Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၆.၃.၂၀၁၂

သတင်းဆောင်းပါးကဏ္ဍ

  1. ယဉ်ကျေးမှုဆက်လက်ထွန်းကားဖို့

*****************************************

သတင်းဆောင်းပါးကဏ္ဍ

ယဉ်ကျေးမှုဆက်လက်ထွန်းကားဖို့

မိုးမြင့်ငြိမ်း

ယနေ့အချိန်အခါသည် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ အပြောင်းအလဲများနှင့် ကြုံတွေနေရသော ကာလဖြစ်သည်။ အကြောင်းတိုက်ဆိုင်စွာပင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာလည်း ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲနှင့်အတူ ယှဉ်တွဲ ဖြစ်ထွန်းလာလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာရာ၌ ယင်းနိုင်ငံ၏ ပြည်တွင်းရေးရာ မူဝါဒအပြင် ယင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၊ အင်အားကြီးနိုင်ငံများ၏ ဆက်ဆံရေးကိုပါ ထည့်သွင်း သုံး သပ်ကြသည်။

မိတ်ဖက်လော၊ ရန်ဖက်လော

အမေရိကန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် စစ်ရေး၊ စီးပွားရေး အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှစတင်၍ ကမ္ဘာရေးရာ ကိစ္စရပ်များတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သည်။ ၂၁ရာစုသို့အဝင် အမေရိကန် အထူးသတိထား စောင့်ကြည့်နေသည့် နိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံမှာ အမေရိကန်နိုင်ငံလောက် စစ်ရေးအင်အား မတောင့်တင်းသော်ငြားလည်း စီးပွားရေးတွင်တော့ အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ် လာလေပြီ။ ပြီးခဲ့သည့် ၂၀၀၈ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းတွင် တရုတ်နိုင်ငံမှာ စီးပွားရေး အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ် ကြောင်း ပိုမိုပေါ်လွင်လာခဲ့သည်။ အမေရိကန်နိုင်ငံမှ ထုတ်ဝေသော ငွေတိုက်စာချုပ်များ အများအပြား ဝယ်ယူထားသည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်သည့် အတွက် တရုတ်နှင့် အမေရိကန်ဆက်ဆံရေးမှာ မြီးရှင်၊ မြီးစား ဆက်ဆံရေးလို ဖြစ်နေသည်။ ထိုကြောင့် အမေရိကန်မှာ တရုတ်ကို မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် သဘောထားမည်လား၊ မဟာဗျူဟာမြောက် ရန်ဘက်အဖြစ် သဘောထားမည်လောဟု မေးခွန်းများ အမေရိကန် မူဝါရေးရာ ချမှတ်သူများ အသိုင်းအဝိုင်းတွင် ငြင်းခုံဆွေးနွေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ တရုတ်နိုင်ငံဆိုသည်မှာလည်း နိုင်ငံတကာဆက်ဆံရေး ပညာရှင်များက ၂၁ရာစုတွင် အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာနိုင်သည်ဟု ကြိုတင်သုံးသပ် ဟောကိန်းထုတ်ထားသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

အိမ်နီးချင်း ပေါက်ဖော်

မြန်မာနိုင်ငံ၏ ပထဝီဝင် နယ်နိမိတ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နီးကပ်စွာ တည်ရှိနေသည့် အိမ်နီးချင်းနိုင်ငံဖြစ်သည့်အတွက် တရုတ်နှင့် မြန်မာဆက်ဆံရေးမှာ တစ်စုံတစ်ရာ နားလည်မှု ရယူထားနိုင်ပြီး ဖြစ်သည်။ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ထက် တရုတ်နိုင်ငံမှာ အာဆီယံနိုင်ငံများအပေါ် သြဇာ လွှမ်းမိုးထားနိုင်သည်။ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများ၏ ဆက်ဆံရေးတွင် တရုတ်နိုင်ငံမှာ မိမိတို့၏ အမျိုးသား အကျိုးစီးပွားအတွက် စီးပွားရေး အကျိုးအမြတ်ကို အဓိက ထားသော်လည်း ဆက်ဆံသည့် နိုင်ငံ၏ ဖွံ့ဖြိုးရေးအတွက်ပါ အလေးထား အကူအညီပေးအပ်ခြင်းမျိုးလည်း ရှိသည်။ သို့သော် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေး အကူအညီများတွင် ဒီမိုကရေစီ ထွန်းကားရေးအတွက် မပါဝင်ပေ။ ထို့ပြင် တရုတ်အစိုးရမှ ထုတ်ပြန်သည့် ဈေးကွက်စီးပွားရေး နှင့် အာဏာပိုင်စနစ် ကျင့်သုံးရေးဟူသော ဘေဂျင်းသဘောတူအမြင်(Beijing Consensus) မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည့် နိုင်ငံများနှင့် အိုင် ဒီယာချင်း အတော်ဝေးကွာစေပါသည်။

တန်ဖိုးနှင့် အကျိုးစီးပွား

မြန်မာအစိုးရသစ်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု များလာသည့် နိုင်ငံများမှာ အမေရိကန်နှင့် ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများဖြစ်သည်။ အမေရိကန်သည် အခြားနိုင်ငံများနှင့် ဆက်ဆံရေး၌ တန်ဖိုးအခြေခံ (value)နှင့် အကျိုးစီးပွားအခြေခံ (interest) မူကြီး နှစ်ခုကို အလျဉ်းသင့်သလို ကိုင်စွဲကျင့်သုံးသည်။ ၁၉၆၀ အလွန်မှ ၂၀၁၀အထိ အမေရိကန်နှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးကို သုံးသပ်ကြည့်ပါက အာရှတွင် ကွန်မြူနစ်များ မကြီးစိုးရေးအတွက် ဒီမိုကရေစီအစိုးရကို အာဏာသိမ်းခဲ့သော တော်လှန်ရေးကောင်စီတစ်ဖြစ်လဲ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ ကို ထောက်ပံ့ ကူညီခဲ့သည့် အကျိုးစီးပွားအခြေခံ ဆက်ဆံရေးမျိုးဖြစ်ထွန်းခဲ့သည်။ ၁၉၉၀ နောက်ပိုင်းတွင် နှစ်နိုင်ငံ ဆက်ဆံရေးမှာ  အကျိုးစီးပွား အခြေခံ ဆက်ဆံရေးမှ တန်ဖိုးအခြေခံဆက်ဆံရေးသို့ ၁၈၀ဒီဂရီ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ သို့သော်  မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူအခွင့်အရေး ချိုး ဖောက်မှုများ ရှိနေခြင်းကို အမေရိကန်အပါအဝင် အနောက်အုပ်စုဝင် နိုင်ငံများက အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။ ထိုအတွက်ကြောင့် မြန်မာနိုင်ငံမှာ ကမ္ဘာ့နိုင်ငံရေးတွင် မိမိတို့ဘက်မှ ရပ်တည်ပေးနိုင်မည့် တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဘက်အဖြစ် ဆက်ဆံခဲ့သည်။ ယခင် အမေရိကန်သမ္မတ ဟောင်း ဂျော့ဘုရ်(အငယ်) အစိုးရလက်ထက်တုန်းက အမေရိကန်မှာ အာဆီယံ၏ဒေသကို စိတ်မဝင်စားခဲ့ဘဲ အရှေ့အလယ်ပိုင်း အရေးကိုသာ အဓိက ထားခဲ့သည်။ ယခု အိုဘားမားအစိုးရလက်ထက်တွင် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး အာဆီယံဒေသနှင့် ပြန် လည်၍ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လာခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း အားလုံးပါဝင်သည့် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာလျက်ရှိပေရာ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးမှာလည်း တကျော့ပြန်နွေးထွေးလာခဲ့သည်။

ဟန်ချက်ညီညီ

ထိုသို့ ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများနှင့် ယခုဖြစ်ထွန်းနေသော မြန်မာနိုင်ငံရေး အပြောင်းအလဲများ ဟန်ချက်ညီညီဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက် မှုကို အရယူနိုင်ဖို့ဆိုသည်မှာ မြန်မာနိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်နေသော Players များ၏ အမြော်အမြင်ရှိမှုမှာ အရေးကြီးလာပါသည်။ ယခုအခါတွင် တရုတ် လိုလားသောအုပ်စု၊ အမေရိကန်လိုလားသောအုပ်စု အစရှိသည့် အိုင်ဒီယိုလိုဂျီအခြေခံ ဆက်ဆံရေးထက် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ရှေ့ရှု၍သာ အင် အားကြီးနိုင်ငံများနှင့် ဆက်ဆံသင့်သည်။ ထို့အပြင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု အောင်မြင်ရေး၊ နိုင်ငံဖွံ့ဖြိုးရေးပန်းတိုင် ရောက်ရှိရေးကို ကြိုးစားရာ ဝယ် နိုင်ငံရေးအင်အားစုများကြား နည်းလမ်းများ မတူညီသည့်တိုင် ထိုနည်းလမ်းမတူညီမှုကို အကြောင်းပြု၍ အမျိုးသား စည်းလုံးညီညွတ်မှု အားနည်း သွားစေခြင်းမျိုးလည်း မဖြစ်ထိုက်ပါ။ နိုင်ငံတော်သမ္မတကြီး ၁.၃.၂၀၁၂၌ ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သော နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် လည်း “နိုင်ငံတော်လည်း ပန်းတိုင်ရောက်၊ တိုင်းရင်းသားများလည်း ပန်းတိုင်ရောက်၊ နိုင်ငံသားအားလုံးလည်း ပန်းတိုင်ရောက်” ဟူ၍ ထည့်သွင်း ပြော ကြားသွားခဲ့သည်မှာလည်း ပန်းတိုင်သို့ ရောက်ရှိရေးတွင် အမျိုးသားစည်းလုံးညီညွတ်မှုကိုပါ အလေးထားဆောင်ရွက်သွားမှ ဖြစ်ထွန်းနိုင်မည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ စည်းလုံးညီညွတ်မှု(Unity) နှင့် အသွင်ကွဲ အဆင်ကွဲဖြစ်မှု (Diversity) မှာ ဒီမိုကရေစီ၏ အခြေခံ အလှတရား နှစ်ပါးပင်ဖြစ်သည်။ ယခုမြန်မာ နိုင်ငံရေးတွင် လွှတ်တော်တွင်းနိုင်ငံရေး၊ လွှတ်တော်ပြင်ပ နိုင်ငံရေးဟူ၍ အသွင်ကွဲ အဆင်ကွဲဖြစ်မှုများ ဖြစ်ထွန်းလာမှုမှာ ဒီမိုကရေစီ၏ ကြန်အင် လက္ခ ဏာဖြစ်သော်လည်း ယင်းအသွင်ကွဲ အဆင်ကွဲဖြစ်မှုကို ဉာဏ်အမြော်အမြင်နည်းစွာ ကျင့်သုံးလျှင်တော့ စည်းလုံးညီညွတ်မှုမှာ ပျောက်သွားနိုင်သည်။

နိုင်ငံရေးသိမှုနယ်ပယ်

မြန်မာလူမျိုးတို့၏ နိုင်ငံရေးသိမှုနယ်ပယ်တွင် အာဏာပိုင်စနစ်နှင့်သာ ယဉ်ပါးခဲ့သည်ဖြစ်ရာ ဒီမိုကရေစီ အလေ့အကျင့်များ တနည်း ဒီမိုကရေစီ ဝိဉာဉ် ဖြစ်ထွန်းပေါ်ပေါက်လာအောင် ယခုမှစတင်၍ မွေးမြူရမည်ဖြစ်သည်။ ဒီမိုကရေစီ ခိုင်မာအားကောင်းဖို့ဆိုလျှင် ဒီမိုကရေစီနှင့်အတူ ယှဉ်တွဲဖြစ်ပေါ် သည့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို အလေးထားရမည်ဖြစ်သည်။ အရပ်ဖက် လူ့အဖွဲ့အစည်းများ အားကောင်းလာဖို့မှာလည်း လူအဖွဲ့ အစည်းအတွင်းရှိ လူမှုအရင်းအနှီးနှင့် တိုက်ရိုက် သက်ဆိုင်ပေသည်။ လူမှုအရင်းအနှီးအား ကောင်းမှသာလျှင် လူ့အဖွဲ့အစည်းအတွင်း တရားနည်းလမ်းမ ကျမှု၊ မမျှမတဖြစ်မှုများ ဖြစ်ပေါ်မှုနည်းအောင် ဆောင်ရွက်နိုင်မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန် များကို ပြည်သူများက ဖွဲ့စည်းပုံဘောင်ထဲကပင် နိုင်ငံရေးရင့်ကျက်မှုဖြင့် ရယူနိုင်ရေးမှာ နိုင်ငံသားအားလုံး ပန်းတိုင်ရောက်ရှိရေးအတွက် မရှိမဖြစ်သော အခြေခံ အကြောင်းတရားတစ်ပါးလည်း ဖြစ်သည်။

ကမ္ဘာမြေပုံပေါ်တွင် မြန်မာနိုင်ငံအဖြစ် ဖြစ်တည်နေသည်မှာ နှစ်ပေါင်း နှစ်ထောင်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဘေးပတ်ဝန်းကျင် နိုင်ငံများ၏ လွှမ်း မိုးမှုကိုမခံဘဲ ယဉ်ကျေးမှုမြင့်မားအောင် တည်ဆောက်နိုင်ခဲ့သည့် ရှေုးမြန်မာမနုများ၏ အသိပညာ အားကောင်းမှုမှာ ချီးကျူးဂုဏ်ယူဖွယ်ပင် ဖြစ်သည်။ ထို သို့ ယဉ်ကျေးမှု မြင့်မားခဲ့သည့် နိုင်ငံတစ်နိုင်ငံမှာ ယခုကြုံတွေ့နေရသည့် နိုင်ငံတည်ဆောက်ရေး အတားအဆီးများ၊ အခက်အခဲများကို ကြံ့ကြံ့ခံ ရင်ဆိုင် တွန်းလှန်နိုင်မည်လော ဆိုသည်မှာ စောင့်ကြည့်ရဦးမည့် အားစမ်းမှုဖြစ်သည်။ မြန်မာတစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှု၊ နိုင်ငံခေါင်းဆောင်များ၏ အ မြော်အမြင်ရှိမှုနှင့် ပြည်သူများ၏ နိုင်ငံရေး ရင့်ကျက်မှုတို့သည် မြန်မာနိုင်ငံမှာ ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာပြည့်ဝသည့် နိုင်ငံတစ်ခုအဖြစ် ရှင်သန်       ရပ်တည်နိုင်မည့် ဆင်ခြင်များပင် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။ 

********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment