Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၃.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. Diamond Star ကုမ္ပဏီက လက်နက်တင်သွင်းနေခြင်းမဟုတ်ဟုဆို
  2. ကမ္ဘောဇဘဏ်က ဝယ်ယူထားသော ငွေတိုက်စာချုပ်များတန်ဖိုး၏ ၆၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်မှ ချေးယူခဲ့ရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. သုံးလကြာ ရပ်တန့်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု ရွှေလီတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရ
  2. ကရင်လူထုကိုယ်စားလှယ်များမှ ငြိမ်းချမ်းရေးအတွက် ကရင်အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရန် တိုက်တွန်း
  3. ဒေါ်အောင်ဆန်းစုကြည်၏မဲဆန္ဒနယ် ကော့မှူး တစ်နှစ်အတွင်းမြေဈေး အဆ ၃၀တက်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

Diamond Star ကုမ္ပဏီက လက်နက်တင်သွင်းနေခြင်းမဟုတ်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၃။

မြန်မာနိုင်ငံအချမ်းသာဆုံးစာရင်းဝင် Diamond Star ကုမ္ပဏီ၏ တင်သွင်းသော ကုန်ပစ္စည်းများအတွင်း သေနတ်များဖမ်းဆီးရမိသည်ဟူသော သတင်းများ ကျယ်ပြန့်စွာထွက်ပေါ်နေသော်လည်း လက်နက်တင်သွင်းခြင်းမဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူ အဆင့်မြင့် အရာ ရှိတစ်ဦးက ငြင်းဆိုပြောကြားသည်။

“သေနတ်က ပစ္စတိုတလက်တည်းပါ၊ နောက်ပြီး မှားပါလာတာ လက်နက်သွင်းတယ်ဆိုတာ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သော စက်တင်ဘာ ၂၂ ရက်နေ့က Diamond Starက မှာယူတင်သွင်းသော ဂျုံသေတ္တာအတွင်း တရုတ်နိုင်ငံလုပ် ပစ္စတိုသေနတ်တစ်လက် နှင့် ၎င်းကျည် ၂၈တောင့် ပါယင်လာခဲ့ပြီး စက်ရုံရောက်ရှိမှ သိရှိလာခဲ့ခြင်းဖြစ်ကာ ကုမ္ပဏီက လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း၎င်းက ရှင်းပြသည်။

“လက်နက်တင်သွင်းတဲ့သူကတော့ လက်နက်ဘယ်လာအပ်မလဲ”ဟု ရဲအရာရှိတစ်ဦးဖြစ်သူ ဒုရဲမှူး ကျော်ကျော်အောင်ကလည်း သုံးသပ်ပြော ကြားသည်။

ပြည်ပကတင်သွင်းလာသော ကုန်ပစ္စည်းများအတွင်း အဆိုပါသေနတ်ပါဝင်ခဲ့ခြင်းကို ဆိပ်ကမ်းကစစ်ဆေးရာတွင် မသိရှိရခြင်းမှာ လေဆာစနစ် ဖြင့် စစ်ဆေးသော စက်ကရိယာချို့ယွင်းနေ၍ဖြစ်ကြောင်း အတွင်းသတင်းများအရ သိရှိရသည်။

SWEET

--------------------------------------------------------------------------------------------------------------------------------

ကမ္ဘောဇဘဏ်က ဝယ်ယူထားသော ငွေတိုက်စာချုပ်များတန်ဖိုး၏ ၆၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်မှ ချေးယူခဲ့ရ

ရန်ကုန်၊ အောက်တိုဘာ ၁၃။

ကောလဟာလစတင်ထွက်ပေါ်သော တနေ့တည်းတွင် အပ်ငွေပမာဏထက် ထုတ်ငွေပမာဏကျပ် ၉ဘီလီယံနီးပါး ပိုမိုခဲ့သော ကမ္ဘောဇဘဏ်၏ အကြပ်အတည်းတွင် ဝယ်ယူထားသော အစိုးရငွေတိုက်စာချုပ်များတန်ဖိုး၏ ၆၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ထံမှ ချေးယူခဲ့ရကြောင်း အဆိုပါဘဏ် အကြီး တန်းစီမံခန့်ခွဲမူ ဒါရိုက်တာ ဦးသန်းချိုက ပြောကြားသည်။

“ဒါကလဲ ကျွန်တော်တို့ငွေ ကျွန်တော်တို့ပြန်ယူတဲ့သဘောပါ။ ဗဟိုဘဏ်က စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာတွေမှာတောင် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းလဲ ဒီနေ့ပဲပြောကြားခဲ့ပါတယ်”ဟု အောက်တိုဘာလ ၉ရက်နေ့တွင် ကမ္ဘောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်းက ပြောဆိုခဲ့သည်။

ချေးယူခဲ့ ရသောငွေပမာဏ အတိအကျကိုမူ လျှို့ဝှက်ကိန်းဂဏန်းများဖြစ်သဖြင့် ပြောဆိုနိုင်ခြင်းမရှိကြောင်း ကမ္ဘောဇဘဏ်တာဝန်ရှိသူများ ငြင်း ဆိုပြောကြားသည်။

ပုဂ္ဂလိကဘဏ်များ၏ ကိစ္စအားလုံးကို ဗဟိုဘဏ်က တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်း၊၂၀၀၃ ခုနှစ် ဘဏ် ၃ဘဏ် ပြိုလဲခဲ့ရခြင်းတွင် ဗဟို ဘဏ်က ဝင်ရောက်ဖြေရှင်းပေးခဲ့သဖြင့် ငွေအပ်နှံထားသူ တစ်ဦးတစ်ယောက်မျှ ဆုံးရှုံးခဲ့ရခြင်းမရှိကြောင်း ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်း သော်က ဆိုသည်။

“ဗဟိုဘဏ်က ဒီလိုကူညီပေးနေမယ်ဆိုရင် ကျွန်တော်တို့လုပ်ငန်းတွေ ဘာမလုပ်နိုင်စရာအကြောင်းရှိမလဲ”ဟု ဘဏ်ဈေးကွက်၏ ၃ပုံ၁ပုံ ဝေစု ရရှိထားသူ ကမ္ဘောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်းက ပြောကြားသည်။

ကောလဟာများကြောင့် ဘဏ်မပြိုလဲစေရန် အပ်ငွေအာမခံစနစ် ပိုမိုပီပြင်လာရန်လိုအပ်ကြောင်း ဘဏ်လုပ်ငန်းပညာရှင်များက ဆိုသည်။

ယခုလက်ရှိတွင် တစ်သိန်းမှ ငါးသိန်းပမာဏ အတွင်းငွေစာရင်းများကိုသာ အပ်ငွေအာမခံစနစ် ကျင့်သုံးနိုင်သေးကြောင်း ဘဏ်လုပ်ငန်းရှင်များ ထံမှ သိရသည်။

မြန်မာနိင်ငံ၏ဘဏ်စနစ်သည် ဗဟိုဘဏ်က တိုက်ရိုက်ကွက်ကဲသောစနစ်ဖြစ်ပြီး အခြားနိုင်ငံများနှင့် မတူကြောင်း၊ ပုဂ္ဂလိကဘဏ်များ၏ ငွေအ ဝင်အထွက်စာရင်းများကို နေ့စဉ် ဗဟိုဘဏ်သို့ပေးပို့ရကြောင်း AGD ဘဏ် မန်နေးဂျင်းဒါရိုက်တာ ဦးရဲမင်းဦးက ရှင်းပြသည်။

“ဘဏ်တွေ မဟုတ်တာလုပ်လို့မရဘူး။ လုပ်ရင် ဗဟိုဘဏ်က ချက်ချင်းသိပြီး အရေးယူလိမ့်မယ်”ဟု ၎င်းကဆိုသည်။

ကမ္ဘောဇဘဏ်၏ လက်ရှိ ရင်းနှီးမတည်ငွေမှာ ကျပ် ဘီလီယံ ၁၀၀ဖြစ်ပြီး အပ်ငွေအာမခံစနစ် ပိုမိုပီပြင်လာရန် တွန်းအားပေး ဆောင်ရွက်နေ ကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဌ ဦးသန်းလွင်က ပြောကြားသည်။

SWEET

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

သုံးလကြာ ရပ်တန့်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု ရွှေလီတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရ

သုံးလကြာ ငြိမ်းချမ်းရေးဆွေးနွေးမှု ရပ်တန့်နေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့သည် ယခု အောက်တိုဘာလမကုန်ခင်အချိန်၌ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန်ရှိ ကြောင်း KIO မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"ဒီတစ်ခေါက် ရွှေလီမှာ တွေ့ဆုံဖို့ကိုတော့ ကျွန်တော်တို့ KIO ဘက်ကတောင်းဆိုပြီး အစိုးရငြိမ်းချမ်းရေးအဖွဲ့က သဘောတူထားတာပါ။ ဒီတစ် ခေါက်မှာတော့ တပ်နေရာချထားရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့ရှိပါတယ်"ဟု ၎င်းက ပြောကြားသည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမည့်နေရာအား တရုတ်ပြည် ရွှေလီမြို့၌ ပြုလုပ်မည်ဖြစ်ပြီး အချိန်၊ နေ့ရက်နှင့် စပ်လျဉ်း၍ KIO ဘက်မှ ဗဟိုအစည်းအဝေးခေါ်ယူကာ ဆုံးဖြတ်ချက်ချမှတ်ပြီးသည့်အခါတွင် ပြန်လည်၍ အစိုးရငြိမ်းချမ်းရေးအဖွဲ့သို့ အကြောင်းပြန်မည် ဖြစ်ကြောင်း အစိုးရငြိမ်းချမ်းရေးအဖွဲ့မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"ဒီအောက်တိုဘာလအတွင်းမှာ မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးပွဲလုပ်မယ်ဆိုပြီး KIO ဘက်ကို ကမ်းလှမ်းထားပေမယ့် သူတို့က လက်မခံတဲ့ အတွက် ရက်ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။ အခုလည်း KIO ဘက်က တရုတ်ပြည် ရွှေလီမှာလုပ်မယ်ဆိုတာကို ကျွန်တော်တို့ဘက်က လက်ခံပြီး အချိန်နဲ့ နေ့ရက်ကိုတော့ သူတို့ဗဟိုကော်မတီအစည်းအဝေးလုပ်ပြီးတဲ့အခါမှာ ပြောမယ်ဆိုလို့ စောင့်နေတာပါ"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းသို့ ပြည်ထောင်စုအဆင့်အဖြစ် ရွှေလီမြို့တွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲပြုလုပ်သည့် အကြိမ်အရေအတွက်မှာ ၃ ကြိမ်ရှိပြီဖြစ် ကြောင်း သိရှိရပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ အပစ်အခတ်ရပ်စဲရေးနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအား မူဆယ်တွင် ပြုလုပ်ရန် စီစဉ် ထားသော်လည်း အဆိုပါမူဆယ်မြို့နယ်ဘက်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိခြင်းကြောင်း နေရာအခက်အခဲဖြစ်ကာ တွေ့ဆုံဆွေးနွေးမှုအား မပြုလုပ်ခဲ့ ရခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ATM

--------------------------------------------------------------------------------------------------------------------------------

ကရင်လူထုကိုယ်စားလှယ်များမှ ငြိမ်းချမ်းရေးအတွက် ကရင်အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရန် တိုက်တွန်း

ရန်ကုန်၊ အောက်တိုဘာလ ၁၃။

လက်ရှိဖြစ်ပေါ်နေသော ကေအန်ယူ အထက်ပိုင်းပြဿနာများနှင့် စပ်လျဉ်း၍ ကရင်လူထုကိုယ်စားလှယ်များက နောက်ကြောင်းပြန်မလှည့်ရန်နှင့် ငြိမ်းချမ်းရေးအတွက် ကရင်လူမျိုးများအတွင်း အချင်းချင်းညှိနှိုင်းဆောင်ရွက်ရန် အောက်တိုဘာလ ၁၃ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကရင်လူထုဆွေး နွေးပွဲ၌ တိုက်တွန်းပြောဆိုလိုက်သည်။

ကေအန်ယူဗဟိုဌာနချုပ်တွင် ဗဟိုကော်မတီအဖွဲ့ဝင် ၁၁ဦးအနက် ကေအန်အယ်အေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးအပါအဝင်၊ ဗဟိုကော် မတီဝင်သုံးဦးအား တာဝန်မှရပ်စဲလိုက်ခြင်းနှင့် ပတ်သက်၍ ကရင်လူမျိုးများအကြား အချင်းချင်း အငြင်းပွားမှုများဖြစ်ပွားနေခြင်းအား ရည်ညွှန်းပြောဆို ခြင်းဖြစ်ပြီး ယခု လက်ရှိတွင် KNU အထက်ပိုင်းအတွင်း လူကြီးများ ပြန်လည်ညှိနှိုင်း၍ နားလည်မှုရယူထားကြောင်း သိရသည်။

"အပစ်အခတ်ရပ်စဲရေးမှာ ၁၀ဖွဲ့ပြီးပြီ။ ၁ဖွဲ့ဘဲကျန်တော့တယ်လို့ သမ္မတကြီးကပြောတယ်။ တိုင်းပြည်မှာ စည်းလုံးညီညွှတ်နေမှ တိုင်းပြည်ငြိမ်း ချမ်းမယ်။ တိုင်းပြည်ငြိမ်းချမ်းမှ တိုင်းပြည်စီးပွားရေးတိုးတက်မယ်။ တိုင်းပြည် စီးပွားရေးတိုးတက်မှ ပြည်သူတွေချောင်လည်ပါမယ်။ ဗိုလ်ချုပ်ကြီးမူတူးက ပြောဘူးတယ်၊ ကျနော်ကတော့ စာချုပ်ပါလက်မှတ်အတိုင်းလုပ်မယ်။ အပစ်အခတ်ရပ်ဆဲရေးအတွက် ဆက်ဆံရေးစခန်းတွေဖွင့်မယ်။ ဝန်ကြီးဦးအောင် မင်းတို့နဲ့လည်း ဖွင့်မယ်။ ဗဟိုကလည်းဖွင့်မယ်။ ငြိမ်းချမ်းရေးကိုယ်စားလှယ်တော့မဟုတ်ဘူး၊ စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်ဖြစ်တဲ့အတွက် အပစ်အခတ် ရပ်ဆဲရေးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲတွေကို မြန်မြန်ဆွေးနွေးမယ်လို့ပြောတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီး ဖဒိုစောထွန်းအောင်မြင့်က ပြောသည်။

ကေအန်အယ်အေမှ စစ်ဦးစီးချုပ် မူတူးစေးဖိုးအပါအဝင် တပ်မဟာခေါင်းဆောင် ၃၁ ဦးနှင့်အဖွဲ့သည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဘားအံ မြို့တွင် ကေအန်အယ်အေ ဆက်ဆံရေးရုံးဖွင့်လှစ်ခြင်းအပေါ် ကေအန်ယူ ဗဟိုကော်မတီမှ ၎င်းတို့မသိရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုစောရောဂျာခင်၊ ပဒိုဒေးဗစ်ထောတို့အား တာဝန်မှ ရပ်ဆဲလိုက်ကြောင်း ကေအန်ယူဗဟို၏ စက်တင်ဘာလ ၂၉ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက် အရ သိရသည်။

"နိုင်ငံရေးပြဿနာတွေဖြေရှင်းဖို့က စစ်ရေးရပ်ဆိုင်းဖို့အရေးကြီးတယ်။ စစ်ရေးပစ်ခတ်မှုတွေမရပ်ဆိုင်းလို့ရှိရင် နိုင်ငံရေးသမားက ပြောလို့လဲ မရဘူး။ ပြောခွင့်လဲရမှာမဟုတ်ဘူး။ အစိုးရအဖွဲ့နဲ့လည်း အခုလက်ရှိက ပထမအဆင့် အပစ်အခတ်ရပ်ဆဲရေးအဆင့်ဘဲရှိသေးတယ်။ တပ်နေရာချထား ရေးနဲ့ပတ်သက်လို့ကတော့ ကျနော်တို့ တစ်ထိုင်တည်း ဆွေးနွေးလို့ရတဲ့အရာမဟုတ်ဘူး။ ဒါ့ပေမယ့် မကြာမီ မူအရ အတည်ပြုတော့မှာပါ"ဟု မြဝတီ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးကြီး ပဒိုစောရောဂျာခင်က ဆိုသည်။

ကရင်လူထုကိုယ်စားလှယ်များတွေ့ဆုံပွဲမှ ဆွေးနွေးပွဲရလဒ်အနေဖြင့် အချက်သုံးချက်အား ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရပြီး နိုင်ငံတော်မှ ဦး ဆောင်ပြုလုပ်နေသော ငြိမ်းချမ်းရေးအစီအစဉ်ကို ထောက်ခံကြောင်း ထာဝရငြိမ်းချမ်းရေးအတွက် အပြီးတိုင်ဆောက်ရွက်ရန် မေတ္တာရပ်ခံတိုက်တွန်း ကြောင်း ကရင်ပြည်သူတစ်ရပ်လုံး ဘဝတိုးတက်ရန်၊ စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းသာယာမှုအတွက် အားလုံးဝိုင်းဝန်းလုပ်ဆောင်သွားမည်ဟု ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

"လူထုက ငြိမ်းချမ်းရေးကိုလိုတယ်ဆိုတာ သိတယ်။ ခတ်တာကလည်း လူထုက မပြောရဲ၊ မဆိုရဲတွေက ခုထိရှိသေးတယ်။ အခုခေတ်စနစ်ဟာ ပါတီစုံဒီမိုကရေစီကို သွားလာနေတာ၊ နှစ်ပေါင်း ၅၀ကျော်ကြာမြင့်ခဲ့တဲ့အတွက် အားလုံးအတွက် ကြန့်ကြာနေပါလိမ့်မယ်။ ဒါပေမယ့် ဒီမိုကရေစီအပြည့်ရ အောင် အားလုံးကလုပ်ရမှာပါ"ဟု ရန်ကုန်တိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီး ဖဒိုစောထွန်းအောင်မြင့်က ပြောသည်။

အဆိုပါကိစ္စအား ပဲခူးတိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီး စောဂျူလီစံလှ က "ငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့ ဒီဘက်က အချို့တိုက်ပွဲနဲ့ ဝေးတဲ့နေရာတွေက မခံစားဖူးပေမယ့် တကယ့်တိုက်ပွဲတွေကြားမှာ အသက်ကိုလုနေရတဲ့ ပြည်သူတွေအတွက်ကတော့ ငြိမ်းချမ်းရေးရဲ့အရသာကို ခံစား ချင်ကြတယ်။ ဒီနေ့လိုချင်တဲ့ ငြိမ်းချမ်းရေးကိုရချင်ရင် ကရင်လူမျိုးတွေအချင်းချင်းမှာ ဘယ်လိုငြိမ်းချမ်းအောင်လုပ်မလဲဆိုတဲ့ အဖြေတစ်ခု ရှာဖွေဖို့လိုနေပါ ပြီ"ဟု ဆိုသည်။

"လူထုတစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးအရသာမခံစားတက်ဘူးလို့ ကျွန်တော့်ကိုပြောလို့ရပါသေးတယ်။ ဒါပေမယ့် နိုင်ငံရေးလုပ်တဲ့အထဲမှာ ကာလတိုလုပ်ပြီး နိဂုံးချုပ်တဲ့အမျိုးအစားရယ်။ အာဏာရအောင်လုပ်ပြီး နိဂုံးချုပ်တဲ့ အမျိုးအစားရယ်။ ယုံကြည်ချက်နဲ့ ဘဝပုံပြီးလုပ်တဲ့သူတွေဆိုပြီးရှိတယ်။ ဒါ့ကြောင့် လူကောင်းတွေနိုင်ငံရေးမလုပ်ရင် လူဆိုးတွေလုပ်သွားမှာပေါ့။ လူမျိုးစုလူမျိုးအရေးနဲ့ နိုင်ငံအရေးမှာ ဘယ်ဟာပိုအရေးကြီးလဲဆိုရင် လူမျိုးအ ရေးက ပိုအရေးကြီးတယ်။ ဘာကြောင့်လဲဆိုရင် ကရင်လူမျိုးဖွဲ့စည်းမှုဟာ ဘီစီ ၇၃၉ လောက်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံဖွဲ့စည်းမှုထက် စောတယ်။ ဒါကြောင့် လူမျိုးစုတွေ၊ တိုင်းရင်းသားတွေ ငြိမ်းချမ်းပြီး စည်းလုံးနေမှ နိုင်ငံ ငြိမ်းချမ်းမှာပါ"ဟု ကရင်အမျိုးသား ဦးစောသိန်းရွှေက ပြောသည်။

မင်းခဏ့်

--------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်၏မဲဆန္ဒနယ် ကော့မှူး တစ်နှစ်အတွင်းမြေဈေး အဆ ၃၀တက်

ရန်ကုန်၊ အောက်တိုဘာ ၁၃။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနိုင်ရရှိခဲ့ရာ ကော့မှူးမြို့နယ်အတွင်း မြေဈေးမှာ တနှစ်အတွင်း အဆ ၃၀နီးပါး မြင့်တက်ခဲ့ ကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများ လာရောက်လာမည့် အနေအထားနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသောစိတ်ကြောင့် အိမ်းခြံမြေဝယ်ယူမှု များပြားလာခြင်းဖြစ်ကြောင်း ကော့မှူးမြို့ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးဖြစ်သူ ဦးကျော်ကျော်က ပြောကြားသည်။

“မနှစ်တုန်းက ခြံတဧက မှ ၃သိန်းလောက်ရှိတာ အခု သိန်း၉၀၊ ၁၀၀နဲ့တောင် အတော်ရှာယူနေရပြီ” ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်အချို့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ထူထောင် ကာ ဒေသဖွံဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ်နေကြောင်း၊ ကုတင် ၁၀၀၀ ဆန့် ဆေးရုံတည်ဆောက်ပေးရန် စီစဉ်နေသည်ဟု ကြားသိရကြောင်း ဒေ သခံများက ရှင်းပြသည်။

“ကျွန်တော်ကမြတ်ဖို့ သိပ်တော့မျှော်လင့်ပါဘူး။ အမေစုရဲ့ မဲဆန္ဒနယ်မို့လို့ ကိုယ်ပိုင်ခြံတွေ ရှိချင်လို့ လိုက်ဝယ်ထားတာပါ”ဟု ကော့မှူး-ရန်ကုန် ကားလမ်းမပေါ်ရှိ မြေကွက် ၃ကွက် ဝယ်ယူထားသူ စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ထက်က ပြောကြားသည်။

ကော့မှူးမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ကြပြီး အခြားစီးပွားရေးလုပ်ငန်းများ မဖွံဖြိုးသေးကြောင်း၊ ယခုနှစ်ပိုင်းအ တွင်း အိမ်ခြံမြေအရောင်းအဝယ် များပြားလာခြင်းကြောင့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းအချို့ တွေ့မြင်လာရကြောင်း ဒေသခံများက ဆိုသည်။

ကော့မှူးမြို့သည် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် မွေးဖွားရာဇာတိဖြစ်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က လည်း ၎င်း၏မိခင်အတွက် အဆိုပါနယ်၏ လွတ်တော်ကိုယ်စားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကော့မှူးဒေသခံများအနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားပြုမူအတွက် ဂုဏ်ယူနေကြပြီး၊ ၎င်း၏အကူအညီဖြင့် ဖွံဖြိုးရေးလုပ်ငန်းများ ပိုမို များပြားလာမည်ကို မျှော်လင့်နေကြသည်။

SWEET

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“ဒီမိုကရေစီနှင့် စစ်အာဏာရှင်ဆိုတာစိမ်းကားခဲ့တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးပြောတဲ့ လွှတ်တော်ထဲမှာ ပြည်သူ့အသံရှိရမယ်ဆိုပေမယ့် ပြည်သူ့ အစစ်စစ်တွေရောက်ဖို့လည်း လိုပါတယ်။ ပြည်သူ့အသံစစ်စစ်တွေကို လွှတ်တော်ထဲ မရောက်အောင် ပိတ်ပင်တားဆီးမယ့်သူတွေကိုလည်း တရားစွဲပါမယ်။ အာဏာရှင်ဆိုတာ သီးခြားလူတန်းစားမဟုတ်ပါဘူး။ အာဏာဆိုတာ ပြည်သူ၊ ပြည်သူဆိုတာ အာဏာရှင်ပါပဲ”

အောက်တိုဘာ ၁၃ရက်ထုတ် မြန်မာတိုင်း(မ်)ဂျာနယ် အတွဲ (၃၀) အမှတ် (၅၉၀) တွင်ပါရှိသည့် “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသည့် ဆောင်ပုဒ်ကို လက်မခံ”သတင်းမှ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

 --------------------------------------------------------------------------------------------------------------------------------

“အသွင်ကူးပြောင်းတာတွေကြောင့်ပဲ ကျွန်တော်တို့က ဘယ်ကိုကူးပြောင်းမှာလဲ။ မြေရှင်ပဒေသရာဇစ်စနစ်ကို ကူးပြောင်းမှာမဟုတ်ဘူး။ ပွင့်လင်းလွတ်လပ် တဲ့ ဒီမိုကရေစီစနစ်ကို ကူးပြောင်းမှာဖြစ်တယ်။ ပွင့်လင်းလွတ်လပ်တဲ့ ဒီမိုကရေစီစနစ်မှာ ဒီမိုကရေစီရဲ့ စကားလုံးအရပဲ ပြည်သူလူထုရဲ့ ပါဝင်မှုက အရမ်းကို အရေးပါပါတယ်။ ကျွန်တော်တို့က အသွင်ကူးပြောင်း ရေးကို ပိုအားကောင်းလာအောင် ကူညီတာပါ။ အမြင်မရှင်းတဲ့ အရာတွေကို ကူးပြောင်းရေးကို တကယ်သွားချင်ရဲ့လား ဆိုတာ မေးခွန်းထုတ်ဖို့လိုပါတယ်”

အောက်တိုဘာ ၁၃ရက်ထုတ် The Voice Weekly ဂျာနယ် အတွဲ (၈) အမှတ် (၄၁) တွင်ပါရှိသည့်“တိုင်းရင်းသား အားလုံး က စစ်ကိုမလိုချင်ပါဘူးဆိုမှတော့ ဘယ်သူ့အတွက် တိုက်နေတာလဲ” သတင်းမှ ငြိမ်းချမ်းရေးကွန်ယက် (Peace Network) မှ ကိုမိုးသွေး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment