Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၎.၅.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာဒီမိုကရေစီအရေး တွန်းအားပေးကြရန် အာဆီယံနိုင်ငံများကို ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

(The Lakarta Post မှ 3 May 2011 ရက်စွဲပါ “Suu Kyi calls for Asean countries to push Burma’s democracy” သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာပြည်သူများက သူတို့၏ တိုင်းပြည်တွင် ဒီမိုကရေစီထွန်းကားရေးအတွက် ရုန်းကန်း လှုပ်ရှားနေကြခြင်းကို ကူညီကြရန် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုလိုက်သည်။

“မြန်မာနိုင်ငံက ဒီမိုကရေစီ အရေးအတွက် ကျွန်မတို့ကို ကူညီကြဖို့၊ ကျွန်မတို့ တိုင်းပြည်ထဲမှာ အရပ်ဖက် လူ့အဖွဲ့အစည်း ခိုင်မာ အားကောင်း လာအောင် ကျွန်မတို့ ကြိုးပမ်းနေတာကို ကူညီကြဖို့ တောင်းဆိုနေတာဟာ တစ်ကိုယ်ကောင်းဆန်မှု တစ်ခု မဟုတ်ပါဘူး၊ ဒီနေရာမှာ စတင်ခြင်းအားဖြင့် ကျွန်မတို့ဒေသနဲ့ ကျန်တစ်ကမ္ဘာလုံးကို ကျွန်မတို့ စတင်ကူညီနိုင်မှာပါ” ဂျကာတာတွင် ပြုလုပ်သော Asean Civil society Conference/ Asean People’s forum 2011 ဖွင့်ပွဲ အခမ်းအနားတွင် ဖွင့်ပြသော အသံသွင်းမိန့်ခွန်း၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပြည်သူလူထုလက်ထဲ အာဏာရောက်ရှိခြင်းကို နှောင့်နှေးစေရန် အတွက် မကြာခဏ သုံးစွဲနေသည့် “ဒီမိုကရေစီသည် အာရှတန်ဘိုးများနှင့် မလိုက်ဖက်သော အနောက်နိုင်ငံ အယူအဆတစ်ခုသာဖြစ်သည်” ဟူသော စကားဖြင့် အကြိမ်ကြိမ် ထိုးနှက်နေခြင်းသည် မိမိနိုင်ငံ ဒီမိုကရေစီရေး အတွက် လှုပ်ရှားရုန်းကန်နေသည့် မြန်မာပြည်သူများကို ထိခိုင်နာကျင်စေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ပြောကြားသည်။

မြန်မာပြည်သူတွေက “ပြည်သူတွေရဲ့၊ ပြည်သူတွေအတွက်၊ ပြည်သူတွေထဲက” အစိုးရကို အလိုရှိကြတာဟာ သမ္မတကြီး လင်ကွန်းရဲ့ မိန့်ခွန်း ကို ကြားဖူး၊ ဖတ်ဖူးလို့ မဟုတ်ပါဘူး။ ဒီလိုအစိုးရကသာ သူတို့ရဲ့ အကျိုးစီးပွားတွေကို စောင့်ရှောက်ပေးနိုင်မယ် ဆိုတဲ့အချက်ကို သိရှိနားလည်တဲ့ သဘာ ဝ အသိဥာဏ်ကြောင့်ပါ” ဟု နာမည်ကြီး ၁၆ယောက်မြောက် အမေရိကန်သမ္မတ အီဘရာဟင် လင်ကွန်းကို ရည်ညွှန်းကိုးကား၍ သူမက ပြောဆိုသည်။

မြန်မာပြည်သူတို့၏ ဘဝများကို တိုးတက်စေနိုင်မည့် အကောင်းဆုံးလမ်းကို မြန်မာတို့၏ သီးသန့်အကြိုက်နှင့် အသွင်အပြင် လက္ခဏာရှိသော ဒီမိုကရေစီ အင်စတီကျူးရှင်းများမှ တဆင့် ရောက်ရှိနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ထားသည်။

“ဒီကိစ္စကို ရှင်တို့အားလုံး နားလည်သဘောပေါက်ကြတယ်ဆိုတာ ကျွန်မသိပါတယ်။ အထူးသဖြင့် အာဏာရှင် အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အုပ်ချုပ်ရေးကို အားကျလေးစားစရာ အသွင်ပြောင်းမှု ပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှားရဲ့ ဆောင်ရွက်ချက်ပဲပေါ့။ ရှင်တို့ကို အားကျပါတယ်။  ရှင်တို့နိုင်ငံလို ဖြစ် ချင်ပါတယ်” ဟု ၁၉၉၁ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ကပြောကြားသည်။

အာဆီယံသည် ပျော်ရွှင်စရာကောင်းသော၊ ခိုင်မာအားကောင်းသော ဒေသတစ်ခု ဖြစ်လာမည့်အပြင် ကျန်တစ်ကမ္ဘာလုံးက အားကျမှု၊ ကျေနပ် မှုတို့ဖြင့် လှမ်းကြည့်ခြင်းခံရမည့် ဒေသတစ်ခုဖြစ်လာမည်ဟု သူမက ဆက်လက်ပြောဆိုသည်။

“အစိုးရတွေဟာ အရေးကြီးပါတယ်။ ဒါပေမယ့် ဒီနေ့အချိန် အထိတော့ သူတို့ ပြည်သူတွေအတွက်သာ လုပ်နေကြတုန်ပါ။ ကျွန်မတို့ရဲ့ အာဆီ ယံဒေသကို ဘယ်လို ပုံစံသွင်းမလဲဆိုတာကို အာဆီယံပြည်သူတွေက ဆုံးဖြတ်ကြမယ့်နေ့ကို ကျွန်မတို့ လှမ်းမျှော်ကြည့်ပါရစေ” ဟု သူမက နှုတ်ခွန်း ဆက် ပြောကြားခဲ့သည်။

***********************************************************************************************************

မြန်မာနိုင်ငံတွင် သတင်းစာလွတ်လပ်ခွင့် မရှိသေး

(4 May 2011 ရက်စွဲပါ Daily Times မှ Myanmar still lacks press freedom ကို ဘာသာပြန်သည်)

တစ်ကမ္ဘာလုံးတွင် ကမ္ဘာ့သတင်းစာ လွတ်လပ်ခွင့်နေ့ (World Press Freedom Day) ကို ကျင်းပလျက်ရှိရာ၊ မြန်မာနိုင်ငံတွင် အစိုးရသစ် သည် သတင်းစာလွတ်လပ်ခွင့်ကို ဖော်ဆောင် မပေးသေးကြောင်း၊ အပေါ်ယံ ပြောင်းလဲမှုသည်ပင် လေထဲတွင်ပင် ရှိနေသေးကြောင်း၊ သတင်းစာဆရာ များက ပြောကြားခဲ့ကြသည်။

ကုလသမဂ္ဂသည် ၁၉၉၁ ခုနှစ်က မေလ(၃)ရက်နေ့အား World Press Freedom Day အဖြစ် သတ်မှတ်ပေးခဲ့ရာ၊ သတင်းစာလွတ်လပ်ခွင့်ကို နားလည်ရန်နှင့် အစိုးရများအား သတင်းလွတ်လပ်ခွင့် လိုအပ်ပုံကို သတိပေးသည့်အနေဖြင့် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ တင်းကြပ်သော ဆင်ဆာစည်းကမ်းများကို ခံစားခဲ့ရသည်။ သို့သော် သမ္မတဦးသိန်းစိန်၏ အစိုးရသစ် လက်ထက်တွင် စာပေစီစစ်ရေးဌာနသည် မကြာသေးမီက အချို့ ဂျာနယ်များကို ဆင်ဆာရုတ်သိမ်းပေးခဲ့သည်။ မြန်မာအာဏာပိုင်များသည် ပုဂ္ဂလိက များအား အပတ်စဉ် ထုတ် ဂျာနယ်များသာ ထုတ်ဝေခွင့်ပြုခဲ့ပြီး နေ့စဉ်ထုတ် သတင်းစာများ ခွင့်မပြုခဲ့ပေ။ ပုဂ္ဂလိက ဂျာနယ်အားလုံးသည် ပုံနှိပ်ထုတ် ဝေ ခြင်းမပြုမီ စစ်တပ်မှ အရာရှိများ တာဝန်ယူထားသော ဆင်ဆာဘုတ်အဖွဲ့သို့ တင်ပြကြရသည်။ သို့သော် ပုဂ္ဂလိက ဂျာနယ်တစ်ခုမှ ဝါရင့်အယ်ဒီတာ တစ်ဦးက မဇ္ဈိမသို့ပြောကြားရာတွင် မကြာသေးမီက ဆင်ဆာနှင့် ပတ်သက်၍ အနည်းငယ် ဖြေလျော့ပေးခဲ့သည်ဟု ဆိုသည်။

ယခင်က ပညာရေးစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့်  လယ်သမားများ ကြုံတွေ့နေရသော ပြဿနာများနှင့် ပတ်သက်သော သတင်း များ၊ ဆောင်းပါးများကို တင်းကြပ်စွာ ဆင်ဆာ ပြုလုပ်ထားခဲ့သည်။ ယခုအခါ ဆင်ဆာဘုတ်သည် အနည်းငယ် ဖြေလျော့ပေးခဲ့သည်။ “အခုလက်ရှိတော့ ခေါင်းစဉ်နဲ့ ထင်ထင်ရှားရှား ဖော်ပြခွင့်ရလာပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

****************************************************************************************************

မြန်မာ့စစ်ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရန် တိုက်တွန်း

(4 May 2011 ရက်စွဲပါ Channel News Asia မှ Myanmar war crime probe urged ကို ဘာသာပြန်သည်)

မြန်မာနိုင်ငံတွင် ကျူးလွန်လျက်ရှိသည်ဟု စွပ်စွဲခံနေရသော စစ်ရာဇဝတ်မှုများအတွက် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အလျင် အမြန် လိုအပ်နေသည်ကို တိုက်တွန်းရန် အမေရိကန်ပါလီမန် အမတ်များက သမ္မတ Barack Obama အား အင်္ဂါနေ့က တောင်းဆိုခဲ့သည်။ ကျယ်ကျယ် ပြန့်ပြန့် ကျူးလွန်လျက်ရှိနေမှုများမှာ အရေးယူခြင်းမခံရကြောင်း ပြောကြားခဲ့ကြသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြီးခဲ့သည့်နှစ် သြဂုတ်လက ပြောကြားရာတွင် အမေရိကန်အနေဖြင့် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ကို ထောက်ခံရမည်ဖြစ်ကြောင်း၊ သို့မှသာ စစ်တပ်နောက်ခံပြုသော အစိုးရအား ပြောင်းလဲမှုများ ပြုလုပ်လာစေမည် ဖြစ်သည်ဟု ဆို သည်။

သို့သော် နိုင်ငံရေးလှုပ်ရှားသူများက ပြောကြားရာတွင် Obama အစိုးရသည် လေသာရှိပြီး လက်တွေ့လုပ်ဆောင်ခြင်း မရှိကြောင်း၊ အချို့ အမတ်များက တရုတ်ကဲ့သို့သော မြန်မာစစ်မဟာမိတ်များ၏ ဆန့်ကျင်နေမှုကြောင့် တစ်ကမ္ဘာလုံး၏ထောက်ခံမှု ရရှိရန် အချိန်လိုသေးကြောင်း ယုံကြည် လျက်ရှိသည်ဟု ဆိုသည်။

ကွန်ဂရက်၏ အကြီးဆုံး အဖွဲ့ဖြစ်သည့် House of Representatives မှ အဖွဲ့ဝင်(၃၁)ဦးသည် Obama ထံ စာရေး၍ မြန်မာစစ်အစိုးရသည် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ပြုလုပ်နေသဖြင့် အလျင်အမြန် စုံစမ်းစစ်ဆေးရန် လိုအပ်လျက်ရှိကြောင်း တင်ပြခဲ့ကြသည်။

“စုံစမ်းမှုများ ပြုလုပ်ရန် အချိန်တန်ပြီဟု မိမိတို့ယုံကြည်သည်” ဟု ၎င်းတို့က စာရေးသားခဲ့ကြခြင်း ဖြစ်သည်။ “အမြင့်ဆုံး အဆင့်အဖွဲ့အစည်းက ကော်မရှင်ဖွဲ့ စုံစမ်းရန်အတွက် အမေရိကန်အနေဖြင့် ကြိုးပမ်းမှုနှစ်ဆ တိုးရန် ကျွန်ုပ်တို့ပြင်းထန်စွာ တိုက်တွန်းပါသည်” ဟု စာတွင် ဖော်ပြထားသည်။

အဆိုပါစာတွင် ပါဝင်ရေးသားကြသူများမှာ မြန်မာ့အရေးတက်ကြွသူ နယူးယောက်ရှိ Obama ၏ ဒီမိုကရက်တစ်ပါတီမှ အဖွဲ့ဝင် Joe Crowley၊ Illinois မှ Republican အမတ် Don Manzullo တို့ အပါအဝင် ဖြစ်သည်။

အဆိုပါ စာတွင် ပြီးခဲ့သည့် ဇန်နဝါရီလက physicians for Human Rights အုပ်စု၏ အစီရင်ခံစာကို ညွှန်ပြထားသည်။ အဆိုပါ အစီရင်ခံစာ တွင် တိုင်းရင်းသား အမျိုးသမီးများအား လူအုပ်စုဖြင့် မတရားကျင့်ခြင်း တွေ့ရှိချက်များ၊ ချင်းမိသားစု ၉၀% တွင် မိသားစုဝင် တစ်ဦးစီခန့် အဓမ္မ လုပ်အား ပေး စေခိုင်းခံရကြောင်း ပြောကြားချက်များကို ဖော်ပြထားသည်။

အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် အထီးကျန်ပြုရေး မူဝါဒသည် အောင်မြင်မှုမရှိခြင်းကြောင့်၊ Obama အစိုးရသည် ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပြုလုပ်ရန် ကြိုးစားခဲ့သည်။ ထိုသို့ ဆက်ဆံရေးပြုလုပ်ခြင်းကြောင့် ရလဒ်မှာ စိတ်ပျက်ဖွယ်ကောင်းကြောင်း Obama အစိုးရ က ပြောကြားခဲ့သော်လည်း၊ အခြား နည်းလမ်းမရှိ၍ ဆက်လက် စကားပြောရန်သာ စီစဉ်ထားသည်ဟု ဆိုသည်။

*******************************************************************************************

တရုတ်နိုင်ငံပိုင် ကုမ္ပဏီများ အသာစီးရယူပုံ အမေရိကန် စိုးရိမ်

(4 May 2011 ရက်စွဲပါ Associated Press ၏ US worries about China’s stake-hacked ကို ဘာသာပြန်သည်)

တရုတ်နိုင်ငံမှ အစိုးရနောက်ခံပြု ကုမ္ပဏီများသည် ၎င်းတို့၏ အသာစီးရမှုအပေါ်တွင် ပျော်ရွှင်လျက်ရှိခြင်းအပေါ် စိုးရိမ်ကြောင်း အမေရိကန် အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး၊ အမေရိကန်ကုမ္ပဏီများ အနေဖြင့်လည်း တန်းတူညီသော အခြေအနေတစ်ခု လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာန အတွင်းဝန်လက်အောက်မှ Robert Hormats က အင်္ဂါနေ့က ပြောကြားရာတွင် အဆိုပါ ကုမ္ပဏီများသည် အစိုးရ ၏ ငွေကြေးထောက်ပံ့မှုများနှင့် စည်းမျဉ်းများ၏ အသာစီးရမှုများကို သဘောကျလျက်ရှိပြီး၊ အစိုးရက အချို့ ကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန့် သတ်ရန် ကြိုးစားမှု၏ အကျိုးခံစားခွင့်များလည်း ရရှိခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ မူဝါဒများသည် ပြိုင်ဆိုင်မှုတွင် ပုံသဏ္ဍာန်မမှန်မှုကို ဖြစ်စေကြောင်း၊ အမေရိကန်အနေဖြင့်လည်း တရုတ်အား အဆိုပါ ကိစ္စ အရေး ဆိုရန် လုပ်ဆောင်လျက်ရှိပြီး၊ တရုတ်အား နိုင်ငံတကာစံများကို လိုက်နာရန် အားပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံပိုင် ကုမ္ပဏီ (၄၁)ခုသည် Global Fortune ၏ ထိပ်ဆုံးကုမ္ပဏီ ၅၀၀ စာရင်းတွင် ပါဝင်လျက်ရှိကြောင်း Hormats က ပြောကြားခဲ့ သည်။ လာမည့်အပတ်တွင် တရုတ်နှင့် အမေရိကန်အကြားတွင် အဆင့်မြင့် အရာရှိကြီးများအဆင့် စီးပွားရေးနှင့် မဟာဗျူဟာကိစ္စရပ်များ အစည်းအဝေး မကျင်းပမီ အမေရိကန် ကုန်သည်ကြီးများအသင်း၌ ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs