yangonchronicle2011 Op-Ed |
၂၄.၄.၂၀၁၂
ဆောင်းပါးကဏ္ဍ
- ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေး ဒီလိုဖြစ်စေချင်တယ်
***************************************
ဆောင်းပါးကဏ္ဍ
ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေး ဒီလိုဖြစ်စေချင်တယ်
အောင်သန်း (အခြေခံပညာ)
(ဧပြီ ၂၅ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၂၉)မှ ထုတ်ယူဖော်ပြသည်။)
ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးခဲ့ပြီ။ ပြိုင်ပွဲဆိုတာ အနိုင်-အရှုံး အဆုံးအဖြတ် ခံယူပွဲဖြစ်တယ်။ နိုင်တဲ့သူ ရှိသလို ရှုံးတဲ့သူလည်း ရှိမယ်။ ပြိုင်ပွဲမှာ နိုင်သူကလည်း မောက်မာထောင်လွှားခြင်း မရှိသင့်သလို ရှုံးသူအနေနဲ့လည်း အရှုံးကိုဝန်ခံရဲသည့် စိတ်ဓာတ်ရှိရမယ်။ ဒါမှ အငြိုးအတေးမရှိတဲ့ သန့်ရှင်းတဲ့ ပြိုင်ပွဲ Healthy Competition ဖြစ်ပါမယ်။ ရွေးကောက်ပွဲမတိုင်ခင်၊ အပြိုင်အဆိုင် အကြိတ်အနယ် ကြိုးစားခဲ့ကြပေမယ့် ရွေးကောက်ပွဲပြီးသွားတဲ့အခါ နိုင်သူရော ရှုံးသူပါ အတူလက်တွဲပြီး တညီတညွှတ်တည်း တိုင်းပြည်အကျိုးဆောင်ရွက်ခဲ့ကြတဲ့ အမေရိကန်ရွေးကောက်ပွဲများအကြောင်း အတုယူ နိုင်ဖို့ ပြောပြလိုပါတယ်။ လွတ်လပ်ရေးစစ်ပွဲအပြီး အမေရိကန်ပြည်ထောင်စုမှာ၊ သမ္မတ ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပခဲ့ကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်က ကျင်းပခဲ့ကြတဲ့ ရွေးကောက်ပွဲများကိုကြည့်ရင် သန့်ရှင်းပွင့်လင်းပြီး ထင်သာ မြင်သာရှိတယ်။ သမ္မတများ၊ နိုင်ငံရေးပါတီများ၊ ကိုယ်ကျိုး မရှာ တိုင်းပြည်နှင့် လူမျိုးအတွက်သာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတယ်။ နိုင်ငံရေးပါတီများ ယုံကြည်ချက်အယူဝါဒ မတူကြဘူး။ ဒါပေမယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်ကြတဲ့အခါမှာ တညီတညွှတ်၊ တစ်စိတ်တစ်ဝမ်းတည်း ရှိကြတယ်။ ဒီအစဉ်အလာကောင်းဟာနှစ်ပေါင်း၂၀၀ကျော်လာ ခဲ့ ပေမယ့် အခုထိ ဆက်လက်လက်ဆင့်ကမ်း တည်ရှိနေတယ်။ အဲဒါဟာ ချီးကျူးစရာ၊ အတုယူစရာပဲ။ ၂၀၀၀ ပြည့်နှစ်၊ အမေရိကန် ပြည်ထောင်စု သမ္မတ ရွေးကောက် ပွဲမှာ ဒီမိုကရက်တစ်ပါတီမှ ဒုတိယသမ္မတ အယ်လ်ဂိုးနှင့် ရီပါဘလစ်ကန် ပါတီမှ ဂျော့ဘုရှ်တို့ အကြိတ်အနယ် ပြိုင်ကြတယ်။ ဂျော့ဘုရှ်က မဲအနည်းငယ်နဲ့ ပွတ်ကာသီကာနိုင်တယ်။ ဒုတိယသမ္မတ အယ်လ်ဂိုးက သူရှုံးကြောင်းဝန်ခံပြီး ဂျော့ဘုရှ်နိုင်တဲ့အတွက် ၀မ်းသာကြောင်းနဲ့ ဂုဏ်ပြုကြောင်း ဖုန်းဆက်ပြော တယ်။
ထိုနည်းတူပဲ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်ပါတီမှအရွေးခံသူ ဆီနိတ်တာ ဂျွန်မက်ကိန်းက ဒီမို ကရက်တစ်ပါတီမှ အရွေးခံသူ ဘားရက်အိုဘားမား နိုင်သည်ကိုဝန်ခံပြီး အိုဘားမားအနိုင်ရသည်ကို ဝမ်းမြောက်ဝမ်းသာ ချီးကျူးဂုဏ်ပြုကြောင်းနှင့် နိုင်ငံတော်အတွက် လက်တွဲဆောင်ရွက်မယ့်အကြောင်း ပြောကြားခဲ့တယ်။ ရှုံးတဲ့သူက အရှုံးကိုဝန်ခံရဲပြီး နိုင်တဲ့သူကလည်း ထောင်လွှားမှု မရှိဘူး။ လက်တွဲ ဆောင်ရွက်ကြဖို့သာ ပြောတယ်။ ပြောတဲ့အတိုင်း၊ တိုင်းပြည်ကိစ္စများ ဆောင်ရွက်ကြရာမှာ သဘောကွဲလွဲမှု၊ အငြင်းအခုန်များ ရှိပေမယ့် လုပ်ငန်းများ ဆောင်ရွက်ရာမှာ တညီတညွတ်တည်း ရှိကြတယ်။ အစိုးရ အပြောင်းအလဲ ရှိပေမယ့် တိုင်းပြည်အုပ်ချုပ်ရေးယန္တရားနဲ့ လုပ်ငန်းများ တုံ့နှေးမှု မရှိဘူး။ ပုံမှန် အတိုင်း လည်ပတ်နေတယ်။ ဒီတိုင်း ပြည်ထိပ်တန်းရောက်နေတာ ဒီစိတ်ဓာတ်နဲ့ ဒီစနစ်ကြောင့်ပဲလို့ ပြောရင် လွန်မယ်မထင်ဘူး။ အတုယူစရာတွေပါ။
နိုင်ငံရေးနဲ့ပတ်သက်ပြီး အတုယူစရာ နောက်တစ်ခု ပြောချင်သေးတယ်။ အဲဒါကတော့ ၁၈၀၁ ခုနှစ်၊ အမေရိကန် ပြည်ထောင်စု သမ္မတဖြစ်လာတဲ့ သောမတ်ဂျက်ဖာဆင် သမ္မတကျမ်းသစ္စာကြိမ်ဆိုပွဲမှာ ပြောခဲ့တဲ့ မိန့်ခွန်းပါ။ ''မိတ်ဆွေများနဲ့ တိုင်းသူပြည်သားများခင်ဗျာ၊ မိတ်ဆွေတို့ ယုံကြည်အားကိုး တင်မြှောက်ခဲ့လို့ တိုင်းပြည်ရဲ့အမြင့်ဆုံးရာထူးကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ သို့သော်လည်း တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးနိုင်တဲ့ သမ္မတဆိုတဲ့ ကြီးလေးများပြားတဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နိုင်ဖို့ စိုးရွံ့စိတ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဒီခန်းမထဲ ၀င်လာတဲ့အခါမှာ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဘက်များမျက်နှာကို တွေ့လိုက်ရတော့ အားရှိသွားပါတယ်။ နိုင်ငံတော် စည်းကမ်းဥပဒေကို ရေးဆွဲခဲ့ကြတဲ့ ဥပဒေပညာရှင်ကြီးများ၊ စီးပွားရေး ပညာရှင်ကြီးများ စက်မှုလက်မှု ပညာရှင်ကြီးများ၊ ကွန်ဂရက် လူကြီးမင်းများ၏အားသည် တိုင်းပြည်အတွက် အင်အား ဖြစ်လို့ အားတက်မိပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီများအနေနဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အကြိတ်အနယ် ပြိုင်ဆိုင်ခဲ့ကြပါပြီ။ တရားမျှစွာ၊ လွတ်လပ်စွာ၊ ပြိုင်ဆိုင်ခဲ့ကြတဲ့အတွက် ကျွန်ုပ်တို့ နိုင်ငံတော်ဟာ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်ရှိကြောင်း ကမ္ဘာကို ပြသခဲ့ပြီးဖြစ်ပါတယ်။ စကား အခြေအတင် ပြောခဲ့ကြတာတွေ၊ ငြင်းခုံခဲ့ကြတာတွေ ပြီးခဲ့ကြပါပြီ။ အခုအချိန်မှာ ပြည်သူအားလုံး၊ လူမျိုးဘာသာမရွေး၊ စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်နဲ့ ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့တိုင်းပြည်အတွက် ကောင်းအောင်လုပ်ကြဖို့ပဲ ကျန်ပါတယ်။ ရွေးကောက်ပွဲမှာ အများစုက အနိုင်ရခဲ့ပါပြီ။ ဒါပေမယ့် လူနည်းစု ရှိနေတယ်ဆိုတာကို မေ့ထားလို့ မရပါဘူး။ အများစုရဲ့ဆန္ဒအရ အုပ်ချုပ်ရမယ်ဆိုတာ မှန်ပါတယ်။ သို့သော်လည်း အများစု၏ အုပ်ချုပ်မှုသည် တရားမျှတ ရပါမယ်။ လူနည်းစု အခွင့်အရေးနှင့် တူညီရပါမယ်။ မှန်ကန်မျှတသော တရားဥပဒေ၏ အကာအကွယ် ရရှိရပါမယ်။ တစ်ဦးကိုတစ်ဦး နာကြင်မှု၊ မဖြစ်စေ တတ်တဲ့ အစိုးရတစ်ရပ်ရှိဖို့ လိုပါတယ်။ အစိုးရတစ်ရပ်သည် မိမိတိုင်းသူပြည်သားအားလုံးကို လွတ်လပ်မှု၊ တရားမျတမှု၊ ငြိမ်းချမ်းသာယာမှုကို ပေးနိုင်စွမ်း ရှိပြီး၊ တိုင်းသူပြည်သားများထံမှ ခေါင်းပုံဖြတ် အမြတ်ကြီးစားမလုပ်တဲ့ စေတနာကောင်းအပြည့်ရှိတဲ့ အစိုးရမျိုးရှိဖို့ လိုပါတယ် …
ကျွန်ုပ်တို့ တစ်ဦးနဲ့တစ်ဦး ရင်းရင်းနှီးနှီး၊ ချစ်ချစ်ခင်ခင်၊ စိတ်ရော ကိုယ်ပါ ညီညွတ်ကြပါစို့။ ငြိမ်းချမ်းမှု၊ ချစ်ခင်မှု၊ လွတ်လပ်စွာ တွေးခေါ်မှု ပြောဆိုမှု၊ ရေးသားမှုမရှိလျှင် ဘ၀သည် အဓိပ္ပာယ်မရှိပါ။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု မရှိလျှင် နိုင်ငံရေး လွတ်လပ်မှု မရှိနိုင်ပါ။ သို့ဖြစ်၍ကိုးကွယ်မှု၊ ယုံကြည်မှု မတူ၊ ကွဲပြားသဖြင့် လူနည်းစုများကို အပြစ်ပေးခြင်း၊ ညှဉ်းဆဲနှိပ်ကွပ်ခြင်းများ အလျဉ်းမရှိစေရပါ။ ကျွန်ုပ်တို့ ညီညွတ်နေတဲ့ ကာလပတ်လုံး ပြည်ထောင်စု အစိုးရကို ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်အုပ်ချုပ်နေသမျှကာလပတ်လုံး၊ ကျွန်ုပ်တို့နိုင်ငံ တည်ရှိနေပါမယ်။ ဒီစနစ်ကြောင့် ကျွန်ုပ်တို့ကံကောင်းသည် ဆိုရပါမယ်။ ဥရောပ အရှေ့အလယ်ပိုင်းနဲ့ အာရှနိုင်ငံများမှာ ဘုရင်များ၊ အာဏာရှင်များ၊ သက်ဦးဆံပိုင်မင်းများ အုပ်စိုးခဲ့ကြလို့ အချင်းချင်း အာဏာလု စစ်ပွဲများ ဖြစ်ခဲ့ကြတယ်။ တိုင်းသူပြည်သားများ သေကြေကြတယ်။ အလုပ်မလုပ်နိုင်လို့ ဆင်းရဲကြတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ စစ်ကို မလိုလား ဘူး။ လွတ်လပ်မှု၊ ညီညွတ်မှု၊ တရားမျှတမှုကို လိုလား တယ်။ ဒါကြောင့် စိတ်ဆင်းရဲမှုမရှိဘူး။ မိမိစိတ်တိုင်းကျ လွတ်လွတ်လပ်လပ် တွေးခေါ်ဆောင်ရွက် နိုင်လို့ သားစဉ်မြေးဆက် တည်တံ့ပါမယ်။ ကျွန်ုပ်တို့က ပေါက်ဖွားလာတဲ့ မျိုးဆက်များ တန်းတူရည်တူ အခွင့်အရေး ရှိကြတယ်။ ချမ်းသာတဲ့မိဘက မွေးဖွား လာသူသာ၊ လူမဟုတ်၊ ဆင်းရဲတဲ့မိဘက မွေးဖွားလာသူလည်း လူဖြစ်တယ်။ အခွင့်အရေး တန်းတူရှိတယ်။ ဒီနိုင်ငံမှာ ယုံကြည်ကိုးကွယ်မှု၊ ဘာသာအယူ ကွဲပြားသူ အများအပြားရှိတယ်။ ဘာသာအားလုံး ရိုးသားမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ သနားကြင်နာမှု သင်ကြားပေးပြီး သတ္တ၀ါအားလုံးအပေါ် ကြင်နာသနား တယ်။ ဒီလိုပြည့်စုံနေတဲ့အတွက် ကံကောင်းကြပါတယ်။ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် လူကြီးမင်းများခင်ဗျား။ ကျွန်တော်တို့မှာ လိုအပ်နေတာ တစ်ခုရှိပါ တယ်။ အဲဒါကတော့ တွေးခေါ်မြော်မြင်တတ်တဲ့ အသိပညာပါတဲ့။ တစ်ဦးကိုတစ်ဦး နာကြင်မှု၊ မဖြစ်စေတတ်တဲ့ အစိုးရတစ်ရပ် ရှိဖို့လိုပါတယ်။ အစိုးရတစ်ရပ် သည် မိမိတိုင်းသူပြည်သား အားလုံးကို လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းသာယာမှုကို ပေးနိုင်စွမ်းရှိပြီး၊ တိုင်းသူပြည်သားများထံမှ ခေါင်းပုံဖြတ် အမြတ် ကြီးစား မလုပ်တဲ့ စေတနာကောင်းအပြည့်ရှိတဲ့အစိုးရမျိုးရှိဖို့လိုပါတယ်။
ကျွန်တော့်ရဲ့ တိုတောင်းတဲ့ မိန့်ခွန်းထဲမှာ ကျွန်တော်လုပ်မယ့်ကိစ္စ အားလုံးပြောပြလို့ ကုန်မှာမဟုတ်ပါဘူး။ ကျွန်တော်လုပ်လိုတဲ့ ခံယူချက်၊ ယုံကြည်ချက်များကို အတိုချုံ့တင်ပြပါမယ်။
၁။ နိုင်ငံရေး၊ ဘာသာရေး ယုံကြည်မှု၊ ဆင်းရဲချမ်းသာ လူနေမှုအဆင့် မည်သို့ပင် ကွဲပြားပါစေ တူညီသော တရားမျှတမှုကို ရှိစေပါမယ်။
၂။ ကမ္ဘာ့နိုင်ငံအားလုံးနှင့် မိတ်ဆွေအဖြစ် ငြိမ်းချမ်းစွာ ကုန်သွယ်မှု၊ ဆက်ဆံပေါင်းသင်းမှုများ ပြုလုပ်ပါမယ်။
၃။ စစ်သည်လူသားတို့အတွက် ကောင်းကျိုးမပြုပါ။ စစ်ပြုရန်အတွက် မည်သည့်နိုင်ငံနှင့်မျှ မိတ်ဆွေဖွဲ့ခြင်း၊ စာချုပ်ချုပ်ဆို ခြင်း မလုပ်ပါ။
၎။ ပြည်ထောင်စုအစိုးရကို ထောက်ခံနေသော ပြည်နယ်အစိုးရများ၏ တရားသော အခွင့်အရေးအားလုံးကို ထောက်ခံပါ မယ်။
၅။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စု သာယာအေးချမ်းရေးအတွက် နိုင်ငံတော်စည်းမျဉ်း ဥပဒေနှင့်အညီ ပြည်ထောင်စု ဗဟိုအစိုးရ အာဏာကြီးထွား အောင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပါမယ်။
၆။ ပြည်သူများ သူတို့စိတ်ကြိုက် ကိုယ်စားလှယ်များ ရွေးချယ်နိုင်သည့် အခွင့်အရေးရရှိရန် ဆောင်ရွက်ပါမယ်။ ရွေးကောက်ပွဲတွင် တရားမျှတမှုမရှိ၊ မှန်ကန်စွာ ရွေးချယ်ခွင့်မရရှိခဲ့လျှင် တော်လှန်မှု သွေးထွက်သံယိုမှုများ ဖြစ်ပွားပါလိမ့်မယ်။
၇။ ရွေးကောက်ပွဲတွင် မဲအများစုရရှိသူသည် တိုင်းပြည်ကို အုပ်စိုးရပါမည်။ ဤသည်မှာ ပြည်ထောင်စု၏ အနှစ်သာရဖြစ်သည်။ အများစုဆန္ဒကို လွန်ဆန်ပြီး အုပ်ချုပ်ခွင့် ငြင်းဆန်ခဲ့လျှင် အာဏာရှင်စနစ် ဖြစ်သွားပါမယ်။
၈။ တပ်မတော်သည် တိုင်းပြည်၏ ဂုဏ်သိက္ခာဖြစ်တယ်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်သောအားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာ ရေး၊ လူမျိုးရေးပြဿနာများတွင် ပါဝင်ပတ်သက်ခြင်း မရှိစေလို၊ သာမန်အချိန်တွင် ယင်းသို့သောကိစ္စများကို ကူညီထိန်းသိမ်းစောင့်ရှောက်ရန်၊ အပျော်တမ်း လက်နက်ကိုင်တပ်ဖွဲ့ထား ရှိသင့်သည်။
ပြည်သူတစ်ရပ်လုံးနှင့်ဆိုင်သော ပြည်ပရန်ရှိလာသည့်အခါ Civil Administration ခေါ် မြို့ပြအုပ်ချုပ်သူ နိုင်ငံဝန်ထမ်း အကြီးအကဲ၏ အမိန့်ပေး ခွင့်ပြုမှသာ စစ်တပ်က ပါဝင်တိုက်ခိုက်ရမည်။ မည်သည့်အချိန် မည်သည့်ကိစ္စတွင်မဆို စစ်ဘက်ဆိုင်ရာအရာရှိများသည် မြို့ပြအုပ်ချုပ်သူ အရာရှိ အကြီးအကဲ၏ အမိန့်ကို နာခံရမည်။ မြို့ပြအုပ်ချုပ်သူအရာရှိ၏ အမိန့်မရဘဲ မည်သည့်ကိစ္စမှ ၀င်ရောက်စွက်ဖက် အင်အားသုံးခြင်း မရှိစေရပါ။ ကျွန်ုပ် ဦးဆောင်သော အစိုးရလက်ထက်တွင် လူ့အခွင့်အရေးသည် အဓိကဖြစ်တယ်။ သတင်းအချက်အလက်၊ အသိပညာ၊ ထင်မြင်ယူဆချက်များ လျင်မြန်ချော မွေ့စွာ ပျံ့နှံ့စေရမည်။ ဘာသာရေး လွတ်လပ်မှု၊ အနိုင်အထက် အတင်းအကျပ်ပြုလုပ်ခြင်းမှ လွတ်လပ်မှု၊ လွတ်လပ်စွာပြော ဆိုရေးသားထုတ်ဝေခွင့် လူ တစ်ဦး၏ လွတ်လပ်မှုအတွက် Habeas Corpus ခေါ် စာချွန်တော်ဥပဒေ တင်းကျပ်ပေးမည်။ အမြော် အမြင်ကြီးစွာဖြင့် ရေးသားအတည်ပြုခဲ့ကြတဲ့ ပညာ ရှင်များရဲ့ ခံယူချက်များကြောင့် တော်လှန်ရေးကြီး အောင်မြင်ခဲ့ပြီး လွတ်လပ်တဲ့ ပြည်ထောင်စုကို တည်ထောင်နိုင်ခဲ့ကြတယ်။ လွတ်လပ်မှုအတွက် အသက် ပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်များ၏ ခံယူချက်အပေါ်မှာ နိုင်ငံရေးယုံကြည်ချက်ကို ယထာဘူတကျကျ ဆင်ခြင်၊ သုံးသပ်တည်ဆောက်ခြင်း ဖြစ်တယ်။ လူ့အခွင့်အရေး သည်သာလျှင် လွတ်လပ်မှု၊ လုံခြုံမှုနှင့် ငြိမ်းချမ်းရေးကို ပေးစွမ်းနိုင်မည် ယုံကြည်ပါတယ်။
မိတ်ဆွေပြည်သူတို့၏ ထောက်ခံမှုဖြင့် ကျွန်ုပ်နိုင်ငံတော်သမ္မတ ဖြစ်ခဲ့ပါပြီ။ မိတ်ဆွေတို့ အကူအညီကို ဆက်လက်တောင်းခံလိုပါတယ်။ ကျွန်ုပ် သည် ပုထုဇဉ်လူသားဖြစ်သဖြင့် အမှားရှိနိုင်ပါတယ်။ အမှားရှိခဲ့လျှင် အမှန်ရောက်အောင် ပြုပြင်ပေးပါ။ အမှန်လုပ်သည်ကိုပင် အချို့က မှားသည်ဟု စွပ်စွဲ ကောင်း စွပ်စွဲကြပါမည်။ ကျွန်ုပ်မှန်လျှင် ကျွန်ုပ်ဘက်မှ ရပ်တည်ပေးကြစေလိုပါတယ်။ ကျွန်ုပ် ကတိပေးနိုင်တာကတော့ ကျွန်ုပ်ဖြောင့်မတ်စွာ လုပ်ဆောင် ပါ့မယ်။ ကျွန်ုပ်ကို ထောက်ခံသူရော ကန့်ကွက်သူများကိုပါ တိုင်းသူပြည်သားအားလုံး၏ လွတ်လပ်မှု၊ ပျော်ရွှင်မှုကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက် ပါမယ်ဆိုတာပါပဲ။ တိုင်းပြည်သမ္မတအနေနဲ့ ဆောင်ရွက်ရာမှာ မိတ်ဆွေများရဲ့ ပံ့ပိုးမှုလိုအပ်ပါတယ်။ မိတ်ဆွေများအနေနဲ့ ကျွန်ုပ်ထက်၊ သမ္မတအဖြစ် ပိုမို သင့်တော်မည့်သူရှိပါက ကျွန်ုပ်အနေနဲ့ နေရာပေးရန် အသင့်ရှိကြောင်းကိုပါ ထပ်လောင်းပြောကြားလိုပါတယ်။ ဤစင်္ကြာဝဋ္ဌာမှာ ပြည်သူများအား ငြိမ်းချမ်း ရေးနှင့် ပျော်ရွှင်ရေးပေးနိုင်မည့် တန်ခိုးအာဏာများ ရရှိနိုင်စေကြောင်း ဆုတောင်းပါတယ်'' လွန်ခဲ့သော နှစ် ၂၀၀ ကျော်က သမ္မတ သောမတ် ဂျက်ဖာ ဆင်ရဲ့ နိုင်ငံရေးအတွေးအခေါ်များ ယနေ့တိုင် စံပြုနေရဆဲ ဖြစ်တယ်။ ခေတ်စနစ်တွေပြောင်းခဲ့ပေမယ့် မှန်ကန်မှုကတော့ ပြောင်းလဲခြင်း မရှိပါ။ ခေတ်သစ် မြန်မာ့နိုင်ငံရေး ဆောင်ရွက်နေသူများ စံပြုအတုယူနိုင်ကြဖို့ တင်ပြခြင်းဖြစ်ပါတယ်။
Ref; The Making of a Nation နှင့် Amrican Moasie တို့ကို ကိုးကားပါသည်။
*****************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.