Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၆.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း
  1. Shopping Centre ဖွင့်ရန် မန္တလေးတွင် မြေရှာမူ ဂဂမျိုးဆက်ကျောင်းသားများ ငြင်းဆို
  2. လိင်လုပ်သားများ အသင်းဖွဲ့စည်း၍ ဖိနိပ်ခံရမူများကို ကူညီမည်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. စာတင်သော်လည်း ထူးခြားမူမရှိ၍ အောက်တိုဘာတွင် ရှေ့နေတစ်ရာကျော် ဆန္ဒပြမည်
  2. လယ်သမားပါတီ ထူထောင်ခွင့်ရ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း

ရန်ကုန်၊ စက်တင်ဘာ ၂၅။

အင်းယားမြိုင်လမ်းတွင် လူ ၅ဦးကို သေနတ်ဖြင့် ဝင်ရောက် သတ်ဖြတ်သွားသောအမှုကို ယနေ့တိုင် စုံစမ်းလျက်ရှိပြီး CID သို့ လွှဲပြောင်း ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ ရဲမှူးမြင့်ထွေးက စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားသည်။

အမူပေါ်ပေါက်မူအခြေအနေကိုမူ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

အဆိုပါ လူသတ်မှုတွင် ယခင်စစ်အစိုးရခေါင်းဆောင်ပိုင်းများ၏ ငွေကြေးအရှုပ်အရှင်းများ ပါဝင်ပက်သတ်ဖွယ်ရှိကြောင်း သုံးသပ်ပြောကြားမှုများ ထွက်ပေါ်ခဲ့သည်။

၂၀၀၈ခုနှစ်  မတ်လ ၃ရက်နေ့ညနေပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာလမ်းသွယ် ခြံအမှတ် (၁၂၆)၌ လူ ၅ဦး အသံတိတ် ပစ္စတိုများဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

အသတ်ခံရသူများမှာ ယခင်ပါလီမာန်ခေတ် မြန်မာနိုင်ငံတွင် အချမ်းသာဆုံးဖြစ်ခဲ့သော မိုးကုတ်သူဌေး ဦးမြမောင်၏ တစ်ဦးတည်းသော သမီး ဒေါ်စန်းစန်းမြတို့မိသားစုဖြစ်ပြီး နိုင်ငံတော်ဧည့်ဂေဟာ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထားရှိရာနေရာနှင့် အနီးအနားတွင် တည်ရှိခြင်းကြောင့် လုံခြုံရေးအထူးတင်းကြပ်သော အနေအထားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ငါးနှစ်ခန့်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သော အဆိုလူသတ်မူကို ပေါ်ပေါက်ရန် ယနေ့တိုင် ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း အမူပိတ်ထားခြင်း မရှိဘဲ ဆက်လက်စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ဦး က အပတ်စဉ်ထုတ် သတင်းစာဆောင်တစ်ခုတွင် ယခုလအတွင်း၌လည်း ပြောဆိုခဲ့သည်။

SWEET

-----------------------------------------------------------------------------------------------------------------------------------

Shopping Centre ဖွင့်ရန် မန္တလေးတွင် မြေရှာမူ ဂဂမျိုးဆက်ကျောင်းသားများ ငြင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၆။

အိမ်ခြံမြေဈေး သိန်းသောင်းဂဏန်းဝန်းကျင် အထက်တွင်သာရှိသော မန္တလေးမြို့အတွင်း ဂဂ မျိုးဆက်ကျောင်းသားများက ယခုလအတွင်း Shopping Centre ဖွင့်လှစ်ရန် မြေနေရာလိုက်လာရှာဖွေနေခြင်းမှာ မဟုတ်မှန်ကြောင်း ကျောင်းသားခေါင်းဆောင်များက ငြင်းဆိုပြောကြားသည်။

"ဂီတပွဲလေးတွေပွဲ လုပ်ပြီး ရန်ပုံငွေရှာနေတာပါ၊ မန္တလေးမှာ မြေရှာနေတယ်ဆိုတဲ့ သတင်းတွေက လုံးဝမဟုတ်ပါဘူး" ဟု ၈၈မျိုးဆက် ကျောင်းသား ဦးကိုကိုကြီးက ဆိုသည်။

မန္တလေးမြို့နာမည်ကျော် Shopping Centreကြီးတစ်ခု၏ မျက်စောင်းထိုး မြေကွက်တစ်ခုကို ကျပ်သိန်းနှစ်သောင်းပေးကာ ၈၈မျိုးဆက် ကျောင်း သားများအတွက် ဗိုလ်မှူးဟောင်းတစ်ဦးက လာရာဝယ်ယူရန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း အဆိုပါခြံ၏ အမွေဆိုင်တစ်ဦးက ပြောဆိုသည်။

"ကုန်တိုက်ဖွင့်မယ်လို့ ပြောတာ၊ တခြားလူဆီက စရန်ငွေယူထားလို့ လက်မခံလိုက်ဘူး"ဟု ၎င်းက ရှင်းပြသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးကလည်း အဆိုပါသတင်းမှာလုံးဝ မမှန်ကန်ကြောင်း၊ ၎င်းတို့အဖွဲ့၏ အမည်ကို အလွဲသုံးစားပြုမူများ မကြာခဏဖြစ်ပေါ်နေကြောင်း ပြောကြားသည်။

စီးပွါးရေးလုပ်ငန်းရှင်တစ်ချို့က ၈၈မျိုးဆက်ကျောင်းသားကို အခြေတည်၍ စီးပွားရေးလုပ်ငန်းများ ထူထောင်ပေးရန် စီစဉ်မှုအချို့ ပြုလုပ်ခဲ့ ဘူးကြောင်း ၎င်းတို့နှင့်နီးစပ်သူများထံမှသိရသည်။

SWEET

-----------------------------------------------------------------------------------------------------------------------------------

လိင်လုပ်သားများ အသင်းဖွဲ့စည်း၍ ဖိနိပ်ခံရမူများကို ကူညီမည်

ရန်ကုန်၊ စက်တင်ဘာ ၂၆။

မြန်မာတနိုင်ငံလုံးရှိ ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးမူပြုလုပ်သူများကို စုစည်း၍ အသင်းတစ်ခု ဖွဲ့စည်းကာ ဖိနှိပ်ခံရမှုများကို ကူညီဆောင် ရွက်သွားရန် စီစဉ်မူများပြုလုပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း လက်ရှိတွင် Sex Worker In Myanmar Network အမည်ဖြင့်စတင်ဆောင်ရွက်နေသူ မနှင်းနှင်းယုကပြောကြားသည်။

ယခုလက်တလောတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် မော်လမြိုင်တို့မှ ကွန်ယက်သို့လာရောက် ချိတ်ဆက်ဆောင်ရွက်သည့် Sex Workersဦးရေ ၈၀၀ နီးပါးမှ ရရှိပြီဖြစ်ကြောင်း၊ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံရေးအရ လျှို့ဝှက်ထိမ်းသိမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"သူတို့က တရားမဝင်လုပ်ကိုင်နေရလို့ ဖိနိပ်မူအမျိုးမျိုး ကြုံတွေ့နေရတဲ့ လူတန်းစားတရပ်လိုဖြစ်နေပြီ"ဟု ကိုယ်တိုင် Sex Workerအဖြစ် အသက် မွေးဝမ်းကြောင်း ပြုခဲ့ရဘူးသူ ၎င်းက ဆိုသည်။

ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးမှု ပြုလုပ်သူများအနေနှင့် ရဲတပ်ဖွဲ့၏ မတရားငွေညှစ် ခြိမ်းခြောက်မူများ၊ မတရားမဝင်မှုအပေါ် မူတည်၍ ပြည့်တန်ဆာပွဲစားများ၏ ခေါင်းပုံဖျက်နှိပ်စက်မူများ၊ ထောင်တွင်းခွဲခြား ဆက်ဆံခံရမူများနှင့် ပြည့်တန်ဆာ အလုပ်အကိုင် အဆင့်အတန်းနှင့် HIV ပိုးကူး ဆက်ခံရမှုအရ အချင်းချင်းခွဲခြား ဆက်ဆံခံရမှုများ အများဆုံး ကြုံတွေ့နေရကြောင်း ထောင်ကျခံရဘူးသူ ၎င်းက ဆက်လက်ရှင်းပြသည်။

"အရင်လတုန်းက ကျွန်မကို ကြည့်မြင်တိုင်မှာ ရဲကဖမ်းတယ်၊၆သောင်းနဲ့ အမူမဖွင့်ဖို့ ပေးခဲ့ရတယ်။ သူများဆီက ဆွဲပြိးတော့လေ၊ အခု အဲဒီငွေကို ပြန်ရှာနေတာ၊ အဲဒီနယ်ကိုလည်း တစ်လမလာပါဘူးလို့ ခံဝန်ထိုးခဲ့ရတယ်  "ဟု Sex Worker In Myanmar Network အဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက်၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက  ဆိုသည်။

"သမီးရဲ့ဆက်ရှင်ကြေး ၁၅ရက်ရှိပြီ မရသေးဘူး၊ သမီးလဲ မတောင်းရဲဘူးလေ၊ မနေ့ကတင် အမတစ်ယောက်က သူတို့ကို ပြန်ပြောလို့ ရိုက်ထား တာ အရှိုးရာတွေကြီးပဲ၊ မထနိုင်လို့ ဆက်ရှင်တောင် နားထားရတယ်။ "ဟု ဘုရင့်နောင်ကားကြီးဝင်းအတွင်းရှိ မာဆက်အမည်နှင့် ပြည့်တန်ဆာ လုပ်ငန်း တစ်ခုမှ အသက် ၁၆နှစ်အရွယ် မိန်းကလေတစ်ဦးက ပြောကြားသည်။

Sex Worker In Myanmar Network အနေနှင့် ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးမူပြုလုပ်သူများကို ကျန်းမာရေးအသိ ဖြန့်ဖြူးခြင်း၊ မတရားဖိနှိပ်မူများဖော်ထုတ်ကာ တရားစွဲဆိုဆောင်ရွက်ခြင်း၊ HIV ပိုးကူးဆက်ခံရသူ Sex Workerများကို ART ဆေး အခမဲ့ဖြန့်ဖြူးခြင်းများနှင့် ဘဝမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကွန်ယက် ဥက္ကဋ္ဌလည်းဖြစ်သူ မနှင်းနှင်းယုက ပြောကြားသည်။

အဆိုပါ Sex Worker In Myanmar Network၏ ရန်ပုံငွေအတွက် ပြည်ပအခြေစိုက် NGO တစ်ခုက ကူညီထောက်ပံမှုများ ပြုလုပ် ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် Sex Worker ငါးဦးလျှင် တစ်ဦးနှုန်း HIV ကူးဆက်ခံနေရပြီး ၂၀၀၈ ခုနှစ်တွင် ARTဆေးရယူနေရသည့် Sex Worker ၆၀,၀၀၀ ကျော်ရှိကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

SWEET

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

စာတင်သော်လည်း ထူးခြားမူမရှိ၍ အောက်တိုဘာတွင် ရှေ့နေတစ်ရာကျော် ဆန္ဒပြမည်

ရန်ကုန်၊ စက်တင်ဘာ ၂၆။

သမိုင်းဝင်တရားရုံးအဆောက်အအုံများ ဟိုတယ်ပြုလုပ်ရန် စီစဉ်မှုကို နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသို့ ယခု လဆန်းပိုင်းက ကန့်ကွက်စာများ တင်ပြထားသော်လည်း ထူးခြားမှု မရှိ၍ အောက်တိုဘာ ၁၇ ရက်နေ့တွင် ရှေ့နေ တစ်ရာကျော်က ဆန္ဒပြရန် စီစဉ်နေ ကြောင်း ရှေ့နေများကွန်ယက်ဝင် ဦးကိုနီက ဆိုသည်။

ဆန္ဒပြပွဲကို မြို့တော်ခန်းမရှေ့မှ မနက် ၁၀ နာရီတွင် စတင်မည်ဖြစ်ပြီး သက်ဆိုင်ရာ တရားရုံးများသို့ ချီတက်လမ်းလျှောက်ကြမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

"ဒါက သမိုင်းဝင် အဆောက်အအုံတွေပါ၊ ဆန္ဒပြလို့မှ မထူးခြားရင် အစိုးရကို တရားဆက်စွဲမှာပါ"ဟု မဟာဗန္ဓုလ ပန်းခြံဘေးရှိ တရားလွတ်တော် အဆောက်အအုံနှင့် ပန်းဆိုးတန်းနှင့် ကမ်းနားလမ်းထောင့်၍ စုပေါင်းတရားရုံး အဆောက်အအုံတို့ကို ဟိုတယ်ဆောက်လုပ်ရန် စီစဉ်နေမှုအတွက် ၎င်းက ခြိမ်းခြောက်ပြောကြားသည်။

ယခင်က  အမှုကိစ္စများ လျှင်မြန်ပြီးစီးစေရန် တရားရုံးများကို တစ်စုတစည်းတည်း ထားရှိရာက ပြီးခဲ့သည့် လပိုင်းအတွင်းက သီးခြားစီခွဲထုတ် ခဲ့ခြင်းအပေါ် ဝါရင့်ရှေ့နေအများစုက ကန့်ကွက်ပြောဆိုနေကြသည်။

SWEET

-----------------------------------------------------------------------------------------------------------------------------------

လယ်သမားပါတီ ထူထောင်ခွင့်ရ

ရန်ကုန်။စက်တင်ဘာ ၂၄။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်၏ အကျိုးစီးပွားကို ကာကွယ်ရန်လုံလောက်သော အဖွဲ့အစည်းတစ်ရပ်မရှိသဖြင့် တောင်သူလယ်သ မားပါတီကို တည်ထောင်ခွင့်ကို  စက်တင်ဘာလ ၂၄ရက်ရရှိခဲ့ကြောင်း ပါတီဥက္ကဌအဖြစ် တာဝန်ယူမည့် ဦးကျော်စွာစိုးက ပြောကြားသည်။

ယခင် အမျိုးသားနိုင်ငံရေးများအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းအရေးမှူးအနေနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နှင့် စလင်းမြို့များအပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်သမားများက ပါတီဝင်ရာက်ရန် စာရင်းပေးသွင်းရာ ရှစ်သောင်းကျော်မျှရရှိပြီဖြစ်ကြောင်း ၎င်း၏အဆိုအရ သိရသည်။

“နိုင်ငံရေးဆိုတာကို လုပ်ခဲ့ပြီးပြီ၊ ပါတီနိုင်ငံရေးတွေနဲ့ အမျိုးသားနိုင်ငံရေးတွေ နားမလည်နိုင်ဘူး ၊ကိုယ်တကယ်လုပ်ချင်တာက လယ်သမားတွေ ရဲ့ ကိစ္စပဲ”ဟု ၎င်းက ပါတီအမည်နှင့်ပတ်သက်၍ ရှင်းပြသည်။

အမျိုးသားနိုင်ငံရေးများအဖွဲ့ချုပ်ပါတီမှ နုတ်ထွက်ကာ ပါတီတစ်ရပ် ထပ်မံထူထောင်သော ဦးကျော်စွာစိုး နှင့်ပတ်သက်၍ ယင်းပါတီသို့ ဆက် သွယ်မေးမြန်းရာ ၎င်းတို့အကြား သဘောထားကွဲလွဲမှု၊ ပုဂ္ဂိုလ်ရေးအမြင်မကြည်လင်မှုများ ဖြစ်ပွားမရှိကြောင်း၊ ဦးကျော်စွာစိုး စိတ်အားထက်သန်သော အရာကို ပြုလုပ်ခြင်းဖြစ်၍ ကြည်ဖြူစွာခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားနိုင်ငံရေးများအဖွဲ့ချုပ်ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးသက်ဦးက ပြော ကြားသည်။

ယင်းသို့ ပါတီထူထောင်ရန်မစီစဉ်မှီ လပိုင်းအတွင်းက အမျိုးသားနိုင်ငံရေးများအဖွဲ့ချုပ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါ အဝင် မိတ်ဖက်ပါတီအချို့က အထက်ပါဒေသများသို့ သွားရောက်ကာ တောင်သူလယ်သမားအစည်းအရုံးများ တည်ထောင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ သည်ကို တွေ့ရသည်။

စပါးနှံနှင့်စက်သွားကို ပါတီအမှတ်တံဆိပ်အဖြစ် အသုံးပြုသော အင်အားကြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းရီက “လယ်သမားတွေကို အကျိုးပြုမဲ့ဘယ်လိုပါတီမဆို ထပ်ပေါ်လေကောင်းလေပဲ”ဟု ပြိုင်ဘက်ပါတီအဖြစ် သဘောမထားကြောင်း ပြောကြား သည်။

SWEET/NT

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“လာဘ်ပေးလာဘ်ယူနဲ့ပတ်သက်လို့ နံပါတ်တစ် လုပ်ရမှုာတော့ ဥပဒေနဲ့ အရေးယူမှာ ဖြစ်တယ်လို့ သိရတယ်။ တစ်ချိန်တည်းမှာ ဘာ့ကြောင့် လာဘ်ပေး၊ လာဘ်ယူ ဖြစ်နေသလဲဆိုတာ ကြည့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် လခမလုံလောက်လို့ဆိုရင် လခနဲ့လောက်အောင်လုပ်ပေးရမယ် လို့ဆိုတယ်၊အရေးကြီးဆုံးအချက် ဖြစ်တဲ့ နဂိုရှိရင်းစိတ် (Mind-set) တွေလည်းပြောင်းဖို့လိုတယ်လို့ ဥပဒေပညာရှင် ကြီးတွေကထောက်ပြပါတယ်”

စက်တင်ဘာ ၂၁ ရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ် အမှတ် (၃၂၅) တွင် ပါရှိသည့် “လာဘ်ပေး၊လာဘ်ယူဆို နှစ်ဦးနှစ်ဖက် စဉ်းစားပေး ဖို့လို”ဆောင်းပါးမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ပြန်လည်နေရာချထားရေးတွေ စလုပ်နေပေမယ့် ဒုက္ခသည်တွေအတွက် လုံခြုံတဲ့နေရာဖြစ်မယ်၊ လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင် အများစုနဲ့ အပစ် အခတ်ရပ်စဲရေး ရထားပေမယ့် ဒါက ထာဝရ ငြိမ်းချမ်းရေး မဟုတ်သေးဘူး။ တိုင်းရင်းသားအဖွဲ့တွေ လက်နက်ပြန်ကိုင်ရမယ့် အခြေအနေဖြစ်လာရင် ဒုက္ခ သည်တွေက ဟိုပြေး၊ဒီပြေးနဲ့ သံသရာလည်နေမယ်။”

စက်တင်ဘာ ၂၁ရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ် အမှတ် (၃၅၂) တွင်ပါရှိသည့်“သန်းချီရှိတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံဖို့ ပြည်တွင်းစစ် ထာဝရငြိမ်းချမ်းဖို့လို”ဆောင်းပါးမှ ကရင်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစောသန်းကျော်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

ကြားဖြတ်ရွေးကောက်ပွဲတွေလုပ်တုန်းက (NLD) မှာ ဗဟိုကတခြား အောင်ခြေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်တွေဟာ ဘာတစ်ခုမှ တရားဝင်မရှိဘူး။ အခုလက်ရှိ အချိန်ထိ မြို့နယ်စည်းရုံးရေးအဖွဲ့ဆိုတာ မရှိသေးဘူး။ အဲဒီအချိန်မှာ တရားဝင်ရှိတာဆိုလို့ ဗဟိုပဲရှိတယ်။ အဲဒါကြောင့် ကိုယ်စားလှယ်ဟောင်းတွေကို ဗ ဟိုက တိုက်ရိုက်ခန့်တာပဲ။

စက်တင်ဘာ ၂၇ရက်နေ့ထုတ်  7day News ဂျာနယ် အတွဲ(၁၁) အမှတ် (၂၉) တွင်ပါရှိသည့် “ဒီချုပ်ကို ဗဟိုဦးစီးစနစ်ကျင့်သုံးဟု စွပ်စွဲခြင်း မှာ နိုင်ငံရေးနှိပ်ကွပ်မှုဖြစ်ကြောင်း”ဆောင်းပါးမှ  ဦးဉာဏ်ဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment