Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၁.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာ့သဘာဝ သံယံဇာတများ

(Energy Globalမှ 10   October2012ရက်စွဲပါ “Myanamar’s natural resource” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသို့ နိုင်ငံတကာငွေကြေး အဖွဲ့များ ငွေမချေးရအောင် တားမြစ်ထားခြင်းကို အမေရိကန်ရုတ်သိမ်း

(Associated Pressမှ 11October 2012ရက်စွဲပါ “US ends restriction on development aid to Myanmar ” သတင်းကို ဘာသာပြန်ဆိုသည်)

  1. နှစ်နိုင်ငံ နက်နဲသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် မြန်မာနှင့် တောင်ကိုရီးယား သဘောတူ

(VOA သတင်းဌာနမှ 9 Oct 2012 ရက်စွဲပါ Burma, S. Korea Pledge to Deepen Economic Ties ကိုဘာသာပြန်ဆိုသည်)

  1. တရုတ်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျပန်နိုင်ငံမှ အစည်းအဝေးများမတက်ရောက်

(10 Oct 2012 ရက်စွဲပါ BBC News မှ “China’s Central Bank governor to skip key meeting in Japan”ကိုဘာသာပြန်ပါသည်)

***********************************************

ဘာသာပြန်သတင်းများ

မြန်မာ့သဘာဝ သံယံဇာတများ

(Energy Globalမှ 10   October2012ရက်စွဲပါ “Myanamar’s natural resource” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

မြန်ုမာနိုင်ငံတွင် မျှော်လင့်နေကြသော စက်မှုစီးပွားရေး ဖွံ့ဖြိုးမှုအဆင့်သည် အလုပ်အကိုင် အခွင့်အလမ်းများနှင့် စီးပွားရေး ကြီးထွားမှုတို့ကို မြှင့်တင် ပေးကာ လူ့အဖွဲ့အစည်းအလွှာစုံ ကိုအကျိုးဖြစ်ထွန်းစေမည့် အလားအလာများရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် အခြားဝင်ငွေ အလယ်အလတ် အာရှ နိုင်ငံ များကို ယှဉ်ပြိုင်နိုင်ရန်အတွက် အလုံးစုံကဏ္ဍစုံ ဖွံ့ဖြိုးရေး မူဝါဒများကို ချမှတ်ရန် လိုအပ်ပါလိမ့်မည်။

စီးပွားရေးဖွံ့ဖြိုးမှု

နှစ်ပေါင်း၅၀ စစ်အုပ်ချုပ်ရေးကို အစိုးရသစ်က အဆုံးသတ် လိုက်ပြီးနောက် မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးမှု ဆီသို့ တည်ကာ စတင်ခြေလှမ်း လျက်ရှိသည်။ မြန်မာနိုင်ငံသည် မြန်မြန်ဆန်ဆန် ကြီးထွားနေသော အိန္ဒိယ၊ တရုတ်တို့နှင့် ကပ်လျက်တည်ရှိခြင်းကြောင့် ကြီးကြီးမားမား အကျိုးဖြစ်ထွန်း ဖွယ် ရှိနေသည်။ ယင်းနိုင်ငံများ၏ ကုန်ကြမ်းလိုအပ်ချက် ကြီးမားမှုက မြန်မာ့သတ္ထု သံယံဇာတ များအတွက် အဆင်သင့် ဈေးကွက်ကို ဖန်တီးပေးသည်။ အနောက်အုပ်စုက မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ထားသော sanction များကို မကြာသေးမီက ဖယ်ရှားပေးခဲ့ပြီဖြစ်၍ အနာဂတ်တွင် စီးပွားရေးဖွံ့ဖြိုး ရေး လမ်းပွင့်သွားပြီ ဖြစ်သည်။ သြစတြေးလျနှင့် အင်ဒိုနီးရှားတွင် အခွန်အကောက်သစ်များ စတင်လိုက်ခြင်းကလည်း ဆွဲဆောင်မှု အားကောင်းပုံရသော မြန်မာ့သတ္ထုတွင်း ကဏ္ဍကို နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများဖြင့်အား  မြှင့်တင်ပေးလျက်ရှိသည်။

ဓာတ်သတ္ထုကဏ္ဍ

မြန်မာအစိုးရသစ်သည် တိုင်းပြည်၏ သတ္ထုတွင်းကဏ္ဍဖွံ့ဖြိုးစေရန် အမျိုးသားရေးမူဝါဒချမှတ်ဆောင်ရွက်နေပြီး သံယံဇာတလုပ်ငန်းများ ပွင့်လင်း မြင်သာရေးအဖွဲ့ Extractive Industries Transperancy Initiative(ETIT)နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေသည်။ မြန်မာနိုင်ငံ၏ ဂျီဒီပီ၌ ပါဝင် သော သတ္ထုသံယံဇာတကဏ္ဍ ဝင်ငွေမှာ၂၀၀၀ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၃ဘီလီယံရှိရာမှ ၂၀၁၀ခုနှစ်တွင် ဒေါ်လာ ၅၆.၂ဘီလီယံအထိ ရောက်ရှိခဲ့ သည်။

ရေနံနှင့်ဓာတ်ငွေ့

မြန်မာနိုင်ငံတွင် ကြီးမားသောရေနံနှင့် ဓာတ်ငွေ့သိုက် များစွာရှိသော်လည်း နိုင်ငံခြားရေနံ ကုမ္ပဏီကြီး များထံမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု စီးဝင်ခြင်း ဆိုးဆိုးဝါးဝါး နည်းပါးနေသည်။ ရေနံဓာတ်ငွေ့သိုက်များစွာကို ထုတ်ယူသုံးစွဲနိုင်ခြင်းမရှိသေးသော်လည်း ၂၀၁၀မေလတွင် စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံခြားရေနံကုမ္ပဏီ များအား ကမ်းလွန်လုပ်ကွက်၂၃ကွက်တွင် ရင်းနှီးမြှုပ်နှံခွင့်ပေးခဲ့သည်။ ၂၀၁၁-၂၀၁၂ဘဏ္ဍာရေးနှစ်အတွက် ရေနံဓာတ်ငွေ့ကဏ္ဍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၁၃.၈ဘီလီယံ (သို့မဟုတ်) နိုင်ငံ၏ ဂျီဒီပီ ၃၅ရာခိုင်နှုန်း ဖြစ်သည်။

မြန်မာနိုင်ငံသည် သံယံဇာတလောင်စာ ထုတ်လုပ်မှု ဖွံ့ဖြိုးရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကြီးမားစွာ ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံသူများနှင့် ပိုမို အဆင်ပြေသော နိုင်ငံဖြစ်လာအောင် ကြိုးစားဖို့လိုသည်။

တုန်းနှေးစေမှု(သို့မဟုတ်) နောက်ပြန်ဆွဲမှုများ

မြန်မာနိုင်ငံသည် စီမံအုပ်ချုပ်မှု ညံ့ဖျင်းခြင်း နှင့် အဂတိ လိုက်စားခြင်းတို့၏ ဒဏ်ကိုခံစား နေရဆဲပင် ဖြစ်သည်။ နိုင်ငံ၏ ပို့ဆောင်ရေး၊ ဆက်သွယ် ရေးနှင့် လျှပ်စစ်ဓာတ်အားစသော အခြေခံစနစ်များမှာလည်း ရှင်သန်အားကောင်းခြင်း မရှိဘဲ နိမ့်ကျဆိုးဝါးလျက် ရှိသည်။ စက်မှုလုပ်ငန်းများနှင့် နိုင်ငံတကာ ကုန်သွယ်ရေး ဖွံ့ဖြိုးလာပါက   ပိုကောင်းသော အခြေခံစနစ်များ လိုအပ်မည်ဖြစ်ရာ တိုင်းပြည်၏ အလားအလာကောင်းသော ထုတ်လုပ်မှု၊ တင်ပို့မှုတို့ကို အစွမ်းကို အသုံးချ နိုင်ရန်အတွက် ဆိပ်ကမ်း၊ ရထားလမ်းများ ဖွံ့ဖြိုးအောင် ဗဟိုအစိုးရက ဦးစားပေး လုပ်ဆောင်ဖို့လိုသည်။

လတ်တလော သစ်ပင်များ အလွန်အကျွံ ခုတ်လှဲနေသော မြန်မာနိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကို အစအဆုံး ပြင်ဆင်ရန် လိုအပ် နေသည်။ ထို့ပြင် စည်းကမ်းဥပဒေနှင့် အညီသတ္ထုတူးဖော်ခြင်း အပါအဝင် သတ္ထုတွင်း စွန့်ပစ်အမှိုက်များ နှင့် ရေအသုံးချစနစ်များကို မှန်မှန်ကန်ကန် ဆောင်ရွက်ရေး ကိစ္စကိုလည်း အရေးပေါ် ဖြေရှင်းရန် လိုအပ်နေသည်။

---------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံသို့ နိုင်ငံတကာငွေကြေး အဖွဲ့များ ငွေမချေးရအောင် တားမြစ်ထားခြင်းကို အမေရိကန်ရုတ်သိမ်း

(Associated Pressမှ 11October 2012ရက်စွဲပါ “US ends restriction on development aid to Myanmar ” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ် ကဲ့သို့သော နိုင်ငံတကာငွေကြေး အဖွဲ့အစည်းများက ငွေမချေးအောင်တား မြစ်ထားခဲ့ခြင်းကို အမေရိကန် သမ္မတ အို ဘားမားက ရုတ်သိမ်းပေးကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဦင်္းတည်ပြောင်းလဲမှုကို အသိအမှတ်ပြု တုန့်ပြန်လိုက်သည်။

အာဏာရှင် တပ်မတော်အစိုးရ အုပ်ချုပ်မှု ကာလကမြန်မာနိုင်ငံအပေါ် အရေးယူချမှတ်ထားသော sanctionများ အားလုံးနီးပါးကို ယခုအခါ အ မေ ရိကန် အစိုးရက ရုတ်သိမ်းပေးလျက်ရှိသည်။

မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်အားနှင့် ADBကဲ့သို့သောနိုင်ငံတကာငွေကြေးအဖွဲ့များက ငွေမချေး နိုင်အောင် အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ ထားခြင်းကို သမ္မတ အိုဘားမား အဆုံးသတ်ပေးနိုင်ရန် ပြီးခဲ့သောလတွင် ကွန်ဂရက် လွှတ်တော်က ဥပဒေ အတည်ပြု ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအပေါ် ထောက်ပံ့ကူညီမှုကို အားပေးပံ့ပိုးရန် သမ္မတအိုဘားမားက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား ဗုဒ္ဓဟူးနေ့တွင် ခွင့်ပြု လိုက်ပြီဖြစ်သည်။

ကမ္ဘာ့ဘဏ်ကလည်း “မြန်မာနိုင်ငံက မိမိဘဏ်များသို့ ပေးရန်ရှိသည့် အကြွေးဒေါ်လာ သန်း၉၀၀ခန့်ကို ၂၀၁၃နှစ်ဆန်းတွင် ရှင်းလင်းသွားအောင် ကမ္ဘာ့ဘဏ်နှင့် ADBတို့ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သို့မှသာ ငွေပြန်ချေးမည့် အစီအစဉ်ကို စတင်နိုင်မည်ဖြစ်ကြောင်း” ပြောကြားသည်။ အဆိုပါ ဆပ်ရန် ကြွေးမြီများသည် ၁၉၈၀ခုနှစ်များ နှောင်းပိုင်းကာလက အကြွေးများ ဖြစ်သည်ဟု သိရှိသည်။

---------------------------------------------------------------------------------------------------------------------

နှစ်နိုင်ငံ နက်နဲသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် မြန်မာနှင့် တောင်ကိုရီးယား သဘောတူ

(VOA သတင်းဌာနမှ 9 Oct 2012 ရက်စွဲပါ Burma, S. Korea Pledge to Deepen Economic Ties ကိုဘာသာပြန်ဆိုသည်)

ယခုအခါ မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ စစ်ဘက်အုပ်ချုပ်ရေး စနစ်အောက် ရောက်ရှိခဲ့ရာမှ စတင်ရုန်းထွက်နိုင်ခဲ့ပြီ ဖြစ်ရာ မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း ၎င်း၏ တိုင်းပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာနိုင်ရေးအတွက် အထောက်အပံ့များရရှိအောင် ခက်ခက်ခဲခဲ ကြိုးပမ်းလျက် ရှိသည်။

မြန်မာသမ္မတ ဦးသိန်းစိန် တောင်ကိုရီးယားနိုင်ငံ သမ္မတ အီမြောင်ဘတ်နှင့် မတွေ့ဆုံမီ ဆိုးလ်မြို့တော်ရှိ Blue Houseသို့ အောက်တိုဘာလ ၉ ရက်နေ့တွင် ရောက်ရှိလာစဉ် ၎င်းအား ဂုဏ်ပြုတပ်ဖွဲ့နှင့် အလံကိုင် ကလေးငယ်များက ကြိုဆိုခဲ့ကြသည်။

သမ္မတ အီမြောင်ဘတ်နှင့် ဦးသိန်းစိန်တို့သည် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊  သ ဘာဝ ဓာတ်ငွေ့လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်ဓာတ်အားထုတ်စက်ရုံ တည်ဆောက်ရေး အစရှိသည်တို့ကို သဘောတူညီမှု ရရှိခဲ့ကြသည်။

အစောပိုင်းတွင် သမ္မတ ဦးသိန်းစိန်သည် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုရေးနှင့် ပတ်သက်၍ ၎င်းတို့အား အားပေးအားမြှောက်ပြု ပြောဆိုသည်။

"လောလောဆယ် ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နယ်ပယ်မှာ အခွင့်အလမ်း တွေရော စိန်ခေါ်မှုတွေပါ ရှိနေပါတယ်။ အဲဒီလို အခြေအနေမှာ မြန်မာနိုင်ငံမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ စိန်ခေါ်မှုတွေ ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထား သင့်သလို ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း တွေကိုလည်း ထိထိရောက်ရောက် အသုံးချသင့်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော် တို့ အနေနဲ့လည်း Kibizအဖွဲ့(ကိုရီးယား အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းအဖွဲ့ချုပ်)ထံမှ လိုအပ်တဲ့ အထောက်အပံ့နဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေ ရရှိအောင် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်"

အမေရိကန် ပြည်ထောင်စုနှင့် အခြားသော အနောက်နိုင်ငံများသည် စစ်တပ် ကျောထောက်နောက်ခံ မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များကို တုံ့ပြန်သည့် အနေဖြင့် ကုန်သွယ်ရေး ပိတ်ဆို့အရေးယူ မှုများကို ဖယ်ရှားပေး လာလျက်ရှိသည်။ သို့အတွက်ကြောင့် သဘာဝ သယံဇာတနှင့် အရင်းအမြစ် ပေါကြွယ်ဝသည့် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံရေးနှင့် ဖွံ့ဖြိုးရေးအတွက် အလားအလာ အကောင်းဆုံး အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံ ဖြစ် လာသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းမှာပင် တောင်ကိုရီးယား လုပ်ငန်းကြီးတစ်ခုက မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ မီဂါဝပ် ၅၀၀ ထွက်ရှိမည့်

လျှပ်စစ်ဓာတ်အားထုတ် စက်ရုံတည်ဆောက်ရန် သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် စိတ်အားထက်သန် နေချိန်တွင်ပင် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများက ပြုပြင် ပြောင်းလဲရေး ခြေလှမ်းများနှင့် ပတ်သက်၍ မေးခွန်းထုတ်လျက်ရှိသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် ရောက်ရှိနေစဉ် သမ္မတ ဦးသိန်းစိန်က ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ သတိထားရမည့် အကြောင်းအရင်းရှိကြောင်း VOAို့ပြောသည်။

“စီးပွားရေးသမားတွေ စီမံအုပ်ချုပ်မှုအရေးကိစ္စတွေမှာ ထိန်းချုပ်မှုတွေလုပ်ပြီး ဆုံးခန်းတိုင်သွားမယ့် အန္တရာယ်ရှိနေပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာ အပေါ်မှာ အနုတ်လက္ခာဆောင်တဲ့ အကျိုးသက်ရောက်မှုမျိုး မဖြစ်စေဖို့ အင်မတန် အရေးကြီးပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ရဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှု မရှိစေရေး ဆိုတာကလည်း အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ သဘာဝ သယံဇာတ တွေ ထုတ်ယူသွားပြီး ဘာတစ်ခုမှ မကျန်ဘဲ ဖြစ်နေမှာကိုလည်း ကျွန်တော်တို့ မလိုလားပါဘူး”ဟု ၎င်းကပြောကြားသည်။

သမ္မတဦးသိန်းစိန်သည် သမ္မတ လီမြောင်ဘတ် မြန်မာနိုင်ငံသို့ နှစ်ပေါင်း၃၀ကျော် ကာလအတွင်း ပထမဆုံး လာရောက်လည်ပတ်ပြီးနောက် ငါးလ ခန့်အကြာတွင် တောင်ကိုရီးယားသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယခင်နောက်ဆုံးတစ်ကြိမ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော တောင်ကိုရီးယား သမ္မတမှာ ချန်ထူးဝမ်ဖြစ်ပြီး ၎င်းသည် ခရီးစဉ်အတွင်း

မြောက်ကိုရီးယား ကွန်မန်ဒိုများ၏ လုပ်ကြံမှုမှ သီသီကလေး လွတ်မြောက်ခဲ့ရသည်။

---------------------------------------------------------------------------------------------------------------------

တရုတ်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျပန်နိုင်ငံမှ အစည်းအဝေးများ မတက်ရောက်

(10 Oct 2012 ရက်စွဲပါ BBC News မှ “China’s Central Bank governor to skip key meeting in Japan”ကိုဘာသာပြန်ပါသည်)

တရုတ်နိုင်ငံ၏ ဗဟိုဘဏ် ဥက္ကဋ္ဌသည် ဂျပန်နိုင်ငံတွင် ကျင်းပလျှက်ရှိသော နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့၏ အစည်းအဝေး မှ နုတ်ထွက်သွားခဲ့သည်။

ထိုသို့လုပ်ဆောင်ခဲ့ခြင်းမှာ နှစ်နိုင်ငံကြား လက်ရှိဖြစ်ပေါ်နေသော နယ်မြေအငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် အချိန်တွင် ဖြစ်သည်။ တရုတ်နိုင်ငံ၏ နိုင်ငံပိုင် ဘဏ်လေးခုသည်လည်း အဆိုပါ အစည်းအဝေးများကို တက်ရောက်ခြင်း မရှိကြပေ။

တရုတ်ပြည်သူ့ဘဏ်ဥက္ကဋ္ဌ Zhou Xiaochuanသည် အစည်းအဝေး တက်ရောက်ပြီး မိန့်ခွန်းပြောကြားရန် စီစဉ်ထားခဲ့သည်။ “တိုကျိုမှာ ဘဏ်ဥက္က ဋ္ဌZhouရဲ့မိန့်ခွန်းပြောကြားမယ့် အစီအစဉ်ကို ဖျက်ပေးဖို့ လွန်ခဲ့တဲ့ နှစ်ရက်က အကြောင်းကြားလာပါတယ်”ဟု IMF၏ပြောခွင့်ရ ပုဂ္ဂိုလ်က BBCသို့ ပြော ကြားခဲ့သည်။

“အခုတော့ အစည်းအဝေးကို သူ့ရဲ့ဒုတိယဥက္ကဋ္ဌ Yi Gangတက်ရောက်ဖို့ သေချာသွားပါပြီ။ သူ့ရဲ့ Per Jacobssonပို့ချမှုကိုလည်း Yi Gang ကဘဲ ပေးပါလိမ့်မယ်”ဟု ဆိုသည်။

တရုတ်ဘဏ္ဍာရေးဝန်ကြီး Xie Xurenသည်လည်း အဆိုပါ အစည်းအဝေးများသို့ တက်ရောက်လိုက်မည် မဟုတ်ပဲ ဒုတိယဝန်ကြီး Zhu Gaungyao သာ တက်ရောက်မည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ပြောသည်။

အဆိုပါ တရုတ်ဗဟိုဘဏ် ကိုယ်စားလှယ်အဖွဲ့ ပြင်ဆင်မှုကို တရုတ်နိုင်ငံပိုင် Xinhuaသတင်းဌာနက အတည်ပြုသတင်း ထုတ်ပြန်ခဲ့သည်။ အမည် မဖော်နိုင်သော သုံးသပ်သူတစ်ဦးက ပြောကြားရာတွင် နိုင်ငံပိုင်ဘဏ်လေးခု အစည်းအဝေးသို့ မတက်ရခြင်းမှာ တရုတ်နှင့် ဂျပန်ကြား ဆက်ဆံရေး တင်းမာ လာခြင်းကြောင့်ဟု ဆိုသည်။ တရုတ်တို့၏ လုပ်ဆောင်မှုသည် စိတ်မကောင်းဖွယ်ဖြစ်ကြောင်း ဂျပန်တို့ဖော်ပြခဲ့သည်။

နယ်မြေအငြင်းပွားမှုများသည် အိမ်နီးချင်း နှစ်နိုင်ငံကြား နိုင်ငံရေးအရ လည်းကောင်း၊ ကုန်သွယ်ရေးအရ လည်းကောင်း ထိခိုက်မှုများ ရှိစေသည်။ အင်္ဂါနေ့က ဂျပန်ကား ထုတ်လုပ်သူများက သတင်းထုတ်ပြန်ရာတွင် မကြာမီက ဂျပန်ထုတ်ကုန်များနှင့် စီးပွားရေး လုပ်ငန်းများကို ပစ်မှတ်ထားသော ဆန္ဒပြမှု များကြောင့် တရုတ်နိုင်ငံတွင် ကြီးမားစွာ အရောင်းကျဆင်းခဲ့ကြောင်း ဆိုသည်။

စက်တင်ဘာလတွင် တိုယိုတာက ၄၉ရာခိုင်နှုန်း ဟွန်ဒါက ၄၀ရာခိုင်နှုန်း နှင့် နစ်ဆန်းက ၃၅ရာခိုင်နှုန်း အသီးသီး အရောင်းကျဆင်းခဲ့ကြောင်း သတင်းထုတ်ပြန် ခဲ့ကြသည်။

မစ်ဆူဘီရှီနှင့် မာဇဒါ ကဲ့သို့သော အခြားကားထုတ်လုပ်သူ များကလည်း တရုတ်နိုင်ငံတွင် ကားအရောင်း သိသာစွာ ကျဆင်းကြောင်း သတင်း ထုတ်ပြန် ခဲ့ကြသည်။

ဂျပန်နိုင်ငံ၏ အကြီးဆုံး ကားထုတ်လုပ်သူ တိုယိုတာ၏ ပြောခွင့်ရပုဂ္ဂိုလ် (Dion Corbett)က ပြောကြားရာတွင် ရောင်းအားရုတ်တရတ် ကျဆင်း သွားခြင်းသည် တရုတ်နိုင်ငံ၌ ကားအရောင်း သတ်မှတ်ချက်ကို ပြည့်မီရန် မလွယ်တော့ကြောင်း ဆိုသည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment