Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၀.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီထဲက ဒီမိုကရေစီ နောက်ပြန်ဆွဲသမားများ

*****************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီထဲက ဒီမိုကရေစီ နောက်ပြန်ဆွဲသမားများ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းပြည့်ဝတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုမဟုတ်ခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲဟာလည်း အငြင်းပွားစရာတွေအတိနဲ့ ပြီးဆုံးခဲ့ရတာဖြစ်ပြီး အရင်အစိုးရဟောင်းလက်ထက်က ပုဂ္ဂိုလ်တွေအများစုပဲ သမ္မတ၊ ဒုသမ္မတ၊ လွှတ်တော်နှစ်ရပ်ရဲ့ ဥက္ကဋ္ဌ များနဲ့ ဝန်ကြီးတော်တော်များများ ပြန်ဖြစ်ခဲ့ကြတယ်။ ဒါ့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေဟာ အစိုးရဟောင်းကို အသက် ဆက်ဖို့အတွက်ပဲ ဖြစ်တယ်ဆိုရင်တော့ မှားပါလိမ့်မယ်။

၂၀၁၀ရွေးကောက်ပွဲပြီးဆုံးချိန်ကစလို့ မြန်မာပြည်သူတွေဟာ သူတို့ရဲ့သက်တမ်းအတွင်းမှာ မကြုံဖူးသေးတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက် တိုက်ကြုံတွေ့လာရတယ်။ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ဟာ မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှု တွေကို ဆက်တိုက် လုပ်ဆောင်လာခဲ့ပါတယ်။ ပင်စင်လစာတိုး ပေးခဲ့တာမျိုးကစပြီး ပြည်သူတွေ အဖြစ်ချင်ဆုံးဆန္ဒတွေဖြစ်တဲ့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်း ပစ်တာ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တာ၊ နောက်ဆုံးအဆင့် တပ်မတော်အစိုးရလက်ထက်က ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ခဲ့တဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီး NLD ရွေးကောက်ပွဲဝင်လာနိုင်အောင် လမ်းဖွင့်ပေးခဲ့တာတွေကို လုပ်ဆောင်ခဲ့ရတဲ့ အခြေအနေတွေဟာ သမ္မ တ ဦးသိန်းစိန်အတွက်တော့ လွယ်ကူတဲ့ ကိစ္စရပ်တွေမဟုတ်ခဲ့ပါဘူး။  ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ချုပ်ကိုင်ခဲ့တဲ့ အာဏာကို လွှဲပြောင်းပေးပြီး ရာထူးက အနားယူဖို့ ဆုံးဖြတ်တဲ့ ကိစ္စကို မဟာဗျူဟာကျကျ လုပ်ဆောင်ခဲ့ပါတယ်။ အဓိကတော့ နောက်တက် လာမယ့်အစိုးရက သူနဲ့ သူ့ရဲ့ မိသားစုလုံခြုံရေးအတွက်  အန္တရာယ်မပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ ၁၉၉၀တုန်းကလို လက်စားချေမယ်ဆိုတဲ့ စကားမျိုးတွေ ပြန်မလာအောင် ၂၀၀၈ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ အစိုးရဟောင်းရဲ့ လုပ်ဆောင်ချက်တွေကို နောက်ကြောင်း ပြန်စစ်ဆေးခြင်း မပြုရလို့ ထည့်သွင်းရေးဆွဲခဲ့သလို နိုင်ငံရေးပုံစံ အသစ်မှာ အစိုးရနဲ့ လွှတ်တော်တွေထဲမှာလည်း သူ့စိတ်ကြိုက်လူတွေကို ရွေးချယ်ခန့်ထားခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေနဲ့ သဘောထား တင်းမာသူတွေကို နိုင်ငံရေးပုံစံအသစ်မှာရော မွှေထားခဲ့ပြီးတော့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းက ထင်ရာစိုင်းလို့ မရအောင် အပြန်အလှန်ထိန်းချုပ်မယ့် လူတွေ ထည့်ထားခဲ့တယ်။ ဒါကြောင့် သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အစိုးရအဖွဲ့အတွင်းက ပြုပြင်ပြောင်းလဲရေး လိုလား သူတစ်ချို့ဟာ အစိုးရအဖွဲ့နဲ့ လွှတ်တော်အတွင်းက သဘောထားတင်းမာသူတွေရဲ့ အနှောင့်အယှက်ပြုမှုကို မကြာခဏ ခံရတာဖြစ်တယ်။ ဒါကြောင့်လည်း မြန်မာ့နိုင်ငံရေးဟာ အပြောင်းအလဲကောင်းတွေ ဆက်တိုက်ဖြစ်ပေါ်နေပေမယ့် တစ်ခါတစ်ရံမှာ တွေဝေနေမှုတွေကို ကြုံတွေ့နေရတာဖြစ်တယ်။ သမ္မတ ဦးသိန်းစိန်ကတော့ သူ့အစိုးရအဖွဲ့အတွင်းမှာ ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်းဆိုပြီး ကွဲပြားနေတာမျိုးမရှိဘဲ အားလုံးက ကိုယ့်အိုင်ဒီယာနဲ့ကိုယ် ပြည်သူ့အ ကျိုးအတွက် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပေမယ့် အစိုးရနဲ့ လွှတ်တော်အတွင်းမှာ ခေါင်းမာသူအချို့ ရှိနေတာကတော့ အမှန်ပါပဲ။

စစ်အစိုးရလက်ထက်မှာ အတွင်းရေးမှူး(၁)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သဘောထားတင်းမာသူလို့ နာမည်ကြီးတဲ့ ဒုသမ္မတ ဦးတင်အောင်မြင့် ဦးကို ရသုံးမှန်းခြေငွေစာရင်း ကိစ္စရပ်မှာ ဦးဆောင်စေခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဝန်ထမ်းလစာတိုးပေးဖို့ အဆိုပြု၊ အစိုးရအဖွဲ့က တိုးမ ပေးနိုင်ဖြစ်ပြီး သမ္မတနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအကြား ထိပ်တိုက်တိုးမလို ဖြစ်ခဲ့ရတဲ့ ပြဿနာတွေဟာ ဒုသမ္မတရဲ့ ကုလားဖန်ထိုးမှု အများကြီးပါတယ် လို့ ပြောလို့ရတယ်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကိုတော့ ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုပြောတဲ့ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို တုံ့နှေး အောင် ကဖျက်ကယက်လုပ်နေသူလို့ ရှုမြင်ကြပါတယ်။ လွတ်လပ်စွာပြောဆိုရေးသားခွင့်က အနားယူနေတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ မိသားစုကို ထိခိုက်လာမှာ စိုးလို့ ဦးကျော်ဆန်းကိုပဲ ပြန်ကြားရေးဝန်ကြီးနေရာမှာ တည်မြဲစေခဲ့တာလားလို့လည်း စဉ်းစားစရာပါ။ နောက်ထပ် သဘောထားတင်းမာသူလို့ နာမည်ကြီး တဲ့ ဦးအောင်သောင်းဆိုရင် ဒီပဲယင်းကိစ္စမှာ တာဝန်ရှိသူတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီး ၂၀၁၀ရွေးကောက်ပွဲမှာ အရှက်ရစေခဲ့တဲ့ ကြိုတင်မဲကိစ္စ ကို ဦးဆောင်သူတွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်တယ်။ ဦးအောင်မင်းရဲ့ ငြိမ်းချမ်းရေးအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များစွာနဲ့ ငြိမ်းချမ်းရေးတွေ ရယူနိုင်သော်လည်း ဦးအောင်သောင်းရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကတော့ ဒီကနေ့ နိုင်ငံတကာကရော ပြည်တွင်းကပါ စိုးရိမ်တ ကြီး ပြောဆိုနေကြတဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်သွားအောင် KIA အဖွဲ့နဲ့ တစ်စုံတစ်ရာ သဘောတူညီမှုရအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ KIA ရဲ့ အဆိုအရတော့ ဦးအောင်သောင်းဟာ သဘောထားမမှန်ဘူး၊ အစိုးရကို အမှန်အတိုင်း တင်ပြခြင်းမရှိဘူး၊ ရိုးသားမှုမရှိဘူးလို့ စွပ်စွဲထားပါတယ်။

ခုတလောမှာတော့ မြန်မာ့နိုင်ငံရေးအတွက် သတင်းကောင်းတစ်ချို့ကြားနေရတယ်။ ဦးအောင်သောင်းဟာ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ကနေ နှုတ်ထွက်သွားပြီး အသစ်ပြန်လည်ဖွဲ့စည်းမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးအဆင့်အဖွဲ့မှာ ဒုသမ္မတတစ်ဦးဖြစ်တဲ့ ဒေါက်တာစိုင်းမောက်ခမ်း အပါ အဝင် လွှတ်တော်ထဲက တိုင်းရင်းသားကိုယ်စားလှယ်တွေ ပါဝင်လာဖို့ ရှိတယ်ဆိုတဲ့အချက်ပါ။ ဦးအောင်သောင်းရဲ့ အခန်းကဏ္ဍ ကျဆင်းသွားတာဟာ ခေါင်းမာဂိုဏ်းတွေ ပြိုကွဲမှုရဲ့အစဖြစ်မလား။ ခေါင်းအမာဆုံးလို့ ယူဆထားခြင်းခံရတဲ့ ဒုသမ္မတ သီဟသူရ တင်အောင်မြင့်ဦးလည်း ကျန်းမာရေးမကောင်း လို့ ရာထူးကနေ နှုတ်ထွက်သွားပြီလို့ ဆိုကြပါတယ်။  ခေါင်းမာဂိုဏ်းထဲက တစ်ဦးဖြစ်တဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းကတော့ မီဒီယာတွေရဲ့ ကောင်းမှု ကြောင့် အသံသိပ်မထွက်တော့သလို၊ လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကလည်း လွှတ်တော်မှာ ကိုယ်စားလှယ်တွေကို တောင်းပန်ခဲ့ရတယ်။  ခေါင်းမာသူ တွေရဲ့ အခန်းကဏ္ဍ ကျဆင်းသွားတဲ့ မြန်မာ့နိုင်ငံရေးဟာ အပြောင်းအလဲကောင်းတွေကို ပိုပြီးမျှော်လင့်နိုင်တော့မှာလားလို့ ရင်ခုန်စရာရှိလာပါပြီ။ သူတို့ တွေရဲ့ ကျဆုံးမှုနဲ့အတူ သူတို့တွေရဲ့ လက်ဝေခံတွေလို့ခေါ်တဲ့ ခေတ်ပျက်သူဌေး ခရိုနီတွေရဲ့ လက်ဝါးကြီးအုပ်မှုတွေလည်း လျော့ကျသွားနိုင်တာမို့ စီးပွား ရေးကိစ္စရပ်တွေမှာလည်း မျှမျှတတ လုပ်ကိုင်နိုင်တော့မယ်လို့ မျှော်လင့်လို့ရနေပါပြီ။ ဒီကြားထဲမှာ ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံကို လှိုက်လှိုက်လှဲလှဲ ထိတွေ့ ဆက်ဆံလာကြပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက် လုပ်ဆောင်လာတာကြောင့် မြန်မာ့ဒီမိုကရေစီအရေးဟာ ရှေ့ဆက်ဖို့ပဲရှိတော့တယ်၊ နောက် ကြောင်းပြန်မလှည့်တော့ဘူးလို့ ယတိပြတ်ပြောနိုင်ပြီလို့ ဆိုရမှာလား။

ခေါင်းမာဂိုဏ်းဆိုတာက အစိုးရအဟောင်းလက်ထက်က လူတွေလို့ ယူဆကြတာကတော့ သူတို့တွေဟာ အာဏာရပုဂ္ဂိုလ်တွေဖြစ်နေတာရယ်၊ ချမ်းသာကြွယ်ဝမှုနဲ့ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူတွေကို ငဲ့ညှာမှုမရှိခဲ့တာတွေရယ်ကြောင့်ပဲ ဖြစ်ပါတယ်။ သမ္မတနဲ့ အစိုးရအဖွဲ့အတွင်းက ပြုပြင် ပြောင်းလဲရေးလိုလားသူအချို့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ ခေါင်းမာဂိုဏ်းကလူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်လာရင် ခေါင်းမာဂိုဏ်းက လူတွေက ငြိမ်နေမှာမဟုတ်ဘူး၊ ဗိုလ်ချုပ်မှူးကြီးအနားကို ပြန်ကပ်ပြီး အာဏာသိမ်းဖို့ လုပ်ဆောင်ကြရမှာပဲ ဖြစ်တယ်။ ဒါကြောင့် ခေါင်းမာဂိုဏ်းကလူတွေဟာ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီအရေးကို နောက်ကြောင်းပြန်လှည့်အောင် လုပ်မယ့်သူတွေလို့ မြင်နိုင်စရာရှိပါတယ်။ အခု သူတို့တွေ အနားယူသွားတာတွေကြောင့် မြန် မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး နောက်ကြောင်းပြန်လှည့်ဖို့ နည်းသွားပြီး စစ်တပ်အာဏာသိမ်းမှု နောက်တစ်ကြိမ်မဖြစ်နိုင်တော့ဘူးလို့ ဆိုကောင်းဆိုနိုင်ပေ မယ့် အခြားတစ်ဖက်မှာ နောက်ကြောင်းပြန်အောင်လုပ်မယ့် အုပ်စုတွေက ပြည်သူတွေကြားထဲမှာပဲ ရောနှောပြီး တိတ်တိတ်ဆိတ်ဆိတ် ရှိနေခြင်းပါပဲ။

ခေါင်းမာသူ (Hardliner) ဆိုတာက ကိုယ့်ရဲ့ အယူအဆတစ်ခု၊ ကိုယ့်ရဲ့ အကျိုးစီးပွားတစ်ခုကို ပြင်းပြင်းထန်ထန် ကာကွယ်ပြီး ညှိညှိနှိုင်းနှိုင်း မရှိဘဲ ငါတကော ကောသူများလို့ အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။ ဒီမိုကရေစီမှာလည်း အစွန်းရောက်သွားတဲ့ ခေါင်းမာသူတွေ ရှိပါတယ်။ ပြည်သူတွေက သူတို့ကို ခေါင်းမာသူ တွေလို့ မထင်ကြဘဲ ဟီးရိုးကြီးတွေလို့ ထင်ကြတဲ့ အကြောင်းအရင်းကတော့ သူတို့ဟာ စစ်အစိုးရဘက်က ခေါင်းမာသူတွေလို အာဏာလည်း မရှိ၊ ချမ်းသာ ကြွယ်ဝမှုလည်း မရှိခဲ့တဲ့အပြင်  အစိုးရဟောင်းလက်ထက်မှာ ဖမ်းဆီးညှဉ်းပမ်း နှိပ်စက်ခံရပြီး ပြည်သူတွေဘက်က မားမားမတ်မတ် ရပ် တည်ခဲ့တယ်ဆိုတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ ညှဉ်းပမ်းဖိနှိပ်ခံနေရတဲ့ ပြည်သူတွေဟာ စစ်အစိုးရရဲ့ ရန်သူဖြစ်တဲ့ ဒီမိုကရေစီ ခေါင်းမာဂိုဏ်းသား များကို ဟီးရိုးကြီးများသဖွယ် အထင်ကြီးလေးစားခဲ့ကြတာပါပဲ။  သူတို့တွေဟာလည်း ဒီမိုကရေစီနဲ့ ပတ်သက်ရင် နှုန်းစံအခြေပြုတဲ့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ ကို တပြားသားမှ မလျော့ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ဒီမိုကရေစီ အစွန်းရောက်မှုကြောင့် တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေး တုံ့ဆိုင်းခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ နုရင်ဘတ်စစ်ခုံရုံးကိစ္စ၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန့်ကျင်ရေးနဲ့၊ ၂၀၁၀ ရွေးကောက် ပွဲ သပိတ်မှောက်ရေး၊ မဲမပေးရေးလှုပ်ရှားမှုတွေကို စောစောစီးစီး ဒီမိုကရေစီစတင်နိုင်မယ့် အခြေအနေတွေကို တုံ့ဆိုင်းစေခဲ့တာပါပဲ။ ဒီကနေ့အထိလည်း ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ်ကနေလုံးဝမချတဲ့ ငါနဲ့မတူငါ့ရန်သူဆိုတဲ့ ရန်ငါစည်းစိတ်တွေနဲ့ ဒီမိုကရေစီခေါင်းမာဂိုဏ်းသားများရဲ့ အပြုအမူတွေဟာ စစ်အာဏာသိမ်းမှုကို ပြန်လည်ပေါ်ပေါက်စေပြီး ဒီမိုကရေစီအရေး နောက်ကြောင်းပြန်လှည့်သွားနိုင်မယ့် အခြေအနေတွေ ဖြစ်ပွားဖို့ ရှိနေပါတယ်။ ဒုသမ္မတ ရာထူးက နှုတ်ထွက်တာဟာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်လာတာကို ကြောက်လို့ဆိုတဲ့ အရေးအသားမျိုးတွေ၊ တပ်မတော်သား ၂၅ရာခိုင် နှုန်းကို လွှတ်တော်ထဲကနေ ဖယ်ထုတ်ပစ်ရမယ်ဆိုတဲ့ ကြွေးကြော်သံတွေဟာ နုရင်ဘတ်လိုကိစ္စကို ပြန်လည်အမှတ်ရစေပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာ သွားနေတဲ့ နိုင်ငံရေးစနစ်က သူသေကိုယ်သေ၊  အနိုင်အရှုံးပေါ်ဖို့အတွက် တစ်ယောက်သေပေးမှ ရမယ်ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘဲ နှစ်ဦးနှစ်ဖက်ညှိညှိနှိုင်းနှိုင်းနဲ့ နှစ်ဖက်လုံးက အနိုင်ရစေ (Win-Win) ဆိုတဲ့ ပုံစံဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နှစ်ဖက်လုံးက အနိုင်ရစေမယ်ကိစ္စကို အကောင်အထည် ဖော်ခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်လာတဲ့အတွက် ဦးသိန်းစိန်ရဲ့ ပြု ပြင်ပြောင်းလဲရေး ကိစ္စတွေကို နိုင်ငံတကာက ပိုမိုအကူအညီပေးလာကြပြီး မြန်မာ့ဒီမိုကရေစီအရေး အရှေ့ကို ပိုရောက်လာတယ်။ တစ်ချိန်တည်းမှာပဲ တစ်ချိန်က အဖမ်းအဆီးခံ၊ နေအိမ်အကျယ်ချုပ်ကျခံနေရပြီး နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာမှလုပ်ခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်အမတ် ဖြစ်လာတယ်။ NLD က နိုင်ငံရေးသမားအချို့ဟာ တစ်ချိန်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပေမယ့် အခုတော့ လွှတ်တော်ကြီးပေါ်မှာ တက်ပြီး ပြည်သူတွေရဲ့ အခက်အခဲတွေကို ပြောကြားခွင့် ရနေပြီဖြစ်တယ်။ စေ့စပ်ညှိနှိုင်းခြင်းဖြင့် နှစ်ဦးနှစ်ဖက်အရှုံးမရှိတဲ့ နှစ်ဦးနှစ်ဖက်လုံး အနိုင်ရတဲ့အပြင် ရရှိတဲ့ အနိုင်တွေဟာ လည်း ဒီမိုကရေစီအောင်ပွဲ၊ ပြည်သူ့အောင်ပွဲ ဆိုတဲ့အခြေအနေကိုရောက်အောင် သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ဆောင်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အထက်မှာ ဆိုခဲ့သလိုပဲ ဒီမိုကရေစီခေါင်းမာသူကြီးများရဲ့ ဆတ်ဆတ်ထိမခံ ရန်လိုတဲ့ ထိပ်တိုက်တွေ့ဖို့ ကြိုးစားနေတဲ့ လုပ်ရပ်တွေကို လည်း မြင်တွေ့နေရတာဖြစ်တယ်။ သူတို့ရဲ့ ပြောဆိုမှုတွေဟာ ဒီမိုကရေစီစံနှုန်းအရ မှားတယ်လို့ မပြောနိုင်ပေမယ့် စေ့စပ်ညှိနှိုင်းမှုကနေ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ပြီး နှစ်ဦးနှစ်ဖက် အနိုင်ရအောင် စဉ်းစားရတဲ့ အခြေအနေနဲ့ကတော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပါပဲ။ ပြောရရင်တော့ ဖြစ် ပေါ်နေတဲ့ အခြေအနေတွေကို လက်တွေ့ကျကျ ရှုမြင်ခြင်းမရှိဘဲ ဒီမိုကရေစီစံနှုန်း ပေတံကြီးနဲ့ တိုင်းတာပြီး ရန်ငါစည်းစိတ်ဓာတ်နဲ့ ထိပ်တိုက် ရင်ဆိုင်လို သူ ဒီမိုကရေစီ ခေါင်းမာဂိုဏ်းသားများရဲ့ လုပ်ရပ်တွေဟာ လွှတ်တော်ထဲက အာဏာရပါတီထဲက ခေါင်းမာတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ တပ်မတော်သား တွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရင် နောက်တစ်ကြိမ် အာဏာသိမ်းမှုဆိုတာ ဖြစ်သွားနိုင်စရာအခြေအနေ အများကြီး ရှိပါတယ်။ ဒီလိုသာ ဖြစ်သွား ခဲ့ရင်တော့ ပြုပြင်ပြောင်းလဲရေးဝါဒီများဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့အတွင်းမှ ပြုပြင်ပြောင်းလဲရေးလိုလားသူများ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌများ အနေနဲ့လည်း ဘာမှ တတ်နိုင်တော့မယ် မထင်ပါဘူး။ ကံမကောင်းရင် သူတို့ရဲ့ အခန်းကဏ္ဍတောင် ချုပ်ငြိမ်းသွားနိုင်ပါတယ်။ ခွင့်လွှတ်သည်းခံပြီး သင် ပုန်းချေပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးဆပ်ခဲ့ရမှုတွေလည်း သဲထဲရေသွန် ဖြစ်သွားနိုင်စရာ ရှိပါတယ်။ အခုတောင် ဒေါ်အောင်ဆန်းစုကြည် လွှတ် တော်တက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ခေါင်းမာဂိုဏ်းသားအချို့ရဲ့ ဝေဖန်မှုကို ကြုံတွေ့နေရပြီး ငါနဲ့မတူ ငါ့ရန်သူ စစ်အာဏာရှင် ဆန့်ကျင်ရေးက နေ  ဒေါ်အောင်ဆန်းစုကြည်ဆန့်ကျင်ရေးနဲ့ တပ်မတော်ဆန့်ကျင်ရေးတွေအထိ ဖြစ်လာပါတယ်။ စစ်အာဏာရှင်ဆိုတဲ့ စနစ်ဆိုးကြီးကို ပြောင်းလဲဖို့ လုပ်တဲ့ အခါမှာ စနစ်ကိုသာ ပြောင်းလဲဖို့ လုပ်ရတာဖြစ်ပြီး ပုဂ္ဂိုလ်ရေးဆန့်ကျင်မှုနဲ့ တပ်မတော်ဆန့်ကျင်မှုတွေ မဖြစ်ဖို့လိုအပ်ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေး ဟာ တပ်မတော်ဆန့်ကျင်ရေးဖြစ်လို့ မရပါဘူး။

နိဂုံးချုပ်ပြောရရင်တော့ အာဏာ၊ ငွေကြေးနဲ့ လုပ်ပိုင်ခွင့်တွေကြောင့် အစိုးရအဖွဲ့ထဲက ခေါင်းမာသူတွေလို့ ထင်ထင်ပေါ်ပေါ်ရှိတဲ့ သူတွေရဲ့ အခန်းကဏ္ဍ လျော့ပါးသွားပေမယ့် ပြည်သူတွေကြားမှာတင် ရောနှော ပျောက်ကွယ်နေတဲ့ ဒီမိုကရေစီ ခေါင်းမာဂိုဏ်းသားများရဲ့ အန္တရာယ်ကလည်း  တိုင်းပြည်နောက်ကြောင်း ပြန်လှည့်သွားနိုင်တဲ့ အရေးအတွက် မမြင်ရတဲ့ အန္တရာယ်အဖြစ် ရှိနေတာကို တွေ့နေရတာပဲဖြစ်ပါတော့တယ်။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment