Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၅.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာအတွက် စမ်းသပ်မှု စတင်

(UPI သတင်းမှ 3 April 2012 ရက်စွဲပါ Myanmar test begins, expect says ကို ဘာသာ ပြန်ဆိုသည်)

  1. ၂ဝ၁၃ ဆီးဂိမ်းတွင် ပြိုင်ပွဲအမျိုးအစား လျှော့ရန် မြန်မာအဆိုပြု

(News Strait Times မှ 3 April 2012 ရက်စွဲပါ 2013 SEA GAMES: Myanmar to propose less events သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ခေတ်သစ်တစ်ခု စတင်ရန် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

(BBC သတင်းဌာနမှ 2 April 2012 ရက်စွဲပါ Burma poll: Aung San Suu Kyi hopes for 'new era' ကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်က အရေးယူမှုအချို့ ဖြေလျှော့

(VOA News မှ 4 April 2012 ရက်စွဲပါ Scott Stearns ရေးသားသော US eases some Burma sanctions following by-elections ကို ဘာသာ ပြန်ဆိုသည်)

  1. ငွေလဲနှုန်းစနစ်သစ် ဗဟိုဘဏ် စတင်

(Peninsula မှ 3 April 2012 ရက်စွဲပါ Myanmar's central bank starts new currency regime သတင်းကို ဘာသာ ပြန်ဆိုသည်)

*******************************************************

မြန်မာအတွက် စမ်းသပ်မှု စတင်

(UPI သတင်းမှ 3 April 2012 ရက်စွဲပါ Myanmar test begins, expect says ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်မှုကြောင့် ချီးကျူး ဂုဏ်ပြုခံနေရ သော်လည်း သူမအနေဖြင့် နိုင်ငံရေး ခေါင်းဆောင်များကြားတွင် ခက်ခဲစွာ ရုန်းကန်ရတော့မည်ဟူသော စမ်းသပ်မှုအစစ်အမှန်နှင့် ရင်ဆိုင်နေရပြီဟု အကဲခတ် လေ့လာသူများက ဆိုကြသည်။

ယခင် တပ်မတော်အစိုးရဟောင်းက NLD အနိုင်ရရှိခဲ့သော 1990 ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုရန် ငြင်းပယ်ခဲ့ပြီးနောက် သူမကို ၁၅ နှစ်ခန့် နေအိမ် အကျယ်ချုပ် ထိန်းသိမ်းထားခဲ့သော်လည်း ပြုပြင် ပြောင်းလဲရေး စတင်သည့် အနေဖြင့် ၂ဝ၁ဝ နိုဝင်ဘာတွင် ရွေးကောက်ပွဲများ ပြုလုပ်ပြီး တစ်ပတ် အကြာတွင် သူမကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ ထိုနောက်ပိုင်းတွင် ပြီးခဲ့သော သီတင်းပတ်ကုန်က ကြားဖြတ်ရွေးကောက်ပွဲတွင် သူမ ပါဝင် ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဟော်နန်ဟောင်က "နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာတို့၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို တုံ့ပြန် ချီးမြှောက်သည့် အနေဖြင့် အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန် အချိန်ကျပြီ" ဟု ပြောကြားခဲ့ကြောင့် Bloomberg News က ဖော်ပြထားသည်။

အမေရိကန် ရင်းနှီးမြှုပ်နှံသူတစ်စုကလည်း "မြန်မာနိုင်ငံ၌ အားတက်စရာကောင်းသော လက္ခဏာများ ပေါ်ထွက်နေပြီ ဖြစ်ကြောင်း၊ သို့သော်လည်း သတိထားရန် လိုအပ်သေးကြောင်း" ပြောကြားခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာ ပြည်သူများ၏ ဘဝတိုးတက်စေရန်အတွက် နိုင်ငံရေး သဘောကွဲလွဲမှုများကို ဖြေရှင်းခြင်းသာလျှင် အခြေခံ အကျဆုံး ဆောင်ရွက်ချက် ဖြစ်လိမ့်မည်ဟု ယင်းတို့အုပ်စုက ထုတ်ဖော်ပြောဆိုထားသည်။ မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်သည ၂ဝ၁၅ ရွေးကောက်ပွဲအပြီးတွင် သမ္မတရာထူးကို မျှော်မှန်းနိုင်လိမ့်မည်ဟု George Town တက္ကသိုလ်မှ မြန်မာ့ရေးရာ ကျွမ်းကျင်သူ ဒေးဗစ်စတိန်းဘတ်က ပြောကြားလိုက်သည်။

"အခု လွှတ်တော်ထဲမှာ တရားဝင် နေရာရသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လောက်ထိ လုပ်ဆောင်နိုင်မလဲဆိုတာ စမ်းသပ်ရ တော့မှာပါ။ ပြည်သူတွေကို စိတ်ပျက်သွားစေမှာလား။ အပျံစား အပြောင်းအလဲတွေ ထွက်ပေါ်လာအောင် ကြိုးစားမှာလား ဆိုတာကို စောင့်ကြည့်ရပါမယ်" ဟု စတိန်းဘတ်က ပြောကြားခဲ့သည်။

*************************************************

 ၂ဝ၁၃ ဆီးဂိမ်းတွင် ပြိုင်ပွဲအမျိုးအစားလျှော့ရန် မြန်မာအဆိုပြု

(News Strait Times မှ 3 April 2012 ရက်စွဲပါ 2013 SEA GAMES: Myanmar to propose less events သတင်းကို ဘာသာ ပြန်ဆိုသည်)

၂၇ ကြိမ်မြောက် ဆီးဂိမ်း (အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ) အိမ်ရှင်ဖြစ်သူ မြန်မာက လာမည့် နှစ်လက်ခံ ကျင်းပမည့် အားကစားပွဲတွင် ယခင်နှစ် နိုဝင်ဘာ အင်ဒိုနီးရှားပွဲထက် အားကစားအမျိုးအစား ၁၂ မျိုးလျော့ကာ ၂၈ မျိုးသာ ကျင်းပပေးရန် စီစဉ်လျက် ရှိသည်။ အိမ်ရှင်နိုင်ငံများသည် ယင်းတို့၏ ခွန်အား၊ ယဉ်ကျေးမှုတို့နှင့် ကိုက်ညီသော အားကစား အမျိုးအစားများကိုသာ ရွေးချယ်လေ့ရှိကြသည်ဟု မြန်မာအိုလံပစ် ကော်မတီ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောကြားကြောင်း ဗီယက်နမ် သတင်းဌာန VNA က သတင်းဖော်ပြထားသည်။

အင်ဒိုနီးရှားတွင် ယခုလကုန် ကျင်းပမည့် ဆီးဂိမ်းပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံများ အစည်းအဝေးတွင် အသေးစိတ် အစီအစဉ်များကို တင်ပြ သွားမည်ဟု ဦးခင်မောင်လွင်က ဆိုသည်။ လာမည့်နှစ် ဆီးဂိမ်း အိမ်ရှင်ဖြစ်သော မြန်မာနိုင်ငံသည် အမျိုးသားအားကစားနည်းများ အပါအဝင် အားကစား အမျိုးအစား အရေအတွက်ကို အဆိုပြု တင်သွင်းခွင့် ရှိသည်ဟု သိရသည်။

ကိုယ်ကာယကြံ့ခိုင်မှုဆိုင်ရာ အားကစားများ၊ သဲသောင်ပြင် ဘော်လီဘောနှင့် အကပြိုင်ပွဲများကို မြန်မာဆီးဂိမ်း ပြိုင်ပွဲတွင် ထည့်သွင်းမည် မဟုတ်ဟု ဆိုသည်။ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲများကို လာမည့်နှစ် ဒီဇင်ဘာ ၁၁ မှ ၂၂ ရက်ထိ နေပြည်တော်၊ ရန်ကုန်၊ မန်းလေး နှင့် ငွေဆောင် ကမ်းခြေတို့တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

**************************************************

ခေတ်သစ်တစ်ခုစတင်ရန် ဒေါ်အောင်ဆန်းစုကြည်မျှော်လင့်

(BBC သတင်းဌာနမှ 2 April 2012 ရက်စွဲပါ Burma poll: Aung San Suu Kyi hopes for 'new era' ကို ဘာသာ ပြန်ဆိုသည်)

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင်း ခေတ်သစ်တစ်ခု စတင်မှုပြုသည့် အမှတ်အသားပင် ဖြစ်ကြောင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲသည် "ပြည်သူလူထု၏ အောင်ပွဲ"ဖြစ်ကြောင်း ၎င်းကပြောဆိုပြီး အခြားသောပါတီ အဖွဲ့အစည်းများနှင့် ပြန်လည် သင့်မြတ်ရေးသည် မိမိတို့၏ ပန်းတိုင်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ကြားဖြတ် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၄၅ နေရာအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအပါအဝင် အခြားသော နိုင်ငံရေးပါတီများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ NLD ၏အဆိုအရ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းဝင်ရောက်ယှဉ်ပြိုင်သည့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်တွင် အသာတကြည်ပင် အနိုင်ရရှိခဲ့ကြောင်း၊ အခြားသော မဲဆန္ဒနယ် များတွင်လည်း NLD ပင် နေရာအများဆုံးရရှိမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ "ယခုအောင်ပွဲဟာ ကျွန်မတို့ရဲ့ အောင်မြင်မှုမဟုတ်ပါဘူး။ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ အောင်ပွဲပါ" ဟု NLD ရုံးတွင်လာရောက်စုရုံးကြသော ထောက်ခံအားပေးသူများအား ပြောကြားသည်။ "ဒါဟာ ခေတ်သစ်တစ်ခုအစပဲလို့ ကျွန်မတို့ မျှော်လင့်တယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ထွန်းနိုင်ရေးအတွက် အခြားသောပါတီတွေအနေနဲ့ ကျွန်မတို့နဲ့အတူ လက်တွဲလုပ်သွားမယ့် အနေအထားမှာ ရှိတယ်လို့လည်း ထင်ပါတယ်"

ဧပြီလ ၁ ရက်ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် အရေးကြီးသော စမ်းသပ်ချက်တစ်ခုအဖြစ် အများက ရှုမြင်ကြသည်။ သို့သော် စစ်တပ်နှင့် ၎င်း၏ မဟာမိတ်များက အမတ်နေရာ ၆၆၄ နေရာရှိသည့် လွှတ်တော်ကို သြဇာလွှမ်းမိုးထားနိုင်ဆဲဖြစ်သည်။ ယခင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း အစိုးရ ကက်ဘိနက်ဝန်ကြီးများ ခန့်အပ်ခံရသူ လွှတ်တော်ကိုယ်စားလှယ်များ၏ လစ်လပ်နေရာ များအတွက် ယခုကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပခြင်းဖြစ်သည်။

ယခုတစ်ကြိမ်သည် NLD ပါတီအတွက် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ NLD သည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပစဉ်ကာလက စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ တရားမျှတမှုမရှိဟု ဆိုကာသပိတ်မှောက်ခဲ့သည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အပါအဝင် နိုင်ငံရေးပါတီပေါင်း ၁၇ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုရွေးကောက်ပွဲတွင် သူမဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် ကိုယ်တိုင် အနိုင်ရရှိခဲ့ရုံ သာမက လုပ်ဖော်ကိုင်ဖက် ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိအောင်လည်း ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်း သတင်းထောက်များက ဆိုသည်။ ဧပြီလ ၂ ရက်နေ့ ရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသူများ စာရင်းအား ထုတ်ပြန်ကြေညာမှုမပြုမီ NLD ပါတီက ၎င်းတို့အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် အားလုံးနီးပါး အနိုင်ရရှိမည်ဟု မျှော်လင့်ကြောင်းပြောဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အတိုက်အခံ NLD ပါတီအနိုင်ရရှိသည့်တိုင် ပါလီမန်လွှတ်တော်တွင် စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမတ်နေရာအများစုကို ထိန်းချုပ်ထားမြဲပင် ဖြစ်လိမ့်မည်။ နှစ်ပေါင်း ၁၅ နှစ်ကျော်တာကာလမျှ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်အောင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။

အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် ကမ္ဘောဒီးယားသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က "ယခုကြားဖြတ် ရွေးကောက်ပွဲသည် လွတ်လပ်မျှတမှုရှိပြီး ပွင့်လင်းမြင်သာမှုလည်း ရှိကြောင်း" ပြောကြားသည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီများ မဲဆွယ် စည်းရုံးမှု ပြုလုပ်စဉ် ကာလအတွင်း နိုင်ငံခြား သတင်းထောက်များနှင့် လေ့လာစောင့်ကြည့်သူများအနေဖြင့် ကောင်းစွာ ကြည့်ရှုလေ့လာခွင့် ရရှိခဲ့ကြသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ရွေးကောက်ပွဲ ကျင်းပသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် မြန်မာ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ကူညီထောက်ပံ့သွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဆိုသည်။

ဥရောပသမဂ္ဂ(အီးယူ)ကမူ အကယ်၍ ရွေးကောက်ပွဲဖြစ်စဉ်သာ အဆင်ချောမွေ့စွာပြီးဆုံးသွားမည်ဆိုပါက ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှား ပေးနိုင်ကြောင်း အရိပ်အမြွက်ပေးပြောဆိုသည်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်သည့် ဥပဒေရေးဆွဲခဲ့ကြသော အမေရိကန် လွှတ်တော်အမတ် များကမူ သတိကြီးစွာဖြင့် အကောင်းမြင်လျက် ရှိသည်။

********************************************

အမေရိကန်က အရေးယူမှုအချို့ ဖြေလျှော့

(VOA News မှ 4 April 2012 ရက်စွဲပါ Scott Stearns ရေးသားသော US eases some Burma sanctions following by-elections ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက ၄၅ နေရာတွင် နေရာ ၄ဝ အနိုင် ရပြီးနောက် အမေရိကန်က မြန်မာအပေါ် ချမှတ်ထားသော အရေးယူမှုအချို့ကို ဖြေလျှော့ပေးခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အချို့သော မြန်မာအကြီးတန်း တာဝန်ရှိသူများနှင့် လွှတ်တော် ကိုယ်စားလှယ်များသည် ယခုအခါ အမေရိကန်သို့ သွားရောက်နိုင်ရန် ခွင့်ပြုခဲ့ပြီး ခေတ်မီရေးနှင့် ပြုပြင်ပြောင်းလဲရေးများ အရှိန်မြှင့်ရာတွင် ကူညီနိုင်ရေးအတွက် အမေရိကန် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် ရင်းနှီး မြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ သွားရောက်ခွင့် ပြုလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိုဘားမားအစိုးရသည် ရန်ကုန်သို့ သံအမတ်ကြီး အမည်စာရင်း တင်သွင်းရန် ပြင်ဆင်လျက် ရှိကြောင်း၊ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီ ပေးရေး အေဂျင်စီ (US AID) အပြည့်အဝ ပေးနိုင်ရေးနှင့် UNDP မှ ပုံမှန် အစီအစဉ်များ ပေးနိုင်ရေးလည်း ဆောင်ရွက်လျက် ရှိကြောင်း သူမက ပြောသည်။ “ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲဟာ အစိုးရအတွင်းသို့ ပြုပြင်ပြောင်းလဲရေးသမား မျိုးဆက်သစ်များကို ဆောင်ယူလာတယ်လို့ ပြသလိုက်ပါတယ်။ တိုင်းပြည်ရဲ့ အသွင်ပြောင်းမှုဟာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်” ဟုလည်း ဟီလာရီက ဆက်လက်ပြောသည်။

လူထု အခြေပြု အဖွဲ့အစည်းများဆိုသည်မှာ စီးပွားရေးနှင့် လူ့အဖွဲ့အစည်း ပြုပြင် ပြောင်းလဲရေးအတွက် ကြီးစွာ အထောက်အကူတစ်ရပ် ဖြစ်သောကြောင့် လူထုအခြေပြုအဖွဲ့အစည်းများ တိုးတက်ရေးကိုလည်း ဆက်လက် ထောက်ပံ့ ကူညီသွားမည်ဟု ဆိုသည်။

“ကျွန်မတို့ဟာ လွန်ခဲ့တဲ့ လများကအတိုင်းပဲ အစိုးရအဖွဲ့တွင်းကရော လူထုအခြေပြု အဖွဲ့အစည်းအတွင်းကရော ပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ ဒီမိုကရက် များနဲ့အတူ ရပ်တည်သွားမှာပါ၊ လူတိုင်းရဲ့အနာဂတ် မျှော်လင့်ချက်တွေ ပြည့်ဝဖို့ အတူတကွ အလုပ်လုပ်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်” ဟုလည်း သူမက ဆက်လက်ပြောသည်။

အီးယူ ခေါင်းဆောင်များကလည်း အရေးယူမှုအချို့ကို ဖယ်ရှားမည်ဟု သိရသည်။ ဗုဒဟူးနေ့က အာဆီယံ ထိပ်သီး အစည်းအဝေးတွင် မြန်မာ နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှုများအတွက် အထောက်အကူ ဖြစ်စေရန် အရေးယူမှုများ ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။

************************************************

ငွေလဲနှုန်းစနစ်သစ် ဗဟိုဘဏ် စတင်

(Peninsula မှ 3 April 2012 ရက်စွဲပါ Myanmar's central bank starts new currency regime သတင်းကို ဘာသာ ပြန်ဆိုသည်)

အစိုးရက ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် အခြေခံ အကျဆုံး စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်လျက် ရှိရာ ကျပ်ငွေတန်ဖိုး နှုန်းရှင်ထားမည့် အစီအစဉ်ကို ဧပြီ ၁ ရက်နေ့က စတင်လိုက်ပြီး ယခင် ရှုပ်ထွေးသော ငွေလဲနှုန်းစနစ်ကို ပြောင်းလဲလိုက်ပြီ ဖြစ်သည်။

ဗဟိုဘဏ်၏ ဝက်ဘ်ဆိုက်တွင် ကြေညာထားချက်အရ အမေရိကန်တစ်ဒေါ်လာလျှင် ၈၁၈ ကျပ်နှုန်း သတ်မှတ်လိုက်သည်ဟု ဆိုသည်။ ယင်းကဲ့သို့ ဆောင်ရွက်မှုကြောင့် တရားဝင် ငွေလဲနှုန်းကို ပြင်ပဈေးကွက်၌ ၈ဝဝ ကျပ်ခန့် ရှိသော တန်ဖိုးအမှန်နှင့် တူညီသွားစေသည်။

ယခုငွေလဲနှုန်းပြင်ဆင်မှုသည် ယခင် နှစ်ပေါင်း ၅ဝ တံခါးပိတ် ဖိနှိပ် အုပ်ချုပ်ခဲ့သော စစ်အုပ်ချုပ်ရေးကြောင့် ယိုယွင်းပျက်စီးနေသော စီးပွားရေး ကဏ္ဍကို ခေတ်မီလာအောင် တက်သုတ်ရိုက် ကြိုးပမ်းရေး မူဝါဒ၏ အစီအစဉ် တစ်ရပ်လည်း ဖြစ်သည်။ ဗဟိုဘဏ်နှင့် ခွင့်ပြုချက်ရ ပြည်တွင်းဘဏ်များ လက်ခံ သတ်မှတ်သော နှုန်းထားကို အခြေခံရမည်ဟု ဗဟိုဘဏ်က ပြောကြားထားသော်လည်း နေ့စဉ်အတက်အကျ ကစားရန် ဘောင်တစ်ခုကိုမူ ကြေညာ ထားခြင်း မရှိပေ။

ကျပ်ငွေတန်ဖိုး နှုန်းရှင်ထားခြင်း အစီအစဉ်သည် မြန်မာကျပ်ငွေ၏ တန်ဖိုးကို ဈေးကွက်ဆိုင်ရာ အကြောင်းရပ်များက ဆုံးဖြတ်နိုင်အောင် ခွင့်ပြု ထားခြင်း ဖြစ်သည်ဟု ဗဟိုဘဏ်က ယခင်အပတ်က ထုတ်ပြန် ကြေညာခဲ့သည်။ လွယ်ကူ ရှင်းလင်းသော ငွေကြေးစနစ်သည် တံခါးဖွင့်နေသော မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ကုန်သွယ်ခြင်း တို့ကို လွယ်ကူ ချောမွေ့စေလိမ့်မည်ဟု လေ့လာသူများက မှတ်ချက်ပေးသည်။

"ပွင့်လင်းမြင်သာအောင် ပြင်ဆင်ထားတဲ့ ငွေလဲနှုန်းစနစ် စတင်ကျင့်သုံးခြင်းဟာ ပထမဆုံး ခြေလှမ်းဖြစ်ပေမဲ့ ကျပ်ငွေ စိတ်ချရအောင် တည်ဆောက်ရေးနဲ့ စီးပွားရေး တိုးတက်ရေးအတွက် အသက်တမျှ အရေးပါတဲ့ အဆင့်ဖြစ်ပါတယ်" ဟု စင်ကာပူမှ စီးပွားရေးအကဲခတ်တစ်ဦးဖြစ်သူ ဗစ်ရှနူး ဗာရာသန်က သုံးသပ်ပြောကြားသည်။ "ဒီအစီအစဉ်ကြောင့် ရင်းနှီးမြှုပ်နှံမှုက ပြန်ရတဲ့ အကျိုးအမြတ်တွေ တည်ငြိမ်မှု ရှိလာစေမှာဖြစ်ပြီး မူအရ ကာကွယ်ပေးတဲ့ သဘောလည်း သက်ရောက်ပါတယ်" ဟု ယင်းက ဆိုသည်။

ယခုငွေလဲနှုန်းစနစ်သစ်ကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် အာမခံချက် ရှိလာလိမ့်မည်ဟု အတိုင်ပင်ခံကုမ္ပဏီ တစ်ခု၏ အကြီးအကဲ တိုနီနတ်ရှ်က ပြောသည်။ "ရင်းနှီးမြှုပ်နှံမှုဥပဒေ ရေးဆွဲခြင်းနဲ့အတူ ငွေလဲနှုန်း ပြင်ဆင်လိုက်ခြင်းဟာ ရွေးကောက်ပွဲအလွန် နိုင်ငံရေးသိက္ခာ တက်လာတဲ့ အနေ အထားမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ထိထိရောက်ရောက် ဆွဲဆောင်တော့မယ်လို့ မြန်မာနိုင်ငံက အချက်ပြလိုက်တာပါပဲ" ဟုလည်း ယင်းက ဆိုသည်။

အစိုးရကို ငွေကြေးဆိုင်ရာ အကြံဉာဏ်များ ပေးနေသော IMF ကလည်း ငွေလဲနှုန်းစနစ် ပြင်ဆင်ခြင်းကို ထိပ်တန်း ဦးစားပေး ဆောင်ရွက် ရမည်ဟု ပြောကြားထားသည်။ ယခင်ငွေလဲနှုန်းစနစ်ဟောင်းသည် သဘာဝ ဓာတ်ငွေ့ ရောင်းရငွေများကို တစ်ဒေါ်လာ ၆ ကျပ်ဖြင့် စာရင်းသွင်းကာ တစ်ဒေါ်လာ ၁ဝဝဝ ကျပ်နှုန်းဝန်းကျင်ဖြင့် လဲလှယ် သုံးစွဲခြင်းဖြင့် နိုင်ငံပိုင်ငွေများသည် ပုဂ္ဂလိက လျှို့ဝှက် ဘဏ်စာရင်းတစ်ခုထဲသို့ ဝင်ရောက် သွားစေသော နည်းလမ်းဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များက ရှုမြင်ထားကြသည်။

"ဈေးကွက်နဲ့ တစ်သားတည်း အခြေခံထားတဲ့ ကျပ်ငွေဟာ အုပ်ချုပ်စီမံ ခန့်ခွဲမှုများကို အားပေး မြှင့်တင်မှာ ဖြစ်သလို ပြည်သူ့ ဘဏ္ဍာငွေ တွေကိုလည်း ပိုပြီး ထင်သာ မြင်သာ တွေ့မြင်ရစေမှာ ဖြစ်ပါတယ်" ဟု ဗီရာသန်က ဆိုသည်။

******************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment