Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၅.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် KIO တို့ အချက်(၅)ချက်ပါ ပူးတွဲကြေညာချက်ထုတ်ပြန်
  2. ငြိမ်းချမ်းရေးဆွေးနွေးမှုအောင်မြင်ရေး အခြေခံဥပဒေပြင်ဆင်ရန် လိုအပ်
  3. မီဒီယာများအား နည်းပညာသုံးတိုက်ခိုက်မှု ဖြေရှင်းပေးရန် Eleven Media Group တောင်းဆို
  4. အကောက်ခွန်ဆိုင်ရာ အခြေခံဥပဒေကို ပြင်ဆင်ကာ လွှတ်တော်တင်မည်

***********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် KIO တို့ အချက်(၅)ချက်ပါ ပူးတွဲကြေညာချက်ထုတ်ပြန်

ကချင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ဖြစ်ပွားမှု ရပ်တန့်နိုင်ရေးအတွက် အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင် လွတ်မြောက်ရေးအဖွဲ့(KIO)တို့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီတွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အစိုးရနှင့် KIO အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားရန် အချက်အပါအဝင် အချက်(၅)ချက်ပါ ပူးတွဲကြေညာချက်အား နှစ်ဖက် သဘောတူထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ပူးတွဲကြေညာချက်တွင် တပ်မတော်နှင့် KIO အကြား နှစ်ဖက်ဆက်သွယ်ရေး လမ်းကြောင်းများထားရှိရေး နှစ်ဖက်စစ်ရေး တင်းမာမှု လျှော့ချနိုင်ရေး၊ ထပ်မံဆောင်ရွက်မည့် စည်းဝေးပွဲများအတွက် ပြင်ဆင်မှု၊ ထပ်မံပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် လေ့လာသူများနှင့် သက်သေ အဖြစ်ပါဝင်နိုင်မည့် အဖွဲ့များအား ဖိတ်ခေါ်ရေးနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIO အနေဖြင့် UNFC နှင့် ညှိနှိုင်းပြီးနောက် အစိုးရနှင့် နောက်တစ်ကြိမ် ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလမကုန်မီ ကျင်းပသွားရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ထို့ပြင် အစိုးရနှင့် KIO အကြားခိုင်မာသော စစ်ပြေငြိမ်းရေးကိုဆောင်ရွက်နိုင်ရန် ပဋိပက္ခဖြစ်ပွားရာ နေရာများသို့သွားရောက်၍ လေ့လာ စောင့်ကြည့်ရေးစနစ် ပေါ်ပေါက်ရေးတို့အတွက် ဆက်လက်ဆွေးနွေး ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ KIO ဘက်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ဦးဆွမ်လွတ်ဂမ်၊ ဦးလဖိုင်လတို့နှင့် အရာရှိအချို့ တက်ရောက်ခဲ့ပြီး အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးအုန်းကြိုင်တို့ တက်ရောက်ခဲ့သည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး Mr.Luo Zhaohui က သက်သေအဖြစ် လည်းကောင်း ကြားဝင်စေ့စပ်သည့်အနေဖြင့် လည်းကောင်း ကဏ္ဍနှစ်ရပ် တာဝန်ယူ၍ Third Party အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ တွင် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း နှစ်ဘက်စစ်ဦးစီးချုပ်များ မပါရှိမှုကြောင့် စစ်ရေးဆွေးနွေးမှု မပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

YC

           **********************************************

 

ငြိမ်းချမ်းရေးဆွေးနွေးမှုအောင်မြင်ရေး အခြေခံဥပဒေပြင်ဆင်ရန် လိုအပ်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးဆွေးမှုများ ဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်မှုရရှိနိုင်စေရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်အချို့ကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း  သမ္မတရုံးဝန်ကြီးဌာန(၃)မှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ကျင်းပခဲ့သည့် မီဒီယာတွေ့ဆုံဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးရာတွင် power-sharing၊ resource sharing များကို ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ ဆွေးနွေးရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအချက်အချို့ ဖြစ်သည့် ဖွဲ့စည်းပုံဇယား(၁)နှင့် ဇယား(၂)ကို ပြင်ဆင်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ထို့ပြင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်(သို့)တိုင်းဒေသကြီး အစိုးရတို့အကြား အာဏာခွဲဝေကျင့်သုံးခြင်း၊ သဘာဝရင်းမြစ်များ ခွဲဝေထိန်းသိမ်းခြင်းဖြင့် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ပိုမိုအကျိုးအောင်မြင် စေနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၁၁)ဖွဲ့အနက် (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီမှုများရရှိပြီး ဖြစ်သော်လည်း ကချင်လွတ်မြောက်ရေးတပ်မတော်နှင့်မူ ငြိမ်းချမ်းရေးဆွေးနွေးဆဲဖြစ်ကြောင်း သိရသည်။

                     YC

                                                                *************************************************

 

မီဒီယာများအား နည်းပညာသုံးတိုက်ခိုက်မှု ဖြေရှင်းပေးရန် Eleven Media Group တောင်းဆို

ပြည်တွင်းရှိ တရားဝင်ရပ်တည်နေသော မီဒီယာများအား မသမာသူအချို့မှ နည်းပညာသုံးတိုက်ခိုက်နေမှုများကို ဖြေရှင်းပေးရန် သတင်းမီဒီယာ ကောင်စီမှတစ်ဆင့် အစိုးရတာဝန်ရှိသူများထံ မေတ္တာရပ်ခံဖြေရှင်းပေးရန် တိုင်ကြားစာကို Eleven Media Group မှ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် Red Army Team အမည်ရှိအဖွဲ့တစ်ခုမှ EMG ဝက်ဆိုဒ်နှင့် ဆိုရှယ် ဝက်ဆိုဒ်(Facebook) စာမျက်နှာများအား နည်းပညာအသုံးပြု၍ တိုက်ခိုက်ခဲ့သည့်အပြင် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်လည်း ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာများကိုလည်း Anonymous Myanmar အမည်ရှိ အဖွဲ့တစ်ခုမှ တိုက်ခိုက်၍ ၎င်းတို့စိတ်ကြိုက် Post များ တင်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါတိုင်ကြားစာတွင် ဖော်ပြပါရှိသည်။

ထို့သို့ တိုက်ခိုက်မှုများပြုလုပ်ရန် မကြာခဏ Myanmar Express ဝက်ဆိုဒ်မှတစ်ဆင့် ထုတ်ပြန်ကြေညာသကဲ့သို့ The Voice Weekly Facebook စာမျက်နှာများတွင် ၎င်းတို့စိတ်ကြိုက်တင်လျက်ရှိသည့် Post များမှာလည်း Myanmar Express Website ပါသတင်းများဖြစ်နေကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် Myanmar Express Website မှာ ဒီမိုကရေစီမလိုလားသော တပ်မတော်အရာရှိအချို့နှင့် ဌာနအချို့မှ လုပ်ဆောင်နေခြင်းဖြစ်သည်ပာု ယူဆသံသယဖြစ်ဖွယ် အချို့ကိုတွေ့ရှိနေရသည့်အတွက် နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ် အစရှိသည့် အစိုးရတာဝန်ရှိသူများအနေဖြင့် ယခု ကိစ္စအား ညှိနှိုင်းဖြေရှင်း ကာကွယ်ပေးပါရန် တင်ပြတိုင်ကြားအပ်ကြောင်း တိုင်ကြားစာတွင် ဖော်ပြပါရှိသည်။

YC

 

                                                        *********************************************

အကောက်ခွန်ဆိုင်ရာ အခြေခံဥပဒေကို ပြင်ဆင်ကာ လွှတ်တော်တင်မည်

အကောက်ခွန်ဦးစီးဌာနအနေဖြင့် အကောက်ခွန်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေအား အာဆီယံနိုင်ငံများတွင် အခွန်ကောက်သောပုံစံများအတိုင်း ပြန်လည်ပြင်ဆင်ကာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဋ္ဌာနမှတဆင့် လွှတ်တော်သို့တင်ပြပြီး အတည်ပြုချက်ရယူမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဋ္ဌာန စီမံရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်းက ပြောကြားသည်ဟု သိရသည်။

အကောက်ခွန်ဦးစီးဋ္ဌာနက လက်ရှိကျင့်သုံးနေသော ဥပဒေများနှင့် နည်းဥပဒေများမှာ ၁၈၇၈ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားသော ပင်လယ် ရေကြောင်း အကောက်ခွန်ဥပဒေ၊ ၁၉၂၄ ခုနှစ်တွင် ပြဋ္ဌာန်းသော ကုန်လမ်းအကောက်ခွန်ဥပဒေများကို အခြေခံသော နည်းဥပဒေများဖြစ်သည်။

ယင်းသို့ ဥပဒေပြင်ဆင်ပြီးပါက အခြားအာဆီယံနိုင်ငံများကဲ့သို့ ၂၄ နာရီ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် အာဆီယံလွတ်လပ်သော ကုန်သွယ်ရေး စနစ်(AFTA)တွင် အဆင်ပြေစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိတွင်ပင် အကောက်ခွန်ဋ္ဌာနအတွက် ကုန်ပစ္စည်းစစ်ဆေးရန် ခေတ်မီနည်းပညာနှင့် စက်ကိရိယာများ ထပ်မံတပ်ဆင်ရန် လိုအပ်နေကြောင်း သိရသည်။

ထိုသို့ အကောက်ခွန်ဆိုင်ရာ ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်နေချိန်တွင် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံက ဦးစားပေးအခွန်ကင်းလွတ်ခွင့် (Generalized System of Performances)ကို ဧပြီလမှ စတင်ကာ မြန်မာနိုင်ငံသို့ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအကောက်ခွန် အမျိုးအစား မှာ လက်နက်များမှလွဲ၍ ကျန်ကုန်ပစ္စည်းများ အားလုံးအတွက် ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။

                                                                                                                                                                          YC

                                                 *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment