Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၈.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တည်ဆောက်ရဦးမည့် စတုတ္ထမဏ္ဍိုင်

*****************************************

ဆောင်းပါးကဏ္ဍ

တည်ဆောက်ရဦးမည့် စတုတ္ထမဏ္ဍိုင်

အောင်မောင်း

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက လုံးဝလွတ်လပ်သော မီဒီယာအဖြစ် ခွင့်မပြုနိုင်သေးခြင်းမှာ နိုင်ငံရေး အပြောင်းအလဲတွင် ဒီမိုကရေစီကို တလွဲအသုံးချ၍ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည့် စကားမှာ မီဒီယာတို့အတွက် မျက်စိစပ်စရာ ဖြစ်ခဲ့ရ သည်။ စာရေးသူ ကိုယ်တိုင်ပင်လျှင် မီဒီယာသမားတစ်ဦး၊ လွတ်လပ်သော သတင်းသမားတစ်ဦးအနေဖြင့် ဦးကျော်ဆန်း၏ မှတ်ချက်စကားကို ကျွဲမြီးတို ခဲ့ရသည်။ ယခု မီဒီယာဥပဒေကိုလည်း လူထုဦးစိန်ဝင်းက ကိုယ့်လည်ပင်း ကြိုးကွင်းစွပ်မယ့် ဥပဒေကို ဘာကြောင့် ထောက်ခံရမည်နည်းဟု ဆိုလိုရင်း ရှိသည့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားခဲ့သည်။

ပွင့်လင်းစ မြန်မာ့စာနယ်ဇင်းလောကတွင် စာပေစိစစ်ရေးနှင့် စာပေလောကမှာ ယခင်အစိုးရလက်ထက်က လင်ဆိုးမယားတဖားဖား ဖြစ်ခဲ့ရ သော်လည်း လက်ရှိအခြေအနေမှာ မတည့်အတူနေဆိုသည့်အဆင့်ထိ အထိုက်အလျောက် တိုးတက်လာသည်ဟုသာ ဆိုရပေမည်။ သို့ရာတွင် အစိုးရ ဘက်က ဖြေလျော့ပေးသမျှ မီဒီယာဘက်ကလည်း အပြုသဘောဆောင်သော တုန့်ပြန်မှု လိုအပ်နေသေးသည်ကတော့ အသေအချာပင် ဖြစ်ပါသည်။ ဆိုရ လျှင် စာရေးသူတို့ နိုင်ငံတွင်  အကြောင်းအမျိုးမျိုးဖြင့် ရှိခဲ့သော ပိတ်ဆို့မှုများ၊ တင်းကျပ်မှုများကြောင့် မတိုးတက်ရသည့် အထဲတွင် မီဒီယာလည်း ပါဝင် သည်။ ယခု ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်တွင် ဇောင်းပေးပြောဆိုနေကြရသည့် Capacity  ဆိုသော အရည်အသွေးဆိုင်ရာ ကိစ္စတွင် မီဒီယာ၏ Capacity မှာ များစွာ လိုအပ်နေသေးပြီး ပရော်ဖက်ရှင်နယ် မဖြစ်သေးပါဟု ဆိုရမည်ဖြစ်သလို စာရေးသူကိုယ်တိုင်လည်း ထိုသံသရာမှ ရုန်းမထွက် နိုင်သေးပါ။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် အရာရာသည် ပရော်ဖက်ရှင်နယ်သဘောကို ဆောင်သည်။ နိုင်ငံရေးသမားလုပ်မည့်သူမှာ လက်သီးလက်မောင်း တန်းတတ်ရုံမျှ မရတော့ဘဲ အနည်းဆုံး နိုင်ငံရေးသိပ္ပံမဟာဘွဲ့၊ ဥပဒေမဟာဘွဲ့၊ စီးပွားရေးမဟာဘွဲ့ တစ်ခုခုတော့ လိုပေလိမ့်မည်။ တက္ကစီမောင်း သူမှာလည်း ယာဉ်အကြောင်း၊ လမ်းအကြောင်း သိရုံသာမက အင်္ဂလိပ်လိုပါ အခြေတော့ တတ်မှရသည့် အနေအထားသို့ ရောက်လာသည်။ ကုန်ကုန်ပြော ရလျှင် စားပွဲထိုး၊ ပန်းကန်ဆေးရာထူးများပင်လျှင် ဖြစ်ကတတ်ဆန်းလုပ်၍ မရတော့ပြီဖြစ်သဖြင့် ယနေ့ဟိုတယ်ကြီးများတွင် ဧည့်ခံကျွေးမွေးရေး သင်တန်း များ ရှိနေရခြင်းဖြစ်တော့သည်။

စာရေးသူတို့ မီဒီယာသမားများလည်း ပရော်ဖက်ရှင်နယ်ဖြစ်ဖို့ လိုအပ်နေသည်မှာ အသေအချာပင်ဖြစ်ပါသည်။ ယနေ့မြန်မာသတင်းမီဒီယာ လောကကိုကြည့်လျှင် တတ်လို့လုပ်သည့် မီဒီယာသမားနည်းပြီး  ဝါသနာတစ်ခုတည်းဖြင့် လုပ်နေကြရသည့် မီဒီယာသမားက အများစုဖြစ်သည်။ မဖြစ်စ လောက် ငွေကြေးအနည်းငယ်ဖြင့် မိုးရွာရွာနေပူပူ သတင်းတစ်ပုဒ်ရရေးအတွက်  တစ်နေကုန်နေ၍ ရေတစ်ဗူးပင် မသောက်လိုက်ရသည့် မြန်မာမီဒီယာ သမား လူငယ်များ၏ စိတ်ဓာတ်အခံကို လေးစားမိပါသည်။ သို့ရာတွင် ထိုခံယူချက်များကို ထိထိရောက်ရောက် အသုံးမချနိုင်ခြင်းမှာ အလွန် နှမြောဖွယ် ဖြစ်သည်။ ယနေ့မြန်မာမီဒီယာသမား လူငယ်များ၏ အရည်အသွေးမှာ စိုးရိမ်ဖွယ်ရှိလောက်အောင်ပင် လိုအပ်လျှက်ရှိပါသည်။ အထူးသဖြင့် ဝမ်းစာအား နည်းခြင်းပင်ဖြစ်သည်။  သတင်းမီဒီယာသမားဆိုသည်မှာ “ဘခြောက်လုံး” ကို အခြေခံ၍ အလုပ်လုပ်သည်၊ မိမိ၏ အမြင်၊ မိမိ၏ အာဘော်မဖြစ်စေရဟု လှေနံဓားထစ်မှတ်ယူ၍ မေးခွန်းထုတ်ခြင်း နည်းလာသည်။ လေ့လာမှုအားလည်း အလွန်နည်းသည်။ ဧပြီလ ၆ ရက်နေ့က ကျင်းပသည့် K.N.U နှင့် ပြည် ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မြန်မာလူငယ်သတင်းထောက်များ၏ အရည်အသွေးကို စိတ်ပျက်ဖွယ် ကောင်းလောက်အောင် တွေ့ခဲ့ရသည်။ သတင်းယူခြင်း၊ မေးခွန်းမေးခြင်းတွင်သာမက ကိုယ်ရည်ကိုယ်သွေးအရပါ များစွာ ကျဆင်းနေပြီး လေ့လာမှုအား လည်း အလွန်နည်းသည့် ဖြစ်ရပ်များတွေ့ခဲ့ရသည်။ သတင်းထောက်တစ်ဦးက ယခု အပစ်အခတ် ရပ်စဲရေးများသည် ပြည်နယ်အဆင့်ဟု ဆိုလျှင် ပြည် ထောင်စုအဆင့်တွင် အပစ်အခတ်ရပ်စဲနိုင်ရန် အချိန်မည်မျှ ယူရမည်နည်းဟု K.N.U မှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းခဲ့သည်။ ထိုသတင်းထောက်လူငယ် အမျိုးသမီးမှာ ယခု ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးအတွက်ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်စဲပြီး သည်မှာ လွန်ခဲ့သည့် လအနည်းငယ်ကပင် ဖြစ်သည်ဆိုသည့်အချက်ကို လုံးဝသိရှိပုံမရပေ။ သတင်းဂျာနယ်များတွင် K.N.U နှင့် ၆၃နှစ်တာကာလ အတွင်း လုံးဝအပစ်ရပ်ရန် သဘောတူလက်မှတ်ထိုးကြောင်း ဓာတ်ပုံများနှင့်ဝေဝေဆာဆာ ဖော်ပြခဲ့ခြင်းကို ထိုသတင်းထောက် လုံးဝသိရှိခြင်း မရှိသည့် ပုံစံပင်။ အချို့နေရာများတွင် နားလည်မှု အသေးအဖွဲကြောင့် အကျအဆုံးမရှိသည့် ပစ်ခတ်မှုအချို့ ရှိသည်မှလွဲ၍ လုံးဝအပစ်ရပ်ထားကြောင်း K.N.U မှ ဗိုလ်မှူး ကြီးများနှင့် ဦးအောင်မင်း၊ ဦးခင်ရီတို့က တရားဝင်ပြောကြားထားသည်။ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းကြသည့် မေးခွန်းများမှာလည်း အလွန်ပင် ယေဘုယျဆန်ပြီး ငြိမ်းချမ်းရေးအကြောင်း၊ အပစ်အခတ်ရပ်စဲရေးအကြောင်း၊ K.N.U သမိုင်းစသည်တို့နှင့် ပတ်သက်၍ ချိတ်ဆက်မေးမြန်းသည့် မေးခွန်းမျိုး လုံးဝ မတွေ့ခဲ့ရပေ။

ပို၍ ဆိုးသည်မှာ ကိုယ်ရည်ကိုယ်သွေး ကျဆင်းသည့် ပြဿနာပင်ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲမလုပ်မီ မီဒီယာများကို ဓာတ်ပုံရိုက်ခွင့်ပြု ထားသည်။ သို့ရာတွင် သတင်းစာရှင်းလင်းပွဲလုပ်သည့် အချိန်မှသာ မေးခွန်းများမေးရန် မေတ္တာရပ်ခံထားသည်။ ထို့ကြောင့် ဓာတ်ပုံရိုက်ခွင့်ပြုသည်နှင့် တပြိုင်နက် သူ့ထက်ငါ အလုအယက် ရိုက်ကြရသည်။ ဓာတ်ပုံကောင်း တစ်ပုံရရန် ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုနိုင်သော်လည်း ရုပ်ပျက်ဆင်း ပျက် ဖြစ်လောက်အောင်ပင် အတင်းတိုးဝှေ့ရိုက်ကြခြင်း၊ သတင်းထောက်အချင်းချင်း အပြန်အလှန်အော်ဟစ်ကြခြင်း၊ အဆိုးဆုံးမှာ K.N.U ခေါင်းဆောင် များ၊ ပြည်ထောင်စုဝန်ကြီးများ၏ ခေါင်းပေါ်မှ ကျော်၍ ရိုက်ကြသည့် အဆင့်ပင်ဖြစ်သည်။ သတင်းထောက်တစ်ဦးမှာ ဓာတ်ပုံအလုအယက်ရိုက်ရင်း ကရင် တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ ခေါင်းပေါ်ကျော်၍ ရိုက်ရာ လက်နှင့်ခေါင်းထိသွားပြီး ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး မျက်နှာပျက် သွားသည်မှာ မဖြစ်သင့်မဖြစ်ထိုက်သည့် ကိစ္စဖြစ်သည်။ ဓာတ်ပုံရိုက်ပြီးကြသော်လည်း သတင်းစာရှင်းလင်းပွဲ မလုပ်သေးသဖြင့် မီဒီယာသမားများ ထိုင် စောင့်ကြရသည်။ အပြင်ဘက်တွင် မီဒီယာသမားများ ထိုင်စောင့်ရန် ခုံများချပေးထားသည်။ အတွင်းတွင် ထိုင်စရာခုံမရှိသည်မှာ မှန်သော်လည်း ကြမ်းပြင် ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ခြင်း၊ လှဲအိပ်ခြင်းတို့မှာ မြန်မာသတင်းထောက်များအတွက် လွန်စွာသိက္ခာကျဆင်းစေသည့် အပြုအမူများဖြစ်သည်။ ထိုင်ခုံ မလုံလောက်၍ဟု အကြောင်းပြ၍ရသော်လည်း နိုင်ငံခြား သတင်းထောက်များအားလုံး တစ်ချက်မျှ မထိုင်ဘဲ စိတ်ရှည်လက်ရှည် မတ်တပ်ရပ် စောင့်သွား ကြသည်မှာ မြန်မာသတင်းထောက်များ ပရော်ဖက်ရှင်နယ်ဖြစ်ရန် များစွာ လိုအပ်နေသေးကြောင်း ပြသသွားသလိုပင်ဖြစ်သည်။

ယနေ့ မြန်မာသတင်းမီဒီယာမှာ အချက်အလက်ပေးပို့သည့် အဆင့်ထက် မပိုသေးပေ။ ဆိုလိုသည်မှာ တစ်ဖက်က ဘာပြောသည်၊ တစ်ဖက်က ဘာပြန်ပြောသည်၊ ယခင်က မည်သို့ဖြစ်ခဲ့သည်ဆိုသည့် အချက်များကိုသာ အခြေခံ၍  Data Reporting )