Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၇.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. ဘင်္ဂလားဒေ့ရှ်မှ တင်ပို့ခွင့်ပိတ်ပင်ထားသည့် ဆားတန်ချိန်တစ်သောင်း ပြန်လည်ဝယ်ယူမှုကြောင့် ရခိုင်တွင် ဆားဈေးမြင့်တက်
  2. လက်သမားနှင့် ပန်းရံများအတွက် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များပေးရန် စီစဉ်
  3. မိုးသီးဇွန်အဖွဲ့ တစ်ပတ်ထပ်မံနေထိုင်ရန် သက်ဆိုင်ရာဝန်ကြီးများအား တောင်းဆိုထား

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ကာကွယ်ရေးဦးစီးချုပ်က ဂျာနယ်ထုတ်ဝေရန်စီစဉ်နေကြောင်း သတင်းများထွက်ပေါ်
  2. မြန်မာ့နိုင်ငံရေးပါတီလေးပါတီ ICAPP အဖွဲ့ဝင်အဖြစ်ပါဝင်ရန် အရည်အချင်းပြည့်မီ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ဘင်္ဂလားဒေ့ရှ်မှ တင်ပို့ခွင့်ပိတ်ပင်ထားသည့် ဆားတန်ချိန်တစ်သောင်း ပြန်လည်ဝယ်ယူမှုကြောင့် ရခိုင်တွင် ဆားဈေး မြင့်တက်

ရန်ကုန်၊ စက်တင်ဘာ ၂၇။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ယခင် တင်ပို့ခွင့်ပိတ်ပင်ထားသည့် နေလှန်းဆား တန်ချိန်တစ်သောင်း ပြန်လည်ဝယ်ယူမှုကြောင့် ရခိုင်ဒေသတွင် ဆားအ ကြမ်း ဈေးတက်သွားကြောင်း ဒေသခံကုန်သည်များက  ပြောကြားသည်။

ကျောက်တော်မြို့မှ ဆားလုပ်ငန်းရှင် ဦးအောင်လှကျော်က ''ပြီးခဲ့ တဲ့ အပတ်က ဆားအကြမ်း ကွင်းဈေးတစ်ပိဿာ ၂၅ ကျပ်ပဲရှိတာ အခုဆို ၃၅ ကျပ်အထိ ဈေးတက်လာတယ်''ဟု ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူရန် ကမ်း လှမ်းထားသည့် ရခိုင်ပြည်နယ်ထွက် နေလှန်းဆား တန်ချိန်တစ်သောင်းအနက် တန်ချိန် ၃ဝဝဝ ကို ယခုလအတွင်း တင်ပို့ခဲ့ကြောင်း ပြောကြားသည်။

ကျန်ဆားတန်ချိန် ၇ဝဝဝကိုမူ သဘောင်္ကုန်ပစ္စည်းတင်ဆံ့နိုင်မှုပေါ် မူတည်၍ တင်ပို့သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လုပ်သက် အနှစ် ၂ဝ ရှိ ဝါရင့်ဆားလုပ်ငန်းရှင် ရခိုင်တိုင်းရင်းသားတစ်ဦးက ''ရေရှည်တော့ ဈေးသိပ်တက်မယ်မထင်ဘူး။ ဟိုဖက်မှာလည်း ဆား ထုတ်လုပ်မှုရှိတော့ သူတို့ဈေးထက်နိမ့်နေမှ ဝယ်မှပေါ့''ဟု ပြောဆိုသည်။

စစ်တွေမှ  FOB စနစ်ဖြင့် ဝမ်းပုံပြီးတင်ပို့ပါက ဆားတစ်ပိဿာ ၆ဝ ကျပ်၊ အိတ်ဖြင့် ထုတ်ပိုးတင်ပို့ပါက တစ်ပိဿာ ၆၅ ကျပ်နှုန်းရရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိဆား အကြမ်းထုတ်လုပ်မှုမှာ တစ်ပိဿာလျှင် ၁၈  ကျပ်မှ ၂၂  ကျပ်ကြား ရှိသဖြင့် ဈေးကွက်တွင် တစ်ပိဿာ ၃၅၊ ၄ဝ ကျပ်ခန့်ရရှိလျှင် ဆားတောင်သူများအနေဖြင့် ရပ်တည်နိုင်ကြောင်း ကျောက်ဖြူမြို့မှ ဆားကွင်း ၁၅ ဧကလုပ်ကိုင်နေသူ ဦးထွန်းအောင်ဖြူက ပြောပြသည်။

''အရင်တုန်းကတော့ မျောပြီး လုပ်နေရတာ။ အခုပြန်ဝယ်ပြီးဆို တော့လုပ်ရတာ ပိုအားရှိတာပေါ့'ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာ့ ဆားဝယ်ယူမှုကို ယခင်စစ်တွေနယ် စပ်ကုန်သွယ်ရေးစခန်းမှတဆင့် တင်ပို့ခဲ့သော်လည်း ၂ဝဝ၄ ခုနှစ်၊ နှစ်ကုန်ပိုင်း၌ အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် တင်ပို့မှု ရပ်ဆိုင်းသွားခဲ့သည်။

ယခုနှစ် ဇူလိုင်လက ပြုလုပ်ခဲ့သော ဆဌမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာအရာရှိများ ပူးတွဲလုပ်ငန်း အစည်းအဝေး၌ ဘင်္ဂလားဒေ့ရှ်မှ တားမြစ်ပိတ်ပင်ထားသည့် မြန်မာ့နေလှန်းဆားများ ပြန်လည်တင်ပို့ခွင့်ရရှိရေးအတွက် နှစ်နှစ်နိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ကြ ပြီးနောက် ယခုကဲ့သို့ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နိုင်ငံ၏ ဆားလိုအပ်ချက်အရ ပြည်တွင်းထုတ်လုပ်မှုအပြင် မြန်မာနိုင်ငံမှ ပြန်လည်တင်သွင်းရန် စီစဉ်ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဆင်ခြေရာကျေးရွာမှ ဆားတောင်သူ ဦးသိန်းဇော်ဦးက ''လမ်းစပွင့်သွားဖို့ပဲ အရေးကြီးတာ။ အခုဆို  မျှော်လင့်ချက်ပိုရှိလာတယ်''ဟု ပြောကြားသည်။

လွန်ခဲ့သည့် ၁၅ နှစ် ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ် ထွက်ဆားများသာမက ဧရာဝတီဒေသမှ ထွက်ရှိသည့် ဆားများကိုလည်း တစ်ပိ ဿာ ၅ဝ ကျပ်နှုန်းဖြင့် ဝယ်ယူခဲ့ရာ ဆားပိဿာခြောက်သိန်းဆံ့ သစ်သားတန်ကေး (သင်္ဘော)များဖြင့် တင်ပို့ခဲ့ရကြောင်း၊ ယင်းမြန်မာ့ နေလှန်းဆား အကြမ်းများကို အရည်အသွေးမြှင့်တင်ပြီး ဥရောပဈေးကွက်သို့ ဆက်လက်တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။

ရခိုင်ပြည်နယ်တွင် ဆားကွင်း ဧက ၁၇၄ဝ ဒသမ ၄၇ ဧကရှိပြီး ကျောက်ဖြူ၊ စစ်တွေ၊ မောင်တောတို့မှ ဆားအဓိကထွက်ရှိပြီး ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မင်းပြားမြို့တို့မှလည်း အနည်းငယ်ထွက်ရှိကြောင်း မြန်မာ့ဆားနှင့် အဏ္ဏဝါ ဓာတုဗေဒပစ္စည်းထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ် ငန်း (ရခိုင်ပြည်နယ်)ထံမှ စုံစမ်းသိရှိရသည်။

ဆားကွင်းဧက သုံးသောင်းနီးပါးရှိသည့် ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံဆားထုတ်လုပ်မှု၏ ၆၅ ရာခိုင်နှုန်းခန့်ရှိပြီး ကျန်ရာခိုင်နှုန်း အနည်းငယ်ကို ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့မှ ထွက်ရှိကြောင်း မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းထံမှ စုံစမ်းသိရှိရသည်။

ညိုခန့်

-----------------------------------------------------------------------------------------------------------------------------------

လက်သမားနှင့် ပန်းရံများအတွက် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များပေးရန် စီစဉ်

ရန်ကုန်၊ စက်တင်ဘာ ၂၆။

နိုင်ငံတကာ ရင်းနှီးမြှပ်နှံမူများ ဝင်ရောက်လာပါက အခြေခံအလုပ်သမားများ ထိုက်သင့်သော လစာနှုန်းထားများရန်အတွက် လက်သမားနှင့် ပန်းရံများအတွက် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များရရှိအောင် နိုင်ငံတကာ အလုပ်သမားကိုယ်စားလှယ်များက အောက်တိုဘာလတွင် လာရောက် စီစဉ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားများအရေးဆောင်ရွက်နေသူ ဦးအေးချိုက ပြောကြားသည်။

"ကျွန်တော်တို့အလုပ်သမားတွေ အိမ်နီးချင်းနိုင်ငံတွေမှာ ဘယ်လောက်အနှိမ်ခံနေရသလဲဆိုတာ အသိပါပဲ၊ ဒါဟာ နိုင်ငံတကာ အသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်တွေ မရှိလို့ပဲ"ဟု ၎င်းက ဆိုသည်။

အဆိုပါလက်မှတ်များအတွက် ဆွီဒင်နိုင်ငံတကာ လျှပ်စစ်ကျွမ်းကျင်ရေးအသင်း၏ အတွင်းရေးလက်ထောက်ဖြစ်သူ မစ္စတာ Niklas Enstrom နှင့် BIW ၏ အရှပစီဖိတ်ကိုယ်စားလှယ် Apolinar Tolentiro က အောက်တိုဘာလကစတင်ကာ အခမဲ့သင်တန်းများစိစဉ်ကာ ပေးအပ်သွားမည်ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။

အလုပ်သမာဝန်ကြီးဌာနနှင့် စက်မူဝန်ကြီးဌာနတို့ကလည်း ဌာနချင်းပူးပေါင်းကာ နိုင်ငံတကာအသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်များရရှိအောင် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဗဟိုအလုပ်အမူဆောင် ဦးလှကြိုင်က ဆိုသည်။

"plan တွေကို အင်ဂျင်နီယာအသင်းက ဆွဲတယ်၊ သက်ဆိုင်ရာကိုတင်ပြပြီး အတည်ပြုတယ်"ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ဝန်ကြီးဌာနများ၏ မြန်မာနိုင်ငံတွင် ပထမဆုံး နိုင်ငံတကာအသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်များပေးအပ်ခြင်းကို Kabar Service Co.,Ltd ၏ ပူးပေါင်းကူညီမှုဖြင့် ပြီးခဲ့သောလက ဂဟေဆက်ခြင်းလုပ်ငန်းအတွက် ပြုလုပ်ပေးခဲ့သည်။

SWEET

-----------------------------------------------------------------------------------------------------------------------------------

မိုးသီးဇွန်အဖွဲ့ တစ်ပတ်ထပ်မံနေထိုင်ရန် သက်ဆိုင်ရာဝန်ကြီးများအား တောင်းဆိုထား

မိုးသီးဇွန်နှင့် ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ဝင် ၉ ဦးတို့ မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၅ ရက်နေ့ထိ ဆက်လက်နေထိုင်မည်ဖြစ်ကြောင်း မိုးသီးဇွန် က ပြောသည်။

မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၈ ရက်နေထိုင်ခွင့်ရရှိခဲ့ကြောင်းနှင့် ၁ပါတ် ထပ်မံနေထိုင်နိုင်ရန် အတွက် သက်ဆိုင်ရာဝန်ကြီးများသို့တောင်းဆိုထားကြောင်း သိရသည်။

''ကျနော်တို့ ဗီဇာအိပ်ချိန်းလုပ်ထားတယ်။ နောက်ထပ် ၁ ပါတ်ထက်နေပြီးရင်တော့ ပြန်မှာပါ။ နေရဖို့တော့များတယ်"ဟု မိုးသီးဇွန်က ပြောသည်။

အဆိုပါ နေထိုင်မည့်တစ်ပါတ်အတွင်းတွင် ကရင်ပြည်နယ်နှင့် အခြားဒေသများသို့ သွားရောက်မည်ဖြစ်ကြောင်းကို ၎င်း၏ လုံခြုံရေးအရာရှိ ကိုရဲလင်းက ''ရဖို့များတယ်။ ကိုမိုးသီးတို့က အပေါ်ကလူကြီးတွေနဲ့ဘဲ ဗီဇာအိတ်ချိန်း လုပ်လို့ရတယ်''ဟု ပြောသည်။

အဆိုပါ ဗီဇာအိပ်ချိမ်းလုပ်ဆောင်မှုတွင် မိုးသီးဇွန်တို့၏ ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးကိုကိုအောင်သည် ၁ ပါတ်ထပ်မံနေထိုင် ခွင့် ပြုလုပ်၍ရရှိကြောင်း သိရသည်။

မင်းခဏ့်

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ကာကွယ်ရေးဦးစီးချုပ်က ဂျာနယ်ထုတ်ဝေရန်စီစဉ်နေကြောင်း သတင်းများထွက်ပေါ်

ရန်ကုန်၊ စက်တင်ဘာ ၂၇။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းဂျာနယ်တစ်စောင်ထုတ်ဝေရန် စီစဉ်လျက်ရှိကြောင်း ယခု ရက်ပိုင်းအတွင်း မီဒီယာလောကတွင် သတင်းများထွက်ပေါ်လျက်ရှိသည်။

ယခင်စစ်ထောက်လှမ်ရေး ဗိုလ်မှူးဟောင်းတစ်ဦးကို ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခေါ်ယူတွေ့ဆုံ၍ စီစဉ်ခိုင်းခဲ့ကြောင်း ယင်း ဗိုလ်မှူး၏ ဂျာနယ်ထုတ်ဝေရေးတာဝန်ယူပေးရန် ကမ်းလှမ်းခြင်းခံရသူ သတင်းအယ်ဒီတာတစ်ဦးက ဆိုသည်။

"သူက သိန်း ၃ထောင်လောက်ဆို ဖြစ်မလား၊ သတင်အဖွဲ့တွေကအစ တာဝန်ယူနိုင်မလားမေးတယ်"ဟု ၎င်းက ဆိုသည်။

ယခင် စစ်အစိုးရခေါင်းဆောင်ဟောင်း အသိုင်းအဝိုင်းတွင် ကိုယ်ပိုင်ဂျာနယ်ထုတ်ဝေခြင်းမှာ ခေတ်စားလျက်ရှိကြောင်း ကြံခိုင်ရေးပါတီခေါင်း ဆောင်တစ်ဦးက ပြောကြားသည်။

လက်ရှိရေးဆွဲလျက်ရှိသော မီဒီယာဥပဒေတွင် သတင်းမီဒီယာဌာနများ၏ ပိုင်ရှင်များကို တရားဝင် ထုတ်ဖော်ရန်ဆိုသည့်အချက်ကို ထည့်သွင်း ရန် မီဒီယာဥပဒေအလုပ်ရုံဆွေးနွေးပွဲများတွင် သတင်းစာဆရာများက ထောက်ပြဆွေးနွေးခဲ့ကြသည်။

ယခုလက်ရှိတွင် ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်း၏ sweet views ဂျာနယ်၊ ကြံ့ခိုင်ရေးပါတီ၏ ငွေကြေးအထောက်အပံ့နှင့် ရပ်တည်နေသော အင်ပါယာဂျာနယ်နှင့် ဗိုလ်မှူးချုပ်ဟောင်း အောင်သိန်းလင်း၏ My Way ဂျာနယ်တို့မှာ ထုတ်ဝေလျက်ရှိသည်ကို တွေ့ရသည်။

SWEET

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ့နိုင်ငံရေးပါတီလေးပါတီ ICAPP အဖွဲ့ဝင် အဖြစ်ပါဝင်ရန် အရည်အချင်းပြည့်မီ

မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ လေးပါတီခန့်သည် အာရှနိုင်ငံရေးပါတီများ၏ နိုင်ငံတကာညီလာခံ ICAPP တွင်အဖွဲ့ဝင်အဖြစ် ပါဝင်ရန် အရည်အ ချင်းသတ်မှတ်ချက် ပြည့်မီကြောင်း အမြဲတမ်းကော်မတီ အထွေထွေအတွင်းရေးမှူး Mr.Hon.Chung Eui-young က ပြောကြားသည်။

 ICAPP တွင်  အဖွဲ့ဝင်အဖြစ်ပါဝင်လိုသော နိုင်ငံရေးပါတီအနေဖြင့် ကော်မတီ၏ သတ်မှတ်စံချိန်စံညွှန်းများဖြစ်သည့်  လွှတ်တော်တွင် ကိုယ် စားလှယ်နေရာ တစ်ရာခိုင်နှုန်း ရရှိရမည်ဖြစ်ပြီး အထွေထွေရွေးကောက်ပွဲ၌လည်း မဲပေးသူအရေအတွက်၏ တစ်ရာခိုင်နှုန်းကျော်ရ ရှိထားရန် လိုအပ် ကြောင်း ၎င်းက ရှင်းပြသည်။

''အဲဒီစံနှုန်းနဲ့ တွက်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ICAPP ကို ဝင်နိုင်တဲ့ အရည်အချင်းပြည့်မီတဲ့ ပါတီ ၃/၄ ပါတီလောက် ရှိပါတယ်''ဟု ၎င်းက ဆိုသည်။

ယင်းပါတီများကို နောင်တွင်ပြုလုပ်မည့် ICAPP လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ရန် ဖိတ်ကြားလွှာများ ပေးပို့သွားမည်ဖြစ်သည်။

''သို့သော်လည်း အမြဲတမ်းကော်မတီအဖွဲ့ဝင်အနေနဲ့ကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ အကြီးဆုံးပါတီကပဲ အမြဲတမ်းကော်မတီအဖွဲ့ဝင်အဖြစ်နဲ့ ပါဝင် သင့်တယ်လို့ မြင်ပါတယ်''ဟု အထွေထွေအတွင်းရေးမှူးက ပြောကြားသည်။

အဆိုပါကော်မတီသည် ပြည့်ခိုင်ဖြိုးပါတီကို ICAPP ၏ အမြဲတမ်း ကော်မတီအဖွဲ့ဝင်အဖြစ် ပါဝင်ရန် ဖိတ်ကြားထားသည်။

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ICAPP အမြဲတမ်းကော်မတီနှင့် ပတ်သက်၍ ''နိုင်ငံရေးနဲ့ပတ်သက်လို့ ကိုယ်ယုံတဲ့လမ်း ကြောင်းအတိုင်း သွားမယ်ဆိုတာ သူတို့လက်ခံပါတယ်။ သူတို့ထဲမှာကိုက မတူညီတဲ့လူတွေ အများကြီးပဲ''ဟု မှတ်ချက်ပြု ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက အာရှနိုင်ငံရေးပါတီများ၏ နိုင်ငံတကာညီလာခံသည် ဝါဒတစ်ခု၊ နိုင် ငံတစ်ခုတည်းကို ကိုယ်စားပြုခြင်းမဟုတ်ဘဲ အားလုံးနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် အဖွဲ့ဝင်အဖြစ်ပါဝင်ရန် စိတ်ဝင်စားကြောင်း ပြော ကြားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁၁ ရက်မှ ၁၄ ရက်အထိ လာရောက်ခဲ့သည့် ICAPP အမြဲတမ်းကော်မ တီသည် အတိုက်အခံခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ပြီး နေပြည်တော်၌လည်း ပြည်ခိုင်ဖြိုး ပါတီနှင့် တွေ့ဆုံဆွေးနွေးကာ  ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ဒေသတွင်း ၅၂  နိုင်ငံမှ နိုင်ငံရေးပါတီ ၃၄ဝ ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် အာရှနိုင်ငံရေးပါတီများ နိုင်ငံတကာညီလာခံ ICAPP သည် ၂ဝဝဝ ပြည့်နှစ်၊ စက်တင်ဘာလ၌ ဖိလစ်ပိုင်နိုင်ငံမနီ လာမြို့တွင်စတင် ဆောင်ရွက်ခဲ့သော အာရှသမုဒ္ဒရာပိုင်းနိုင်ငံများ ရှိ နိုင်ငံရေးပါတီများ၏ ဆွေးနွေးပွဲ တစ်ရပ်ဖြစ်သည်။

ညီလာခံ၏ ရည်မှန်းချက်များမှာ အဆိုပါနယ်မြေအတွင်းရှိ နိုင်ငံများမှစ၍ နိုင်ငံရေးပါတီများအကြား  သဘောတရားအမျိုးမျိုးဖြင့် ငွေကြေး လဲ လှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန်၊အပြန်အလှန်နားလည်မှုနှင့် အာရှနိုင်ငံများကြား ယုံကြည်မှုတိုးပွားလာရန်၊ နိုင်ငံရေးပါတီများ၏ အ ရေးပါသော အခန်းကဏ္ဍနှင့် လမ်းကြောင်းဖော်ဆောင်ပေးမှုမှတစ်ဆင့် အာရှဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် အာရှဒေသတွင်းခိုင်မာသော ငြိမ်းချမ်းရေးနှင့် ဝေမျှခံစားထားသော ပိုင်ဆိုင်မှုများအတွက် ပတ်ဝန်းကျင်တစ်ခုဖန်တီးရန်တို့ ဖြစ်သည်။

ညိုခန့်

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

မေး - ညီလာခံကျင်းပမယ်ဆိုပြီး ကိုယ်စားလှယ်တွေရွေးတဲ့အခါ ပြဿနာတွေရှိလာတယ်ဆိုတော့ ဒီပြဿနာတွေက ဘာ့ကြောင့်ဖြစ်တယ်လို့ သုံးသပ် ထားပါသလဲ။

ဖြေ - ဒီအတောအတွင်းမှာလည်း ပြဿနာရပ်လေးတွေ ရှိကြတာပေါ့။ ဘာလို့ဆို လုပ်ကြ၊ ကိုင်ကြတာမှာ နေရာကပေါ်လာပြီဆိုတော့ အောက်ခြေမှာ ငြင်းကြ၊ ခုန်ကြနဲ့ စကားလေးတွေများကြတာတော့ ရှိတာပေါ့။ ဒါပေမယ့် ဒါတွေကိုလည်း အဖွဲ့ချုပ်အတွင်းမှာ ပြေလည်အောင်ဖြေရှင်းဖို့ လုပ်နိုင်တဲ့ အနေအထား ရှိတယ်လေ။ စလုပ်ခါစမှာတော့ ဒီလိုပဲ အခက်အခဲလေးတွေ ရှိမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ အစီအစဉ်တိုင်း သွားနေပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ် အမှတ် (၇၈)တွင်ပါရှိသော “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနာယက ဦးတင်ဦး နှင့် တွေ့ဆုံခြင်း”မှ ပါတီညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“လူ့အခွင့်အရေးရှု့ထောင့်က ပြောရရင်တော့ ပြောစရာမရှိပါဘူး။ တစ်ဖက်ကလည်း ဥပဒေအရပြောရရင်တော့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည် ခွင့် ဥပဒေအရခွင့်ပြုချက်တောင်းဖို့ လိုပါတယ်။ ပြည်သူတွေဖက်ကလည်း လက်ရှိနည်းဥပဒေတွေကို လိုက်နာနိုင်ဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း မိမိနဲ့မကိုက်ညီဘူးဆိုရင် သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးက ပြန်လည်ပြင်ဆင်ပေးဖို့ကို တောင်းဆိုသင့်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီကိစ္စကို တရားဥပဒေဘောင်အတွင်းကနေပဲ ငြိမ်းချမ်းစွာ ဖြေရှင်းစေလိုပါတယ်။”

စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် Bi Weekly Eleven Journal အတွဲ (၅)၊ အမှတ် (၂၆)တွင်ပါရှိသော “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှု များနှင့် ပတ်သက်၍ အရေးယူတရားစွဲဆိုမည်ဆိုပါက လူ့အခွင့်အရေးချိုးဖောက်မှု့ဖြင့် ပြန်လည်တရားစွဲဆိုမှု ပြုလုပ်သွားမည်”သတင်းမှ သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့် ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

ကြားဖြတ်ရွေးကောက်ပွဲတွေလုပ်တုန်းက (NLD)မှာ ဗဟိုက တခြားအောင်ခြေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်တွေဟာ ဘာတစ်ခုမှ တရားဝင်မရှိဘူး။ အခု လက်ရှိ အချိန်ထိ မြို့နယ်စည်းရုံးရေးအဖွဲ့ဆိုတာ မရှိသေးဘူး။ အဲဒီအချိန်မှာ တရားဝင်ရှိတာဆိုလို့ ဗဟိုပဲရှိတယ်။ အဲဒါကြောင့် ကိုယ်စားလှယ်ဟောင်းတွေကို ဗဟိုက တိုက်ရိုက်ခန့်တာပဲ။

စက်တင်ဘာ ၂၇ ရက်နေ့ထုတ် 7 day News ဂျာနယ် အတွဲ (၁၁)၊ အမှတ် (၂၉)တွင်ပါရှိသည့် “ဒီချုပ်ကို ဗဟိုဦးစီးစနစ် ကျင့်သုံးဟု စွပ်စွဲခြင်းမှာ နိုင်ငံရေးနှိပ်ကွပ်မှုဖြစ်ကြောင်း ဦးဉာဏ်ဝင်းပြောကြား”သတင်းမှ ဦးဉာဏ်ဝင်း၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment