Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၈.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

အသစ်တက်လာသော နိုင်ငံတော်ဒုတိယသမ္မတအတွက် အကြံပြုချက်

*****************************************

ဆောင်းပါးကဏ္ဍ

အသစ်တက်လာသော နိုင်ငံတော်ဒုတိယသမ္မတအတွက် အကြံပြုချက်

နိုင်မော်

(ဤဆောင်းပါးကို ပြည်သူတစ်ဦး၏ ရှုထောင့်မှ ရေးသားအကြံပြု တင်ပြထားခြင်း ဖြစ်ပါသည်။)

ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ကျင်းပသည်မှာ တစ်လခွဲနီးပါးရှိခဲ့ပြီ။ လွှတ်တော် စတင်ကျင်းပသော ပထမဆုံးနေ့တွင် နိုင်ငံတော် သမ္မတက လွှတ်တော်သို့ လစ်လပ်သွားသော နိုင်ငံတော်ဒုတိယသမ္မတကို ပြန်လည်ရွေးချယ်ပေးရန် အကြောင်းကြားစာ ပို့သည်။

ထိုစဉ်ကတည်းက ဒုတိယသမ္မတ မည်သူဖြစ်မည်ကို ပြည်သူများအနေဖြင့် မျှော်လင့်လျက်ရှိသည်။ နိုင်ငံအရေး အခင်းအကျင်းသစ်ကို စတင်ပြောင်းလဲလာပြီး တစ်နှစ်ကျော်ကာလအတွင်း ပြည်သူများ နိုင်ငံရေးရာအပေါ် ဂရုပြုမိခြင်း (Political Awareness) ပိုရှိ လာသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

ပြည်သူများ တစ်လကျော် စောင့်မျှော်လာခဲ့သည့် ဒုတိယသမ္မတအဖြစ် ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ခန့်အပ်သည်ကို သိရသည်။ နိုင်ငံတော်အစိုးရအဖွဲ့ ရာထူးများတွင် ဒုတိယသမ္မတရာထူးသည် အရေးပါသော ရာထူးတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် တက်လာသော ဒုတိယသမ္မတ၏ သဘောထားနှင့် လွှမ်းမိုးမှု မည်၍မည်မျှရှိမည်ကို ကျွန်တော်တို့ စောင့်ကြည့်ရပေလိမ့်မည်။

နိုင်ငံတော်အကြီးအကဲ သမ္မတဦးသိန်းစိန်သည် တပ်မတော်မှ အရပ်သားအစိုးရသို့ ပြောင်းလဲတာဝန်ယူသည့် လမ်းကြောင်းကို ဦးတည်ဆောင်ရွက်လျက်ရှိရာ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရသော ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းအနေဖြင့် မည်မျှအထိ လက်တွဲလုပ်ဆောင်နိုင်မည် ကူညီပံ့ပိုးနိုင် မည်မှာမူ စဉ်းစားစရာတစ်ခုဖြစ်သလို ဤအချက်ကိုလည်း ကျွန်တော်တို့ စောင့်ကြည့်ရန်သာ ဖြစ်သည်။

တစ်ဦး၊ တစ်ဖွဲ့ အာဏာပိုင်စနစ်မှ ဖြေလျှော့ခြင်း(Liberalisation)မှ စတင် အသွင်ကူးပြောင်းလာသောအဆင့် (Transition) ကာလ အတွင်း နိုင်ငံတော်တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ကိုင်လာသည်။ အဆိုပါကာလအတွင်း ခြိမ်းခြောက်မှုများကို အခွင့်အလမ်းအဖြစ် ပြောင်းခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်။ နိုင်ငံတကာမှ အားပေးထောက်ခံမှုများကို ရရှိခဲ့သည်။ ထို့အတူ တစ်ဖက်တွင် ဖြေရှင်းရမည့် ပြဿနာများလည်း ရှိနေသည်။ လွတ်လပ်ရေးနှင့်အတူ တွဲပါလာသည့် ပြည် တွင်းစစ်မီးကို အပြီးတိုင် ငြိမ်းသက်ဖို့ ကြိုးစားနေရသည့်ကာလ ဖြစ်သည်။

ထို့ပြင် မကြာသေးမီဇွန်လက ဖြစ်ပေါ်ခဲ့သော အတွင်းအောင်းနေရာမှ ပေါ်လာသည့် ရခိုင်ဒေသပဋိပက္ခကလည်း ရှိနေသည်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတကာမှ လူ့အခွင့်အရေးချိုးဖောက်မှုများဟု ကင်မွန်းတပ်သည်များ ရှိသည်။ အဆိုပါကိစ္စကပင် မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုက် ဇေးရှင်းဖြစ်စဉ်အပေါ် သံသယပွားမှုများကိုပင် ဖန်တီးပေးခဲ့သည်။ အစိုးရအနေဖြင့် ရိုဟင်ဂျာကိစ္စသည် ကိုင်တွယ်ရခက်ခဲသော ပြဿနာတစ်ခုအနေဖြင့် လိပ်ခဲတည်းလဲ ဖြစ်နေဆဲပင် ဖြစ်သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ရော ဒုတိယသမ္မတသစ်အနေဖြင့် မည်သို့ သဘောထားသနည်း ဆိုသည်မှာလည်း စဉ်းစားစရာ တစ်ခုပင် ဖြစ်သည်။

မည်သို့သော ဗျူဟာ၊ မည်သို့သော အတွေးအခေါ်များရှိပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွင် မည်သို့ပါဝင်ကစားမည် ဆိုသည် ကလည်း ပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စဉ်းစားရမည့်ကိစ္စ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအရ နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာတို့တွင် တပ်မတော်၏ ပါဝင်ပတ်သက်မှုများ ရှိနေသည်ဖြစ်ရာ တပ်မတော်နှင့် အရပ်ဖက်အစိုးရ မည်မျှလက်တွဲနိုင်မည်၊ အတိုက်အခံပါတီနှင့် တပ်မတော် မည်သို့သဘောထားရှိမည်ကလည်း စဉ်းစားစရာတစ်ခုပင် ဖြစ်သည်။ ဤကဲ့သို့ နိုင်ငံတကာနှင့် ပြည်သူတို့ကြားတွင် ပဟေဠိသဖွယ် ဖြစ်ပေါ်နေသော သံသယများကို ဖြေရှင်းပေးနိုင်မည့်သူမှာ မည်သူဖြစ်မည်နည်း။

တစ်ဦးတည်းသာရှိသည်။ ထိုသူကား အခြားသူမဟုတ် ဒုတိယသမ္မသစ်ကိုယ်တိုင်ပင် ဖြစ်တော့သည်။ ဒုတိယသမ္မတ တစ်ယောက်အနေဖြင့် သူ့ကို ရွေးချယ်ပေးလိုက်သည့် တပ်မတော်သားများဘက်က လိုက်မည်လား။ ဒီမိုကရေစီ အလှည့်အပြောင်းကို လက်ရှိအစိုးရနှင့်အတူ ဝင်ရွှေ့နိုင် မည်လား။

ကျွန်တော်အနေဖြင့်ပြောရလျှင် လက်ရှိဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများက သွက်လက်လှသည်။ သို့ကြောင့် လည်း နိုင်ငံတကာမှ လက်ရှိအစိုးရကို လိုလားမှုရှိခဲ့သည်။ မြန်မာ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို အကောင်းမြင် အားပေးမှု ရှိခဲ့သည်။ ထိုသို့ ဖြစ်ခဲ့သည်မှာ လည်း အစိုးရအနေဖြင့် နှစ်ဦးနှစ်ဖက် ပြေလည်စေသည့် အခြေအနေသို့ ရောက်အောင် ညှိယူနိုင်ခဲ့ခြင်း (သမ္မတဦးသိန်းစိန်သည် အဓိက (Main) ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲနိုင်ခဲ့ခြင်း)၊ ဆန့်ကျင်ဘက် အင်အားစုများနှင့် ငြိမ်းချမ်းရေးတည် ဆောက် ခြင်းများ ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သောကြောင့် ဒုတိယသမ္မသစ်အနေဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ် ဖြောင့်ဖြူးစေရေးအတွက် အစိုးရနှင့် တစ်သားတည်း ဖြစ်သင့်သည်ဟု မြင်သည်။

အဘယ့်ကြောင့်ဆိုသော် အတိုက်အခံများဘက်ကလည်း လက်ရှိအခြေအနေ၌ သမ္မတကြီးကို ယုံကြည်မှုအပြည့် အဝရှိသော်လည်း ဒုသမ္မတ သစ်အတွက် မည်သို့ရှိမည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။ နောက်ကြောင်းပြန်လှည့်လိုသော သဘောထား ရှိမရှိကို ဒုတိယသမ္မတသစ်၏ အပြု သဘောဆောင်သော လုပ်ဆောင်ချက်က သူတို့ကို ယုံကြည်မှုတည်ဆောက်ပေးနိုင်မည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးကိစ္စများကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါလိမ့်မည်။ မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးမှာ Peace Building (ငြိမ်းချမ်းရေးတည်ဆောက်ခြင်း) ဖြစ်ပါသည်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွင်ပါ ပူးတွဲပါဝင်ဖို့ စတင်သင့်သည်ဟု ရှုမြင်မိသည်။ တိုင်းရင်သားလူမျိုးနွယ်စု များနှင့် နားလည်မှုရရှိအောင် ပါဝင်ဆောင်ရွက်သင့်သည်။

နိုင်ငံတော်၏ ထိပ်တန်းတာဝန်ရှိသူသုံးဦးတွင် တပ်မတော်သားကိုယ်စားလှယ်အုပ်စုမှ ရွေးချယ်လိုက်သော ဒုတိယသမ္မတလည်း ပါဝင်သည် ဖြစ်ရာ တပ်မတော်နှင့်ပြည်သူကြား သဘောထားအမြင် တစ်သားတည်းဖြစ်စေရေးအတွက် အစီအစဉ်သစ်များ ဆောင်ရွက်နိုင်၊မနိုင်ဆိုသည်မှာလည်း ဒုတိယသမ္မတ၏ ဆုံးဖြတ်ဆောင်ရွက်ချက်အပေါ် မူတည်မည် ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံရှိ အစိုးရတစ်ရပ်ဟူသည် သမ္မတကြီးတစ်ဦးတည်းနှင့်လည်း အစိုးရဟုပြော၍မရသလို ဝန်ကြီးတစ် ဦးတစ်ယောက်တည်းနှင့်လည်း အစိုးရဟု မမည်ဘဲ သမ္မတအပါအဝင် ဒုသမ္မတများ၊ ဝန်ကြီးများအပါအဝင် အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးကို ပေါင်းစည်းပြီးမှ အစိုးရဟု ဆိုနိုင်မည်ဖြစ်ရာ ပါဝင်သူအားလုံး မပါဝင်ဘဲနှင့် ကောင်းမွန်သော အုပ်ချုပ် ရေးအတွက် မူဝါဒကောင်းများ ချမှတ်နိုင်မည်မဟုတ်သလို ဒီမိုကရေစီ၏ တန်ဖိုးများဖြစ်သော လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုများကို ဖော်ဆောင်ပေးနိုင်မည် မဟုတ်ပေ။ သို့ဖြစ်သောကြောင့် တပ်မတော်မှ ရွေးချယ်တင်မြှောက်လိုက်သော်လည်း ဒီမို ကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးရှည်ကြီးတွင် တက်ညီလက်ညီ ဝင်ရောက်ဆောင်ရွက်နိုင်ရေးသည် ပိုမို အရေးကြီးဆုံး ဖြစ်သည်။

သေချာစွာ ပြောနိုင်သည်ကတော့ ပြည်သူတွေရော၊ နိုင်ငံတကာအသိုင်းအဝိုင်းကရော၊ အတိုက်အခံများ၊ လူမျိုးစုများကြားတွင်ပါ ဒုသမ္မတအပေါ် ထားရှိသော သဘောထားမှာ ယုံကြည်မှုတည်ဆောက်ရန် လိုအပ်နေသေးသည်ဖြစ်ရာ ယုံကြည်မှုတည်ဆောက်ရေးအတွက် စတင်လုပ်ကိုင်သင့်နေပြီ။ ဒုသမ္မတအနေဖြင့် လက်ရှိအစိုးရနှင့် မူဝါဒမတူလျှင်၊ အတိုက်အခံအဖွဲ့အစည်းများနှင့် လက်မတွဲနိုင်လျှင်၊ ဒီမိုကရေစီတန်ဖိုးများကို ဂရုမပြုလျှင် တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေးတွင် အဟန့်အတား ဖြစ်နိုင်သည်။

ထိုသို့မဟုတ်ဘဲ လက်ရှိအစိုးရနှင့် တစ်သားတည်းဖြစ်ခဲ့လျှင်၊ အတိုက်အခံအဖွဲ့အစည်းများနှင့် ယုံကြည်မှု တည်ဆောက်ကာ လက်တွဲနိုင်ပြီး ဒီမိုကရေစီတန်ဖိုးများကို အလေးထားဆောင်ရွက်လျှင်၊ လက်ရှိ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် များစွာ အထောက်အပံ့ ဖြစ်နိုင်ပေ လိမ့်မည်။

ထို့ကြောင့် ဒုတိယသမ္မတသစ်တစ်ယောက်၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည်ဖြစ်ရာ မြန်မာနိုင်ငံရေးဖြစ်စဉ်အပေါ် မည်သို့ သက်ရောက်မည်ဆိုသည်မှာ စောင့်ကြည့်ရဦးမည်သာဖြစ်ပြီး မည်သို့ဆောင်ရွက်မည်ဆိုသည်မှာမူ ကာယကံရှင်နှင့်သာ သက်ဆိုင်လိမ့်မည် ဖြစ်ကြောင်း နိုင်ငံသားတစ်ယောက်၏ ရှုထောင့်မှ တင်ပြလိုက်ရပေသည်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၁၈.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. ဂျပန်-မြန်မာပူးပေါင်း၍ ပြည်သူ့အကျိုးပြု စီးပွားရေးဇုန်တည်ထောင်မည်
  2. ပြည်ပမှတင်သွင်းသည့် စားအုန်းဆီများအတွင်း တိရစ္ဆာန်အသေကောင်များ တွေ့နေရ
  3. DVB ပြည်တွင်းသတင်းထောက်များ DVB ရုံးချုပ်အား ကန့်ကွက်ဆန္ဒပြ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. NGO များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြင်ဆင်ရန် လွှတ်တော်အတည်ပြု
  2. ရခိုင်ပဋိပက္ခအရေးနှင့် စပ်လျဉ်း၍ စုံးစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ဖွဲ့စည်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*******************************

ပြည်တွင်းသတင်း

ဂျပန်-မြန်မာပူးပေါင်း၍ ပြည်သူ့အကျိုးပြု စီးပွားရေးဇုန်တည်ထောင်မည်

ယခုနှစ်ကုန်ပိုင်းမှစတင်၍ သီလဝါဆိပ်ကမ်း၌ ဂျပန်-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ ပြည်သူ့အကျိုးပြုစီးပွားရေး ဇုန်တစ်ခု တည်ထောင် တော့မည်ဖြစ်ကြောင်း ကုန်သည်/စက်မှု အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဂျပန်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီးတော့ သီလဝါဆိပ်ကမ်းမှာ ပြည်သူ့အကျိုးပြုအထူးစီးပွားရေးဇုန်တစ်ခု တည်ထောင်သွားဖို့အတွက် ဂျပန်နိုင်ငံက စီးပွားရေးကုမ္ပဏီကြီးတွေက ရင်းနှီးမြှုပ်နှံသွားမှာပါ။ မြန်မာနဲ့ပူးပေါင်းပြီး စီးပွားရေးဇုန်တည်ဖို့ Joint Venture လုပ်ဖို့ အတွက် နှစ်နိုင်ငံအစိုးရ သဘောတူညီချက် ရပြီးသွားပါပြီ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ဂျပန်-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ သီလဝါဆိပ်ကမ်း၌ ပြည်သူ့အကျိုးပြုစီးပွားရေးဇုန် တည်ထောင်နိုင်ရာတွင် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် မြန်မာနိုင်ငံမှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံမှ ၄၉ ရာခိုင်နှုန်းပါဝင်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ယင်းအထူးစီးပွားရေးဇုန် တည်ထောင်နိုင်ရေးအတွက် ဂျပန်-မြန်မာ နှစ်နိုင်ငံမှ ပညာရှင်များက စီမံကိန်းများ ရေးဆွဲလျက်ရှိကြောင်း သိရသည်။

“သီလဝါဆိပ်ကမ်းမှာ ပြည်သူ့အကျိုးပြု စီးပွားရေးဇုန် တည်ထောင်တာပာာ လူတစ်စု၊ တစ်ဖွဲ့ကောင်းစားရေးအတွက်ပဲ ဦးတည်တာ မပာုတ် ပါဘူး။ အားလုံးကောင်းစားနိုင်ဖို့အတွက် အဓိက ဆောင်ရွက်သွားမှာပါ။ ပြီးတော့ အားလုံးပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက်လည်း အများပိုင် ကုမ္ပဏီတွေ တည်ထောင်သွားဦးမှာပါ။ ဒီစီမံကိန်း ပြီးသွားပြီဆိုရင်တော့ ပြည်သူတွေ လိုလားတောင့်တနေတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီး ပေးနိုင်မှာပါ”ပာု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၌ လက်ရှိအစိုးရသစ် လက်ထက်ထိတိုင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုများကြောင့် လူဦးရေ ၁၀ သန်းခန့်မှာ အလုပ်လက်မဲ့ ဖြစ်လျက်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ကျွမ်းကျင်လုပ်သားရှားပါးမှုများကို ကြုံတွေ့ရလျက်ရှိကြောင်း သိရသည်။

Ref:Popular News

-----------------------------------------------------------------------------------------------------------------------------------

ပြည်ပမှတင်သွင်းသည့် စားအုန်းဆီများအတွင်း တိရစ္ဆာန်အသေကောင်များ တွေ့နေရ

ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စားအုန်းဆီများတွင် မြေ၊ ကြွက်၊ ဖားကဲ့သိုသော တိရစ္ဆာန် အသေကောင်များကို တွေ့ရှိနေရကြောင်း ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“စားအုန်းဆီသိုလှောင်ကန်တွေမှာက မြွေ၊ ကြွက်၊ ဖားတွေကပေါတယ်လေ။ ဒီကောင်တွေက စားအုန်းဆီ သိုလှောင်ကန် တွေထဲမှာ သေနေတဲ့ အကောင်တွေ၊ ပြည်ပကတင်သွင်းလာတဲ့ စားအုန်းဆီတွေကို ပြည်တွင်းဈေးကွက်မှာ ပြန်ဖြန့်ဖြူးတော့ စားအုန်းဆီ ပီပါပုံးတွေကို ဆေးကြောသန့်စင်ခြင်း မရှိဘူး။ ဒီတော့ စားအုန်းဆီတွေမှာ တိရစ္ဆာန် အသေကောင်တွေ ရှိနေတာပေါ့။ ဒီစားအုန်းဆီတွေကို စားမိတဲ့ ပြည်သူတွေအတွက်ကတော့ ရင်လေးစရာ ပါပဲ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့ကြောင့် နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် စားအုန်းဆီများနှင့် ပင်လယ်လမ်းမှ ဝင်ရောက်လာသည့် စားအုန်းဆီများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အထူးကြပ်မတ် စစ်ဆေး သွားတော့မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စားသုံးသူများ ကာကွယ်ပေးမှုဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း စီးပွား/ကူးသန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“နယ်စပ်တွေကနေ တရားမဝင် စားသုံးဆီတွေ ဝင်ရောက်လာတဲ့ကိစ္စကို စစ်ဆေးဖို့ ဆေးဝါးကွပ်ကဲမှုဌာနကို တာဝန်ပေးထားပါတယ်။ ဒါပေမယ့် လောလောလတ်လတ်မှာ သူတို့က စတင်နိုင်ခြင်းမရှိသေးတော့ ဒီကိစ္စကို စီးပွား/ကူးသန်းက ကိုင်တွယ်တော့မှာပါ။ ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်မည့် ဆီတွေပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူးရောင်းချနေတဲ့သူတွေကိုတွေ့ရင် ထိထိရောက်ရောက် အရေးယူသွားတော့မှာပါ”ပာု စီးပွား/ကူးသန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ကျန်းမာရေးထိခိုက်စေနိုင်မည့် တရားမဝင်နှစ်ပြန်ကြော် စားသုံးဆီများကို တင်သွင်းလျက် ရှိသည့်အတွက် ဆေးဝါးကွပ်ကဲမှုဌာန(FDA)မှ ဦးဆောင်၍ မြန်မာနိုင်ငံ၏ နယ်စပ်မြို့များတွင် အစားအသောက်နှင့် ကုန်စည်များအား စစ်ဆေးရေး စခန်းများ မကြာမီကာလအတွင်း ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန(FDA)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

DVB ပြည်တွင်းသတင်းထောက်များ DVB ရုံးချုပ်အား ကန့်ကွက်ဆန္ဒပြ

မြန်မာနိုင်ငံအတွင်းရှိ DVB ပြည်တွင်းသတင်းထောက်များအားလုံး ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ရုပ်မြင်သံကြား၏ လုပ်ဆောင်ချက် များကို မကျေနပ်မှုအပေါ် ကန့်ကွက်သည့်အနေဖြင့် သြဂုတ်လ (၁၆)ရက်နေ့မှစတင်၍ ရုံးချုပ်သို့ သတင်းလုံးဝတင်ပို့ခြင်း မပြုဘဲ ဆန္ဒပြလျက်ရှိကြောင်း DVB သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုကဲ့သို့ DVB ရုံးချုပ်သို့ သတင်းထောက်များ သတင်းမပို့ရန် ဆုံးဖြတ်ရခြင်းမှာ ပြီးခဲ့သည့် ရက်များက ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်း သာလမ်းတွင် ဖွင့်လှစ်ခဲ့သည့် DVB ရုံးခွဲတွင် အုပ်ချုပ်ရေးပိုင်းနှင့် စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ နည်းလမ်းမကျခြင်းကြောင့်ဖြစ်ပြီး ယင်းဆုံးဖြတ် ချက်အား ရန်ကုန်အခြေစိုက် DVB သတင်းထောက် အယောက် ၃၀ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ DVB Citizen journalist (CJ) များပါ ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာတစ်ခုဖြစ်သည့် The Voice ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့ပြင် ရန်ကုန်အခြေစိုက် DVB သတင်းထောက်များအဖွဲ့မှ သြဂုတ်လ ၁၇ ရက်နေ့တွင် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး ပြဿနာဖြစ်ရသည့် အကြောင်းအရင်းများနှင့် ရသင့်ရထိုက်သည့်အခွင့်အရေးများအတွက် နော်ဝေနိုင်ငံ၊ အော်စလိုမြို့ရှိ DVB ရုံးချုပ်သို့ သတင်းပေးပို့ထားပြီးဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာ တစ်ခုဖြစ်သည့် The Voice ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)သည် မြန်မာနိုင်ငံရှိ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး နောက် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် ရန်ကုန်အခြေစိုက် DVB ရုပ်သံလိုင်းရုံးခွဲတစ်ခုကို ဖွင့်လှစ်ခဲ့ပြီးနောက် ရုံးပိုင်း၏ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း သိရသည်။

Ref: The Voice Weekly

*******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

NGO များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြင်ဆင်ရန် လွှတ်တော်အတည်ပြု

ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်တင်သွင်းခဲ့သည့် “အစိုးရမပာုတ်သော အရပ်ဘက် လူ့အဖွဲ့အစည်း(NGO)များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန်” အဆိုမှာ သင့်လျော်ခြင်းမရှိသည့်အတွက် NGO များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအား ပြင်ဆင်ရုံသာ ပြင်ဆင်ပေးမည်ဖြစ်ကြောင်း ၂၀၁၂ သြဂုတ်လ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၂၈)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အတည် ပြုခဲ့သည်။

ယင်းကိစ္စအား ကျိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစတီဖန်က NGO မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းရန်မှာ တည်ဆဲ ဥပဒေများရှိပြီးဖြစ်သည့်အတွက်  အခြားဥပဒေတစ်ခုပြဋ္ဌာန်းရန် ကိစ္စမှာ ယခင်ဥပဒေနှင့် ဆန့်ကျင်မှု ဖြစ်နိုင်သည့် ကိစ္စဖြစ်ကြောင်း၊ NGO များနှင့် ပတ်သက်၍ ဥပဒေသစ်တစ်ရပ်ပြဋ္ဌာန်းခြင်းထက် တည်ဆဲဥပဒေများ၏ အားနည်းချက်များကို ဖော်ထုတ်၍ သင့်တော်သလို ပြင်ဆင်ဖြည့်စွက်မှုကသာ ပိုမိုသင့်လျော်ကြောင်း၊ ထို့ပြင် ယင်းအဆိုတင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် တည်ဆဲဥပဒေကိုပြင်ဆင်သည့် ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုသာဖြစ်သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက  သက်ဆိုင်ရာဝန်ကြီးဌာနမှ ပေးပို့သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ကြော်ငြာစာနှင့် လုပ်ထုံးလုပ်နည်းများကို လေ့လာကြည့်သည့်အခါ မူလဥပဒေ၏ ရည်ရွယ်ချက်ကို ကျော်လွန်ပြီး ဆောင်ရွက်ရသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် NGO များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအသစ်တစ်ရပ် ပြဋ္ဌာန်းခြင်းထက် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြေငြာစာ၊ ညွှန်ကြားချက် အပိုင်းတွင်မူ လက်တွေ့ လက်ငင်းပြင်ဆင်နေရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ရေးဆွဲတင်ပြထားသည့် ဥပဒေနှင့် အဆင့်ဆင့်သော နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လွှတ်တော်တွင် ဖွဲ့စည်းထားသည့်ကော်မရှင်၊ ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင် သင့်သည့်ကိစ္စရပ်များပြင်ဆင်ရန်၊ ပယ်ဖျက်သင့်သည့်ကိစ္စရပ်များပယ်ဖျက်ရန်အတွက် လွှတ်တော်မှ တာဝန်ပေးအပ် လိုကြောင်း အတည်ပြုပြောကြား ခဲ့သည်။

ထို့ကြောင့် NGO များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအား ပြင်ဆင်ရန်ကိစ္စရပ်နှင့်ပတ်သက်၍ ကော်မရှင်၊ ကော်မတီတို့အနေဖြင့် ယခုကိစ္စရပ်ကို အထူးကိစ္စရပ်တစ်ရပ်အဖြစ် သဘောထားပြီး ရက်အနည်းငယ်အတွင် အစီရင်ခံစာနှင့်အတူ လွှတ်တော်သို့ ပြန်လည်တင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ်လ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၂၈)ရက်မြောက်နေ့တွင် ပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရခိုင်ပဋိပက္ခအရေးနှင့် စပ်လျဉ်း၍ စုံးစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ဖွဲ့စည်း

သြဂုတ်လ ၁၇ရက်နေ့တွင် မေလမှ ဇွန်လအထိ ဖြစ်ပွားခဲ့သည့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဥပဒေစိုးမိုးရေးအား ထိခိုက်စေခဲ့သည့် ရခိုင် ပြည်နယ်အရေး ပဋိပက္ခနှင့်ပတ်သက်၍ ဖြစ်ရပ်မှန်ပေါ်ပေါက်စေရေးအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်အား နိုင်ငံတော်သမ္မတရုံးမှ အမိန့် ကြေညာချက်အမှတ် ၅၈/၂၀၁၂ဖြင့် ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး အင်တာနက်စာမျက်နှာ၏ သတင်းဖော်ပြချက်အရ သိရသည်။

ယင်းသို့ ရခိုင်အရေးကိစ္စနှင့် စပ်လျဉ်း၍ အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရာတွင် အဆိုပါ ကော်မရှင်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ သာသနာရေးဝန်ကြီးဌာန ဒေါက်တာမျိုးမြင့်အား တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရပြီး အတွင်းရေးမှူးအဖြစ် Myanmar Egress မှ ဒေါက်တာကျော်ရင်လှိုင်အား ခန့်အပ်ခဲ့ ကြောင်း အဆိုပါအင်တာနက်စာမျက်နှာ၌ ထည့်သွင်းဖော်ပြထားသည်။

အဆိုပါကော်မရှင်အဖွဲ့အား ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် ၂၇ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရှိရပြီး အဆိုပါ အဖွဲ့ဝင်များအဖြစ် ပြည်တွင်းနိုင်ငံရေးပါတီ ၅ပါတီတို့ဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်း သိရှိရသည်။

ယင်းပြည်တွင်းနိုင်ငံရေးပါတီများမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အတွင်းရေးမှူး ဒေါ်သန်းသန်းနုနှင့် ရှမ်း တိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့ ပါဝင်ကြောင်း အဆိုပါရုံး၏ ဖော်ပြထားချက်အရ သိရှိရပြီး စာရေးဆရာ ဦးစိုးသိန်း (ခ) မောင်ဝံသ၊ အနုပညာရှင် ဦးသူရ(ခ)ဇာဂနာနှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုကိုကြီးတို့လည်း ပါဝင် ကြောင်း သိရသည်။

ထို့နောက် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့၌ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဦးထွန်းအောင်ရှိန်၊ အစ္စလာမ် ဘာသာရေးရာ ကောင်စီဌာနချုပ်မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြန်မာမွတ်ဆလင် လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ် မ-မ-လ ဌာနချုပ်မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြန်မာ မွတ်ဆလင်အမျိုးသားရေးရာအဖွဲ့ချုပ်(မအဖ)ဌာနချုပ်မှ ဥက္ကဋ္ဌတို့ဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်း သိရှိရပြီး ငြိမ်းဖောင်ဒေးရှင်းမှ အမှုဆောင် ညွှန်ကြားရေး မှူးချုပ် ဒေါ်ဂျနန်၊ ဗဟုဖွံ့ဖြိုရေးအဖွဲ့မှ အမှုဆောင်အဖွဲ့ဝင် ဦးအောင်နိုင်ဦး၊ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်းမူးကျုံးလျံနှင့် UNICEF မှ အကြီးတန်းအရာရှိ(ငြိမ်း) ဒေါက်တာဒေါ်ယဉ်ယဉ်နွယ်တို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ယင်းစုံစမ်းစစ်ဆေးရေးကော်မရှင်သည် အဆိုပါရခိုင်ပြည်နယ်၌ ဖြစ်ပွားသည့် ပဋိပက္ခနှင့် ပတ်သက်၍ စတင်ဖြစ်ပွားရသည့် အကြောင်း ကိစ္စအပါအဝင် သေကြေပျက်စီး၍ ထိခိုက်ဆုံးရှုံးမှုများ၊ ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ရေတိုရေရှည် ဆောင်ရွက်ရမည့်အချက်များ၊ ကွဲပြားနေသည့် လူမျိုးစုအကြား ပြန်လည်သင့်မြတ်၍ အတူနေထိုင်စေနိုင်ရန်အချက်များနှင့် စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များအား ပြန်လည်သုံးသပ်တင်ပြရမည်ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ယင်းသို့ စုံးစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှ အဆိုပါပဋိပက္ခအရေးကိစ္စအား စုံစမ်းစစ်ဆေးရာ၌ လိုအပ်သည့်အချက်အ လက်များအားနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စစ်ဆေးနိုင်ကြောင်း ထည့်သွင်းဖော်ပြထားချက်အရ သိရှိရပြီး လိုအပ်သည့် နေရာသို့ သွားရောက်စစ်ဆေးနိုင်ကြောင်းနှင့် ယင်းစုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်သည့် အစီရင်ခံစာအား နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ခုနှစ် စက်တင်ဘာလ ၁၇ရက်နေ့နောက်ဆုံးထား ၍ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ATM

*******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ကျွန်တော်တို့က ရွှေဝါရောင်တော်လှန်ရေး၊ နာဂစ်၊ ၂၀၁၀ ရွေးကောက်ပွဲကာလတွေမှာ အဖမ်းခံရမှာမကြောက်ဘဲ လုပ်ခဲ့တာ။ အနစ်နာခံခဲ့တဲ့ သူတွေကို ဂရုမစိုက်ဘဲ  မြန်မာပြည်ရုံးခွဲအတွက်  တာဝန်ခံခန့်တဲ့အခါ  တခြားသူတွေခန့်တယ်။ ပြီးတော့ ပြန်ကြားရေးကို ထောက်ခံတဲ့ လုပ်ရပ်မျိုးတွေက  လက်ခံနိုင် စရာ အကြောင်းမရှိဘူး။

သြဂုတ် ၁၈ရက်နေ့ထုတ် The Voice Weekly ဂျာနယ် အတွဲ (၈) အမှတ် (၃၃) တွင်ပါရှိသည့် “DVB ပြည်တွင်းသတင်းထောက်များ အားလုံး ရုံးချုပ်သို့ သတင်းမပို့ရန် ဆုံးဖြတ်” သတင်းမှ နေပြည်တော်လွှတ်တော်တွင် သတင်းယူနေသော  DVB သတင်းထောက် တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

အရန်ဆန်ဆိုတာ ထုတ်မရောင်းသင့်ပါဘူး။ ဒါက နိုင်ငံတော်ဘတ်ဂျတ် လိုငွေကြောင့်လည်း ဖြစ်နိုင်တယ်။ ပြီးတော့  လောလောဆယ် ရာသီဥတုကြောင့် ရေလွှမ်းမိုးမှုများကြောင့် စပါးခင်းတွေ ပျက်စီးတယ် ဆိုတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြည်တွင်ဆန်ဈေး မတည်ငြိမ်မှု ဖြစ်လာမှာကို ကြိုပြီးဖြေရှင်းတဲ့ သဘောလည်း ဖြစ်နိုင်တယ်။ တကယ်ဆိုရင် အရေးတကြီး ကိစ္စမရှိရင် အရံဆန်ဆိုတာ ထုတ်မရောင်းသင့်ပါဘူး။

သြဂုတ် ၁၈ရက်နေ့ထုတ် Favourite News ဂျာနယ်အတွဲ(၃) အမှတ်(၁၀၆)တွင်ပါရှိသည့် “ဆန်-ဆန်-ဆန် မီးဖိုထဲကိုရောက်မယ့်ဆန် မိုးရာသီရေလွှမ်းလို့ စပါးတွေမလန်းမှာ စိုးရိမ်နေရ” သတင်းမှ အသင်းဝင် ဆန်ကုန်သည်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

ဒီကနေ့ မီဒီယာလောကသားတွေဟာ  ဒီလိုစိတ်ဝမ်းမကွဲပြားကြပေမယ့် တစ်ဖွဲ့တည်း တစ်စည်းတစ်လုံးတည်းတော့ မစုစည်းနိုင်ကြသေးပါဘူး။ မြန်မာ နိုင်ငံစာနယ်ဇင်းသမဂ္ဂ(ယာယီ)၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာဂျာနယ်လစ်ကွန်ယက်ဆိုတဲ့ အဖွဲ့သုံးဖွဲ့ ကွဲနေသေးတယ်။ ဒီသုံးဖွဲ့ စုစည်းနိုင်မှသာ အားလုံးပါဝင်တဲ့ သတင်းစာအသင်းကြီးဖြစ်လာမှာပါ။ တစ်ယောက်နဲ့တစ်ယောက် တိုက်ခတ်ပုတ်ခတ်နေတဲ့အချိန်တွေကို ညီညွတ်မှု တည်ဆောက်တဲ့ အချိန်တွေအဖြစ် ပြောင်းလဲနိုင်စွမ်းရှိကြရပါမယ်။

သြဂုတ် ၁၈ရက်နေ့ထုတ် Street View ဂျာနယ်အတွဲ(၁)အမှတ်(၃၂)တွင်ပါရှိသည့် "သတင်းမီဒီယာလောကကို ပွက်ပွက်ညံသွားစေတဲ့ စာနယ်ဇင်း ကောင်စီ" သတင်းမှ ခင်မောင်ရင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

************************

“ယခုလတ်တလောအခြေအနေ၌ Yangon Chronicle ၏ ပြည်တွင်းသတင်း၊ နိုင်ငံရေးသတင်းများ၊ ဆောင်းပါးကဏ္ဍနှင့် ဘာသာပြန်သတင်းများအား Credit ပေးခြင်းမရှိဘဲ ကူးယူဖော်ပြမှုများ ပြုလုပ်နေကြောင်း အထောက်အထားဖြင့် တွေ့ရှိရသောကြောင့် နောက်နောင် ထိုကဲ့သို့ သတင်းအရင်း အမြစ်အား Credit မပေးပဲ မည်သည့်အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးယောက်မှ မိမိ၏ကိုယ်ပိုင်ကဲ့သို့ ဖေ့စ်ဘွခ်စာမျက်နှာ၌ ကူးယူဖော်ပြမှုများ အား မပြုလုပ်ပါရန် လေးစားစွာ အသိပေးကြေညာအပ်ပါသည်။”

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive