Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၈.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. ရေတပ်စခန်းတစ်ခုအား တရားစွဲဆိုမှု အနောက်ပိုင်းခရိုင်တရားရုံး လက်ခံ
  1. ရေကြီးမှုကြောင့် အထွက်နှုန်းလျော့ကျမှုကို ပြန်လည်အစားထိုးရန် စီစဉ်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ရှမ်းပြည်နယ်အတွင်း ပြည်သူ့စစ်က အဓမ္မတပ်သားစုဆောင်းနေဟုဆို
  2. ဥပဒေအထက်တွင် အမိန့်အာဏာများရှိနေခြင်းကြောင့်သာ ငြိမ်းချမ်းရေးအခမ်းအနားကျင်းပသူများ တရားစွဲဆိုခံရခြင်းဖြစ်
  3. ငြိမ်းချမ်းရေးနေ့ ဆန္ဒပြခဲ့ခြင်းသည် အမှားအယွင်းဟုမခံယူ၍ ကိုယ်ပိုင်ခံဝန်ဖြင့် အမှုရင်ဆိုင်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ရေတပ်စခန်းတစ်ခုအား တရားစွဲဆိုမှု အနောက်ပိုင်းခရိုင်တရားရုံး လက်ခံ

ရန်ကုန်၊ စက်တင်ဘာ ၂၈။

ဧရာဝတီတိုင်း ရေတပ်စခန်းဌာနချုပ် အမှတ် ၃၆ စစ်ရေယာဉ်အုပ်စုက မတရားသိမ်းယူထားသော အောင်သုခ စက်လှေအမှတ် (၁၆၂)ကို ပြန် လည်ရယူလိုမှုဖြင့် စက်လှေပိုင်ရှင်၏ တရားစွဲဆိုမှုအား အနောက်ပိုင်းခရိုင်တရားရုံးမှ စက်တင်ဘာ ၂၇ရက်တွင် စတင်လက်ခံလိုက်ပြီဖြစ်ကြောင်း တရား လိုဖြစ်သူ ဦးလေးနိုင်က ပြောကြားသည်။

အဆိုပါအမှုအား တရားမကြီးအမှုအမှတ် ၄၀၈/၂၀၁၂ဖြင့် လက်ခံလိုက်ခြင်းဖြစ်ပြီး တွဲဖက်ခရိုင်တရားသူကြီးဖြစ်သူ ဒေါ်ခင်မျိုးဟန်က အမှုစစ် ဆေးမည်ဖြစ်ကြောင်း၊ တရားလိုမှာ စက်လှေပိုင်ရှင် ဦးအေးမင်းထွန်း၏ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ တောင်ဥက္ကလာပမြို့နယ် (၂၀)ရပ်ကွက်နေ ဦးလေးနိုင်ဖြစ်ပြီး တရားပြိုင်မှာ ဗိုလ်မှူးမင်းသူ (တာဝန်ခံအရာရှိ အမှတ် ၃၆ စစ်ရေယာဉ်အုပ်စု ဧရာဝတီတိုင်းရေတပ်စခန်းဌာနချုပ် ဗိုလ်တထောင်မြို့ နယ်) ဖြစ်ကြောင်း တရားရုံးအမှုတွဲအရ သိရသည်။

"တရားရေးမဏ္ဍိုင်ကို ယုံကြည်လို့ တရားစွဲတာပါ"ဟု တရားလိုဖြစ်သူ ဦးလေးနိုင်က ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အမှတ် (၃၆) စစ်ရေယာဉ်အုပ်စု တာဝန်ခံအရာရှိသို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မအားလပ်သည့် အတွက် ဖြေကြားနိုင်ခြင်းမရှိကြောင်း အဆိုပါရေတပ်စခန်းဌာနချုပ်တွင် တာဝန်ကျသည့် တပ်ကြပ်ကြီးတစ်ဦးကသာ ဖြေကြားခဲ့သည်။

အဆိုပါ သိမ်းဆည်းထားသည့် အောင်သုခစက်လှေ အမှတ် (၁၆၂) အား ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း အမှုဖြစ် စဉ်မှာ ၎င်းတို့ဌာနချုပ်နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဧရာဝတီတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ ဗိုလ်မှူးတစ်ဦးက ပြောကြားသည်။

၂၀၁၁ခုနှစ် နိုင်ဝင်ဘာလအတွင်း၌ ထိုရေယာဉ်အား ဆားနှင့် မီးသွေးများတင်ဆောင်လာသည်ကို အကြောင်းပြု၍ သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရှိရပြီး ယင်းသို့ ဆားနှင့် မီးသွေးများတင်ဆောင်လာခြင်းအတွက်ကိုလည်း ထိုက်သင့်သည့်ပြစ်ဒဏ်များ ချမှတ်ပြီးခဲ့သော်လည်း အမှုနှင့် မသက်ဆိုင် သည့် အဆိုပါစက်လှေအား သိမ်းဆည်းထားခြင်းကြောင့်ဖြစ်ကြောင်း တရားရုံးအမှုတွဲအရ သိရသည်။

SWEET

-----------------------------------------------------------------------------------------------------------------------------------

ရေကြီးမှုကြောင့် အထွက်နှုန်းလျော့ကျမှုကို ပြန်လည်အစားထိုးရန် စီစဉ်

ရန်ကုန် စက်တင်ဘာ ၂၇။

မကြာမီကဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ တောင်သူလယ်သမားများအသင်းနှင့် ဆန်စပါးအသင်းတို့ ပူးပေါင်း၍ ရေကြီးမှုကြောင့် အထွက်နှုန်းလျော့ ကျမှုကို ပြန်လည်အစားထိုးစေနိုင်မည့် Yield Booster Program ကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးရဲမင်းအောင်က ပြောကြားသည်။

အဆိုပါ Yield Booster Programအတွက် လယ်ဧက ၂သိန်းခန့် ရွေးထုတ် zone သတ်မှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိ အထွက်နှုန်း ထက် တစ်ဧက ၁၀-၁၅ တင်းခန့် ပိုမိုထွက်ရှိအောင် ဆောင်ရွက်မည်ဖြစ်ပြီး ဆန်တန်ချိန် ၅၀၀၀၀-၆၀၀၀၀ ခန့်ပိုထွက်အောင် ဆောင်ရွက်ခြင်းဖြင့် ရေကြီးမှု ကြောင့် လျော့နည်းဆုံးရှုံးမှုကို ပြန်လည်အစားထိုးနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"တောင်သူလယ်သမားအသင်းဝင်များကို လက်တွေ့ကျကျ ကူညီနိုင်ရေး စတင်ဆောင်ရွက်နေပါပြီ"ဟု ၎င်းက ဆိုသည်။

တောင်သူလယ်သမား အသင်းဝင်များ၏ လယ်မြေတွင် အရည်အသွေးအဆင့်မီ fresh product ပုလဲဓါတ်မြေသြဇာကို ပိုမိုထိရောက်စွာ အသုံးပြု ခြင်းနှင့် ရိတ်သိမ်းခြွေလှေ့ စက်ကြီးများဖြင့် post harvest technology ကို အသုံးပြုကာ အလေအလွင့် လျော့ကျစေခြင်းတို့ ကိုလည်း စနစ်တကျ ဆောင် ရွက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

SWEET

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ရှမ်းပြည်နယ်အတွင်း ပြည်သူ့စစ်က အဓမ္မတပ်သားစုဆောင်းနေဟုဆို

ရန်ကုန် စက်တင်ဘာ ၂၇။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ပြည်သူ့စစ်တပ်ဖွဲ့က ယခုလအတွင်း အဓမ္မတပ်သားသစ်များ စုဆောင်းလျက်ရှိကြောင်း သီပေါ မဲဆန္ဒနယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

"ပြီးခဲ့တဲ့ သုံးလေးရက်က နမ့်လန်နဲ့ မိန်းခေးဘက်မှာ အဓမ္မစုဆောင်းလို့ လာတိုင်ကြသေးတယ်"ဟု ၎င်းက ဆိုသည်။

ပြည်နယ်အတွင်း မဲဆန္ဒနယ်အများအပြား အနိုင်ရထားသော ကျားဖြူပါတီ(SNDP)က အဓမ္မတပ်သားစုဆောင်းခြင်းများ မပြုလုပ်ရန် သက်ဆိုင် ရာ ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်များကို ပြီးခဲ့သော မေလ ၂၄ရက်နေ့က တောင်ကြီးမြို့တွင် ခေါ်ယူဆွေးနွေး သတိပေးပြောကြားခဲ့ဖူးကြောင်း ကျားဖြူ ပါတီမှ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဦစောသန်းမြင့်က ရှင်းပြသည်။

"ခေါင်းဆောင်ပိုင်းတွေနဲ့တော့ ညှိနှိုင်းထားပေမဲ့ အောက်ခြေကလုပ်တယ် ထင်ပါတယ်"ဟု ၎င်းက ဆိုသည်။

ပြည်သူ့စစ်တပ်သားအဖြစ် လိုက်ပါလိုခြင်းမရှိပါက ကျပ်သိန်းဆယ်ချီ၍ ရွေးယူကြရကြောင်း၊ ထိုကဲ့သို့ဖြစ်စဉ်များမှာ တည်ငြိမ်အေးချမ်းမှုမရှိ သော တိုင်းရင်းသားဒေသများတွင် ယခင်နှစ်ပေါင်းများစွာကပင် အရိုးစွဲနေပြီဖြစ်သော်လည်း ယခုလို ဒီမို ကရေစီ တည်ဆောက်မှုကာလအတွင်း လုံးဝ မဖြစ်ပွားသင့်ကြောင်း၊ ကျားဖြူပါတီအနေနှင့် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တပ်သားအဖြစ်မလိုက်ပါလိုသဖြင့် ကျပ် ၂၅သိန်းပေးအပ်ခဲ့ရကြောင်း ဒေသခံတစ်ဦး၏အဆိုကို ကိုးကား၍ တိုင်းရင်းသားသတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်။

"သူတို့က စစ်သားရရင်ရ မရရင် ရန်ပုံငွေရတဲ့အတွက် လုပ်ကြတာ"ဟု ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက ဆို သည်။

ရှမ်းပြည်နယ်အတွင်း ဘိန်းရာသီရောက်လာသဖြင့် နယ်မြေလုမှုကိစ္စများအတွက် "ဝ" လက်နက်ကိုင်တပ်ဖွဲ့များနှင့် SSA တပ်ဖွဲ့များအကြား တင်းမာမှုများဖြစ်ပွားနေသောကြောင့် တပ်သားသစ်စုဆောင်းမူများ ဖြစ်ပွာလာရကြောင်း အဆိုပါ အရာရှိက ဆက်လက်ရှင်းပြသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ သီပေါမြို့အခြေစိုက် စပ်လှမြင့်ဦးဆောင်သော ပြည်သူ့စစ် အမှတ် (၂)တပ်ဖွဲ့က စုဆောင်းနေခြင်း ဟု ဆိုသည်။

၂၀၁၀ ခုနှစ် ဧပြီလတွင် SSA(မြောက်ပိုင်း) ဗိုလ်ချုပ်လွယ်မောင်း၊ ဒုဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကိုင်ဖုတို့ဦးဆောင်သော စိန်ဂျော့ဌာနချုပ် အမှတ် (၁) ပြည်သူ့စစ်တပ်ဖွဲ့၊ လွယ်ဟိန်းမြို့နယ် တပ်မဟာ ၇ ဦးအောင်ထွန်း၏ အမှတ် (၃) ပြည်သူ့စစ်တပ်ဖွဲ့နှင့် သီပေါမြို့အခြေစိုက် စပ်လှမြင့်ဦးဆောင်သော ပြည်သူ့စစ်အမှတ် (၂) တပ်ဖွဲ့တို့ကို စတင်ဖွဲ့စည်းခဲ့သည်။

SWEET

-----------------------------------------------------------------------------------------------------------------------------------

ဥပဒေအထက်တွင် အမိန့်အာဏာများရှိနေခြင်းကြောင့်သာ ငြိမ်းချမ်းရေးအခမ်းအနားကျင်းပသူများ တရားစွဲဆိုခံရခြင်းဖြစ်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားကျင်းပရာတွင် ၎င်းအပါအဝင် ၉ဦး တရားစွဲဆိုခံရခြင်းမှာ တရားဥပဒေအရ ပြဋ္ဌန်းထားသော အချက်များထက် ဒေသဆိုင်ရာအာဏာပိုင်များ၏ အမိန့်အာဏာများမှာ ပိုမိုအရေးကြီးနေခြင်းကြောင့်ဟု ယူဆကြောင်း တရားစွဲဆိုခံရသူတစ်ဦးဖြစ်သူ ဦးဝင်းချို၏ သုံးသပ်ပြောကြားချက်အရ သိရသည်။

ထိုသို့ စွဲချက်တင်ခံထားရခြင်းကြောင့် ၎င်းတို့အနေဖြင့် နိုင်ငံသားအခွင့်အရေးဆုံးရှုံးရကြောင်း မည်သည့်မြို့နယ်တွင်မှ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်ဥပဒေအရ ထပ်မံလျောက်ထားခွင့် မရရှိတော့ခြင်းဖြစ်ကြောင်း၊ အာဏာပိုင်များမှ လျှောက်ထားချက်ကို တားမြစ်ပိတ်ပင်လိုက်ခြင်းမှာ အကြောင်း အရင်း သုံးရပ်ကြောင့်ဖြစ်ပြီး ထိုအချက်များမှာ အမှန်တ ကယ်ဖြစ်ပွားခဲ့ခြင်းမရှိသောကြောင့် စိုးရိမ်စိတ်သက်သက်ဖြင့် တားမြစ်ခြင်းဟု ယူဆကြောင်း ပြောကြားသည်။

"ဥပဒေရဲ့အထက်မှာ အမိန့်တွေအာဏာတွေ ရှိနေတယ် စီလျော်မှုမရှိတဲ့ အကြောင်းပြချက်တွေနဲ့ ဥပဒေဘောင်ထဲက လုပ်ကိုင်ချင်သူတွေကို တားမြစ်ပိတ်ပင်တယ်၊ နိုင်ငံကပြဋ္ဌန်းထားတဲ့ဥပဒေတွေကို လိုက်နာနိုင်ပေမယ့် အမိန့်အာဏာတွေနဲ့ တားမြစ်တာကိုတော့ လက်မခံနိုင်ဘူး"ဟု ၎င်းက ဆို သည်။

ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဝေဋ္ဌုက နိုင်ငံသားတာဝန်အရ နိုင်ငံတော်ကပြဋ္ဌန်းထားသော ဥပဒေအတိုင်း လျှောက်လွာတင်သွင်း ရန် လိုအပ်သဖြင့် လျှောက်လွာတင်သွင်းခဲ့ကြောင်း၊ ငါးရက်ကြိုတင်ရန် လိုသည်ဆိုသည့် အချက်ကြောင့်လည်း ၎င်းတို့မှ ငါးရက်ကြိုတင်ခဲ့ကြောင်း၊ စီတန်း လှည့်လည်ခွင့်နည်းဥပဒေအရ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌန်ထားချက်များနှင့် မဆန့်ကျင် လျှင် လျှောက်လွာများကို ငြင်းပယ်ပိုင်ခွင့်မရှိဟုဆိုသော်လည်း မရေရာသောအကြောင်းပြချက်များနှင့် တရားဥပဒေအရတင်သွင်းထားသော လျှောက်လွှာ များကို ငြင်းပယ်လိုက်ခြင်းဖြင့် မိမိတို့မှာ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံတကာလူ့အခွင့်အရေးကို ချိုးဖောက်ခံလိုက်ရခြင်းဖြစ်ကြောင်း ပြောသည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)မှာပေးထားတဲ့ နိုင်ငံသားအခွင့်အရေးတွေကို စာအုပ်ထဲမှာသာဖတ်ရပြီး လက်တွေ့ဘဝမှာ အံဝင်ဂွင်ကျ တခါမှ မရခဲ့ဘူးတော့ ဥပဒေကပေးထားတဲ့အတိုင်း လိုချင်ပါတယ်"ဟု ၎င်း၏ခံစားချက်ကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စီတန်းလှည့်လည်ခွင့်လျောက်ထားခြင်း အကြိမ် (၂၀)ရှိပြီး (၈)ကြိမ် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ခွင့်ပြုမိန့်မရပဲ စီတန်းလှည့်လည်ခြင်းမှာ တရားဥပဒေကို ချိုးဖောက်ခြင်းဟုယူဆကြောင်း ၂၁ရက်နေ့ ညနေပိုင်းတွင် ကျင်းပခဲ့ သော သတင်းစာရှင်းလင်းပွဲ၌ ရဲမှူးမြင့်ထွေးက သတင်းမီဒီယာများကို ပြောသည်။

လင်းသစ်

-----------------------------------------------------------------------------------------------------------------------------------

ငြိမ်းချမ်းရေးနေ့ ဆန္ဒပြခဲ့ခြင်းသည် အမှားအယွင်းဟုမခံယူ၍ ကိုယ်ပိုင်ခံဝန်ဖြင့် အမှုရင်ဆိုင်မည်

စက်တင်ဘာလ ၂၈။

စက်တင်ဘာလ ၂၁ရက်နေ့တွင် ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခဲ့သော အဖွဲ့အစည်းများ တရားစွဲဆိုခံရမှုအပေါ်တွင် ငြိမ်းချမ်းရေး နေ့ ဆန္ဒပြခဲ့ခြင်းသည် အမှားအယွင်းဟုမခံယူ၍ ကိုယ်ပိုင်ခံဝန်ဖြင့် အမှုရင်ဆိုင်မည်ဖြစ်ကြောင်း အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ပြောသည်။

အဆိုပါနေ့တွင် ပါဝင်လှုပ်ရှားခဲ့သော အဖွဲ့အစည်းပေါင်း (၂၀)ကျော်၏ တူညီသောဆုံးဖြတ်ချက်ဖြစ်ပြီး ငြိမ်းချမ်းရေးနေ့ စီတန်းလမ်းလျှောက် ခြင်းကို မှားယွင်းသည်ဟုခံယူပါက ပူးပေါင်းပါဝင်လာသော ပြည်သူလူထုအား စော်ကားရာရောက်ကြောင်းနှင့် ၎င်းတို့ကိုယ်တိုင်လည်း မှားယွင်းသည်ဟု မယူဆကြောင်း ထပ်မံပြောကြားသည်။

“ကျနော်တို့လုပ်ရပ်က မှားတယ်လို့လည်း မခံယူဘူး၊ ဒီလိုမခံယူတဲ့အတွက် ထွက်ပြေးစရာလဲအကြောင်းမရှိဘူး၊ ဒါကြောင့် အာမခံပေးမယ့်သူ ခေါ်လာစရာမလိုဘူး၊ ဥပဒေမှာပါတဲ့အတိုင်း ကိုယ်ပိုင်ခံဝန်နဲ့ဘဲ အမှုကိုရင်ဆိုင်မယ်’’ဟု ကိုဘိုဘိုက ပြောသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကိုဂျော်ဂွန်းနှင့် မမေစံပယ်ဖြူတို့သည် စက်တင်ဘာလ ၂၈ရက်နေ့တွင် ဒဂုံ မြို့နယ် တရားရုံး၌ ငြိမ်းချမ်းစွာစီတန်းခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)ဖြင့် တရားရင်ဆိုင်လျက်ရှိပြီး တရားသူကြီး၏ ဆုံးဖြတ်ချက်အရ ကိုယ် ပိုင်ခံဝန်ဖြင့် အာမခံခွင့် ရရှိကြောင်း သိရသည်။

“နိုင်ငံသားတစ်ယောက်အနေနဲ့ ဥပဒေကို လေးစားလိုက်နာရမယ်၊ ကျနော်တို့ကလည်း မမှားဘူးလို့ ခံယူတယ်၊ ဒါကြောင့် ခုဆို တရားရုံးမှာ ခံဝန် အတွက် စာချုပ်ချုပ်နေတယ်။ မှန်ကန်တဲ့ဥပဒေဘောင်အတွင်းက ရင်ဆိုင်သွားမယ်”ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကိုဂျော်ဂွန်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ “ဥပဒေဆိုတာ ပြည်သူလူထုအကျိုးအတွက်ဘဲ ဖြစ်သင့်တယ်၊ ဥပဒေရဲ့အားနည်းချက်တွေကြောင့် ပြည်သူလူထုမှာ ဒုက္ခရောက်နေတယ်၊ ဒါကြောင့် လူကြီးတွေရဲ့ပျော့ပျောင်းမှုကို ငြင်းဆိုတာမဟုတ်ဘူး၊ အမှားမလုပ်ထားတဲ့အတွက် ကိုယ်ပိုင်ခံဝန်လျှောက်တာပါ၊ ဒီလိုမှ မလိုလားအပ်တဲ့ဥပဒေရဲ့ အားနည်းချက်တွေကို ပြည်သူတွေကို ဖော်ပြနိုင်မယ်’’ဟု ကိုဘိုဘိုက ပြောသည်။

၎င်းတို့အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဌာန်းထားသည့်ဥပဒေများနှင့် ညှိစွန်းခြင်းမရှိဘဲ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့၏ မူလအခွင့်အရေးများဖြင့် ငြိမ်း ချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ပြည်သူများပါဝင်နိုင်ရန် ငြိမ်းချမ်းရေးလိုလားသူများက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာတဲ့ နိုင်ငံသားတွေကို တရားစွဲဆိုတာမကောင်းပါဘူး၊ တကယ်လို့ တရားစွဲဆိုခံရတဲ့အပေါ်မှာ ကျနော်တို့တွေ ဟာ လူ့အခွင့်အရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့အခွင့်အရေးကို ချိုးဖောက်ခံနေရတာဖြစ်တယ်’’ဟု လူ့အခွင့်အရေးလှုပ်ရှားမှုများ ပြုလုပ်နေ သူ ကိုဝေဠုက ပြောသည်။

ပြည်ထောင်စုနေ့ကျင်းပတယ်ဆိုတာ ပြည်ထောင်စုရဲ့တန်ဖိုးကို လူတွေတန်ဖိုးထားအောင် ကျင်းပခဲ့ကြတာ ငြိမ်းချမ်းရေးနေ့ကိုလည်း ငြိမ်းချမ်း ရေးရဲ့ အနှစ်သာရကို ပြည်သူတွေသိအောင် နားလည်အောင် တန်ဖိုးထားအောင် လုပ်တဲ့သဘောပါ၊ အများပြည်သူ လိုလားသလား မလိုလားသလား ဆိုရင် လူမျိုးဘာသာမရွေး ပါဝင်ခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်”ဟု Generation Wave မှ ကိုမိုဃ်းသွေးက ပြောသည်။

"သူတို့က ဓာတ်ပုံတွေကို scan ဖက်ပြီးကြည့်နေကြတယ်၊ အဲဒီအထဲကလူတွေကိုလည်း အရေးယူဖို့စီစဉ်နေတယ်၊ လျှောက်ထားတဲ့ လူ နာမည် စာရင်းအပြင် အပြင်ကနာမည်ရှိဘူးပြီးသားတွေလည်း ပူးပေါင်းပါဝင်တဲ့အတွက် အရေးယူဖို့လုပ်နေတာ ဖြစ်လိမ့်မည်’’ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူက ပြော သည်။

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် လမ်းလျှောက်ဆန္ဒပြမှုတွင် ပါဝင်ခဲ့သောအဖွဲ့အစည်းများ၊ ဂျာနယ်မျက်နှာဖုံး များ၊ ဓာတ်ပုံများတွင်ပါဝင်သော ရုပ်ပုံပါလူပုဂ္ဂိုလ်များကိုလည်း စစ်ဆေးအရေးယူရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စီစဉ်လျက်ရှိကြောင်း ၎င်း၏ ပြော ပြချက်အရ သိရသည်။

မင်းခဏ့်

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“အန်တီတင် တစ်ယောက်ထဲသဘောထားကတော့ ဒါမျိုးတွေဖြစ်တာ မလိုလားဘူး။ တစ်ဖက်နဲ့တစ်ဖက် ညီညွတ်ညှိနှိုင်း ဆောင်ရွက်နိုင်ရမယ်။ တင်းလွန်း ရင် ပြတ်တယ်။ လျော့လွန်းလျှင်လည်း ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရ ဖြစ်မလာနိုင်ဘူး။ လွှတ်တော်နဲ့ အစိုးရ ညီညီညွတ်ညွတ်နဲ့ သွားတာပဲ ကောင်းမယ်။ ဒီလိုဖြစ်စဉ်မျိုး ကွဲပြားရတာ စိတ်မကောင်းဘူး။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးဘက်ကရော ဥပဒေအတိုင်း တိတိကျကျလိုက်နာရင် ဒါမျိုးတွေ ရှိမလာနိုင်ဘူး။”

စက်တင်ဘာ ၂၇ ရက်နေ့ထုတ် 7 day News ဂျာနယ် အတွဲ (၁၁)၊ အမှတ် (၂၉) တွင်ပါရှိသည့် “ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက တိုင်းဒေသကြီးအစိုးရအား စွပ်စွဲပြစ်တင်မည်”သတင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်သူတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တော်တော်များများနဲ့ သူတို့တွေ့ဆုံနေတာ ရှိပါတယ်။ ဘယ်အဖွဲ့အစည်းနဲ့မှ ထာဝရငြိမ်းချမ်းရေး ရယူနိုင်ပြီဆိုတာ ကျွန်တော်တို့ မတွေ့ရသေးပါဘူး။ သူတို့လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ အားပေးချင်ပါ တယ်။ သေချာတာကတော့ ဒေသခံပြည်သူတွေနဲ့ တိုင်းရင်း သားတွေရဲ့ အသံတွေ၊ အရုပ်တွေကို ရဲရဲကြည့်၊ ရဲရဲနားထောင်ဖို့ လိုလာပါသည်”

စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ် အမှတ် (၇၈) တွင်ပါရှိသော “စစ်မှန်သောငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် ထိပ်သီးခေါင်းဆောင် များ ဆွေးနွေးရုံနှင့် မလုံလောက်”သတင်းမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment