Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁ဝ.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. မဲဆန္ဒရှင်စာရင်းတွင် မရိုးသားမှုများရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး

(The Associated Press မှ 8 March 2012 ရက်စွဲပါ “Myanmar A Warning on Voter Lists” သတင်းကို ဘာသာ ပြန်ဆိုသည် )

  1. မြန်မာ တံခါးဖွင့်မှု မလေးရှား FDI ကို မထိခိုက်ဟုဆို

(Bernama မှ 8 March 2012 ရက်စွဲပါ Myanmar’s open door policy will not affect FDI flows into Malaysia, says Mukhriz ကို ဘာသာ ပြန်ဆိုသည်)

  1. အာဆီယံအကြီးအကဲက ထိုင်းကုမ္ပဏီများကို လုပ်သားမလုံလောက်မှုကိစ္စသတိပေး

(Bangkok Post မှ 10 Mar 2012 ရက်စွဲပါ Asean chief warns firms of labour shortage သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ် လူမှုရေး ကွန်ရက်များ ဆင်ဆာကြုံနေရ

(BBC News မှ 9 March 2012 ရက်စွဲပါ China's social networks hit by censorship, says study ကို ဘာသာ ပြန်ဆိုသည်)

******************************************************************

မဲဆန္ဒရှင်စာရင်းတွင် မရိုးသားမှုများရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး

(The Associated Press မှ 8 March 2012 ရက်စွဲပါ “Myanmar A Warning on Voter Lists” သတင်းကို ဘာသာ ပြန်ဆိုသည် )

မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမည့်ဧပြီလဆန်း ကြားဖြတ် ရွေးကောက်ပွဲအတွက် တရားဝင် မဲဆန္ဒပေးခွင့် ရှိသူ စာရင်းများတွင် ကွယ်လွန်ပြီးသောလူများ၏ အမည်များ ပါဝင်နေသည်ဟု ပြောကြားလိုက်ပြီး ရွေးကောက်ပွဲမဲလိမ်မှု ဖြစ်နိုင်ခြေရှိသော သံသယ မေးခွန်းများကို ထုတ်ဖော်လိုက်သည်။

အနောက်နိုင်ငံများအနေဖြင့် မြန်မာအစိုးရကို လူရာသွင်းဆက်ဆံမည့် သံတမန်ရေးရာမူဝါဒများကို မဆုံးဖြတ်မှီ မြန်မာရွေးကောက်ပွဲ ကော်မရှင်၏ “ရွေးကောက်ပွဲမသမာမှု ကိုင်တွယ်ဆောင်ရွက်ပုံ” ကို အနီးကပ် လေ့လာ စောင့်ကြည့်ကြပါဟု ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသည့် နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခြားကမ္ဘာ့နိုင်ငံများကို တောင်းဆိုထားသည်။

မြန်မာနိုင်ငံမှ ယခင်တပ်မတော်အစိုးရသည် ၎င်း၏ မြန်မာပြည်သူလူထုအပေါ် လူမဆန်သော ညှင်းပန်းနှိပ်စက်မှုများ ကျူးလွန်ခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အခြားအနောက်နိုင်ငံများက စီးပွားရေးနှင့် နိုင်ငံရေး Sanctions များချမှတ်ကာ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားခဲ့ကြသော်လည်း မနှစ်က အာဏာလွဲပြောင်း ရယူထားသည့် အစိုးရအဖွဲ့သစ်က ပြုပြင်ပြောင်းလဲမှုများကို သိသိသာသာ စတင် ပြုလုပ်လာပြီးနောက်ပိုင်း ယခင်က ချမှတ်ထားသော Sanctions များကို ဖြေလျော့ပေးရန် စတင်စဉ်းစား သုံးသပ်နေကြပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီ NLD သည် လာမည့်ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်ကိုယ်စားလှယ် ၄၈ နေရာစလုံး၌ ပါဝင်ယှဉ်ပြိုင်ရန် မဲဆွယ်စည်းရုံး ပြင်ဆင်လျက်ရှိသည်။

*********************************************************************

မြန်မာ တံခါးဖွင့်မှု မလေးရှား FDI ကို မထိခိုက်ဟုဆို

(Bernama မှ 8 March 2012 ရက်စွဲပါ Myanmar’s open door policy will not affect FDI flows into Malaysia, says Mukhriz ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးမူဝါဒသည် မလေးရှား၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကို ထိခိုက်လိမ့်မည် မဟုတ်ကြောင်း မလေးရှားနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Datak Mukhriz Tun Mahathir က ပြောကြားခဲ့သည်။

၎င်းကပြောကြားရာတွင် မလေးရှားသည် လက်ရှိအားဖြင့် အဆင့်မြင့်နည်းပညာစက်မှုလုပ်ငန်းများကို အားထည့် လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်အာရုံပြုဆွဲဆောင်သွားမည်ဟု ဆိုသည်။

“မြန်မာနိုင်ငံက သစ်အခြေခံစက်မှုလုပ်ငန်းနဲ့ သစ်အပေါ်မှာပိုပြီးအားရုံပြုနေပါတယ်။ ကျွန်တော်တို့ကလည်း လုပ်အား အများကြီးသုံးရတဲ့ ကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံဖို့ စိတ်မဝင်စားပါဘူး” ဟု ၎င်းက Tanjung Langsat ရှိ Technip Asiaflex Products Sdn Bhp အဆောက်အဦးသို့ လာရောက် လည်ပတ်စဉ် သတင်းထောက်များသို့ ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်ပြောကြားရာတွင် မလေးရှားနိုင်ငံတွင် မလေးရှားရင်းဂစ်( ၅၆.၁) ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများပါဝင်သော ထုတ်လုပ်မှုစီမံကိန်း (၈၄၆) ခုကို ပြီးခဲ့သည့်နှစ်က အတည်ပြုပေးခဲ့သည်ဟုဆိုသည်။

ထိုပမာဏတွင် ပြည်တွင်းတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (DDI) သည် ရင်းဂစ်(၂၂) ဘီလီယံရှိပြီး ၃၉.၂% ရှိသည်။ ကျန်ရှိနေသော ရင်းဂစ် ၃၄.၁ ဘီလီယံဖြစ်သော ၆၀.၈% ကို FDI မှ ပါဝင်သည်ဟု ၎င်းကရှင်းပြသည်။ “Johor မှာ ရင်နှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း ရင်းဂစ် ၆.၆ ဘီလီယံရှိပြီး အတည်ပြုပြီး ထုတ်လုပ်မှုစီမံကိန်း ၁၈၈ ခု ရှိသည့်အတွက် ပီနန်၊ ဆီလီဂေါနဲ့ ဆာရာဝတ်တို့နောက်မှာ စတုတ္ထလိုက်ပါတယ်။ ၂၀၁၀ တုန်းက Jahor မှာ ထုတ်လုပ်မှုစီမံကိန်း ၁၇၂ ခုအတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရင်းဂစ် ၅.၇ဘီလီယံကို အတည်ပြုပေးခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

Mukhriz ၏ အဆိုအရ အတည်ပြုပြီးသော ထုတ်လုပ်မှုစီမံကိန်းများ၏ ရင်းဂစ် ၆.၆ ဘီလီယံတန်ဖိုးအနက် ရင်းဂစ် ၃.၃ ဘီလီယံမှ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများမှ ဝင်ရောက်ခဲ့ပြီး ကျန်ပမာဏမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖြစ်ကြောင်း သိရသည်။

ကွေးနိုင် ချိုးနိုင်သောပိုက်များ( Flexible Pipes) များထုတ်လုပ်သော Technip Asiaflex သို့ လာရောက်ရာတွင် Mukhirz ကပြောကြားရာ၌ အလုပ်သမားများကို အဆင့်မြင့်နည်းပညာလုပ်ငန်းစဉ်များ လေ့ကျင့်သင်ကြားပေးခြင်းသည် မလေးရှားနိုင်ငံအတွက် အဆင့်မြင့်နည်းပညာသုံးပစ္စည်းများ ထုတ်လုပ်ရန် စွမ်းရည်တိုးလာစေသည်ဟု ပြောကြားခဲ့သည်။                 “အလုပ်သမားတွေကို ပြင်သစ်၊ ဘရာဇီးနဲ့ အခြားနိုင်ငံတွေမှာ လေ့ကျင့်သင်ကြားဖို့ လွှတ်တယ်ဆိုတော့ ကောင်းပါတယ်။ ကျွန်တော်တို့ ဒါမျိုးရင်းနှီးမြှုပ်နှံမှုမျိုးကို ကြိုဆိုရမှာပါ” ဟု ၎င်းကပြောသည်။

*************************************************************

အာဆီယံအကြီးအကဲက ထိုင်းကုမ္ပဏီများကို လုပ်သားမလုံလောက်မှုကိစ္စသတိပေး

(Bangkok Post မှ 10 Mar 2012 ရက်စွဲပါ Asean chief warns firms of labour shortage သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

၂၀၁၅ တွင် အာဆီယံစီးပွားရေးအသိုင်းအဝိုင်းထူထောင်ဖွဲ့စည်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံ၌ မြန်မာ အလုပ်သမားများ လျော့နည်းသွားနိုင်ကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်က စိုးရိမ်ပူပန်စွာပြော ကြားလိုက်သည်။

မြန်မာနိုင်ငံသည် ၎င်း၏ အထူးစီးပွားရေးဇုံအသစ်(၃)ခုအတွက် အိမ်နီးချင်းနိုင်ငံများအထူးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများကို ပြန်လည် ခေါ်ယူဖွယ်ရှိသည်ဟု ဆူရင်ပစ်ဆူဝမ်က ဆိုသည်။ မြန်မာလုပ်သားတွေအပေါ်မှာ ကြီးကြီးမားမားအားပြုရပ်တည်နေကြတဲ့ ထိုင်းကုမ္ပဏီ အများစု ဒုက္ခရောက်ကြပါလိမ့်မယ် ဟု မစ္စတာဆူရင်က ပြောကြားသည်။

မစ္စတာဆူရင်က ထိုင်းနိုင်ငံမှအာဆီယံစီးပွားရေးအသိုင်းအဝိုင်း AEC အနေအထားနှင့် ပြောင်းလဲနိုင်ချေ များနှင့်ပတ်သက်၍ ထိုင်းတရားစီရင်ရေး ဝန်ထမ်းများကို မနေ့က ဆွေးနွေးဟောပြောခဲ့ခြင်း ဖြစ်သည်။

မစ္စတာဆူရင်က ထိုင်းကုမ္ပဏီများအနေဖြင့် ခေတ်မှီနည်းပညာများဖြင့် အဆင့်မြင့်ရေးကို အာရုံစိုက်ရန် လိုအပ်ကြောင်း သို့မှသာ ၎င်းတို့အတွက် အလုပ်လုပ်ပေးနေသည့် မြန်မာလုပ်သားများမရှိတော့ချိန်တွင် အခက် အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း တိုက်တွန်း ပြောဆိုသည်။

ထို့အပြင် အခြားအာဆီယံနိုင်ငံများတွင် ထိုင်းလုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံနိုင်အောင် ထိုင်းအစိုးရက တာဝန်ယူကာ ထိထိရောက်ရောက် ပံ့ပိုးပေးရန်လိုအပ်သည်။ အာဆီယံစီးပွားရေးအသိုင်းအဝိုင်း(AEC)၏ အောက်တွင် အခွန်ကင်းလွတ် သက်သာခွင့်များ ဈေးပေါသော လုပ်သားများ၊ ကြွယ်ဝသော သယံဇာတများကို အခွင့်ထူးရရှိနိုင်သည်ဟုလည်း မစ္စတာဆူရင်က ထောက်ပြသည်။

“ထိုင်းကုမ္ပဏီများ၊ အထူးသဖြင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများအနေဖြင့် AEC စတင်ခြင်းမပြုမှီ အခြား အာဆီယံနိုင်ငံများ၌ လုပ်ငန်းများ ကြိုတင်တိုးချဲ့ထားသင့်သည်။ ယခုအချိန်သည် ထိုင်းနိုင်ငံအတွင်း တစ်ဦးနှင့်တစ်ဦးယှဉ်ပြိုင်နေရုံမျှဖြင့် မလုံလောက်တော့ပါ။ ထိုင်းလူမျိုးများကို မြှင့်ပေးရမည်။ စိတ်ဓာတ်တွေကို ပြောင်းပေးရမည်”ဟု ဆူရင်ပစ်ဆူဝမ်က ပြောဆိုခဲ့သည်။ အာဆီယံနိုင်ငံအများစု၌ ဖြစ်ပေါ်နေသော ပုံစံသစ်သည် စီးပွားရေးပူးပေါင်းချဲ့ထွင်မှုဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်း၌သာ ရပ်တည်လည်ပတ်နေရန် မျှော်လင့်၍မရပဲ အခြားနိုင်ငံများ သို့ တိုးချဲ့ရန် လိုအပ်နေသည်ဟု ဆူရင်က ပြောကြားသည်။

၃နှစ်အတွင်း စတင်သက်ရောက်လာတော့မည့် အာဆီယံစီးပွားရေး အသိုင်းအဝိုင်း AEC သည် အာဆီယံ ကုမ္ပဏီများ အချင်းချင်း ပူးပေါင်းဖွဲ့စည်းမှုကို မလွှဲမရှောင်သာဖန်တီးမည်ဖြစ်၍ ကုမ္ပဏီလုပ်ငန်းရှင်များ ရှင်သန်နိုင်စွမ်းရှိရန် လိုအပ်သည်ဟုလည်း သိရှိရသည်။

အခြားအာဆီယံနိုင်ငံဈေးကွက်များ၌ စီးပွားရေးအခွင့်အလမ်းများ မည်သို့ရှာရမည်ကိုသိရှိသော ထိုင်းမျိုးဆက်သစ်များကို မြင်တွေ့လိုသည် ဟုလည်း မစ္စတာဆူရင်က ပြောကြားသည်။

ဆူရင်က သူ့အနေဖြင့် ဤကိစ္စအကြောင်းအရာကို ထိုင်းကုန်သည်ကြီးများအသင်းတွင် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအခါ အာဆီယံ ထူထုသည် ဝယ်ယူနိုင်စွမ်း အားကောင်းလာသော်လည်း ဘဝအရည်အသွေး၊ ဘေးကင်းစိတ်ချရမှု၊ သုံးစွဲတတ်မှုတို့ ပိုမိုကောင်းမွန်ရန် လိုအပ်နေသေးကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

မနှစ်က အာဆီယံ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၈၀ ဘီလျံခန့်ရှိခဲ့ပြီး၊ လူသုံးပစ္စည်း၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းနှင့် ဖျော်ဖြေရေးကဏ္ဍများသို့ ၇၀ ရာခိုင်နှုန်းခန့်စီးဝင်ရောက်ရှိသွားသည်ဟုသိရှိရသည်။

**********************************************************************

တရုတ် လူမှုရေး ကွန်ရက်များ ဆင်ဆာကြုံနေရ

(BBC News မှ 9 March 2012 ရက်စွဲပါ China's social networks hit by censorship, says study ကို ဘာသာ ပြန်ဆိုသည်)

တရုတ်ဆင်ဆာများသည် လူမှုရေးမီဒီယာများက ပိတ်ပင်ထားသော အကြောင်းအရာများ ဆွေးနွေးခြင်း၊ သုတေသနပြုခြင်းများကို ပိတ်ပင်ရန် တက်ကြွစွာ ပစ်မှတ်ထား လုပ်ကိုင်လျက် ရှိသည်။

အမေရိကန်မှ လေ့လာမှုတစ်ခုက Microblogging ဝက်ဘ်ဆိုက်များတွင် ဆွေးနွေးခြင်းများအပေါ် တရုတ် မူဝါဒများအား ထဲထဲဝင်ဝင် လေ့လာတင်ပြခဲ့သည်။ Twitter နှင့် အလားတူသော တရုတ်ဝက်ဘ်ဆိုက်မှ သန်း (၆ဝ) နီးပါးရှိသော သတင်းစကား (မက်ဆေ့) များအား လေ့လာ သုံးသပ်ပြီး မည်သည့်အကြောင်းအရာများကို ပိတ်ပင်ထားသည်ကို ဖော်ထုတ်ခဲ့သည်။

Carnegie Mellon မှ Language Technologies Institute မှပါမောက္ခဖြစ်သူ နိုအာစမစ်၊ ဒေးဗစ်ဘန်းမန့်နှင့် ဘရန်ဒန် အိုကွန်နာ တို့၏ News Scientist တွင်ဖော်ပြထားသော လေ့လာမှုစာတမ်းတွင် Sina Weibo Service မှတစ်ဆင့် ပေးပို့သော မက်ဆေ့တိုများကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခဲ့သည်ဟု ဆိုသည်။

Sina Site တွင် ဇွန်လ၊ ၂၇ မှ စက်တင်ဘာ၊ ၃ဝ အတွင်းပေးပို့သော မက်ဆေ့တိုပေါင်း ၅၇ သန်းကို စောင့်ကြည့်ခဲ့သည်။ သုံးလအကြာတွင် စစ်ကြည့်သောအခါ အချို့မက်ဆေ့များ ပျောက်သွားကြောင်း တွေ့ရသည်။ အဆိုပါ ပျောက်သွားသော သတင်းတိုများတွင် ဆင်ဆာ သတိပြုမိလောက်သော မည်သည့်အသုံးအနှုန်းကို ဖော်ပြထားသည်ဆိုသည်ကို ရှာဖွေခဲ့ကြသည်။

ထိုသို့ လုပ်ဆောင်ခြင်းကြောင့် တွေ့ရှိရသည့် အချက်မှာ လူမှုရေးမီဒီယာဆင်ဆာသည် Chinese Web အား စောင့်ကြည့်သည့် စနစ်နှင့် အတူတူပင်ဖြစ်ကြောင်း တွေ့ရှိရသည်။ အဆိုပါစနစ်ကို Great Firewall ဟု လူသိများပြီး ပြည်သူအများ တရုတ်နိုင်ငံ ပြင်ပမှ ဝက်ဘ်ဆိုက်များ ဝင်မကြည့်နိုင်အောင် ပြုလုပ်ထားသည်။ ပိတ်ပင်ထားသော ဝေါဟာရများ၊ ဆင်ဆာပြုလုပ်ထားသော စကားပြောခန်းများ (Chat)နှင့် ဘလော့များကို ရှာမတွေ့နိုင်အောင် ပြုလုပ်ထားခြင်း စသည်တို့ကိုလည်း ပြုလုပ်ထားသည်။ ပိတ်ပင်ထားသော အကြောင်းအရာများတွင် Falun Gong ဘာသာရေး လှုပ်ရှားမှုနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ Ai Weiwei အကြောင်းလည်း ပါဝင်သည်။

ထိုနည်းအတိုင်းပင် Sina Weibo Service တွင် အဆိုပါ အကြောင်းအရာများ ပါသော သတင်းစကားများ ဖျက်ပစ်ခြင်း ခံရသည်ဟု လေ့လာမှုစာတမ်းက တွေ့ရှိခဲ့သည်။ ထို့အပြင် စကားလုံးများ သို့မဟုတ် စာပိုဒ်များသည် နိုင်ငံရေး အဓိပ္ပာယ်များ ပိုမိုပါဝင်သည်ဟု သိရှိသည်နှင့် တစ်ပြိုင်နက် ဆင်ဆာစနစ်သည် လျှင်မြန်စွာ အလုပ်လုပ်သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် "Jianghui" ဆိုသည့် စကားလုံးသည် ဆန္ဒပြရန် စီစဉ်ခြင်းအတွက် လျှို့ဝှက်စကားလုံးဟု သိလာသည်နှင့် ဆင်ဆာက ထိုစကားလုံးကို အလွတ်မပေးတော့ခြင်း ဖြစ်သည်။

ထို့အတူပင် "တစ်ဦးဦးအား နုတ်ထွက်ပေးရန် တောင်းဆိုမှု" ဟု အဓိပ္ပာယ်ရှိသော စကားလုံးမှာလည်း ၂၀၁၁ ဇူလိုင်က လူ ၄ဝ သေဆုံးသော မြန်နှုန်းမြင့် ရထားတိမ်းမှောက်မှု အပြီးတွင် ဆင်ဆာက အလွတ်မပေးသော စကားလုံး ဖြစ်ခဲ့သည်။ ထိုသို့သော အဖြစ်ဆိုးမှာ တာဝန်ရှိသူများ၏ မှားယွင်းမှုကြောင့်ဟု ပြည်သူများက အပြစ်တင်ခဲ့ကြသည်။

တရုတ်နိုင်ငံတွင် ဒေသအလိုက် ဆင်ဆာစနစ်နှင့် အလုပ်လုပ်ပုံနှုန်း မတူညီမှုကိုလည်း လေ့လာမှုက တွေ့ရှိခဲ့သည်။ တိဗက်တွက် သတင်း မက်ဆေ့များ၏ ၅ဝ% ဖျက်ပစ်ခံနေရချိန်တွင် ဘေဂျင်း၌ ၁၂% နှင့် ရှန်ဟိုင်းတွင် ၁၁% ဖျက်ပစ်ခံနေရသည်။

ပိတ်ပင်ထားသော စကားလုံးများ ဖြစ်သော Falun Gong ကဲ့သို့သော စကားလုံးများ ပြန်လည် တွေ့မြင်နေရခြင်းအပေါ် မစ္စတာ ဘန်းမန်းက အံ့ဩရပြန်သည်ဟု ဆိုသည်။ "မက်ဆေ့တွေမှာ ဒီစကားလုံးတွေ ပြန်တွေ့နေရတော့ ဆင်ဆာစနစ်က အလိုအလျောက် စနစ်မဟုတ်ဘူးလို့ ထင်ရပါတယ်" ဟု ယင်းက BBC သို့ ပြောသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အစိုးရက မူဝါဒများ တက်ကြွစွာ လုပ်ဆောင်ရန် တောင်းဆိုမှုနှင့် ကုမ္ပဏီများက လိုက်နာရန် တုံ့ဆိုင်းနေခြင်းကြောင့် တင်းမာမှုများ ဖြစ်နေရခြင်းကြောင့် ဖြစ်ပုံ ရသည်ဟုလည်း ယင်းက ပြောသည်။

လူမှုရေးမီဒီယာများတွင် ပျံ့နှံ့နေသော မက်ဆေ့များသည် များပြားလှသောကြောင့် အစိုးရအနေဖြင့် ဆင်ဆာ ပြုလုပ်ရန် မလွယ်ကူနိုင်ဟု ယင်းက တွက်ဆသည်။ လူအများသည် ထိန်းချုပ်မှုများကို ရှောင်ရှားသော နည်းလမ်းများ ရှာကြလိမ့်မည်ဟုလည်း ဖြည့်စွက်ပြောသည်။ "လူတွေက ပြောချင်တာ ပြောကြမှာပဲ။ ပြောနိုင်မယ့် နည်းလမ်းလည်း ရှာကြမှာပါ" ဟု ဆိုသည်။

အဆိုပါ အသေးစိတ် လေ့လာမှုစာတမ်းကို မတ်လတွင် ထုတ်ဝေမည့် First Monday ဂျာနယ်တွင် ဖော်ပြမည် ဖြစ်သည်။

*********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment