yangonchronicle2011 Op-Ed |
၁၂.၈.၂၀၁၂
ဆောင်းပါးကဏ္ဍ
- လူထုကိုမချစ်ရင် နိုင်ငံရေးမလုပ်နဲ့
*****************************************
ဆောင်းပါးကဏ္ဍ
လူထုကိုမချစ်ရင် နိုင်ငံရေးမလုပ်နဲ့
ပိုက်တင်
(သြဂုတ်လ၁၂ရက်နေ့ထုတ် Messenger ဂျာနယ်အတွဲ(၃)အမှတ်(၁၂)တွင် ပါရှိသည့် ဆောင်းပါးကို ထုတ်ယူတင်ပြချက်)
နိုင်ငံရေးအလုပ်လုပ်ရင် ဒီမိုကရေစီစနစ်မှာ လူထုကို ချစ်ရပါသည်။ တန်ဖိုးထားရပါမယ်။ အလုပ်အကျွေး ပြုနိုင်ရပါမယ်။ လိုအပ်ရင် ကိုယ်ကျိုးစီးပွားပါ စွန့်လွှတ်ပြီး တိုင်းကျိုးပြည်ကျိုး သယ်ပိုးနိုင်ရပါမည်။ နိုင်ငံရေးဆိုတာ ဒီမိုကရေစီစနစ်မှာတော့ ပရဟိတ အလုပ်သက်သက် ဖြစ်တယ်။ ဖွံ့ဖြိုးပြီးသားနိုင်ငံတွေက ရွေးကောက်ပွဲတွေမှာ ဘီလီယံနာကြီးတွေ သမ္မတရာထူး ဝင်ပြိုင်ကြတာ ကြားဖူးသိဖူးကြမှာပါ။ လုပ်ငန်းကြီးကြီးတွေ ပိုင်ဆိုင်တဲ့ သူဋ္ဌေးကြီးတွေ နိုင်ငံရေးဝင်လုပ်ဖို့ ကြိုးစားကြ သူတို့လုပ်ငန်းတွေ ပိုအောင်မြင်ချင်လို့ မဟုတ်ပါဘူး။ အကျိုးအမြတ် အများကြီး ထပ်လိုချင်လို့ မဟုတ်ပါဘူး။ လူတွေကို ချစ်လို့ပါ။
လူထုနဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြုလို့ ရလာမယ့်ဂုဏ်ကို မက်မောကြလို့သာ ဖြစ်ပါတယ်။ လိုအပ်ရင် အဲဒီသူဋ္ဌေးတွေက သူတို့ ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေကို လူထုအတွက်သုံးစွဲဖို့ ဝန်မလေးတတ်ကြပါဘူး။ အရည်အချင်းရှိလို့ ကြီးပွားချမ်းသာ လာကြတဲ့သူတွေ ဖြစ်ပြီးတော့ ရိုးရိုးကုပ်ကုပ် လည်း နေထိုင်တတ်ကြပါတယ်။ ငါကချမ်းသာတာပဲဆိုပြီး ကြွားလုံးလည်း မထုတ်တတ်ကြပါဘူး။ ငွေကြေးစည်းစိမ်တွေကိုလည်း မတရားတဲ့နည်းနဲ့ တိုးပွားသထက် တိုးပွားအောင် အငမ်းမရရှာကြတာ မဟုတ်ဘူး။ လုပ်ရည်ကိုင်ရည်နဲ့ စွမ်းဆောင်ရည် မြင့်မားကြသူတွေပီပီ ရသင့်ရထိုက်တဲ့ အကျိုး အမြတ်ကိုပဲယူပြီး တစ်ဖြည်းဖြည်းချင်း ချမ်းသာကြွယ်ဝ လာကြသူတွေ ဖြစ်ပါတယ်။ သူတို့လိုလူတွေ နိုင်ငံရေးထဲဝင်လာရင် လူထုက အင်မတန် အကျိုးများတတ်တာမျိုး ဖြစ်ပါတယ်။
ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံရေးလုပ်တဲ့အများစုက အမတ်ဖြစ်လို့ ဝန်ကြီးဖြစ်လို့ရလာမယ့် အကျိုးအမြတ်တွေကို ခံစားခွင့်တွေကို ထည့်တောင် စဉ်းစာကြတာ မဟုတ်ပါဘူး။ လူထုအကျိုးစီးပွားကို ဆောင်ရွက်ခွင့်ရဖို့ အလုအယက် ပြိုင်ဆိုင်ကြတာ ဖြစ်ပါတယ်။ ဖောက်လွဲဖောက်ပြန် လုပ်တတ်တဲ့သူ ဆိုတာ ရှိတတ်ပေမယ့် အနည်းစုသာဖြစ်ပါတယ်။ ဒီမိုကရက်တစ်လူ့လောင်တစ်ခုမှာ နိုင်ငံရေးသမားတွေအတွက် ရိုးဂုဏ်နဲ့ ပညာဂုဏ်က မရှိမဖြစ် လိုအပ်ချက်များ ဖြစ်ပါတယ်။ အာဏာရှင်ခေတ်မှာက လူထုကိုချစ်ဖို့လည်း မလိုသလို လူထုရဲ့အကျိုးစီးပွားတွေ ဘာတွေဆိုတာက အာဏာရှင်ရဲ့ ဖိနှိပ်မှုအောက်မှာ လူထုနဲ့ အတူအခြားသော ရပိုင်ခွင့်နဲ့ အခွင့်အလမ်းများနဲ့အတူ ပြာပြားဝပ်သွားတာ များပါတယ်။ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီဆိုတာ မိုနဲ့မြေလောက် ခြားနားတယ်ဆိုတာ အထူးပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ ဒီမိုကရေစီဆိုတဲ့ စကာလုံးကို လူကြားကောင်းအောင် ပြောနေပြီ စိတ်ဓာတ်က အာဏာရှင်ဆန်နေလို့ မရပါဘူး။ ဒီမိုကရေစီကျင့်စဉ်ဆိုတဲ့ ရည်ရွယ်ချက် မရှိရင်တော့ စောစောစီးစီး နိုင်ငံရေးလောကကနေ ထွက်လိုက် တာ ပိုကောင်းလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီစနစ်မှာက အာဏာရှင်စနစ်မှာလို ငါအာဏာရှိတယ်။ ငါဘာလုပ်လုပ်ရတယ်၊ ဘယ်သူကမှ ငါ့ကို ပြောရဲမှာမဟုတ်ဘူးဆိုပြီး ထင်ရာစိုင်တာ လုံးဝလုပ်လို့မရပါ။ အဲဒါတွေအတွက် နိုင်ငံရေးလောကထဲ ဝင်လာတာဆိုရင် အကြီးအကျယ် ပြဿနာနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒီမိုကရေစီ စီရင်ထုံးတွေနဲ့ လျော်ညီအောင် ရေးဆွဲပြဋ္ဌာန်းထားတဲ့ တရားဥပဒေတွေက အပြစ်ပေးဒဏ်ခတ်တာ ခံရပါလိမ့်မယ်။ ဘယ်နိုင်ငံရေးသမားမဆို သတိထားစေချင်ပါတယ်။ ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေးအရ ရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူး။ စေတနာနဲ့ နိုင်ငံရေးလုပ်တဲ့ လူတွေရဲ့ ကောင်းကျိုးရော လူထုတစ်ရပ်လုံးရဲ့ကောင်းကျိုးလိုလားလို့ ပြောဆိုခြင်းသာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ရည်ကိုယ်သွေးပြည့်မီတဲ့ နိုင်ငံရေးသမားတွေ ဖြစ်စေချင်ပါတယ်။
လူထုကို ချစ်ခင်လေးစားတန်ဖိုးထားရမယ့်အစား မြန်မာပြည်သူလူထု ညံ့တယ်လို့ထင်တဲ့ နိုင်ငံရေးသမား ရှိရင်တော့ အတွေအခေါ်တွေ ပြင်ပါလို့ စေတနာစကာနဲ့ ပြောပါရစေ။ လူထုက နိုင်ငံရေးမသိပါဘူး။ အတွေအခေါ်လဲ နိမ့်ကျပါတယ်။ မဲတောင် ဘယ်လိုထည့်ရကောင်းမှန်း မသိဘဲနဲ့ ရမ်းသန်းပြီးထည့်တယ် ဆိုတဲ့အတွေးတွေ ယောင်လို့တောင် မတွေးကြပါနဲ့။ မြန်မာလူထုက ခေတ်များစွာ ဖြတ်သန်းလာခဲ့ကြသူတွေပီပီ နိုင်ငံရေးနဲ့ ပတ်သက်ရင် သိပ်ကို အကင်းပါး ကြပါတယ်။ ညီညွတ်ရမယ့် ကိစ္စမျိုးမှာအထူးတလည် စည်းရုံးနေစရာမလိုဘဲ အလွန်ညီညွတ်တတ်ကြပါတယ်။ တိုင်ပင် ထားသလို တစ်စိတ်တည်းတစ်ဝမ်းတည်းရှိတတ်ကြပါတယ်။ နိုင်ငံရေးသမားဆိုတာ လူထုကိုအထင်မသေးဖို့ လိုပါတယ်။ ကိုယ်အလုပ်အကျွေးပြုဖို့ တာဝန်ရှိတဲ့ လူထုက အမှန်တကယ် နိုင်ငံရေးနားမလည်ဘဲ အတွေးအခေါ်တွေ ဖြည့်ဆည်းပေးဖို့ လိုအပ်နေတယ်ဆိုရင်တောင် လူထုကို လေးစား တတ်ဖို့ တန်ဖိုးထားဖို့လိုအပ်ပါတယ်။
လူထုရဲ့ အသိတရား မြင့်မားလာအောင် ဦးစီးဦးဆောင်ပြုပြီးမြှင့်တင်ပေးဖို့ တာဝန်လုံးဝရှိပါတယ်။ လူထုကို ညံ့တယ်နိမ့်ကျတဲ့ ဆိုတဲ့အမြင်နဲ့ အထင်သေးအမြင်သေး လုပ်လို့လုံးဝမရပါဘူး။ လုပ်ခွင့်လည်း မရှိပါဘူး။ လူထုက အထင်သေးခံရလည်း သိတယ်။ တန်ဖိုးထားခံရလည်း သိတယ်။ သူတို့ကိုချစ်ရင်လည်း သိပါတယ်။ လူထုကိုမသိလို့ဖြစ်စေ သိလျက်နဲ့ဖြစ်စေ စော်ကားမော်ကား မလုပ်ဖို့လည်း အရေးကြီးပါတယ်။ နိုင်ငံရေး လုပ်တယ် ဆိုတာ လူထုတစ်ရပ်လုံးကို တန်ဖိုး ထားတဲ့ စိတ်နဲ့မှ လုပ်လို့ကောင်းတဲ့အလုပ်ပါ။ နိုင်ငံရေးသမားအဖြစ်နဲ့ အောင်မြင်ချင်တယ်ဆိုရင် လူထုကို အစွမ်းကုန် လေးစား တန်ဖိုးထာတတ်အောင် လေ့ကျင့်ကြရလိမ့်မယ်။
ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မထောက်ခံတဲ့ ပြည်သူတွေက နိုင်ငံတော်သမ္မတကြီးကို ချစ်ခင်လေးစား ကြည်ညိုကြတာ၊ တပ်မတော်သား တွေက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင် ကြည်ညိုကြတာ ဘာ့ကြောင့်ဖြစ်နိုင်သလဲ၊ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတဟာ ရိုးသား ဖြောင့်မတ်သူဖြစ်ပြီးတော့ အပြောင်းအလဲကို အမှန်တကယ် လုပ်မယ့်သူလို့ သူမယုံကြည်ကြောင်း ပြောဆိုခဲ့ပြီးတော့ တပ်မတော်တော်သားဘဝလည်း လတ်တလော အင်တာဗျူးတစ်ခုမှာ အမျိုးသားသူရဲကောင်းဖြစ်တဲ့ ဦးအောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ သူက ဂုဏ်ယူ ကြောင်း ပြောဆိုခဲ့ပါတယ်။ မတူတာတွေရှိပေမယ့် တူတာတွေအကုန် လက်တွဲလုပ်ဖို့ အတိအလင်းထုတ်ဖော်ပြောဆိုထားပါတယ်။
သူတို့နှစ်ယောက်လုံးကို လူထုကချစ်တာ ဘာ့ကြောင့်လဲဆိုတော့ သူတိှု့နှစ်ဦးစလုံးက လူထုကိုချစ်လို့ပါ။ ရဲစွမ်းသတ္တိ ရှိကြသူတွေမို့ပါ။ သမ္မတက နှစ်ငါးဆယ်လောက် အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာတဲ့ တိုင်းပြည်ကို သတ္တိရှိရှိ အပြောင်းအလဲကို အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်ဖို့ကြိုးစားနေတာ တစ်ကမ္ဘာလုံးက ရင်သပ်ရှုမောဖြစ်ရတယ် မဟုတ်ဘူးလား။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိကိုတော့ အထူးတလည် ရှင်းပြနေဖို့ လိုမယ် မထင်တော့ပါဘူး။ နှစ်ပေါင်းများစွာ ဒီမိုကရေစီအတွက် ကြံ့ကြံ့ခိုင်ပြီး စွန့်လွှတ်စွန့်စားခဲ့တာ တစ်ခုတည်းကို ကြည့်ရင်ပဲ ထင်ရှားနေပါပြီ။ လူထုကို တန်ဖိုးထား ပြီးလူထုအကျိုးကို ရိုးသားဖြောင့်မတ်စွာနဲ့ ဆောင်ရွက်နေတဲ့ နိုင်ငံရေးသမားတွေကို လူထုက အသေအချာ ယုံကြည်လက်ခံထားဖို့ ဖြစ်ပါတယ်။
ဒီအချက်ကဘာကို ပြနေလဲဆိုတော့ မြန်မာလူထုက အငြိုးအတေး အာဃာတ လုံးဝကင်းစင်ပြီးတော့ နိုင်ငံရေးအရာမှာ အလွန်းအကင်းပါး ကြတယ်ဆိုတဲ့ သဘောပါပဲ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဒေါ်စုကို ပုံအောပြီး မဲပေးခဲ့တာက လူထုညံ့လို့ ဟုတ်ပါ့မလား။ ညံ့ဖျင်းတယ်ရင် တစ်နိုင်ငံလုံး တိုင်ပင်မထားဘဲ ဘာ့ကြောင့်အကြောင်းအရ တစ်ခုတည်းမှ ညီညွတ်နေရတာလဲ။ ဒေါ်အောင်ဆန်းစုကြည်က ဦအောင်ဆန်းရဲ့ သမီဖြစ်ပါတယ်။ ဦးအောင်ဆန်းရဲ့ ရိုးသားဖြောင့်မတ်မှုကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ လေးစားချစ်ခင်မှုကိုရခဲ့တာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ဟာ လည်း ရိုးသားမှုနဲ့ စေတနာအရာမှာ ဖခင်ရဲ့ခြေရာကို ထပ်ကြပ်မကွာ လိုက်နင်းမဲ့သူပဲဆိုတာ အကြွင်းမဲ့ ယုံကြည်တာကြောင့် တိုင်းပြည်ကို ဆင်းရဲတွင်း ထဲက ဆွဲထုတ်ပေနိုင်မယ့် ခေါင်းဆောင်တစ်ယာက်ဆိုပြီး ယုံကြည်အားကိုးမှုနဲ့ ဒီမိုကရေစီစနစ်ကို ထူထောင်ပေးနိုင်မယ့် ခေါင်းဆောင်တစ်ယောက်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တစ်ခဲနက် ထောက်ခံခဲ့တာပါ။ သမ္မတဦးသိန်းစိန်ကလည်း သမ္မတတာဝန်ယူစကတည်း ယနေ့အချိန်အထိသူရဲ့ ပြည်သူအပေါ်ထားတဲ့ စေတနာမေတ္တာကို ရိုးသားဖြောင့်မတ်စွာနဲ့ ပြသနိုင်ခဲ့ပါတယ်။ လူထုက အခုဒီမိုကရေစီစနစ်ဆီ ဦးတည်တဲ့ အပြောင်းအလဲတွေရဲ့ အသီးအပွင့်တွေကို ဟုတ်တိပတ်တိ မခံစားရပေမယ့် အင်မတန်မှ လိမ္မာပါးနပ်တဲ့ လူထုပီပီသမ္မတကိုယုံကြည်လေးစားစွာနဲ့ ထောက်ခံအားပေးနေကြတာ ကြည့်ရင် မြန်မာလူထုရဲ့ နိုင်ငံရေးအသိစိတ်ဓာတ် ဘယ်လောက်မြင့်မားတယ်ဆိုတာ ရှင်းရှင်း လင်းလင်းကြီးသိနိုင်ပါတယ်။
နိုင်ငံရေးလုပ်မယ့်သူရော လုပ်နေတဲ့သူတွေအနေနဲ့ရော နိုင်ငံရေးလုပ်မယ်ဆိုရင် ကိုယ့်ကိုကိုယ် သေသေချာချာ သုံးသပ်ပါ။ ငါက အတ္တ သိပ်ကြီးတဲ့သူလား။ ရိုးသားဖြောင့်မတ်တဲ့ စိတ်ဓာတ်အခံရှိရဲ့လား လူထုကိုမှန်တကယ် ချစ်ခင်မြတ်နိုး တန်ဖိုးထားရဲ့လား။ နိုင်ငံရေးလုပ်မှာက အကျိုး တစုံတရာမော်ကိုးလို့လား။ အာဏာလိုချင်လို့လား။ ကိုယ်ကျိုးကို (လိုအပ်မှပါ) တကယ်စွန့်ပြီး တိုင်းကျိုးပြည်ကျိုး သယ်ပိုးနိုင်ရဲ့လား စတဲ့မေးခွန်းတွေကို ကိုယ့်ဘာသာကိုယ် ပြန်မေးပါ။ ရိုးသားဖြောင့်မတ်တာသေချာရင် အတ္တနည်းပြီး ရောင့်ရဲတင်းတိမ်တတ်တာ သေချာတယ်။ တကယ်လို့များ အရေးကြုံ ခဲ့ရင် ကိုယ်ကျိုးစွန့်ပြီး တိုင်းကျိုးပြည်ကျိုး လူထုအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်တာ သေချာတယ်။ နိုင်ငံရေးလောကထဲကို ခြေစုံပစ်ပြီး ဝင်လိုက်ပါ။ နိုင်ငံရေးသမားအဖြစ် သေချာပေါက် အောင်မြင်နိုင်ပါလိမ့်မယ်။ ရိုးသားတဲ့ စိတ်အခံနဲ့ လူထုကိုချစ်လို့ မဟုတ်ရင်တော့ နိုင်ငံရေးကို မစဉ်းစားပါနဲ့။ စောစောစီးစီး ဘေးထွက်ပြီး တခြားကိုယ်သန်ရာ တစ်ခုခုလုပ်ရင် အကျိုးများပါလိမ့်မယ်။နိုင်ငံရေးလုပ်လို့ဘယ်တေယ့မှ အောင်မြင်မှာ မဟုတ်တော့ ပါဘူး။
အမေရိကန်သမ္မတကနေဒီရဲ့ ကမ္ဘာကျော်စကားတစ်ခွန်းရှိတယ်။ If you want to go to politics,you must love people.If you cant’t love people, don’t go politics လို့ပြောခဲ့တာပါ။နိုင်ငံရေးလုပ်ချင်ရင် လူထုကိုချစ်ရမယ်။ လူထုကိုမချစ်ရင် နိုင်ငံရေးမလုပ်နဲ့ လို့ဆိုပါတယ်။ တကယ်တော့ နိုင်ငံရေးအလုပ်ဆိုတာ အလွန်မွန်မြတ်သန့်စင်တဲ့ အလုပ်ပါ။ အများပြည်သူရဲ့ အကျိုးစီးပွားကို ကိုယ်ကျိုးမဖက် တတ်စွမ်းသလောက် စွမ်းဆောင်တဲ့ အလုပ်က နိုင်ငံရေး ဖြစ်ပါတယ်။ ဒါ့ကြောင့် တကယ့်နိုင်ငံရေးသမားတွေ သူ့တိုင်းပြည်ကသာမက ကမ္ဘာ့ကပါ ချစ်ခင်လေးစားကြတာပေါ့။ သူတို့ ကိုယ်တိုင်ကလည်း လူထုကို ချစ်ခင်လေးစား တန်ဖိုးထားကြတာကိုး။ လူထုကို တကယ်ချစ်ရင်တော့ ချစ်ဟန်မဆောင်ပါနဲ့။ လူထုက မညံ့ပါဘူး။ လူထုအကျိုး သယ်ပိုးသလိုနဲ့ ကိုယ်ကျိုးမရှာပါနဲ့။ လူထုက မညံ့ပါဘူး။
လောလောဆယ် တိုင်းပြည်မချမ်းသာသေးတာနဲ့ စီးပွားရေးနလန်ထူဖို့ အသည်းအသန် ကြိုးစားနေရသေးတာတောင်မှ လူထုက ယုံကြည် မျှော်လင့်စွာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြတာကို ကြည့်ရင် လူထုက နိုင်ငံရေးမှာ သိပ်ကိုပါးနပ်ပြီး သူတို့ကို ချစ်ခင်လေးစားတဲ့ စိတ်နဲ့တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို သူတို့ကလည်း သိပ်ကိုတန်ဖိုးထားကြတယ်။ ချစ်ခင်လေးစားကြတယ်ဆိုတာ ထင်ရှားပါတယ်။
ဒီတော့နိုင်ငံရေးလုပ်ရင် လူထုကိုချစ်ပါ။ လူထုကိုမချစ်နိုင်ရင်တော့ နိုင်ငံရေးမလုပ်တာအကောာင်းဆုံးပါ။
*****************************************
Google Drive: create, share, and keep all your stuff in one place.