Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၄.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီ အလှတရားနှစ်ပါးကြား ဟန်ချက်ထိန်းဖို့

*****************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီ အလှတရားနှစ်ပါးကြား ဟန်ချက်ထိန်းဖို့

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံရေး အပြောင်းအလဲမှာ ထင်မှတ်ထားသည်ထက် အချိုးအကွေ့များ များပြားလှသည့်အလျှောက် အကောင်းဘက်ကို ဦးတည်သွားစေ နိုင်သည့် ပြုပြင်ပြောင်းလဲမှုအပေါ် နှစ်ထားအားရရှိသလောက် နောက်ပြန်လှိုင်းထိသွားနိုင်သည့် အတွေ့ကိုတော့ စာရေးသူတို့လို ပြည်သူတစ်ဦးအနေဖြင့် စိုးရိမ်မိသည်မှာ အမှန်ပင်ဖြစ်ပေသည်။ ဒီမိုကရက်တိုက်ဇေးရှင်းဆိုသည်မှာလည်း သေချာရေရာမှုမရှိဆိုခြင်းမှာ အမှန်ပင်ဖြစ်သည်။  မြန်မာနိုင်ငံရေး၏ ဖြစ်တန်ရာသော အပြောင်းအလဲကို ခန့်မှန်း၍ ရခဲ့သည့်တိုင် အတိအကျကြီးဖြစ်ထွန်း လာခဲ့သည်တော့မဟုတ်။ မထင်မှတ်သည့် ကိစ္စရပ်များမှာ မထင်မှတ် သည့် အချိန်မျိုးတွင် ပေါ်ပေါက်လာတတ်သည်။

ထင်မှတ်မထားသော ပဋိပက္ခ

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခကို သုံးသပ်ကြည့်လျှင် ယခင်က တင်းမာမှုအနည်းငယ် လောက်သာရှိသည်ဟု ထင်မှတ်ထားခဲ့သော အခြေအနေမှ အကြမ်းဖက်အဆင့်သို့ပင် ရောက်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှာ ဒီမိုကရေစီအကူးအပြောင်းကာလတွင် ပေါ်ထွန်း လာတတ်သည့် မတည်ငြိမ်မှုတစ်မျိုးပင် ဖြစ်သည်။ ယင်းအရေးကြောင့်လည်း နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် အပြစ်တင်ဝေဖန်မှု အတော်ကြီးရှိခဲ့သည်။ တချို့မီဒီယာများဆိုလျှင် သမ္မတဦးသိန်းစိန်မှာ လူအခွင့်အရေးချိုးဖောက်သည့် သမ္မတဟု တံဆိပ်ကပ်ကြသည်အထိပင် ဖြစ်သည်။ ဒီမိုကရေစီအပြောင်း အလဲများကြောင့် နိုင်ငံတကာတွင် မျက်နှာပန်းပွင့်နေသည့် တနည်း တရားဝင်မှုမြင့်တက်လာသည့် နေပြည်တော်အစိုးရမှာ ယင်းကိစ္စကြောင့် လူ့အခွင့် အရေးရှုထောင့်မှ ဝေဖန်ခံခဲ့ရသည်။

ဟန်ချက်ညီဖို့

ပြီးခဲ့သည့် သြဂုတ်လအတွင်း ပြည်ထောင်စုလွှတ်တော်အတွင်း ဖြစ်ပွားခဲ့သည့် ခုံရုံးကိစ္စမှာလည်း ဒီမိုကရက်တစ်ဆန်မှုထက် ပိုလွန်ခဲ့မှုများ ရှိခဲ့ သည့်အတွက် ဒီမိုကရက်တိုက်ဇေးရှင်း နောက်ပြန်လှိုင်းများ ရိုက်ခတ်လာလေမည်လောဟူသော စိုးရိမ်မှုများ ရှိလာခဲ့သည်။ ပင်မရေစီကြောင်း နိုင်ငံရေး ဖြစ်စဉ်သစ်တွင် ဥပဒေပြုအာဏာနှင့် အုပ်ချုပ်ရေးအာဏာကြား အာဏာခွဲဝေမှု ပဋိပက္ခဖြစ်ပေါ်မှုမှာ အမှန်တကယ်ပင် ဒီမိုကရက်တစ်ဆန်သည်ဟု ဆိုရ မည်ပင်ဖြစ်သည်။ ဒီမိုကရေစီ၏ အလှတရားနှစ်ခုတွင် တစ်ခုဖြစ်သည့် အသွင်ကွဲအဆင်ကွဲဖြစ်မှု (Diversity)ကို ရောင်ပြန်ဟပ်မှု အပြည့်ရှိသည်ဟု စာရေး သူ ထင်မြင်မိပါသည်။ သို့သော် ယင်းအသွင်ကွဲအဆင်ကွဲဖြစ်မှုကို ကျန်အလှတရားတစ်ခုဖြစ်သည့် စည်းလုံးညီညွှတ်မှု (unity) ဖြင့် ထေနိုင်ရမည်။ တနည်း ဆိုရလျှင် ဒီမိုကရက်တစ် အလှတရားနှစ်ပါးကြား ဟန်ချက်ညီမှု ရှိကြရမည် ဖြစ်သည်။

အနှိုင်၊ အရှုံး ထွက်သည့်ပွဲ

ယခုဖြစ်ခဲ့သည့် ခုံရုံးကိစ္စမှာ ထိုသို့မဟုတ်။ အနိုင်နှင့်အရှုံး သိသိသာသာကြီး ထွက်အောင်လုပ်သည့်ပွဲလို ဖြစ်ခဲ့သည်။ လွှတ်တော်အတွင်း ငြင်းခုံ ဆွေးနွေးမှုများ၊ မီဒီယာမျက်နှာစာများတွင် ရေးသားမှုများမှာ ဒီမိုကရက်တစ်ယဉ်ကျေးမှု အမြစ်တွယ်စေသည့် လုပ်ရပ်များဖြစ်ခြင်းကြောင့် ကောင်းသည် ဟု ဆိုရမလိုပင်ဖြစ်သော်ငြားလည်း နှစ်ဖက်ညှိနှိုင်းအဖြေရှာမှု ရှိခဲ့သည်တော့မဟုတ်။ အမှန်စင်စစ် မြန်မာနိုင်ငံရေးဖြစ်စဉ်သစ်တွင် အရေးကြီးသည့် အခန်း ကဏ္ဍမှ ပါဝင်ခဲ့သည့် နိုင်ငံတော်သမ္မတနှင့် ပြည်သူလွှတ်တော်ဥက္ကဋ္ဌတို့တွင် ဘုံတူညီချက်ပျောက်နေခြင်းကြောင့် ဖြစ်ရသည့်ကိစ္စရပ်မျိုးတော့ မဟုတ်။ နှစ်ဦးစလုံးတွင် နိုင်ငံကို ပြုပြင်ပြောင်းလဲချင်ကြသည့် ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်များပင် ဖြစ်သည်။ သူတို့၏ စွမ်းဆောင်ချက်များကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ ပင်မရေစီးကြောင်း နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လာခဲ့သည်။ အစိုးရကလည်း ပြုပြင်ပြောင်းလဲရေး အမှန်တကယ် ဆောင်ရွက်နေ သလို လွှတ်တော်ကလည်း ရာဘာတံဆိပ်တုံးထုသည့် လွှတ်တော်မျိုး မဖြစ်ခဲ့ပါ။ နိုင်ငံတော်အကြီးအကဲများက နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေချင်သည့် စေတနာဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ရသည်။

သိမ်မွေ့သည့် အကျိုးစီးပွား

သို့သော်.....ဒီမိုကရက်တစ်အပြောင်းအလဲဟူသည် ကြိုတင်ခန့်မှန်းခဲ့သလို အသေအချာကြီးဖြစ်နိုင်သည့် ခရီးလမ်းမဟုတ်။ နောက်ကြောင်းပြန် လှည့်နိုင်သော အန္တရာယ်များရှိသည့် ခရီးကြမ်းကြီးဖြစ်သည်။ ယင်းနောက်ကြောင်းပြန်နိုင်သည့် အန္တရာယ်လမ်းကြောင်းတို့အနက် ခေါင်းဆောင်များကြား ပဋိပက္ခဖြစ်မှုမှာ တစ်ခုအပါအဝင်ဖြစ်သည်။ လူတို့၏ အကျိုးစီးပွားဟုဆိုလိုက်လျှင် အာဏာနှင့် ငွေကြေး၊ ရုပ်ဝတ္ထုတို့သာ ပြေးမြင်တတ်ကြသည်။ ဂုဏ်သိ က္ခာမှာလည်း သိမ်မွေ့သည့် အကျိုးစီးပွားတစ်ခုပင် မဟုတ်ပါလော။ ပြည်သူလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှာ ယခင် တပ်မတော်အစိုးရလက်ထက်က သမ္မတဦးသိန်းစိန်၏ အထက်တွင်ရှိနေရာမှ ယခု နိုင်ငံရေးအပြောင်းအလဲတွင် ပြောင်းပြန်အနေအထားဖြစ်ခဲ့သည်။ ထို့အပြင် သမ္မတဦးသိန်းစိန်မှာ ဒီမိုက ရက်တစ် အပြောင်းအလဲများကို ဦးဆောင်လုပ်ဆောင်သူဟု ပြည်သူများကရော၊ နိုင်ငံတကာကပါ ချီးကျူးဂုဏ်ပြုခဲ့ကြသည်။ သို့နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှာ သူ၏ ဂုဏ်သိက္ခာအတွက် နိုင်ငံတကာကပါ စိတ်ဝင်စားသည့် ခုံရုံးလိုကိစ္စရပ်မျိုးဖြင့် လွှတ်တော်၏ ဒီမိုကရက်တစ်ဆန်မှုကို ပြသခဲ့သည်။ ထိုသို့ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်နှစ်ဦးကြား ယှဉ်ပြိုင်မှုများရှိနေလျှင် မြန်မာနိုင်ငံရေးတွင် စည်းလုံးညီညွတ်မှု ပျောက်သွားပြီး မယုံကြည်မှုအက်ကြောင်း ရှိလာနိုင်သည်။ ဤကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သည့် ညှိညှိနှိုင်းနှိုင်းဖြေရှာရန် တိုက်တွန်းချက်ကိုတော့ စာရေးသူအနေဖြင့် အပြည့်အဝ ထောက်ခံပါသည်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရင့်ကျက်ဖို့နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဟူသော ပန်းတိုင်ကို သွားနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်လေရာ တစ်ဖက်က နိုင်ငံရေးအားစုများကြား ဒီမိုကရေစီအလှတရား နှစ်ပါးဖြစ်သည့် အသွင်ကွဲအဆင်ကွဲဖြစ်မှုသာမက စည်းလုံးညီညွတ်မှုရှိရန် လိုအပ်သလို တစ်ဖက်၌လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်သွားနိုင်ရမည်ဖြစ်ပါကြောင်း…။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment