Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၅.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံရေးပါတီများ ပြုပြင်ပြောင်းလဲရေး

*****************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံရေးပါတီများ ပြုပြင်ပြောင်းလဲရေး

မိုးမြင့်ငြိမ်း

အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေသော မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ် တည်တည်ငြိမ်ငြိမ် ဖြစ်၊မဖြစ် ဆိုခြင်းမှာ အသစ်ပေါ်ထွန်းလာသည့် လွှတ်တော်၊ နိုင်ငံရေးပါတီများ အစရှိသည့် နိုင်ငံရေး အင်စတီကျူးရှင်းများ၏ တောင့်တင်းခိုင်မာမှုပေါ်၌ များစွာ မူတည်သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတုန်းက နိုင်ငံရေး အတိုက်အခံများ၏ No Vote ဆိုသည့် မဲမပေးရေး လှုပ်ရှားမှုလှိုင်းကြီးမှ ရေဆန် တက်ခဲ့သည့် ပါတီ ၄၀ ကျော်တောင် ရှိသည်။ ယင်းမှာလည်း ဒီမိုကရက်တစ်အတွေ့အကြုံ မရှိသည့် မြန်မာနိုင်ငံရေးလက်တွေ့အရှိတရားအရ သဘာဝ ကျစွာ ဖြစ်ပေါ်လာရခြင်းပင်ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်၏ ဒီမိုကရေစီကျင့်သုံးမှုမှာ အင်္ဂလန်နိုင်ငံလို လွှတ်တော်အတွင်း အုပ်စုဖွဲ့ ငြင်းကြ၊ ခုံကြသည့် ပါလီမန်စနစ်မျိုးမဟုတ်၊ အမေရိကန်ပြည်ထောင်စု၏ ကွန်ဂရက်လို ရေးရော ကော်မတီများ ဖွဲ့စည်း၍ တာဝန်ထမ်းဆောင် စေခြင်းမျိုး ဖြစ်သည်။ ထိုအတွက်ကြောင့် မြန်မာနိုင်ငံ၏ နောက်နောင် နိုင်ငံရေးဖြစ်စဉ်တွင် အဓိက ပါတီကြီးနှစ်ခုတည်းသာ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် အာဏာရယူစေသည့် အခင်းအကျင်းမျိုးသာ ဖြစ်သွားမည်ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန် မြန်မာနိုင်ငံသို့ သမိုင်းဝင် သံခရီးစဉ် လာရောက်စဉ် တုန်းကလည်း မြန်မာနိုင်ငံသည် အမေရိကန်လို နှစ်ပါတီတည်းသာ ကြီးစိုးသည့် နိုင်ငံရေးအခင်းအကျင်း မျိုးဖြစ်လာနိုင်ကြောင်း အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ဖူးသည်။ သို့သော် မြန်မာနိုင်ငံ၏ အစွန်းနှစ်ဖက်နိုင်ငံရေးယဉ်ကျေးမှုကို အသွင် ပြောင်းလဲ လိုသည့် ဒီမိုကရက်တစ်ပါတီများနှင့် တိုင်းရင်း သားပါတီများလည်း နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်နေခြင်းကြောင့် အင်အားကြီးပါတီကြီးနှစ်ခုသာ ကြီးစိုးသည့် အခင်းအကျင်း မျိုး ဖြစ်ပေါ်ဖို့ အချိန်အတော်ကြာ ဖြတ်သန်းရပါဦးမည်။

ဒီမိုကရက်တစ်အင်အားစု ဟုခေါ်ခေါ်၊ တတိယလမ်းစဉ်ဖြင့် လမ်းဖောက်နေသည့် တတိယအင်အားစုပင်ဆိုဆို အပြန်အလှည်ယုံကြည်မှု တည် ဆောက်၍ မရသည့် ယခင်နိုင်ငံရေးဖြစ်စဉ်ဟောင်းမှ ခွဲထွက်ကာ ရွေးကောက်ပွဲအလွန် ဖြစ် ပေါ်လာသည့် ပင်မရေစီကြောင်းနိုင်ငံရေးဖြစ်စဉ်သစ်တွင် ဝေဖန်တိုက်ခိုက်မှုများ ကြားမှ အန်ခဲကာရေဆန်တက်ခဲ့ရသည့် ယင်း ဒီမိုကရက်တစ်ပါတီများ၏ အရည်အသွေး capacityမှာလည်း ယခုလက်ရှိ လွှတ်တော်တွင်း ပါတီကြီးနှစ်ခုဖြစ်သည့် အာဏာရ USDP နှင့် အဓိကအတိုက်အခံ NLD တို့၏ အရည်အသွေးများနှင့် မတိမ်းမယိမ်းပင်ဖြစ်သည်။ တနည်း ဆိုရလျှင် နှစ်ပေါင်းများစွာ ပါတီနိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ထားသည့်အတွက်ကြောင့် မြန်မာနိုင်ငံရေးနယ်ပယ်တွင် ပြည်သူများ အားကိုးလောက်သည့် တောင့်တင်းခိုင်မာသည့် နိုင်ငံရေးပါတီဟူ၍ ဖော်ပြစရာ တစ်ခုတစ်လေမျှ မရှိပေ။ ထိုအတွက်ကြောင့် ပါတီကြီးများဖြစ်စေ၊ ပါတီငယ်များဖြစ်စေ အနာဂတ် နိုင်ငံရေးဖြစ်စဉ်တွင် ချန်ပီယံဖြစ်ချင်လျှင်တော့ မိမိတို့ပါတီအသီးသီး၏ အရည်အသွေးမြှင့်တင်ရေး (capacity building) အလေးထား လုပ်ဆောင်မှ ဖြစ်တော့မည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ မဝင်ခင်တုန်းက NLD ပါတီအတွင်း ပြုပြင် ပြောင်းလဲရေးများကို အထိုက်အလျှောက်လုပ်ဆောင်ခဲ့သည်။ အသစ် ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခင်းအကျင်းသစ်အတွက် လက်တွေ့ကျသည့် ဆုံးဖြတ် ချက်များကို မပေးနိုင်သည့် NLD ပါတီ၏ CEC အဖွဲ့ဝင်အချို့အား အနားယူစေခဲ့သည့်အပြင် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူများ မှာလည်း လုပ်ရည်ကိုင်ရည် ရှိကြ သူများကို အဓိရွေးချယ်ခဲ့ကြောင်းတွေ့ရသည်။ ထို့အပြင် NLD ပါတီ၏ အထွေထွေညီလာခံတွင် ပါတီတွင်း ပြုပြင် ပြောင်း လဲမှုများလုပ်ရန် အထူးသဖြင့် ပါတီတွင်း လက်ရှိကျင့်သုံးနေသည့် ဗဟိုဦးစီးစနစ်အစား ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် အချို့သောပါတီဝင်များက တိုက်တွန်းခြင်းများ ရှိနေကြောင်း မီဒီယာမျက်နှာစာ များတွင်တွေ့မြင်ရလေသည်။

ထို့အတူပင် USDP သည်လည်း အောက်တိုဘာ ၁၄ ရက်နေ့မှ စတင်ကာ သုံးရက်ကြာ အထွေထွေညီလာခံ ကျင်းပ၍ ပါတီ၏ ပြုပြင်ပြောင်းလဲ ရေး မဟာဗျူဟာများကို ဆွေးနွေးအဖြေရှာကြမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ရှေ့ဆက် ဒီမိုကရေ စီအသွင်ကူးအပြောင်းရေးဖြစ်စဉ် တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ USDP သည် မိမိတို့ပါတီပြုပြင်ပြောင်းလဲရေးကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်ခင် အချိန်မီဆောင်ရွက်သွားဖို့ အမှန်ပင်လိုအပ်ပေသည်။ USDP၏ အားနည်းချက်များကို ထောက်ပြလျှင် မနည်းမနောတွေ့ရမည်ဖြစ်သည်။ အယူအဆပိုင်းဆိုင်ရာ ချွတ်ခြုံကျမှု (ideological bankruptcy), ပါတီတွင်း ဒီမို ကရေစီကျင့်သုံးမှု ကင်းမဲ့ခြင်းနှင့် အယူအဆမတူညီများအပေါ် စိတ်ရှည်သည်းခံမှုမရှိခြင်းတို့မှာ အဓိက အားနည်းချက်များပင် ဖြစ်သည်။ USDP တွင် အဆိုပါ အားနည်းချက်များကို ကုစားဖယ်ရှားလိုလျှင်တော့ ပါတီတွင်းပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်မှကိုဖြစ်မည်။

အဓိကအတိုက်အခံပါတီကြီးနှစ်ခုတည်းသာမက ဒီမိုကရက်တစ်နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီ များ အနေ ဖြင့်လည်း ၂၀၁၅ ခုနှစ်မတိုင်ခင် မိမိတို့ပါတီအသီးသီး၏ ပြုပြင်ပြောင်းလဲမှုကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံရေးအနာဂတ် တည်တည်ငြိမ်ငြိမ်ဖြစ်မည်။ နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူများအကြိုက် မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်ခြင်းဖြင့် ရွေးကောက်ပွဲ အနိုင်ရအောင် ဆောင်ရွက်ရမှာဖြစ်သလို ပြည်သူကို ဦးဆောင်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အရယူနိုင်ဖို့ဟူသော တာဝန်နှစ်ရပ်လုံးကို ကျေပွန်အောင်ထမ်းဆောင်သင့်ကြောင့် အကြံပြု တိုက်တွန်း အပ်ပါသည်။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment