Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာနိုင်ငံရေးကံကောင်းစေချင်

****************************************

ဆောင်းပါးကဏ္ဍ

မြန်မာနိုင်ငံရေးကံကောင်းစေချင်

မိုးမြင့်ငြိမ်း

ကြားဖြတ်ရွေးကောက်ပွဲ ပြီးခဲ့လေပြီ။ ရလဒ်ကတော့ ပြတ်သားလှသည်။ရွေးကောက်ပွဲနေ့က လွတ်လပ်မဲဆန္ဒနယ် အများစုတွင် ဟိုမဲရုံမှာလည်း NLD၊ဒီမဲရုံမှာ NLD မဲအများစုဖြင့်နိုင်ကြောင်း သတင်းများ ဆက်တိုက်ဆိုသလို ကြားသိခဲ့ရသည်။ လူထု၏ရင်ထဲတွင် NLD မှာ ယခုထိတိုင် အမြစ်တွယ် နေဆဲပင်ဖြစ်သည်ဟု စာရေးသူ သဘောပေါက်မိခဲ့သည်။ ဘယ်အထိနက်ရှိုင်းစွာ ထိုးဖောက်ဝင်နေသလဲဆိုရင် ကိုယ်မဲပေးခဲ့သူ၏ အရည်အချင်းကို တိတိပပမသိခဲ့သည့်တိုင် ခွပ်ဒေါင်းတံဆိပ်ကို မြင်သည်နှင့် အမှန်ခြစ်မဲပေးခဲ့သည့်သူမျိုးလည်း အများအပြားရှိခဲ့သည်။ NLD ကို ပြည်သူ့ဘက်မှ ရပ်သည့် ပါတီကြီးတစ်ခုအနေအဖြစ် မဲထည့်ခဲ့သည်မှာ နိုင်ငံသားများ၏ အခွင့်အရေးဖြစ်သောကြောင့် စာရေးသူအနေဖြင့်အလေးထားသော်လည်း ကိုယ်မဲပေးခဲ့ သူ၏ အရည်အချင်းကိုတော့ အခြားပါတီများမှ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများနှင့် ယှဉ်၍အကဲဖြတ်သင့်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်သူများမှာ ၎င်းတို့နှင့် တန်သည့် အစိုးရကိုသာရသည်ဟူသော အဆိုလည်းရှိလေရာ စာရေးသူမှာ မြန်မာနိုင်ငံရေးကံကြမ္မာ အကောင်းဘက်သို့ ရောက်နိုင်ပါမည်လောဟူသော သံသယများ ဖြစ်လာ ရသည်။

ယခု ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ် ဒုတိယအဆင့်သို့ တက်လှမ်းသွားသည့် ဖြစ်စဉ်ဟု ယူဆ၍ ရနိုင်သည်။ အသွင်ကူးပြောင်းရေး ပထမဖြစ်စဉ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးတစ်ရပ်ကို လွှတ်တော်အတွင်း အနည်းငယ်သော အတိုက် အခံများဖြင့် ဦးဆုံးအသွင်း ပြောင်းခဲ့ခြင်းဖြစ်သည်။ ယင်းမှတစ်ဆင့် တစ်နှစ်အတွင်း နိုင်ငံရေးဖြေလျော့မှုများစွာကို တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်ရင်းဖြင့် အဆင့်ဆင့် အသွင်ကူးပြောင်းလာရာယခု ကြားဖြတ်ရွေးကောက်ပွဲတွင် နောက်ထပ် အချိုးအကွေ့တစ်ခုသို့ ရောက်ရှိလာ သည့် အခင်းအကျင်းဖြစ်သည်။ ထိုသို့ဆိုရခြင်းမှာ ယခုကြားဖြတ်ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့်တရားမျှတမှုကို ၂၀၁၀ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပခဲ့စဉ်နှင့် နှိုင်းယှဉ်အကဲဖြတ်ကြည့်ပါက ကွဲပြားမှု များစွာရှိခဲ့သည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲ ပြီးပြည့်စုံမှုမရှိသော်လည်း နိုင်ငံရေးပါတီများ လွတ်လပ်စွာမဲဆွယ်စည်းရုံးခွင့်၊ မီဒီယာသတင်းသမားများ စည်းမျဉ်းစည်းကမ်းနှင့်အညီ သတင်းရယူခွင့်နှင့် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများ လာရောက်လေ့လာခွင့်များ တချို့ နေရာတွင် အကန့်အသတ်၊ တချို့နေရာတွင်  အပြည့်အဝရရှိခဲ့သည်။

သတင်းသမားတစ်ဦးအနေဖြင့် စာရေးသူသည် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မဲရုံများတွင် ပြည်သူများ မဲဆန္ဒပေးပုံများကို သွားရောက်လေ့လာ ခဲ့သည်။ စာရေးသူအနေဖြင့် ရွေးကော်ပွဲမတိုင်မီကာလက ဝင်ရောက်ယှဉ်ပြိုင်သည့်လွှတ်တော် အမတ်လောင်းအားလုံးနှင့် အင်တာဗျူးများ ပြုလုပ်ခဲ့ရာ ၎င်းတို့၏ နိုင်ငံရေးစွမ်းရည်ကို သိရှိခွင့်ရခဲ့သည်။ ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဥက္ကဋ္ဌလည်းဖြစ်၊ အမတ်လောင်းလည်းဖြစ်သော ဦးသုဝေ၏ နိုင်ငံရေး အတွေ့အကြုံကို လေးစားသဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နိုင်ခြေများသည်ဟု အထင်ရှိ ခဲ့သည်။ သို့သော် မနည်းသော ပြည်သူများနှင့် စကားစမြည် ပြောကြည့်ရာ ယင်းတို့၏ ကောက်ချက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ဖြူဖြူသင်းနိုင်မည်ဟု ယတိပြတ် ကောက်ချက်ချနိုင်ခဲ့သည်။ ဤနေရာ တွင် စဉ်းစားသင့်သည်မှာ ပြည်သူများ၏ နိုင်ငံရေးရင့်ကျက်မှုဖြစ်သည်။ ဦးသုဝေ၏ နိုင်ငံရေးစွမ်းဆောင်ရည်အရ လွှတ်တော်ထဲတွင် ရှိနေမည်ဆိုလျှင် နိုင်ငံရေးဖြစ်စဉ်တွင် အတွေ့အကြုံရင့်ကျက်သည့် Player တစ်ဦးဝင်ရောက်လာမည်ဖြစ်သည်။ ဒေါ်ဖြူဖြူသင်းမှာ နိုင်ငံရေးထက် လူမှုရေးနယ်ပယ်တွင် ပိုမို ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်သူဖြစ်ပြီး နိုင်ငံရေးအတွေ့အကြုံလည်း ယခုမှစတင်ယူရမည့်သူ ဖြစ်သည်။ စာရေးသူမှာ ဒေါ်ဖြူဖြူသင်းနှင့် အင်တာဗျူး လုပ်ခဲ့စဉ်က သူ၏ HIV/AIDS လူမှုရေးဆောင်ရွက်မှုများကို အလေးထားသော်လည်း လူမှုရေးအရင်းအနှီးဆိုတာလည်းမသိ၊ ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ် ကိုလည်း ကောင်းစွာနားမလည်ချေ။ ဒေါ်အောင်ဆန်းစုကြည်မှ ရွေးချယ်လိုက်သည့်လက်ရွေးစင်တစ်ဦးအဖြစ်သာ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ဟန်ရှိပါ သည်။ ထိုသို့ အရည်အချင်း ကွာဟချက်များ ရှိနေသော်ငြားလည်း ပြည်သူများမှာ ခွပ်ဒေါင်းမှ ခွပ်ဒေါင်းဖြစ်နေသည်။

နောက်တစ်ခုမှာ NLD ပါတီဝင်တချို့နှင့် NLD ပါတီကို ထောက်ခံသော ပြည်သူအချို့၏ သွေးကြွရမ်းကားမှုမျိုး ဖြစ်သည်။ မှတ်မှတ်ရရ ဖြစ်ခဲ့သည့် ဖြစ်ရပ်တစ်ခုလည်းရှိပါသေးသည်။ စာရေးသူ မဲရုံတစ်ရုံသို့စောင့်ကြည့်ခဲ့စဉ်အခါက စာရေးသူ၏အကျီမှာ ပင်နီအရောင်ဖြစ်နေ၍ NLD တစ်ဦးမှ မဲဆွယ် သလို ဖြစ်နေကြောင်း လာရောက်သတိပေး ပြောကြားခဲ့သည်။ အမှန်စင်စစ် စာရေးသူဝတ်ခဲ့သည့် အကျီ၏အရောင်မှာ ပန်းရောင်နှင့် အုပ်ကျိုးရောင်စပ် ကြားသာ ဖြစ်သည်။ ပြောလိုသည်မှာ လုပ်ပိုင်ခွင့်နည်းနည်းပေးလိုက်သည်နှင့် အာဏာပြချင်သည့်သဘောဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲ အောင်နိုင်ခဲ့ ခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမှုကို စာရေးသူအနေနှင့် မည်သို့မျှမဆိုသာသော်လည်း ယင်းဝမ်းမြောက်မှုမှ တစ်ဖက် ကြံ့ခိုင်ရေးပါတီ၏ ရုံများ ရှေ့တွင် NLD နိုင်ပြီ၊ အမေစုနိုင်ပြီဟု အော်ဟစ်ခြင်းမျိုးသည် နိုင်ငံရေး သူငယ် နာမစင်မှုကို ဖော်ပြနေခြင်းသာဖြစ်သည်။

NLD ပါတီကို အဓိက ထောက်ခံခဲ့သူများမှာ အောက်ခြေလူတန်းစား (grass-root level) မှ ဖြစ်သည့် အားလျှော်စွာ အောက်ခြေလူတန်းစားအား အခြေပြုရွေးချယ်ခြင်းထက် ကိုယ်ရွေးကိုယ်သွေးအခြေပြု ရွေးချယ်မှုမျိုးသာ လုပ်ဆောင်ဖြစ်အောင် မဲဆွယ်စည်းရုံးခဲ့ခြင်းမှာ အင်အားကြီးပါတီတစ်ခု၏ လူထုအပေါ် မှန်ကန်သည့်နည်းလမ်းဖြင့် ဦးဆောင်နိုင်ခြင်းမျိုးလားဟု မေးစရာရှိပါသည်။ အလယ်ခေတ်ဥရောပ နိုင်ငံရေးအတွေးခေါ်ပညာရှင် Machiavelli မိန့်ကြားခဲ့သည့် The end justifies the means ဆိုသည့် ဆိုရိုးစကားတစ်ခုရှိပါသည်။ ရလဒ်ကောင်းဖို့အတွက် မမျှတသည့်နည်းလမ်းကိုလည်း လက်ခံ ကျင့်သုံးရမည်ဟူသော သဘောပင်ဖြစ်သည်။ NLD ပါတီ၏ လုပ်ဆောင်ချက်မှာ ဤအတိုင်းပင်ဖြစ်ခဲ့ပါသည်။ စာရေးသူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့စဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီမှာ နိုင်ငံရေးအား အကြွင်းသုံးညထွက်သည့်ဂိမ်း (Zero sum game) ကို ကစားမည့် သဘောဟု ကောက်ချက်ချခဲ့ဖူးသည်။ ယခုလည်း ဤအတိုင်းပင်ဖြစ်နေသည်။ သို့ဆိုပါလျှင် မြန်မာနိုင်ငံရေးကံကြမ္မာမှာ အကောင်းဖက်သို့ ဦးတည်နိုင် မည်လော။

ယခုကြားဖြတ်ရွေးကောက်ပွဲကြီးအပြီးတွင် စာရေးသူမှာ နိုင်ငံသာတစ်ဦးအနေဖြင့် ဝမ်းမြောက်မှုနှင့် စိုးရိမ်မှုကို တစ်ပြိုင်တည်း ဖြစ်ပေါ်လာသည်။ ဝမ်းမြောက်မှုမှာ လွှတ်တော်တွင် အနည်းငယ်ဖြစ်သော အတိုက်အခံအင်အားစုများ ပိုမိုများပြားလာခြင်းကြောင့် မူဝါဒအငြင်းအခုံများ ဖြစ်နိုင်ခြေ ပိုများသွား နိုင်ခြင်းနှင့် စိုးရိမ်မှုမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် ပြည်သူများ၏ နိုင်ငံရေးရေချိန် နိမ့်ပါးနေမှုကြောင့် လူမှုရေးမတည်မငြိမ်ဖြစ် နိုင်ခြင်းတို့ဖြစ်သည်။ လွှတ်တော်တွင်းသို့ ရောက်ရှိတော့မည့် ရွေးကောက်ပွဲနိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များကြောင့် လွှတ်တော်နှင့် အစိုးရအဖွဲ့တွင် အာဏာ ချိန်ခွင့်လျှာ မည်သို့ ပုံဖော်ပြောင်းလဲသွားနိုင်သည်ကို စိတ်ဝင်တစားစောင့်ကြည့်ရဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံရေး ကံကောင်းမှုစေချင်ပါသည်။

****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၃.၄.၂၀၁၂

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မင်းအောင်လှိုင်အား ဒုတိယဗိုလ်ချုပ်မှူးကြီး ခန့်အပ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ
  2. ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် စာရင်းများ ကြေညာ
  3. မဲရုံရှေ့၌ဆန္ဒပြသူများကို ကော်မရှင်အဖွဲ့ဝင် ချိန်းခြောက်
  4. မိတ္ထီလာမဲဆန္ဒနယ်တွင် မဲပေးပိုင်ခွင့်ရှိသော်လည်း မဲစာရင်းထဲတွင်မပါရှိသူဦးရေ ၅၀၀ကျော်ရှိသည်ဟု သိရ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မင်းအောင်လှိုင်အား ဒုတိယဗိုလ်ချုပ်မှူးကြီး ခန့်အပ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးအဖြစ် ခန့်အပ် ကြောင်း မတ်လ ၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် သုံးနှုန်းဖော်ပြခဲ့သည်။

နိုင်ငံပိုင်သတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီနှင့် News Light of Myanmar သတင်းစာပါ “ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အကြိမ်(၂၀)မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ” သတင်း တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖြစ် သုံးနှုန်းဖော်ပြခဲ့ခြင်းဖြစ်သည်။

“ဒါဆို ဗိုလ်ချုပ်မှူးကြီးက ဘယ်သူလဲဗျ။ ဗိုလ်ချုပ်မှူးကြီးက ဦးသန်းရွှေပဲလား။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီး ရွှေသန်းရွှေ အနားယူတယ် ဆိုတာကို နိုင်ငံပိုင်သတင်းစာတွေမှာ တရားဝင်ဖော်ပြခြင်းမရှိဘူး။ နိုင်ငံရေးက အနားယူသွားတယ်လို့ ဦးရွှေမန်းတို့၊ ဦးဌေးဦးတို့၊ ဦးကျော်ဆန်းတို့က ပြောနေပေမယ့် တပ်မတော်က အနားယူသွားတယ်လို့တော့ ဘယ်သူမှ မပြောကြဘူးဗျ”ပာု မြန်မာ့နိုင်ငံရေးလေ့လာနေသူ တစ်ဦးက ဆိုသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတော့ ဗိုလ်ချုပ်မှူးကြီး ရာထူးဆိုတာတော့ မရှိဘူး။ ဒီတော့ နိုင်ငံပိုင်သတင်းစာတွေရဲ့ မှားယွင်းမှုလို့ပဲ ယူဆပါ တယ်”ပာု မြန်မာ့စီးပွားရေးလေ့လာနေသူတစ်ဦးက ဆိုသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် စာရင်းများ ကြေညာ

              ဧပြီလ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ် (၄၀) နေရာမှ ပြည်သူ့ လွှတ် တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့၌ အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည် စာရင်းများကို ဧပြီလ ၂ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် ထုတ်ပြန် ကြေညာခဲ့သည်။

လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ်များ၌ အနိုင်ရရှိခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းများကို ကြေညာချက်အမှတ် (၁၇/၂၀၁၂)ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၌ အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များမှာ နေပြည်တော် တွင် (၁) ဒေါ်စန္ဒာမင်း ဇမ္ဗူသီရိမဲဆန္ဒနယ် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ (၂) ဦးနိုင်ငံလင်း ဒက္ခိဏသီရိမဲဆန္ဒနယ်၊ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ (၃) ဦးဖြိုးဇေယျာသော် (ခ) ဇေယျာသော် ပုဗ္ဗသီရိမဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ (၄) ဦးမင်းသူ ဥတ္တရသီရိမဲဆန္ဒနယ်၊ (အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ်)၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၅) ဦးခင်မောင်သိန်း စစ်ကိုင်းမဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ (၆) ဒေါ်ခင်စန်းလှိုင် ပုလဲမဲဆန္ဒနယ်၊ (အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်)၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၇) ဦးအောင်စိုး လောင်းလုံမဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ပဲခူးတိုင်းဒေသကြီးတွင် (၈) ဦးအောင်စိုးမြင့် တောင်ငူမဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ (၉) ဦးစိန်ထွန်း ထန်းတပင်မဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ (၁၀) ဦးကျော် မင်း လက်ပံတန်းမဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ (၁၁) ဦးမြင့်ဦး သနပ်ပင်မဲဆန္ဒနယ်၊ (အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်)၊ မကွေးတိုင်း ဒေသကြီး တွင် (၁၂) ဦးပိုက်ကို ပခုက္ကူမဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ (၁၃) ဒေါက်တာအောင်မိုးညို ပွင့်ဖြူမဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)၊ (၁၄) ဦးမြင့်သိန်း မကွေးမဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ (၁၅) ဦးမြင့်အောင် မြိုင်မဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ (၁၆) ဦးတိုးရွှေ (ခ) ဦးတင်ဌေးအောင် ရေစကြိုမဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ မန္တလေးတိုင်းဒေသကြီးတွင် (၁၇) ဒေါ်ခင်သန္တာ တံတားဦးမဲ ဆန္ဒနယ်၊ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ (၁၈) ဒေါက်တာဇော်မြင့်မောင် ကျောက်ပန်းတောင်းမဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ (၁၉) ဦးပေါခင် နွားထိုးကြီး မဲဆန္ဒ နယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ (၂၀) ဦးအုန်းကြိုင် မဟာအောင်မြေမဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ (၂၁) ဦးဝင်းထိန် မိတ္ထီလာမဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)၊ (၂၂) ဦးကျော်သီဟ ပြင်ဦးလွင်မဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ မွန်ပြည်နယ်တွင် (၂၃) ဒေါ်ခင်ဌေး ကြွယ် မော် လမြိုင်မဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ရန်ကုန်တိုင်းဒေသကြီး တွင် (၂၄) ဒေါ်အောင်ဆန်းစုကြည် ကော့ မှူး မဲဆန္ဒနယ်၊ (အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်)၊ (၂၅) ဒေါ်ဖြူဖြူသင်း မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ (၂၆) ဒေါက်တာမေဝင်းမြင့် မရမ်းကုန်းမဲဆန္ဒနယ်၊(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ (၂၇) ဦးဖြိုးမင်းသိန်း လှည်းကူးမဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ (၂၈) ဒေါက်တာမျိုးအောင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန နယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ (၂၉) ဒေါ်စုစုလွင် သုံးခွမဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ရှမ်းပြည်နယ်တွင် (၃၀) ဒေါက်တာဒေါ်သန်းငွေ ကလောမဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၃၁) ဦးဝင်းမြင့် ပုသိမ်မဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ (၃၂) ဦးစိန်ဝင်း မအူပင်မဲဆန္ဒနယ်၊ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)၊ (၃၃) ဦးမန်းဂျော်နီ မြောင်းမြမဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ (၃၄) ဦးကျော်မြင့် မြန်အောင်မဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) နှင့် (၃၅) ဒေါ်မြင့်မြင့်စန်း ဝါးခယ်မမဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) မှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ်များ၌ အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း များကို ကြေညာချက်အမှတ် (၁၈/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ် တော်၌ အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များမှာ ပဲခူးတိုင်း ဒေသကြီးတွင် (၁) ဦးမင်းဦး အမှတ်(၇) မဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ မကွေးတိုင်းဒေသကြီးတွင် (၂) ဦးအောင်ကြည်ညွန့် အမှတ်(၄) မဲဆန္ဒ နယ်၊ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၃) ဦးသိမ်းဆွေ အမှတ်(၁၀) မဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) တို့ဖြစ် ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

တိုင်းဒေသကြီးလွှတ်တော် လစ်လပ်မဲဆန္ဒနယ်များတွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် များ၏ အမည်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာချက်အမှတ် (၁၉/၂၀၁၂)ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ကြားဖြတ်ရွေးကောက် ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်၌ အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များမှာ ပဲခူးတိုင်းဒေသကြီးတွင် (၁) ဦးမျိုးခိုင် ကဝ(၂) မဲဆန္ဒနယ် (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)၊ နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၂) ဒေါက်တာလှမြတ်သွေး ရေကြည်(၂) မဲဆန္ဒနယ်၊ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) တို့ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိအချိန်တွင် လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းခဲ့သည့် လစ်လပ်မဲဆန္ဒနယ်(၄၅) နေရာရှိသည့်အနက် မဲဆန္ဒနယ် (၄၀) နေရာမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းများကိုသာ သိရှိရပြီး ကျန် လစ်လပ်မဲဆန္ဒနယ်(၅)နေရာမှ ကိုယ်စားလှယ်များ၏ အမည်စာရင်းများ ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း သိရသည်။

YC

 -----------------------------------------------------------------------------------------------------------------------------------

မဲရုံရှေ့၌ ဆန္ဒပြသူများကို ကော်မရှင်အဖွဲ့ဝင် တားမြစ်ချိန်းခြောက်

မဲစာရင်း၌မပါရှိသဖြင့် မဲထည့်ခွင့်မရလိုက်သူများသည် သက်ဆိုင်ရာမဲရုံများရှေ့တွင် မဲထည့်ခွင့် တောင်းနေသူများကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦးက လာရောက် တားမြစ်ချိန်းခြောက်ခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်ရပ်သည် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် တောင်ငူမြို့၌ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်ရပ်ကဲ့သို့ အလားတူဖြစ်ရပ်များ လည်း လစ်လပ်မဲဆန္ဒနယ်အများစုတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကိုက် ၅၀၀အတွင်းမှာ ခုလိုသာ ဆူပူနေကြမယ်ဆိုရင် မဲရုံကို ပိတ်ရပါလိမ့်မယ်” ဟု အထက်ပါကော်မရှင် အဖွဲ့ဝင်က ဆိုသည်။

ယင်းကဲ့သို့ပြောဆိုလိုက်မှုကြောင့် လာရောက်စုဝေးပြီး ဆန္ဒပြနေသူများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တောင်ငူမြို့နယ် ပြည်သူ့ လွှတ်တော် အမတ်လောင်း ဦးအောင်စိုးမြင့်က မေတ္တာရပ်ခံလိုက်မှုကြောင့် လူစုခွဲလိုက်သည်။

သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်များကလည်း လုပ်ထုံးလုပ်နည်းများအရ မဲစာရင်းများကို ထုတ်ပြန်ကြေငြာခဲ့ကြောင်း ပြောကြားသော်လည်း မဲဆန္ဒရှင်များက ရပ်ကွက်ကော်မရှင်ရုံးများတွင် လုံးဝကြေငြာခဲ့ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။

“မဲထည့်ဖို့လာခဲ့တာ ဒီကိုရောက်တော့မထည့်ရတဲ့အတွက် အရမ်းဝမ်းနည်းတယ်” ဟု အသက်၇၀ အရွယ်ရှိ မဲဆန္ဒရှင်တစ်ဦးက မျက်ရည်ကျလျက် ပြောကြားခဲ့သည်။

မဲစာရင်း၌ မပါဝင်ခဲ့သော မဲဆန္ဒရှင်များသည် မဲထည့်ခွင့်ရရှိရေးကို မျှော်လင့်ပြီး သက်ဆိုင်ရာမဲရုံများရှေ့တွင် မဲရုံပိတ်သည်အထိ စောင့်ဆိုင်းနေ ကြကြောင်း အထက်ပါအမတ်လောင်း ဦးအောင်စိုးမြင့်က ပြောကြားခဲ့သည်။

၁၉၉၀ခုနှစ် ရွေးကောက်ပွဲ၌ အဆိုပါဖြစ်ရပ်မျိုးကို ကြုံတွေ့ခဲ့ရဖူးသူ မဲရုံမှူးဟောင်း ဦးတင်အေးက မဲဆန္ဒရှင်များ၏ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ကို စိစစ်ကာ မဲစာရင်း၌မပါရှိသော်လည်း မဲပေးခွင့်ပြုလိုက် ကြောင်းရှင်းပြခဲ့သည်။

အဆိုပါဖြစ်ရပ်များကို နောက်လာမည့်ရွေးကောက်ပွဲများတွင် မဖြစ်ပေါ်စေရန် ကော်မရှင်နှင့်မဲဆန္ဒရှင်များ ပူးပေါင်းပြီး ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုခဲ့သည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

မိတ္ထီလာမဲဆန္ဒနယ်တွင် မဲပေးပိုင်ခွင့်ရှိသော်လည်း မဲစာရင်းထဲတွင် မပါရှိသူဦးရေ ၅၀၀ကျော်ရှိသည်ဟု သိရ

ဧပြီလ ၁ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ် ၄၅နယ်ထဲမှ တစ်နယ်ဖြစ်သော မိတ္ထီလာမြို့နယ် မဲဆန္ဒ နယ်တွင် မဲပေးပိုင်ခွင့်ရှိသော်လည်း မဲစာရင်းနာမည်များ မပါရှိသည့် လူဦးရေမှာ ၅၀၀နီးပါး ရှိသည်ဟု မိတ္ထီလာမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦး၏ ပြောပြ ချက်အရ သိရသည်။

“ကျွန်မတို့အိမ်က အိမ်ထောင်စုစာရင်းမှာ လူငါးယောက်ရှိတယ်။ အဲဒီထဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့လူက လေးယောက်ပေါ့။ ကျွန်မသမီးတစ်ယောက်က အသက်မပြည့်သေးလို့ပါ။ ဒါပေမယ့် တကယ်တမ်းမဲသွားပေးတော့ ကျွန်မယောင်္ကျားတစ် ယောက်ပဲ မဲစာရင်းနာမည်ထဲမှာပါတယ်။ အဲဒါနဲ့ ကျွန်မတို့ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ဥက္ကဋ္ဌကိုသွားမေးတော့ သူက ကော်မရှင်ရုံးက စာရေးမကို မေးကြည့်လို့ ပြောတယ်။ အဲဒါနဲ့ မေးကြည့်တော့ ဖုန်းဆက်ပြီး မေး ကြည့်တော့ စာရေးမက ကော်မရှင်ရုံးမှာက သူက အဲဒါတွေမသိဘူးလို့ပြောတယ်။ အဲဒါနဲ့ ဘယ်ကိုမေးရမလဲလို့မေးတော့ ကော်မရှင်က နောက်ထပ် ပြောပြနိုင်တဲ့လူ တစ်ယောက်ဆီကို ဖုန်းဆက်မေးကြည့်ပြန်တော့ သူက အဲဒီမဲစာရင်းတွေက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ကြေညာထား ပြီးပြီတဲ့။ သူတို့ဆီမှာ မေးကြည့်ဆိုတော့။ ပထမစပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာမေးတာ နောက်ဆုံးတော့လည်း ဒီပဲပြန်ရောက်လာတယ်ဆိုတော့ စဉ်းစား သာကြည့်တော့။ အဲဒါနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြန်ပြောပြတော့ ရွေးကောက်ပွဲမကျင်းပခင် အချိန်တွေမှာ အိမ်တိုင်ရာရောက်လိုက်ပြောတယ်တဲ့။ အဲဒါနဲ့ ကျွန်မယောင်္ကျားကို မေးကြည့်တော့ လာမပြောဘူးတဲ့။ အဲဒါ နဲ့ ကျွန်မလည်း မဲမပေးခဲ့ရဘူး”ဟု ၂၀၁၀ရွေးကောက်ပွဲမကျင်းပမီ တစ်ပတ်အလိုတွင် နိုင်ငံတော်မှ နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၅နှစ်ခွဲအမိန့်ဖြင့် နိုင်ငံရေးအကျဉ်းသားအဖြစ် ကျခံခဲ့ရပြီး နိုင်ငံတော်၏ လွတ်ငြိမ်းချမ်း သာခွင့်အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် မိတ္ထီလာမြို့နယ်မှ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါ်မီမီအေးမှ ပြောကြားသည်။

ယင်းကဲ့သို့ မဲပေးပိုင်ခွင့်ရှိပြီး မဲစာရင်းထဲတွင် မပါရှိသည့်သူများထဲတွင် ၂၀၁၀ရွေးကောက်ပွဲ ကျင်းပစဉ်က အသက်မပြည့်သေးဘဲ ယခု ကြားဖြတ် ရွေးကောက်ပွဲတွင် အသက်ပြည့်ပြီးသူများနှင့် နိုင်ငံရေးအကျဉ်းသားအချို့ပါဝင်နေ ကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦးအား ထပ်မံမေးမြန်းချက်မှ သိရှိ ရပြီး မဲပေးရာတွင်လည်း NLDပါတီအား ထောက်ခံ သည့် အမှန်ခြစ်ရသည့် အကွက်တွင်လည်း ဖယောင်းများသုတ်ထားခြင်းများရှိပြီး မဲရုံအချို့မှ ပယ်မဲ တော်တော် များများ သည် နှစ်ထပ်ဖြစ်နေသည့် မဲများသာတွေ့ရှိရကြောင်း NLDပါတီမှ မဲရုံကိုယ်စားလှယ်တစ်ဦး၏ ပြောပြချက်အရ သိရှိရ သည်။

ထိုမိတ္ထီလာမဲဆန္ဒနယ်တွင် မဲပေးသူဦးရေ နှစ်သိန်းကျော်ရှိပြီး မဲရုံပေါင်း ၂၇၈ရုံရှိပြီး ယင်းမဲဆန္ဒနယ်တွင် NLD ပါ တီမှ မဲအရေအတွက် ခြောက် သောင်းကျော်ရရှိခဲ့ပြီး USDPပါတီမှ လေးသောင်းကျော်ရရှိကာ NLDပါတီမှ မဲအရေအတွက် တစ်သောင်းကျော်ဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ပို့ကုန်ရငွေ၊ FEC၊ ဒေါ်လာ အသီးသီးရဲ့ အသုံးပြုနိုင်မှုကို ဘယ်နေရာမှာ ဘယ်ဒေါ်လာပဲ သုံးလို့ရတယ်ဆိုတဲ့ ကန့်သတ်ချက်ကို ဖျောက်မှ ဒီသုံးခုရဲ့ တန်ဖိုးက တူသွားမှာပေါ့။ စည်းကမ်းတွေထွက်လာရင် စာရွက်ထဲမှာရှိတာထက် တကယ်လက်တွေက ကျင့်သုံးနိုင်ဖို့က ပိုပြီးအရေးကြီးတယ်။ အဲလိုမဟုတ် ရင် ပြင်ပဈေးကွက်ဆိုတာ ဆက်ပြီးရှိနေဦးမှာပဲ”

ဧပြီ ၂ ထုတ် The Voice Weekly အတွဲ (၈) အမှတ် (၁၆) တွင်ပါသည့်“နိုင်ငံခြားငွေလဲနှုန်း ဗဟိုဘဏ် နေ့စဉ် သတ်မှတ်ထုတ်ပြန်မည်” သတင်း မှ စီးပွားရေးပညာရှင် ရန်ကုန်စီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ်(အငြိမ်းစား) ဦးမောင်သန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဥပဒေက အဲဒီလို ဆွဲလိုက်ပြီးရင် သမ္မတရုံးတို့၊ ရှေ့နေချုပ်ရုံးတို့ကနေ ဒါ ဒီလိုဆွဲပါ။ ဒီနေရာ ဒီလိုပြင်ပါဆိုပြီး ပြန်ကျလာမယ်။ ကျွန်တော်တို့က ပြန်ပြင် ဆွဲမယ်။ ပြန်ဖြည့်စွက်မယ်။ ပြန်တင်ပြမယ်ဆိုတော့ ဘယ်အချိန်ပြီးမ လဲ သတ်မှတ်ဖို့ ခက်တယ်။ ဒါပေမဲ့ အခြေအနေအရ အမြန်ဆွဲဖို့လိုအပ်နေပြီ”

ဧပြီ ၂ ထုတ် The Messenger အတွဲ (၂) အမှတ် (၄၆) တွင်ပါသည့် “လူ့အခွင့်အရေးကော်မတီဥပဒေကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပါရီမူ များနှင့်အညီ ရေးဆွဲနေ” မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အတွင်းရေးမှူး ဦးစစ်မြိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

-----------------------------------------------------------------------------------------------------------------------------------

“နိုင်ငံခြားငွေဈေးကွက်ကို ရောင်းလိုအားနဲ့ ဝယ်လိုအားအခြေအနေ သတ်မှတ်တာကောင်းတယ်။ အဓိကတော့ ဈေးကွက် ပေါက်ဈေးအတိုင်းလုပ်ရမယ်။ မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ အမြန်ဆုံးလုပ်နိုင်မယ်ဆိုရင် စီးပွားရေး လုပ်ငန်း တွေ ပိုကောင်းလာမယ်”

ဧပြီ ၂ ထုတ် The Messenger အတွဲ (၂) အမှတ် (၄၆) တွင်ပါသည့် “နိုင်ငံခြားငွေလဲလှယ်သည့် စနစ်ကိုနှုန်းရှင်စနစ် ကျင့်သုံးမည်” သတင်းမှ စီးပွားရေးတက္ကသိုလ်ပါမောက္ခ(ငြိမ်း) ဒေါ်ရီရီမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs