Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၆.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံရေးဇာတ်ခုံပေါ်က ဓမ္မနှင့် အဓမ္မ

*****************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံရေးဇာတ်ခုံပေါ်က ဓမ္မနှင့် အဓမ္မ

ထက်မြတ်

စက်တင်ဘာ ၁၅ ရက်နေ့ထုတ် First Weeklt Journal မှ ဆောင်းပါးရှင်ထက်မြက်ဆောင်းပါးမှ ကောက်နှုတ်ချက်

ဂရိဒဿနိကပညာရှင်အရစ္စတိုတယ်က လူသည်နိုင်ငံရေးသတ္တ၀ါ ဖြစ်သည်ဟု သူ၏ နိုင်ငံရေးဆိုသောကျမ်းတွင် ရေးသားခဲ့ဖူးသလို ဂျာမန် နိုင်ငံရေးသမားလည်းဖြစ် ၀န်ကြီးချုပ်လည်းဖြစ်ခဲ့ဖူးသော ဘစ်စမတ် က ၁၈၈၄ ခု မတ်လ ၁၅ ရက်တွင် “နိုင်ငံရေးသည် သိပ္ပံပညာတစ်ခု မဟုတ်၊ နိုင်ငံရေးသည် အနုပညာတစ်ရပ်ဖြစ်သည်ဟု ရစ်ခ်ျစတတ်လွှတ်တော်တွင် မိန့်ခွန်းပြောခဲ့ဖူးလေသည်။ လူ့သမိုင်းဖြစ်ပေါ်မှုတွင် နိုင်ငံများ ပေါ်ပေါက်လာခြင်း လူတို့၏ အသိရေချိန်တိုးတက်လာခြင်း စသောဖြစ်ထွန်းတိုးတက်မှုများအောက်၌ နိုင်ငံရေးစတင်ဆောင်ရွက်လာသည်။ နိုင်ငံရေး ဆိုသော ဝေါဟာရ လည်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုအချိန်၌ လူ၏ဖြစ်ပေါ်မှုအရ ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့် အရင်းပေါ်တွင် မူတည်ကာ လူတန်းစား ခွဲခြားမှုများ ဖြစ်ပေါ်လာသလို လူတန်းစားတိုက်ပွဲများ ဖြစ်ပေါ်လာ၏။ ထိုဖြစ်စဉ်များကို သမိုင်းဖြစ်ပေါ်မှုအရ လူသားတို့ မလွဲမသွေ ဖြတ်ကျော်ခဲ့ရသည်။ ထိုဖြစ်စဉ်များမှာ ပုဂ္ဂလိက ပိုင်ဆိုင်မှုစကတည်းက ယနေ့အထိ နေ့စဉ် နာရီမလပ်ဖြစ်ပေါ်နေသည်။ လူ့သမိုင်းသည် လူတန်းစားတိုက်ပွဲသမိုင်း ဖြစ်လာသည်။ လူတွင် ပုဂ္ဂလိကပိုင်ဆိုင်မှုရှိနေသေးသ၍ လူတန်းစားခွဲခြားမှုနှင့် လူတန်းစားတိုက်ပွဲ ရှိနေလိမ့်မည်။ ထိုကိစ္စမှာရှောင်လွှဲမရသော သမိုင်းဖြစ်ပေါ်မှုပင်။

ထို့ကြောင့် နိုင်ငံရေးဆိုသည်မှာလည်း လူတို့မရှောင်မလွှဲသာ ပါဝင်လှုပ်ရှားရမည့် သမိုင်းရေးဖြစ်ပေါ်မှုတစ်ခုအဖြစ် နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ နိုင်ငံရေးကို နားလည်သဘောပေါက်မှုမရှိလျှင် လူသည်နောက်ကျကျန်ရစ်ပေလိမ့်မည်။ နိုင်ငံရေးကို နားလည် သဘောပေါက်ဖို့ လိုအပ် ပါသည်။ နိုင်ငံရေးကို နားလည်သဘောပေါက်သူသည် တိုင်းပြည်တိုးတက်အောင် လုပ်နိုင်သော နိုင်ငံရေးသမား ဖြစ်လာပေလိမ့်မည်။ နိုင်ငံအတွက် အားကြိုးမာန်တက်လုပ်နိုင်သော နိုင်ငံရေးသမား ဖြစ်လာပေမည်။ နိုင်ငံရေးကိုနားမလည်ဘဲ မိမိတို့၏ ကိုယ်ကျိုးစီးပွားအတွက်သာ နိုင်ငံကို အုပ်ချုပ်ခဲ့သော လူများမှာ နိုင်ငံရေးကို အပြင်းအထန်ဆန့်ကျင် ကြသည်။ နိုင်ငံရေးကို နားမလည်သူ သို့မဟုတ် နိုင်ငံရေးကို ဆန့်ကျင်သူသည် နိုင်ငံရေးသမားလည်း မဟုတ်၊ နိုင်ငံရေးခေါင်းဆောင်လည်းမဟုတ်၊ နိုင်ငံကိုအကျိုးပြုသူ လည်းမဟုတ်ဘဲ တစ်ကိုယ်ကောင်းအကျိုးရှာသူ တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ ထိုသို့ နိုင်ငံရေးကို ဆန့်ကျင်သူတွင် အာဏာရှင်များမှာ ထိပ်ဆုံးက ပါဝင်လေသည်။

နိုင်ငံရေးလှုပ်ရှားမှုများမှာ နာမည်နှင့် လိုက်လျောညီထွေအောင် နိုင်ငံ့အေ&းအတွက် လှုပ်ရှားဆောင်ရွက်မှုများ ဖြစ်၏ နယ်ချဲ့သမား၏ ကျွန်ပြု ခံနေရလျှင် နယ်ချဲ့သမားလက်အောက်မှ လွတ်မြောက်အောင်ဆောင်ရွက်သော လှုပ်ရှားမှုများဖြစ်သည်။ ပြည်သူပြည်သားများနှင့် တိုင်းပြည် လွတ်မြောက်ရေးအတွက် အားကြိုးမာန်တက်ဆောင်ရွက်သော နိုင်ငံရေးလုပ်ငန်းသည် မွန်မြတ်သောလုပ်ငန်းအဖြစ် နားလည်ကြသည်။ နိုင်ငံရေးသမား ဖြစ်ရန် စွန့်လွှတ်အနစ်နာခံဖို့ ကိုယ်ကျိုးစီးပွားမငဲ့ဖို့ တိုင်းပြည်အတွက် မိမိအသက်ကိုပေးဖို့ အသင့်ဖြစ်ရမည်။ မည်သည့်တိုင်းပြည်တွင်မဆို တစ်ကယ့် နိုင်ငံရေးသမားများမှာ မိမိကိုယ်ကျိုးစီးပွား စွန့်လွှတ်ခဲ့သူများဖြစ်ကြသည်။ မြန်မာ့နိုင်ငံရေးသမိုင်း၌လည်း ထိုသို့ အသက်စွန့်ခဲ့သော နိုင်ငံရေးသမားများကို အာဇာနည်များ ဟုပြည်သူက သတ်မှတ်လေသည်။ ဥပမာ-ဂျူလိုင် ၁၉ ရက်က အသက်ပေးခဲ့သော အာဇာနည်ခေါင်း ဆောင်ကြီးများ။

နိုင်ငံရေးသည် မြင့်မြတ်သော အလုပ်၊ သန့်စင်သောအလုပ်အဖြစ်သတ်မှတ်ထားသော်လည်း လူတို့၏လောဘ၊ ဒေါသနှင့် အာဏာမက်မောမှု တို့ကြောင့် နိုင်ငံရေးနယ်ပယ်တွင် တရားမဲ့မှုနှင့် တရားရှိမှု၊ ယုတ်ညံ့မှု ကောင်းမြတ်မှု၊ ဓမ္မနှင့်အဓမ္မတို့ ဖြစ်ပေါ်လာခဲ့ကြလေသည်။ အတိုက်အခံများအပေါ် အာဏာရပါတီနှင့် အစိုးရအဖွဲ့ကဖိနှိပ်ညှဉ်းပန်းမှုများ ဖြစ်လာခဲ့ကြသည်။ တစ်ချိန်တည်းတွင် မိမိတို့မလိုလားသော ခေါင်းဆောင်များကို လုပ်ကြံ သတ်ဖြတ်မှုများလည်း ဖြစ်လာသည်။ ထိုသည်မှာ ဓမ္မနှင့် အဓမ္မ ကွဲပြားလာခြင်းဖြစ်သည်။ အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်မှုများသည် အဓမ္မလုပ်ရပ်များ ဖြစ်၏။ ၁၉၄၇ ခုနှစ် ဂျူလိုင် ၁၉ ရက်က ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည်ခေါင်းဆောင်ကြီများကို အတိုက်အခံ ဂဠုန်ဦးစောက သူမွေးမြူထားသော လူသတ်သမားများစေလွှတ်ကာ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကို အကြမ်းဖက်နည်းဖြင့် ဖယ်ရှားကာ သူအာဏာရရေး နိုင်ငံခေါင်းဆောင်ဖြစ်ရေးကို အကြံပက်စက်စွာဖြင့် ဂဠုန်ဦးစော ကြံစည်ခဲ့ခြင်း ဖြစ်ပါသည်။ ပဒေသရာဇ်ခေတ်က ဘုရင်သတ်လျှင် ဘုရင်ဖြစ်သည်ဆိုသော အမြင်မျိုးဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ပုံရပါသည်။ အရင်းရှင်ခေတ်၌ ထိုကဲ့သို့သော ပဒေသရာဇ် အာဏာရယူမှုမျိုး မရှိတော့ပေ။ လူထု၏ဆန္ဒသည် အခြေခံ အဖြစ် စတင်လာခဲ့ပါသည်။ ထိုနိုင်ငံတော်လုပ်ကြံမှုကြီးကို လူထုကပင်ဖော်ထုတ်ပြီး တိုင်းပြည်ဖရိုဖရဲ မဖြစ်အောင် ကျန်ရှိနေသော ခေါင်းဆောင်များက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့သည်။

အိန္ဒိယနိုင်ငံ၌လည်း ထိုကဲ့သို့လုပ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။ အိန္ဒိယ အမျိုးသားခေါင်ေးဆာင်ကြီး မဟတ္တမဂန္ဒီကို ဟိန္ဒူအစွန်းရောက်ဝါဒီ တစ်ယောက်က လုပ်ကြံသတ်ဖြတ်ခဲ့သော်လည်း အဓမ္မမှုမှာ အသာစီးရမသွားဘဲ ဂျဝါဟာလာနေရူးက လွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ သည်။ စင်စစ်အားဖြင့် အဓမ္မမှုမှာ နိုင်ငံရေးဇာတ်ခုံပေါ်တွင် အသာစီးမရနိုင်ပေ။ အဓမ္မသမားများက နိုင်ငံရေးအာဏာကို ရယူထားသည့်တိုင် ထိုအာဏာမှာ ရေရှည်ခိုင်မြဲမည်မဟုတ်ပေ။ ဘဝနိုင်ငံရေး ဇတ်ခုံပေါ်တွင်လည်း အဓမ္မနိုင်ငံရေးအာဏာ ရယူထားသူများမှာ ရေရှည်ခိုင်မြဲမည့်သူများ မဟုတ်ပေ။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ဓမ္မနှင့် အဓမ္မ လွန်ဆွဲပွဲများ အများအပြားဖြစ်ခဲ့ပါသည်။ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးသော ၁၉၄၈ မှ ၁၉၆၂ ကာလအတွင်း မသမာမှုများ အဓမ္မဖြစ်ရပ်များ အများအပြား ပေါ်ထွက်ခဲ့သည်။ ဖဆပလ အစိုးရသည် မိမိအာဏာရရှိရေးအတွက် ရွေးကောက်ပွဲများတွင် မဲလိမ်၊မဲခိုးမှုများ အများအပြား ပြုလုပ်ခဲ့၏။ ရွေးကောက်ပွဲများတွင် အတိုက်အခံ ပမညတ အဖွဲ့ဝင်များနှင့် အမတ်လောင်းများကို နေခင်းကြောင်တောင် သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့သည်။ ငါန်းဇွန်ခြောက်လောင်းပြိုင်၊ မင်းလှလေးလောင်းပြိုင် စသော နိုင်ငံရေးလူသတ်မှုများမှာ မြန်မာ့နိုင်ငံရေးဇတ်ခုံတွင် အလွန်အရုပ်ဆိုး အကျဉ်းတန်လှသည်။ ဖျာပုံ၊ မိတ္တီလာ၊ ပျဉ်းမနား၊ တောင်သာ စသည့် ဒေသများမှာ ဖဆပလလူမိုက်များနှင့် နယ်ခံဗိုလ်ကျသူများက တစ်ဗိုလ်တစ်မင်းအဖြစ် အုပ်ချုပ်ကာ အတိုက်အခံများကို ကိုယ်ထိလက်ရောက် ရိုက်နှက်ညင်းပန်းခြင်း၊ သူတို့၏ ခါးပိုက်ဆောင် ယန္တရားများကို အသုံးချကာ အပြစ်ရှာဖမ်းဆီးထောင်ချခြင်း၊ တစ်ချို့ဆိုလျှင် နေ့ခင်းကြောင်တောင် သတ်ဖြတ်ခြင်းများဖြင့် အဓမ္မမှုများ ပြုလုပ်ခဲ့ကြသည်။ ဖဆပလလူမိုက်များ၏ ရက်စက်မှုများတွင် မြိတ်မှ ဆီတောင်အိုင် လူသတ်မှုကြီးဆိုလျှင် အလွန် ထင်ရှားလေသည်။ လူပေါင်း ၂၀ ကျော်ကို စက်လှေဝန်းထဲ၌ ထည့်ပိတ်ကာ ပင်လယ်ထဲတွင် သေနတ်များဖြင့် ပစ်သတ်၍ ရေထဲမျှောပစ်ခဲ့၏။ ထိုအမှုမှာ တရားခံရှာမရဘဲ တရားခံမဖော်နိုင်ဘဲ အမှုပိတ်ရမလိုပင် ဖြစ်ခဲ့ဖူးသည်။ နိုင်ငံရေးနယ်ပယ်တွင် အာဏာအတွက် ထိုကဲ့သို့ ရက်စက်သော အဓမ္မမှုများကို ကျင့်သုံးခဲ့ကြသည်။ တချိန်တည်းတွင် ဓမ္မကိုအလေးထားသော နိုင်ငံရေးသမားများ မျိုးချစ်ပုဂ္ဂိုလ်များကလည်း တရားမျှတစွာ တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့ကြသည်။

ဆရာကြီးသခင်ကိုယ်တောင်မှိုင်းသည် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဦးဆောင်ခဲ့သည်။ ထို့အပြင် ကမ္ဘာငြိမ်းချမ်းရေး အတွက်လည်း ပါဝင်ခဲ့၏။ ဆရာကြီး၏ ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ နိုင်ငံရေးလှုပ်ရှားမှုပင်ဖြစ်သည်။ သို့သော် နိုင်ငံရေးအာဏာရယူရန် လှုပ်ရှားခြင်းမဟုတ်။ တိုင်းပြည်တွင် ဖြစ်ပေါ်နေသော ပြည်တွင်းစစ်ရပ်စဲရန်ဖြစ်သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ပြည်တွင်းငြိမ်းချမ်းရေးကော် မတီတွင် စာရေးဆရာ အများအပြား ပါဝင်သည်။ လွတ်လပ်ရေးတိုက်ပွဲဝင် မျိုးချစ်ဟောင်းများလည်း ပါဝင်၏။ နိုင်ငံရေးသမားများလည်း ပါဝင်လေသည်။ ကိုယ်ကျိုးမဖက်သော လွတ်လပ်သော အဖွဲ့အစည်းကြီးအဖြစ် မြန်မာနိုင်ငံရေးလောကတွင် ထင်ရှားခဲ့သည်။ ထိုငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ဓမ္မဖြစ်လေသည်။

ကမ္ဘာနိုင်ငံအသီးသီးရှိ နိုင်ငံရေးလှုပ်ရှားမှုတိုင်းတွင် ဓမ္မနှင့် အဓမ္မမှာ ဒွန်တွဲလျက်ရှိ၏။ မီဒီယာများ၏ ဖော်ထုတ်ဖွင့်ချမှုကြောင့် ကမ္ဘာပြည်သူများ သိရှိခဲ့သော နိုင်ငံရေးအဓမ္မတစ်ခုမှာ ဖိလစ်ပိုင်မှာ ဖာဒီနန်မားကို့စ်၏ လုပ်ကြံသတ်ဖြတ်မှုတစ်ခုဖြစ်သည်။ မားကို့စ်သည် သူ့အား ပြတ်ပြတ်သားသား ရင်ဆိုင်၍ အတိုက်အခံလုပ်နေသော အတိုက်အခံခေါင်းဆောင် ဗီနန်နို အာကွီနို လုပ်ကြံသတ်ဖြတ်မှုဖြစ်၏။ အာကွီနိုသည် ဖိလစ်ပိုင်တွင် လူထု ထောက်ခံ မှုရှိသော လူထုခေါင်းဆောင်တစ်ဦးဖြစ်ရာ မားကို့စ်က ပြည်နှင်ဒဏ်ပေးခဲ့သည်။ သို့သော် အာကွီနိုက လူထုဘက်ကပင်ရပ်တည်ကာ မားကို့စ်ကို ဆန့်ကျင် ခဲ့သည်။ အမေရိကန်တွင် အတန်ကြာနေကာ ဖိလစ်ပိုင်သို့ အပြန် လေယဉ်ပေါ်မှ အဆင်း၌ မားကို့စ် စေခိုင်းထားသော လူသတ်သမားများက လေဆိပ်၌ပင် အာကွီနိုကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ကာ လုပ်ကြံခဲ့လေသည်။ ထိုအဖြစ်မှာ ကမ္ဘာကျော်သွားသည့် ထင်ရှားသော နိုင်ငံရေးအဓမ္မမှု ဖြစ်ပါသည်။ ထိုသို့ နိုင်ငံရေးအဓမ္မမှုများကို အများဆုံးပြုလုပ်သူများမှာ အာဏာရှင်များနှင့် စစ်အာဏာရှင်များဖြစ်ကြသည်။ ချီလီနိုင်ငံမှ ဗိုလ်ချုပ်ကြီး ပီနိုချေးမှာလည်း လူထုက ရွေးကောက်ထားသော သမ္မတ အာရန်ဒေးနှင့် အစိုးရအဖွဲ့ကိုသတ်ဖြတ်ကာ အာဏာသိမ်းယူထားသည်မှာ လည်း ထင်ရှား ပါသည်။ အင်ဒိုနီးရှားမှာ ဗိုလ်ချုပ်ကြီး ဆူဟာတို၏ ၁၉၆၅ခုနှစ် စစ်တပ်မှ အာဏာသိမ်းပွဲမှာ လည်း လူအများအပြားကို သွေးချောင်းစီးစေခဲ့ခြင်းဖြင့် လူ့အခွင့်အရေးလှုပ်ရှားမှုတွင် ထင်ရှားမှတ်တိုင်တစ်ခု ဖြစ်သည်။ ထိုကဲ့သို့ နိုင်ငံရေးအဓမ္မမှုများကို အာရှတိုက်တွင် အများအပြားတွေ့ရပါသည်။ ပါကစ္စတန်တွင် ဝန်ကြီးချုပ် အလီဘူတိုကို ကြိုးပေးကွပ်မျက်ခြင်းဖြင့် အဓမ္မမှုကို အာဏာသိမ်းစစ်အစိုးရက ကျင့်သုံးခဲ့၏။  ထို့နောက်အလီဘူတို၏ သမီး ဘင်နာဇီရာဘူတိုကိုလည်း အစ္စလာမ်မစ်အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ကာ အဓမ္မမှုကို ကျူးလွန်ခဲ့ပြန်သည်။ အင်ဒိုနီးရှားတွင် ကွန်မြူနစ် များကို စစ်အစိုးရက သွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့သော အဓမ္မမှုများရှိသလို ကမ္ဘောဒီးယားတွင်လည်း ခမာနီများက အတိုက်အ ခံများနှင့် ပြည်သူ များစွာကို သတ်ဖြတ်ခဲ့သော အဓမ္မမှုများရှိလေသည်။ ထိုသို့ အဓမ္မမှုများမှာ သမိုင်းတွင် အလွန်အရုပ်ဆိုး အကျဉ်းတန်လှလေသည်။ ထိုကဲ့သို့ပင် ကျွန်တော်တို့၏ နိုင်ငံရေးဖြစ်စဉ်ထဲတွင်လည်း အရုပ် ဆိုးလှသော ၁၉၆၂ ခုနှစ် ဇူလှိုင် ၇ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားများကို ရာနှင့်ချီ၍ သတ်ဖြတ် ပစ်ခဲ့သော အာဏာသိမ်းစစ်အစိုးရ၏ အဓမ္မမှုမှာလည်း မြန်မာ့သမိုင်းတွင် ယနေ့ထက်တိုင် အမဲစက်ကြီးအဖြစ် စွန်းထင်ခဲ့လေသည်။ တရားမဲ့စွာ ပြုကျင့်ခဲ့သော နိုင်ငံရေးပြစ်မှုများရှိသလို နိုင်ငံရေးဇတ်ခုံပေါ်တွင် တရားမျှတမှု ဓမ္မကိုလက်ကိုင်ပြုပြီး အခိုင်အမာရပ်တည်ခဲ့သည့် မဟတ္တမဂန္ဒီလို ပုဂ္ဂိုလ်များ ရှိခဲ့သည်မှာလည်း ဂုဏ်ယူစရာ ဖြစ်ပါသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးမှ နိုင်ငံရေးခေါင်းဆောင်များသည် ရှေ့အနာဂတ် တွင် ဓမ္မနှင့်အဓမ္မကို ခွဲခြားကျင့်သုံးရန်လိုအပ်သည်။ အဓမ္မလမ်းစဉ်လိုက်သူများမှာ သမိုင်းတွင်လည်း နာမည်ဆိုးဖြင့် ကျန်ရစ်မည်ဖြစ်သလို လက်ရှိတွင်လည်း လူအများ၏ အော့နှလုံးနာ ရွံရှာခြင်းကို ခံရပေမည်။ ဓမ္မကိုပဲ ကိုင်စွဲမလား၊ အဓမ္မလမ်းကြောင်းကိုပဲ လိုက်မလားဆိုသည်ကို တိုင်းပြည်ခေါင်း ဆောင်များ၊ နိုင်ငံရေးသမားများ သတိနှင့်ယဉ်ပြီး ရွေးချယ်ရမည့် လမ်းပင်ဖြစ်ပါတော့သတည်း။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment