊ ယင်းတို့အနက် အနိုင်ရရွေးကောက်ခံရမည့် သူတို့ အတွက် အခန်းကဏ္ဍစသည်များကို ကြိုတင်ဝေဖန်လမ်းပြမည့် ဆောင်းပါးများစွာ ဂျာနယ်များတွင် ဖော်ပြလာခဲ့ကြပါသည်။ ထို့နောက်ပိုင်း ပါတီများ ထောင်ကြသည်။

ကျွန်တော်သိထားမိပြီး ကျွန်တော်ကိုယ်တိုင်ပါဝင်ထူထောင်ခဲ့သော အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) ၂၀၁၀ ရွေးကောက်ပွဲကို ကိုယ်တိုင်မဝင်ဘဲ ရှောင်ခဲ့ကြသည်။ ပါတီခေါင်းဆောင်ရင့်မာကြီး ဖြစ်ပါလျက် ရှုံးမှာကို ကြောက်ပုံရသည်။ ဤအကြောင်းကို “ကိုယ့်ကိုယ်ကိုယ်လည်း မယုံကြည်---- တစ်ဖက်သားလည်း မယုံကြည်” ဟူသည့် ခေါင်းစဉ်ဖြင့် ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ထိုစဉ် ကျွန်တော် ရေးခဲ့သည်။ ယခုဒေါ်အောင်ဆန်းစုကြည် သည် ထိုသို့သတ္တိနည်းသူမဟုတ်ပေ။

ပါတီတစ်ခု၏ ခေါင်းဆောင်နှင့် ပြည်သူ့ကိုယ်စားလှယ်တို့ အလွန်ကွာခြားပါသည်။ ပြည်သူ့ကိုယ်စားလှယ် တစ်ယောက်အဖြစ်သည် ကိုယ်ပိုင် မဟုတ်ပေ။ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အဖြစ်သည် မိမိကိုယ်ပိုင်ဖြစ်သည်။ ပါတီခေါင်းဆောင်သည် သူ၏ပါတီမှ ပြည်သူကိုယ်စားလှယ်တို့မှ တစ်ဆင့် ပြည်သူ့အကျိုးကိုထမ်းရွက်ခွင့်ရသည်။ အလုပ်အပ်သူနှင့် အလုပ်အပ်နှံခံရသူ ပြဿနာ Principal-agent problem ရှိသည်။ သူတို့ကြား သတင်းခေါက်ချိုးညီ ထပ်တူမှု Symmetric information မရှိတတ်ပေ။

ပုဂ္ဂိုလ်ရေးနှင့် နိုင်ငံ့အရေး

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲအတွက် ဆိုင်ရာရပ်ကွက် ရွေးကောက်ပွဲကော်မရှင်မှ မဲစာရင်းလာရောက် တိုက်ဆိုင်စစ်ဆေးသွားကြောင်း၊ မဲပေးနိုင်ကြောင်းသတင်းကို ထိုစဉ်က Myanmar Time ဂျာနယ် အင်္ဂလိပ်ဘာသာထုတ်၌ ဖတ်လိုက်ရသည်။

မဲပေးခွင့်ရှိသူတစ်ယောက်သည် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူ တစ်ယောက်လည်းဖြစ်သည်။ ဤသို့အားဖြင့် ဒေါ်အောင်ဆန်းစုကြည် သည် ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် ယခင်က အငြင်းပွားဖွယ်ဖြစ်ခဲ့သော နိုင်ငံသား တိုင်းရင်းသား မိဘ နှစ်ပါးမှ မွေးဖွားလာသူ စင်စစ်ဖြစ်ပါလျက် ဝိဝါဒကွဲပြားနေခဲ့သည့် အကြောင်းရင်းတစ်ရပ်ကို အပြီးဖြေရှင်းပြီးလည်းဖြစ်သွားပါသည်။ ဤ အတွက် ကျွန်တော်ဂုဏ်ပြုပါသည်။

ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာလွတ် ၄၈ နေရာမှာ အလွန်ကြီးမားသော အခွင့်အရေးဖြစ်သည်။ ပါတီတစ်ခု အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွက်ဖြစ်သည်။ နောက်ထပ်ကြားဖြတ်ရွေးကောက်ပွဲများ၌ ဤမျှနေရာလွတ်မပေါ်နိုင်ပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် လွှတ်တော်ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၌ အများစုနေရာ အနိုင်ရရန် တစ်ပြေးနေသည်။ ထိုအချိန်တွင် လွှတ်တော်အသီးသီးကို ဦးဆောင်နိုင်ရန် အတွေ့အကြုံနှင့် ပြင်ဆင်မှုပြုရန် ယခုအချိန်မှ စ၍ လိုအပ်နေပြီ။ ဤအချက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့အား ယခု လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာပြည့်ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရ ရှိထားရန် လိုအပ်စေပါမည်။

စကားညီစေ

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ပဲ့ထွက်သွားပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကာ လွှတ်တော်တွင်း ရောက်ရှိ နေနှင့်ပြီးသည့် ပါတီတို့မှ ပြည်သူ့ကိုယ်စားလှယ်များ ပြန်လည်ဝင်ရောက်ခြင်းကို လက်ခံကာ လွှတ်တော်အသီးသီးတွင် အင်အားပိုမိုကြီးမားစေရပါမည်။ ဤတွင် အဆိုပါ ပါတီတို့မှ ခေါင်းဆောင်ဆိုသူများ ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပါတီမှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်မည်ဆိုပါလျှင် မိမိတို့ ပါတီများကို ချွင်းချက်မရှိဖျက်သိမ်းလျက် NLD သို့ အကြွင်းမဲ့ (without any terms and conditions) ပြန်ဝင်မည် ဟု မီဒီယာမှတစ်ဆင့် ပြည်သူသိကြေညာထားဖူးကြပါသည်။

ယင်းကြေညာမှုကို ယင်းပါတီများ၏ ပါတီခေါင်းဆောင်ဆိုသူအချို့က ပါတီချင်းပေါင်းစပ်မှု Party to Party/ block-by-block အဖြစ် တောင်း ဆိုမည်။ သူတို့အတွက် စီအီးစီနေရာ တောင်းမည်။ တပည့်တပန်းများအတွက် ဗဟိုကော်မတီတောင်းမည်။ ရမှပေါင်းမည်ဟု ဈေးကိုင်သံများ ကြားရမည်။ အချို့က ပါတီချင်းမဟာမိတ်ပဲ လုပ်မည်။ ရွေးကောက်ပွဲတွင် သူတို့နေရာဝင်မရွေးရဟု တောင်းဆိုမည် စသည်ဖြင့် ပုခုံးချင်းယှဉ်သော သဘောများ မီဒီယာများတွင် ဖြေကြားနေသံများကြားရသည်။ ယင်း NLD ပဲ့ထွက်ပါတီခေါင်းဆောင်ဆိုသူတို့ မည်သို့ပင် ဆိုနေကြစေကာမူ မူလကပင် NLD ပြန်လာလျှင် ပါတီဖျက်မည်ဟူသော လူသိရှင်ကြားစကားကြောင့် ပါတီဝင်ခဲ့သော အောက်ခြေနှင့် လွှတ်တော်ကိုယ်စားလှယ်အများစုသည် NLD သို့ ပြန်လည်ဝင်ရောက်ကြမည်သာ ဖြစ်ပါသည်။

ဒီမိုကရေစီ လွှတ်တော်နှင့် ဝေးနေခဲ့သည်မှာ ၁၉၆၂နှစ်ဦးပိုင်းကပင်ဖြစ်သည်။ လူများစုလွှတ်တော်ရောက် ပါတီကြီးတစ်ခုအနေဖြင့် လွှတ်တော် ကို ဌာနဆိုင်ရာတို့နှင့်အတူ ဦးဆောင်လည်ပတ် ထိန်းကျောင်းရတော့မည့် နိုင်ငံရေးသည် မူဝါဒရေးရာဖြစ်သည်။ အုပ်ချုပ်ရေးသည် ဗျူရိုကရေစီကို ကျွမ်းကျင်နိုင်နင်းရသည်။ ၂၀၁၅ နောက်ပိုင်းကျ ရောက်လာမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့ ပုခုံးထမ်းရမည့်တာဝန်အတွက် ကြိုတင် ပြင်ဆင် လေ့ကျင့်မှုများစွာရရှိရန် ယခု ကြားဖြတ်ရွေးကောက်ပွဲသည် မလွဲမသွေ ပါဝင်ဆင်နွှဲရမည်ဖြစ်ကြောင်း…..။

***************************************************************************

 

 

                                                                                                        

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment