Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

 ၄.၃..၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အလွဲတစ်ခု ပြန်လည် တည့်မတ်ခြင်း

*****************************************

ဆောင်းပါးကဏ္ဍ

အလွဲတစ်ခု ပြန်လည် တည့်မတ်ခြင်း

မောင်ဝံသ

(မတ် ၁ ထုတ် Popular News အတွဲ (၄) အမှတ် (၉) မှ ထုတ်ယူဖော်ပြသည်။)

တောင်အာဖရိကနိုင်ငံမှာ နိုင်ငံရဲ့ပထမဆုံး လူမည်းသမ္မတ နယ်လ်ဆင်မင်ဒဲလားရဲ့ရုပ်ပုံ ရိုက်နှိပ်ထားတဲ့ ယူနစ်အသေးဆုံးကနေ အကြီးဆုံးအထိ ငွေစက္ကူများကို ထုတ်ဝေ ဖြန့်ချိသုံးစွဲသွားဖို့ စီစဉ်နေတယ်ဆိုတဲ့ ဘီဘီစီ သတင်းတစ်ပုဒ်ကို မကြာသေးခင်က အင်တာနက်မှာ ဖတ်လိုက်ရတယ်ဗျ။ တောင် အာဖရိကနိုင်ငံမှာ ရာစုနှစ်နဲ့ချီပြီး ကြီးစိုးလွှမ်းမိုးတွင်ကျယ်ခဲ့တဲ့ ‘အပါသိုက်’ခေါ် အသားအရောင် ခွဲခြားမှုစနစ်ဆိုးကို ဒူးမထောက်လက်မမြှောက် အလျှော့ မပေးဘဲ မစေ့စပ်စတမ်း ရွပ်ရွပ်ချွံချွံ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့မှုကြောင့် ထောင်ထဲမှာ ၂၇ နှစ်နေခဲ့ရတဲ့ မင်ဒဲလားဟာ ၁၉၉ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တယ်ဗျ။ သူပြန်လည်လွတ်မြောက်လာခဲ့ခြင်း ၁၂ နှစ်တင်းတင်း ပြည့်မြောက်တဲ့နေ့မှာ အဲဒီငွေစက္ကူတွေ ထုတ်ဝေဖြန့်ချီ မယ့်အစီအစဉ်ကို လက်ရှိ သမ္မတဂျက်ကော့ဇူးမားက ထုတ်ဖော်ကြေညာခဲ့တာ ဖြစ်တယ်ဗျ။ တောင်အာဖရိကနိုင်ငံက ဒေသခံတိုင်းရင်းသား လူမည်းများ အတွက်သာမက ကမ္ဘာတစ်လွှားက လူမည်းများအတွက်ရော ခွဲခြားဖိနှိပ်ဆက်ဆံ ခြင်းခံနေကြရတဲ့ လူနည်းစု၊ လူမျိုးစုဝင်များအားလုံး လူ့အခွင့်အရေး ချိုး ဖောက်ခြင်း ခံနေကြရသူ လူသားအားလုံးအတွက်ပါ မီးရှူးတန်ဆောင် တစ်ခုဖြစ်တဲ့ မင်ဒဲလားဟာ ကမ္ဘာ့ အကြီးဆုံး အံချော်လွဲမှားမှုတွေထဲ က တစ်ခုဖြစ်တဲ့ အသားအရောင် ခွဲခြားမှုစနစ်ဆိုးကို တစ်ဘဝလုံး ပေးဆပ်စတေးပြီး ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ သူ့ရဲ့လှုပ်ရှားမှုများအတွက် ၁၉၉၃ မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဆွတ်ခူးနိုင်ခဲ့တယ်ဗျ။

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့ခဲ့ပုံ

နောက်တစ်နှစ်မှာ ကျင်းပတဲ့ နိုင်ငံရဲ့ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲမှာ မင်ဒဲလားဦးဆောင်တဲ့ အာဖရိက အမျိုးသား ကွန်ဂရက် (ANC)က အဓိကပြိုင်ဘက် လူဖြူတွေရဲ့ပါတီအပေါ် မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တယ်ဗျ။ အခြေခံဥပဒေသစ်အရ သူ့ပါတီက တစ်ပါတီတည်း အစိုးရဖွဲ့နိုင်တဲ့ အနေအထားမှာ ရှိခဲ့ပေမယ့် အင်မတန်မှ အမြော်အမြင်ကြီးမားတဲ့ မင်ဒဲလားက လူဖြူတွေပါ ပါဝင်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းခဲ့တာကြောင့် သူ့ရဲ့လုပ်ရပ်ကို ကမ္ဘာက အံ့သြလေးစားချီးကျူးခဲ့ကြတယ်ဗျ။ ဒါ့အပြင် မင်ဒဲလားဟာ သူ့ရဲ့သမ္မတရာထူး ပထမသက်တမ်း ကုန်ဆုံးချိန်မှာ ပြည်သူတွေရဲ့ တစ်ခဲနက် ထောက်ခံမှုကို ဆက်လက်ရရှိနေဆဲဖြစ်ပေမယ့် ဒုတိယရာထူး သက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခြင်း မပြုတော့ဘူးဗျ။ အာဏာကို နည်းလမ်းမျိုးစုံသုံးပြီး ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့ ကြိုးစားမှုတွေသာ တွင်ကျယ်လွှမ်းမိုးနေတဲ့ တိုက်ကြီးတစ်တိုက်အတွက် အင်မတန်မှ မြင့်မြတ် အဖိုးတန်တဲ့ အစဉ်အလာကောင်းတစ်ခုကို ချ ထား ခဲ့ တာ ပဲ ဖြစ်တယ်ဗျ။

အနားယူနေပါပြီ

အခုအချိန်မှာ အသက် ၉၃ နှစ်ရှိနေပြီဖြစ်တဲ့ မင်ဒဲလားဟာ ကျန်းမာရေးလည်း ချို့တဲ့နေပြီဖြစ်တဲ့အတွက် အများပြည်သူ မြင်ကွင်းက နောက်ဆုတ် ပြီး သူ့ရဲ့ဇာတိ ရွာကလေးမှာ အေးအေးချမ်းချမ်း အနားယူနေပြီ ဖြစ်တယ်ဗျ။

မှတ်လောက်သားလောက်စကား

မြို့တော် ပရီတိုးရီးယားက ဗဟိုဘဏ် အဆောက်အဦးမှာ ပြုလုပ်တဲ့ မင်ဒဲလားရုပ်ပုံပါတဲ့ ငွေစက္ကူတွေ ရိုက်နှိပ် ထုတ်ဝေမယ့်အကြောင်း ထုတ်ပြန် ကြေညာတဲ့ အခမ်းအနားမှာ တောင်အာဖရိကနိုင်ငံရဲ့ လက်ရှိသမ္မတ ဂျက်ကော့ဇူးမား ပြောသွားတဲ့စကားတစ်ခွန်းဟာ တကယ့်ကို မှတ်သားလောက်တယ်ဗျ။ မင်ဒဲလား အကျဉ်းထောင်က လွတ်မြောက်လာမှုကို “မျှော်လင့်ခြင်းခေတ်သစ်တစ်ခုရဲ့ နိဒါန်း” အဖြစ်တင်စားခဲ့တဲ့ ဇူးမားက မင်ဒဲလားရုပ်ပုံပါ ငွေစက္ကူတွေ ထုတ်ဝေမယ့် သူ့အစိုးရရဲ့အစီအစဉ်နဲ့ ပတ်သက်ပြီး ”အဲဒီ မကြီးကျယ်မခမ်းနားတဲ့ သာမညလုပ်ရပ်ကလေးနဲ့အတူ ကျွန်တော်တို့ တောင်အာဖရိက ပြည်သူ တွေက ဟောဒီနိုင်ငံပြည်သူတွေနဲ့ ကမ္ဘာ့လူသားထုတစ်ရပ်လုံးရဲ့ အကျိုးအတွက် စတေးပေးဆပ်ခဲ့တဲ့ ဘဝတစ်ခုအပေါ် ကျွန်တော်တို့ရဲ့ လေးနက်တဲ့ ကျေးဇူး တင်မှုကို ဖော်ပြကြမှာဖြစ်ပါတယ်”လို့ ပြောဆိုခဲ့တာ ဖြစ်တယ်ဗျ။ ဆိုလိုတာကတော့ မင်ဒဲလား ရုပ်ပုံပါတဲ့ ငွေစက္ကူထုတ်ဝေတဲ့ လုပ်ရပ်ဟာ မင်ဒဲလားက တောင်အာဖရိကနိုင်ငံအပေါ် ပြုခဲ့ဖူးတဲ့ ကျေးဇူးနဲ့ နှိုင်းစာလိုက်ရင် ဘာမှမပြောပလောက်အောင် သေးမွှားသိမ်နုတ် လွန်းလှပါတယ်လို့ ဝန်ခံပြောဆိုလိုက် တာ ဖြစ်တယ်ဗျ။ နိုင်ငံ့ဖခင်ကြီးတစ်ဦးအပေါ် နောက်မျိုးဆက် ခေါင်းဆောင်တစ်ဦးက ကျေးဇူသိစိတ်အပြည့်နဲ့ ပြောဆိုလိုက်တဲ့စကားမှန်း ပေါ်လွင်ထင်ရှား နေတယ်ဗျာ။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ

ကျွန်တော်တို့ဆီမှာလည်း လွတ်လပ်ရေးဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ရိုက်နှိပ်ထားတဲ့ ငွေစက္ကူတွေ ထုတ်ဝေ ဖြန့်ချိသွားဖို့ အစီအစဉ်ရှိ,မရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးမြန်းပြီး သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးက ပြန်လည်ပြောကြားသွားတဲ့ သတင်းကို တလောက သတင်းစာမှာ ဖတ်လိုက်ရတယ်ဗျ။ အားလုံးသိကြတဲ့အတိုင်း ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင်လည်းဖြစ်၊ နိုင်ငံ လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ရင်း တိုင်းပြည်အတွက် အသက်ကို စတေးပေးဆပ်သွားခဲ့သူလည်း ဖြစ်တယ်ဆိုတဲ့အပေါ်မှာ မြန်မာ နိုင်ငံသားအားလုံးဟာ တစ်သဘောတည်း ရှိကြပေမယ့် ၁၉၆၂နောက်ပိုင်း ကာလတစ်ခုအတွင်း မြန်မာပြည်သူလူထု အများစုကြီးရဲ့ရင်ထဲမှာ ကသိ ကအောက် မကျေမချမ်းဖြစ်စရာ လေးတွေ ဖြစ်ခဲ့တယ်ဗျ။   ပြည်သူတွေရဲ့ရင်ထဲက အသံအစစ်အမှန်ကို နားစွင့်နေရတဲ့ မီဒီယာလောကသား တစ်ဦးအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာ ပြည်သူတွေက သူတို့မိဘ ဘိုးဘွားဘီဘင် အရင်းအခြာတွေထက်တောင် ပိုပြီးလေးစား မြတ်နိုးတန်ဖိုးထားတဲ့ ဗိုလ်ချုပ် အောင်ဆန်းဟာ အဲဒီနှစ် ၅ဝ ကာလ မှေးမှိန်ဖျော့တော့အောင် လုပ်ထားခြင်းခံနေခဲ့ရတယ်လို့ ခံစားနေခဲ့ကြတာ ဖြစ်တယ်ဗျ။ ဒီလိုခံစားရတာကလည်း အကြောင်းမဲ့ မဟုတ်ဘူး။ အကြောင်းအရင်း အလုံအလောက် ရှိတယ်ဗျ။ အထူးသဖြင့် ပါလီမန်ဒီမိုကရေစီ ခေတ်၊ ၁၉၄၈-၆၂ ကို သိမီလိုက် တဲ့ လူကြီးတွေမှာ ရှိတဲ့အကြောင်းအရင်းက ပိုလို့တောင်လုံ လောက်တယ်ဗျ။

ဧည့်ခန်းထဲမချိတ်ရဲအောင်

နိုင်ငံတော်က ဦးစီးကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို တစ်ချိန်က နိုင်ငံအကြီးအကဲကိုယ် တိုင် တက် ရောက်ရာကနေ နောက်ပိုင်းမှာ ဝန်ကြီးအဆင့်လောက်သာ တက်ရောက်စေခဲ့တာ အစ၊ အစိုးရရုံးဌာနကျောင်းတွေမှာ စတိလောက်သာ ကျင်းပလာခဲ့တာ အလယ်၊ ငွေစက္ကူပေါ်မှာ ဗိုလ်ချုပ်ပုံ အစား အခြားပုံတွေဝင်လာတာအဆုံး ဗိုလ်ချုပ်ရဲ့ အရေးပါမှု ဖျော့မှိန် လာတယ်ဗျ။

အလွဲတစ်ခု ပြန်တည့်သွားပြီ

              ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံရှေ့မှာ ဗိုလ်ချုပ်သမီးနဲ့ သမ္မတကြီးတို့ ကြည်လင်သော အပြုံးကိုယ်စီနဲ့ ရပ်နေကြတဲ့ပုံ သတင်းစာထဲ ပါလာပြီးတဲ့ နောက်မှာတော့ ကျွန်တော်တို့နိုင်ငံမှာ ရာစုတစ်ဝက်လောက် တည်ရှိနေခဲ့တဲ့ ‘အလွဲ’ တစ်ခု ပြန်တည့်သွားခဲ့ပြီဖြစ်တယ်ဗျာ။ ပွင့်ပွင့် လင်းလင်းပြောရရင် ပြည်သူတွေဟာ သူတို့နှစ်ပေါင်းများစွာ လိုလားတောင့်တနေခဲ့ကြတဲ့ သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ သတင်းထက် အဲဒီဓာတ်ပုံကြောင့် ပိုပြီး ‘ဟတ်ထိ’သွားခဲ့ကြတာ ဖြစ်တယ်ဗျ။ စစ်အစိုးရ အဆက်ဆက်နဲ့ ပတ်သက်ပြီး သူတို့ရင်ထဲက မကျေလည်မှုတွေဟာ အဲဒီဓာတ်ပုံကြောင့် အတော်များတဲ့ အတိုင်းအတာအထိ ပြေလျော့သွားခဲ့တာ ဖြစ်တယ်ဗျ။ ဒါကြောင့် ဒီအချက်ကို အလေးအနက်ပြုပြီး နိုင်ငံတော်အစိုးရ အနေနဲ့ ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူအသစ်တွေ ထုတ်ဝေခဲ့မယ်ဆိုရင် အစိုးရဟာ ပြည်သူတွေရဲ့ ချစ်ခင်နှစ်သက်မှုကို ထပ်မံရရှိမှာဖြစ်တဲ့အပြင် နိုင်ငံတော် အခုလျှောက်လှမ်းနေတဲ့ လမ်းကြောင်းနဲ့လည်း အံဝင်ခွင် ကျကွက်တိပဲလို့ ကျွန်တော်ကတော့ ယုံကြည်နေမိတယ်ဗျ။

**********************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment