Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၆.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍ အားကောင်းမောင်းသန် ဖြစ်လာရေး

*****************************************

ဆောင်းပါးကဏ္ဍ

မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍ အားကောင်းမောင်းသန် ဖြစ်လာရေး

ကိုကိုဘာသာပြန်ဆိုသည်။

(အောက်တိုဘာ ၆ရက်ထုတ် မြန်မာတိုင်း(မ်)ဂျာနယ် အတွဲ (၃၀) အမှတ် (၅၈၉) မှ ထုတ်ယူထင်ပြချက်။)

မြန်မာ့စီးပွားရေးတံခါး ဖွင့်ပေးလိုက်ခြင်းကို ဒေသတွင်း၌ ကစားကွက်ပြောင်းခြင်းအဖြစ် အများက ရှုမြင်နေကြသည်။ ကြီးမားကျယ်ပြန့်သော ပြည်တွင်းစီးပွားရေးရှိခြင်း၊ သယံဇာတပေါကြွယ်ဝခြင်း၊ လုပ်သားအင်အား တောင့်တင်းခြင်းတို့ကြောင့် တက်ကြွလှုပ်ရှားပြီး ဝင်ငွေမြင့်မားသော အခြား အာရှနိုင်ငံများအဆင့်သို့ ကာလတိုအတွင်း ရောက်ရှိနိုင်စရာ အလားအလာများစွာ ရှိနေသည်။

တောင့်တင်းကြွယ်ဝသော မြန်မာနိုင်ငံသည် ၎င်း၏ အိမ်နီးချင်းနိုင်ငံများအတွက်လည်း များစွာ အကျိုးဖြစ်လာပေလိမ့်မည်။ ရေရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သောပေါ်လစီများကို အကောင်အထည်ဖော်ရာတွင် ကာလတိုနှင့် အလယ်အလတ်ကာလများ၌ မြန်မာနိုင်ငံသည် စိန်ခေါ် မှုမျိုးစုံကို ရင်ဆိုင်နေရသည်။ ဌာနအဖွဲ့အစည်းများ၏ စွမ်းဆောင် ရည်ကင်းမဲ့မှုသည် မူဝါဒချမှတ်သူအဖို့ ကြီးမားသော အကန့်အသတ်များဖြစ်နေသည်။ အိမ်ထောင်စုများ၏ စုဆောင်းငွေများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကုန်ထုတ်အရင်းအနှီးများအဖြစ် ပြောင်းလဲပေးမည့် ထိရောက်သော ဘဏ်လုပ်ငန်း ကဏ္ဍမရှိခြင်းကြောင့် ဖွံ့ဖြိုးရေးတွင် အဟန့်အတားဖြစ်ရသည်။

ရှေးဆိုရိုးစကားတစ်ခုရှိသည်။ စီးပွားရေးကို လူ့ခန္ဓာကိုယ်နှင့် ပမာနှိုင်းလျှင် ဘဏ်စနစ်သည် လူ့နှလုံးသားနှင့်တူပြီး ဘဏ်ချေးငွေသည် ခန္ဓာ အတွင်း လှည့်ပတ်စီးဆင်းသောသွေးနှင့် တူသည်။ ကျန်းမာသန်စွမ်းသော နှလုံးသားနှင့် ချောမွေ့သော သွေးလည်ပတ်မှုမရှိဘဲ ဤခန္ဓာကိုယ် ဖွံ့ဖြိုးကြီး ထွားဖို့ကိုအသာထား ကျန်းမာဖို့ပင် ခက်ပါသည်။ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းသည် အခြေခံမူလတန်းအဆင့်၌သာ ရှိသည်။ လောလောဆယ် နိုင်ငံပိုင်နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ၁၉ ခုသည် စုစုပေါင်းမတည်ငွေ ဒေါ်လာ သန်း ၃၀၀ပင် မပြည့်ပေ။ ထိုဘဏ်များတွင် ဘဏ်ခွဲ ၃၃၀ခန့်သာရှိရာ ဘဏ်ခွဲတစ် ခုလျှင် ပျမ်းမျှ လူ ၁၈၀,၀၀၀ကိုသာ ၀န်ဆောင်မှုပေးနေသည်။ နှိုင်းယှဉ်ကြည့်လျှင် ထိုင်းနိုင်ငံ၌ စီးပွားရေးဘဏ် ၁၉ခုမှ ဘဏ်ခွဲ ၆,၃၀၀ခန့်ရှိရာ တစ်ခု သည် လူ ၁၁၀,၀၀၀ ကို ဝန်ဆောင်ပေးနေခြင်း ဖြစ်သည်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ ပုဂ္ဂလိကချေးငွေ စုစုပေါင်း (ကုမ္ပဏီနှင့် အိမ်ထောင်စုများသို့ ချေးငွေ)သည် ၂၀၁၀ ခု အမျိုးသား ပြည်တွင်းထုတ်ကုန်တန်ဖိုး၏ ၂၅ ရာခိုင်နှုန်းခန့်သာ ရှိသည်။

ဗီယက်နမ်၌ ၁၂၀ ရာခိုင်နှုန်းနှင့် မလေးရှား၌ ၁၃၅ ရာခိုင်နှုန်း အသီးသီးရှိသည်။ ဤသည်ကိုထောက်လျှင် မြန်မာ့စီးပွားရေး ၏ အသည်းနှလုံး ဖြစ်သော မြန်မာ့လက်ရှိဘဏ်စနစ်သည် ခန္ဓာကိုယ်သို့ သွေးလုံလုံလောက်လောက် ပို့လွှတ်ပေးနိုင်ခြင်းမရှိသေးကြောင်း ထင်ရှားသည်။ ပုဂ္ဂလိက စုဆောင်း ငွေများကို လည်ပတ်လှုပ်ရှားလာစေရန်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရာတွင် စွန့်စားရမှုအတိုင်းအတာကို ခန့်မှန်းအကဲဖြတ်ရန်လည်းကောင်း၊ အရင်းအနှီး များကို ထိရောက်စွာ နေရာချထားရန်လည်းကောင်း၊ မြန်မာ့ဘဏ်စနစ်ကို ထိရောက်ထက်မြက်သည့် ခေတ်မီဘဏ်စနစ်ပေါ်ပေါက်လာအောင် အရေးတ ကြီး လိုအပ်နေပါသည်။

ဤသို့လုပ်ဆောင်ရာတွင် ကျယ်ပြန့်သော မူဝါဒအဆင့်၌ ခိုင်မာသော စည်းမျဉ်းဥပဒေနှင့် ကွပ်ကဲမှုကွန်ရက်ရှိသော ကြံ့ခိုင်သည့် ဗဟိုဘဏ်ရှိရန် လိုအပ်သည်။ ထိုမျှမက လက်ရှိစီးပွားရေးဘဏ်များကိုလည်း ထိရောက်စွာ လုပ်ဆောင်နိုင်စေရန် စုစည်းအားဖြည့်ပေးရန် လိုအပ်သည်။

နည်းပညာစွမ်းရည်၊ အဖွဲ့အစည်းနှင့် စီမံခန့်ခွဲရေးစွမ်းရည်များ မြှင့်တင်နိုင်ရန် အရေးပေါ်လိုအပ်နေသည်။ အခြားအဓိက စိန်ခေါ်မှုတစ်ခုမှာ ငွေ အပ်နှံသူများက ဘဏ်အပေါ် ယုံကြည်မှုကင်းမဲ့နေခြင်း ဖြစ်သည်။ တရားမဝင် ငွေကြေးအဖွဲ့အစည်းများကြောင့် ၂၀၀၃ ခုနှစ်က တွေ့ကြုံခဲ့ရသော ဘဏ် အကျပ်အတည်းကြီးကို လူထုက မမေ့နိုင်ကြသေးပေ။ ထိုအကျပ်အတည်းတွင် ငွေအပ်သူအများအပြား ဆုံးရှုံးခဲ့ကြရသည်။

ဘဏ်များရင့်ကျက်လာအောင် ပြုပြင်ရေးအတွက် အခြေခံဘဏ်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ငွေအရင်းအမြစ်မှန်မှန် ရရှိရေးအတွက် ငွေအပ်နှံသူများ၏ ယုံကြည်မှု အမြန်ဆုံးပြန်လည်ရရှိအောင် အရေးယူဆောင်ရွက်မှုများ အရေးတကြီးလိုအပ်နေသည်။ မြန်မာနိုင်ငံသည် ရှေ့မှသွားနှင့် ကြသော ၎င်း၏အိမ်နီးချင်းနိုင်ငံများနှင့် အခြားအောင်မြင်နေသော ထွန်းသစ်စ ဈေးကွက်စီးပွားရေး နိုင်ငံများနည်းတူ နိုင်ငံခြားဘဏ်များနှင့် ငွေကြေးအဖွဲ့ အစည်းများ၏ ကျွမ်းကျင်မှုအကူအညီကို ရယူ၍ ၎င်း၏ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးမှုအရှိန်အဟုန်ရအောင် လုပ်ဆောင်နိုင်သည်။

အမှန်တကယ်ပင် မြန်မာနိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း စီးပွားရေးအလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြသည့် အရှေ့ အာရှနိုင်ငံများထံမှ ကောင်းသောအတွေ့အကြုံများကိုလည်းကောင်း၊ နောက်ပိုင်း ငွေကြေးမတည်ငြိမ်မှုကြောင့် စီးပွားရေးကသောင်းကနင်း ထိခိုက်ခံစား ခဲ့ရသော အတွေ့အကြုံမှ သင်ခန်းစာများကိုလည်းကောင်း ရယူနိုင်ပေသည်။

ဤအရှေ့အာရှနိုင်ငံများ၏ ဘဏ်လုပ်ငန်းကဏ္ဍသည် အမျိုးမျိုးသော အကျပ်အတည်းများကို ဖြတ်သန်းခဲ့ကြရင်း ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ခဲ့ကြရပေရာ မကြာမီကဖြစ်ပေါ်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအကျပ်အတည်းတွင် ကြံ့ကြံ့ခံနိုင်စွမ်းရှိအောင် အထောက်အကူပြုခဲ့ပေသည်။

ရေရှည်စီးပွားရေးဖွံ့ဖြိုးမှုအတွက် တည်ငြိမ်ပြီး ကျွမ်းကျင်ထိရောက်သော ဘဏ်စနစ်သည် ကြိုတင်ရှိနေရမည့် အရေးကြီး လိုအပ်ချက်ဖြစ် ကြောင်း ဤအစိုးရများ ကောင်းစွာသိရှိနားလည်ကြသည်။ ထိုမျှမက စိတ်မချရသော၊ မကိုးစားရသော၊ စီမံခန့်ခွဲမှုညံ့ဖျင်းသော ဘဏ်စနစ်သည် စီးပွားရေး ဖွံ့ဖြိုးမှု ဖြစ်စဉ်တစ်ခုလုံးကို လမ်းချော်သွားစေနိုင်ပြီး စီးပွားရေးတစ်ခုလုံး ပျက်သုဉ်းသွားနိုင်သည် ဆိုသည်ကိုလည်း အရှေ့အာရှအစိုးရများ သိရှိနားလည် ထားကြသည်။

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကို နိုင်ငံခြားဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများအား လုပ်ကိုင်ခွင့်ဖွင့်ပေးခဲ့ရာတွင် အရှေ့အာရှအတွေ့အကြုံကို မြန်မာအတွက် လမ်းညွှန်သဖွယ် အသုံးချနိုင်သည်။ တစ်ဖက်တွင် ပြည်တွင်းဘဏ်များ၏ အကျိုးစီးပွားကို အကာအကွယ်ပေးရင်း အခြားတစ်ဖက်တွင် မြန်မာ့ဘဏ်လုပ်ငန်း ခေတ်မီတိုးတက်ရေးအတွက်လည်း စဉ်းစားရမည်ဖြစ်ရာ ထိုအကျိုးစီးပွားနှစ်ခုကို မျှတအောင် ချိန်ဆရာတွင် အရှေ့အာရှနိုင်ငံများမှ ကျယ်ပြန့်သော မိုဒယ်ပုံစံအမျိုးမျိုးကို လေ့လာနိုင်သည်။

နိုင်ငံခြားဘဏ်နှင့် ပြည်တွင်းဘဏ်များ ဖက်စပ်လုပ်ငန်းတည်ထောင်ခြင်း၊ လုပ်ငန်းအပေါ်အခြေခံ၍ ပြည်တွင်းဈေးကွက်ကို ခွဲခြမ်းစိတ်ပိုင်းခြင်း၊ သို့မဟုတ် အခြားမိုဒယ်ပုံစံများ ကျင့်သုံးခြင်း စသည်ဖြင့် မည်သည့်ပုံစံနည်းလမ်းကိုပင် သုံးသည် ဖြစ်စေ ရလဒ်မှာ ပြည်တွင်းနှင့် ပြည်ပဘဏ် နှစ်ဦးနှစ် ဖက်စလုံး အကျိုးရှိမည့်ပုံစံဖြစ်ဖို့ လိုပေမည်။

အရေးအကြီးဆုံးပန်းတိုင်မှာ နိုင်ငံစီးပွားရေးတစ်ခုလုံးကို အကျိုးပြုရပေမည်။ အသုံးပြုသော ပုံစံအမျိုးမျိုးနှင့် နိုင်ငံခြားဘဏ်များအား ဖွင့်ပေး သော အမြန်နှုန်းမှာ အရှေ့အာရှနိုင်ငံများအကြား အမျိုးမျိုး ကွဲပြားခြားနားကြစေကာမူ နိုင်ငံခြားဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများကြောင့် ဤနိုင်ငံ များ၏ ငွေကြေးဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုနှင့် ရင်းမြစ်ခွဲဝေချထားမှုတွင် များစွာတိုးတက်မှုကို ဖြစ်ပေါ်စေခဲ့သည်မှာမူ ယုံမှားသံသယဖြစ်ဖွယ်မရှိချေ။ လွန်ခဲ့သော အနှစ်နှစ်ဆယ်၊ သုံးဆယ်အတွင်း အရှေ့အာရှနိုင်ငံများ စီးပွားဖွံ့ဖြိုးမှုတွင် နိုင်ငံခြားဘဏ်များက များစွာ အကျိုးပြုခဲ့သည်။ ဘဏ်လုပ်ငန်းစနစ် တွင် နိုင်ငံခြားဘဏ်များ ပါဝင်လုပ်ကိုင်စေခြင်းသည် ခန္ဓာကိုယ်ကို ဖြည့်စွက်အာဟာရပေးသည်နှင့် တူသည်။ သူတို့ကြောင့် နှလုံးကြံ့ခိုင်သန်စွမ်းပြီး သွေး လှည့်ပတ်မှု ကောင်းစေသည်။

မည်သို့ပင်ဖြစ်စေ အာဟာရမျှတဖို့တော့ လိုသည်။ မှားယွင်းသော အာဟာရစားမိသည်ဖြစ်စေ၊ ဗီတာမင်တစ်မျိုးတည်း အလွန်အကြူး စားမိလျှင် ဖြစ်စေ၊ ဖြည့်စွက်စာမှား၍ ရွေးချယ်မိသည်ဖြစ်စေ၊ မမျှမတဖြစ်ပြီး ရောဂါအခြေအနေဆိုးလျှင် နှလုံးရောဂါဖောက်သည့်အခြေ ဆိုက်သွားနိုင်သည်။ အဆုံး တစ်နေ့တွင် ဘဏ်လုပ်ငန်း လျှော့ပေါ့ပေးရေးလုပ်ငန်းတွင် မြန်မာ၏ ချဉ်းကပ်ပုံကို နိုင်ငံရေးနှင့် စီးပွားရေး ရည်မှန်းချက်များကသာ အဆုံးအဖြတ် ပေးပါ လိမ့်မည်။ လက်တွေ့လုပ်ကိုင်ကြသည့်အဆင့်တွင်မူ အာဆီယံနိုင်ငံများရော၊ တရုတ်နိုင်ငံပါ "Bank for International Settle Ments" ထောက်ခံ အတည် ပြုထားသော လုပ်ထုံးလုပ်နည်းများဆီသို့သာ မနီးယိုးစွဲ ဆုံစည်းလာကြသည်။

မြန်မာဘဏ်များသည် ဤအကောင်းဆုံး လုပ်ထုံးလုပ်နည်းများဆီသို့သာ ဦးတည်လျက် ပြုပြင်လုပ်ဆောင်ဖွယ်များကို ချိန်ဆလုပ်ကိုင်သွားရပေ မည်။ အပြောင်းအလဲများ မြန်ဆန်လွန်းလျှင် မလိုအပ်ဘဲ ပြည်တွင်းဘဏ်များ အင်အားချည့်နဲ့သွား နိုင်ပြီး ဘဏ်လုပ်ငန်းမတည်မငြိမ် ဖြစ်သွားနိုင်သည်။ နှေးကွေးလွန်းလျှင်လည်း လွန်စွာလိုအပ်နေသော စီးပွားရေးဖွံ့ဖြိုးမှုကို ကြန့်ကြာသွားစေနိုင်ပေသည်။ သို့ဖြစ်လေရာ ဘဏ်လုပ်ငန်း ဖြေလျှော့ပေးရေး လုပ်ငန်းစဉ်ကို အသေအချာ စဉ်းစားသုံးသပ်ထားသော နည်းဗျူဟာနှင့် လမ်းပြမြေပုံဖြင့် လမ်းညွှန်လုပ်ကိုင်လျက် လုပ်ငန်းစဉ်အဆင့်တိုင်းတွင် ပြန်လည် သုံးသပ်ခြင်း၊ လိုအပ်ပါက ပြင်ဆင်ဖြည့်စွက်ခြင်းတို့ဖြင့် လုပ်ဆောင်သွားသင့်ပေသည်။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment