Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၄.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. အမေရိကန်က မြန်မာနိုင်ငံနှင့် သံအမတ်အဆင့် ထားတော့မည်

(BBC News မှ 13 Jan 2012 ရက်စွဲပါ US to exchange ambassadors with Burma ကို ဘာသာ ပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ကုန်သွယ်ရေးဝန်ကြီး တွေ့ဆုံ

(The Japan Times မှ 13 January 2012 ရက်စွဲပါ Edano meets Suu Kyi, vows support for Myanmar economy to aid reform ကို ဘာသာ ပြန်ဆိုသည်)

  1. နိုင်ငံရေးအကျဉ်းသားလွှတ်ပေးခြင်းကို ဘန်ကီမွန်းထောက်ခံကြိုဆို

(UN News Center မှ 13 January 2012 ရက်စွဲပါ Ban welcomes prisoners release and other important moves by Myanmar authorities ကို ဘာသာ ပြန်ဆိုသည်)

  1. နိုင်ငံရေးအကျဉ်းသား လွှတ်ပေးပြီး အနောက်အရေးယူမှုများ ရုတ်သိမ်းရန် မြန်မာမျှော်လင့်

(The Washington Post မှ 13 January 2012 ရက်စွဲပါ AP ၏ Myanmar, hoping to throw off western sanctions, releases dissidents in flurry of reforms ကို ဘာသာ ပြန်ဆိုသည်)

********************************************************************************************

အမေရိကန်က မြန်မာနိုင်ငံနှင့် သံအမတ်အဆင့် ထားတော့မည်

(BBC News မှ 13 Jan 2012 ရက်စွဲပါ US to exchange ambassadors with Burma ကို ဘာသာ ပြန်ဆိုသည်)

ဝါရှင်တန်အနေဖြင့် မြန်မာနိုင်ငံနှင့် သံအမတ်ကြီးအဆင့် အပြန်အလှန်ထားရှိရန် လုပ်ငန်းစဉ်များ စတင်မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ကြေညာခဲ့သည်။ အဆိုပါကြေညာချက်ကို မြန်မာနိုင်ငံက အထင်ရှားဆုံး နိုင်ငံရေးအရ ဆန့်ကျင်သူများအား ထောင်မှ လွှတ်ပေးလိုက်ပြီး နာရီပိုင်းအကြာတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း အဆိုပါ လုပ်ဆောင်မှုအား အရေးပါသော ခြေလှမ်းတစ်ရပ်အဖြစ် ဖေါ်ပြခဲ့သည်။

ယခုအကျဉ်းသားများလွှတ်ပေးမှုမှာ နိုင်ငံတကာအရေးယူမှုများ ဖြေလျှော့ပေးရေးအတွက် အနောက်နိုင်ငံများမှ အဓိက တောင်းဆိုမှုတစ်ခု ဖြစ်သည်။ မစ္စတာအိုဘားမားက ပြောကြားရာတွင် ၎င်းအနေဖြင့် အစိုးရတာဝန်ရှိသူများအား မြန်မာနိုင်ငံနှင့် ယုံကြည်မှုရရှိရေးတည်ဆောက်မှုများ ရှေ့ဆက်လုပ်ကြရန် ပြောဆိုခဲ့ပြီးဖြစ်ကြောင်းဆိုသည်။ “မြန်မာပြည်သူတွေရဲ့ လိုလားချက်တွေပြည့်မီဖို့ အများကြီးလုပ်ရဦးမှာပါ။ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆက်ဆံရေး ဆက်လုပ်သွားမယ်ဆိုတာ ကတိပေးပါတယ်” ဟု ၎င်းကပြောသည်။ “အင်ဒိုနီးရှားမှာတုန်းက မြန်မာနိုင်ငံမှာ တိုးတက်မှုရဲ့ ရောင်ခြည် တွေ့ရပြီလို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒီနေ့ အဲဒီ အလင်းရောင်ဟာ ပိုမိုတောက်ပလာပါပြီ။ အကျဉ်းသားတွေလည်း မိသားစုတွေနဲ့ ပြန်လည်ဆုံရပါပြီ။ ပြည်သူတွေကလည်း ဒီမိုကရေစီလမ်းကြောင်းရှေ့ဆက်နေတာကို တွေ့နေရပါပြီ” ဟု Obama က ပြောသည်။

မစ္စက်ကလင်တန်က ပြောကြားရာတွင် “အမေရိကန်သံအမတ် ဘယ်သူလဲဆိုတာ ရွေးရပါမယ်။ ဆက်ဆံရေးပုံမှန် ပြန်ဖြစ်ဖို့တော့ အရှည်ကြီး လုပ်ရဦးမှာဖြစ်ပြီး နောက်ထပ်ပြုပြင်ပြောင်းလဲမှုတွေအပေါ် မူတည်ပါတယ်” ဟု ဆိုသည်။  “အမေရိကန် သံအမတ်ဟာ ကျွန်မတို့ အခု စတင် လုပ်ဆောင်နေတဲ့ သမိုင်းဝင်ပြီး အာမခံချက်ရှိတဲ့ ခြေလှမ်းတွေကို အားကောင်းအောင် အကူအညီပေးနိုင်ပါလိမ့်မယ်” ဟု သူမကပြောသည်။ ဝါရှင်တန်သည် မြန်မာနိုင်ငံစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ရွေးကောက်ပွဲအနိုင်ရမှုကို လစ်လျူရှုခဲ့သော ၁၉၉၀ ခုနှစ်တွင် သံအမတ်ကြီးကို ပြန်လည် ရုတ်သိမ်းသွားခဲ့သည်။

အနောက်နိုင်ငံများကလည်း လက်နက်ရောင်းဝယ်မှုပိတ်ပင်ခြင်း၊ စစ်အစိုးရအဖွဲ့ဝင်များအား ခရီးသွားလာမှု ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုများ ထိန်းသိမ်းထားခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိတ်ပင်ခြင်းများ အပါအဝင် စီးပွားရေးအရ အရေးယူမှုများကို ကျယ်ကျယ်ပြန့်ပြန့်ချမှတ်ခဲ့သည်။

**********************************************************************

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ကုန်သွယ်ရေးဝန်ကြီး တွေ့ဆုံ

(The Japan Times မှ 13 January 2012 ရက်စွဲပါ Edano meets Suu Kyi, vows support for Myanmar economy to aid reform ကို ဘာသာ ပြန်ဆိုသည်)

ဂျပန်ကုန်သွယ်ရေးဝန်ကြီး ယူကီယိုအီဒါနိုသည် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကြာသပတေးနေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ အပျံသင်စ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ်ကို အကူအညီပေးရန်အတွက် နိုင်ငံ၏ စီးပွားရေးကို ပံ့ပိုးအားပေးရန် အဆင်သင့် ရှိနေကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံစဉ် ဝန်ကြီးအီဒါနိုက “စီးပွားရေးတည်ငြိမ်မှုဟာ နိုင်ငံသားတွေရဲ့ ဘဝကို တိုးတက်စေနိုင်ပါတယ်။ ဒီပန်းတိုင်ကို ရောက်အောင် ပူးပေါင်းဆောင်ရွက်သွားဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်” ဟု ပြောကြားသည်။ ဂျပန်နိုင်ငံက မြန်မာနိုင်ငံနှင့် အပြန်အလှန် ကုန်သွယ်မှု တိုးချဲ့ခြင်းအပါအဝင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားစနစ်နှင့် အခြေခံအဆောက်အဦကဏ္ဍ တိုးတက်အောင် ကူညီရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

အီဒါနိုခရီးစဉ်သည် လွန်ခဲ့သော ၁၂ နှစ်အတွင်း မြန်မာနိုင်ငံသို့ ဂျပန်ကုန်သွယ်ရေးဝန်ကြီးတစ်ဦးအနေဖြင့် ပထမဆုံး ရောက်ရှိလာခြင်း ဖြစ်သည်။ ၂ဝဝဝ ခုနှစ်က နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး တာကာရှိဖူကာရာ မြန်မာနိုင်ငံသို့ နိုင်ငံတကာညီလာခံ တက်ရောက်ရန် ရောက်ရှိခဲ့ခြင်းမှာ နောက်ဆုံးအကြိမ် ဖြစ်သည်။ မကြာသေးမီက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုချိရိုဂင်းဘ မြန်မာနိုင်ငံသို့ ၉ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် အီဒါနို၏ ခရီးစဉ်ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် သယံဇာတကြွယ်ဝသည့် မြန်မာနိုင်ငံ၏ စွမ်းအင်နှင့် သတ္တု သယံဇာတ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဂျပန်နိုင်ငံ၏ လူထုနှင့် ပုဂ္ဂလိကကဏ္ဍများနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်အားပေးရန် စီစဉ်လျက် ရှိသည်။

***********************************************************************

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးခြင်းကို ဘန်ကီမွန်းထောက်ခံကြိုဆို

(UN News Center မှ 13 January 2012 ရက်စွဲပါ Ban welcomes prisoners release and other important moves by Myanmar authorities ကို ဘာသာ ပြန်ဆိုသည်)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံတွင် ကြာမြင့်စွာစောင့်စားခဲ့ရသော ဒီမိုကရေစီ အရေး၊ အမျိုးသား ပြန်လည်စေ့စပ်ရေး တိုးတက်စေရန် အရေးကြီးသော အခြားကြိုးပမ်းအားထုတ်မှုများနှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များကို ချီးကျူးပြောဆိုလိုက်သည်။ ထင်ရှားကျော်ကြားသော အဓိကနိုင်ငံရေးသမားများ အပါအဝင် အကျဉ်းသား/အကျဉ်းသူ ၆၅၁ ဦးကို လွှတ်ပေးလိုက်သော သတင်းကို “ယနေ့ထိ အထင်ရှားဆုံးသော လွတ်မြောက်မှု” ဟု ဘန်ကီမွန်းက ခေါ်ဝေါ်သုံးနှုန်းလိုက် ကြောင်း ယင်း၏ ပြောခွင့်ရပုဂ္ဂိုလ် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်သည် ယခုကဲ့သို့ အရေးပါသော တိုးတက်ပြောင်းလဲမှုများအတွက် မြန်မာအစိုးရခေါင်းဆောင်များကို ချီးကျူးပြောဆိုခဲ့ပြီး “ယခုလွတ်မြောက်လာသူ အားလုံးအနေဖြင့် ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးမှု ခိုင်မာအားကောင်းရေး အပါအဝင် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များတွင် လွတ်လပ်စွာ ပါဝင်နိုင်ကြရန် မျှော်လင့်လျက်ရှိသည်” ဟု ကြေညာချက်က ဆိုသည်။

ထို့အပြင် ယခင်နေ့က အာဏာပိုင်များနှင့် KNU အကြား အပစ်ရပ် ညှိနှိုင်းခြင်း၊ အခြား လက်နက်ကိုင်အုပ်စုများနှင့် ကနဦးငြိမ်းချမ်းရေး သဘော တူညီချက်များ ရရှိခြင်းတို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုအားလုံးနှင့် ငြိမ်းချမ်းရေးရရှိစေရန် မြန်မာအစိုးရ၏ အရေးပါသော ကြိုးပမ်း အားထုတ်မှုများကိုလည်း မစ္စတာ ဘန်ကီမွန်းက အသိအမှတ်ပြု ထုတ်ဖော် ချီးကျူးခဲ့သည်။

***********************************************************************

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးပြီး အနောက်အရေးယူမှုများ ရုတ်သိမ်းရန် မြန်မာမျှော်လင့်

(The Washington Post မှ 13 January 2012 ရက်စွဲပါ AP ၏ Myanmar, hoping to throw off western sanctions, releases dissidents in flurry of reforms ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် သောကြာနေ့က နာမည်ကြီး နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့ရာ အကျဉ်းထောင်ဂိတ်ဝ များတွင် အပျော်များ ကူးစက်ခဲ့ပြီး ယင်းအပြုအမူသည် အမေရိကန်နှင့် မဟာမိတ်များ၏ စီးပွားရေးအရ အရေးယူမှုများ ရုတ်သိမ်းရေးအတွက် ယင်းတို့တောင်းဆိုချက်များကို လုပ်ဆောင်ပေးရန် အသင့်ရှိကြောင်း မြန်မာတို့ အချက်ပြလိုက်ခြင်း ဖြစ်သည်။

လွှတ်ပေးလိုက်သူများတွင် နာမည်ကြီးနိုင်ငံရေးလှုပ်ရှားသူများ၊ သွေးထွက်သံယို နှိပ်ကွပ်ခြင်းခံရသော ဒီမိုကရေစီ ဆန္ဒပြပွဲများမှ ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ သတင်းစာဆရာများ၊ ဝန်ကြီးချုပ်ဟောင်းနှင့် အာဏာရှင် ဟောင်း နေဝင်း၏ ဆွေမျိုးများ ပါဝင်သည်။

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၆၅၁ ဦး လွှတ်ပေးရာတွင် နိုင်ငံပိုင်ရုပ်သံက နိုင်ငံတော်တည်ဆောက်ရေးတွင် ယင်းတို့ ပါဝင်နိုင်မည်ဟု ဆိုသည်။ ယခုအကျဉ်းသားများ လွှတ်ပေးမှုမှာ အနောက်နိုင်ငံများက တွေ့ခဲ့ရသော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ အနက် နောက်ဆုံးပြောင်းလဲမှု တစ်ခု ဖြစ်သည်။ ပြောင်းလဲမှုများတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုမှုနှင့် ကြာသပတေးနေ့က ကာလရှည်ကြာ ရှိနေခဲ့သော ကရင်သူပုန်များနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးခဲ့ခြင်းများ ပါဝင်သည်။

ယခုအခါ အရာမရောက်တော့သော စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းရေးမှာ အနောက်နိုင်ငံများဘက်မှ ဆောင်ရွက်ရန်သာ ရှိသည်ဟု မြန်မာနိုင်ငံက ယူဆနေလိမ့်မည် ဖြစ်သည်။ သို့သော် အမေရိကန်နှင့် မဟာမိတ်များသည် စောင့်၍ ကြည့်နေဦးမည့် ချဉ်းကပ်မှုမျိုးကိုသာ လုပ်ဆောင်နေလိမ့် ဦးမည်ဖြစ်ပြီး မြန်မာအစိုးရသည် အခြား တိုင်းရင်းသားသူပုန်များနှင့် ငြိမ်းချမ်းရေးရမရ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှု ဆက်လက်လုပ်ဆောင်မှု ရှိမရှိနှင့် ဧပြီလကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ရှိမရှိ စောင့်ကြည့်ဖွယ်ရှိသည်။

"အနောက်နိုင်ငံအရေးယူမှုတွေ ဖယ်ရှားဖို့ နီးကပ်နေပြီလို့ ကျွန်တော်ထင်ပါတယ်။ အမေရိကန်နဲ့ အခြားနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည် ပါလီမန်တွင်း ဝင်ရောက်မှုကို ပထမဆုံး စောင့်ကြည့်ဖွယ် ရှိပါတယ်။ အရေးယူမှုတွေ မရုတ်သိမ်းမီ လုပ်စရာတွေ အများကြီး ရှိသေးတယ် ဆိုတဲ့ သဘောကိုလည်း လက်ခံထားကြတယ်" ဟု ကင်ဘာရာတက္ကသိုလ်မှ မြန်မာ့ရေးရာ ကျွမ်းကျင်သူ Monique Skidmore က ပြောသည်။

"အခုလို များပြားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာဟာ အစိုးရက နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ သဘောကို ပြလိုက်တာပါပဲ" ဟု NLD ပါတီမှ ဝါရင့်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

**********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment