Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၅.၃.၂၀၁၂

သတင်းဆောင်းပါးကဏ္ဍ

  1. ပြိုင်ဆိုင်မှုပြင်းထန်မည့် ကြားဖြတ်ရွေးကောက်ပွဲ

*****************************************

သတင်းဆောင်းပါးကဏ္ဍ

ပြိုင်ဆိုင်မှုပြင်းထန်မည့် ကြားဖြတ်ရွေးကောက်ပွဲ

ဝင်းကိုကိုလတ်

(မတ် ၂၃ ထုတ် MYANMAR TIMES အတွဲ (၂၉) အမှတ် (၅၆၂) မှ ထုတ်ယူဖော်ပြသည်။)

နိုင်ငံ၏အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော် သီရိလေးမြို့နယ်တွင် ဧပြီလ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကြား ပြင်းထန်သည့် ပြိုင်ဆိုင်မှုဖြစ်မည်ဟု နိုင်ငံရေးပါတီများနှင့် ဒေသခံများက ဆိုသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသော နေပြည်တော် ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိနှင့် ပုဗ္ဗသီရိမြို့များရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကသာ မဲဆန္ဒနယ်လေးနယ်စလုံးတွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးကြည်မြင့်က ဥတ္တရသီရိမြို့နှင့် ပုဗ္ဗသီရိမြို့နယ်တွင် တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်း ဦးမြင့်လွင်သန်းတို့ ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။

"နေပြည်တော်မှာ အင်န်အယ်လ်ဒီရဲ့ အဓိကပြိုင်ဘက်က ကြံ့ခိုင်ရေးပါတီပါ"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥတ္တရသီရိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းသူက ပြောသည်။

"ကျွန်တော်တို့ ဇမ္ဗူသီရိမှာမှ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာ ပါတီကြီးနှစ်ခုဖြစ်တဲ့ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီနဲ့ အန်အယ်လ်ဒီက အကြိတ်အနယ် ယှဉ်ပြိုင်ရမှာပါ"ဟု ပြည်ခိုင်ဖြိုးပါတီ၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးက ပြောသည်။

လက်ရှိ သမ္မတဦးသိန်းစိန် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲက အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်ဖြစ်သည့်အတွက် တာဝန်ကြီးသည့်အပြင် မျှော်မှန်းထား သည့်နေရာ မဟုတ်သော်လည်း အနိုင်ရမည်ဟုယုံကြည်ကြောင်း ဦးဝင်းဌေးက ပြောသည်။ ပါတီများအနေဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နောက်ပိုင်းမှ စတင်၍ စည်းရုံးရေးဆင်းမှုများ ပြုလုပ်ခဲ့ပြီး ယခုအချိန် (မတ်လ ၂၀ရက်)အထိ သက်ဆိုင်ရာမဲဆန္ဒနယ်ရှိ ရပ်ကွက်၊ ကျေးရွာအားလုံးနီးပါးကို ဆင်းထားပြီးဖြစ်သည် ဟု ကိုယ်စားလှယ်လောင်းများက ပြောကြားသည်။

"၂၀၁၀ တုန်းက ပြည်ခိုင်ဖြိုးက စည်းရုံးရေးတော်တော်ဆင်းတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက စည်းရုံးရေးဆင်းတာ နည်းတယ်။ အခုတော့ အန်အယ်လ်ဒီက ပြည်ခိုင်ဖြိုးထက် စည်းရုံးရေးဆင်းတာ ပိုများတာ တွေ့ရတယ်"ဟု နေပြည်တော်ခရိုင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ပြောသည်။

"စည်းရုံးရေးက တော်တော်များများ ဆင်းပြီးပါပြီ။ ကိုယ့်အနေနဲ့က ရုံးမရှိသေးတဲ့၊ မရောက်သေးတဲ့နေရာတွေက ဖိတ်ခေါ်ထားတာတွေ ရှိပါ တယ်"ဟု အကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးမင်းသူက ပြောသည်။

ပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လေးစားအားကိုး ယုံကြည်မှု၊ အန်အယ်လ်ဒီပါတီ၏ ၂၃ နှစ် ကြာမျှ ပြည်သူ့အကျိုးအတွက် ရပ်တည်ခဲ့မှုများအတွက် မဲပေးလိမ့်မည် ဟု အင်န်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းများက ပြောသည်။

"ကျွန်တော်ကတော့ ဇမ္ဗူသီရိမြို့နယ်တစ်ခုလုံး ကွက်ပြည့်နင်းထားပါတယ်။ ပြည်သူတိုင်းလည်း အကောင်းမြင်သမား မဟုတ်ဘူးလေ။ အဆိုးမြင် တာလည်း ရှိပါတယ်။ အများအားဖြင့် ကျွန်တော်တို့ကို ထောက်ခံတာတွေ့ရပါတယ်" ဟု ဦးဝင်းဌေးက ပြောသည်။

ဒေသခံဖြစ်ခြင်း၊ ဒေသဖွံ့ဖြိုးမှုများကို အသင်းဘ၀ကပင် လုပ်ဆောင်ပေးခဲ့ခြင်းကြောင့် ပြည်သူက ထောက်ခံမည်ဟုထင်ကြောင်း ၎င်းက ပြော သည်။

"ကျွန်မတို့ ဒေသခံမဟုတ်ပေမယ့် တစ်နိုင်ငံလုံး ဒီမိုကရေစီအရေးအတွက် လုပ်လာတာပါ။ ဒေသတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ တစ်နိုင်ငံ လုံးက ပြည်သူတွေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်ပါ"ဟု ဇမ္ဗူသီရိမြို့နယ်၊ အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက ပြောသည်။

ဇမ္ဗူသီရိမဲဆန္ဒနယ်တွင် မဲပေးနိုင်သူ ပေါင်း ၄၄,၀၀၀ ကျော်အနက် မဲပေးနိုင်သူ ၀န်ထမ်းဦးရေ ၃၇,၀၀၀ ကျော် ရှိသဖြင့် မဲပေးနိုင်သူဦးရေ၏ သုံးပုံ နှစ်ပုံကျော်ရှိသည်ဟု ဆိုနိုင်ကြောင်း၊ ၀န်ထမ်းရပ်ကွက် ကိုးရပ်ကွက်လုံး၌ စည်းရုံးရေး ဆင်းပြီးဖြစ်သည်ဟုလည်း ၈၈မျိုးဆက် ကျောင်းသူတစ်ဦးဖြစ်သူ ဒေါ်စန္ဒာမင်းက ပြောသည်။

"၀န်ထမ်းတွေမှာ ဘယ်ကိုမဲပေးရမယ်။ ဘယ်ကိုမဲမပေးရဘူးဆိုပြီး ဖိအားရှိမနေပါဘူး။ ကျွန်မကိုလည်း တကယ့်ကို လှိုက်လှိုက်လှဲလှဲ အားပေး ထောက်ခံကြတယ်။ အနိုင်ရမယ်လို့ ယုံကြည်ပါတယ်"ဟု အကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဒေါ်စန္ဒာမင်းက ပြောသည်။

မဲဆန္ဒရှင်များတွင် ဒေါ်အောင်ဆန်းစုကြည်အား ကြည်ညိုလေးစားခြင်း၊ အင်န်အယ်လ်ဒီ၏နှစ်ပေါင်းများစွာ ဒီမိုကရေစီရေး ကြိုးပမ်းမှုများကြောင့် မဲထည့်မည့်သူများရှိသကဲ့သို့ လက်ရှိအစိုးရအဖွဲ့ခေါင်းဆောင်၏ ပါတီဖြစ်ခြင်း၊ လမ်းဖောက်ပေးခြင်း၊ ရေရရှိရေး ဆောင်ရွက်ပေးခြင်းစသည့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုများကြောင့် ပြည်ခိုင်ဖြိုးပါတီ မဲထည့်သူများလည်း ရှိမည်ဟု ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ရွာကတော့ ပြည်ခိုင်ဖြိုး မဲထည့်မယ့်သူများတယ်။ သူတို့က လမ်းဖောက်ပေး၊ မီးပေးတာတွေ လုပ်ပေးနိုင်တယ်။ အိမ်က လူကြီးတွေ ကလည်း ပြည်ခိုင်ဖြိုးကို မဲထည့်မှာဆိုတော့ ကျွန်တော်လည်း ထည့်ရမှာပေါ့"ဟု လူဦးရေ ၅၀၀ ခန့်ရှိသည့် ဇမ္ဗူသီရိမြို့၊ သဲကြီးကုန်းရွာနေ အသက် ၂၅ ခန့် ရှိ ကိုဆန်းမင်းထူးက ပြောသည်။

"ကျွန်တော်ကတော့ ဇေယျာသော်ကို မဲပေးသွားမယ်။ အမေစုကို ထောက်ခံလို့ ဇေယျာသော်ကို မဲပေးစို့ဆိုတာ သိပ်သဘောကျတယ်"ဟု ပုဗ္ဗသီရိ မြို့နယ်၊ ၀ဏ္ဏဒီပရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် ကိုဖြိုးက ပြောသည်။

"ကျွန်တော်တို့ရင်ထဲမှာ ဘယ်သူ့ကို မဲပေးမယ်ဆိုတာ ရှိပြီးသားပါ"ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြော သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဥတ္တရသီရိ၌ ဦးမင်းသူ(အန်အယ်လ်ဒီ)၊ ဦးလှသိန်းဆွေ(ပြည်ခိုင်ဖြိုး)နှင့် ဦးကြည်မြင့်(တစည)၊ ပုဗ္ဗသီရိ၌ ဦးဖြိုးဇေယျာ သော်(ခ) ဇေယျာသော်(အန်အယ်လ်ဒီ)၊ ဦးသာဌေး(ပြည်ခိုင်ဖြိုး)နှင့် ဦးမြင့်လွင်သန်း(တစ်သီးပုဂ္ဂလ)၊ ဇမ္ဗူသီရိ၌ ဒေါ်စန္ဒာမင်း(အန်အယ်လ်ဒီ)နှင့် ဦးဝင်း ဌေး(ပြည်ခိုင်ဖြိုး)နှင့် ဒက္ခိဏသီရိ၌ ဦးနိုင်ငံလင်း (အန်အယ်လ်ဒီ)နှင့် ဦးမောင်ရှိန်(ပြည်ခိုင်ဖြိုး)တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အားလုံးတွင် ပြိုင်ဘက် တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီကို ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီး အနိုင်ရကိုယ်စားလှယ်များသည် သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများအဖြစ် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြသည်။

 

********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment