Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၈.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီတည်ဆောက်ရေလမ်းကြောင်းပေါ်က လူနည်းစု တိုင်းရင်းသားများအရေး

*****************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီတည်ဆောက်ရေလမ်းကြောင်းပေါ်က လူနည်းစု တိုင်းရင်းသားများအရေး

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် ကြိုတင်မျှော်မှန်းမထားသည့် တစ်ကမ္ဘာလုံး စိတ်ဝင်တစားနှင့် စောင့်ကြည့်နေရသည့် အရေးမှာရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာအရေးပင် ဖြစ်သည်။ မြန်မာနိုင်ငံသည် ယခင်က လူ့အခွင့်အရေး ချိုးဖောက်သည့် နိုင်ငံအဖြစ် မြောက်ကိုရီးယားနှင့် တစ်တန်းတည်းထား ခိုင်းနှိုင်းဖော်ပြခံရသည့် နိုင်ငံဖြစ်ပါသည်။ ယခု သမ္မတဦးသိန်းစိန်မှာ မျက်နှာစာနှစ်ဖက်ရှိသည့် သမ္မတလို ဖြစ်နေရသည်။ တဖက်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများကို ရဲရဲဝင့်ဝင့် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေး သမ္မတတစ်ဦးအဖြစ် နိုင်ငံတကာ၏ ဂုဏ်ပြုချီးကျူးမှုကိုခံရသည့် အကောင်းဘက်အခြမ်း ဖြစ်ပြီး ကျန်တဖက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူမျိုးတုံး သုတ်သင်မှုများကို လုပ်ဆောင်နေ သည့် သမ္မတတစ်ဦးဟုမှားယွင်းစွာ နိုင်ငံတကာမီဒီယာများက ဝေဖန်ထိုးနှက်ကြလေသည်။

`ဤအရေးမှာ မြန်မာ့ဒီမိုကရက်တိုက်ဇေးရှင်း အောင်မြင်မှု ရှိနိုင်၊ မရှိနိုင်ဆိုခြင်းနှင့်လည်း သက်ဆိုင်နေသည်။ ရွေး ကောက်ပွဲဒီမိုကရေစီမှ ရင့်ကျက်သည့် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနေသည့် မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုက်ဇေးရှင်း အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် နိုင်ငံတည်ဆောက်ရေး (state building) သာမကအမျိုးသားတည်ဆောက်ရေး (nation building)ကိုပါ ဆောင်ရွက်ရမည့် သဘောပင်ဖြစ်သည်။ ယခုရခိုင်ပြည်နယ်တွင် ဖြစ်ပွား နေသည့် လူမျိုးရေး ပဋိပက္ခမှာ တိုင်းရင်းသားလူမျိုးများကြား ဖြစ်ပွားနေသည့် တင်းမာမှုနှင့် သဘောသဘာဝခြင်းမတူညီသည့်တိုင် သဘောထားကြီးကြီး ချင့်ချင့်ချိန်ချိန် ဆောင်ရွက်ရမှုအပိုင်းတွင်တော့ တူညီသင့်သည်ဟု သုံးသပ်မိပါသည်။ တနည်းဆိုရလျှင် ယခုပဋိပက္ခကို ဖြေရှင်းသည့်ပုံစံမှာ အမျိုးသား တည်ဆောက်ရေးဖြစ်စဉ်တစ်လျှောက် ကြုံတွေ့လာနိုင်ဖွယ်ရှိသည့် ပဋိပက္ခများအား ဖြေရှင်းရာ တွင် စံနမူနာယူထိုက်သည့် ပုံစံဖြစ်သင့်ပါ သည်။

ရခိုင်တွင်ဖြစ်ပွားသည့် အရေးအခင်းကို မပြောမီဦးစွာ ပထမလူနည်းစု တိုင်းရင်းသားလူမျိုးများနှင့် မြန်မာလူမျိုးများ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတွင် မည်သို့အတူတကွ ပူးတွဲနေထိုင်သနည်းဆိုခြင်းကို စာရေးသူဘဝနှင့်ယဉ်၍ သုံးသပ်ကြည့်မိသည်။ မြန်မာလူမျိုး အများဆုံးနေသည့် ထုံစံအတိုင်းပင် မြန်မာလူမျိုး၏ စာပေ၊ အနုပညာနှင့် နိုင်ငံတော်၏ အစိတ်အပိုင်း (apparatus) တော်တော်များများတွင် လွှမ်းမိုးကြီးစိုးလျက် ရှိနေသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည့် တရားဥပဒေစိုးမိုးမှုကိုလက်တွေ့ကျင့်သုံးနိုင်ရန် ကြိုးစားနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လေရာ ဒီမိုကရက်တစ်မူများအတိုင်းပင် လူများစုဆန္ဒဖြင့် အုပ်ချုပ်ရမည် ဆိုသော်ငြားလည်းလူနည်းစု၏ အခွင့်အရေးကိုပါ အလေးထား ကာကွယ် ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူမျိုးရေးခွဲခြားမှု မရှိခြင်းကိုက အမျိုးသားအမှတ်အသား သရုပ်လက္ခဏာ ဖြစ်နေသော်လည်း လူနည်းစု အခွင့်အရေးကို အလေးထား ကာကွယ်ပေးသည့်အပိုင်းမှာတော့ အတော်ကြီးအားနည်းပေသည်။ ဤသည်ကိုကပင် လူမျိုးရေးတင်းမာမှုကိုအစဖော်ထုတ်ရန် လမ်းစလို ဖြစ်နေပေတော့သည်။ တနည်းဆိုရလျှင် နိုင်ငံတကာအချို့မီဒီယာများမှ ဆိုသလို၊ မြန်မာ့အရေး ကျွမ်းကျင်သူများဟုဆိုပြီး တိုင်းရင်းသားလူမျိုးရေး ပဋိပက္ခကို လိုအပ်တာထက် ပိုပြီးပိုကြီးချဲ့ပြသလိုမြန်မာနှင့် တိုင်းရင်းသားလူမျိုးများကြား တင်းမာမှုမှာညှိမရအောင် လွဲနေသည့်ကိစ္စရပ်မျိုးတော့ မဟုတ်။ သို့သော် လွယ်လွယ်ကူကူနှင့်လည်းညှိရမည်မထင်ပါ။ ဤနေရာတွင် အရေးကြီးသည်မှာ သဘောထားကြီးမှုဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆန္ဒများကို မျိုးသိပ်ထားမည်ဆိုသည့် စိတ်အခံမျိုးကိုမွေးမြူထားဖို့တော့ လိုအပ်မည်မှာ အမှန်ပင်ဖြစ်သည်။

စာရေးသူ၏ ပုဂ္ဂိုလ်ရေးအတွေ့အကြုံကိုပြောရလျှင် စာရေးသူမှာ မြန်မာမိဘနှစ်ဦးစလုံးမှ ပေါက်ဖွားလာသူပင်ဖြစ်ပြီး မြန်မာအများစုနေထိုင်ရာ မြို့နှင့် မြို့နယ်တို့တွင် ငယ်စဉ်ဘဝကတည်းက နေထိုင်ခဲ့သည်။ ကျောင်းတတ်သည့်အခါ၌လည်း မြန်မာအများစုတတ်သည့် ကျောင်းတွင်တတ်ခဲ့ပြီး သင်သည့်စာများမှာလည်း မြန်မာယဉ်ကျေးမှုကိုသာ ဇောင်းပေးရုံမျှမက သမိုင်းဆိုင်ရာ နားလည်မှုမှာလည်း မြန်မာအဓိက အမြင်သာရှိခဲ့သည်။ စာဖတ်ဝါသနာပါသည့် အရွယ်မှစတင်၍ ဖတ်ခဲ့သည့် ဝတ္ထုများ၊ စာပေများမှာလည်း မြန်မာယဉ်ကျေးမှုသာ ဗဟိုပြုရေးသားထားသည်များကို ဖတ်ရှုခဲ့ရခြင်းကြောင့် မြန်မာယဉ်ကျေးမှုသည် နိုင်ငံတွင် ပင်မရေစီကြောင်းယဉ်ကျေးမှုဖြင့် သိမှတ်နားလည်ခဲ့သည်။ သို့သော် စာရေးသူ၏ မိဘနှစ်ဦးမှာ တိုင်းရင်းသား လူမျိုးများကို အခြားသောသူများ(the others)အဖြစ် မည်သည့်အခါမှ သွန်သင်ခဲ့ခြင်းမရှိပါ။ ကံအားလျှော်စွာ ကျောင်းတွင်လည်းဆရာ၊ ဆရာမများက ထိုသို့ ခွဲခြားဆက်ဆံရန် ဆိုဆုံးမခြင်းမရှိခဲ့ပေ။ ထို့အတွက်ကြောင့် စာရေးသူတွင် တိုင်းရင်းသားသူငယ်ချင်းများရော၊ ခရစ်ယာန်၊ မွတ်ဆလင် သူငယ်ချင်းများပါ ရှိသည်။ သို့သော် ဤသည်မှာလည်းလက်ရှိ နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ လူမှုရေး တည်ဆောက်ချက်များကြောင့်သာလျှင် ဖြစ်သည်။ ယခုအချိန်အခါတွင် နိုင်ငံအဆင့်ကျင်းပပြုလုပ်နေသည့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲမျိုးတွင် တိုင်းရင်းသားလူမျိုးတစ်ဦးဦးမှ သူ၏ ဘာသာစကား၊ ဂီတတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှုအပေါ်တွင်တော့ စာရေးသူ၏ သိမြင်နားလည်မှု ထူးခြားသွားနိုင်သည်။ ယင်းမှာ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုကို အလေးမထားလိုသည့် သဘော၊ လက်မခံလိုသည့် သဘောမဟုတ်ဘဲ လွှမ်းမိုးကြီးစိုးဆဲ ယဉ်ကျေးမှုအား နေ့စဉ်လူမှုဘဝတွင် သာမာန်ဖြစ်အောင် လုပ်ထား (normali zation) ခြင်းကြောင့် ထိုသို့ ထူးခြားသွားနိုင်သည်ဟုသုံးသပ်ရခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် နိုင်ငံတော်မှ လူနည်းစု တိုင်းရင်းသား များ၏ ဆန္ဒနှင့် ယဉ်ကျေးမှုကိုအလေးထားသည့် အနေအထားများကိုနေ့စဉ်လူမှုဘဝတွင် ကြုံတွေ့နေရအောင် တနည်းသာမာန်ဖြစ်အောင် ဆောင်ရွက် သွားနိုင်ခြင်းမျိုးကို လူမှုရေးပြောင်းလဲမှုဖြစ်စဉ် (socialization) အဖြစ်ဆောင်ရွက်သွားမှ ဒီမိုကရေစီ၏ မတည့်အတူနေဟူသော သဘောကို ကျကျနန ကျင့်သုံးနိုင်ရာ ရောက်မည်။

                ရခိုင်တွင်ဖြစ်ပွားခဲ့သည့် ကိစ္စတွင်လည်းခါးသီးသည့် အမှန်တရားများကိုအမျိုးသားတည်ဆောက် ရေးရည်မှန်းချက်ဖြင့် မျိုသိပ်ထားနိုင်ကြရန် ပါဝင်နေသည့် stakeholder များအားလုံးအပေါ် အထူးတိုက်တွန်းလိုပါသည်။ အားလုံးလုံခြုံသည့် အနေအထားကို ဦးစွာဖော်ဆောင်နိုင်ဖို့ လိုမည်။ ယခု အရေးအခင်းကို လူသားချင်း စာနာထောက်ထားသည့်ဘက်မှလည်း ကြည့်ရမှာဖြစ်သလို အမျိုးသားလုံခြုံရေးရှုထောင့်ဖြင့်လည်း ကြည့်ရှုကာ ဟန်ချက် ညီညီ ဆောင်ရွက်သွားစေချင်သည်။ မြန်မာ့ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်ကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်စေရန်အတွက် ဖြစ်ပါသည်။

 

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment