Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၅.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြောက်ကိုရီးယားတွင် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးစတင်မည်

(24 September 2012 ရက်စွဲပါ BBC Newsမှ North Korea to introduce farming reform ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာဈေးကွက်သို့ SMEs များဝင်ရောက်ရန် တိုက်တွန်း

(25 september 2012 ရက်စွဲပါ  The star online  မှ Sharidan M.Ali ရေးသားသော SMEs urged to enter Myanmar market ကို ဘာသာပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးအိန္ဒိယခရီးကို နိုဝင်ဘာလတွင် စီစဉ်

(Times of India  မှ 23 Sept 2012  ရက်စွဲပါ  “After her release, Su Kyi’s  first visit to India in Nov” သတင်းကိုဘာသာပြန်ဆိုသည်)

***********************************************************

မြောက်ကိုရီးယားတွင် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးစတင်မည်

(24 September 2012 ရက်စွဲပါ BBC Newsမှ North Korea to introduce farming reform ကိုဘာသာပြန်ဆိုသည်)

မြောက်ကိုရီးယားနိုင်ငံတွင် လယ်သမားများသည် ၎င်းတို့၏သီးနှံများကို နိုင်ငံတော်သို့သာ ပေးနေရခြင်းအစား ပိုမိုပိုင်ဆိုင်ခွင့်ပြုမည့် ပြုပြင်ပြောင်းလဲရေးအစီိအစဉ် ထွက်ပေါ်လာဖွယ်ရှိကြောင်း သတင်းများက ဆိုသည်။

အဆိုပါလုပ်ဆောင်မှုသည် နိုင်ငံပိုင်စီးပွားရေးစနစ်ကြောင့် စားနပ်ရိက္ခာပြတ်လတ်မှု အကြီးအကျယ်ဖြစ်နေခြင်းတွင် ထုတ်လုပ်မှုတိုးတက်အောင် မြှင့်တင်သည့် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်။

အဆိုပါပြောင်းလဲမှုကို တရားဝင်ကြေညာခြင်း မရှိသေးပေ။

သို့သော် ပြောင်းလဲမှုကိုခေါင်းဆောင်သော အစိုးရသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်ရန် စီစဉ်နေကြောင်း ပြီးခဲ့သည့် လများအတွင်း သတင်းများထွက်ပေါ်လာခဲ့သည်။

အင်္ဂါနေ့တွင် မြောက်ကိုရီးယားပါလီမန်သည် ရှားရှားပါးပါးဒုတိယအကြိမ် နှစ်ပတ်လည်အစည်းအဝေး ကျင်းပရန်ရှိသည်။ ထိုအစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာကိုထုတ်ပြန်မည်ဟု သတင်းများမရရှိပေ။

ဖြစ်နိုင်သော ပြောင်းလဲမှုများကို မြောက်ကိုရီးယားနိုင်ငံတွင်းရော ပြင်ပတွင်ပါသတင်းများ ထွက်ပေါ်ခဲ့သည်။

လက်ရှိအားဖြင့် မြောက်ကိုရီးယားတွင် လယ်သမားများသည်သီးနှံများကို ၎င်းတို့၏မိသားစုအတွက် အချိုးတစ်ခုချန်ပြီး အားလုံးကိုနိုင်ငံတော်သို့ ပေးသွင်းရသည်။

သို့သော် ပြုံယမ်းတောင်ဖက်မှ လယ်သမားနှစ်ဦးက AP သို့ပြောကြားရာတွင် အစိုးရသို့အချိုးတစ်ခုပေးသွင်းပြီး ကျန်သီးနှံများကို ပိုင်ဆိုင်ခွင့် ပြုမည့် စည်းမျဉ်းသစ်သည် ယခုနှစ်နှောင်းပိုင်းတွင်မှ စတင်မည်ဟုဆိုသည်။

“ဒီနှစ် သီးနှံအထွက်ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်လုပ်အားနဲ့ရတဲ့ သီးနှံကို ပိုင်ဆိုင်ခွင့်ရမှာမို့ ကျွန်တော်ပျော်ပါတယ်”ဟု လယ်သမားကြီး O Young Aeက AP သို့ ပြောသည်။

Reuters ကလည်း အဆိုပါအစီအစဉ်ကို သတင်းပေးပို့ခဲ့ပြီး Beijing နှင့်ပြုံယမ်းမှ အတည်မပြုနိုင်သော သတင်းရင်းမြစ်များကို ကိုးကား ဖော်ပြခဲ့သည်။

“လယ်သမားတွေ စားနပ်ရိက္ခာ ပိုစိုက်ပျိုးလာအောင် မက်လုံးရှိလာပါပြီ။ ဒေသပေါ်မူတည်ပြီး ၃၀-၅၀% ကိုရောင်းချသိုလှောင်ခွင့်ရမှာပါ”ဟု Reuters  ကရင်းမြစ်မှရသော သတင်းကို ကိုးကားဖော်ပြခဲ့သည်။

တရားဝင်သတင်းကြေညာချက် မရှိသေးသော်လည်း ယခုဖြစ်လာမည့်ပြောင်းလဲမှုသည် ခေါင်းဆောင်သစ်ကင်ဂျုံအန်၏ ညွန်ကြားမှုအောက်တွင် ဖြစ်လာမည့် လက္ခဏာအဖြစ်ရှုမြင်ကြောင်း သုံးသပ်သူများကရှုမြင်သည်။

၎င်း၏ ဦးလေးဖြစ်သူအာဏာရှိသည့် Chang Song-tackသည် ပြီးခဲ့သည့်လက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပုံရသည်ဟု ယုံကြည်ရသည်။

မြောက်ကိုရီးယားတွင် ပြည်သူများကိုကျွေးမွေးရန် စားနပ်ရိက္ခာလုံလောက်အောင် မစိုက်ပျိုးနိုင်ပေ။ ၁၉၉၀ များအလယ်တွင်ဖြစ်သော အငတ်ဘေးကြောင့် လူများထောင်သောင်းချီ၍ သေဆုံးခဲ့သည်ဟု ယုံကြည်ရသည်။

ဇူလိုင်လကထုတ်ပြန်သော ကုလသမဂ္ဂအစီရင်ခံစာတွင် လူဦးရေ ၂၄ သန်းရှိသော မြောက်ကိုရီးယား၌ လူဦးရေ၏သုံးပုံနှစ်ပုံသည် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ကြီးစွာခံစားရသည်ဟု ခန့်မှန်းထားသည်။

                                ***************************************************

မြန်မာဈေးကွက်သို့ SMEs များဝင်ရောက်ရန် တိုက်တွန်း

(25 september 2012 ရက်စွဲပါ  The star online  မှ Sharidan M.Ali ရေးသားသော SMEs urged to enter Myanmar market ကို ဘာသာပြန်ဆိုသည်)

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(SMEs)သည် မြန်မာနိုင်ငံဈေးကွက်သို့ဝင်ရောက်၍ အခွင့်အလမ်းများ ရယူသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လက်ရှိအားဖြင့် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများနှင့်  ပြိုင်ဆိုင်မှုနည်းလျက် ရှိနေသေးသောကြောင့်ဖြစ်သည်ဟု  CIMB အာဆီယံ  သုတေသနအင်စတီကျူ၏  CEO ဖြစ်သူ John Pang က ပြောကြားလိုက်သည်။

“မြန်မာနိုင်ငံဟာ ဒေသအတွင်းမှာ စီးပွားရေးအမြန်ဆုံးတိုးတက်လာဖို့ရှိနေတာကြောင့်  နိုင်ငံစုံကော်ပိုရေးရှင်းများဟာ မြန်မာနိုင်ငံကိုဝင်ရောက်ဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ကြန့်ကြာနေတာကြောင့်  ဝင်မလာနိုင်သေးပဲရှိနေပါတယ်ဟု ၄င်းကပြောပါတယ်။

“ဒါကြောင့် SMEs တွေဟာ ယခုလောလောဆယ်မှာ  နိုင်ငံစုံကော်ပိုရေးရှင်းများထက် မြန်မာနိုင်ငံကိုဝင်ရောက်ဖို့ အခွင့်အလမ်း ပိုကောင်း နေပါတယ်။ ဘာလို့လဲဆိုတော့ စီးပွားရေးလုပ်ငန်းအသေးစားတွေဟာ  အနည်းငယ်မသေချာမရေရာတဲ့ ဝန်းကျင်မျိုးမှာ ပိုပြီးလုပ်သာကိုင်သာ ရှိပါတယ်။ ရွှေ့ရပြောင်းရလွယ်ကူတဲ့အတွက် ဖြစ်ပါတယ်”ဟု ၄င်းက MyanmarးThe New Silk Road  ခေါင်းစဉ်ဖြင့် CIMB အာဆီယံ SME ဖိုရမ်အပြီးတွင် မနေ့က StarBiz သို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် ၆%၊ လာမည့်နှစ်တွင် ၆.၃% တိုးတက်မည်ဟု Pang ကမျှော်လင့်နေပါသည်။ ၂၀၁၃ နောက်တွင် မှန်ကန်သောမက်ခရိုစီမံခန့်ခွဲမှု(macro management)ပြုလုပ်နိုင်ပါက ၈% ထိတက်နိုင်ကြောင်း ၄င်းကဆိုသည်။

ပြုပြင်ပြောင်းလဲရေးမလုပ်ဘူးဆိုရင်တောင် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ၈%ထိ အမြန်ဆုံးတိုးတက်ဖို့ အလားအလာရှိနေပါတယ်။ ဒါဟာ များပြားတဲ့ပမာဏပါဘဲ။ ကျွန်တော်တွေ့ရတဲ့ အားတက်ဖို့ကောင်းတဲ့အချက်တစ်ခုကတော့ သူတို့ဟာပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒရှိနေတဲ့ နောက်ကွယ်မှာ နိုင်ငံရေးအရစိတ်အားထက်သန်မှု ရှိနေတယ်ဆိုတာပါဘဲ။ ဒီအချက်ကို ရှင်းရှင်းလင်းလင်း တွေ့နေရပါတယ်” ဟု ၄င်းကပင် ပြောသည်။

မြန်မာနိုင်ငံသည် ယခုနှစ်နှင့် လာမည့်နှစ်များတွင် စီးပွားရေးအရကြီးမားသော အဖြစ်အပျက်များ ရှိလာလိမ့်မည်ဟု Pang က ၄င်း၏ ရှင်းလင်း တင်ပြမှုတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

“မြန်မာနိုင်ငံဟာ နှစ်ပေါင်း(၅၀)လောက် စစ်တပ်ကအုပ်ချုပ်ခဲ့အပြီး ၂၀၁၁ မတ်လ အရပ်သားအစိုးရသစ်  တက်လာပြီးတဲ့နောက် အာရှမှာ နောက်ဆုံးထွက်ပေါ်လာတဲ့ စီးပွားရေးအရ မျက်နှာစာသစ် နိုင်ငံတခုဖြစ်ပါတယ်။ စီးပွားရေးအရ၊ နိုင်ငံရေးအရ တံခါးပွင့်လာပါတယ်။ နိုင်ငံရေးအရ အန္တရာယ် သိပ်မရှိနိုင်ပါဘူး။ဒါပေမယ့် စွမ်းဆောင်နိုင်စွမ်း ရှိလာဖို့ကတော့ ဥပဒေကို အမြန်ဆုံးပြဌာန်းပေးဖို့ပါဘဲ”ဟု ၄င်းကပြောသည်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံတွင် ကြီးမားသောစီးပွားရေးနှင့် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည်။ အရေးယူမှုများလည်း ရုတ်သိမ်းသွားခဲ့သည်။ သံတမန်ဆက်ဆံရေးများ ပြန်လည်လုပ်ဆောင်လာပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများကလည်း ပြန်လည်ဆက်ဆံလာပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများလည်း အလုံးအရင်းဝင်ရောက်ရန် ပြင်ဆင်လျက်ရှိပါသည်။

SMEs များအတွက် လက်လီဈေးကွက်၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အခွင့်အလမ်းများရှိကြောင်း Pang က ပြောပါသည်။

“ဒါပေမယ့် မြန်မာနိုင်ငံမှာ စီးပွားရေး ဘယ်လိုလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ တချို့ကဏ္ဍတွေမှာ ပြည်တွင်းက ပါတနာနဲ့ ဖက်စပ်လုပ်ဖို့ လိုကောင်းလိုမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ကဏ္ဍတွေမှာ အထူးကင်းလွတ်ခွင့်တွေရှိပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှုံမှုဥပဒေ ပေါ်လာရင်တော့ ရှင်းသွားမှာပါ”ဟု Pang က ပြောသည်။

                                                                *************************************************

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးအိန္ဒိယခရီးကို နိုဝင်ဘာလတွင် စီစဉ်

(Times of India  မှ 23 Sept 2012  ရက်စွဲပါ  “After her release, Su Kyi’s  first visit to India in Nov” သတင်းကိုဘာသာပြန်ဆိုသည်)

လာမည့်နေရူးအမှတ်တရဟောပြောပွဲတွင် အမှာစကားပြောကြားပေးရန် အိန္ဒိယနိုင်ငံက ဖိတ်ကြားထားခြင်းကို မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်သည်။

ရက်အတိအကျ မသတ်မှတ်ရသေးသော်လည်း နိုဝင်ဘာလတတိယပတ်အတွင်း ကျင်းပဖွယ်ရှိသောကြောင့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှလွတ်မြောက်ပြီး ပထမဆုံးအိန္ဒိယခရီးစဉ် ဖြစ်လာလိမ့်မည်ဟု ဆိုသည်။

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုနှစ်အစောပိုင်း ရန်ကုန်မြို့တွင်တွေ့ဆုံစဉ် ဟောပြောပွဲတက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည်(Jawaharlal Nahru award for international understanding)ဆုကို ၁၉၉၂ တွင် လက်ခံ ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အတွေးအခေါ်နှင့် နိုင်ငံရေးစိတ်ဓါတ်တို့သည် မဟတ္တမဂန္ဒီနှင့် နေရူးတို့ထံမှ ဆင်းသက်လာသော်ငြားလည်း ယခုနှစ်များအတွင်း သူမနှင့် အိန္ဒိယနိုင်ငံ၏ဆက်ဆံရေးတွင် အဖုအထစ်များစွာ ရှိခဲ့သည်။ သူမအကျယ်ချုပ် ထိန်းသိမ်းခံနေရစဉ်ကာလတွင် အိန္ဒိယနိုင်ငံက မြန်မာတပ်မတော်အစိုးရနှင့် ဆက်ဆံရေးကောင်းအောင် ကြိုးစားခဲ့သည်။ အိန္ဒိယတာဝန်ရှိသူများက သူမနှင့်အဆက်မပြတ်သော်လည်း ပြင်းထန်သော နိုင်ငံတကာ(Sanctioan)များအောက်မှ မြန်မာအာဏာပိုင်များကို နက်နက်ရှို်င်းရှိုင်းထိတွေ့ဆက်ဆံခဲ့သည်။ အိန္ဒိယ၏ အပြုအမူကြောင့် ဒေါ်အောင်ဆန်းစုကြည် စိတ်ပျက်လက်ပျက် ဖြစ်ရသည်ဟုကြားသိရသည်။

ယခုနှစ် အစောပိုင်းဝန်ကြီးချုပ် မိုဟန်ဆင်း၏ ခရီးစဉ်တွင် အိန္ဒိယအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်အခံခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ဆက်ဆံခဲ့သည်။ ဝန်ကြီးချုပ်ဆင်းသည် အခြား နိုင်ငံတကာ ခေါင်းဆောင်များကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့သွားရောက် တွေ့ဆုံကြသည့်ပုံစံနောက်သို့မလိုက်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သို့ပင် ရင်းနှီးသည့် တိုင်အောင် လိုက်နာရမည့်ဝတ္တရားများကို စောင့်ထိန်းခြင်းသည် အိန္ဒိယ၏ပုံစံဖြစ်သည်။

ယခုသီတင်းပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က မဟတ္တမဂန္ဒီနှင့် နေရူးတို့သည် သူမ၏အတွေးအခေါ်ကို များစွာလွှမ်းမိုးခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

                                       ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment