Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၇.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. တရုတ်လက်မှ မြန်မာကို ခိုးပြေးရန် ကြိုးပမ်းနေသည့် အနောက်နိုင်ငံကြီးများ

(ရုရှား သတင်းဝက်ဆိုက်တစ်ခု ဖြစ်သော Pravda.ru မှ ဆာဂျီဘာမာဆော့ဖ်ရေးသားသည့် The West tries to steal Burma from China ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

**************************************************************************************

တရုတ်လက်မှ မြန်မာကို ခိုးပြေးရန် ကြိုးပမ်းနေသည့် အနောက်နိုင်ငံကြီးများ

(ရုရှား သတင်းဝက်ဆိုက်တစ်ခု ဖြစ်သော Pravda.ru မှ ဆာဂျီဘာမာဆော့ဖ်ရေးသားသည့် The West tries to steal Burma from China ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ယခုအခါ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ(အီးယူ)တို့သည် တရုတ်ဆီက မြန်မာနိုင်ငံကို "အနောက်တိုင်းတန်ဖိုး" များဖြင့် ပြန်လည် ဖိုးကပ်စ်လုပ်ရန် ကြိုးစားလျက်ရှိကြသည်။ မြန်မာအာဏာပိုင်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာအပေါ် သတ်မှတ် ပြဋ္ဌာန်းထားသည့် နိုင်ငံရေးနှင့် စီးပွားရေးပိတ်ဆို့အရေးယူမှုအချို့ကို စတင်ဖယ်ရှားပေးရန်လည်း ပြင်ဆင်လျက် ရှိကြလေသည်။ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့မှ ကျွမ်းကျင်သူ ပညာရှင်များသည်လည်း မြန်မာနိုင်ငံသို့ သွားရောက်ပြီး ဘဏ်လုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ အထောက်အပံ့များ ပေးအပ်နိုင်ရန် ပြင်ဆင်လျက် ရှိကြပေသည်။

အမေရိကန်နှင့် အီးယူတို့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်နှောင်းပိုင်းကာလမှစတင်၍ မြန်မာအပေါ် ပိတ်ဆို့ထားမှုများဖယ်ရှားရန် ညီညွတ်စွာ ခြေလှမ်းပြင် လာကြခြင်းဖြစ်သည်။ မြန်မာအစိုးရအဖွဲ့သစ်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများနှင့် အချိုးအစားကိုက်ညီမှုရှိသော ပိတ်ဆို့အရေးယူမှု ဖယ်ရှားမည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးမည်ဟု အနောက်နိုင်ငံများက ထောက်ပြပြောဆိုထားသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်လာလတွင် ဒီမိုကရေစီရွေးကောက်ပွဲကြီးတစ်ရပ်ကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပနိုင်ခဲ့သည်။ ထို့နောက် လူမှုစီးပွားရေး အခြေအနေဆိုးများ၊ အနောက်၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေခဲ့ရသော စစ်အစိုးရက အရပ်သားအစိုးရကို အာဏာ လွှဲပြောင်းပေးရန်ဆုံးဖြတ်လိုက်သည်။

သို့တိုင်အောင် လက်ရှိအရပ်သားအစိုးရသစ်၏ အရေးပါသော အုပ်ချုပ်ရေးရာထူးများကို သမ္မတဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း) အပါအဝင် ယခင် စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရအဖွဲ့ဝင် စစ်ဗိုလ်ချုပ်ကြီးများက ဆက်လက်ထိန်းချုပ်ထားဆဲပင်ဖြစ်သည်။ သို့သော်လည်း မြန်မာသမ္မတ ဦးသိန်းစိန်က အနောက်နိုင်ငံများ တောင်းဆိုထားသော အရာများကို စတင်အကောင်အထည်ဖော် လုပ်ကိုင်ခဲ့ရာ မြန်မာပြည်အပေါ် ယခင်စစ်အစိုးရ၏ အလုံးစုံ ထိန်းချုပ်ထားမှုမှာ တဖြည်းဖြည်းချင်းလျော့ပါးလာသည်။

မြန်မာနှင့် အနောက်နိုင်ငံများအကြား နှင်းခဲစတင်ပျော်ကျလာမှုကို ဖော်ကျူးပြသည့် ဖြစ်ရပ်တစ်ခုမှာ ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာပြည်သို့ သွားရောက် လည်ပတ်မှုပင် ဖြစ်သည်။ မြန်မာမီဒီယာများ၏ ရေးသားဖော်ပြချက်အရ ဟီလာရီကလင်တန်သည် စစ်တပ် အာဏာသိမ်းပိုက်မှု ဖြစ်ပေါ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းကာလများအတွင်း မြန်မာပြည်သို့ပထမဆုံးလာရောက်သည့် 'ကန်' နိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။ ဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသား ၆၅၁ ဦးကို လွှတ်ပေးပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ထောက်ခံမှု ပြုပါကြောင်း ဟီလာရီ ကလင်တန်၏ ယင်းသမိုင်းဝင်ခရီးစဉ်က ဖော်ကျူးသည်။

ယခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင်မူ သမ္မတဘားရက်အိုဘားမားက မြန်မာနိုင်ငံ၌ အမေရိကန်ပြည်ထောင်စု၏ သံအမတ်ကြီး ပြန်လည် ခန့်အပ်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။ အမေရိကန်အစိုးရသည် ၁၉၉၀ ပြည့်နှစ် မြန်မာ့ဒီမိုကရေစီ ရွေးကောက်ပွဲရလဒ်အား စစ်တပ်က မသိကျိုးကျွံပြုကာ နာမည်ကျော် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် အကျဉ်းချခဲ့ပြီးနောက် မြန်မာနိုင်ငံအား သံတမန်ဆက်ဆံရေး အဆင့်နှိမ့်ချသည့် အနေဖြင့် သံအမတ်ကြီး ထားရှိမှုကို ပယ်ဖျက်ခဲ့သည်။

ယခုအခါတွင်မူ မြန်မာ့ဒီမိုကရေစီအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီဖြစ်သလို နိုင်ငံရေး လှုပ်ရှားမှုများကိုလည်း လွတ်လွတ်လပ်လပ်ပင် လုပ်ကိုင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကာ လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်လည်း ပြင်ဆင်လျက်ရှိသည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် သူမ၏ မဲဆွယ်ဆောင်ပုဒ်မှာ "ခေတ်မီနည်းပညာ စွမ်းပကားဖြင့် လူငယ်များအား အထောက်အပံ့ ပေးရေး" ဟူ၍ဖြစ်လေသည်။

ဤအတောအတွင်းမှာပင် တစ်ချိန်က မြန်မာနိုင်ငံကို ကိုလိုနီလုပ်အုပ်ချုပ်ခဲ့သော ဗြိတိန်နိုင်ငံကလည်း မြန်မာ့ အပြောင်းအလဲများကို အသိအမှတ်ပြုလာသည်။ မည်သို့ပင် ဆိုစေ မြန်မာခေါင်းဆောင်ပိုင်းအနေဖြင့် ၎င်းတို့ထားရှိသော ဦးတည်ချက်များ မည်မျှအတိုင်းအတာအထိ ရိုးရှင်းမှုရှိကြောင်း သက်သေထူနိုင်ရေးအတွက် လုပ်ကိုင်ပြရန် များစွာ ရှိနေသည်ဟု အနောက်နိုင်ငံများက ထောက်ပြပြောဆိုထားသည်။ ဖေဖော်ဝါရီလဆန်းပိုင်းတွင်မူ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့ဂ် မြန်မာပြည်သို့ လာရောက်လည်ပတ်သည်။ ၎င်း၏ ခရီးစဉ်သည် ၁၉၅၅ ခုနှစ်နောက်ပိုင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်ခဲ့သည်။ "မြန်မာ အစိုးရရဲ့ နောက်ထပ်ဖြစ်မယ့် လုပ်ကိုင်ဆောင်ရွက်မှုတွေကိုကြည့်ပြီး သူ့ရဲ့ရိုးစင်းမှုအပေါ် ကမ္ဘာ့အသိုင်းအဝိုင်းက အကဲဖြတ်ကြမှာဖြစ်ပါတယ်" ဟု မစ္စတာ ဝီလီယံဟေ့ဂ်က မှတ်ချက်ပေးပြောဆိုခဲ့သည်။ ယင်းအဆိုသည် မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီ အင်အားစုများကို ဝင်ရောက်စွက်ဖက်မှုပြုလုပ်မည် မဟုတ်သလို မြောက်ကိုရီးယား နိုင်ငံနှင့် လျှို့ဝှက်သော ဆက်ဆံရေးကိုလည်း စွန့်လွှတ်မည်မဟုတ်ဟူသောအချက်ကို အခြေခံကာထွက်ပေါ်လာခြင်းဖြစ်ဟန်ရှိသည်။ အထူးသဖြင့် နျူကလီးယား အရေးကိစ္စနှင့် များစွာသက်ဆိုင်ပေလိမ့်မည်။

ဤအတောအတွင်းမှာပင် မြန်မာနိုင်ငံသည် "ရွှေဝါရောင် မြွေဟောက်" အမည်ရသည့် နိုင်ငံပေါင်းစုံပါ နှစ်စဉ်စစ်ရေးပူးတွဲလေ့ကျင့်မှု၌ ပူးပေါင်းပါဝင်လိုသည်ဟု ထုတ်ဖော် ပြောဆိုထားကြောင်း ထိုင်းအစိုးရ၏ အဆိုအရသိရသည်။ ဂျပန်သတင်းမီဒီယာ ရေးသားချက်များအရ အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် အာရှနဂါးကြီး တရုတ်ကို ထိန်းချုပ်ရန် ဦးတည်ခြင်းဖြစ်သည်။ မြန်မာ၏သဘောဆန္ဒကို အမေရိကန်သမ္မတအိုဘားမားက သဘောတူ ခွင့်ပြုခဲ့သည့်တိုင် အမေရိကန်ကွန်ဂရက် လွှတ်တော်က မြန်မာအနေဖြင့် နှစ်အနည်းငယ်အတွင်းလောက်ရောက်မှ အသင့်ဖြစ်လိမ့်မည်ဟု ဆိုကာ ကန့်ကွက်ပိတ်ပင်ခဲ့သည်။ အမေရိကန်ပညာရှင်အချို့ကမူ မြန်မာသည် 'ထရိုဂျန်မြင်းရုပ်' (သူလျှို) အဖြစ် စစ်ရေးပူးပေါင်းလေ့ကျင့်မှုသို့ဝင်ရောက်ကာ အမေရိကန်၏ လျှို့ဝှက်ချက်များကို တရုတ်ပြည်အား အသိပေးလိမ့်မည်ဟု ယုံကြည်လျက် ရှိကြသည်။

အဆိုပါအပြောင်းအလဲများက တရုတ်ပြည်အတွက် များစွာ ဂယက်ရိုက်ခတ်စေခဲ့သည်။ အကြောင်းမှာ မြန်မာပြည်သည် ၁၉၈၀ နောက်ပိုင်းကာလများမှစ၍ တရုတ်ပြည်၏ သြဇာခံနိုင်ငံသဖွယ်ဖြစ်လာခဲ့သောကြောင့်ပင်။ တရုတ်ပြည်နှင့် ထိစပ်နေခြင်း၊ ကီလိုမီတာ ၁၆၀၀ နီးပါးရှည်လျားသည့် နယ်စပ်ဒေသရှိခြင်း အစရှိသည် တို့က မြန်မာနိုင်ငံအတွက် မဟာဗျူဟာအရ သိသာထင်ရှားမှုတစ်ခုဖြစ်နေသည်။ ထို့ပြင် အနောက်နှင့်  အိန္ဒိယအစိုးရတို့က ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုတို့ကြောင့် မြန်မာအာဏာပိုင်များအပေါ် ပြစ်တင်ပြောဆိုခဲ့ပြီးနောက် တရုတ်ပြည်မှာ မြန်မာအတွက် လွန်စွာအရေးပါသော နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၈၀ ပြည့်နှစ် မတိုင်မီ ကာလများတွင်မူ မြန်မာနှင့် တရုတ်ဆက်ဆံရေးမှာ လွန်စွာဆိုးရွားခဲ့ရသည်။ အကြောင်းမှာ ဘေဂျင်းအစိုးရက တရုတ်ပြည် နယ်ချဲ့ရေး အယူဝါဒကို အားပေးအားမြှောက် ပြုခဲ့သောကြာင့်ဖြစ်၏။ ၁၉၈၆ ခုနှစ်နောက်ပိုင်းကာလများအရောက်တွင် တရုတ်ပြည်က မြန်မာပြည်တွင်းမှ သူပုန်များအပေါ် အထောက်အပံ့ ပေးမှုများကို ကန့်သတ်လိုက်ကာ မြန်မာစစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများ အစားထိုး လုပ်ကိုင်လာသည်။ မြန်မာ့စီးပွားရေးဈေးကွက်အတွင်း ဝင်ရောက်နိုင်ရေး အတွက်လည်း တိုးမြှင့်လုပ်ကိုင်လာသည်။ အိန္ဒိယနိုင်ငံကမူ အက်ဒမန်ပင်လယ်အတွင်းမှ မြန်မာပိုင် ကိုကိုးကျွန်း၌ တရုတ်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများ ဖွင့်လှစ်ရန် မြန်မာစစ်အစိုးရ၏ ကူညီ ထောက်ပံ့ပေးမှုအပေါ် စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော် စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု ခံနေရချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့် စီးပွားရေးအရ ဆက်ဆံမှု အနေအထားကို မည်သို့သော အကြောင်းမျိုးဖြင့် ပြောင်းလဲပစ်နိုင်မှု မရှိခြင်းပင်ဖြစ်သည်။ အမှန်တွင် မြန်မာသည် ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်အောင် ကြိုးပမ်းနေရသော နိုင်ငံဖြစ်သည်။ လူဦးရေ သန်း ၆၀ ၏ သုံးပုံတစ်ပုံခန့်မှာ တစ်နေ့လျှင် တစ်ဒေါ်လာအောက်မျှသော ဝင်ငွေဖြင့်သာ ရပ်တည်နေထိုင်ကြရသည်။ အနောက်နိုင်ငံများကမူ အပေးအယူသဘောမျိုးဖြင့် အကယ်၍ မြန်မာအစိုးရကသာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပါက စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ဆောင်ကြဉ်း ပေးမည်ဟု ကမ်းလှမ်းနေခြင်း ဖြစ်သည်။ သို့မှသာ လတ်တလော မြန်မာ့အကျပ်အတည်းများ ကျော်လွှားနိုင်မည်ဖြစ်သည်။ အထူးသဖြင့် အနောက်က မြန်မာ့ ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ကတိပေးထားသည်။ များစွာထူးခြားထင်ရှားသည့်အချက်မှာ အနောက်မီဒီယာများက ယခုလပိုင်းများအတွင်း မြန်မာသည် ကမ္ဘာပေါ်တွင် ကမ္ဘာလှည့်ခရီးသည်များအတွက် တတိယမြောက် ဆွဲဆောင်မှုအကောင်းဆုံးနေရာတစ်ခုအဖြစ် သတ်မှတ်ဖော်ပြလာခြင်းပင်ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ အနောက်နိုင်ငံများအမှန်တကယ် စိတ်ဝင်စားနေသည်မှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မဟုတ်ပေ။ ရှာဖွေတူးဖော်မှုမပြုရသေးသည့် မြန်မာ့ သဘာဝရင်းမြစ်များသာဖြစ်သည်။ မြန်မာဟူသည် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဇင့်၊သံ၊ ကြေးနီ အပါအဝင် အခြားသောသံယံဇာတများနှင့် ပတ်သက်၍ ထင်ပေါ် ကျော်ကြားသည်။ အထူးသဖြင့် ကျောက်မျက်ရတနာလုပ်ငန်းအတွက် နာမည်ကောင်းထွက်သော နိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင်ရှိသော ပတ္တမြား ၉၀ ရာခိုင်နှုန်းမှာ မြန်မာပြည်မှထွက်ရှိခြင်းဖြစ်သည်။

သို့အတွက်ကြောင့် မြန်မာကို တရုတ်လက်ဝယ်မှ ပြန်လည်ရယူနိုင်ရေးသည် အနောက်နိုင်ငံများအတွက် "တရုတ်နဂါးကြီးအား ထိန်းချုပ်ရေး" ဟူသည့် သဘောတရားထဲမှ အရေးကြီးသည့် ပန်းတိုင်တစ်ခုပင်ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ အဆိုပါပန်းတိုင်ကို အရောက်လှမ်နိုင်ရေးမှာ ခပ်ပေါ့ပေါ့အလုပ်မျိုးတော့ မဟုတ်ချေ။ ယခုအခါ တရုတ်သည် မြန်မာ့ထွက်ကုန်များ ဝယ်ယူရာ၌ တတိယအကြီးဆုံးအဆင့်သို့ ရောက်ရှိလာပြီဖြစ်ပြီး မြန်မာသို့ ကုန်ပစ္စည်းအများဆုံး တင်သွင်းသည့်နိုင်ငံလည်း ဖြစ်သည်။ ပို၍ဆိုပါက တရုတ်သည် မြန်မာနှင့် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအရ လွန်စွာနီးကပ်သော မဟာမိတ်နိုင်ငံဖြစ်သည်။ ဂျက်တိုက်လေယာဉ်မှအစ စစ်သင်္ဘောအပါအဝင် များစွာသော စစ်ဘက်ပစ္စည်းများ ထောက်ပံ့ပေးနေသည့် နိုင်ငံလည်းဖြစ်သည်။

ထို့ကြောင့် မည်သည့်အရေးကိစ္စကိုကြည့်စေကာမူ မြန်မာသည် တရုတ်ပြည်အပေါ် အလွန်အမင်း မှီခိုအားထားနေရသည်။ မြန်မာ့ဈေးကွက်ကို လွှမ်းမိုးထားသော တရုတ်လုပ်ကုန်ပစ္စည်းများ ဖယ်ရှားပစ်ရေးမှာလည်း လုံးလုံးလျားလျား မဖြစ်နိုင်သည့်ကိစ္စတစ်ခုပင်ဖြစ်သည်။ ဆင်းရဲနွမ်းပါးလှသော မြန်မာ နိုင်ငံသားများ အတွက်တော့ တန်ဖိုးကြီးလှသည့် အနောက်နိုင်ငံများထုတ်ကုန်ပစ္စည်းများထက် တရုတ်နိုင်ငံလုပ်ကုန်ပစ္စည်းများက ဘုရားပေးသော ဆုများပင် ဖြစ်နေပေလိမ့်မည်။

*************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment