Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၈.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မူဝါဒများ၊ လုပ်ထုံးလုပ်နည်းဟန်များ၊ ဆက်လက်လုပ်ဆောင်ခြင်းများ

*****************************************

ဆောင်းပါးကဏ္ဍ

မူဝါဒများ၊ လုပ်ထုံးလုပ်နည်းဟန်များ၊ ဆက်လက်လုပ်ဆောင်ခြင်းများ

ဒေါက်တာလှိုင်မိုး

(Weekly Eleven Journal No.31 Vol.7 မှ ကောက်နှုတ်ဖော်ပြချက်)

မည်သည့်လုပ်ငန်းလုပ်လုပ်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ (Aims & Objectives) များ ပြည့်မီအောင်မြင်ရန် ထိပ်ပိုင်းမှ တာဝန်ရှိသူများက မူဝါဒ များ (policies) ရေးဆွဲကြရလေသည်။

၎င်းမူဝါဒများကို လွှတ်တော်တွင်းမှာ အဖွဲ့ငယ်များဖွဲ့၍ဖြစ်စေ (သို့မဟုတ်) သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခု(သို့မဟုတ်) ၀န်ကြီးဌာနနှစ်ခုသုံးခုနှင့် ဆက်စပ်နေလျှင်လည်း ပါဝင်သင့်သော ၀န်ကြီးဌာနများကိုလွှဲအပ်၍ဖြစ်စေ မူဝါဒများရေးဆွဲစေခြင်းများ ရှိကောင်းရှိပါမည်။

မူဝါဒများ၏ ဘောင်အတွင်း၌ ရှိနေမည့် လုပ်နည်းလုပ်ဟန်များ (Procedures) ကို ထပ်ဆင့် ဆွေးနွေးရေးဆွဲကြရပါမည်။ ၎င်းလုပ်နည်းလုပ်ဟန် များသည် လိုက်နာကျင့်သုံးဆောင်ရွက်ကြရမည့် စည်းမျဉ်းစည်းကမ်း (Rules & Regulations) အဖြစ်  ပေါ်ပေါက်လာကြမည်ဖြစ်သည်။ ၎င်းအဆင့်အထိ မှာ ၀န်ကြီးဌာန၌သာ ဒုဝန်ကြီးများ၊ ညွှန်ချုပ်များ၊ ညွှန်မှူးများနှင့် စည်းဝေးဆွေးနွေး ရေးဆွဲကြရမည်ဟု ထင်မြင်မိပါသည်။ သည်နောက်မှသာ ဆက်လက် လုပ်ဆောင်ခြင်းများ (Procedings) အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ တာဝန်ရှိပုဂ္ဂိုလ်များထံ ညွှန်ကြားချက်များ ပို့ကြရလိမ့်မည်ဟု မြင်မိပါ သည်။

သို့ရာတွင် ကျွန်ုပ်တို့မြန်မာနိုင်ငံ၌ မူဝါဒများ ရေးဆွဲရာတွင်သော်လည်းကောင်း၊ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲရာတွင်သော်လည်းကောင်း အသေးစိတ် ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းကို ပေးသင့်သောအချိန်ပေး၍ မပြုလုပ်ခဲ့ကြခြင်းကြောင့်လော၊ တတ်သိနားလည်သော ပညာရှင်များ ပါဝင်ခဲ့ခြင်း မရှိသောကြောင့်လော၊ ပီပြင်မှု နည်းပါးသည်ကို တွေ့နေရသည်။

ဥပမာ- ကားများတင်သွင်းသည့်ကိစ္စ၌ ပထမပိုင်းကတည်းက ပီပြင်သော စည်းမျဉ်းစည်းကမ်းများ ထွက်ပေါ်မလာခဲ့ချေ။ မကြာခဏ ပြုပြင်နေခဲ့ ကြရသည်ကို ကားကိစ္စ စိတ်ဝင်စားသူတိုင်း သိရှိနေပြီးဖြစ်သည်။

ဤသို့ မဖြစ်သင့်ဟုထင်ပါသည်။ ပေးသင့်သောအချိန်ပေး၍ ပါဝင်သင့်သူများပါဝင်ကာ စည်းဝေးဆွေးနွေးခြင်းများကို လိုအပ်သလို တစ်ကြိမ်မက နှစ်ကြိမ်သုံးကြိမ် ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်သင့်ပါသည်။ သည့်တိုင် တာဝန်ခံရသည့်ဝန်ကြီး စသည်ထံ ပြန်လည် တင်ပြသင့်ပါ သေးသည်။ တာဝန်ခံရသည့်ပုဂ္ဂိုလ်က ပြင်ဆင်သင့်သည်များ ပြင်ဆင်အတည်ပြုပြီးမှသာ စည်းမျဉ်းစည်းကမ်းများအဖြစ် ထွက်ပေါ်သင့်ပါသည်။ ဤသို့မ ဟုတ်ဘဲ အကြီးအကဲတစ်ဦးတည်း၏ သဘောဆန္ဒဖြင့် ညွှန်ကြားခြင်း (Directing) မျိုးကို ရှောင်ရှားသင့်ပေသည်။

မြန်မာနိုင်ငံ၌ ဖြစ်စဉ်အချို့ကိုကြည့်လျှင် လုံလောက်သောအချိန် မပေးဘဲ ဆွေးနွေးခြင်းမျိုး၊ ပါသင့်သောပညာရှင်များ တာဝန်ရှိသူများ မပါဝင်ခဲ့ ဘဲ ဆွေးနွေးခဲ့ခြင်းမျိုး၊ တစ်ဦးတစ်ယောက်၏ ညွှန်ကြားခြင်းဖြင့်သာ ဆုံးဖြတ်ခဲ့ကြခြင်းမျိုးများကြောင့် ဆုံးဖြတ်ချက်အမှားများ ပေါ်ပေါက်ခဲ့ကြရပေသည်။ မြစ်ဆုံပြဿနာသည် ထင်ရှားသောသာဓက ဖြစ်ပါသည်။

အင်္ဂလိပ်တို့ လက်ကိုင်ထားသည့် Slow and steady wins the race ကို မမေ့သင့်ပေ။ ယခုခေတ်သည် Slow မဖြစ်သင့်တော့ပါဟု စောဒက တတ်လိုပါက တက်နိုင်ပါသည်။ အလျင်အမြန် (Fast) မဖြစ်သင့်ဆိုသည်ကိုလည်း သတိမူသင့်ပေသည်။ အမြန်လိုလျှင် အမှားတွေတွေ့တတ်ခြင်းမှာ သဘာဝနိယာမပင် ဖြစ်ပါသည်။ နှေးလွန်းခြင်း၊ မြန်လွန်းခြင်းမဟုတ်ဘဲ မနှေးမမြန် (Steady) ကိုဖြင့် အများစုလက်ခံနိုင်မည် ထင်ပါသည်။ စည်းစနစ် ကျနဖို့က အဓိက၊ အရည်အသွေးပါပါနှင့် ပီပီပြင်ပြင်ဖြစ်ဖို့က အဓိကဖြစ်သည်ဟု ယူဆပါသည်။ အလွန်အရေးကြီးသော အကြောင်းအရာဖြစ်လျှင် Slow + Steady ကပင် ပီပီပြင်ပြင်နှင့် အောင်မြင်မှုကို ဖြစ်ထွန်းစေနိုင်ပါသည်။ အရေးပေါ်ကိစ္စများအတွက်ကိုမူ အလျင်အမြန် ဆောင်ရွက်ခြင်းသည် သဘာဝကျ ပါသည်။

မြန်မာနိုင်ငံ၌ ဖြစ်စဉ်အချို့ကို ကြည့်လျှင် လုံလောက်သောအချိန် မပေးဘဲ ဆွေးနွေးခြင်းမျိုး၊ ပါသင့်သောပညာရှင်များ တာဝန်ရှိသူများ မပါဝင်ခဲ့ ဘဲ ဆွေးနွေးခဲ့ခြင်းမျိုး၊ တစ်ဦးတစ်ယောက်၏ ညွှန်ကြားခြင်းဖြင့်သာ ဆုံးဖြတ်ခဲ့ကြခြင်းမျိုးများကြောင့် ဆုံးဖြတ်ချက်အမှားများ ပေါ်ပေါက်ခဲ့ကြရပေသည်။ မြစ်ဆုံပြဿနာသည် ထင်ရှားသောသာဓကဖြစ်ပါသည်။

ဆင်းရဲသားလျော့ပါးရေးအစီအစဉ်ပင်လျှင် စည်းစနစ်ကျနပီပြင်မှု နည်းပါးသည်ဟုဆိုလျှင် မှားမည်မထင်ပါ။ မူအားဖြင့်ကောင်းသော်လည်း စည်းမျဉ်းစည်းကမ်းနှင့် အကောင်အထည်ဖော်မှုမှာအလွန် အားပျော့နေလေသည်။

ယနေ့လိုဒီမိုကရေစီကိုစတင် အကောင်အထည်ဖော်နေသည့် ကာလတွင် ပြည်သူအများစုနှင့် သက်ဆိုင်သော လုပ်ငန်းရပ်တိုင်းအတွက် ဆောင် ရွက်ရန် ရှိလာပြီဆိုသောအခါ တာဝန်ရှိသူများ၊ တတ်သိပညာရှင်များပါဝင်သည့် စည်းဝေးဆွေးနွေးခြင်းမျိုးကို တစ်ကြိမ်မက လိုအပ်လျှင်လိုအပ်သလို နှစ်ကြိမ်သုံးကြိမ် (သို့မဟုတ်) အကြိမ်ကြိမ် ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ပြုလုပ်သင့်ပါသည်။ ပေးသင့်သည့်အချိန်များ ပေးကြရပါမည်။ ၎င်းနောက် ပြန်လည်သုံးသပ်ခြင်း၊ အတည်ပြုခြင်းများအဆင့်ဆင့် ပြုလုပ်ပြီးမှသာ အကောင်အထည်ဖော်ရန် ညွှန်ကြားချက်များ ပေးပို့သင့်ပါသည်။ တစ်ချို့လုပ်ရပ်မှာ အမျိုးသားအဆင့်အထိ ဆွေးနွေးပွဲများ ပြုလုပ်ရမည်ဖြစ်သော်လည်း တစ်ချို့မှာ ပြည်ထောင်စုဝန်ကြီးဌာနအဆင့်၌သာ ပြုလုပ်ကြရပါမည်။ တစ်ချို့မှာ လည်း ပြည်ထောင်စုဝန်ကြီးဌာနအဆင့်၌ပင် ပြုလုပ်ကြရပါမည်။ တချို့မှာလည်း တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဆင့်များ၌သာ စည်းဝေး ဆွေးနွေးခြင်းများ ပြုလုပ်ကြရမည်ဖြစ်ပါသည်။ သို့မှသာ အများပြည်သူတို့အတွက် တရားမျှမှု၊ ညီမျှမှု၊ လွတ်လပ်မှုဆိုသည့် လောကပါလတရားများ ဖြစ် ထွန်းပါလိမ့်မည်။

 *****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment