Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၃၁.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. ရွေးကောက်ပွဲသည် လွတ်လပ် တရားမျှတမည် မဟုတ်သော်လည်း အရေးပါဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(CNN မှ 30 March 2012 ရက်စွဲပါ Paula Hancocks နှင့် Jethro Mullen တို့ ရေးသားသော Myanmar Elections not free and fair but still significant, Suu Kyi says ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံကို ခြုံငုံလေ့လာခြင်း

(IRIN News မှ 29 March 2012 ရက်စွဲပါ Myanmar: Overview သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

*****************************************************

ရွေးကောက်ပွဲသည် လွတ်လပ် တရားမျှတမည် မဟုတ်သော်လည်း အရေးပါဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(CNN မှ 30 March 2012 ရက်စွဲပါ Paula Hancocks နှင့် Jethro Mullen တို့ ရေးသားသော Myanmar Elections not free and fair but still significant, Suu Kyi says ကို ဘာသာ ပြန်ဆိုသည်)

မနက်ဖြန် ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတလိမ့်မည် မဟုတ်သော်လည်း သူမ၏ ပါတီသည် နေရာများစွာ အနိုင်ရမည်ဟု မျှော်လင့်နေဆဲ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့က ပြောကြားလိုက်သည်။

ဆန္ဒမဲပေးသည့် လုပ်ငန်းစဉ်တွင် မူမမှန်မှုများ ရှိနေသည်ဟု သူမယုံကြည်ကြောင်း၊ တာဝန်ရှိ အဖွဲ့အစည်းများသည် တရားမဝင် လုပ်ဆောင်မှုများ၊ ခြိမ်းခြောက်မှုများကို ကျူးလွန်ခြင်း၊ အားပေးအားမြှောက် ပြုလုပ်ခြင်းများ ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့က ပြုလုပ်သော နေအိမ်ရှေ့သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဆက်လက်ပြီး သူမက ရွေးကောက်ပွဲတွင် ပါဝင်ခြင်းကို နောင်တ မရကြောင်း၊ ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းများသည် မြန်မာပြည်သူလူထုအတွင်း နိုင်ငံရေး အသိအမြင်များ ပိုမို တိုးတက်လာစေခြင်းကြောင့် ဖြစ်သည်ဟု ပြောသည်။

ကမ္ဘာတစ်ဝှမ်းကလည်း ထိုရွေးကောက်ပွဲကို အာရုံပြုလျက် ရှိရာ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များကို စမ်းသပ်မည့် စမ်းသပ်ချက် တစ်ခုအဖြစ်လည်း ရှုမြင်ထားကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၄၅ နေရာအနက် ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီးသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို လိုလားသူဟု ယုံကြည်သော်လည်း ယင်းအား စစ်တပ်၏ ထောက်ခံမှု မည်မျှထိရရှိမည်ကို သေချာစွာ မသိကြောင်း ပြောခဲ့သည်။ လက်ရှိအစိုးရအဖွဲ့တွင် ဝန်ကြီးနေရာအတွက် အဆိုပြုလာပါက သူမအနေဖြင့် ပြင်ဆင်ထားခြင်း မရှိကြောင်းလည်း ဆိုသည်။

မြန်မာ့ဒီမိုကရေစီ အဆင့်ကို တစ်မှ တစ်ဆယ်အတွင်း အဆင့် သတ်မှတ်ချက် ပေးရန် မေးမြန်းခဲ့သောအခါ သူမက ကျွန်မတို့ အဆင့် တစ် ဖြစ်အောင် ကြိုးစားနေပါတယ် ဟု ချက်ချင်း တုံ့ပြန်ခဲ့သည်။ မကြာမီက NLD ကိုယ်စားလှယ် နှစ်ဦး တိုက်ခိုက်ခံရခြင်းအပေါ် သူမအနေဖြင့် နိုင်ငံတော်မှ စေခိုင်း၍ လုပ်ခြင်း မဟုတ်ဘဲ တစ်ဦးချင်း ကျူးလွန်မှုဟုသာ ထင်ကြောင်းလည်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ကော့မှူးမှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ရာ သုံးသပ်သူများက သူမ အနိုင်ရမည်မှာ သေချာကြောင်း ပြောသည်။ ရွေးကောက်ပွဲ ရလဒ်များမှာ တစ်ပတ် အကြာတွင် ထွက်ပေါ်လာမည်ဟု မျှော်လင့်ရသည်။

****************************************

မြန်မာနိုင်ငံကို ခြုံငုံလေ့လာခြင်း

(IRIN News မှ 29 March 2012 ရက်စွဲပါ Myanmar: Overview သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲများကို မနက်ဖြန်တွင် မြန်မာပြည်သူ သန်းပေါင်းများစွာ မဲပေးကြတော့မည် ဖြစ်ရာ အမှန်တကယ် ပြောင်းလဲတော့မည် ဟူသော မျှော်လင့်ချက်များလည်း မြင့်မားလျက် ရှိသည်။ အစိုးရက နောက်ပြန်မလှည့်ပါဟု ကတိပြုထားသော နိုင်ငံရေး ပြောင်းလဲမှုလှိုင်း၏ နောက်ကွယ်တွင် ပြည်တွင်းရော ပြည်ပပါ ယခင်က မရှိဖူးသော မျှော်လင့်ချက်များ ထားရှိလာခဲ့ကြသည်။

သို့သော် နိုင်ငံတကာ၏ အပယ်ခံစည်းထဲမှ ဆင်းရဲမွဲတေစွာ ရှင်သန်ခဲ့ရသော နိုင်ငံကို ဆွဲထုတ်ရခြင်းမှာ လွယ်ကူသောကိစ္စကား မဟုတ်ချေ။ ပြီးခဲ့သော နှစ်များအတွင်း မအောင်မြင်သော ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးနှင့် ၂ဝဝ၈ နာဂစ်အလွန် ပျက်စီးဆုံးရှုံးထိခိုက်မှုများ အပါအဝင် မြန်မာ၏ သတင်းဆိုးများသည် ကမ္ဘာတစ်လွှား ရှေ့တန်းခေါင်းကြီးပိုင်း သတင်းများ ဖြစ်ခဲ့သည်။

သို့သော် သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့သစ်သည် နိုင်ငံတကာ အရေးယူမှုများ ခံနေရကာ ထောက်ပံ့မှု အနည်းဆုံး အဆင့်သာ ရရှိနေသော မြန်မာနိုင်ငံအပေါ် တစ်ကမ္ဘာလုံး၏ အမြင်စောင်းမှုကို ပြောင်းလဲရန် မမောနိုင် မပန်းနိုင် အားထုတ်ခဲ့သည်။ သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၂ဝ၁၁ ဩဂုတ်က သမိုင်းဝင်တွေ့ဆုံမှုအပြီးတွင် ထိုနှစ်အစောပိုင်းအထိ ပြည်သူများ စိတ်ကူးယဉ်နိုင်ခြင်းပင် မရှိသော နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး အပြောင်းအလဲများကို အစိုးရသစ်က ဆက်တိုက် ပြုလုပ်ခဲ့သည်။

ထို့ပြင် မြန်မာ့အပြောင်းအလဲအတွက် များစွာ အရေးပါသည်ဟု ရှုမြင်ထားသော ကြားဖြတ် ရွေးကောက်ပွဲများကို လေ့လာစောင့်ကြည့်လိုသည့် အာဆီယံ အဖွဲ့နှင့် နိုင်ငံတကာမှ အကဲခတ်အချို့ကို အာဏာပိုင်များက လက်ခံ ခွင့်ပြုခဲ့သည်။ ထိုကဲ့သို့ အစကောင်းသော တာထွက်မှုများ ရှိနေသော်လည်း အမြစ်တွယ်နေသော အာဏာရှင်စနစ်ဆိုးမှ ဒီမိုကရေစီ စနစ်သို့ ခက်ခဲစွာ ကူးပြောင်းရခြင်းသည် စိန်ခေါ်မှုများ အတန်ကြာ ရှိနေဦးမည် ဖြစ်ကြောင်း ထင်ရှားနေသည်။

နိုင်ငံ၏ အရှေ့ပိုင်းနှင့် တောင်ပိုင်းမှ တိုင်းရင်းသား ပဋိပက္ခများကြောင့် အရေအတွက် သိန်းနှင့် ချီသော ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်သည်။ မတ်လဆန်းက ထုတ်ပြန်သော HRW အစီရင်ခံစာတွင် တရုတ် နယ်စပ်တလျှောက် ကချင်ပြည်နယ်၌ အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွားနေကြောင်း တင်ပြထားသည်။

ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံသည် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ရေရှည်တည်တံ့စေရန် အသွင်ကူးပြောင်းရာတွင် ကနဦး အဆင့်၌သာ ရှိသေးသည်ဟု သုံးသပ်ထားသည်။ ကုလဌာနချုပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီယာက "ဒီကနဦး ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အောင်မြင်စေဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာက သက်ဆိုင်တဲ့ အင်အားစု၊ အုပ်စုအားလုံး ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ပေးကြဖို့ လိုအပ်ပါတယ်" ဟု ပြောကြားခဲ့သည်။

မြန်မာ့နွေဦးဟု ခေါ်ဝေါ်နေကြသော အပြောင်းအလဲ အောင်မြင်မှု ရရှိရန်အတွက် ပြည်သူများကော၊ အစိုးရပါ တာဝန်ရှိကြောင်းကိုလည်း နှစ်ဖက် စလုံး သိရှိနားလည်ရမည် ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲကို ကြိုဆိုသောအားဖြင့် IRIN သတင်းဌာနက မြန်မာတို့ ရင်ဆိုင်နေရသော အဓိက စိန်ခေါ်မှုများကို လေ့လာကြည့်ရာတွင် မည်သည့် အပြောင်းအလဲကိုမဆို ပြည်သူများကိုယ်တိုင်ကသာ ပြုလုပ်ကြရမည် ဖြစ်ပြီး ပြင်ပ နိုင်ငံတကာက လက်ခံခြင်းထက် ပြည်သူများ ကိုယ်တိုင် လက်ခံနိုင်သော အတိုင်းအတာသာ ဖြစ်သင့်သည်ဟု ယူဆပါကြောင်း ရေးသား တင်ပြလိုက်ပါသည်။

***************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs